.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..
Monday, January 31, 2011
ယှဉ်နိုင်စေ
                ဆိုခွင့်ရှိရာ ဆိုသောခါတုံ    “ သုဘာသိတ ပိယဓမ္မာ
               သစ္စာဟုတ်မှန် ” အင်လေးတန်နှင့် ပြညွန်ထုံးကောင်း 
               မကြားတောင်းတည့် ကျိုးကြောင်းညီစွာ ဥာဏ်ပညာဖြင့်
               စိတ်ဖြာခွဲဝေ - ယှဉ်နိုင်စေ ။  (အနုသာသန ဆုံးမစာ)
ကိုယ်ပိုင်ဥာဏ်ရှိကြပါ
ကိုယ်ပိုင်ဥာဏ်မရှိကြရင် အင်မတန်ကောင်းတဲ့ ဗုဒ္ဓဘာသာထဲမှာလည်း
ဘာသာရေး မှိုင်းတိုက်ခံရမယ်။
ကိုယ့်ကို ပတ်ဝန်းကျင်က မချစ်ကြပေမဲ့ မမုန်းမှ ကောင်းတယ်။
ငါသည် ဘယ်လိုငါဖြစ်ထိုက်သနည်း။ငါသည် ငါအကြည်ညိုခံရသော ငါ
ဖြစ်ထိုက်သည်။သူတစ်ပါးကို ညာဝါးလို့ရသည်၊င့ါကိုယ်ငါ ညာဝါးလို့မရ။
မည်သူမဆို မိမိကိုယ့်ကို မိမိ ကြည်ညိုခံရသူဖြစ်အောင် ကြိုးစားရမယ်။
အရှိန်အ၀ါမဲ့တာထက် အလိမ်အမာမဲ့တာကသာပြီးခက်ပါတယ်။
လူတိုင်းဟာ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင် ရှိကြရမယ်။
ပျော့လွန်းရင် အစော်ကား ခံရတတ်တယ်၊မာလွန်းရင် ရန်များတတ်တယ်။
ဒါ့ကြောင့် မလျော့မတင်း နေတတ်ကြပါ။
                                            (အမရပူရ မဟာဂန္ဓာရုံဆရာတော်)
Sunday, January 30, 2011
အမုန်းပင်လယ်
ပင်လယ်ပြင်သည် အကျယ်အားဖြင့်လည်းကောင်း အနက်အားဖြင့်လည်းကောင်း တိုင်းတာ၍ မရကောင်းချေ၊ထို့ကြောင့်ပင်လယ်ခရီးသွားရခြင်းကိုကမ်းမမြင်လမ်းမမြင်ဟုပြောကြ၏။ပင်လယ်
သည်အဲဒီလောက်ထိကျယ်ပြန့်၍အဲဒီလောက်ထိနက်ရှိုင်း၏၊အဲဒီလောက်ဟုဆိုခြင်းသည်အတိုင်း
အတာကိုပြသည်မဟုတ်၊ တိုင်းတာ၍မရနိုင်သည်ကိုဆိုခြင်းဖြစ်ပါ၏။ သူ၏အမုန်းတရားသည် လည်း ပင်လယ်ပြင်ကဲ့သို့ တိုင်းတာ၍မရနိုင်လောက်အောင် နက်ရှိုင်းကျယ်ပြန့်လှပါ၏။
သေရိဝရွဲကုန်သည်နှင့်လောလရွဲကုန်သည်တို့သည်တမြေထဲနေတစ်ရေထဲသောက်သူများဖြစ်ကြ
၏၊ “ ဥစ္စာလိုရင် ကုန်သည်လုပ် ” ဆိုသည့်အတိုင်း သူတို့သည် ရွဲများကို နယ့်အနှံ့လှည့်လည်၍ ရောင်းရင်း စီးပွါးရှာကာ ဘ၀ကို ရည်တည်နေသူများ ဖြစ်ကြ၏။ဘ၀ချင်းတူသော်လည်း စိတ် ထားချင်းတော့ မတူညီကြ၊ သေရိဝရွဲကုန်သည်သည် စိတ်ထားကောင်း၏၊ ပစ္စည်းမှန် ဈေးမှန်၍ သမာဓိအခံရှိသူဖြစ်၏။လောလရွဲကုန်သည်သည်ကားစိတ်ထားကောက်၏၊ပစ္စည်းမမှန် ဈေးမမှန် သမာဓိအခံလည်းမရှိပေ။ သူတို့နှစ်ဦးသည် စိတ်ထားချင်း အသွင်မတူသော်လည်း ကုန်ရောင်း ခရီးသွားချင်းတော့ တူနေကြ၏၊
သွားရင်း သွားရင်းဖြင့် “ နီလ၀ါဟမြစ် ” ကို ဖြတ်ကျော်၍ အရိဋ္ဌပူရ မြို့တော်သို့ပင် ရောက် လာခဲ့ကြပေပြီ၊ အရိဋ္ဌပူရမြို့တော်သည်လည်းလူကုန်တန်ပေါ၍ကြွယ်ဝသူများသောမြို့တစ်မြို့ဖြစ်
၏၊သူတို့သည်ပါလာသောရွဲများကိုရောင်းရန်အတွက်လမ်းများကိုခွဲဝေကြ၏။တစ်နေရာနှစ်ဦးပြိုင်
တူသွားလျှင် ရောင်းကုန်တူနေ၍ အဆင်မပြေလှပေ။ သို့သော်တစ်ဦးရောင်းပြီးသော နေရာကို ကျန်တစ်ဦးကရောင်းခွင့်ရှိ၏၊ဤသည်မှာရှေးခေတ်ကုန်သည်တို့၏အစဉ်အလာကျင့်ဝတ်
တစ်ခုပင်ဖြစ်၏။
လောလရွဲကုန်သယ်သည် ရောင်းရင်းရောင်းရင်းဖြင့် သူဌေးကြီးကျ(ဟိုတစ်ချိန်ကအလွန်ကြွယ်ဝ ချမ်းသာသော်လည်း ဥာတိဗျသန-ဆွေမျိုးပျက်စီးခြင့်း၊ ဘောဂဗျသနပစ္စည်းဥစ္စာပျက်စီး ခြင်းတို့ ကြောင့် အခြေမလှ အနေမကျဖြစ်နေသည့် ) မြေးအဖွါးနှစ်ယောက်သာ ရှိသောအိမ်သို့ ရောက် လာ၏၊ မြေးမလေးသည် ငယ်ရွယ်သူလေးမို့ သူများနည်းတူ လှချင်ပချင် တန်ဆာ ဆင်ချင် စိတ် ရှိ၏၊ဤသည်မှာလည်း အပြစ်မဆိုသာပါ မိန်းကလေးများ၏ သဘာဝပင်ဖြစ်၏၊ အမျိုးသမီး များသည် တန်ဆာဆင်ခြင်း၌ ရောင့်ရဲခြင်းမရှိဟုပင် ဆိုထားပါ၏၊ ထို့ပြင် အမျိုးသမီးများနှင့် ပါတ်သက်၍ အိမ်ထောင်ရှင်အမျိုးသားများ ကျင့်ရမည့် ကျင့်ဝတ်ထဲတွင်“၀တ်စား ဆင်ယင်” ဟူသော ကျင့်ဝတ်တစ်ခု ပါရှိနေသည်ကို တွေ့နိုင်ပါ၏။ဤသည်မှာ အမျိုးသမီး များ၏ ဆန္ဒကို ဖြည့်ဆည်းပေးခြင်းဖြစ်ပါ၏။
အမျိုးသမီးငယ်လေးသည် သူ့အဖွါးကို ရွဲဝယ်ပေးဖို့ ပူဆာတော့၏၊ အဖွါးက င့ါမြေးရယ် ငါ့မြေး လေးကို အရင်တုန်းကလိုဆိုရင် ဖွါးဖွါးက ရွှေပေါ်မြတင် ဆိုသလို တင့်တောင့်တင်တယ် ထားမှာ
ပေါ့ကွယ်၊အခု အဖွါးတို့ ဘ၀က လက်လှုပ်နိုင်မှ ပါးစပ်လှုပ်ရတဲ့ဘ၀ဆိုတာ ငါ့မြေး လေးလဲအသိ ပဲကွယ်၊ ငါ့မြေးလေးက လိမ္မာပါတယ်ကွယ်နော်၊ ဖွါးဖွါးမှာ ပေးစရာ မရှိလို့ပါ့ငါ့ မြေးလေးရယ်၊ အဖွါးသည် ပြောရင်းပင် မျက်ရည်လေးများ ဝေ့လာတော့၏။ (အဖွါးသည် ငယ်ရာမှ ကြီးလာသူ ဖြစ်၏၊ဤအရွယ်သည်သူများနည်းတူလှချင်ပချင်တန်ဆာဆင်ချင်သည့် အရွယ်မှန်းသိ၏၊သူ့မြေး လေး  ကျောင်းနေ ပညာသင်ရမည့်အချိန်မှာ ထမင်းတစ်နပ်စာအတွက် သူများအိမ်မှာ နေ့စား အလုပ်လေးလုပ်၊ရတာလေးနှင့်လောက်အောင်စား၊ရှိတာလေး နှင့်လှအောင်ဝတ်နေရမှန်းလည်း သိပါ၏သို့သော် ဘာတတ်များတတ်နိုင်ပါမည်နည်း၊ မလွဲသာမတတ်သာသည့်အဆုံး  ဖြေစိတ် အနေနှင့် ကံကိုပဲ လှည့်ချနေမှိ၏၊ ကံဆိုးလိုက်တဲ့ င့ါမြေးလေးရယ်၊ ဤသည်မှာ အဖွါးစိတ်ထဲမှာ တွေးနေမှိသော အတွေးလေးသာဖြစ်ပါ၏၊ဤအတွေး ဤအဆွေးကို မြေးမလေး သိမည် မဟုတ်ပါ)။
မြေးမလေးသည် ဇွဲ့မလျှော့၊ လိုချင်သည်ကို ရအောင်လုပ်ယူတတ်သည့်စိတ်ဓါတ်ရှိ၏၊သူစဉ်းစား ၏၊ဘယ်လိုဖန်ရမလဲ၊ဘယ်လိုကြံရမလဲ၊သူသည် အိမ်တွင်းမှုလည်း စေ့စပ်သေချာသူလေး ဖြစ် သည့်အပြင် ဘယ်နားဘာရှိသည်ကိုလည်း မှတ်မိသူဖြစ်၏၊ ထို့ကြောင့် ရွဲကို ငွေမရှိလျှင် ဘာနှင့် ၀ယ်ယူရမလဲ စဉ်းစားကြည့်သောအခါ အိုးကြိုအိုးကြား၌ မသုံးပဲ ပစ်ထားသည့် ခွက်တစ်ခွက်ကို  အမှတ်ယလာ၏၊သူ၏ မျက်လုံးသည် အရောင်တောက်လာ၏၊ ဖွါးဖွါး မြေးတို့အိမ်မှာအသုံးမ ပြုတဲ့ ခွက်တစ်ခု ရှိတယ်လေ၊ အဲဒီခွက်လေးနှင့် ရွဲ လဲရင် ရချင်ရမှာ ဖွါးဖွါးး။ ဖွါးဖွါးဝယ်ပေးပါ နော်၊ အေးလေ ငါ့မြေးက ဒီလောက်လိုချင်နေမှာတော့ ရွဲကုန်သည်လေးကို ဖွါးဖွါးခေါ်ကြည့်အုံး မယ်လေ။အဖွါးကြီးသည် အိမ်ပေါက်ရောက်နေသည့် ရွဲကုန်သည်လေးကို ခေါ်ပြီး နေရာထိုင် ခင်းပေးကာ လူလေးရဲ့ ဟော့ဒီက မင့်နှမလေးက (ယဉ်ကျေးသူတို့ အသုံးအနှုံးဖြစ်၏) ရွဲလိုချင်လို့ ပူဆာနေလို့ပါကွယ်၊ အဖွါးတို့လည်း ဆင်းရဲလွန်းတော့ ငွေကြေးမတတ်နိုင်လို့ ပါ၊ဟောဒီကခွက်လေးယူပြီး ရွဲလေးနဲနဲပါးပါး ပေးခဲ့ပါလားကွယ်။ (အဖွါးကြီးသည်  ဆင်းရဲသော်
လည်း တစ်ချိန်က ကြွယ်ဝချမ်းသာသည့် လူကုန်တန်ဖြစ်ခဲ့သူမို့ အပြောလည်း ချိုသာလှ၏)။
လောလရွဲကုန်သယ်သည် ခွက်ကို သေသေချာကြည့်၏၊ခွက်လေးသည် မသုံးတာကြာ၍ ဖုန်များ ပေကပ်ကာ ကြာတော့ညစ်ပါတ်နေတော့၏၊ ခွက်ကို အပ်ဖြင့် ချစ်ကြည့်သောအခါ အရေး အကြောင်းများထင်လာ၏၊ အော်ရွှေခွက်ပါတကား(အရင်သူဌေးကြီးရေချိုးရာ၌ အသုံးပြုသော ရွှေခွက်ဖြစ်၏၊ သို့သော်ရိုးလွန်းသောမြေးအဖွါးနှစ်ဦးသည် ရွှေခွက်မှန်းမသိကြ။)  လောလရွဲကုန်
သယ် သည်ခွက်ကိုကိုင်ရင်းစဉ်းစားနေ၏၊ အင်းသူတို့မြေးအဖွါးရွှေခွက်မှန်းမသိကြဘူး၊ ငါ  ဒီရွှေ ခွက်ကို အလကား ရအောင်ကြံမှပဲဟု စဉ်းစားနေ၏၊
ထို့နောက်တော့ အမယ်ကြီးတို့ ခွက်ဟာ ဘာမှတန်ဖိုးမရှိ၊တစ်ပဲမပြောနှင့်ပဲဝက်တောင်မတန်တဲ့  ခွက်အိုကြီးပဲ၊ ဒါကြောင့် ရွဲတစ်လုံးမှ မပေးနိုင်ပါဟု ဆိုကာ ခွက်ကို လွှင့်ပစ်၍ထွက်ခွါသွားလေ၏၊ (သူသည်ခွက်ကိုတန်ဘိုးမရှိဟုထင်အောင်ဟန်ဆောင်ပြုလုပ်ခြင်းဖြစ်၏၊ရိုးသားလွန်းသောမြေးအ ဖွါးနှစ်ဦးသည် ရွဲလေး တစ်လုံးနှစ်လုံး ပေး၍ ခွက်ကိုယူသွားလျှင်လဲပေးလိုက်ကြမည်သာ ဖြစ်ပါ ၏၊ယခုတော့ သူ့ “ လောဘ ” က မသိနားမလည်သူကို အချဉ်ဖမ်း ချင်လွန်းအားကြီးနေ၍ ရွဲတစ်လုံးမျှ မပေးပဲ ခွက်ကို လွှင့်ပစ်ကာ ထွက်ခွါသွားခြင်း ဖြစ်၏)မြေးအဖွါးနှစ်ဦးသည် ဇီးရွက်ခန့်ငယ်သောမျက်နှာလေးများဖြင့် ကျန်ရစ်ခဲ့ကြ၏၊ ထို့အပြင်မျက်ရည်စက်လေးများလည်း စီးကျနေကြ၏၊ ဆင်းရဲလွန်း၍ကျသော ဒုက္ခမျက်ရည်စက်များပေတကား။
လောလရွဲကုန်သည် ထွက်သွားပြီးနောက် မကြာခင်မှာပင် သေရိဝရွဲကုန်သယ်သည် မြေးအဖွါး
အိမ်ပေါက်နားသို့ ရောက်လာ၏၊၊“ ရွဲကုန်သယ် လာပြီဗျ ခင်နှမတို့ ဆင်ကြစေဖွယ်၊အဆင်လှလို့  ဈေးကချိုတယ်၊အပိုပါရသေး”ရွဲများဝယ်ကြအုံးမလာဗျာ၊ရွဲရွဲ၊လှမှလှ၊သန့်မှသန့်အညံ့ဆိုလို့တစ်
လုံးမှ မပါပါ၊ တစ်ကုံးမှမပါပါခင်ဗျာ၊ ပစ္စည်းမှန် ဈေးမှန်၊  အရိဋ္ဌရွေမြို့သူလေးများအတွက်  လှစေချင်လွန်းတဲ့စေတနာအမှန်နှင့် လာရောင်းပေးတာပါ၊ ၀ယ်ယူအားပေးကြပါအုံးခင်ဗျာ၊
မြေးမလေးသည် အသံကြားရာသို့ မျှော်လင့်ချက်လေးဖြင့်လှမ်းကြည့်နေ၏၊အင်းဒီအကိုလေးက  ရုပ်လေးကလည်း ခပ်သန့်သန့်ပဲ။ အသံလေးကလည်းသနားတတ်တဲ့အသံလေးပါတယ်၊သဘော ကောင်းမည့်ပုံပဲ၊ ဖွါးဖွါး နောက်ထပ် ရွဲကုန်သည်တစ်ယောက် လာပြန်ပြီး ဖွါးဖွါးရဲ့။ဝယ်ပေး ပါအုံးနော် ဖွါးဖွါး၊မြေးမလေးသည် အဖွါးနားသွားကာ လက်လေးကို ဆုပ်ကိုင်ရင်း ပူဆာနေ တော့၏၊ အင်း ငါ့မြေးကလဲ အမှတ်မရှိပဲကိုးကွဲ့၊ ခုနင်က ရွဲကုန်သယ် ပြောသွားတာ ငါ့မြေး ကိုယ်တိုင် ကြားလိုက်တယ် မဟုတ်လား၊ပဲဝက်တောင် မတန်ဘူးတဲ့၊ ပြောပြောဆိုဆို ခွက်ကို  လွှင့်ပစ်သွားတာလေ။ အဖွါးတို့ကသာ အိမ်ကပစ္စည်လေးဆိုပြီး သံယောဇဉ်တပ်နေတာ၊ ဟိုကဖြင့် ဂရုတောင် မစိုက်ဘူး၊ ခု ငါ့မြေးက ဘာနှင့်များ ၀ယ်ချင်သေးတာလဲကွယ်။
ဖွါးဖွါးကလည်း လူချင်းတူပေမဲ့ အသက်ရှုချင်း မတူဘူးတဲ့၊ ခုနင်ကရွဲကုန်သည်ကရုပ်ကလည်းခပ် ဂျစ်ဂျစ် ပုံစံ၊ အပြောအဆိုကလဲ ကြည့်လေ ဖွါးဖွါးကိုများ ပြောသွားလိုက်တာ ၊ အမယ် ကြီးတဲ့၊ ဟွန်း ဆင်းရဲတော့ နှိမ်ချင်ကြတာလေ ပြောတာဆိုတာကအစ။ အခု ရောင်းတဲ့ အကိုကြီးက ရုပ်လေးက သန့်သန့်လေး သဘောကောင်းမည့်ပုံရှိတယ်ဖွါးဖွါး ရဲ့၊၀ယ်ပေးပါနော် ဖွါးဖွါး၊ အေးအေး ငါ့မြေးက ဒီလောက်ပူဆာနေမှတော့ ငါ့မြေးစိတ်ချမ်းသာအောင်  အဖွါး ခေါ်ကြည့် ပါအုံးမယ်ကွယ်။
ဟေ့ လူလေး လာပါအုံးကွယ် ၊ ဒီက မောင့်နှမလေးက ရွဲလိုချင်လို့တဲ့ကွယ်၊   အဖွါးတို့ကလည်း
ဆင်းရဲလွန်းတော့ ငွေကြေးတော့ မရှိဘူးကွယ်၊ဒီ ခွက်လေးပဲရှိတာ။ အဲဒါ လူလေးက ဒီက  နှမ
လေးစိတ်ချမ်းသာအောင် ရွဲနဲနဲလောက် ပေးခဲ့ပါလားကွယ်။
အော် ဟုတ်ကဲ့ပါ ဖွါးဖွါး၊ သေရိဝရွဲကုန်သယ်သည် အဖွါးပေးသော ခွက်ကို ကြည့်လိုက်၏၊ အင်း
