.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Thursday, March 31, 2011

အလုပ်နဲ့ သက်သေပြပါ

တစ်ချို့က လေထဲ တိုက်ဆောက်နေကြတာ၊ စကားနဲ့ ကြွားနေကြတာ၊ ဒီလိုပုဂ္ဂိုလ်မျိုးကို
ဘယ်သူမှ အထင်မကြီးဘူး၊ အထင်တောင် သေးသေးတယ်၊ ကိုယ့်ရဲ့ ကံအား ဥာဏ်အား
ဝီရိယအားတွေ ရှိနေတာပဲ၊ ကံ  ဥာဏ် ၀ီရိယ အသုံးချပြီးတော့ အလုပ်လုပ်ရမှာပါ၊ ကံ  ဥာဏ်
ရှိပေမဲ့ ၀ီရိယမရှိပြန်ရင်လည်း မဖြစ်ပါဘူး၊ အရေးကြီးတယ်၊

ဒါကြောင့် မာန်လည်ဆရာတော်ဘုရားကြီးက မဃဒေ၀လင်္ကာမှာ “ မကြိုးမကုတ် အားမထုတ်မူ
လူ မလုံ့လ နတ်မ.မတည့်၊ ပယောဂစက် ပျက်သည့်သူအား လူကိုထား၍ ဘုရားသော်မှ ကယ်
မရဘူး ” လို့ ဆိုထားတယ်၊
ဒီနေရာမှာ ပယောဂဆိုတာ လုံ့လ၀ီရိယကို ပြောတာ၊ ၀ီရိယရှိရှိ အလုပ် လုပ်ကြပါ၊ ဘယ်နေရာ
မဆို အလုပ်နဲ့ သက်သေပြရမယ်..။

                                                      မုံရွာမြို့ - ပဇ္ဇောတာရုံဆရာတော်

Wednesday, March 30, 2011

စိတ်

                             

သင့်ကို စေစား 
ဘယ်သူများလဲ
ခွဲခြား ဆန်းစစ်
ဖြေရှာ လစ်သော်
“ စိတ် ” ဖြစ်နေပါ လေရောလား..။

ဘ၀၏ “ ပဲ့ ” 
စိတ်ဖြစ်ခဲ့သော်
(လောကဓံရဲ့)
အလှဲ့အပြောင်း
မတိမ်းစောင်းဖို့
ထိမ်းကျောင်းစရာ
စိတ်ကောင်းမှာ
မှန်စွာထားဖို့ လိုပေပြီ...။

 ကမ္မပထ 
ကုသလနှင့်
သမာဓိ ပညာ
ဘာဝနာ၌
ကောင်းစွာ တင်ထား
စိတ်ကောင်းများ..။

 
ယင်းစိတ်ကောင်း မှ
ဘ၀ ဘောဂ
နိဗ္ဗာနဟု
သမ္ပတ္တိစုံ
သုခစုံကို
ကုံလုံပြည့်ဝ
ပေးနိုင်စွ..။

ဒုက္ခထိုထို 
မရောက်လိုလည်း
စိတ်ကိုပဲ
သတိ ကဲ
အသိမြဲ၍ ထိမ်းရမည်..။

 

သုခထိုထို
ခံစားလိုလည်း
စိတ်ကိုပဲ
သတိ ကဲ
အသိမြဲ၍ ထိမ်းရမည်..။
                                   
                              ကောင်းသစ်


စိတ်သည်သာ . ၅

 အရှင်ကစ္စည်းမထေရ်မြတ်ခြေတော်ရင်း ၀ပ်စင်းကာ ရှင်ရဟန်းပြုပေးပါရန်အကြောင်း ရိုသေစွာ
ခွင့်တောင်းလေတော့၏။ အရှင်မြတ်သည် အမျိုးသားတစ်ဖြစ်လဲ သောရေယျ သဌေးသားကို ရှင်ပြုပေးတော်မူ၏၊အသက်နှစ်ဆယ်အရွယ်ကျော်ပြီးဖြစ်၍ရဟန်းအဖြစ်ထိ မြှင့်တော်ပေးတော်မူ ၏။ယနေ့သည် သူအမျိုးသမီးဘ၀မှ လွတ်မြောက်သောနေ့၊  လူဝတ်ကြောင်ဘ၀မှ လွတ်မြောက် သောနေ့၊ရခဲသော ရှင်ရဟန်းဘ၀ကို ရရှိသောနေ့၊ အရှင်သောရေယျအဖြစ် ပြောင်းလဲသွားသော သမိုင်းဝင် နေ့ထူးနေ့မြတ် ဖြစ်သွားလေပြီ။

အရှင်မြတ်သည် ရဟန်းသစ်ဖြစ်သော အရှင်သောရေယျအား ရံခါရဟန်းတော်များ လိုက်နာရ မည့် ၀ိနည်းဥပဒေသကို သင်ပြပေး၏ ရံခါ ဆန်းကြယ်သော တရားစကားများ ဟောကြားပေး၏၊ ရံခါဝိပဿနာရှုပွါးနည်းများ လမ်းပြပေး၏၊ကာမနယ်မှာ အမြစ်တွယ်စည်ပင်ခဲ့သော အရှင် သော ရေယျ၏စိတ်သည် ယခုတော့ ဓမ္မနယ်မှာ အမြစ်တွယ်နေလေပြီ၊ အရှင်ကစ္စည်းမထေရ်မြတ်၏ အနီးကပ် သွန်သင်ပြမှုကြောင့် သူ့စိတ်သည် အမြဲတန်း “ သတိ အသိ ” နေအိမ်၌ ပျော်နေ လေပြီ၊ အရှင်ကစ္စည်းမထေရ်မြတ်သည် ရဟန်းသစ် အရှင်သောရေယျကို ပစ္ဆာသမဏအဖြစ် ခေါ်ယူလျှက်ဒေသစာရီ ကြွချီတော်မူရာ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်သို့ပင် ရောက်ရှိ လာပေပြီ။

အရှင်ကစ္စည်းမထေရ်မြတ်နောက် ရဟန်းသစ်တစ်ပါး ပါလာသည်ကို တွေ့ရသောအခါ ဇေတ၀န် ကျောင်းတော်ရှိ ရဟန်းတော်များက အချင်းချင်းဖြစ်လာပြီမို့ သိက္ခာဝါ ဇာတိ ရှင်ရဟန်း ပြုဖြစ် လာပုံစသည်တို့ကို မေးမြန်းကြလေ၏၊အရှင်သောရေယျသည် သူ့ဘ၀ဇာတ်ကြောင်း မချွင်း မချန်  အကုန် ပြောပြလိုက်လေ၏၊ထိုအခါ ထူးဆန်းသည့် သူ့ ( တစ်ကိုယ် နှစ်ဘ၀ဖြစ်မှု . အိမ် ထောင်သည်ဘ၀ ဖြစ်သမ်းခဲ့ရသည့် )သတင်းသည် တစ်ခဏချင်း ကျောင်းတွင်းသို့ ထိုမှတဆင့် မြို့တွင်းသို့ပင် ပျံ့နှံ့သွားလေတော့၏။

ကြားရသူ ရဟန်းရှင် လူများက လာလာ မေးကြ၏။အရှင်မြတ် ဒီလို သတင်းကြားရတတာ ဟုတ်ပါသလားဘုရား၊ ဟုတ်ပါတယ်၊ ဒါဆို အမိဘ၀ရတဲ့ သားနှင့် အဖဘ၀ရတဲ့သား ဘယ်သား ကို  အချစ်ပိုပါသလဲဘုရား၊ရင်နှင့်လွယ်ပြီးဖွါးရတဲ့ မိခင် အဖြစ်နှင့်ရတဲ့သားကို အချစ်ပိုပါတယ် ၊ (မိခင်သည် ဖခင်ထက် သားသမီးနှင့်အနေနီး၏၊ ပထမ မိခင်ဝမ်းမှာ စတင်နေရ၏၊ ဖွါးမြင် လာသောအခါ မိခင်၏ အနီးကပ်ပြုစုယမှုကို ခံယူရ၏၊ မိခင်သည် ဖခင်ထက် သားသမီးကို ပိုဂရုစိုက်ရ၏၊ ထို့ကြောင့်လဲ အချစ်ပိုသည် ဖြစ်နိုင်ပါ၏)။

ဟိုကမေးလာ ဖြေရ၊ ဒီက မေးလာ ဖြေရ ၊ ကြာတော့ အရှင်သောရေယျ ငြီးငွေ့လာလေပြီ၊ ရှက်
လည်း ရှက်လာလေပြီ၊ ထို့ကြောင့် တစ်ပါးတည်းနေ၍ တရားကိုသာ တွင်တွင်အားထုတ်နေလေ
တော့၏၊ ရဟန်းပြုလာသည်မှစ၍ သတိ အသိနှင့်ထိမ်းချုပ်လာသည်မို့ သီလတရားသည် သန့် ရှင်း စင်ကြယ်နေ၏။ စင်ကြယ်သည့် သီလ၊ သီလ၀ိသုဒ္ဓိကို အခြေခံ၍ ဘ၀ခန္ဓာအတ္တာဘော၌ “ ခယ ၀ယ ” သဘောကို မြင်အောင်ရှု၍ သိအောင် ပြု၏၊  သီလ၀ိသုဒ္ဓိ စိတ္တ၀ိသုဒ္ဓိ ဒိဋ္ဌိဝိသုဒ္ဓိ ..
စသည် စသည် စင်ကြယ်မှုများ ဆက်တိုက်ဖြစ်ပွါး၍ ကိလေသာအကြွင်းမဲ့ စင်ကြယ်သည့် အဖြစ်သို့ပင် ရောက်သွားလေပြီ၊ ပဋိသမ္ဘိဒါ လေးပါးနှင့်တစ်ကွ အရဟတ္တဖိုလ်ရောက် မျက် မှောက် ပြုသွားခြင်း ဖြစ်၏၊ တနည်းအားဖြင့် ကိလေသာ ဘ၀ခန္ဓာမှ လွတ်မြောက်သွားခြင်းဖြစ် တော့၏၊ ဤသည်မှာ အရှင်သောရေယျ မထေရ်မြတ်၏ နောက်ဆုံး သမိုင်းဝင်လွတ်မြောက်မှု ဖြစ်ပါ၏၊နောက်ကြောင်း ဘယ်တော့မှ ပြန်မလှည့်တော့သော လွတ်မြောက်မှု ဖြစ်ပါ၏။

နောက်မှ သတင်းကြား၍ ရောက်လာသော ရဟန်းတော်များမှ အရှင်မြတ်ကို မေးမြန်းကြပြန် လေပြီ၊ ကာယကံရှင်က ကိုယ်တိုင်ပြောတာကို ကြားချင်ကြသောကြောင့် ဖြစ်၏၊ အရှင်ဘုရား ဒီလို ဘ၀တွေ ဆန်းဆန်းပြားပြား ဖြစ်ခဲ့ရတယ်ဆိုတာ ဟုတ်သလားဘုရား၊ဟုတ်ပါတယ်ဘုရား၊ ဒါဆို  မိခင်အဖြစ်နဲ့ရတဲ့သား၊ ဖခင်ဘ၀နဲ့ ရတဲ့သား ဘယ်သားကိုများ အချစ်ပိုပါသလဲဘုရား။“
တပည့်တော်မှာ ဘယ့်သူပေါ်မှ ချစ်ခြင်း မရှိတော့ပါဘုရား”