ရွှေခွက်နှင့်တူလိုက်တာ၊ သေချာအောင် အပ်သွားဖြင့် ခွက်ကို ချစ်ကြည့်၏၊ တောက်ပသော ရွှေ ရောင် အစင်းကြောင်းလေးများ ထင်လာ၏၊ဖွါးဖွါး ဖွါးဖွါးတိုခွက်က ရွှေခွက်ကြီး ဖွါးဖွါးရဲ့။ ခေတ် ကာလ ပေါက်ဈေးအရ အနည်းဆုံးဈေးကိုတစ်သိန်းလောက်  တန်တယ် ဖွါးဖွါးရဲ့၊ကျနော့မှာအဲဒီ လောက်ထိ မပါပါဘူး အဖွါးရယ်။ပြောပြောဆို ရွှေခွက်ကို တရိုတသေ ပြန်ပေးလိုက်၏၊
လူလေးဘုန်းကံကြောင့် တစ်သိန်းတန် ရွှေခွက် ဖြစ်သွားတယ်ထင်ပါတယ်ကွယ်၊စောစောကလာ တဲ့ ရွဲကုန်သယ်လေး ပြောသွားတာကတော့ ပဲဝက်တောင် မတန်ဘူးတဲ့၊ အဲဒီတော့လူလေးထိုက် လို့ လူလေးရတယ်လို့ သဘောထား၊ ဟောဒီက ဖွါးဖွါးရဲ့မြေး။ မောင့်နှမ လေးကိုသာ  ရွဲလေး နဲနဲပါးပါး ပေးခဲ့ပါကွယ်၊ဒါဆို ဒီလိုလုပ်ပါလား ဖွါးဖွါးရယ်၊ ကျနော် ရွဲရောင်းလို့ရတဲ့ အသ ပြာငါးရာရယ်။ဟောဒီအသပြာငါးရာတန်တဲ့ရွဲတွေရယ်အားလုံးကိုယူလိုက်ပါ။ကျနော့အတွက်တော့ အပြန်စရိတ်စခအဖြစ် ငွေအသပြာ ရှစ်ကျပ်ရယ်၊ရွဲထည့်တဲ့ ဒီအိပ်လေးရယ် ဒီက ချိန်ခွင် လေး ရယ် အဲဒါလေးတော့ ဖွါးဖွါးပြန်ပေးပါနော်၊
ရောင်းသူလဲ ကျေနပ်နေ၏၊ ၀ယ်သူလည်း ကျေနပ်၏၊နှစ်ဦးနှစ်ဖက် ကျေနပ်၍စိတ်ချမ်းသာစရာ  ကောင်းလှ၏။ မြေးမလေး မျက်နှာလေးသည် သောတာလ၀န်းကဲ့သို့ တပြုံးပြုံးနှင့်သေရိဝရွဲကုန် သည်ကို ကျးဇူးတင်မဆုံးဖြစ်နေတော့၏။သေရိဝရွဲကုန်သယ်သည်နီလ၀ါဟမြစ်သို့ တန်းသွား၏၊ မြစ်ဆိပ်၌ အသင့်ရှိနေသောလှေကို အသပြာရှစ်ကျပ်ပေး၍ (အော်ဒါငှားကာ )  တစ်ဖက် ကမ်းသို့ ကူးသွားတော့၏။
သေရိဝထွက်သွား၍ ခဏအကြာမှာပင် လောလရွဲကုန်သယ်သည် မြေးအဖွါးအိမ်သို့ပြန်ရောက် လာ၏၊၊ အိမ်ထဲဝင်၍ အမယ်ကြီး ခုနင်က ခွက်စုပ်ပေး၊သနားလို့ ရွဲနဲနဲပေးခဲ့မယ်၊  အော်လူလေး က အဖွါးတို့ကို သနားလို့ ဟုတ်လား၊ ဟုတ်တယ် ဒီက အချိန်သိပ်မရှိဘူး၊  ရှေ့ခရီးဆက်စရာ ရှိသေးတယ်၊ ခုနင်က ခွက်စုပ်သာ မြန်မြန်ပေး၊လူလေးကသာ ခွက်စုပ်လို့ ပြောတယ်၊ နောက်မှ ရောက်လာတဲ့ ရွဲကုန်သယ်လေးကတော့ရုပ်ကလည်း သန့်၊ အပြောကလည်း ချို။ သဘော ကလည်း အကောင်းသားကွဲ့။လူလေးရဲ့သခင်နှင့် တူပါတယ်ကွယ်၊ သူက တစ်သိန်း တန်တယ် ပြောပါလားကွဲ့။ အဖွါးတို့က ပေးချင်သလောက်သာ ပေးခဲ့ပါဆိုလို့ (ပစ္စည်း ငွေ စုစုပေါင်း တန် ဘိုး )တစ်ထောင်ပေးပြီး ယူသွားလေရဲ့ကွယ်၊။ ဖွါးဖွါးတို့ကလည်း လောဘ မကြီးပါဘူး၊ သူထိုက် လို့ သူရတာကိုးကွယ့်။
လောလရွဲကုန်သယ်သည် စကားကိုပင် ကုန်အောင် နားမထောင်နိုင်တော့၊တစ်သိန်းတန်ရွေခွက်
သူလက်လွတ်ဆုံးရှုံးလိုက်ရပြီးလို့ သိလိုက်သည့်နှင့်တစ်ပြိုင်နက် စိတ်မထိမ်းနိုင်တော့။သတိ လက်လွတ် ဖြစ်သွားတော့၏၊ ရောင်းရသမျှငွေ၊ ကျန်သမျှ ပုလဲအားလုံးကို ဖျန့်ကျဲပစ်လိုက်တော့ ၏။ပုံမှန်စိတ် မဟုတ်တော့၊ အ၀တ်အစားများပင် မကပ်တော့။ ချိန်ဝင်ရိုးလေးကိုဒုတ်လက်နက် သဖွယ်ပြုပြီး သေရိဝသွားရာ မြစ်ဆိပ်သို့ အပြေးလိုက်လေတော့၏။
လောလရွဲကုန်သယ်မြစ်ဆိပ်ရောက်ချိန်၌သေရိဝရွဲကုန်သယ်တို့လှေသည်မြစ်လယ်သို့ပင်ရောက် ရှိနေပေပြီ၊ လောလရွဲကုန်သယ်သည် လှေကို ဆိပ်ကမ်း ပြန်ကပ်ဖို့ အော်၍ ခေါ်နေတော့၏၊  သို့သော် လှေသည်  အသပြာရှစ်ကျပ် (တန်ရာတန်ကျေးထက်ပို) ပေးငှားထားသည်လှေဖြစ်၏၊  သေရိဝက အပြတ်ငှားထားသော လှေဖြစ်၍ ရှေ့တစ်ဖက်ကမ်းသို့သာ ဆက်လက်သွားဖို့ ပြောလိုက်၏၊ ဤိသို့ဖြင့် သေရိဝ စီးသွားသော လှေသည် ဝေး၍ ဝေး၍ သွားတော့၏။
လောလရွဲကုန်သယ်သည် မတရားလိုချင်သည့်လောဘ ၊တစ်သိန်းတန်ရွှေခွက်ကို မရလိုက်ခြင်း ကြောင့် ဖြစ်သော သောက၊ သေရိဝရွဲကုန်သယ်ကို မကျေနပ်သည့်ဒေါသ..ယင်းအပူတို့ ကြောင့် တောက်လောင်လာသည့် အပူဒါဏ်ကို နူးညံ့သည့် နှလုံးသားသည် ခံနိုင်ရည် မရှိတော့၊ နှလုံးသား ကွဲအက်ကာ သွေးများပင် အန်ထွက်ကျလာတော့၏။သူသည် မိမိလောဘကြီးလွန်း၍ တစ်သိန်းတန် ရွှေခွက် လက်လွှတ်ဆုံးရှုံးရသည်ကို မမြင်။သေရိဝရွဲကုန်သယ် လူလယ် လုပ်သွားသည်ဟုသာ မြင်နေ၏။ထို့ကြောင် သေရိဝရွဲကုန်သယ်ကို မကျေနပ် မုန်းတီးသော  စိတ်နှင့်ပင် အသက်ထွက်သွားတော့၏၊
သူ၏ အမုန်းသည် ပင်လယ်ကဲ့သို့ နက်ရှိုင်း၏၊ ပင်လယ်ကဲ့သို့ကျယ်ပြန့်၏၊ ဤသည်မှာ အနီးကပ်ဆုံး  ဥပမာသာဖြစ်ပါ၏။ အမှန်အားဖြင့် သူ၏ သေရိဝရွဲကုန်သယ်ပေါ် မုန်းသော အမုန်းတရားသည် ပင်လယ်ထက်လည်း အဆပေါင်းများစွာ နက်ရှိုင်း၏ အဆပေါင်းများစွာလည်းကျယ်ပြန့်လှပါ၏။ သူသည် ယင်းအမုန်းတရားကြောင့် ငါးကမ္ဘာတိုင်တိုင် ကြုံရင် ကြုံသလိုသေရိဝရွဲကုန်သည်ကို ရန်ပြုသည်သာ ဖြစ်ပါ၏ (လောလရွဲကုန်သယ်သည် အရှင်ဒေ၀ဒတ်အလောင်းဖြစ်၍သေရိဝရွဲကုန်သယ်သည်ဘုရားအလောင်းတော်ဖြစ်ပါ၏)လောဘ  ဒေါသ မောဟဟူသောအတွင်းရန်ကိုမပါယ်သတ်နိုင်သေးသမျှကာလပါတ်လုံးအဆင်မပြေတိုင်း  သူ့ကြောင့်ဟု လောကကို လက်ညှိုးထိုးနေကြပေအုံးမည်၊ အတွင်းရန်ကိုပါယ်သတ်နိုင် ကြ၍ လောကကို လက်ညှိုးထိုး ရန်ငြိုးဖွဲ့ခြင်းမှ ကင်းဝေးကြကာ ငြိမ်းချမ်းသောနိဗ္ဗာန်သို့  မျက်မှောက်
ပြုနိုင်ကြပါစေ.…)  ကောင်းသစ် 
Saturday, January 29, 2011
အထက်နှင့်အောက်
လောကကြီးမှာ ခက်တာက အထက်တန်းရောက်ပြန်တော့လည်း 
အောက်တန်းကလူတွေကိုအဖက်မတန်သလို မထီမဲ့မြင်ဟန် ပြုထားကြတယ်။ 
အောက်တန်းကြပြန်တော့လည်း မနာလိုဝန်တိုမှုတွေ ရှိနေတတ်ကြပြန်တယ်။
အကျိုးကောင်းကောင်းလိုချင်ရင် အကြောင်းကောင်းကောင်း လုပ်ပါ။
လူတွေဟာ အကျိုးသာ ခံစားချင်ပြီး အကြောင်းကိုတော့ မလုပ်ကြဘူး။
ရရှိလာတဲ့အခွင့်အရေးဟာ ခံစားဖို့ မဟုတ်ပါ၊ ရှေ့တိုးဖို့သာ ဖြစ်တယ်။
သတ္တ၀ါတိုင်းဟာ ကိုယ်ရေးကိုယ်တာသာ အရေးအကြီုးဆုံးဖြစ်တယ်။
လောကမှာ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိပါဘူး။ ပုပ်ရင် ပေါ်စမြဲပါပဲ။
သူတစ်ပါးအကျိုး မသည်ပိုးက ကိုယ့်ကျိုးမရနိုင်။
ဟန်လောကကြီးထဲမှာ ပါးစပ်ချင်း ကြွားဝါနေကြတာပဲ ရှိတယ်။
ပါးစပ်ပြောဟာ အလုပ်သဘောစစ်စစ် မဖြစ်နိုင်ပါဘူး။
                                          (အမရပူရ မဟာဂန္ဓာရုံဆရာတော်)
ဝဋ်ကြွေး ( ၄ )
အရှင်အာနန္ဒာသည် ရဟန်းတော်ငါးရာနှင့်အတူ  မင်းနန်းတော်သို့ ကြွတော်မူ၍ဆွမ်းဘုဉ်းပေးပြီးတိုင်း အနုမောဒနာတရား ချီးမြှင့်တော်မူ၏ရံဖန်ရံခါ  သာမာဝတီတို့မေးလျှောက်သည့်  ဘာသာရေးပုစ္ဆာများကိုလည်း  စိတ်ရှည်စွာ ရှင်းရှင်း  လင်းလင်း  သိသည်အထိ ဖြေကြားတော်မူ၏
အရှင်အာနန္ဒာဟူသည် သာသနာတော်၌ “ ဧတဒဂ် ငါးခု ” ဆွတ်ခူးရရှိတော်မူသည့်  ဧတဒဂ်အများဆုံးရ မထေရ်မြတ်ဖြစ်၏။ဤသို့ဖြင့်  သာမာဝတီ နှင့်ရံ ရွှေတော် များအဖို့
“ ဒါန သီလ ဘာဝနာ ”ကိုသိုလ်များ နေ့စဉ် တိုးပွါးနေပေတော့၏။
မာဂဏ္ဍီ မိဖုရားကြီးသည် သူမမြင်လိုသည့် “ သမဏ ” များကို မမြင်ချင်အဆုံး မြင်နေရ၏၊ယင်းသို့ မြင်နေရခြင်းသည် သမဏတွေအပေါ်  ထားရှိသည့် “ သူ့အ မုန်း ” ကိုဆွပေးသည်နှင့် တူနေ၏၊သူ၏ အမုန်းမီးတောက်ကို လောင်စာဆီ ဖြည့်ပေးသလို
ဖြစ်နေ၏( တစ်ဖက်မှာ ကုသိုလ်များသလောက် သူ့အတွက်တော့  အကုသိုလ်ပွါးနေ၏)
အာဃာတ ရန်ငြိုးကြောင့် ဖြစ်ပေါ်နေသော သူ့အမုန်းတရားသည် “ နေမြင့်လေ
အရူးရင့်လေ ” ဆိုသလို ကြာလေ ဆိုးလေ တိုးလေ ဖြစ်နေတော့၏
သာမာဝတီတို့ကို ဘုရင်မင်းအသုံးချပြီး လုပ်ကြံဖို့ မလွယ်ကူမှန်း သူလက်တွေ့သိသွား
ရောက်သွား၏၊ ပူလောင်သော မီးတောက်မီးညွှန့်တို့သည် မာဂဏ္ဍီ၏ ရင်ကို အေးမြ 
 စေ၏၊သူ ဖြစ်ချင်တာ ယနေ့ ဖြစ်ရပြီးမဟုတ်ပါလား၊သူမြင်ချင်သောသူတို့၏ ပျက်စီး
 ခြင်းကို ယနေ့ သူမြင်တွေ့နေရပြီး မဟုတ်ပါလား၊(အမုန်းကြောင့်ဖြစ်သောအပြုံးပန်းများ  မာဂဏ္ဍီရင်ထဲ၌ ဝေနေတော့၏ )
အတိတ် အရိပ်သည် သူ့ရင်မှာ အမြဲထင်ဟပ်နေ၏၊ ယခု ဘုရင်မင်းကြီးက ပြောနေ ပြန်ပြီး ၊ သာမာဝတီတို့ ရှိတုန်းက သူ အထိတ်တလန့်နှင့်အချိန်တွေကုန်လွန် ခဲ့ရ တယ် တဲ့၊ ယခုမှ သူ့ဘ၀ဟာ  ကျော့ကွင်းလွတ်သမင် ပိုက်ကွန်လွတ်ငှက်လို  လွတ်လပ်မှု ချမ်းသာ အပြည့်ရှိတော့တယ်တဲ့။
(ဒါဆို သူအရင် သာမာဝတီတို့အပေါ် လိုက်လျောခဲ့တာတွေဟာ စိတ်ပါလို့ မဟုတ်ပဲ ၀တ်ကျေတန်းကျေ အနေနှင့်သာ လိုက်လျောခဲ့တာဖြစ်မယ်၊မာဂဏ္ဍီသည် မိမိထင်ရာ ဆွဲတွေးနေခြင်းဖြစ်၏)
သာမာဝတီတို့အုပ်စုကို လုပ်ကြံသူဟာ သူ့ကို အမှန်တကယ် ချစ်မြတ်နိုးသူ သူ့အကျိုး
 ကို  အမှန်တကယ်လိုလားသူသာ ဖြစ်လိမ့်မယ်တဲ့လေ။ ဒီနေ့ဟာ ငါ့အတွက်  အောင်
 မြင်မှု သရဖူ ဆောင်းတဲ့နေပဲ၊
( သူအောင်မြင်သည် ထင်သောနေ့သည် သူ့ဘ၀နှင့် သူ့အသိုင်းအ၀ိုင်းတစ်ခုလုံး
ကျဆုံးသည့်နေ့ ဖြစ်နေသည်ကိုတော့ သူမသိရှာသေးပေ ) ထို့ကြောင့် သူသည်  အောင်မြင်သူတို့ဟန် အောင်မြင်သူတို့မာန်ဖြင့် ၀င့်ဝင့်ကြွားကြွား  ဘုရင် မင်းတြားကို လျှောက်ထားတော့၏၊သာမာဝတီတို့ကို လုပ်ကြံသူဟာ ဘယ်သူဖြစ်မလဲ နှမတော့ပေါ့ ၊  ဟောဒီက နှမတော်လေး မာဂဏ္ဍီလေ မောင်တော် မင်းကြီးရဲ့၊ တစ်ခြားသူ ဘယ်လူ  ဒီလိုလုပ်ရဲပါ့မလဲ၊ လုပ်ရဲတဲ့သတ္တိ ရှိပါ့မလား၊ သူသည် ကြိုတင် ကြံစည်ခဲ့ပုံများကို
 အစအဆုံး စိတ်ပါလက်ပါ ဘုရင်မင်းကြီးကို ပြောကြားနေတော့၏၊
ဘုရင်မင်းကြီး ပြုံးနေ၏၊ မိဖုရားကြီးလည်း ပြုံးနေ၏သို့သော်“ အပြုံးချင်းတော့ မတူ ကြပေ၊မိဖုရားကြီး အပြုံးကား အောင်နိုင်သူတို့၏အပြုံး၊  ဘုရင်မင်းကြီး၏ အပြုံးကား --
ဘုရင်မင်းကြီးအပြုံးကား ရန်သူကို တိတိကျကျ မိမိရရ သိခွင့်ရသောကြောင့်“ ပြုံးခြင်း ”  ဖြစ်၏။သို့သော် ၀မ်းသာဝမ်းနဲ ရောနေသောကြောင့် “ မချိပြုံးသာ ” ပြုံးနိုင်၏၊ လုပ်ကြံ
သူကို သိခွင့်ရ၍၀မ်းသာရသော်လည်း သွားလေသူ မိဖုရားခေါင်ကြီးကို သတိယ လိုက်ပြန်တော့ ၀မ်းနည်းသွားရပြန်၏၊ အကယ်၍  မိဘုရား ခေါင်ကြီးသာ ရှိနေလျှင်
ရန်သူကို မိသော်လည်း သိသော်လည်း “  ရန်ကိုရန်ချင်း မတုန့်လျင်းနှင့် ”ဟု ဓမ္မလမ်းညွှန်ချက်များ  သေချာပေါက် ပေးနေပေလိမ့်ဦးမည်။
 ယခုတော့  … …..  သြော် မိဖုရာခေါင်ကြီး အစီအစဉ်ကိုး၊ ဒါကြောင့်လည်း မိဖုရားခေါင် ကြီးကို သိပ်ချစ်ပြီး သိပ်အားကိုးနေရတာပေါ့။ ဒီကရှေ့ဆို ဘာပဲလုပ်လုပ် မိဖုရားခေါင်ကြီးရဲ့ အကြံဥာဏ်ကိုပဲ မောင်တော် ယူရတော့မှာပေါ့။အခုလည်း  မောင်တော်ဘုရင်မင်းကြီးကို ချစ်တဲ့ မြတ်နိုးတဲ့ မောင်တော်ဘုရင်မင်းကြီးအကျိုးကို  အမြဲလိုလားသူဖြစ်တဲ့ ဟောဒီက  မိဖုရားခေါင်ကြီးကို “ အထူးဆု ” ထိုက်ထိုက်တန် တန်  ချီးမြှင့်မယ်၊  မိဖုရားခေါင်ကြီးကိုသာမက ဆွေတော်မျိုးတော်မှန်သမျှကိုလည်း ထိုက်ထိုက်တန်တန်  မောင်တော် ချီးမြှင့်ချင်တယ်၊ ဒါကြောင့် မိဖုရားခေါင်ကြီးရဲ့  ဆွေမျိုးမှန်သမျှ အကုန်ခေါ်ခဲ့ပါ၊(မာဂဏ္ဍီမိဖုရားကြီးသည်  ၀မ်းသာလွန်း၍ မျက်ရည်များ တောင်
 ကျနေပေ၏၊ သူ့အနေဖြင့် ၀မ်းသာမျက်ရည်ဖြစ်၏၊သို့သော် မကြာခင် ယင်း
 မျက်ရည်တို့သည်  ၀မ်းအနည်းရဆုံးမျက်ရည်စက်များအဖြစ် ပြောင်းလွဲသွားမည်ကို  သူမသိရှာလေတကား )
နန်းတော်ထဲ၌ မိဖုရားခေါင်ကြီးမာဂဏ္ဍီနှင့် ဆွေတော်မျိုးတော်များ အောင်ပွဲခံ ပျော်ရွှင် နေကြ၏ ပန်းနံ့သာ အ၀တ် အစားအသောက် ရတနာ လိုအပ်တာမှန်သမျှ  ဘုရင်မင်း
 ကြီးက မလိုရအောင် “ ဖြည့်ဆည်းပေး ” နေ၏၊ ဆွေမျိုးမတော်သူများလည်း  ယင်းမြင် ကွင်းကို မြင်တွေ့ရသောအခါ အားကျလာ၏၊ ဆွေမျိုးတော်စပ်သူ မဟုတ် ပါပဲ သူတို့လည်း  မိဖုရားခေါင်ကြီးမာဂဏ္ဍီ၏ ဆွေမျိုးများပါဟု ဆိုင်ရာလာဘ်ထိုး၍ ဆွေမျိုး အမည်ခံကာ အောင်ပွဲ ပျော်ပွဲပါဝင်ဆင်နွှဲနေကြ၏၊
သူတို့ အပျော်ကြီး ပျော်နေကြ၏၊ထိုအချိန် ဘုရင်မင်းကြီးသည် “ ထင်မှတ် မထားသော  အမိန့်တော်တစ်ခု ” ချမှတ်လိုက်လေ၏၊ မာဂဏ္ဍီနှင့်တစ်ကွ ဆွေမျိုးအားလုံးကိုတစ်
 ယောက် မကျန် ဖမ်းချုပ်စေ၊ တစ်ချက်လွတ် အမိန့်တော် ။
မာဂဏ္ဍီ မိဖုရားကြီး ထိတ်လန့်သွား၏ ပျော်ခဲ့သမျှ အပျော်မှန်သမျှသည် ကြက်ပျောက်
ငှက်ပျောက် ပျောက်ကုန်တော့၏၊ မောင်တော် နှမတော်ကို “ ကြည်စားနေတာ ” လား  မောင်တော်မင်းကြီးဘုရာ့၊ ဥတေနဘုရင်မင်းကြီးသည်မချိပြုံးပြုံးလိုက်၏၊ကြည်စားနေ
တာ မဟုတ်ဘူး မာဂဏ္ဍီ ၊“ ကြေကွဲနေတာ ကြေကွဲနေတာ ”
ဘုရင်မင်းကြီး၏ အသံသည် ဒေါသကြောင့် ဟိန်းထွက်နေ၏။ အစထဲက  မိဖုရား
ခေါင်ကြီး လက်ချက်ဖြစ်မယ်ဆိုတာ မောင်တော် သိပြီးသား ခန့်မှန်းပြီးသား၊  (မိဖုရားကြီးကသာမာဝတီအပေါ်မောင်တော် အထင်အမြင် လွဲမှားအောင် လုပ်ကြံ ဖန်တီးမှုအတိတ်က အရိပ် ရှိနေတယ်လေ) ဒါပေမဲ့ လက်ပူးလက်ကြပ် သက်သေ အထောက်အထားနှင့် သိချင်လို့ ဖမ်းချင်လို့ ပရိယာယ်ဆင်နေတာ မိဖုရားကြီးက
 မရိပ်မိပဲကိုး၊  မိဖုရားခေါင်ကြီး သာမာဝတီတာ အဆင်းရော အချင်းရော ပြည့်စုံတဲ့ မိဖုရားခေါင်ကြီးဖြစ်တယ်၊သူဟာ အဆင်းလှပေမဲ့  မာန်မတက်ဘူး၊ အာဏာရှိပေမဲ့ မမောက်မာဘူး၊ ချမ်းသာပေမဲ့ မမော်ကြွားဘူး၊ သခင်ဖြစ်ပေမဲ့ ငယ်သားရံရွှေတော် တွေအပေါ်အကြင်နာမမဲ့ဘူး၊  သူနှလုံးသားမှာ“ ခန္တီ  မေတ္တာ - ကရုဏာ ” တရား တွေသာအမြဲတန်း ကိန်းနေတယ်လေ၊
အဲဒီလို ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံနေတဲ့ မိဖုရားခေါင်ကြီးကို အသင်မိဖုရားကနန်းမ ဆောင်ကြီးနှင့် အတူ ရက်ရက်စက်စက် အပေါက်ပိတ်  “ မီးရှို့ ” သေစေခဲ့တယ်လေ၊  မိဖုရားခေါင်ကြီး သာမာဝတီိကို ရှို့လိုက်တဲ့မီးဟာ မောင်တော်ဘုရင် မင်းရဲ့ နှလုံး
သားအထိ လောင်မြိုက်နိုင်တယ်ဆိုတာ မိဖုရားကြီး မသိဘူးလား၊မတွက်မိဘူးလား။  မောင်တော်ကို အမှန်တကယ် ချစ်မြတ်နိုးတယ်ဆိုရင် မောင်တော်ချစ်တဲ့
သူအားလုံးကို ချစ်နိုင်ရမယ်ပေါ့  . ခုတော့ ..။
အာဏာသာများသည် မိဖုရားကြီးနှင့်တကွ ဆွေတော်မျိုးတော်အားလုံးကို ဖမ်းဆီး လိုက်လေပြီး၊မိဖုရားကြီး၏ မျက်ဝန်း၌ မျက်ရည့်များ စိုနေတော့၏  ၀မ်းသာမှုနေရာ ၀မ်းနည်းမှုက ၀င်ရောက် အစားထိုး နေရာယူနေလေပြီ၊ ဘုရင်မင်းကြီး၏ စီရင်ချက်ကို စောင့်စားနေရုံမှတစ်ပါး သူ ဘာမှ မတတ်နိုင်တော့(အသနားခံ တောင်းပန်၍လည်း
ရတော့မည်မဟုတ်မှန်း သူ့အပြစ်ကြည့်၍ သူသိလေပြီ )
ဘုရင်မင်းကြီးသည် အမိန့်တော် ချမှတ်လိုက်၏၊ မာဂဏ္ဍီမှတစ်ပါး သူ့ဆွေတော် မျိုး တော်အားလုံးကို ခါးလောက်နက်သော တွင်းထဲ၌ ထိုင်စေကာ မြေမြှုပ် . ထို့နောက်
အပေါ်မှ ကောက်ရိုးများ ဖုံးအုပ်က မီးရှို့စေ . ပြီးလျှင် သံထွန်သွားဖြင့် အားလုံးကို  အပိုင်းအပိုင်းပြတ်အောင် တစ်စစိ တစ်စစီဖြစ်အောင် ထွန်ယက်စေ။
မာဂဏ္ဍီအတွက် သီးသန့်အမိန့်တော် (မာဂဏ္ဍီသည် အားငယ်စွာ နားစွင့်နေရှာ၏
မိဖုရားခေါင်ကြီး ဖြစ်ခဲ့ဘူးသူမို့ သက်ညှာသောအားဖြင့် သူ့ကိုတော့ စီရင်ချက်
ချလိမ့်မည်ဟု တွေးနေမှိ၏၊ သို့သော် ) မာဂဏ္ဍီ၏ ခန္ဓာကိုယ် ဆူဖြိုးသော အရပ်မှ
အသားများကို ဒါးထက်ထက်ဖြင့် ပါးပါးလှီးယူကာ မီးဖိုပေါ်တင် ဆီအိုးကင်း၌ ထည့်
ကာ   မုံ့ကြာ်သလို  “ ကြော် ” စေ၊ ယင်းအသားကြော်များကို  မာဂဏ္ဍီကို ပြန်ကြွေးစေ .တစ်ချက်လွတ် အမိန့်တော်၊ (ဘုရင်မင်းကြီသည် သာမာဝတီအပေါ် အချစ်ကြီး၍  
လုပ်ကြံသူ မာဂဏ္ဍီအပေါ် အမုန်းကြီးသွားခြင်းဖြစ်၏ ) မာဂဏ္ဍီသည် လုံးဝ  ထင်မထား
သော အမိန့်တော်ကို ကြားလိုက်ရသောအခါ တုန်လှုပ်သွား၏အသားများပင်  တဆပ်
 ဆပ် တုန်လာ၏၊ကြောက်လန့်မှု ၀မ်းနည်းမှု မျက်ရည်ပေါက်ကြီးငယ်တို့ မျက်နက်ဝန်းမှ ယိုစီးကြနေလေပြီ၊ တစ်ရှိုက်ရှိုက် ငိုသံသဲ့သဲ့ကိုလည်း ကြားနေရ၏၊ထိုစဉ်မှာပင် လက် မရွံအာဏာသားများသည် မာဂဏ္ဍီကို ကြမ်းတမ်းစွာ ဆွဲငင်သွားကြ၏၊ ထို့နောက်တော့ ..
ရဟန်းတော်များသည် ဓမ္မသဘင်၌ “ သာမာဝတီကဲ့သို့ အပြစ်ကင်း၍ ဓမ္မကိန်းသော  အမျိုးသမီးတစ်ယောက် မီးလောင်၍ သေဆုံးရခြင်းသည် မသင့်တော် ” ဟု ပြောဆို နေ ကြ၏၊တစ်ချို့ ရဟန်းတော်များက သနားကြ၏၊တစ်ချို့ရဟန်းတော်များက“ သံဝေဂ ” ဖြစ်တော်မူကြ၏။ထိုအချိန် ရှင်တော်မြတ်ဘုရား ကြွလာတော်မူ၍ “ ဘာစ ကားများ ” ပြောနေကြတာလဲဟု ( စကားစရန်အတွက် ) မေးတော်မူလိုက်၏၊ရဟန်းတော်များက သာမ၀တီကဲ့ သို့  သဒ္ဓါတရားနှင့်ပြည့်စုံ၍ ဓမ္မကိန်းသော အမျိုးသမီးတစ် ယောက်
ယခုကဲ့သို့ မီးလောင်၍ သေဆုံးရခြင်းသည် မသင့်တော်ဟု ပြောဆိုနေကြပါသည်
ဘုရားဟု လျှောက်ထားကြ၏၊
ထိုအခါ ရှင်တော်မြတ်ဘုရားက ဤဘ၀တစ်ခုတည်း ကွက်ကြည့်လျှင်တော့မသင့်တော်
ဟု ထင်နိုင်စရာရှိ၏၊ သို့သော် သံသရာက သူတို့ပြုခဲ့သော “ ကံ ”အကြောင်း တရား ပြန်ကြည့်လျှင် သူတို့ “ ၀ဋ်ကြွေးပေးဆပ်ရခြင်း ”  ဖြစ်၏ဟုမိန့်တော်မူ၏၊ သတ္တ၀ါ တို့
 သည်  သံသရာကျင်လည်စဉ်ကာလအတွင်း ကောင်း မှု များကို ပြုခဲ့ကြသလို မကောင်း
မှုများ  ပြုခဲ့ကြသည်လည်း ရှိခဲ့ကြ၏၊ထို့ကြောင့် သံသရာကျင်လည်သူ မှန်သမျှသည်   “ ချမ်းသာ ဆင်းရဲ ” ခံစားကြရစမြဲဖြစ်၏၊
မဟာကရုဏာရှင် ရှင်တော်မြတ်ဘုရားသည် ရဟန်းတော်များအားသူ့တို့၏ ဘ၀နောက် ကြောင်း(အတိတ်ကအရိပ်)ကို ပြန်ပြောင်းဟောပြတော်မူ၏၊ဗာရာဏသီပြည်  ဗြဟ္မဒတ်
မင်း ထီးနန်းစိုးစံစဉ်က ဖြစ်၏
ဘုရင်မင်းကြီး၏ ပင့်လျှောက်ချက်အရ ပစ္စေကဗုဒ္ဓ အရှင်မြတ် ( ၈ ) ပါးတို့သည်မင်းနန်း တော်သို့ အမြဲဆွမ်းဘုဉ်းပေးကြွတော်မူ၏ ၊မိဖုရားနှင့်ရံရွှေတော် ငါးရာ တို့က  ဂရုစိုက်၍ ဆွမ်းဘောဇဉ်များ ပြင်ဆင်ဆက်ကပ် လှူဒါန်းကြရ၏၊တစ်နေ့  ပစ္စေက ဗုဒ္ဓါ အရှင်မြတ်
- ၇ -  ပါးတို့သည် မိမိတို့ အမြဲသတင်းသုံးရာ ဟိမ၀န္တာသို့  သို့  ပြန်ကြွတော် မူကြ၏၊ ပစ္စေကဗုဒ္ဓအရှင်မြတ်တစ်ပါးသည် မြစ်ကမ်းနလေး “ ခြုံပုတ် ” တစ်ခု၌ ၀င် ရောက် သီတင်းသုံးလျှက် “ ဈာန်သမာပါတ် ” ၀င်စားတော် မူနေ၏၊
ဗြဟ္မဒတ်မင်းကြီးသည် ပစ္စေကဗုဒ္ဓါအရှင်မြတ်များ ပြန်ကြွသွားကြပြီးဖြစ်၍ မိဖုရား
အခြံအရံငါးရာကို ခေါ်၍ မြစ်ထဲ၌  “ ရေပက်တမ်း ” ကစားကြ၏၊ မိဖုရားများသည် အချိန်လည်းကြာ ချမ်းလှပြီလည်းဖြစ်၍ မြစ်ကမ်းပေါ်သို့ တက်၍အအေး ဒါဏ်ကာ
ကွယ်
ရန် မီးဖိုဖို့ ထင်းခြောက် မျက်ခြောက်များကို ဟိုဟို ဒီဒီ ကြည့်ရှုရှာဖွေကြ၏၊ ထိုအခါ မြစ်ခြောက်ခြုံပုတ်တစ်ခု မြင်တွေ့ရ၍ အအေးဒါဏ် ကာကွယ်ရန် “ မီးရှို့”လိုက်ကြ၏။ မျက်ခြောက်များ  မီးလောင်ပြီးသောအခါ အရှင်ပစ္စေကဗုဒ္ဓါအရှင်မြတ်ကိုမီးလောင်
 ပြင်ထဲ“ ဘွားကနဲ ” တွေ့မြင်ရတော့၏၊ထိုအခါ သူတို့ကြောက်လန့်သွားကြ၏၊ မင်းကြီး
များ ဒီကိစ္စ အကယ်၍သိသွားလျှင်   .. သူတို့ ဆက်မ တွေးဝံ့ကြ၊ အကြောက် လွန်၍ သူတို့သည်“ မလုပ်သင့်သည်ကို လုပ်လိုက်ကြ၏၊ ” ၊ထင်းခြောက်များ ထပ်ရှာ၍ အရှင် မြတ်အပေါ်သို့ စုပုံလိုက်ကြ၏၊ အရှင်မြတ်ကို အမြစ်ပြတ်  မီးရှို့လိုက် ကြခြင်းဖြစ်၏၊
 ထို့နောက် သူတို့ ထွက်ခွါသွားကြတော့၏၊“ ကံ - ဟူသည်မှာ စေတနာကို  ခေါ်
ဆိုခြင်းဖြစ်၏ ”၊သူတို့သည် ပထမ မြက်ခြောက်ခြုံပုတ်ထင်ကာ မီးရှို့စဉ်က စေတ
နာမပါ၍ “ ကံ ”မမြောက်ပေ၊ သို့သော်  ပစ္စေဗုဒ္ဓါအရှင်မြတ်ကို မြင်တွေ့ သော အခါ
မိမိတို့ကို ဘုရင်မင်းကြီးက ပြစ်ဒါဏ်စီရင်မည့်အရေး မျှော်တွေးကြောက်လန့်ကာ
မီးလောင်  စေလိုသော စေတနာခြင့်ကြောင့်ကြစိုက်၍ အားထုတ်မိခြင်းကြောင့် “ ကံ ”  မြောက်သွားလေတော့၏၊ သမာပါတ်ဝင်စားစဉ်ကာလအတွင်း ထင်းအစည်းပေါင်း
တစ်သိန်းမျှ မီးတင်ရှို့သော်လည်း အရှင်မြတ်ကို အခိုးမျှတောင် ဟပ်နိုင်မည်မဟုတ်ပေ၊
( ဤသည်မှာ သမာပါတ်၏ ထူးခြားမှု စွမ်းရည်ပင်ဖြစ်၏၊ )ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည်
  - ၇ - ရက်မြောက်သောနေ့၌ သမာပါတ်မှ ထတော်မူ၍  ချမ်းသာစွာပင်( ဟိမ၀န္တာသို့ ) ကြွသွားတော်မူလေ၏၊
မိဖုရားနှင့်အခြံအရံအမျိုးသမီးငါးရာတို့သည် ထိုစေတနာပါသော “ အကုသိုလ် ကံ ”
 တရားကို ပြုမှားခဲ့ခြင်းကြောင့် အနှစ်တစ်သိန်း ငရဲ၌ ခံစားကြရ၏၊ ငရဲမှလွတ်လာသော
 အခါ ကံကြွင်းအနေအားဖြင့် ဘ၀ငါးရာမီးဘေးသင့်၍ ဘ၀ကူး ကြရ၏၊ဤသည်မှာ သူတို့ပြုခဲ့သော အတိတ်က  အကုသိုလ်ကံပင်ဖြစ်၏
မျက်မြင်အားဖြင့် သာမာဝတီမိဖုရားခေါင်ကြီးနှင့်ရံရွှေတော်ငါးရာတို့ကို မာဂဏ္ဍီ မိဖုရား
 ကြီးက မီးရှို့သည်ဟု မြင်ရ၏၊ သူတို့သည် ဘ၀၏ “ ဓားစာခံ ” အဖြစ် ကြားဝင် သရုပ်ဆောင်လိုက်ကြရခြင်း ဖြစ်၏၊အမှန်အားဖြင့် သာမာဝတီတို့၏  အတိတ်က
 ပြုခဲ့သော “အကုသိုလ်ကံကြမ္မာ၏”၀ဋ်ကြွေးကို သူတို့ ပြန်လည် ပေးဆပ်ရခြင်းသာ ဖြစ်ပါ၏၊၀ဋ်ကြွေးကြမ္မာဟူသည် ပြေး၍ လွတ်ရိုးထုံးစံ မရှိချေတကား။
                                ပြီးပါပြီး။  ကောင်းသစ်
ဝဋ်ကြွေး ( ၃ )