သူတို့ကြိုတင် ကြားထား ထင်မှတ်ထားသော အဖြေကို မကြားရပဲ “ အချစ်မရှိတော့ပါ ”
ဟူသော အဖြေကို ကြားလိုက်ရသောအခါ  အံအားသင့်သွားကြ၏( ရဟန်းတော်များ ထင်မှတ် ထားသည်က အရင်အဖြေလိုပဲ မိခင်ဘ၀နဲ့ ရတဲ့သားကို ပိုချစ်ပါတယ်ဘုရားဟု ဖြေဆိုမည် ထင်ထားကြ၏၊ သို့သော် ) အရှင်သောရေယျအဖြေကြောင့် သူတို့ အံ့အားသင့်သွားခြင်းဖြစ်၏၊)

အချစ်မရှိဟု ဖြေခြင်းသည် သံယောဇဉ်မရှိတော့ ဖြေသည်နှင့်တူ၏၊ သံယောဇဉ် မရှိတော့ဟုဖြေ ခြင်းသည် ကိလေသာ သံယောဇဉ်ကင်းသည့် ရဟန္တာအဖြစ် ၀န်ခံရာရောက်၏၊ အရှင်သောရေယျ ၏ ယခင်နေ့ကအဖြေနှင့် ယနေ့အဖြေသည် မတူတော့၊ မတူတာ ပြောခြင်းဖြင့် မဟုတ်မမှန်ရာ ပြောခြင်းဖြစ်၏၊ သူ၏ ယခင်နေ့က ၀မ်းနဲ့လွယ်မွေးရသော သားကို ပိုချစ်ပါသည်ဟု ဖြေဆိုပါလျှက် ယနေ့ကြမှ “ ဘယ်သူ့အပေါ်မှ ချစ်ခြင်း မရှိတော့ဟု ဖြေဆိုလိုက်ခြင်းသည် မဟုတ်မမှန်ရာကို  ပြောကြားရာ ရောက်ပါသည်ဘုရားဟု ရှင်တော် မြတ်ဘုရားထံသွားရောက်၍ လျှောက်ထားကြ လေ၏။

ရှင်တော်မြတ်ဘုရားက “ ရဟန်းတို့ ငါဘုရား၏ သားတော်ဖြစ်သော သောရေယျရဟန်းတော် သည်မဟုတ်မမှန်သည်ကိုဖြေကြားခြင်းမဟုတ်၊ငါဘုရား၏သားတော်မှာ(ကုသလကမ္မပထတရား
ဆယ်ပါး) သမထ  ၀ိပဿနာပေါ်၌ကောင်းစွာ တင်ထားအပ်သော သန့်ရှင်းစင်ကြယ်သော စိတ်ဖြင့် အရ ဟတ္တမဂ်ကို မြင်ရာ မျက်မှောက် ပြုရာအချိန်မှစ၍ တစ်စုံတစ်ယောက်သောအပေါ် တစ်စုံတစ်ခု သော သင်္ခါရတရားအပေါ်၌ ချစ်ခြင်း မရှိတော့၊ (လောဘမရှိတော့၍ အချစ် မရှိတော့။ ဒေါသ မရှိတော့၍ အမုန်းလည်း မရှိတော့ပေ)။ ယင်းလောကုတ္တရာ သမ္ပတ္တိကို မိဘဆွေမျိုးများက ပေးသည်မဟုတ်၊မိမိ၏ ကောင်းစွာထားအပ်သော စိတ်ကသာ ပေးစွမ်းနိုင် ပေသည်ဟု မိန့်တော်မူလျှက် ဖေါ်ပြပါ ဂါထာကို မိန့်ကြားတော်မူပါ၏

          န တံ မာတာ ပိတာ ကယိရာ၊ အညေ၀ါပိစ ဥာတကာ။
          သမ္မာပဏီဟိတံ စိတ္တံ ၊ သေယျသော နံ တတော ကရေ။

ဒေသနာတော်အဆုံး၌ တရားနာကြားရသူ ရဟန်းရှင်လူတို့သည် မိမိတို့ ပါရမီအား ဥာဏ်အား လျှော်စွာ သောတာပတ္တိမဂ်ဖိုလ်စသည်တို့သို့ မျက်မှောက်ပြုသွားနိုင်ကြသည်ဖြစ်၍ ယင်းဒေသ နာတော်သည် လောကအတွက် အကျိုးပြုသော ဒေသနာ ဖြစ်သွားပါ၏။

                လူ့ပြည် နတ်ပြည် ၊ ဗြဟ္မာ့ပြည်၊ ကျင်လည်စိတ်ကြောင့်သာ။
                အပါယ်လေးပါ ၊ ကျသူများ ၊ မှတ်သား စိတ်ကြောင့်သာ။
                ယုတ်နိမ့်မြင့်မြတ်၊ ဖြစ်လာလတ်၊ မှတ်ကြစိတ်ကြောင့်သာ။
                နိဗ္ဗာန်သာခေါင် ဘေးမဲ့သောင် စိတ်ဆောင်ရောက်မည်သာ။
                                            (မူလကဗျာရှင် အမည်မသိပါ)

                                                   ပြီးပါပြီ - ကောင်းသစ်

Tuesday, March 29, 2011

အလိုမပြည့်သူ သုံးဦး

“ တင်းတိမ်ရောင့်ရဲ လောဘနဲ အမြဲချမ်းသာ မင်္ဂလာ ” တဲ့။
နေရာတိုင်းမှာ သတိနဲ့ ထိမ်းပါ၊ လိုချင်တာတွေ ပြောနေလျှင် တစ်နှစ်လုံးပြောလည်း
မကုန်ပါဘူး၊ လောကမှာ အလိုမပြည့်သူ သုံးဦးရှိတယ်၊ မဟာသမုဒ္ဒရာကြီးရယ်
မီးပုံကြီးရယ် လောဘကြီးသူရယ်တဲ့၊ မဟာသမုဒ္ဒရာကြီးဟာ မြစ်ကြီးငါးသွယ် မြစ်ငယ်
ငါးရာကနေ ရေတွေ ဘယ်လောက်ပဲလာလာ တော်ပါပြီလို့ ဘယ်တော့မှ မပြောဘူး။
မီးပုံကြီးကလည်း လောင်စာတွေ ဘယ်လောက်ထည့်ထည့် တော်ပါပြီလို့ ဘယ်တော့မှ
မပြောဘူး၊ လောဘကြီးသူလည်း ထို့အတူပဲ၊ ဘယ်လောက်ပစ္စည်းတွေ ရရ၊ တော်ပါပြီလို့
ဘယ်တော့မှ မပြောဘူး၊ ဘယ်တော့မှ အလိုမပြည့်ဘူး၊အမြဲတမ်း လိုနေတာပဲ။
                                              
                                                               မုံရွာမြို့ - ပဇ္ဇောတာရုံဆရာတော်

စိတ်သည်သာ - ၎

ကုန်သည်သူဌေးသားလေးသည် ဘာသာရေးလေးစားသူဖြစ်၏၊ဘာသာသွေး အမြဲနွေး သူလည်း
ဖြစ်၏၊ ဘာသာယဉ်ကျေးမှု အနေအထိုင် အပြောအဆို အလုပ်အကိုင် ဝေယျာဝစ္စတို့ကို စံနမူနာ ယူရလောက်အောင်  စနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်သူလည်း ဖြစ်၏၊မိတ်ကောင်းပီသ၍ မိတ်ဆွေ ပေါသူလည်း ဖြစ်၏၊ယခုလည်း သူငယ်ချင်းကောင်းပီပီ သူ့ သူငယ်ချင်း ဘ၀မှန် ပြန် ရောက်ဖို့အတွက် အရှင်ကစ္စည်းမထေရ်မြတ်၏ ခြေတော်ရင်းသို့ ၀ပ်စင်းလျှက် “ ခြေလက်နဖူး တံတောင်ဒူး ငါးဦးညီစွာ ရှိခိုးရာ ” ဟူသည်နှင့်အညီ စနစ်တကျ ရိုရိုသေသေ ရှိုခိုး၍ လက်အုပ် ချီကာ မနက်ဖန် ကောင်းမှုကုသိုလ် ဖြစ်ရန်အတွက် ဆွမ်းဘုဉ်းပေး ကြွတော်မူရန် ပင့်လျှောက် လေတော့၏။

အရှင်မဟာကစ္စည်းမထေရ်မြတ်သည် ကုန်သည်သူဌေးသားလေးသောရေယျမြို့သားမှန်း သိပြီး သားဖြစ်၏၊တက္ကသိုလ်ပြည်သည် သူ့ဒေသသူ့မြို့ မဟုတ်ပေ၊ထို့ကြောင့် ကုန်သည် သူဌေးလေး ကို သင်က ခရီးသွား ဧည့်သည်မဟုတ်လားဟု မေးလိုက်၏၊ဤသည်မှာ ခရီးသွားမို့ ပစ္စည်းငဲ့ ညှာ၍ မေးတော်မူခြင်းဖြစ်၏၊ ရှင်တော်မြတ်ဘုရားက ရဟန်းဟူသည် ပျားကဲ့သို့ ကျင့်ရမည်ဟု မိန့်မှာတော် မူချက်ရှိ၏၊ ပျားပိတုန်းသည် ပန်းဝတ်ရည်ကို စုတ်ယူသော်လည်း ပန်းကို မထိခိုက် စေရ၊ မိမိကြောင့် မညှိုးနွမ်းစေရ၊  ထို့အတူ ရှင်ရဟန်းသည်လည်း အလှူရှင်များ၏ ပစ္စည်းနှင့် သဒ္ဓါတရားကို မထိခိုက်စေရဟု မိန့်တော် မူလိုရင်းဖြစ်၏၊ ထို့ကြောင့် အရှင်ကစ္စည်းမထေရ် မြတ် က သူဌေးသားသည် ခရီးသွားဖြစ်၍ ပစ္စည်းကိုငဲ့ကာ မေးတော်မူခြင်းဖြစ်၏၊
အရှင်ဘုရား တပည့်တော်တို့အား ခရီးသွား ဧည့်သည်အဖြစ်ကို မေးတော်မမူပါနှင့်ဘုရား၊မနက် ကောင်းမှုကုသိုလ်ဖြစ်ဖို့အတွက်သာ အရှင်ဘုရား ဆွမ်းဘုဉ်းပေးကြွတော်မူပါဘုရားဟု ထပ်မံ လျှောက်ထားလေ၏၊အရှင်မြတ်သည် ကုန်သည် သူဌေးသား၏ သဒ္ဓါတရားကို ငဲ့ညှာ၍ ဆိတ် ဆိတ် နေခြင်းဖြင့်လက်ခံတော်မူလိုက်၏၊