ဤသို့ဖြင့် … သူ၏ လုပ်ကြံဖန်တီးမှု ဇာတ်ကွက်ကို စတင်အကောင်အထည်ဖေါ်လေ တော့၏။အရှင်မင်းကြီး သာမာဝတီတို့အုပ်စုဟာ  ပြင်ပနှင့်အဆက် အသွယ်ပြုပြီးတော့ အရှင်မင်းကြီးကို နန်းချဖို့ စီမံနေပါတယ်၊  သက်သေ အထောက်အထား ကတော့ သူတို့စံနန်းတော်ရဲ့ နံရံတွေမှာ အပေါက်များစွာ  တွေ့မြင်နိုင်ပါတယ်။တကြိမ်မက နှစ် ကြိမ် မက၊ လာပြန်ပြီး နောက်တစ်ကြိမ်  ဘုရင်မင်းကြီး မယုံကြည်လျှင် ကိုယ်တိုင် ကြည့်  ရှု တော်မူပါဟု . ပြောပြန်လေပြီး။
ဘုရင်မင်းကြီးသည်၊ မတတ်သာတော့ မကြည့်မခြင်း ခဏခဏ ပြောနေလေတော့ နားလေးမှအေးအေးဆိုပြီး  ( မာယာဥာဏ်သုံးနေသော)  မာဂဏ္ဍီအလိုကျ သာမာ ၀တီ၏ နန်းမဆောင်သို့ သွားကြည့်ရတော့၏ပြောသည့်တိုင်းပင် နံရံ၌   အပေါက်များကို တွေ့ရပါပြီး၊ သို့သော် (မစူးမစမ်း မလုပ် ) အကြောင်းရင်းကို သိရန် နံရံအပေါက်ဖေါက်
ရခြင်း၏ အကြောင်းကို မေးကြည့်၏၊ ထိုအခါ “လမ်းညွန်မှု ဓမ္မ ” ကို ပေးတော်မူသော ကြောင့်  ဓမ္မရာဇာ ဖြစ်တော်မူသော ဘုရားရှင်နှင့်သံဃာတော် များကို ( အပြင်ထွက်  ဖူးခွင့်မလွယ်၍ )နံရံပေါက်မှ ဖူးမြင်ကြကြောင်း အဖြစ်မှန်ကို တင်ပြကြ၏၊  အဖြစ်မှန် သိရသောအခါ ဘုရင်မင်းကြီးသည် နံရံပေါက်များကို ပိတ်စေ၏၊ ထို့နောက်တော့ လှပသပ်ယပ်သော လေသာတံခါးများကို တပ်ဆင်ပေးတော့၏၊  စိတ်တိုင်းကြ ဖူးစေ ပူဇော်စေရန် ဖြစ်၏။( ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုလိုက်ခြင်းဖြစ်၏)
မာဂဏ္ဍီပစ်ချက် လွဲသွားပေပြီ၊ သာမ၀တီတို့အဖို့တော့ အမြတ်ပင် ထွက်လိုက်သေး၏၊ လွတ်လပ်စွာ တံခါးပေါက်မှ ဖူးမျှော်ပူဇော်ခွင့် ရသွားပြီးမဟုတ်ပါလား။
အင်း ဒီတခါ “ သမဏ ” အလှည့်ပဲ၊ မာဂဏ္ဍီသည် ဘာသာမဲ့ ဘာသာခြားများကို ငွေပေး၍ ရှင်တော်မြတ်သွားလေရာ နောက်မှလိုက်၍  “ ကြမ်းကြမ်းတမ်းတမ်း ”ဆဲခိုင်း တော့၏။ ဆဲနည်းကတော့ စုံလှ၏ “ သူခိုးကြပိုးတွေ လူဆိုးလူမိုက်တွေ လူအတွေမြည်း တွေ နွားတွေ ကုလားအုပ်တွေ ငရဲသားတွေ တိရစ္ဆာန်တွေစသည် စသည် ”  သူတို့ ပါးစပ်ထဲ တွေ့သမျှ ဆဲရေးကြတော့၏
သွားလေးရာ အဆဲနောက်ကပါနေတော့၏၊ အရှင်အာနန္ဒာ မနေနို်င်တော့ နယ်ပြောင်းဖို့ ဘုရားရှင်ကို လျှောက်ထားရတော့၏၊ ဘယ်ကို သွားကြမလဲ  အာနန္ဒာ၊ တခြားမြို့ကိုပါ မြတ်စွာဘုရား၊ အဲဒီ မြို့က ဆဲပြန်ရင်ကော  နောက်တစ်မြို့ပါဘုရား၊ နောက်တစ်မြို့ ဆဲပြန်ရင်ကော အခြားတစ်မြို့ပေါ့မြတ်စွာဘုရား ၊ အာနန္ဒာမသင့် အာနန္ဒာ မသင့်၊
စစ်မြေပြင်ထွက်သော ဆင်ပြောင်ကြီးသည် အရပ်လေးမျက်နှာမှလာသော “ လေး မျှား လက်နက် ” တို့ကို သည်းခံနိုင်စွမ်းရှိသကဲ့သို့ ဘုရားရှင်တို့မည်သည်လည်း သီလမဲ့သူ တို့၏  ဆဲဆိုကြိမ်းမောင်းသော စကားမျိုးစုံတို့ကို သည်းခံနိုင်စွမ်းရှိ၏။ “ အာနန္ဒာ  အဓိ ကရုဏ်းဆိုတာ ဖြစ်တဲ့နေရာ ငြိမ်းအောင် ငြှိမ်းနိုင်ရတယ် ”မစိုးရိမ်လင့်အာနန္ဒာ  “ ၇ ” ရက်ကျော်ရင် ဆဲဆိုသံများ သူ့အလိုလို ပျောက်သွားပါလိမ့်မယ်၊ ( ယင်းမိန့်ကြား ချက် ကို  အခြေခံ၍ မြန်မာ့နယ်ပယ်၌ ချီးမွမ်း ၇ - ရက်၊ကဲ့ရဲ့ ၇ - ရက်ဟု ပြောဆိုကြ၏ )၊  မိန့်တော်မူသည့်အတိုင်းပင် ၇ -ရက်လွန်သော အခါ ဆဲဆိုသံများ မကြားရတော့။
ဘုရားရှင်သည် ကောသမ္ဗီမှာပင် ဆက်လက်သီတင်းသုံးနေဆဲဖြစ်၏၊ဘုရားမနိုင် သော အခါ သာမာဝတီတို့ကို (ဘုရားရှင်ကို ထောက်ပန့်သောထောက်တိုင်အဖြစ် သတ်မှတ် ကာ ) ဆက်လက်ရန်ရှာလေတော့၏။
ဘုရင်ဥတေနသည် မာဂဏ္ဍီ၏ဦးလေးကို သူ့အလိုကျ မူးယစ်ဝန်ကြီးဋ္ဌာန အကြီးအကဲ အဖြစ် ခန့်အပ်ထား၏ ( သူ့ဦးလေး၊ သူ ၊နောက်ပြီး အလုပ် အကျွေး ၊သုံးဦးဇာတ် ကြို တင် တိုက်ထား၏။ သာမာဝတီကို အကောက်ကြံရန်ဖြစ်၏ )မာဂဏ္ဍီ မာယာဥာဏ်  ထပ်သုံးပြန်လေပြီး၊ ဘုရင့်အနား မာဂဏ္ဍီ ရှိနေချိန် သူ့ဦးလေးသည်ဘုရင်မင်း အတွက် ဟု  ဆိုကာ ကြက်အရှင် ( ၈ ) ကောင်လာရောက်ဆက်သလေ၏၊  မာဂဏ္ဍီက အဆင် ပြေတာပဲ သာမာဝတီတို့အုပ်စုဘာအလုပ်မှ မရှိ၊လှည့်သွားနေကြတယ်၊ သူတို့ကို ဘုရင် မင်းကြီးက ကြက်သားသုပ် ဆက်သခိုင်းရင် အဆင်ပြေမယ်၊  ဘုရင်မင်းကြီးသည် အလုပ်အကျွေးငယ်ကို သွားပို့ခိုင်းလိုက်၏။ သာမာဝတီနှင့်တကွ ရံရွှေတော်တို့သည် သောတာပန်များ ဖြစ်ကြ၏၊ သောတာပန်တို့မည်သည် ငါးပါးသီလ ဖျက်ရိုးထုံးစံမရှိ၊  ပျက်ရိုး ထုံးစံမရှိပေ၊ အသက်သာစွန့်မယ် သီလမစွန့်သူများဖြစ်ကြ၏။ထို့ကြောင့် သူတို့
သည် သူ့သက်သတ်သူများ မဟုတ်၍ ကြက်သားသုပ်ဟင်းလျှာ မချက်နိုင်ကြောင်း  မဆက်သနိုင်ကြောင်း “ ငြင်းပယ် ” လိုက်ကြ၏၊
(မာဂဏ္ဍီဘက်သားဖြစ်သော ) အလုပ်အကြွေးငယ်သည် ဘုရင်မင်းကို ပြန်၍ သူတို့  ချက်၍မဆက်သနိုင်ကြောင်း လျှောက်ထားလေ၏၊ ထိုအခါ မာဂဏ္ဍီကဒီကြက် ၈ -  ကောင်ကို ယူသွား ရဟန်းဂေါတမကို ( မာဂဏ္ဍီ၏အသုံးအနှုံး )ချက်ပို့လို့် ဘုရင်ကြီးက  မှာလိုက်တယ်လို့ပြော၊ အလုပ်အကြွေးငယ် နောက်တစ်ခေါက်ထပ်သွားရပြန်၏ ဘုရင့် ရှေ့  ယူသွားစဉ်က“ ကြက်အရှင် ” ဖြစ်၏၊ သို့သော်ဘုရင်ကွယ်ရာ၌ ကြက်အသေနှင့် လဲ ပြောင်းကာ သာမာဝတီတို့ထံ ပိုလေ၏၊သောတာပန်သည် သူတစ်ပါးအသက်  မသတ် သော်လည်း (အသက်မဲ့ ) ပံသုကူသားဆိုလျှင်ကား ချက်ပြုတ်စားသောက်ပါ၏၊ ထို့ကြောင့် ယခုပို့လာသောကြက်များသည် “ အသေ ” များဖြစ်၍ လက်ခံကာ ဘုရားရှင်ထံ လက်သုပ်ဟင်းလျှာအဖြစ်စီစဉ်၍ ပို့လိုက်ကြ၏၊ယင်းအကြောင်းကို  ပြန်လည် သံတော်ဦးတင်၏၊ ထိုအခါ မာဂဏ္ဍီက ကိုယ်တွေ့သိရပြီးမဟုတ်လား  အရှင်မင်းကြီး မင်းကြီးအတွက်တော့မချက် ရဟန်းဂေါတမအတွက်ဆိုတော့ ချက်တယ်၊  ဒါ မရိုးသားတာပဲ၊နန်းတွင်းမှာနေပေမဲ့ နန်းပြင်ကိုတောင့်တနေတယ်  အချိတ် အဆက် လုပ်နေတယ်ဆိုတာ ပြသနေတာပဲ ဟု နာနာနှင့်သာသာလေး တွန်းအားပေးပြန်၏၊ ဘုရင်သည်  သူ့စကား မယုံ၊ တုပ်တုပ်မျှပင် မလှုပ်ချေ။
မာဂဏ္ဍီကား ရန်ငြိုးကြီး၍ ဇွဲကြီးသူလည်း ဖြစ်၏၊ ထို့ကြောင့် နောက်တစ်နည်းကြံပြန်၏၊
 “ မကောင်းတူ ဆိုးဖက် ” သူ့ဦးလေးကို အကူအညီတောင်းပြန်လေပြီး၊အစွယ်ချိုးပြီး သား
 ( အဆိပ်မဲ့ ) မွေဆိုးတစ်ကောင် သူ့ဆီပို့ပေးဖို့ ဖြစ်၏၊
နက်ဖန်သဘက်ဆိုရင် ဘုရင်ဥတေနမင်းကြီးသည် သာမာဝတီအဆောင်သို့ ပြောင်း၍ စံတော်မူမည်ဖြစ်၏၊ အရှင်မင်းကြီး နှမတော် ညကအိပ်မက်ဆိုးတွေ မက်တယ်  (လုပ်ကြံပြောချင်းဖြစ်၏)၊ စိတ်တွေလည်းလေးလံနေတယ်အရှင်မင်းကြီး တစ်ခုခုဖြစ် မှာကို နှမတော်စိုးရိမ်မိတယ်၊ဒါကြောင့် သာမ၀တီအဆောင် မကူးပါနှင့်လား ။စိုးရိမ် ပိုမနေပါနှင့် မိဖုရားကြီးရယ်၊ ဘာမှ မဖြစ်ပါဘူး၊ တား၍ရမည်ဟုတ်ဟု သိသောအခါ  ဘုရင်မင်းကြီးမသိအောင် ဘုရင့်စောင်းပေါက်ထဲသို့ မြွေဆိုးကို ထည့်၍ ပန်းကုံးဖြင့်  ထွက်မရအောင် ကြိုတင်ပိတ်ထားလေတော့၏၊
ဘုရင်မင်းကြီးသည် သွားလေရာ သူ၏ “ ဟတ္ထိကန္တ”  စောင်းတော်ကို အမြဲတန်း ဆောင်ယူသွားလေ့ရှိ၏၊  ယင်းစောင်းဖြင့်ဆင်များကို လိုသလို  စေစားနိုင်၏၊ ရှေးခေတ် က ဆင်ရှိလျှင် အင်အားကြီးနိုင်ငံ အင်အားကြီးအင်ပါယာအဖြစ်  အသိအမှတ်ပြုကြ၏။
ဘုရင်ဥတေနသည် သာမာဝတီနန်းမဆောင်သို့ ရောက်ခဲ့ပေပြီး၊ သူ့ကို စိတ်မချဟုဆို ကာ  မာဂဏ္ဍီသည်လည်း လိုက်ပါလာ၏။လိုက်မလာဖို့ ဘုရင်ဥတေနက တားတော့ တားသေး၏၊တားမရ၍ လိုက်ပါခွင့်ပြုလိုက်ရ၏ဘုရင်မင်းကြီးသည် သာမာဝတို့ ဆက် သသော အ၀တ်နံ့သာပန်းတို့ကိုဝတ်ရုံဆင်မြန်းလျှက် စားကောင်းသောက်ဖွယ်တို့ကို  သုံးဆောင်ပြီးလျှင် စောင်းကို ခေါင်းရင်းမှာတင်ထားကာ စက်တော်ခေါ်လေတော့၏။
ထိုအချိန် မာဂဏ္ဍီသည် ဟိုယောင်ယောင် ဒီယောင်ယောင် လှည့်သွားပြီး စောင်းနား ကပ်ကာ ပန်းကုံးကို ဖယ်ရှားလိုက်တော့၏၊( သူ၏ရိုက်ချက် တိုက်ကွက် စတင်လေပြီ၊) နှစ်ရက်သုံးရက် အစာမစားရပဲ လှောင်ပိတ်ခံထားရသည်ဖြစ်၍  မြွေကြီးသည် မာန်ထ ကာ ကြောက်လန့်စရာ ကောင်းလောက်အောင်  ပါးဖျဉ်းထောင်လေတော့၏၊  မာဂဏ္ဍီ သည်  အထိတ်တလန့်ဖြစ်အောင် အော်လေတော့သည်၊ အကြံပက်စက် ရက်စက် လိုက်တာ  သာမာဝတီရယ်၊ ဘုရင့်ဆီက ဘာများမရလို့ဒီလိုအကြံမျိုး  ကြံစီရတာလဲ၊ အပြင်မှာ မျှော်လင့်ချက်တွေ ရှိနေလို့လား။ဘုရင်မရှိမှ သင့်တို့က  စိတ်ချမ်းသာမှာလား၊
အရှင်မင်းကြီးကလည်း အိပ်မက်ဆိုးတွေး မက်လို့ မသွားပါနှင့်လို့ တားတာ တားမ ရဘူး၊ ခုတော့ “ ကံသီပေလို့ ” ပေါ့၊ နှမတော်သာ အသိမစောရင်ခုချိန်ဆို မတွေး ရဲစရာပဲ စသည်ဖြင့် အပြင်တင်လိုက် ကြိမ်းမောင်းလိုက်လုပ်နေတော့ သည်၊ ဘုရင်ဥတေနသည် မြွေကြီးကို ကြည့်၍ တော်တော်ပင်  ထိတ်လန့်သွား၏ထို့အတူ သူ၏ ဒေါသသည်လည်း “ ငယ်ထိပ် ” ထိ  ရောက်လာပေပြီးအင်း သာမာဝတီ ဒီလို လုပ်ကြံမယ်လို့ မထင်ရဘူး မထင်မိဘူး၊ အရင်တုန်းက နံရံအပေါက်ဖေါက်တာ  ကြက်သားဟင်းလျှာသုပ်လုပ်ခိုင်းတုန်းက ငါ့အတွက်ငြင်းပယ်တာ  ငါ သဘောထား  ရိုးရိုးလို့ ထင်ခဲ့တာယခုတော့ သူ့မကောင်းကြံ ရေပေါ် “ ဗူး ” သလို ပေါ်လာခဲ့ပေပြီး။
( သံသယ ၀င်လာပြီဆိုလျှင် အရာရာကို အကောင်းမမြင် အကောင်း မထင်တော့၊ ဤသည်မှာသဘာဝဖြစ်၏၊)
သာမာဝတီတို့ငါးရာလုံးကို တန်းခိုင်းလိုက်၏ ရှေ့တည့်တည့်ကြည့်ရင်တစ်ယောက် တည်း ထင်လောက်အောင်ထိ ဖြောင့်အောင် တန်းခိုင်းထား၏ပြီးတော့  ဗိုလ်ခြေ တစ်ထောင်တင် သူ၏ လက်သုံးတော်မျှားကို ပြင်လေတော့၏၊သာမာဝတီနှင့် ရံရွှေ တော်ငါးရားလုံးကို တစ်ချက်တည်းဖြင့်အပြတ်ရှင်းရန် ဖြစ်၏။
မာဂဏ္ဍီ၏ အကြံအစီမှန်း သာမာဝတီသိ၏၊ သို့သော် ရှင်းပြရန် ခက်နေ၏၊ (မာဂဏ္ဍီက တစ်ကွက်ကြိုတင်ထားသည် မဟုတ်ပါလား ) သာမာဝတီသည် သူ့ရံရွှေတော်များကို လမ်းညွန်နေ၏၊ ငါတို့သည် “ မေတ္တာမှတစ်ပါး ” အားကိုးစရာ မရှိ၊ မမြင်၊  “ မာဂဏ္ဍီ မင်းကြီး မိမိ ” တစ်သားတည်း ဖြစ်စေရမယ်၊မိမိနှင့်တန်းတူထားပြီးတော့  မေတ္တာ ပွါးကြရမယ်၊ မာဂဏ္ဍီ မင်းကြီး ဘယ်သူ့အပေါ်မှ ဒေါသမထွက်ရဘူး  မေတ္တာ မပျက်ရဘူး၊စကားသံတိတ်သွားတော့၏၊  သူတို့အလုပ်သူတို့ စတင်လုပ်နေကြပြီး
ဖြစ်၏၊ သူတို့၏ကိုယ်၌ မေတ္တာများ လွှမ်းခြုံနေပေပြီ။(မာဂဏ္ဍီသည် ပြုံးနေ၏၊ဒီတစ်ခါ
တော့ ဘာတတ်နိုင်သေးလဲဟူသော အတွေးဖြင့် ပြုံးနေခြင်းဖြစ်၏ )
ဘုရင်ဥတေနသည် အဆိပ်လူးထားသော မျှားကို လေးညှို့သို့ တင်လိုက်လေပြီ၊ ထို့နောက် သာမာဝတီ၏ ရင်ဝတည့်တည့် ချိန်လျှက်အဆိပ်လူးမျှားကို  ပစ်လွှတ် လိုက်လေတော့၏ ..
ထိုအခါ …  ဒေါသအဟုန် လေးညှို့အဟုန်တို့ကြောင့် အရှိန်ပြင်းစွာ“ တာ ”  ထွက်လာသော မျှားအဟုန်သည်လည်း အရှိန်ပြင်းလှ၏၊
လူကို မဆိုထားဘိ အင်အားကြီး ဆင်ကိုလည်း ဘုန်းကနဲ လဲကျစေနိုင်၏၊ သားသမင် ကိုလည်း ဘိုင်းကနဲ လဲကျစေနိုင်၏၊ အလွန်မာကျောသည့် ကျောက်စိုင်ကျောက်သား ကိုသော်မှာ ထိုးဖေါက်နိုင်စွမ်းရှိ၏၊သို့သော် ဒေါသအရှိန် လေးညှို့အရှိန်ကြောင့်  အရှိန်ပြင်းစွာမောင်းတင်လာသော “ အဆိပ်လူးမျှား ” သည် သာမာဝတီနှင့်ရံရွှေ တော်ငါးရာတို့၏ နှလုံးသားကို မထိုးဖေါက်နိုင်ချေ၊ ဤသည်မှာ သူတို့၏ စူးရှသော  မေတ္တာတံတိုင်းကြောင့်ဖြစ်၏၊ မေတ္တာတရားသည် ရန်သူကို ကာကွယ်ရာ၌ ကျောက်စိုင်
ကျောက်သားထက် မာကျောသည့် သဘောတရားကို ဤနေရာ၌ တွေ့မြင်ရပါ၏အရှိန် ဖြင့်  ကန်လွှတ်လိုက်သော “ ဘော့လုံး ” သည် မာကျောသည့် နံရံကို ထိမှန်သည့် အခါ နောက်သို့ အရှိန်ဖြင့် ပြန်လည်တွန်းကန်လာသလို ဘုရင်ဥတေန ပစ်လွှတ်လိုက်သည့် အရှိန်ပြင်းစွာ ပြေးဝင်လာသော “ အဆိပ်လူးမျှားသည်လည်း ” မိဖုရားခေါင်ကြီးသာမာ ၀တီနှင့် ရံရွှေတော်ငါးရာတို့၏ (ဘုရင် - မာဂဏ္ဍီ - မိမိ - သုံးဦးကို တပြေးညီ ပို့လွှတ်နေ သော ) မေတ္တာတံတိုင်းကို ထိမှန်သည့်အခါ အရှိန်ဖြင့်ပင် မျှားပစ်သူဥတေန ရင်ဝဆီသို့   မျှားဦး ပြန်လှည့်လာတော့၏
ဘုရင်ကြီးသည် ထိန်လန့်ခြင်း တုန်လှုပ်ခြင်းအတူ အံအားသင့်သွား၏ ထို့နောက်တော့ အံသြသွား၏၊ သူ့တစ်သက်နှင့်တစ်ကိုယ် မကြုံဘူးသည်ကိုကြုံနေရ၏၊ မမြင်ဘူး သည် ကို  မြင်နေရ၏။ သူ့အတွက်တော့ “ မျက်လှည့်ပြပွဲ ”ကြည့်လိုက်ရသလို ဖြစ်နေ၏။
သွေးသားနှင့်တည်ဆောင်ထားသည့် ခန္ဓာကိုယ် မဆိုထားဘိ၊ သွေးသားမဲ့ ကျောက်စိုင် ကျောက်ခဲကိုသော်မှလည်း သူ၏ အဆိပ်လူးမျှားသည် ထိုးဖေါက် နိုင်စွမ်းရှိ၏ယခုတော့  မျှားဦသည် “ ပစ်မှတ်သို့ မသွား ” ပစ်သူသို့သာ တဖန်ပြန်လာနေ၏သက်မဲ့ဖြစ်သော  မျှားသည် မိဖုရားကြီးတို့၏ ဂုဏ်ကျေးဇူးကို သိပါလျှက် သက်ရှိဖြစ်သော ငါသည်ကား  မိဖုရားခေါင်ကြီး၏ ကျေးဇူးဂုဏ်ကို မသိသူ ဖြစ်ခဲ့ချေပြီးတကား ၊ သူ၏  အသိဥာဏ် သည် လိုက်မမှီတော့ တွေဝေသွားတော့၏၊ အသိဥာဏ်အမြင်သာမကမျက်လုံးအမြင်ပါ  မကြည်လင်တော့သည့်အတွက် အရပ်မျက်နှာတို့သည်လည်း  မှုန်ဝါးသွားပေပြီ၊ မသဲ ကွဲတော့ ၊ သူသည် အမှောင်ထုထဲ ရောက်နေသူပမာ သဲကွာစွာ ဘာမှ မမြင်ရတော့၊ လေးကို အသာအယာ အောက်သို့ချလိုက်၏၊ထို့နောက်တော့   မှုန်ဝါးဝါး မြင်နေရသည့် မိဖုရားခေါင်ကြီး သာမ၀တီ၏ ရှေ့နားတိုးကာ ဆောင့်ကြောင့်ထိုင်လျှက် အသင်မိဖုရား ခေါင်ကြီး သည်  “ ကျွန်ုပ် ဥတေနမင်း၏ ကိုးကွယ်ရာ ဖြစ်ပါတော့ ” ဟု လက်အုပ်ချီ၍ပင် တောင်းပန် လေတော့၏၊
 ထိုအခါ သာမာဝတီ မိဖုရားခေါင်ကြီးသည် မေတ္တာကွန်ယက် ဖြန့်ကျက်ခြင်းကို ရပ်နားလိုက်၍ ဘုရင်မင်းကြီး “ နှမတော် ကိုးကွယ်ရာသို့သာ ကိုးကွယ်ပါ ” ဟု မေတ္တာလည်းဖက် အကြင်နာလည်းစွက်သည့် သာယာချိုမြိန်သော စကားသံဖြင့်
ကိုးကွယ်ရာအမှန်ကို ညွှန်ပြလေ၏၊
တစ်ကြိမ် . နှစ်ကြိမ် . သုံးကြိမ်သို့ပင် ရောက်ခဲ့ပေပြီး၊ ထိုအခါ ဘုရင်ဥတေနမင်း
ကြီးသည် အသင်မိဖုရားခေါင်ကြီးကိုလည်း ကိုးကွယ်ရာလို့ သိမှတ်မယ်၊ အသင်မိဖုရားခေါင်ကြီး ကိုးကွယ်နေသည့် “ အနုတ္တရ - ဗုဒ္ဓ ” ကိုလည်း ကိုးကွယ်
ရာလို့ သိမှတ်မယ်၊ နောက်ပြီး အသင်မိဖုရားခေါင်ကြီး လိုသော “ ဆုလာဘ် ” ကို
လည်း ပေးပါမယ် - ဟု အာမ ခံလေတော့၏။မာဂဏ္ဍီမိဖုရားသည်  “သာမာဝတီ မိဖု ရားခေါင်ကြီးကို ပျက်စီးစေရန် ကြံ၏ ” သို့သော် သာမာဝတီအဖို့မှာတော့ “ စုတ်ရော လာဘ်ရော ” ပြိုင်တူဝင်လာသလို ဖြစ်နေတော့၏။ ( ဤပွဲ၌ သာမာဝတီသည် အောင် နိုင်သူ ဖြစ်သွား၍ မာဂဏ္ဍီသည် ရှုံးနိမ့်သူ ဖြစ်သွားရ၏ ဒေါသကို မေတ္တာက အနိုင် ယူလိုက်ခြင်းဖြစ်၏ )
ယနေ့ ရွှေနန်းတော်၌ သင်္ကန်းရောင် တပြောင်ပြောင်နှင့် သာသနာ့အရောင်ထွန်းပြောင် နေလေပြီ။ဘုရင်ဥတေနမင်းကြီးကိုယ်တိုင် ကြပ်ကြပ်မတ်မတ်ဦးစီး၍  ဘုရား အမှုး ရှိ သော သံဃာတော်အရှင်မြတ်တို့ကို ဆွမ်းဆက်ကပ်နေခြင်းဖြစ်၏၊ တစ်ရက်မက  နှစ်ရက်မက ခုနှစ်ရက်တိတိပင် ဖြစ်၏။ခုနှစ်ရက်မြောက်နေ့၌ သာမာဝတီ မိဖုရား ခေါင်ကြီးကို ဘုရားရှေ့ခေါ်ကာ  “ လိုအပ်သော ဆု ” တောင်းရန် ပြောလေတော့၏၊
ထိုအခါ သာမာဝတီမိဖုရားခေါင်ကြီးက “ သူသည် ရွှေ ငွေ ဂုဏ် ပါဝါ ပကာသန ”
ဘာတစ်ခုမျှ မတောင်းဆိုလိုပါ၊ဘုရားအမှူးရှိသော  သံဃာတော်ငါးရာ နေ့စဉ်နန်းတော် သို့ ကြွ၍ ဆွမ်းဘုဉ်းပေးရန်သာ ပင့်လျှောက်ပေးပါ။  နှမတော်လိုချင်သောဆုသည် ဤဆု သာ ဖြစ်ပါသည်၊ဘုရင်ဥတေနသည် “ အတုလ ဗုဒ္ဓ ” ဖြစ်တော်မူသော  ရှင်တော်ဘုရားကို အမြဲနန်းတော်ကြွ ဆွမ်းဘုဉ်းပေးတော်မူရန် သာမာဝတီကိုယ်စား  လျှောက်ထား ပေးလေ၏။
ရှင်တော်မြတ်ဘုရားသည် “ မဟာရာဇ ဘုရားရှင်တို့မည်သည် တစ်နေရာတည်း အမြဲ ကြွရုံးထုံစံမရှိပေ၊ လူအများသည် ဘုရားရှင် ကြွတော်မူလာခြင်းကို အလိုရှိကြသည် သာ ဖြစ်၏ ” ဟု မိန့်တောမူရင်း အမြဲကြွဖို့ ပင့်လျှောက်ခြင်းကို ပယ်မြစ်တော်မူ လိုက်၏၊ ရှင်တော်ဘုရား မကြွနိုင်လျှင် ကိုယ်စား ရဟန်းတော်များ ကြွစေတော်မူပါ ဘုရားဟု ထပ်မံလျှောက်ထား ပြန်လေ၏၊ ထိုအခါ ရှင်တော်မြတ်ဘုရားသည် “အရှင်အာနန္ဒာကို”တာဝန်ပေးတော်မူလိုက်၏
သာမာဝတီအတွက်တော့ ရတနာသိုက်ကြီး ရလိုက်ခြင်းဖြစ်၏ သူတို့အတွက် ဘာသာရေးရွှေတံခါးကြီး အချိန်ပြည့် ပွင့်ပေပြီ ၊  ပွင့်လေပြီ ၊ ပွင့်နေပြီ ၊ ထို့ ကြောင့် သာမာဝတီမိဖုရားခေါင်ကြီးတို့ အုပ်စုသည် အပျော်ကြီး  ပျော်နေကြ၏၊
( သူတို့ ပျော်သလောက် မပျော်နိုင်သူမှာတော့ မာဂဏ္ဍီ မိဖုရားကြီးပင် ဖြစ်၏ )
လွတ်လွတ်လပ်လပ် ဘုရားရှင်ကို ရှိခိုးခွင့် ပူဇော်ခွင့်ရရှိသည့်အပြင် တရားတော်များကို  တိုက်ရိုက် နာကြားခွင့်ရသောကြောင့် ဖြစ်၏ သူတို့သည် “ ဖူးမ၀နာမ၀ လှူမ၀ ”  ဖြစ်နေကြ၏၊
             (ဆက်ရန် ) ကောင်းသစ်
ဝဋ်ကြွေး ( ၂ )
မာဂဏ္ဍီမိဖုရားခေါင်ကြီးသည် မင်းမျိုးမင်းနွယ်မှ ဆင်းသက်လာသည့်( ရွှေလင်ပန်းနှင့် အချင်းဆေး မင်းမွေးတဲ့ )ရွှေမင်းသမီး မဟုတ်၊  ပုဏ္ဏားသွေးမှ ဆင်းသက်လာသည့် ပုဏ္ဏား မျိုးသာ ဖြစ်၏၊သို့သော် သူသည်  သူ့ခေတ် သူ့ခါက နတ်သမီးတမျှ အလှသွေး ကြွယ်သူကလေးဖြစ်၍ ကာလသားတိုင်း  ကြိုက်သည့် “ နှင်းဆီခိုင် ” ဖြစ်ခဲ့၏။ မြို့မျက်နှာဖုံးဖြစ်သည့် ပုဏ္ဏား သူဌေးသူကြွယ်များက သူတို့သားအတွက် “ ချွေးမ လောင်း ” လာစပ်ကြ၏၊ သူ့မိဘများက အားလုံးကို   “ ဟုတ်ကဲ့ သမီးလေးက အသက်  အရွယ် ငယ်လွန်းပါသေးတယ် ” ဟုပင် ယဉ်ယဉ်ကျေးနှင့်အားလုံးကို ငြင်းပယ်ခဲ့၏
သူတို့သမီးနှင့်လိုက်ဖက်မည့် သမက်ချောကို သူတို့ နေ့စဉ် ရှာဖွေနေကြ၏၊ သူတို့၌  ရွှေရှိ၏ ငွေရှိ၏ အသိုင်းအ၀ိုင်းရှိ၏ ပညာရှိ၏၊သူတို့လိုနေသည်မှာရွှေမဟုတ်ငွေမဟုတ် ပညာတတ်မဟုတ် သမီးနှင့်ရှေ့သွားနောက်လိုက်ညီမည့်သမက်ချောလေး  ဖြစ်၏၊သို့မှ သာ “ နေနှင့်လ - ရွှေနှင့်မြ ” ဆိုသလို သမီးလေးနှင့်လိုက်ဖက်ညီပေမည်။
ကိလေသာ ကင်းစင်တော်မူသည့် မဟာကရုဏာရှင် ရှင်တော်မြတ်ဗုဒ္ဓသည်မာဂဏ္ဍီတို့ မိသားစုရှိရာ ကုရုတိုင်း ( မာဂဏ္ဍီပုဏ္ဏားကြီး အဂ္ဂိပရိစရဏ မီးလုပ် ကျွေးရာ)သို့ သပိတ်သင်္ကန်းဆောင်ယူတော်မူ၍ တစ်ပါးတည်းကြွတော်မူ၏
သမက်ချောရှာနေသော မာဂဏ္ဍီပုဏ္ဏားကြီး(အဖမာဂဏ္ဍီ -အမေမာဂဏ္ဍီ - သမီးနာမည် လည်း မာဂဏ္ဍီ ) မြတ်စွာဘုရားရှင်ကို တွေ့ပါလေပြီး၊ သို့သော် ဘုရားဟုသူမသိရှာ၊  သမဏတစ်ပါးဟုသာ သူသိ၏၊ ထို့ကြောင့် ဘုရားရှင်အနားသွားကာကျန်ုပ်မှ လူမက နတ်တမျှ အလှသွေးကြယ်တဲ့ သမီးငယ်လေး တစ်ယောက် ရှိပါတယ် . အသင်  သမဏလို ချောမောလှပသူဟာ သမီးလေးနှင့်သာ ထိုက်တန်ပါတယ်၊  သမီးလေးဟာ လည်း အသင်သမဏနှင့်သာ ထိုက်တန်ပါတယ်၊ အသင်သမဏကို ပြုစုလုပ်ကျွေးဖို့ အတွက် “ သမီးချောလေး ” ကို လက်ခံပါဟု အပ်နှင်းလေ၏၊ မြတ်စွာဘုရှင်က          “ ပယ်လည်းမပယ်လိုက် လက်လည်းမခံလိုက် ” စကားတစ်ခွန်းမျှ မဟလိုက်ပေ၊
သို့သော် ပုဏ္ဏားကြီးကတော့ အိမ်သို့ အမြန်သုပ်ခြေတင် ပြေးလေပြီး၊အိမ်ရောက် တော့ ပုဏ္ဏေးမကြီးကို “  သမီးလေးအတွက်  လက်တွဲဖေါ် ဘ၀ကြင်ဖက် မိမိတို့အတွက် သမက်ချောချောလေး ” တွေ့ခဲ့ပြီမို့  ရေမိုးချိုး နံ့သာလိမ်း အလှဆင်ပေးဖို့ အမြန် ပြင်ဆင်ခိုင်းလေတော့၏။
မာဂဏ္ဍီသည် ယနေ့ ခါတိုင်းထက်ချော ခါတိုင်းထက်ပင် ပိုလှနေသည်ဟုထင်ရ၏်၊  ယနေ့ အလှဆုံးဖြစ်အောင် ပြင်ဆင်ထားခြင်းလည်းဖြစ်၏၊အသစ်စက်စက်ဖြစ်သော လက်ဝတ်ရတနာ ရွှေချည်ဖြင့်ရုပ်လုံးဖေါ်ထားသည့် ပိုးချည်အ၀တ် ရွှေဘယက်စိတ်နား ကပ် ရွှေလက်ကောက် ရွှေကြယ်သီး ရွှေခြေနင်းတို့ဖြင့် သူ၏အလှသည် ရွှေပေါ် မြတင်သကဲ့သို့ လှချင်းတိုင်းလှ နေတော့၏။စန္ဒကူးနှစ်လိမ်းကြံထားသည်မို့ ကိုယ်သင်း ရနံ့သည်လည်း သင်းပျံ့ပျံ့လေးရှိလှ၏။
သမီးချောလေးကို “ ချွေးမအဖြစ် ” လာစပ်သူအားလုံးကို ငြင်းပယ်ခဲ့သော မာဂဏ္ဍီ ပုဏ္ဏားကြီးသည် ယခုတော့ သူကိုယ်တိုင်က သမက်ချောလေးကိုတွေ့လို့  ကိုယ်တိုင်ပဲ ( သမက်အဖြစ် ) ကြောင်းလမ်းခဲ့သတဲ့၊ ယင်းသတင်းသည် တစ်မြို့လုံး တခဏလေးပင်  ပျံ့နှံ့သွားတော့၏၊ အင်း မာဂဏ္ဍီပုဏ္ဏားကြီးက ကိုယ်တိုင်ရှာ  ကိုယ်တိုင်စပ်သူဆိုတော့
တော်တော် ချောတဲ့ သူပဲ ဖြစ်ရမယ်၊ အင်း မာဂဏ္ဍီသူငယ်မလေးက နတ်သမီးလိုချော သူ လေးဆိုတော့ သူ့တို့မှန်းတဲ့ ဖမ်းတဲ့ သမက်လေးဟာလည်း နတ်သားလေးလို ချော မောသူပဲ ဖြစ်ရမယ်၊ဘယ်လောက်ချော ဘယ်လောက်လှသူဖြစ်မလဲသွားကြည့်ကြစို့၊ဤ သို့ ဖြင့်  ကြီးငယ်ရွယ်လတ် လူအုပ်ကြီး သည် မာဂဏ္ဍီ တို့နောက် မှလိုက်ပါသွားကြ၏
ဘုရားရှင်သည် “ ပဒစေတိယ ” ခြေရာတော်ကို ချထားခဲ့၍ တစ်ခြားတစ်နေရာမှ စောင့် နေတော်မူ၏၊ ခြေရာတော်သည် ခြေလှမ်းတိုင်းမထင်၊ ဘုရားရှင်က အဓိဋ္ဌာန်မှသာထင် ၏၊ ရည်ရွယ်သူသာမြင်၏၊ ဆင် မြင်များ နင်းမိသော်လည်း မပျက်၊ နာဂစ်လေ နီကြမ်း တိုက်ခပ်သော်မှ ပျက်စီးခြင်းမရှိနိုင်၊အခြား မည့်သည့် အကြောင်းကြောင့်မျှလည်း   မပျက် စီးနိုင်ချေ။ဤသည်မှာ ခြေရာတော်၏ထူး ခြားမှုပင်   ဖြစ်၏၊