တက္ကသိုလ်ပြည် သူဌေးကတော် အိမ်၌ လူများ စည်ကားလျှက်ရှိ၏၊၊ သူဌေးကြီး သူဌေးကတော်
သူ၏ရင်သွေး နောက်ပြီးသူဆွေမျိုးအခြံအရံများကုန်သည်သူဌေးသားတို့အုပ်စု။သူတို့ ဆွမ်းဘော ဇဉ်များကို အကောင်းဆုံးဖြစ်အောင် ခမ်းခမ်းနားနား ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားကြရင်း အရှင် ကစ္စည်း မထေရ်မြတ်အလာကို စောင့်မျှော်နေကြ၏၊

သူဌေးကတော်၏ စိတ်အစဉ်၌ အတွေးများ အမျှင်တန်းနေ၏၊ အရှင်မြတ်ကို  စိတ်ဖြင့်ပြစ်မှားမိ သည့်အပြစ်ကို တောင်းပန်လိုက်ရင် ငါ အမျိုးသားဘ၀ကို တကယ်ပြန်လည်ရရှိမှာလား၊ ဒါဆို ငါ ရှေ့ဆက်ပြီး ဘာလုပ်ရမလဲ၊ ဒီမှာ ဆက်နေလို့ ဖြစ်ပါ့လား၊ မနေဖြစ်ရင် ရင်သွေးလေးတွေကို ဘယ်လို စီစဉ်ရမလဲ၊ ဟိုပဲ ခေါ်သွားရမလား၊ဒီကကော ဟိုကို ထည့်လိုက်ပါ့မလား။အင်း ဒီမှာ ဆက်နေလည်းမလွယ်၊ ဟိုပြန်သွားရမှာလည်း အခက် ရှက်စရာကြီး ဖြစ်နေမလားပဲ ၊အနာဂါတ် အရေးတွေး ရင်လေးစရာကြီးပါလား ၊ဤကဲ့သို့တွေးရင်း ရင်မှထွက်လာသော လေပူကိုကို မှုတ် ထုတ်လိုက်လေ၏၊ ဟူး .. ဘယ်လို လုပ်ရပါ့မလဲလေ..။
အားလုံးသည် အရှင်မြတ်ကို စောင့်မျှော်နေကြ၏၊ နေ့ဆွမ်းဘုဉ်းပေးဖို့ အချိန်တန်နေပြီမဟုတ်ပါ လား၊ထိုစဉ် ကြည်ညိုဖွယ်ရာ အရှင်မြတ်တစ်ပါး သင်္ကန်းရုံ သပိတ်ပိုက်လျှက် စက္ခုနြေ္ဒချကာ မိမိ တို့အိမ်သို့ မနှေးမမြန် ချေလှမ်းမှန်မှန်ဖြင့် ကြွချီတော်မူလာလေပြီ၊ သူတို့သိလိုက်ကြ၏၊ ထိုအရှင် သည် အရှင်ကစ္စည်းမထေရ်မြတ်ပေတကား၊ အသိ၏နောက်၌ သတိသဒ္ဓါတွန်းအားကြောင့်လက် အုပ်ကိုယ်စီ ချီပြီးသား ဖြစ်သွားကြတော့၏။သမဏာနဉ္စ ဒဿန - ကောင်းမြတ်သော မင်္ဂလာ ပေတကား။

အရှင်မြတ်ကို ဖွယ်ဖွယ်ရာ စီမံထားသော ဆွမ်းခဲဖွယ်ဘောဇဉ်များ ဆက်ကပ်ကြ၏၊ အရှင်မြတ် ဘုဉ်းပေးပြီးသောအခါ  ကုန်သည်သူဌေးလေးက (သူ့ သူငယ်ချင်း ) သူဌေးကတော်ကို ခေါ်၍ အရှင်မြတ်၏ ခြေရင်း ၀ပ်စင်းစေ၏၊ထို့နောက် သူ့ သူငယ်ချင်းကိုယ်စား သူကပဲ လျှောက်ထား ပေးလေ၏၊ အရှင်ဘုရား တပည့်တော်၏သူငယ်ချင်းမကို သနားသောအားဖြင့် သိခံ ခွင့်လွှတ် တော်မူပါဘုရား။အင်း ဘာဖြစ်လို့ဘာကိုသိခံရမှာလဲ ဒကာလေး။တင်ပါအရှင်ဘုရား၊ ဖြစ်ကြောင်း ကုန်စင် လျှောက်ထားရမယ်ဆိုရင်တော့.ဒီကသူငယ်ချင်းမက အရင် သောရေယျမြို့မှာ ကောင်း တူဆိုးဘက် တပည့်တော်ရဲ့ အချစ်ဆုံး သူငယ်ချင်းပါဘုရား၊ တစ်နေ့ ဖြစ်ချင်တော့ မြစ်ဆိပ် ရေ ကစားရင်း ရေချိုးဖို့အသွား အရှင်ဘုရားကို မြင်ပြီး မသင့်မတင့်နှလုံးသွင်းမိရာကစပြီး အမျိုးသား ဘ၀ကနေအမျိုးသမီးအဖြစ်ပြောင်းလဲသွားပါတယ်ဘုရား၊အဲဒါအရှင်မြတ်မှ(တပည့်တော် သူငယ် ချင်းကို ဘ၀မှန်ရောက်ဖို့ရန်အတွက် )  သူကြံမှိတဲ့ အကြံမှား ကို သိခံ ခွင့်လွှတ်တော်မူပါဘုရား။

ထိုသို့ဖြစ်လျှင် ထပါလော၊ သိခံပါ၏၊အရှင်မြတ်မှ “ သိခံပါ၏ ” ဟု မိန့်တော်မူလိုက်သည်နှင့်တစ်
ပြိုင်နက် သူဌေးကတော်သည် အမျိုးသမီး အသွင်အပြင်မှ အမျိုးသားအဖြစ်သို့ ပြောင်းလဲ သွား တော့၏။(တောင်းပန် သိခံ၍ အပြစ်ကျေသွားခြင်းဖြစ်၏၊)။ အားလုံးသည် သူ့ကို စိုက်ကြည့် နေကြ၏၊ ယခင် သူဌေးကတော်သည် ယခု အမျိုးသားအသွင်ပြောင်းလဲသွားပေပြီ၊ ကံတရား သည်  အံ့သြစရာ ကောင်းပေစွ၊ မယုံကြည်နိုင်လောက်ပင် ဆန်းကြယ်ပေစွ၊ သူ့ သူငယ်ချင်း သူဌေးသားသည် ပျော်နေ၏၊ သူ့ သူငယ်ချင်း ဘ၀မှန်ရောက်သွားပြီးမဟုတ်ပါလား၊ ဘ၀မှန် ရောက်သွားပြီဖြစ်၍ နေရပ်မှန်သို့ အတူပြန်ကြမည်၊ ဟိုရောက်ရင် သူ့မိဘကြင်ယာ ရင်သွေးဖြစ် သော သားလေးများ  ဘယ်လောက်ဝမ်းသာလိုက်ကြမလဲ၊ဤသည်မှာသူ့စိတ်ထဲတွေးနေသော အတွေးစများသာ ဖြစ်ပါ၏၊

သူဌေးကတော် အမျိုးသားဘ၀ ပြောင်းပြောင်းခြင်းပင် တက္ကသိုလ်သူဌေး ( သူ့ကြင်ဘက်) က သူငယ်ချင်း ( အသွင်ပြောင်း၍ အသုံးအနှုံးပြောင်းသွားတော့၏၊ ယခု ကြင်ယာမဟုတ်တော့) ဒီကလေးနှစ်ယောက်ဟာ သင့်ဝမ်းက မွေးဖွါးလာတဲ့ တို့နှစ်ယောက်ရဲ့ ရင်သွေးငယ်လေးများပါ၊
ဒါ့ကြောင့် ဒီမှာပဲ ညီအကိုလို ဆက်နေပါ၊ ဘာမှ စိတ်ပျက်ငြီးငွေ့မနေပါနဲ့။

အဆွေ ကျနော်ဟာ တစ်ခုသော အတ္တဘောဖြင့် ပဌမအမျိုးသားဘ၀၊ နောက်တော့ အမျိုးသမီး ဘ၀၊ ယခုတဖန် အမျိုးသားဘ၀ ပြန်ဖြစ်ရပါတယ်၊ပထမ ဖခင်ဘ၀နှင့်ကြင်ယာကိုစွဲပြီးသားလေး နှစ်ယောက် ရခဲ့ပါတယ်၊ယခု ကြင်ဖက်ကိုစွဲပြီး မိခင်ဘ၀နဲ့ ရင်သွေးငယ် နှစ်ယောက်ကို ဖွါးမြင် ခဲ့ရပြန်ပါတယ်၊ဖောက်ပြန်တဲ့ဘ၀ကို ဆက်လက်မနေလို့တော့ပါ၊ ဒီလိုဖောက်ပြန်မှုဟာ ဒါနောက်
ဆုံး ဖြစ်ပါရစေတော့..အရှင်မြတ်ထံမှာပဲ ရှင်ရဟန်းပြုပါတော့မယ်၊ ရဟန်းအဖြစ်နှင့် ငြိမ်းချမ်းတဲ့
ဘ၀ ငြိမ်းချမ်းတဲ့ဓမ္မ ငြိမ်းချမ်းတဲ့သန္တိရသကို ပိုင်ဆိုင်အောင် ကြိုးစားပါရစေတော့.။

ထို့နောက်တော့ သားငယ်နှစ်ယောက်ကို မိခင်တစ်ယောက်၏ချစ်ခြင်း မိခင်တစ်ယောက်၏ ကြင်နာခြင်းမိခင်တစ်ယောက်၏ယုယပိုက်ထွေးခြင်းတို့ဖြင့် ပိုက်ထွေးလျှက် သားငယ်နှစ်ယောက် ၏ နဖူးပြင်နုနုလေးကို နောက်ဆုံးအနေနဲ့ ခပ်ဖွဖွလေးနမ်းရင်း ရင်ခွင်မှာ ပွေ့ပိုက်ထားမှိ၏။ ထို့ နောက်တော့ ချစ်ချင်းသံယောဇဉ်ကြိုးကို အံကြိတ်ကာ ဖြတ်တောက်နိုင်ဖို့ကြိုးစားရင်း သူ့ဖခင် လက်သို့ အပ်နှင်းကာ ရင်သွေးငယ်လေးများကို ဂရုစိုက်ဖို့ အထပ်ထပ်မှားကြားရင်း….
                                                                         
                                                                                      ကောင်းသစ်

Sunday, March 27, 2011

အလှဆင်ခြင်း


လူတိုင်းဟာ အလှကို လိုချင်ကြတယ်၊ ရုပ်လှတာထက် စိတ်နေစိတ်ထားလှဖို့က
ပိုပြီး အရေးကြီးတယ်၊ ရုပ်လှပေမဲ့ စိတ်ထားညံ့ရင် ဘယ်သူမှ မသုံးဘူး။
ရဟန်းတော်များ လှချင်ရင် ဘုရားစကား နားထောင်ရတယ်၊
တပည့်များ လှချင်ရင် ဆရာ့စကား နားထောင်ရတယ်၊
သားသမီးများ လှချင်ရင် မိဘစကားနားထောင်ရတယ်၊
ဒါမှ ကိုယ်စီကိုယ်ငှ အလှတွေ ဝေနေမှာပေါ့။