ပုဏ္ဏားကြီးသည် ယခင်တွေ့ခဲ့သည့်နေရာသို့ ကြည့်၏ မတွေ့ ၊ သို့သော် ခြေတော်ရာကို သူမြင်နေရ၏၊ ပုဏ္ဏေးမကြီးကို ပြလိုက်၏ ဒါ . ခုနင်က မြင်တွေ့ခဲ့တဲ့  သမက်လောင်း လေးရဲ့ “ ခြေရာ ” ပဲ။
ပုဏ္ဏေးမကြီးသည်လည်း ဗေဒင်ပညာကို တဖက်ကမ်းခပ် တတ်ကျွမ်းသူ ဖြစ်၏ ထို့ကြောင့်ခြေရာကို အကဲခပ်ကြည့်၏“ ဤခြေရာမျိုးသည် လောဘရှိသူ၏ ခြေရာနှင့် လည်းမတူ ဒေါသ မောဟရှိသူတို့၏ အရိပ်လက္ခဏာလည်းမထင် ကိလေသာကင်းတဲ့ သူရဲ့ ခြေရာပဲ ဖြစ်တယ် ” ။
ပုဏ္ဏားကြီးကလက်မခံလိုသေးသဖြင့်ဟိုကြည့်ဒီကြည့် လိုက်ရှာကြည့်၏ထိုအခါ တစ်နေ ရာ၌သီတင်းသုံးနေတော်မူသောရှင်တော်မြတ်ဘုရားကိုမြင်သွား၏၊ပုဏ္ဏေးမကြီး ငါပြော တဲ့သူဟာ အဲဒီ “ သမဏ ” ပဲ ။ဤသို့ဖြင့်  ဘုရားရှင်နား ကပ်ကာ “သမီးချောလေးကို ဘ၀လက်တွဲဖေါ်အဖြစ်လက်ခံဖို့ ” အပ်နှင်းလေတော့၏။
ထိုအခါ ရှင်တော်မြတ်ဘုရားက “ အညစ်အကြေးကင်းစင်ပြီး နုနယ်ကြော့ရှင်းယမင်း ရုပ်ကလေးကဲ့သို့ လှချင်တိုင်းလှနေသော မာရ်နတ်မင်း၏ သမီးပျို လေးများဖြစ်သည့် - တဏှာ - အရတီ - ရဂါ - တို့ လာရောက် ဖျားယောင်းစဉ်ကပင် ကိလေသာဖြင့် ပျော်ပါး လိုစိတ် မဖြစ်ခဲ့။ အညစ်အကြေး ရွံရှာဖွယ်တို့ဖြင့်ပြည့်နေသည့် သင်သမီးကို ခြေဖျားဖြင့် ပင် တို့ထိခြင်းငှာ အလိုမရှိပေ ” ဟု ငြင်းပယ်တော်မူလိုက်၏၊
ယင်းဒေသနာ (ယင်းစကား)အဆုံးဝယ် မာဂဏ္ဍီပုဏ္ဏးကြီးတို့ ဇနီးမောင်နှံနှစ်ယောက် လုံး  ခန္ဓာကိုယ်၏ အပြစ် အညစ်အကြေးများကို ရှုဆင်ခြင်ကြ၍အနာဂါမ် တည်သွား ကြ၏။ သူတို၏နှလုံးသား၌ “ ဖြူစင်သည့် ဓမ္မ ” ကိန်းသွားလေပြီး၊သို့သော် ( ဆက်ရန် )
သို့သော် …. လှတုန်း ပတုန် အလှမာန်ဖုံးနေတဲ့အရွယ် လူထုပရိသတ်အလယ်၌ သူ့ကို အလိုမရှိလျှင်အလိုမရှိပါဟု ငြင်းပယ်လျှင် ငြင်းပယ်ခွင့်ရှိသည်မို့  ဘာမှ မပြောလို သော်လည်း “ အညစ်အကြေးတို့ဖြင့် ပြည့်နေသော သူ့ကို ခြေဖျားဖြင့်ပင် မထိလို ” ဟု ပြောကြားလိုက်ခြင်းသည် သူ့ကို သက်သက်မဲ့ နှိမ်လွန်းသည်ဟု ထင်ကာသူ၏နှလုံး သား ၌ ဒေါသ အာဃာတ အမုန်း မီးတောက်မီးလျှံ တို့ သည် အရှိန်ပြင်းစွာဖြင့် တဟုန်း ဟုန်း စတင်တောက်လောင်ကျွမ်းလေတော့၏၊
( အမှန်အားဖြင့် ခန္ဓာထဲ၌ မြတ်နိုးစရာ မက်မောစရာ ဘာတစ်မှ မရှိပေ၊ ဒွါရကိုးဝမှ  ယိုကျလာသော အညစ်အကြေးများကို ကြည့်ခြင်းဖြင့်ပင် ကိုယ်တိုင် မြင်နိုင်သိနိုင် ပါ၏၊ ထို့ကြောင့် ရှင်တော်မြတ်ဘုရား၏ “အညစ်အကြေး ရွံရှာဖွယ်တို့ဖြင့်ပြည့်နေသည် ”  ဟု မိန့်တော်မူခြင်းသည် အရှိအတို်င်း အမှန်အတိုင်း မိန့်တော်မူလိုက်ခြင်း ဖြစ်၏၊ သို့သော် မုန်းစရာကို ချစ်စရာဟု မြင်၍ ရွံစရာကို မြတ်နိုးစရာ ဟုထင်နေသော မာဂဏ္ဍီအဖို့တော့ လက်မခံနိုင်ဖြစ်နေ၏)
ထို့ကြောင့် အရှိအတိုင်း အမှန်အတိုင်း မြင်နိုင်ကြသော မိဘနှစ်ပါးမှာ အနာဂါမ်တည်ကြ ၍ “ နှလုံးသား၌ ဓမ္မ ” ကိန်းသွားသော်လည်း သမီးလေး မာဂဏ္ဍီအဖို့မှာတော့  “ နှလုံး သားမှာ ဓမ္မ မကိန်းပဲ ယင်းအစား ဒေါသ အာဃာတ ” အမုန်းတရားသာ ခိုင်မြဲစွာ နေရာ ယူသွားလေတော့၏်။ ဓမ္မကို အတူတူ နာကြားခွင့်ရသော်လည်း နှလုံးသွင်းမှု အပေါ်မူတည်၍  “အရှုံး - အမြတ် ” ထွက်သွား ခြင်းဖြစ်၏ မိဘနှစ်ပါးသည် သမီးချော လေး မာဂဏ္ဍီကို သူ့ညီ ( မာဂဏ္ဍီလေး၏ ဦးလေးထံ ) အပြီးအပ်နှံ၍ သာသနာ့ဘောင် ၀င်ရောက်ကာနိဗ္ဗာန်မျက်မှောက်ပြုသွားကြ၏၊မာဂဏ္ဍီသည် စိတ်ထဲ၌ ဆုံးဖြတ် ချက်ကို ခိုင်မာစွာ ချထားလိုက်၏အမှီကောင်းရ၍ ပါဝါမြင့် သောထိုတစ်နေ့ တွေ့ကြသေးတာပေါ့ “ သမဏ” ရယ် … ။
မာဂဏ္ဍီလေးသည် အရွယ်ကောင်းသည့်အပြင် အလှမှာသရဖူဆောင်းသူလေးမို့တခြား သူနှင့် မထိုက်တန်၊ ဘုရင်မင်းတို့နှင့်သာ ထိုက်တန်သည်ဟု သူ့ဦးလေးကတွေးမှိ၏၊  ထို့ကြောင့် ကောသမ္ဗီပြည့်ရှင် ဘုရင်ဥတေနကို သူကိုယ်တိုင်ပင် သွားရောက်၍ တူမချောလေးကို “ ဣတ္ထိရတနာ အဖြစ် ” ဆက်သလေတော့၏၊
ဥတေနမင်းသည် ပုထုဇဉ်ဖြစ်၏၊ ပုထုဇဉ်သည် ကိလေသာမကင်းသေးသူဖြစ်၏၊ ကိလေသာ မကင်းသူသည် အာရုံနှင့်တွေ့လျှင် “ အမျက် (သို့မဟုတ် )ရမ္မက်တစ်ခုခု တော့ ဖြစ်တတ်၏၊ ယခုမာဂဏ္ဍီလေးက လှပသူလေးမို့ ဘုရင်မင်း အတွက်တော့ မက်စရာ ဖြစ်သွား၏။ထို့ကြောင့်ပင် သူ့အတွက် ရံရွှေတော်ငါးရာပါအပ်နှင်း၍  မိဖုရား ခေါင်ကြီးအဖြစ် တင်မြှောက်လိုက်လေတော့၏။သူမှန်းသောအမှီ ရပြီမို့  သူ့ဘ၀သည် လည်း ပါဝါမြင့်သော ဘ၀သို့ နေချင်းည ချင်းပင် ရောက်သွားလေတော့၏။ဘုရင်ဥတေ နမင်းကြီး၌ “ ၀ါသုလဒတ္တ - မာဂဏ္ဍီ - သာမာဝတီ ” ဟူသော မိဖုရားခေါင်ကြီး သုံးဦး ရှိ၏၊ အလှည့်ကျ အဆောင်ပြောင်းကာ စံမြန်းလေ့ရှိ၏။
ရှင်တော်မြတ်ဘုရားသည် ကောသမ္ဗီပြည် သူဌေးကြီးသုံးဦးတို့၏ ပင့်လျှောက် ချက်အရ ကောသမ္ဗီရှိ “ ဃောသိတာရုံကျောင်း . ကုက္ကုဋာရုံကျောင်းပါဝါရိကာရုံကျောင်း တို့၌ တလှည့်စီ သီတင်းသုံးစံနေတော်မူ၏
ခုဇ္ဇုတ္တရာသည် သုမနပန်းသည်ထံမှ အမြဲတန်း ပန်းဝယ်နေသူ ဖြစ်၏၊တစ်နေ့  သုမန ပန်းသည် ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်များဆွမ်းဆက်ကပ်သည်နှင့် ကြုံတွေ့နေ၏၊ ထို့ကြောင့် သုမနပန်းသည်က တရားနာပြီးမှ ပြန်ဖို့တားထား၏၊ ထို့ကြောင့် လူမှုရေးအရ မပြန်သေးပဲ တရားနာချိန်ထိ စောင့်ဆိုင်းနေရင်း ဘုရားရှင်၏ တရားကို နာယူဖြစ်သွား၏။ဒေသနာအဆုံး  သောတာပန် တည်သွား၏၊
ဥတေနဘုရင်မင်းသည် သာမာဝတီအတွက် ပန်းဖိုး တစ်နေ့ “အသပြာ ရှစ်ကျပ် ” ထုတ် ယူခွင့် ပြုထား၏၊ ခုဇ္ဇုတ္တရာသည် ယခင်နေ့များကဆိုလျှင် ပန်းကိုလေးကျပ် ဖိုးပဲဝယ်ယူ ဆက်သ၏၊ကျန်လေးကျပ်ကိုမူ သူပိုင်အဖြစ် ဖြတ်ယူထား၏ယနေ့တော့  ဘုရား ရှင်၏ တရားနာယူကာ သောတာပန် ဖြစ်သွားပြီးမို့ “ ငါးပါးသီလကိုယ်ကျင့်တရား ” ခိုင်မြဲသွား လေပြီ၊သောတာပန်သည် ငါးပါးသီလကိုအသက်ထက်  တန်ဘိုးထား၏ အသက်ထွက် ချင်ထွက် သီလတော့ဘယ်တော့မှ ဘယ်အကြောင်းကြောင့်မှ အပျက်မခံ တော့ပေ။
ထို့ကြောင့် ခါတိုင်းလို လေးကျပ်ကို မိမိအတွက် ဖြတ်မယူတော့ပဲ “ အသပြာရှစ်ကျပ် ဖိုးလုံး အကုန်ဝယ်၍ မိဖုရားခေါင်ကြီး သာမာဝတီကို ဆက်သလေ၏။မိဖုရား ခေါင် ကြီးသည် အံအားသင့်နေ၏၊ ပန်းတွေခါတိုင်းထက် များလွန်းနေ၍ဖြစ်၏၊ ဒီနေ့  ခါတိုင်း ထက် ပန်းတွေများနေပါလား၊ ဘုရင်ကြီးက ပန်းဖိုးများတိုးပေးလို့လားဟု  မေးလိုက်၏၊ တိုးမပေးပါ သခင်မ၊ ဒါဆို..ဘာဖြစ်လို့ ပန်းတွေကခါတိုင်းထက် များနေရတာလဲ၊  ဘုရင်ကြီးက သခင်မအတွက် နေ့တိုင်း ပန်းဖိုးရှစ်ကျပ်ပေးပါတယ်၊ အဲဒါ  . ကျမက ကျမအတွက်လေးကျပ်ကို ဖြတ်ယူထားပြီးလေးကျပ်ဖိုးပဲ ပန်းဝယ်ပြီး  သခင်မကိုဆက်ခဲ့ ပါတယ်၊ ဒီနေ့တော့ မယူတော့ပဲရှစ်ကျပ်ဖိုးလုံးအကုန် ၀ယ်ခဲ့လို့ပါ သခင်မ .၊
မိမိဖို့်ပေးသော ပန်းဖိုးရှစ်ကျပ်ကို မိမိလူယုံတော်က နေ့စဉ် တစ်ဝက်ဖြတ် ယူထားသည် ဟု  သိပါက  အမှန်အတိုင်းဆိုလျှင် စိတ်တိုစရာပင်ဖြစ်၏ ခိုးယူထားသည့်ငွေများကို  ပြန်တောင်းချင်စရာဖြစ်၏၊သို့သော် သမာဝတီမိဖုရားကြီးသည် သဘောထားကြီး၍ စိတ် ထားဖြူစင်သူဖြစ်၏၊သူ့ရံရွှေတော်များကိုအကြင်နာတရားမေတ္တာတရားဖြင့်ဆက် ဆံသူ ဖြစ်၏ငါမိဖုရားခေါင်ကြီးဟူ၍ မာန်တက်ခြင်း မောက်မာခြင်း အပေါ်စီးက ဆက်ဆံခြင်း ဘယ်တုန်းကမှ မရှိခဲ့ပေ၊ နောင်လည်းရှိလိမ့်မည် မဟုတ်ပေ၊ထို့ကြောင့် ရံရွှေ တော် များက သူတို့ မိဖုရားခေါင်ကြီးကိုချစ်ကြောက်ရိုသေ ရှိကြ၏၊သူတို့သခင်မအတွက်ဆို ဘာလုပ်ရလုပ်ရဘာပေးဆပ်ဆပ်ရ အဆင်သင့်ဖြစ်နေကြ၏၊အသက်စွန့်ရမည်ဆိုလျှင် တောင် နောက်တွန့်သူများ မဟုတ်ကြပေ၊အဲဒီလောက်ချစ်၍ အဲဒီလောက်လေးစားကြ ၏၊အချင်းချင်းအညမည စည်းစည်းလုံးလုံးနေကြ၏ အကြောက်တရားကြောင့်စည်းလုံး ခြင်းမဟုတ် မေတ္တာတရားဖြင့် စည်းလုံးနေကြသူများဖြစ်၏
အကြောက်တရားကြောင့် စည်းလုံးခြင်းည် “ ဟန် ” ဖြစ်၏၊မေတ္တာဖြင့် စည်းလုံး ခြင်းသည် သာ “ အမှန် ” စည်းလုံးခြင်းဖြစ်၏။မိဖုရားခေါင်ကြီးသည် သူ့လူ ယုံတော်  ခုဇ္ဇုတ္တရာကို ဒီနေ့မှ ဘာစိတ်ကူးပြောင်းသွား၍ မယူတော့တာ ပါလိမ့်လို့ တွေးမိ၏ တွေးမိ၍လည်း မေးမိတော့၏သြော် .. ဒါဆို ဒီနေ့မှ  ဘာစိတ်ကူးပေါက်ပြီး ရှစ်ကျပ်ဖိုး လုံး ၀ယ်ခဲ့ရတာလဲ၊သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ တရားဓမ္မကို နာကြားခဲ့ရလို့ပါ၊
( မိဖုရားခေါင်ကြီးသည် အမြင်ကို ပြောင်းလွဲစေသော ဓမ္မ၊ စိတ်ထားကို ပြောင်းလဲစေ သောဓမ္မ၊အမှန်အတိုင်း ၀န်ခံရဲသောသတ္တိကို မွေးဖွါးပေးလိုက်သောဓမ္မ၊ မကောင်း တဲ့ အပြုအမူနှင့်အပြောအဆိုကို ထိမ်းချုပ်နိုင်စွမ်းရှိသော ဓမ္မ၊ယင်းဓမ္မကို နာယူ ချင်စိတ် ဖြစ်လာ၏၊ထို့ကြောင့် သူတို့တတွေကို ပြန်လည်ဟောပြဖို့  ပြောပြဖို့ တိုက်တွန်းလိုက်၏၊
တရားသိသူမို့ တရားကို လေးစား၏၊ တရားလေးစား၍လည်း ဒီပုံစံအတိုင်း မဟောနိုင်၊ သူ့ကိုရေးချိုးပေးဖို့ ပြော၏ သူတို့သည် ခုဇ္ဇုတ္တရာကို နံ့သာရေဖြင့် ရေချိုးပေး၏ အ၀တ်စားအသစ်များ ဆင်ပေးကြ၏၊ခုဇ္ဇုတ္တရာသည်  နေရာထိုင်ခင်းလေးခင်းထိုင်ကာ ဆန်းကြယ်သပ်ယပ်သော ယပ်တောင်တစ်ချောင်းကိုင်လျှက်  “ ဘုရားရှင်ဆီမှ မိမိနာ ယူခဲ့သည် တရားကို တစ်လုံး တစ်ပါဒမှ မကျန်ရအောင် ပြည့်ပြည့်စုံစုံ ” မိဖုရားကြီး နှင့်ရံရွှေတော်များကို ပြောပြလေတော့၏ ၊ ဟောပြနေတော့၏၊
တရားဆုံးသည်နှင့်တစ်ပြိုင်နက်သူတို့လည်းခုဇ္ဇုတ္တရာကဲ့သို့ပင်“ဒိဋ္ဌိ ၀ိစိကိစ္ဆာသီလဗ္ဗတ ပရာမာသ ဣဿာ မစ္ဆရိယ” တရားဆိုးများကိုပယ်ခွါသူများ ဖြစ်သွားတော့၏၊ သူတို့အတွက် အပါယ်တံခါးသည် “ထာဝရ ” ပိတ်သွားလေပြီး။
ထိုနေ့မှစ၍ အ၀တ်အစားသစ်များကို နေ့စဉ် ပြင်ဆင်ပေးကြ၍ သူတို့၏ “ ဓမ္မဆရာ ”   “ ဓမ္မမိခင် ”အဖြစ် ခုဇ္ဇုတ္တရာကို အသိအမှတ်ပြုလိုက်ကြ၏။ခုဇ္ဇုတ္တရာသည်   အရင်လို သုမနပန်းသည်ထံသွား၍ ပန်းဝယ်စရာမလိုတော့၊ သို့သော် ရှင်တော်ဘုရား  တရားပွဲ ရှိသည့်နေရာတိုင်းသို့သွား၍ တရားနာယူကာသာမာဝတီမိဖုရား ခေါင်ကြီး နှင့်ရံ ရွှေ တော်များကို နေ့တိုင်းပင် ပြန်လည်၍ ဟောပြရသော ပိဋကသုံးပုံဆောင်  “ အမျိုး သမီးဓမ္မကထိက ” အဖြစ် ဖြစ်မှန်းမသိ ဖြစ်သွားတော့၏၊ထို့ကြောင့် ရှင်တော်မြတ် ဘုရားက   အမျိုးသမီးဓမ္မကထိက တို့တွင်အသာဆုံး အမြတ်ဆုံးဖြစ်သည့် “ ဧတဒဂ် ” ဘွဲ့ထူးကို ခုဇ္ဇုတ္တရာအားပေးအပ်တော်မူခြင်းဖြစ်၏