ပြင်တယ်ဆိုတာ ရုပ်ကိုပြင်တာရယ် နာမ်ကို ပြင်တာရယ် နှစ်မျိုးရှိတယ်။
အဲဒီ နှစ်မျိုးထဲမှာ နာမ်ကိုပြင်တာက အဓိကကျတယ်၊ သူများကို ပြင်စေချင်ရင်
ကိုယ့်ကိုယ်ကို အရင်ပြင်ပါ။

မိမိအကျိုး သူတစ်ပါးအကျိုး ပြီးစေတတ်သူကို သူတော်ကောင်းလို့ ခေါ်တယ်၊
တနည်းပြောရရင် ပစ္စုပ္ပန် တမလွန် နှစ်တန်သော အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်
နိုင်သူကို သူတော်ကောင်းလို့ ခေါ်တယ်၊ မသူတော်ကတော့ ဒီလို မဟုတ်ဘူး။
ဝိရောဓိ ဖြစ်သွားပြီ၊ ဒါကြောင့် သူတော်ကောင်းနဲ့ မသူတော်ဆိုတာ ဆက်စပ်လို့
ရတာ မဟုတ်ဘူး၊ မိုးနှင့်မြေပမာ ကွာခြားတယ်။
                                                      (မုံရွာမြို့ - ပဇ္ဇောတာရုံဆရာတော်)


Saturday, March 26, 2011

တစ်ယောက်ထဲ လျှောက်မြဲ


ဘ၀ထဲ
လာတုန်းက ငါတစ်ယောက်ထဲပေါ့..
ဒါပေမဲ့ နောက်တော့ .. လေ
အမေ . အဖေ
ညီအကို မောင်နှမတွေ
မိတ်ဆွေ သူငယ်ချင်းတွေ 
တိုးလို့ တိုးလို့ လာနေပေါ့ ..။

ထိုမှ တဆင့်တက် ..
ဘ၀လက်တွဲဖေါ် ကြင်ဖက်
ဆင်းသက်လာတဲ့ ရင်သွေးများ
သားလေးတွေ သမီးလေးတွေ
မြေးလေးတွေ မြစ်လေးတွေဝန်းရံ
အခြံအရံတွေ ပေါလို့နေပြန်ပေါ့..

ဒီလိုနဲ့ တောင်စွယ်
နေမင်း အထပ်ထပ် ကွယ်ခဲ့
ငါရဲ့ ပျိုရွယ်ခြင်း
ခဏချင်း တစ်စချင်း ဆုတ်ယုတ်
နုပျိုခြင်း နိဂုံးချုပ်ခဲ့ပေါ့..။

ထိုမှ သက်ဆင်း
အိုခြင်း နာခြင်း
သေမင်းနှင့် ရင်ဆိုင်
(ဘယ်သူမှ မကူနိုင်တော့ )
မနိုင်သူ ငါ့မှာ
အလာလိုပဲ 
ဗလာကိုယ်ထဲ
တစ်ယောက်ထဲ
(သံသရာခရီးကို)
လျှောက်မြဲ လျှောက်လျှက်ပါပဲပေါ့..။

                           ကောင်းသစ်

စိတ်သည်သာ ၃

သူမ၏စိတ်အစဉ်သည် အတိတ်သို့ ပျံ့လွင့်နေဆဲ..၊သို့သော်သူမ၏မျက်ဝန်းအစုံကား လှည်းယဉ် ပေါ်၌ ထိုင်လိုက်လာသော အမျိုးသား တစ်ယောက်ကို မမှိတ်မသုံစိုက်ကြည့်နေ၏။ထိုသူကား အခြားမဟုတ်၊သူမ၏ငယ်သူငယ်ချင်း သောရေ ယျမြို့မှ သူဌေးသားလေး ဖြစ်၏၊ သောရေယျ မြို့နေ သူဌေးသားသည် ကုန်ရောင်းကုန်ဝယ် ကိစ္စဖြင့် လှည်းငါးရာကိုဦးစီးလျှက် တက္ကသိုလ် ပြည်သို့ လာနေခြင်းဖြစ်၏။ သောရေယျသူဌေးမ ကလေး၏ အိမ်တော်သည် မြို့ဝင်လမ်းနား ဘေးမှာဖြစ်၍ လေညှင်းခံ လေသားတခါးဖွင့်ခိုက် သူ့ကို မြင်လိုက်ခြင်း ဖြစ်၏၊ သူမသည် အိမ်ဖေါ်မလေးတစ်ယောက်ကို ခေါ်၍ လှည်းယဉ်ပေါ်မှ အမျိုးသားကို အိမ်တော်သို့ ဖိတ်ခေါ်ဖို့ စေလွှတ်လိုက်၏၊

သောရေယျမြို့မှလာသော ကုန်သည် သူဌေးသားလေးသည် အံအားသင့်နေ၏၊ သူကို သူမသိ သည့် အမျိုးသမီးတစ်ဦးက ခမ်းခမ်းနားနား ပြင်ဆင်၍ ဖွယ်ဖွယ်ရာရာဖြင့် ဧည့်ခံနေသောကြောင့်
ဖြစ်၏၊ သူသည် ရင်ထဲမှ ဖြစ်ပေါ်လာသော အံအားသင့်မှုကို မျိုသိပ်မထားနိုင်တော့၍ သူဌေး ကတော် သူမကို မေးမြန်းမိတော့၏

ညီမ(ယဉ်ကျေးသူတို့အသုံးဖြစ်၏)ညီမကို အကိုတို့ တစ်ခါမှ မမြင်ဘူးဘူး၊ ဒါပေမဲ့ ညီမက အကို
တို့ကို ခမ်းခမ်းနားနားဖွယ်ဖွယ်ရာရာ ဧည့်ခံကျွေးမေးနေလိုက်တာ၊ တကယ်မိတ်ဆွေရင်းတွေကို ကျွေးမွေးဧည့်ခံနေတာ ကြနေတာပဲ၊ညီမက အကိုတို့ကို သိလို့လား။သူမသည် ပြုံးနေ၏၊ ( အော် သူ ငါ့ကို မမှတ်မိပဲကိုး ၊ စိတ်ထဲကနေ ကောက်ချက်ခြခြင်းဖြစ်၏)။အကိုတို့ကို ညီမ သိတာပေါ့။ အကိုတို့က သောရေယျ မြို့သားတွေ မဟုတ်လား။ အဲ ဟုတ်ပါ တယ်၊အကိုတို့က သောရေယျ မြို့သားတွေပါ၊ သောရေယျမြို့မှာ သူဌေးကြီး ( ဦးသီလာ ) နှင့် သူဌေးကတော်( ဒေါ်ဝဏ္ဏ )တို့ ကော နေကောင်းကြတယ် မဟုတ်လား၊နောက်ပြီးသူတို့ ချွေးမလေး( မစန္ဒာ)နှင့်သူတို့ မြေးလေး နှစ် ယောက်ကော နေကောင်းကြတယ် မဟုတ်လား၊ ဟုတ်ကဲ့ သူတို့အားလုံး နေကောင်းကြ ပါတယ်၊အော် ဒါနဲ့ ညီမက သူတို့ကို သိနေတယ်ပေါ့။ ဟုတ်ကဲ့ သိတာပေါ့၊ နောက်ပြီး သူတို့ သိပ်ချစ်ပြီးသိပ်အလိုလိုက်တဲ့ သားလေးတစ်ယောက်လည်း ရှိသေးတယ်လေ၊အဲဒီသားလေး ကော အခုဘယ်မှာနေလဲ ၊ အဲဒီ မြို့မှာပဲလား။

အဲဒီ သားအကြောင်းတော့ မပြောပါနဲ့ ညီမရယ်၊ အကိုနှင့်အတူ လှည်းယဉ်လေးစီးပြီး မြစ်ဆိပ် ရေကစားသွားတာ၊ဘယ်လိုကနေ ဘယ်လိုပျောက်သွားတယ်ကို မသိပါဘူး၊မြစ်ဆိပ်အနှံ့ သူသွား တတ်တဲ့နေရာအနှံ့လူစုခွဲပြီး လိုက်ရှာကြတာ ရှာလို့ မတွေ့တော့ပါဘူးညီမရယ်။

( သူသည် ပြောရင်း ပြောရင်းပင် အသံ နိမ့်ဝင်သွားသည်ကို သူမ သတိထားမိလိုက်၏၊ အော် ငါ့သူငယ်ချင်း ငါ့အပေါ် သံယောဇဉ်ကြီးရှာသားပဲကို အတိတ်အကြောင်း ရောက်သွားတာနဲ့ မျက် နှာလေးကိုငယ်သွားတာပဲ၊ သူမစိတ်ထဲကနေပြောနေခြင်းဖြစ်၏) ဒါနဲ့သူမိဘတွေကို အကြောင်း ကြားတော့ သူမိဘတွေလည်း ငိုယိုပြီး သူသွားနေကြအိမ် သူသွားတတ်သည့်နေရာ သူသွား တတ် သည့်ရေချိုးဆိပ် အနှံ့ လူစုခွဲပြီး လိုက်ရှာကြပါတယ်၊ ဘယ်လိုမှ ရှာမတွေ့တော့တဲ့ အဆုံး သူတို့သားလေး ရေနှစ်သေတယ်လို့ပဲ ကောက်ချက်ချပြီး မတကဘတ် သက်ပျောက်ဆွမ်းများ တောင် ဆက်ကပ်ကြပါတယ်၊ အကို့ကို မြင်တွေ့တိုင်း မင့်သူငယ်ချင်း တို့သားလေးကို သိပ် သတိယတာပဲလို့ အခု ချိန်ထိ ပြောနေရှာတုန်းပါပဲ၊အကိုနှင့်သူသားလေးက ငယ်ငယ်လေးထဲက ဆိုးတူ ကောင်းဘက်နေ အတူတူနေလာကြတာလေ၊လက်တွဲ မဖြုတ်တဲ့ သူငယ်ချင်းတွေပေါ့။

အကို့သူငယ်ချင်း သူဌေးသားလေးဆိုတာ ကျမပါပဲ၊
မထင်မှတ်သော စကားကို ကြားလိုက်ရသောကြောင့် ကုန်သည် သူဌေးသားလေးသည် ဘာပြန်
ပြောရမှန်း မသိ ဖြစ်သွား၏၊ နောက်မှ . မဖြစ်နိုင်တာ မပြောပါနှင့် ညီမ၊ အကို့သူငယ်ချင်းက နတ်သားတစ်ယောက်လို ချောတဲ့ ယောက်ျားတစ်ယောက်ပါ၊ ညီမက မိန်းခလေးတစ်ယောက် လေ၊ ဘယ်လိုလုပ် သူ ( အကို့သူငယ်ချင်း) ဖြစ်နိုင်မှာလဲ။ သူ့အသံသည် မာန်ကြောင့် မာသလို လို ဖြစ်သွား၏၊ သို့သော် သူဌေးကတော်လေးသည် မာကြောသော အသံကို သတိမထားမိ သည့်ဟန်ဖြင့်အကို ယုံတာ မယုံတာ ထားပါတော့လေ၊ ဒါပေမဲ့ ကျမဟာ အမှန်တကယ် သူဌေး သားလေးဖြစ်တဲ့ သူပါပဲ။ ဒါဆို ဘယ်လိုကနေ ဘယ်လို ယောက်ျားလေးဘ၀ကနေ မိန်း မသား ဘ၀ ရောက်သွားရတာလဲ ဖြစ်စဉ်ကိုပြောပြလေ၊ဒါဆိုအကိုလေး ယုံနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

အဲဒီနေ့က ကျမကို ဘ၀မပြောင်းပဲနှင့် ခန္ဓာပြောင်းပေးလိုက်တဲ့နေ့ပါပဲ၊ ကျမတို့ လှည်းယဉ် လေးစီးပြီး မြစ်ဆိပ် ရေချိုးသွားကြတော့ လမ်းနဘေး သစ်ပင်အောက်မှာ သင်္ကန်းရုံနေတဲ့ အရှင်ကစ္စည်းမထေရ်မြတ်ကို မြင်တွေ့ခဲ့ရတယ်လေ၊ အဲဒါကော မှတ်မိသေးလား၊ မှတ်မိပါတယ် ကောင်းကောင်းမှတ်မိပါတယ်၊ အကိုတောင် လှည်းယဉ်ပေါ်ကနေ လက်အုပ်လေးချီပြီ ရှိခိုး မှိပါသေးတယ်၊ကျမဟာ အဲဒီတုန်းက အရှင်ကစ္စည်းမထေရ်မြတ်ကို ကြည့်ပြီး “ လူငယ်ပီပီ ဖေါက်ပြန်တဲ့ အတွေးတွေးမှိလိုက်တယ်လေ ” ဤမထေရ်ဟာ င့ါကြင်နာဖက် ကြင်ဖေါ်ဖြင်ရင် ကောင်းမှာပဲ၊ ဒါမှမဟုတ်ငါ့ကြင်ယာ၏ အသားအရေဟာ ဤမထေရ်အသားအရေလို ၀ါဝင်း နေရင် ကောင်းမှာပဲလို့ တွေးမှိ လိုက်တယ်၊အဲဒီအတွေးလေး တွေးမှိလိုက်သည်နှင့် တစ်ပြိုင်နက် ကျမဟာ အသက်ရှင်လျှက်ကနေ ဒီဘ၀ ပြောင်းသွားတော့တာပါပဲ။

စဉ်းစားကြည့်လေ၊ အမျိုးသမီးဘ၀ ပြောင်းသွားတဲ့ အမျိုးသားတစ်ယောက်ရဲ့ အရှက်၊ ဘယ် လောက် ရှက်လိုက်မလဲ၊ မျက်နှာမပြ၀ံ့လောက်အောက် ရှက်သွားမှိတယ်လေ၊ မတွေးသင့်တာ တွေးမှိတဲ့အရှက်၊ နောက်ပြီးတော့ မမျှော်လင့်တဲ့အမျိုးသမီးဘ၀ ပြောင်းလဲသွားတဲ့အရှက်၊ အဲဒီ
အရှက်တွေကြောင့် ဘယ်သူမှ ဘာမှမပြောပဲ ချေဦးတည့်ရာ လျှောက်သွားရင်းကနေ ဒီမြို့ ဒီဒေ သမှာ ဒီဘမျိုး ရောက်လာတော့တာပါပဲ။ သူမသည် သူ့ဘ၀အကြောင်း ရင်ဖွင့်လိုက်ရ၍ စိတ်ထဲ မှာပေါ့ပါးသလို ဖြစ်သွား၏။ ဒီနေ့ ဒီအချိန်အထိ ဒီအကြောင်းကို ဘယ်သူ့မှ ဖွင့်မပြောပြခဲ့၊ ဒီနေ့တော့ မိမိရဲ့ ကောင်းတူဆိုးဘက် ငယ်သူချင်းမို့ ရင်ဖွင့်လိုက်ခြင်း ဖြစ်၏၊ ဤသို့ ရင်ဖွင့် လိုက်ခြင်းသည် သူမဘ၀အတွက် လွတ်မြောက်မှု “ လမ်းစ ” ပွင့်သွားခြင်း ဖြစ်တော့၏၊

သူငယ်ချင်းဟာ မကြံစည်ကောင်းတဲ့ ၀န်လေးတဲ့အကြံကို ကြံမှိတာကိုး၊( ကုန်သည် သူဌေးသား လေးသည် သူမကို သူ့သူငယ်ချင်းအဖြစ် ယုံကြည်သွားသောကြောင့် ညီမလို့ မသုံးတော့ပဲ သူငယ် ချင်းလို့ သုံးနေခြင်း ဖြစ်၏၊) ဘာဖြစ်လို့ အဲဒီတုန်းကအဲဒီအဖြစ်ကို မပြောတာလဲ၊ ထားပါ တော့လေ၊ ဒါနဲ့အရှင်မြတ်ကိုကော(မကြံစီသင့်တာကြံစီမှိတဲ့အတွက်)သိခံဖို့ရန်တောင်းပန်ပြီးပြီးလား၊မတောင်း ပန်ရသေးပါဘူး။အခုအရှင်မြတ်ဘယ်မှာသီတင်းသုံးနေတယ်ဆိုတာကောသူငယ်ချင်းသိသလား။
အရှင်ကစ္စည်း မထေရ်မြတ် ဒီတက္ကသိုလ်ပြည်မှာ သီတင်းသုံးနေပါတယ်၊အကယ်၍ ဒီလမ်းမှာ ဆွမ်းခံကြွလာမယ်ဆိုရင်တော့ ကျမ ဆွမ်းလောင်းလှူချင်ပါတယ်။
ကုန်သည် သူဌေးသားလေးသည် သူ့ သူငယ်ချင်း ဘ၀မှန် ပြန်ရောက်ဖို့အတွက် စိတ်စောနေ၏
စိတ်လောနေ၏၊ ထို့ကြောင်း စိတ်မြန်ကိုယ်မြန်ဖြင့် “ သူငယ်ချင်း မင့်က လှူတန်းဖွယ်ရာဆွမ်း ဘောဇဉ်များကို အရန်သင့် ပြင်ထားပေတော့ ၊ ငါ အခုပဲ အရှင်ကစ္စည်းမထေရ်မြတ် သီတင်းသုံး နေတဲ့ ကျောင်းတိုက်ကိုသွားပြီး ဆွမ်းစားပင့်ခဲ့မယ် ” ပြောပြီးသည်နှင့်တစ်ပြိုင်နက်ထဲပင်အရှင် ကစ္စည်းမထေရ်မြတ်သီတင်းသုံးသော ကျောင်းတော်ဆီသို့ သုတ်ချေတင်၍ သွားလေပြီ။

ကုန်သည် သူဌေးသားလေးသည် ကျောင်းတော်သို့သွားရင်း စဉ်းစားနေမှိ၏၊ အင်း သူ့မိဘတွေ သာဒီအကြောင်းသိရင် ဘယ်လိုများနေလိမ့်မလဲ၊ နောက်ပြီး သူ့ကြင်ယာ သူ့သားလေးတွေ သူတို့တတွေကော ဘယ်လိုများနေလိမ့်မလဲ မသိ၊ ဘာပဲဖြစ်ဖြစ် အသက်ရှင်လျှက် ပြန်တွေ့ကြ တယ်ဆိုရင်သူတို့လဲ ၀မ်းသာကြမှာတော့ သေချာပါတယ်လေ၊ အင်း သူငယ်ချင်း သူ့အဖြစ် ကလည်း ငိုရမလိုရယ်ရမလိုပါလား၊မကြံသင့်တာကိုများ ကြံကြီးစီရာ ကြံမှိတော့ မဖြစ်သင့်တာ တွေ ဖြစ်ကုန်ရတယ်၊ အကယ်၍များ ငါနှင့်မတွေ့ဖြစ်လျှင် သူ့တစ်သက် ဒီအတိုင်းပဲ သွားတော့ မယ်ထင်တယ်၊ ကံသီပေလို့ တော်သေးတာပေါ့၊ မထေရ်မြတ်ကို တောင်းပန်ပြီးရင်တော့ အရင် အတိုင်းဖြစ်ပါစေလို့ မျှော်လင့်ရတော့မှာပဲလေ…ဤသို့ တွေးရင်း သူငယ်ချင်းအကြောင်း စဉ်းစား ရင်း စဉ်းစားရင်းဖြင့် အရှင်ကစ္စည်းမထေရ်သီတင်းသုံးနေသော ကျောင်းတိုက်၏ မုခ်ဦးနားသို့ပင် ရောက်ရှိလာပေပြီ၊ 
                                                                                 ကောင်းသစ်

Tuesday, March 22, 2011

တဏှာနှင့် ဘာဝနာ

တဏှာတဲ့ တဏှာ
ကမ္ဘာဘုံ ကျယ်သရွေ့
ပျော်မွေ့ချင်ရှာ
သူ့ အာသာ 
အလို လိုက်ရှာမိသူများ
မီးလောင်ရာ လောင်စာပင့်သို့
တိုးမြင့်လို့ ပွါး။

တဏှာတဲ့ တဏှာ
တွေ့ရာရာ အာရုံထဲ
မရောင့်ရဲ နိုင်ရှာ
သူ့ အာသာ
အလို လိုက်ရှာမိသူများ
မြစ်ဖြာဖြာ
စီးဝင်ရာ သမုဒ္ဒရာသို့
ပြည့်လို့ မသွား။

တဏှာတဲ့ တဏှာ
ဘာဝနာ ကမ္မဋ္ဌာန်း
စီးဖြန်းမှသာ
ချုပ်ငြိမ်းကာ
လိုအာသာ ကင်းဝေး
ဒုက္ခစုံ ဘုံထပ်ထပ်မှ
ကင်းလွတ် ကွာဝေး။

           ကောင်းသစ်


နည်းနည်းပြော များများလုပ်

မြတ်စွာဘုရား မိန့်တော်မူထားတာ ရှိတယ် - ယထာ ၀ါဒီ တထာ ကာရီ - ပြောတဲ့အတိုင်းလုပ်ပြီး
လုပ်တဲ့အတိုင်း ပြောရမယ်တဲ့၊ ဒါနဲ့ ပါတ်သက်လို့ မင်းကွန်း တိပိဋကဆရာတော်ကြီး မိန့်တော်မူ
တာလည်း ရှိတယ်၊ မလုပ်မပြော လုပ်မှပြော သဘောစင်လှစေ၊အပြောသာချဲ့ အလုပ်မဲ့ ကဲ့ရဲ့
မလွတ်ချေ - တဲ့။
အလုပ်မလုပ်ပဲ လေလုံးထွားနေရင် ကဲ့ရဲ့ မလွတ်ဘူးတဲ့၊ဒါကြောင့် နည်းနည်းပြောပြီး များများ
အလုပ်လုပ်ပါ။
                                     မုံရွာမြို့ - ပဇ္ဇောတာရုံဆရာတော်