သူတို့တစ်တွေသည် တရားမြင်သူများ ဖြစ်သွားကြလေပြီး၊ သို့သော်ဘုရားမမြင် ဘူး ကြသေးချ၊ထို့ကြောင့်ဘုရားရှင်ကို ဖူးမျှော်ခွင့် ပူဇော်ခွင့်ရရန် ဓမ္မမိခင်အရာ၌ ထားသော
ခုဇ္ဇုတ္တရာကို ပူဆာကြ၏၊ မိမိတို့သည် မင်းအိမ်၌ နေကြရသူတွေမို့ အပြင်ထွက်ဖို့         မလွယ်၊ အပြင်သို့ ခေါ်ထုတ်သွားဖို့လည်း မဖြစ်နိုင်၊ဖြစ်နိုင်ချေ စဉ်းစားရလျှင်  မိမိတို့ တိုက်ခန်းနံရံကို အပေါက်လေးများ “ ဖေါက် ” ၍ယင်းအပေါက်မှပင်  ဘုရားရှင်ကို ဖူးမျှော် ပူဇော်ကြဖို့ ဓမ္မမိခင်မှ အကြံပေး၏။ယင်းသို့ဖြင့် သူတို့သည် နံရံများကို  အပေါက်ဖေါက်ကာ ဘုရားရှင်ကြွလာတော်မူသည့်အချိန် နံရံပေါက်မှနေ၍  ဘုရားရှင် ကို ဖူးမျှော်  ပူဇော်ကြရတော့၏။
တစ်နေ့တော့ မာဂဏ္ဍီမိဖုရားသည် အပျင်းပြေ လမ်းလျှောက်ရင်း သူတို့နန်းမဆောင်သို့ ရောက်လာ၏။ ဟိုကြည့်ဒီကြည့် ကြည့်ရင်းမှ နံရံပေါက်များကို မြင်တွေ့သွား၏၊  အကျိုးအကြောင်း မေးကြည့်သောအခါ ( မာဂဏ္ဍီမိဖုရား ဘုရားအပေါ် ရန်ငြိုထားနေသူ ဟု မသိကြ၍ ) ဤအပေါက်မှနေ ဘုရားရှင်ကို ဖူးမျှော် ပူဇော်ကြကြောင်း ပြောလိုက် ကြ၏၊မာဂဏ္ဍီနှလုံးသား၌ ကိန်းနေသည့် အမုန်းတရားသည် “ ၀ုန်း ” ခနဲ ထတောက်
တော့၏၊ငါ မျှော်မှန်းခဲ့သော “ ထိုတစ်နေ့ ” ယနေ့တော့ ရောက်လာပြီပေါ့ သမဏရယ်..
မာဂဏ္ဍီသည် ဘုရားရှင်ကို အမုန်းကြီးမုန်းနေ၏၊ ထိုအမုန်းသည် ဘုရားရှင်ကိုကြည်ညို နေကြသော သာမ၀တီတို့အပေါ်ပါ ကူးစက်သွားတော့၏၊သမဏရော -  သမဏကို ကိုးကွယ်နေသော အုပ်စုရော သိကြသေးတာပေါ့မာဂဏ္ဍီသည် ဘုရင်ဥတေနဆီ သွားလေပြီ၊ ကောင်းသော သွားခြင်းတော့ မဟုတ် ၊ သူ၏ ရန်ငြိုးချေလှမ်းကို အကောင်အထည်ဖေါ်ဖို့ ပထမဆုံး ခြေလှမ်းအဖြစ် စတင် လျှောက်လှမ်းခြင်းဖြစ်၏ ၊ (ဆက်ရန်) ကောင်းသစ်
ဝဋ်ကြွေး (၁)
  မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏အကြောင်းတည်း၊ မေ့လျော့ခြင်းသည်
အဖန်ဖန်သေရခြင်း၏ အကြောင်းတည်း။မမေ့မလျော့သော သူတို့သည်                            သေသည်မမည်ကုန်။ မေ့လျော့သူတို့သည် သေသည်မည်ကုန်၏။
မမေ့မလျော့သော ပညာရှိတို့သည် ဤသို့ ထူးခြားကြောင်းကို သိ၍ မမေ့မလျော့
သော သတိတရား၌ ရွှင်လန်းဝမ်းမြောက်ကုန်လျှက် အရိယာတို့၏ ကျက်စားရာ
လောကုတ္တရာတရားကိုးပါး၌ မွေ့လျှော်ကြကုန်၏။
ထိုပညာရှိတို့သည် ( သမထ ၀ိပဿနာဈာန်နှစ်ပါးဖြင့် ကိလေသာကို ) ရှို့မြှိုက်
ကုန်ပြီးလျှင် အမြဲမပြတ် လုံလပြုကုန်၍ မတွန့်မဆုတ် လုံ့လထုတ်ကုန်လျှက်
ယောဂလေးပါး၏ကုန်ရာ အတုမရှိ မြတ်သော နိဗ္ဗာန်သို့ ရောက်ကြကုန်၏ (ဓမ္မပဒ )
ရှေးခေတ် ရှင်ဘုရင်များသည် တောကစားထွက်လေ့ရှိ၏၊ တောကစားထွက်ရာ၌  ရည်ရွယ် ချက် ရှိ၏၊ တောထဲ၌ ခိုအောင်းနေသော လူဆိုးများကို ခြောက်လှန့်သည့်  သဘောလဲ ပါ၏၊ အမြဲတန်း နန်းတော်ထဲ၌ နေရ၍စိတ်၏ထွက်ပေါက်အဖြစ်  စိတ်မွန်း ကြပ်မှုကို ဖြေဖျောက်ရန် လည်း ပါ၏။သားကောင်များကို  အထူးအားဖြင့် သမင်များကို ကိုယ်တိုင်လိုက်၍ စားသုံးရန် လည်းပါ၏၊ ရှေးခေတ် တစ်ချို့ရှင်ဘုရင်များ  သမင်သား  “ စွဲလမ်း ” ကာ ထီးနန်းစွန့်၍ တောထဲမှာပင် အသားကင်စားကာ  အနေကြာလာသော အခါလူစင်စစ်က လူ့ပြိတ္တာအဖြစ် ပြောင်းလဲသွားသည်လည်း ရှိ၏။
တစ်ချို့ရှင်ဘုရင်များ တောကစား မကြာမကြာ ထွက်သောကြောင့်  ( အလုပ်ပျက်သ ဖြင့်)  သမင်များကို ခြံခပ်ကာ ရှင်ဘုရင်အတွက်  သီးသန့် သမင်ခြံ လုပ်ပေးကြရသည် လည်း ရှိခဲ့၏။ရှင်ဘုရင်များ တောက စား ထွက်မှုနှင့် ပါတ်သက်၍ မြန်မာ့နယ်ပယ်၌      “ ရွေသမင် ဘယ်ကထွက် မင်းကြီးတာကထွက် ” ဟူသော စကားပုံတစ်ခုပင် ကျန်ခဲ့၏။
ဥတေနမင်းသည်လည်း ရှင်ဘုရင်တစ်ပါးပေမို့ တောကစားသည့် အစဉ်အလာကို ဆက် လက် ကျင့်သုံးနေ၏၊ သို့သော် သူကတော့ သားသမင်လိုက်ရန်မဟုတ်မိဖုရား ခေါင်ကြီး “ သာမာ ၀တီ ” ၏ မေတ္တာရပ်ခံထားချက်အရ သားသမင်များကိုမသတ်ဖြတ်တော့၊  တော၏ သဘာဝ အလှကို ရှုစားရင်း လေပြေလေညှင်းခံရင်းနှင့်တောထဲ၌  ခိုအောင်း နေထိုင်တတ်သည့် လူဆိုးများကို ခြောက်လှန့်သည့် အနေအားဖြင့်သာ  တောစားထွက် လာခြင်းဖြစ်၏ သို့သော် ယနေ့ တောကစား ထွက်လာရသည်မှာ ခါတိုင်းနှင့်မတူ ခြေလှမ်းများ လေးလံနေသလို ထင်ရ၏၊ စိတ်ထဲမှာ တထင့်ထင့် ဖြစ်နေသလို ခံစား နေရ၏
 “ သာမာဝတီ ” သူသည် ဘုရင်မင်းကြီး ချစ်မြတ်နိုးသော သိမ်မွေ့နူးညံပြီးသစ္စာ မေတ္တာ  အကြင်နာ တရားနှင့် ပြည့်စုံသော မိဖုရားခေါင်ကြီး ဖြစ်၏။ဘုရားမှတစ်ပါး  ကိုးကွယ်ရာ မရှာတော့သော သောတာပန် အရိယာသူတော်စင်မကြီးလည်း ဖြစ်၏။မိဖုရား ခေါင် ကြီးသည် သလွန်ညောင်းစောင်းထက်၌ လျှောင်းနေ ရင်း “ အိုခြင်း - နာခြင်း - သေ ခြင်းတရားသည် လူမျိုးတိုင်း ဘာသာတိုင်း ရှောင်လွဲမရသော သဘာဝတရား ဖြစ်၏၊ မည်သူတစ်ဦး တစ် ယောက်မျှ ရှောင်လွှဲ၍ မရစကောင်းချေတကား၊ သေကွဲ ရှင်ကွဲ ကွဲကွာခြင်း ခွဲခွါရခြင်းသည် လည်း လူတိုင်းတွေ့ကြုံရသည့် ရှောင်လွဲမရသော သဘာဝတရား ဖြစ်ပေ ၏တကား လူသားတိုင်းသည် သက်ရှိတိုင်းသည် မိမိပြုလုပ်ခဲ့သော ပြု လုပ်နေသော“ ကမ္မ ” ကံတရား၏ “ ဆိုး ကောင်း ”  စီမံခြင်းကို ခံယူရမည် ၊(ဘယ်သူ မပြု မိမိမှုမဟုတ်ပါလား) ဟူသော ဘုရားရှင် ဟောတော်မူသည့်   “ အဘိဏှ သုတ္တန် ”    တရားကို နှလုံးသွင်း ဆင်ခြင်နေ၏။
သခင်မ သခင်မ .. ဟို … ဟို…
အထိတ်တလန့်နှင့် ဘာဖြစ်လာတာလဲ သစ္စ၀တီ၊ စကားရှေ့ဆက် မပြောနိုင်ပဲအထိတ် တလန့်ဖြစ်နေ သည့် သူ၏အပါးတော် သစ္စာရှင်မလေးကို မိဖုရားခေါင်ကြီး မေးခွန်းထုတ် လိုက်ခြင်း ဖြစ်၏။ သစ္စ၀တီ သည် အချိန်တိုင်း မျက်စိကိုဖွင့် နားကိုစွင့်ထားသူဖြစ်၏။
ဟို ဟို သခင်မ စံမြန်းနေတဲ့  နန်းတော်တိုင်တွေကို မာဂဏ္ဍီရဲ့ ဦးလေးက ဆီတွေရွှဲနေ တဲ့အ၀တ်တွေနှင့်လိုက်ပြီးရစ်ပတ်ချည်နှောင်နေတယ်.အဲဒါရိုးရိုးသားဖြစ်မယ်မထင်ဘူးအကောက်ကြံကြံနေတာ များလား မသိဘူးသခင်မ ၊အဲဒါ သခင်မ လိုက်ကြည့်ပါအုံး သာမာဝတီ မိဖုရားကြီးနှင့် ရံရွှေတော်များ ဆင်းလာကြ၏၊
ဦးလေးကြီး ဘာဖြစ်လို့ နန်းတော်တိုင်တွေကို ဆီရွှဲနေတဲ့ အ၀တ်တွေနှင့်ရစ်ပတ်ချည် နှောင်နေတာလဲ ၊ သြော် ဟုတ်ကဲ့ပါ မိဖုရားခေါင်ကြီး ဘုရင်မင်းကြီး၏ အမိန့်တော်အရ ဤကဲ့သို့ ပြုလုပ်ရခြင်းပါ၊ (အမှန်အားဖြင့် ဘုရင်မင်းကြီး၏ အမိန့်တော်မဟုတ်  သူ့တူမ မိဖုရားခေါင်ကြီး မာဂဏ္ဍီ၏ မရိုးသားသည့် စေခိုင်းချက်ဖြစ်၏)ဘုရင်မင်းကြီးက နန်းတော် တိုင် တွေ ရေရှည်ခိုင်ခန့်ဖို့ စီမံခြင်း ဖြစ်နိုင်ပါတယ်၊ အချိန်မီ လုပ်ငန်းလေး တွင် ကျယ်အောင် လုပ်ရမှာမို့ မိဖုရားခေါင်ကြီးအပေါ်ခဏ စံနေတောမူပါအုံး၊
သာမာဝတီ မိဖုရားခေါင်ကြီးနှင့်ရံရွှေတော်များ အပေါ်ထပ် စံမြန်းရာသို့ပြန်တက် သွား ကြ၏၊ ထိုအခါမာဂဏ္ဍီ၏ဦးလေးသည် တံခါးအားလုံးကိုအပြင်မှချက်ချလိုက်၏၊ စိတ်ချရအောင် အပြင် က သစ်သားပါ ထပ်ရိုက်လိုက်သေး၏သူတို့အားလုံး အောက်ဆင်း၍မရတော့၊ ပြေးပေါက် ထွက်ပေါက်မရှိတော့။ ထိုအခါ  အောက်ခြေမှစ၍နန်း တော်ကြီးကို မီးရှို့လိုက်လေတော့၏။
နန်းမဆောင် အပေါ်ထပ်သို့ မီးခိုးများ လှိမ့်၍လှိမ့်၍ တက်လာ၏။အပေါ်ထပ်ရှိ  မိဖုရား ခေါင်ကြီးနှင့်တကွ ရံရွှေတော်များ ချောင်းတဟွတ်ဟွတ်ဆိုးကုန်တော့၏၊ မီးခိုးမှိုင်း ရိုက်၍  မျက်ရည်များပင် ဝေလာပေပြီး။ ဘာမှ သဲကွဲစွာမမြင်ရတော့ ။ထိုအချိန် “ သဲသဲကွဲကွဲ စကားသံ ပေါ်ထွက်လာသည်ကို ” ရံရွှေတော် အားလုံး  ကြားနေရ၏၊  မိဖုရားခေါင်ကြီး၏ တည်ငြိမ်သော အသံဖြစ်၏၊
“ သံသရာတလျှောက်လုံး ငါတို့ ကျင်လည်ခဲ့ရသော ဘ၀တွေ မနည်းတော့၊ ဤကဲ့သို့ မီးလောင်၍ သေဆုံးခဲ့ရသော ဘ၀များကို ရှင်တော်ဘုရား၏ သဗ္ဗညုတဥာဏ် တော်ဖြင့် ကြည့်လျှင်ပင် ဆုံးနိုင်မည် မဟုတ်ချေ၊ မမေ့မလျှော့ မိမိတရားကိုသာ နှုလုံးသွင်း  ဆင် ခြင်ကြနေကြပါ၊ ငါတို့ကို မီးရှို့သူ မာဂဏ္ဍီမိဖုရားကြီးနှင့်သူ့အသိုင်းအပေါ်လည်း  ဒေါသ “ အမျက် ” တရား မဖြစ်စေကြနဲ့၊ နန်းတော်ကြီးကို တပ်မက်တဲ့ လောဘ “ အမက် ” တရားလည်း မဖြစ်စေကြနဲ့၊ ငါတို့ ဒီလောက်ကောင်းကောင်း မွန်မွန်နေကြပါလျှက် ဘာဖြစ်လို့ ဒီလို အဖြစ်မျိုး အဖြစ်ဆိုး ကြုံရတာပါလိမ့်လို့ အတွေး တွေတဲ့ မောဟ    “ အဖျက် ”တရားလည်း မဖြစ်ပွါးစေကြနဲ့၊ ပြုသူ အသစ် ၊ ဖြစ်သူအဟောင်း ထုံးဟောင်း စကား ရှိ၏၊ ငါတို့တစ်တွေ ၀ဋ်ကြွေးရှိ၍ ဆပ်နေရသည်ဟု မှတ်ကြပါ၊ဤအချိန်သည် တရားမှတစ်ပါး အားကိုးရာ မရှိ၊ မိမိတရားကိုသာ စေ့စေ့စပ်စပ်စူးစူး စိုက်စိုက် အားထုတ်ကြပါ ”သာမာဝတီ  မိဖုရားခေါင်ကြီးသည် မိမိ၏ ရံရွှေတော်များကို “ ဓမ္မလမ်းညွှန် ” ပေးပြီးပြီးမို့ မီးအရှိန်ကြောင့် ခံစားနေရသည့် ဝေဒနာကိုပင် အရှုခံအဖြစ်( ဝေဒနာနုပဿနာသတိပဋ္ဌာန်ကို ) စူးစူးစိုက်စိုက် သတိချပ် အသိကပ် ရှုမှတ်နေလေ တော့၏။ ကျန်ရံရွှေတော်များသည်လည်း ဝေဒနာကိုပင်  အသေအချာရှုမှတ်နေကြ၏၊
ပကတိမီးတောက် မီးလျှံတို့သည် သူတို့၏ ကိုယ်ခန္ဓာကို လောင်မြိုက်နေ၏၊ သူတို့သည်  “ လောဘ ဒေါသမောဟ အတ္တမာနစသည့်”ကိလေသာမီးတောက်မီးလျှံတို့ကို ဝေဒနာနုပဿနာ သတိပဋ္ဌာန်ရေစင်ဖြင့် ညှိမ်းသတ်နေကြ၏၊ အချို့ သကဒါဂါမ် တည်သွားကြ၏ တစ်ချို့တော့ အနာဂါမ် အဆင့်ထိရောက်သွားကြ၏ပေါက်ရောက် သွားကြ၏။ပကတိမီးတောက်မီးလျှံကြားမှ ကိလေသာ မီးတောက်မီးလျှံ့တို့ကို ငြိမ်းအောင် ညှိမ်း သတ်သည့် အတုယူဖွယ် စံထားဖွယ် အမျိုးသမီးများ ပေတကား။
ဥတေနဘုရင်ကြီးသည် အရိပ်ကောင်းသော ညောင်ပင်ရိပ်၌ ခဏနားနေချိန်ဖြစ်၏၊  ထိုအချိန် နန်းတွင်းမှ ထူးခြားသတင်းပို့ ခန့်အပ်ထားသော အထောက်တော်သည် မြင်းကို ဒုန်းစိုင်းလျှက် ဘုရင်မင်းကြီးရှိရာသို့  အပြေး လာနေ၏၊ ဘုရင်မင်းကြီး မြင်နေရ၏နန်းတော်၌ တစ်ခုခုတော့ ဖြစ်နေပြီးဟု ဘုရင်မင်းကြီး တွက်လိုက်၏ အထောက်တော်သည် ဘုရင်မင်းကြီးကို ဒူးထောက် ခစားလျှက် “ သတ်လျှင် လည်းသေ ထားလျှင်လည်း နေရပါမည် အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့၏ပေါ့ဆမှု ကြောင့် ဘုရင်မင်းကြီး မြတ်နိုးတော်မူသော မိဖုရားခေါင်ကြီး သာမာဝတီရဲ့ နန်းမဆောင်တစ်ခုလုံး မီးဟုန်းဟုန်း တောက်နေပါတယ် အရှင်မင်းကြီး ”ဘာ ? ..