Monday, March 21, 2011

စိတ်သည်သာ ၂

သူတို့ အားလုံး ရှာပုံတော်ခရီးကို စိတ်လျှော့လိုက်ကြတော့၏။ သူတို့သည် ပိုက်စိပ်တိုက် လူစုခွဲ၍ သောရေ ယျ သွားတတ်သည့် ရောက်တတ်သည့် နေရာအစုံကို ရှာဖွေပြီးလေပြီ၊ အကယ်၍ ဤဒေသမှာ ရှိလျှင် မလွဲ မသွေ တွေ့ကို တွေ့ရမည်ဖြစ်၏၊ ယခုသော်ကား အရိပ်အယောင်မျှပင် မတွေ့သတင်းအစ အနပင် မကြား ရတော့၊သူ သားလေး သခင်လေး ရေနစ်၍ သေဆုံးသွားတာပဲ ဖြစ်ရမယ်၊ဤသို့ သူတို့အားလုံး ကောက် ချက် ချလိုက်တော့၏၊ ထို့နောက်တော့ (အကယ်၍ မကောင်းသော ဘုံဘ၀ရောက်ခဲ့ ငြားအံ့၊ ထိုဘ၀မှ လွတ် မြောက်၍ ဂတိကောင်း ဘ၀ကောင်းသို့ ပြောင်းနိုင်ရန်အတွက် ) သေသူ ရည်စူးပြုသည့် မတကဘတ်  သက်ပျောက် ဆွမ်းကို ဆက်ကပ်၍ အမျှအတန်းပေးဝေကြလေ၏၊

သောရေယျသည် ရှက်ရှက်ဖြင့် ချေဦးတည်ရာသို့ လျှောက်လာရာ တက္ကသိုလ်သွားမည့် လမ်းမကြီးပေါ်သို့ ရောက်မှန်းမသိ ရောက်သွားတော့၏၊ သူ့ရှေ့၌ တက္ကသိုလ်သို့ ဦးတည်မောင်း နေသော ကုန်သည်လှည်း လေး တစ်စီးတွေ့မြင်နေ့ရ၏၊ သူ့အတွက် အဖေါ်ရသွားခြင်းဖြစ်၏၊ ထို့ကြောင့် သူမသည် လှည်းနောက်မှ ခပ် တည်တည်ဖြင့် လိုက်သွားတော့၏၊

လှည်းပေါ်ရှိ လူများမှ သူမ ကြားလောက်အောင် သူတို့ချင်း ပြောနေကြ၏၊ ငါတို့ လှည်းနောက်က တကောက်ကောက်လိုက်လာတာ ဘယ်သူ၏ သမီးလဲ မသိဘူးဟု ဘယ်များ သွားမလို့ပါလိမ့်၊အိမ်ကများ ထွက်ပြေး လာတာလား မသိ -စသည်စသည်ဖြင့် ပြောဆိုနေကြခြင်း ဖြစ်၏၊ကိုယ့်လှည်းကိုပဲ မောင်းပါ၊ကျမခြေကျင်ပဲ လိုက်ပါ့မယ်ဟု သူမ ပြန်ပြောလိုက်၏၊ သို့သော် သူမသည် သူဌေးသားဖြစ်စဉ် မြစ်ဆိပ်သော်မှ ခြေလျှင် သွားဘူးသူ မဟုတ်၊ ခရီးရှည်သော ဒီလမ်းဒီခရီး ဘယ်မှာသွားနိုင်ပါမည်နည်း၊ဟန်လုပ်၍ သွားနေ ရခြင်း ဖြစ်၏၊ သို့သော် သူမသည် ကြာကြာ ဟန်မလုပ်နိုင်တော့၊ချေနာ လူပန်း စိတ်များလည်း ( ဦးတည်ရာမဲ့ လျှောက်လာရ ခြင်းဖြစ်၍) နွမ်းလာလေပြီ၊ ထို့ကြောင့် လက်မှ လက်စွပ်ကို ချွတ်ပေး၍ လှည်းပေါ် တစ်နေရာမှ လိုက်ပါခွင့်ပြုရန်တောင်းပန်လေ၏၊နောင်ခါလာ နောင်ခါဈေး  ပွဲစဉ်ကြည့်၍ က.ရ ပေတော့မည်။

သူတို့ ခွင့်ပြုလိုက်ကြ၏၊ သူမကို ကြည့်၍ သူတို့ ခွင်ဖန်ရန် စဉ်းစားနေကြ၏၊ တက္ကသိုလ်ပြည်က ငါတို့ သူဌေးသားဟာ လူပျိုကြီးပဲ ရှိသေးတယ်။ သူ့မှာ ဘ၀လက်တွဲပေါ် ကြင်နာစရာ ကြင်ယာ မရှိသေးဘူး၊ အဲဒီ တော့ သူမကို သူ့ကို အပ်နှံလိုက်လို့ ရှိရင် ငါတို့အတွက် ငွေရပေါက်ပဲ၊ ငါတို့ကို ကျေးဇူးတုန့်ပြန်သည့် အနေ နှင့် လက်ဆောင်တွေ သေချာပေါက် သူ ပြန်ပေးမှာပဲ၊ အဲဒီတော့ သူမနှင့်ပါတ်သက်ပြီး အဖိုး တန်လက်စွပ် လည်းရ လက်ဆောင်လည်းရ နှစ်ဖက်ရ ပွပေါက်ပဲဟု စဉ်းစားနေကြ၏၊သူတို့အတွက်တော့ မုတ်ဆိပ် ပျားစွဲခြင်း ဖြစ်သွားတော့၏။

သခင်လေး သခင်လေးအတွက် ကျနော်တို့ အမျိုးသမီးရတနာ လက်ဆောင်ပါပါတယ်ဟု အားရ၀မ်းသာ ပြောပြကြ၏၊ သူမ၏ ချောပုံလှပုံ စာဖွဲ့မကုန်နိုင်လောက်အောင် ချီးမွမ်းခန်း ဖွင့်၍ ပြောဆိုနေကြခြင်းဖြစ်၏၊ တစ်သက်လုံး လူပျိုကြီးဘ၀ဖြင့် အရိုးထုတ်ဖို့ စိတ်ကူးထားသော သူဌေးသားလူပျိုကြီးသည် သူတို့၏ ပိုပိုသာသာ ချီးမွမ်းခန်းဖွင့်သံကြောင့် အမျိုးသမီးကို သူနား ခေါ်ခဲ့ဖို့ ပြော လိုက်၏၊သူတို့ ခေါ်ဆောင်၍ သူနား ထိုင်ခိုင်းလိုက်၏၊

သူဌေးသားသည် အရွယ်တူ ရုပ်ချောလေးဖြစ်၍ သဘောကျသွား၏ မြင်မြင်ချင်း သံယောဇဉ် တွယ်သွား ခြင်းဖြစ်၏၊ထို့ကြောင့် သူမကို ကြင်နာဖေါ် ကြင်ယာအဖြစ် အသိအမှတ်ပြုကာ အိမ်ထောင်တာဝန်ကို အပ် နှင်း လိုက်လေတော့၏၊ သောရေယျသည် ထိုအချိန်မှစ၍ အိမ်ထောင်ရှင်မ ဖြစ်သွားတော့၏။

( အမျိုးသမီး မဖြစ်ဘူးသော အမျိုးသားသည် မရှိသလို အမျိုးသား မဖြစ်ဘူးသော အမျိုးသမီး သည်လည်း မရှိပေ၊ အမျိုးသားတို့သည် ကာမေသုကြောင့် ငရဲ၌နှစ်ပေါင်းများစွာ ဆင်းရဲဝေဒနာ ခံစားရပြီး လူ့အဖြစ်သို့ရောက်သောအခါ အမျိုးသမီးဘ၀ ဖြစ်ရတတ်၏၊ အမျိုးသမီးတို့သည်  မိမိတို့ဘ၀ နှစ်သက်သာယာနေ သောကြောင့် အမျိုးသမီးဘ၀၌ ထပ်ခါ ထပ်ခါ ဖြစ်ရတတ်၏၊ အမျိုးသမီးတို့သည် အမျိုးသားအဖြစ်ကို အလိုရှိလျှင် လက်ရှိဘ၀ကို မတွယ်တာပဲ ကုသိုလ် ပြုတိုင်းဤကောင်းမှုကြောင့် အမျိုးသားဘ၀ ရ ရပါ စေသတည်းဟု ဆုတောင်း၍လည်း အမျိုး သားဘ၀ ရရှိနိုင်ပါ၏၊ အိမ်ထောင်ရှင်အမျိုးသားကို ရိုသေစွာပြုစု လုပ်ကျွေးခြင်းဖြင့်လည်း အမျိုး သားဘ၀ကို ရရှိနိုင်ပါ၏၊ ဤကား ကြားညှပ်၍ ဗဟုသုတဖြစ်ဖွယ် တင်ပြ ခြင်းဖြစ်ပါ၏။) သူဌေးသား သောရေယျသည်ကား ရဟန္တာဖြစ်သော အရှင်ကစ္စည်း မထေရ် မြတ်အပေါ်၌ မဖွယ်မရာ ကြံစည်ပြစ်မှားသည့် အကုသိုလ်ကံကြောင့် နောက်ဘ၀မဆိုင်း ဤဘ၀မှာပင် အမျိုးသမီးဘ၀ပြောင်းလဲသွားရ၏၊ အပြစ်မှားခံ ပုဂ္ဂိုလ်သည် သီလရှိ ရှိသလောက် ပြစ်မှားသူမှာ အပြစ်ကြီး၏၊

သူမသည် တစ်မြို့တစ်နယ်ဖြစ်သော တက္ကသိုလ်ပြည်မှာ နေထိုင်လာရာ သားလေးပင် ဖွါးမြင်၍ လာပေပြီ၊ ယခင်က သားတို့၏ ဖခင်ဖြစ်ခဲ့သော သူမသည် ယခုအခါမှာတော့ သားတို့၏ မိခင် ဖြစ်ရပြန်လေပြီ။ မိခင် များသည် ရင်သွေးနှင့်ပါတ်သက်၍ ဖခင်ထက်ပို၍ ဂရုစိုက်ရကြောင်းကို သူမဘ၀နှင့်ရင်း၍ သိခွင့် ရလိုက် ပေပြီ၊ ရင်သွေး မိမိဝမ်းမှာ သန္ဓေခသည် ဆိုကထဲက အနေ အထိုင်အသွားအလာ အစားအသောက် အားလုံး သတိထားနေရတော့၏၊ ဤသည်မှာ မမြင် ရသေးသည့်ရင်သွေးအတွက် မိခင်တစ်ယောက်၏ ဖခင် တစ်ဦးထက် ပိုသော ကြောင့်ကြစိုက် ရမှုပင်ဖြစ်၏။ရင်သွေးလေး ဖွါးလာပြီ ဆိုပြန်တော့ ကလေး မျက်နှာ ကလေး အမူအရာ အရိပ် တကြည့်ကြည့်နှင့်နေရ၏၊ မှက်ခြင်ယင် ကြမ်းပိုး မသမ်းရ မကပ်ရ မကိုက်ရအောင် သတိထား၍ နေ့နေ့ညည စောင့် ရှောက်နေရတော့၏၊ နို့ချိုတိုက်ကျွေးရ၏ အညစ်အကြေး မရွံမရှာ သုတ် သင်ရှင်းလင်းပေးရ၏၊ ရင်သွေးလေး၏အပြုံးသည် မိခင်အတွက် လမင်းတစ်ရာ သာသည်ထက် ချမ်းမြေ့ လှပါ၏၊ ရင်သွေးလေး၏ရယ်သွေးသံသည် ဂီတသံစင်အားလုံးတို့ထက် နားဝင်ချို လှပါ၏၊ မိခင်တစ် ယောက်၏ ရင်သွေး အပေါ် ထားရှိသော အံ့သြဖွယ် မေတ္တာတရားကြောင့် အနီရောင် သွေးမှသည် အဖြူ ရောင် ချိုမြိန်သည့် နို့ရည်အဖြစ်ပြောင်း လွဲသွားတော့၏။ ထို့ကြောင့် မိခင်သည် ရင်သွေး ရတနာ သားသမီး အများအတွက် အစားထိုးမရသော အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဖြစ်လာရ၏၊
မေတ္တာတရားကို ဖွင့်ဆိုသော မေတ္တသုတ်၌လည်း မာတာယထာ - ဟု သားသမီးအပေါ် ထားသော မိခင်ကဲ့ သို့ လောကအပေါ် မေတ္တာစိတ်ထားရမည်ဟု မိခင်မေတ္တာကိုတင်စား၍ ရှင်တော်ဘုရားပင် ဟောထား တော် မူခဲ့ပါ၏။

သူမသည် ပထမရင်သွေးလေး မိဘအကူအညီမပါပဲ ကိုယ့်ဘာသာ သွားနိုင်သည့် အရွယ်သို့ ရောက်သော အခါ ဒုတိယရင်သွေးလေးကို ၀မ်းကြာတိုက်မှာ ထပ်မံ၍ လွယ်ထားရပြန်၏။ ကိုးလ လွယ် ဆယ်လစေ့ ရက် စေ့ လပြည့်ရောက်ပြန်တော့ ဒုတိယ သားရတနာလေးကို ဖွါးမြင်ပြန်၏၊ ဤသို့ဖြင့် သူမသည် ယခင် အမျိုး သားဘ၀က ကြင်ယာနှင့် သားနှစ်ယောက်၊ ယခု အမျိုးသမီး ဘ၀၌ ကြင်ဖက်နှင့် သားနှစ်ယောက် စုစုပေါင်း ရင်းသွေး  သားရတနာ လေးယောက် ဖွါးမြင်သော ထူးဆန်းသည့် သူ  ဖြစ်သွားရ၏၊

တစ်နေ့ သူမသည် လေသာပြတွင်းပေါက်လေး ဖွင့် လေးညှင်ခံကာ အပြင်ရှုခင်းများကို ကြည့်နေ၏ ထိုစဉ် အမှတ်မထင်သော သူကို သူမ တွေ့မြင်လိုက်ရ၏၊ သူမ၏ စိတ်သည် အတိတ်ဆီသို့ တရိပ်ရိပ် ပြန်သွား နေ လေပြီး၊မေ့နေသော အတိတ်သည် ပြန်ပြောင်း အောက်မေ့ဖွယ်ရာ အရိပ်များအဖြစ် သူ့စိတ်အစဉ် သူ့နှလုံး သားမှာ တိမ်တိုက်လေးများ ပြေးသွားနေသလို ဆင့်ကဲဆင့်ကဲ ပေါ်လာနေတော့၏။ အော် အတိတ် အရိပ် ဖျောက်ဖျက်၍ မရနိုင်ပါလားကွယ်၊ သူမထံမှ တိုးညှင်းစွာ ထွက်လာသော လွမ်းမောကြေကွဲဖွယ် အသံ လေးကို သူ့နှလုံးသားမှတစ်ပါး မည်သူ့နားမှ ကြားနိုင်မည် မဟုတ်ချေတကား။
                                                                                             ကောင်းသစ်




Sunday, March 20, 2011

စွန့်လွှတ်မှု ဗေဒ

သူ့တွက်သူ့ကျိုး
စီးပွါးတိုးဖို့
ကိုယ်ကျိုးအပျက်
ထည့်မတွက် 
သူ့တွက် - ကိုယ်ကျိုး
စွန့်လွှတ်သူ။

ကိုယ့်တွက်ကိုယ့်ကျိုး
စီးပွးတိုးဖို့
သူ့ကျိုးအပျက်
ထည့်မတွက်
ကိုယ့်တွက် - သူ့ကျိုး
စွန့်လွှတ်သူ။

သူ့ကျိုး ကိုယ့်ကျိုး
စီးပွါးတိုးဖို့
အကျိုးစီးပွါး
ဦးတည်ငြား၍
စိတ်ထားကွဲလတ်
ထိုနှစ်ရပ်တွင်
စွန်လွှတ်မည်သူ - မှန်သနည်း။

                    ကောင်းသစ်

ထုံးတမ်းစဉ်လာ

ကိုယ့်အောက်တန်းတူ အမြတ်လူနှင့် မှတ်ယူမြဲသို သုံးပုဂ္ဂိုလ်တွင် အောက်ကိုသနား တန်းတူအားကို မြှောက်စား ရှုတ်ချ မပြုရဘူး၊ ထက်ကလူမှာ ရိုသေရာ၏ - တဲ့။
ကိုယ်နှင့်ယှဉ်ပြီး ပုဂ္ဂိုလ်သုံးမျိုးကို အတန်းအစား သတ်မှတ်လို့ရတယ်၊ ကိုယ့်အောက် အဆင့်အတန်း နိမ့်သူကို သနားရမယ်၊ ကိုယ်နှင့်တန်းတူ ပုဂ္ဂိုလ်ကို မနှိမ့်ချရဘူး၊မြှောက်စားရမယ်၊
ကိုယ့်ထက်မြတ်သူကို ရိုသေရမယ် - တဲ့။ ဒီလို လောက ထုံးတမ်းစဉ်လာတွေလည်း ရှိတယ်။
                                                    (မုံရွာမြို့ - ပဇ္ဇောတာရုံဆရာတော်)

Wednesday, March 16, 2011

စိတ်သည်သာ . ၁

လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို အမိအဖသည် မပြုနိုင်၊ တစ်ပါးသောဆွေမျိုးတို့သည် လည်း မပြုစွမ်းနိုင်ကုန်၊ထိုလူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို ကောင်းစွာထားအပ်သော
စိတ်သည်သာလျှင် ထိုမိဖဆွေမျိုးတို့ထက် တစ်ဆင့်ထက်တစ်ဆင့် မြင့်မြတ်အောင် ပြုစွမ်းနိုင်၏။
                                                                                   (ဓမ္မပဒ)
လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်ခန့်က သောရေယျမြို့တော်၌ ဖြစ်ပျက်ခဲ့သောအံ့သြ ဖွယ် ဖြစ်ရပ်မှန်တစ်ခု။

ဓမ္မစကြာ တရားဦး ဟောတော်မူဖို့ရန် ကာသိတိုင်းတွင် အကျုံးဝင်သည့် ဗာရာဏသီပြည် မိဂ ဒါဝုန် တောစခန်းသို့ ငါဘုရား ကြွတော်မူအံ့။ ပညာမျက်စိ အကဏ်းသဖွယ်ဖြစ်နေသော လောက၌ ( ပညာအလင်းရဖို့ရန်) အမြိုက်စည်ကြီးကို ငါဘုရားစတင်၍တီးခတ်တော်မူအံ့။
မိဂဒါဝုန်အသွား လမ်းခရီးအကြား၌ တွေ့သော(နောင်အခါ ရဟန္တာ ဖြစ်မည့် ) ဥပက တက္ကဒွန်း ကို မိန့်တော်မူသော စကားဖြစ်ပါ၏၊ဘုရားရှင်သည် သာသာနာတော်ကို ဓမ္မစကြာ စည်တော် ရွမ်း၍ စတင် ဖွင့်လှစ်တော် မူခဲ့ပေ၏၊

ဓမ္မစကြာဒေသနာတော်ဖြင့် အရိယာအဖြစ်ရောက်အောင် စတင်၍ စွမ်းဆောင်တော်မူခဲ့၏၊ထို့ နောက် အနတ္တလက္ခဏသုတ်ကို ဟောကြားတော်မူ၍ အရိယာအမြင့်ဆုံးအဆင့်  “ ရဟ န္တာ ” အဖြစ် သို့ မြှင့်တင့်တော် မူခဲ့၏၊

ထို့နောက် ရှင်တော်မြတ်ဘုရားက အရှင်ကောဏ္ဍည အရှင်ဝပ္ပ အရှင်ဘဒ္ဒိယ အရှင်မဟာနာမ် အရှင်အဿဇိ ရဟန္တာအရှင်မြတ်တို့ကို သာသနာအလင်း ကမ္ဘာချဉ်းအောင် ဖြန့်ဝေဖို့ “ နဲနဲနှင့် ကျဲကျဲဝိုင်း ” စနစ်ဖြင့် တလမ်းတည်း နှစ်ပါးမသွားပဲတစ်ပါးတစ်နေရာဆီ ကြွချီကြရန် လမ်းညွန် တော်မူခဲ့ပါ၏။

သာသနာပြုရာ၌ ဘုရားရှင်သည် ခြိမ်းခြောက်သော “ ဓား ” မိုး စနစ်ကိုလည်း မကျင့်သုံးခဲ့ပေ၊ သွေးဆောင်သော “ ပစ္စည်းပေး” စနစ်ကိုလည်း မကျင့်သုံးခဲ့ပေ။
အမှန်တရားကိုသာ ညွှန်ပြ၍ သာသာနာ ပြုတော်မူခဲ့ပေသည်၊ ဘုရားရှင်သည် နတ်ပြည်ကို ပြ၍ မြှောက်ခြင်းလည်း မဟုတ်၊ ငရဲကို ပြ၍ ခြောက်ခြင်းလည်း မဟုတ်။
မြတ်စွာဘုရားသည် စားဝတ်နေရေး အဆင်ပြေရန်အတွက်ဟူသော ရည်ရွယ်ချက်ဖြင့် ဘာမှ မြှောက်စရာလည်း မလို၊ ခြောက်စရာလည်း မလိုပေ၊ ထီးနန်းစည်းစိမ် မိသားစု အခြွေအရံ များ စွာကို စွန့်လွှတ်၍ အမှန်တရားကို ရှာဖွေခဲ့သူ ဖြစ်၏၊ အမှန်တရားကို တင်ပြခဲ့သူ ဖြစ်ပါ၏၊ အမှန် တရားကို လောကထဲရောက်အောင် ချပြသူသာ ဖြစ်ပါ၏၊ထို့ကြောင့် ရှင်တော် မြတ်ဘုရား သည်အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း ညွန်ပြတော်မူခြင်းသာ ဖြစ်ပါ၏။ တနည်း အားဖြင့် “ အပါယ် သုဂတိ နိဗ္ဗာန် ” လမ်းပြ မြေပုံအမှန်ကိုသာ ညွှန်ပြခြင်း ဖြစ်ပါ၏၊ ယုံချင်ယုံ မယုံချင်နေ. လျှောက်ချင်လျှောက် မလျှောက်ချင်နေ . ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ပြုထားပါ၏။