ဥတေနဘုရင်မင်းကြီး၏ နှုတ်မှ ထွက်လာသော ကျယ်လောင်သော အသံကြီး  ဖြစ်၏၊ အမတ်ကြီးများ ၀န်ကြီးများ စစ်သည်တော်များ အားလုံးကြားလိုက်၏ ။ သူတို့ကြား သည် မှာ “ ဘာ ” တစ်ခွန်းတည်း သာဖြစ်၏သို့သော် ဘုရင်ကြီး၏ နှလုံးသားထဲမှာ  ပဲ့တင့်သံကဲ့သို့ “ ဘာ ” ဟူသောစကားသည် ဆင့်ကဲ ဆင်ကဲ ကြားနေရတော့၏
ဘုရင်မင်းကြီးသည်နန်းတော်သို့ အမြန်ပြန်လာခဲ့၏၊ အမြန်ဆုံးကိုအမြင့်ဆုံးထိ တင်ကာ  ပြန်လာခဲ့ခြင်း ဖြစ်၏ သို့သော် မမှီတော့ ၊ သာမာဝတီကို ကယ်တယ်ဖို့ မမီတော့၊နန်းမ ဆောင်တစ်ခုလုံး ပြာပုံဘ၀ ရောက်သွားပေပြီ၊ သို့သော် မီးခိုငွေ့ကလေးများကတော့ တလူလူ  ထွက်နေသေး၏၊
 နန်းမဆောင် ပြာပုံထဲမှ သူ၏ ချစ်လှစွာ မြတ်နိုးလှစွာသော သစ္စာရှင်မေတ္တာရှင် အကြင်နာရှင် ဓမ္မမိခင် ( သာမာဝတီ၏ကျေးဇူးကြောင့် ဗုဒ္ဓ ဘုရားရှင်ကို ကိုးကွယ် ဆည်းကပ်လာသည့် ဘုရင်ဖြစ်၏ )  သာမာဝတီ မိဖုရားခေါင်ကြီး၏ပုံရိပ်လွှာ ထို့နောက် သူတို့သခင်မအပေါ် အမြဲသစ္စာရှိကြသော  ကောင်းတူဆိုးဖက် ရံရွှေတော်ငါးရာတို့၏ ပုံရိပ်လွှာများသည် တရိပ်ရိပ် ပေါ်လာတော့၏၊ “ သူတို့ ဘယ်လောက်တောင် ခံစား လိုက်ရမလဲ ” တွေးရင်းပင် ကြက်သီး ထစရာ တုန်လှုပ်စရာဖြစ်လာ၏တွေးလေဆွေးလေ  .ဆွေးလေ သောကမီးလျှံတွေ တောက်လေ  သောကမီးတောက်လေ  နလုံး သွေးဆူလေ . နှလုံးသွေးဆူလာ၍ အသားများ ပင် နီလာပေပြီး၊“ သံယောဇဉ် . သောက  . ထိုမှတဆင့်ဒေါသ ဒေါမနဿ ပရိဒေ၀ . ဥပါယာသ. စသည့် မီးတောက်မီးလျှံတို့သည်ဘုရင်ဥတေန၏နလုံးသားကို စတင် လောင်မြိုက် နေပေပြီး။  သာမာဝတီကို ရှို့ သော မီးသည် ဘုရင်ဥတေနကိုပါ ကူးစက်လောင် မြိုက်နေချေပြီးတကား..။
သို့သော် ဘုရင်ဥတေနသည် ဖြစ်ပေါ်လာသည့် သောက ဒေါသကို သူတပါးမသိအောင်  မြိုသိပ်ထား၏ ၊ဖုံးဖိထား၏၊အပူရုပ်ကို ဟန်လုပ်နေရ၏၊ဘေးမှသာမန်ကြည့်လျှင် ဘုရင် ဥတေနကို တည်ငြိမ်နေသူဟု ထင်ရ၏၊သို့သော်အတွင်းနှလုံးသားမှာကား ယောက်ယက်ခပ် နေ၏၊ဤသို့နှင့် အနောက်တောင်စွယ်နေမင်း ကြီး ကွယ်သွားလေပြီး၊ သို့သော်ဘုရင် ဥတေန၏နှလုံးသားမှာ လောင်မြိုက်နေသော သောကမီးကား ပျယ်၍ မသွားသေးပေ၊ တမြေ့မြေ့ လောင်မြိုက်နေဆဲပင် ဖြစ်နေ၏
ဤသို့ဖြင့်ပင် … အမှောင်များတဖြည်းဖြည်း ကြီးစိုးလာပြီဖြစ်၍ ညဥ့်နက်သည့်  အချိန်သို့ပင် ရောက်လာ ပေပြီး၊ သို့သော် ဘုရင်မင်းကြီးသည် စက်တော်ခေါ်၍ မရသေး၊ ညဥ့်နက် သည့်အချိန်မှာပင် ဥတေန  ဘုရင်မင်းကြီးသည်  အတွေးနက် တုန်းဖြစ်၏။ မနက်၍လည်း မဖြစ်ပေ၊ သူမရှိခင် အချိန်လေးအတွင်း မှာပင် သူ၏မြတ်နိုးကြင်နာလှစွာသော သစ္စာရှင် မေတ္တာရှင် ဓမ္မမိခင်ဖြစ်သော မိဖုရားခေါင်ကြီး နှင့်ရံရွှေတော်ငါးရာ လောကကြီးမှ ပျောက်ကွယ် သွားပြီး မဟုတ်ပါလား၊ သူတို့ပျောက်သွားသော်လည်း သူ၏ နှလုံးသားထဲ၌ သူတို့၏ ပုံရိပ်လွှာများက မပျောက်သေး၊ဆက်လက် ရှင်သန် နေဆဲပင် ဖြစ်၏။သာမာဝတီ နန်းမဆောင် မီးလောင်ခြင်းသည်  ရိုးရိုးမီး မဖြစ်နိုင်၊ ငါမရှိတုန်း အ ခွင့်ကောင်းယူပြီး အခြေအနေ အချိန် အခါ သုံးသပ်ကာ အကွက်ချ  စီစဉ်သွား ခြင်း ဖြစ်နိုင်တယ်၊ ဤသူ ဘယ်သူ ဖြစ်နိုင်မလဲ  … ..  
ဘုရင်မင်းကြီးသည် အတိတ်ကို တွေးကြည့်၏ ပြေးကြည့်၏၊ ထိုအခါ အတိတ်သည် တရိပ်ရိပ် ထင်ဟပ် လာတော့၏၊ အင်း သူပဲ ဖြစ်နိုင်တယ်၊ သူပဲ ဖြစ်ရမယ် ဒါပေမဲ့  သက်သေ အထောက် အထား အခိုင်အမာ ရအောင် တစ်စစီ တစ်စစီဆွဲထုတ်ရမယ်၊  ဒီအမှုရဲ့ သဲလွန်စ ဘယ်လို ခြေရာကောက်ရမလဲ၊အကြမ်း နည်းနှင့်စစ်ရင်ကောဖြစ်နိုင်မလား၊မဖြစ်နိုင်ဘူး ပြဿနာဘေးကို လမ်းကြောင်း ပြောင်းသွားနိုင် တယ်၊ ( ပြဿနာရှင်က လမ်းကြောင်းပိတ်သွားအောင် တစ်စုံတစ်ယောက်ကို  ဓားစာခံ လုပ်ခိုင်းပြီး ပြဿနာလမ်းကြောင်းကို လမ်းလွှဲပေးနိုင်တယ်၊ ဒါဆို အဓိက တရားခံ မျက်ခြေပြတ်သွားနိုင်တယ် )
ဒီတော့ ဟုတ်ပြီး အနုနည်းကို သုံးရမယ် ၊ အရှေ့လောကဓါတ်မှ အရုဏ်ရောင်ပင် သမ်း လာပေပြီး၊ မကြာမီ မိုးစင်စင်လင်းတော့မည်ဖြစ်၏၊ပြဿနာကို  ဖြေရှင်းနိုင်ဖို့ အမှုသည်အစစ် ဖေါ်ထုတ်ဖို့ နည်းလည်း ရပြီဖြစ်၍ ဘုရင်ဥတေနမင်း၏  နှလုံးသား၌လည်း မျှော် လင့်ချက် အရုဏ်သမ်းလာပေပြီ၊မကြာခင် အဖြူအမဲ  ကွဲတော့မည်ဖြစ်၏၊ အမှန်တရား  ထင်ထင်ရှားရှား ပေါ်လာတော့မည် ဖြစ်၏၊အတွေးတိတ် သွားပြီးဖြစ်၍  မျက်စိများလည်း  မှိတ်ချင် အိပ်ချင်လာ ချေပြီ၊ အင်း တစ်ရေးလိုက်တော့ မှေးလိုက် အုံးမှပဲလေ .. . ။
ယနေ့ ညီလာခံ၌ ဥတေနမင်းကြီး၏ အနေအထားကိုကြည့်ရလျှင် ပေါ့ပေါ့ပါပါး တက်တက်ကြွကြွ ပုံစံဖြစ်နေ၏၊ မျက်နှာမှာလည်း ပျော်ရွှင်ခြင်း လွတ်လပ်ခြင်း အသွင် ပေါ်နေ၏၊ (ဘုရင်မင်းကြီးသည် အမှုမှန်ပေါ်ပေါက်ရေးအတွက် ကိုယ်တိုင်သရုပ် ဆောင်နေ ခြင်းသာ ဖြစ်ပါ၏၊ရင်ထဲမှ သောကမီးသည်ကား ရှားမီးကဲ့သို့ ပူပြင်း၍  ဖွဲမီးမီးကဲ့သို့ တမြေ့မြေ့ လောင်ကျွမ်းနေတုန်းပင် ဖြစ်၏၊အပူရုပ်ကို တမင်ဖုံးဖိ ထားခြင်း သာဖြစ်၏၊) “ ကြက်ဥနှစ်ရောင် တိမ်တောင်သဖွယ်  မင်းရေးကျယ်၏ ” တဲ့၊ မင်းတို့၏စိတ်သည် သိနိုင်ခဲ၏၊ ယခုလည်း ဘုရင်ဥတေနသည် ရာဇပရိယာယ်ဖြင့် အမှုမှန်ကို ကိုယ်တွယ်ပေတော့မည်၊
ဘုရင်မင်းကြီး ၀ဲဘက်နှင့်ယာဘက်၌ ကျန်မိဖုရားခေါင်ကြီးများ ဖြစ်ကြသည့်ဝါသုလဒတ္တ မိဖုရားခေါင်ကြီးနှင့်မာဂဏ္ဍီမိဖုရားခေါင်ကြီးတို့ထိုင်နေကြ၏။သူတို့သည်လည်းတည်ငြိမ်လွန်းလှသည့် ဘုရင့်အမူအယာကို အကဲခပ်နေကြ၏ ၊ရာဇပလ္လင်၏၀န်ကျင်၌  မူးမတ်များ (၀န်ကြီး များ) စစ်သေနာပတိချုပ်ကြီးများ ညီလာခံမှတ်တမ်းရေးသည့်  စာရေးစာချီများ စသူတို့ သည် လည်း အသီးသီးနေရာယူကြပြီးဖြစ်၏၊ ဘုရင်ကြီးသည် သူတို့အားလုံးကို  စိတ်ထဲမှ အကဲ ခပ်နေ၏၊ သူတို့အားလုံးသည်လည်း ဘုရင်မင်းကြီးကို အကဲခပ်နေ ကြသည်သာ ဖြစ်၏၊ ညီလာခံသဘင်သည် တိတ်ဆိတ်နေ၏။
တိတ်ဆိတ်ခြင်းကို ဘုရင်မင်းကြီးကပင် စတင်၍ ဖြိုခွင်းလိုက်၏၊အမတ်ကြီးများ  ငါဘု ရင်မင်းမြတ်သည် ရှေ့အခါက အမြဲတန်းလိုလို ထိတ်ထိတ်လန့်လန့်ဖြင့်  အချိန်များကို ဖြတ်သမ်းခဲ့ရ၏၊ သာမာဝတီမိဖုရား သည် အမြဲတန်းအခွင့်အရေးကို စောင့်၍ ငါဘုရင် မင်းကြီးကို ကြံစည်ခဲ့၏၊(ရန်သူ ကိုမျှားခေါ်သည့်  စကားလုံးဖြစ်၏ ) ယခုတော့သာမာ ၀တီ  မရှိတော့ပြီမို့ ငါ့ဘ၀သည်  ပိုက်ကွန်မှ လွတ်သော ငှက် ၊ ကြော့ကွင်းမှလွတ် သော  သမင်ကဲ့သို့ ထိတ်လန့်ခြင်းမှ လွတ်မြောက်ရပေပြီ၊ ဘ၀သစ်တစ်ခုကို  မွေးဖွါး လိုက်သကဲ့သို့ ငါ့ဘုရင်မင်းကြီး၏ဘ၀သည် လွတ်လပ်ခြင်း  ပျော်ရွှင်ခြင်း ချမ်းသာခြင်း တို့ကို တစ်ပြိုင်နက် ပိုင်ဆိုင်ခွင့်ရပေပြီး “ သြော် ယခုမှ ချမ်းသာလေစွ  ချမ်းသာပေစွ ”၊
သက်တော်ရှည် အမတ်ကြီးက လက်အုပ်ချီ၍ “ မှန်လှပါ  ဘ၀ရှင်မင်းတြားကြီးဘုရား ဒီအမှုကို ဘယ်သူပြုတယ်လို့ ဘ၀ရှင်မင်းတြားကြီး  ထင်မိပါ သလဲဘုရား ” ဟု စကား ဆက်နိုင်ရန် (စကားနှိုက် သောအားဖြင့်) သံတော်ဦးတင် မေးမြန်းလိုက်၏၊ထိုအခါ မင်းကြီးက   အင်း ငါကိုယ်တော်မြတ်ကို အလွန် ချစ်မြတ်နိုးသူ  ငါကိုယ်တော်မြတ်၏ ကောင်းကျိုးကို အမှန်တကယ်လိုလားသူ တစ်ယောက်ယောက်က ပြုလုပ်တာ ဖြစ်လိမ့်မယ်လို့ တွက်ဆမိတယ် အမတ်ကြီး ။
ဘုရင်မင်းကြီး၏ စကားသည် မိဖုရားခေါင်ကြီး မာဂဏ္ဍီအတွက် “ ပျားရည် ” လို ချိုမြိန် လှ၏၊ သူသည် ယနေ့မှ အောင်ပွဲခံနိုင်သူ ဖြစ်၏ဟုတွေးကာ အလွန်ပင် ၀မ်းသာနေ၏၊ အရင်က သာမာဝတီ မိဖုရား ခေါင်ကြီးအပေါ် ကြံစည်ခဲ့သည့်  လုပ်ရပ်များသည်လည်း အောင်ပွဲရ မာဂဏ္ဍီမိဖုရားကြီး၏စိတ်အစဉ်၌ တရိပ်ရိပ် ပြန်လည်မြင်ယောင် နေမှိပြန်၏၊
                                                  (ဆက်ရန် ) ကောင်းသစ်