ဘုရားရှင်သည် သူ့ဟောကြားချက်တရားတော်ကို ဝေဘန်ခွင့်မရှိဟုလည်း ပိတ်ပင်မထား၊ ငါ ဘုရား၏တရားကို မယုံကြည်သူ အပါယ်သွားမည်ဟုလည်း ခြိမ်းခြောက်မထား၊အမှန်တရားကို ကိုယ်တိုင်ကိုယ်ပိုင် ဆုံးဖြတ်၍ ယုံကြည်ရန် ခွင့်ပြုထားပါ၏၊ ယင်းကို “ကာလာမ သုတ္တန် ” ကြည့်ခြင်းအားဖြင့်လည်း သိသာနိုင်ပါ၏၊
ထို့ကြောင့် စဉ်းစားဥာဏ်ရှိသော အာဏာရှင်ဘုရင်မင်းများ၊ အလှည့်ကျမင်းပြုကြသော လိစ္ဆ၀ီ မင်းများ၊ဝေဒကျမ်း တဖက်ကမ်းခပ် တတ်မြောက်သည့် ဝေဒပညာရှင်များ သူဌေး သူကြွယ်များ အနုပညာရှင်များအပြင် ကျွန်အမှုလုပ် လူတန်းစားများသည်ပင် အသိနှင့်ယှဉ်သော ယုံကြည် ချက်ဖြင့် ဗုဒ္ဓသာသနာကို မြတ်မြတ်နိုးနိုး ကိုးကွယ်လာကြပေသည်။ ဗုဒ္ဓသာသနာကို ကိုးကွယ် ကြခြင်းသည် ကြောက်၍ကိုးကွယ်ရခြင်းမဟုတ် ကြည်ညို၍ ကိုးကွယ်ကြခြင်း ဖြစ်ပါ၏။
ဤသည်မှာ သာသနာဖြန့်ခြင်း ပြန့်ခြင်းနှင့်စပ်၍ သိမှတ်ဖွယ်ရာများ ဖြစ်ပါ၏၊ယင်းပဉ္စ၀ဂ္ဂီငါးပါးမှ စတင်၍ ပြန့်နှံ့ခဲ့သော သာသနာတော်သည် သောရေယျမြို့တော်ဆီသို့ပင် ပျံ့နှံ့ရောက်ရှိလာ ပြီဖြစ်ပါ၏၊

သောရယျသူဌေးသားသည် သူ့သူငယ်ချင်းနှင့်အတူ အသိုင်းအ၀ိုင်းများ ခြံရံလျှက် ရေချိုးသွား ရန် ယဉ်ငယ်လေးခြင့်ရေချိုးဆိပ်သို့ ခပ်ကျော့ကျော့ ခပ်မော့မော့ ခပ်သော့သော့လေး သွားနေ ၏။အရှင်ကစ္စည်းမထေရ်သည် သောရမြို့သို့ဆွမ်းခံကြွရန် မြို့ပြင်တစ်နေရာ သစ်ပင်အောက်၌ သင်္ကန်းရုံနေတော်မူ၏၊ထိုအခိုက်ထိုနေရာသို့သောရယျ သူဌေးသားတို့အုပ်စု ရောက်သွားကြ၏။

သောရေယျ သူဌေးသားသည် အရှင်ကစ္စည်း မထေရ်မြတ်ကို ကြည့်၍ “ မသင့်မတင့်နှလုံးသွင်း မိလေ၏။ အရှင်မြတ်သည် ဥပဓိသမ္ပတ္တိလည်း ပြည့်စုံ၏၊အသားအရေကလည်း ရွှေအဆင်းကဲ့သို့ ၀ါဝင်းအိစက်နေ၏၊ ဘာသာရေးတစ်ယောက် အမြင်ဖြင့်ကြည့်ရလျှင် ကြည်ညိုဖွယ်ရာ ဥပဓိပိုင် ရှင်ရဟန်းတော်တစ်ပါးဖြစ်၏၊ သမဏာနဉ္စဒဿနမင်္ဂလာ ကုသိုလ်တရား တိုးပွါးကြောင်း အကျိုး များ ကြောင်းပင် ဖြစ်၏၊

သို့သော် သောရေယျသည် ယင်းသို့ မတွေး ၊ အရှင်မြတ်ကို ကြည့်၍ “ ဤအရှင်ဟာ ငါ့ရဲကြင် ယာဖြစ်ရင် ကောင်းမှာပဲ၊ ဒါမှမဟုတ် ငါ့ကြင်ယာရဲ့အဆင်းဟာ ဤရဟန်းတော် အဆင်းကဲ့သို့ ဖြစ်ရင်ကောင်းမှာပဲ ” ဟု ဖောက်ပြန်သောစိတ် ဖောက်ပြန်သော အတွေးကို တွေးမှိလေ၏။

ကံတရားသည် ဆန်းကြယ်ပေစွ၊ ယင်းစိတ် ယင်းအတွေး ဖြစ်လိုက်သည်နှင့်တစ် ပြိုင်နက်ထဲမှာ ပင်သောရေယျသည် အမျိုးသားဘ၀မှ အမျိုးသမီးဘ၀သို့ ချက်ခြင်းလက်ငင်း ပြောင်းလဲသွား တော့၏၊ယင်းအဖြစ်ကို ကျန်သူငယ်ချင်း မသိ၊ကျန်အသိုင်းအ၀ိုင်းများလည်း မသိကြပေ၊သိသည် ကား ကာယကံရှင် သောရေယျ တစ်ယောက်ထဲပင်။

စိတ်ဖေါက်ပြန်မှုကြောင့် ဘ၀တစ်ခုလုံးဖေါက်ပြန်သွားခြင်းဖြစ်၏။ရှက်တတ်သူအဖို့တော့ မျက်နာ ပင် ပြ၀ံ့စရာ မရှိတော့ပေ၊ မသင့်သောအတွေး ဖေါက်ပြန်သောဘ၀ သူတို့ မရိပ်မှိခင် ငါဆင်း သွားမှ ဖြစ်မယ် . ဤသို့တွေး၍ ယဉ်ငယ်မှဆင်း၍ ခပ်သုတ်သုတ်လေး ချေဦးတည့်ရာ သွားနေ မှိ၏။

သူ့ကို သူ့အသိုင်းက ဘယ်သူမှ မမှတ်မိတော့၊ သူကို မြင်လိုက်၏၊ သို့သော် သူမှန်းတော့ မသိ လိုက်ကြပေ၊မသိလိုက်ကြ၍လည်း သူ့သူငယ်ချင်းနှင့် သူ့အသိုင်းအ၀ိုင်းက လူပျောက် ရှာပုံတော် ဖွင့်ကြ၏၊ မတွေ့၊ သူတို့ မြင်လိုက်ပါလျှက် မတွေ့လိုက်ကြခြင်း ဖြစ်၏၊

ရှာ၍ မတွေ့သောအခါ သူရေချိုးပြီး အရေးကြီး အကြောင်းတစ်ခုခုရှိလို့ အမြန်ဖြစ်သွားတာ ဖြစ်မည် ဤသို့ တွေးလိုက်ကြ၏၊ ဤအတွေးသည် သူတို့၏စိတ်ကို ပေါ့ပါးသွားစေ၏၊ သူတို့ ရေချိုးကြ၏။ထို့နောက်တော့ အိမ်သို့ ပြန်သွားကြ၏၊

မင့်တို့ သခင်လေး သောရေယျ ဘယ်မှာလဲ . သောရေယျ၏ မိဘများက ဆီးကြို၍ မေလိုက် သောမေးခွန်းဖြစ်၏၊ မိဘဟူသည် သားသမီး ဘယ်လောက်ပဲ ကြီးကြီး ကလေးလေး လိုပင် မြင်နေ သူဖြစ်၏၊ ဘယ်သွားသွား သောကဖြင့် စောင့်မျှော်နေကြသူ ဖြစ်၏၊ဤသည် မှာလည်း သားသမီး အပေါ်ထားသော မိဘတို့၏မေတ္တာ မိဘတို့၏ သံယောဇဉ်ပင် ဖြစ်၏၊

သခင်လေး ရေချိုးအပြီး အရေးကြီးကိစ္စရှိုလို့ အိမ်ပြန်သွားတယ် မှတ်နေတာ. ဒါဆို သခင်လေး မရောက်သေးဘူးပေါ့၊သူတို့၏ အသံများ တုန်ယင်နေ၏၊ သူတို့နှင့်အတူသွားသူ ပြန်မလာတာ ပြန်မပါတာ သူတို့မှာလည်း တာဝန် မကင်းဘူး မဟုတ်ပါလား။သူတို့ အသံများ တုန်နေကြ၏၊ သူတို့ထက် သခင်လေး သောရေယျ၏မိဘများ၏ ရင်များက ပို၍ပို၍ တုန်နေပါ၏၊

ဒါ.. ဒါဆို သာလေး တစ်ခုခုများ ဖြစ်နေပြီးလား ၊ ဘုရား ဘုရား သားလေး ဘာမှ မဖြစ်ပါစေနဲ့ ဘာမှ မဖြစ်ပါစေနဲ့။ သောရေယျ၏ မိဘများသည် သူ ချိုးတတ်သည့် ရေချိုးဆိပ်များ သူ သွား တတ်သည့်နေရများသို့ လူစုခွဲ၍ သားပျောက် ရှာပုံတော် ဖွင့်ရတော့၏၊ မိဘများ၏ နှလုံးအိမ်၌ သားသံယောဇဉ်မှ ပေါက်ဖွါးလာသောသောကအပူ မီးတောက်မီလျှံတို့သည် (နှစ်လုံးသားကို ညှစ်၍ညှစ်၍ တဖျစ်ဖျစ် ) လောင်ကျွမ်းနေလေပြီ။ အခိုးမထွက်သော မီးတောက် မီးလျှံများ ပေတကား။

အချိန်ကုန်၍ ရှာဖွေသူလူကား စုံပေပြီ၊ လိုနေသည်ကား သားလေး သခင်လေး သောရေယျ။
မိဘများ၏ မျက်ဝန်းအိမ်မှ မျက်ရည်များ စီးကြနေ၏၊ မျက်ရည်နုတော့မဟုတ်၊ အပူကြောင့် တလိမ့်လိမ့် စီးကျနေသော မျက်ရည်ကြမ်းများ၊ ထို့နောက် တစ်ရှိုက်ရှိုက် ငိုသံများ …၊
သောရေယျ၏ ကြင်ယာနှင့်ရင်သွေးငယ်လေးများ ထို့နောက် အလုပ်ကျွေးများ၏မျက်ဝန်း၌ လည်း သနားစဖွယ် မျည်ရည်စများ တလိမ့်လိမ့် စီးကျလျှက်… သူတို့လည်း သောက ကိုယ်စီနှင့်ပါတကား။
                                                                          ကောင်းသစ်

Tuesday, March 15, 2011

ဓမ္မပေတံ

ဆရာစွဲ
ဝါဒစွဲ
မာန ကဲ
သဘာဝ လွဲ
လိပ်ခဲ တင်းလင်း
မြဲတင်းစွာ ဆုပ်ကိုင်
သံသရာ့ သစ်ငုတ်တိုင်..။

 ဓမ္မ .မှန် မမှန်
ဘာပေတဲ့နှင့် တိုင်းမလဲ
နှိုင်း မလဲ
ဝေခွဲ မရ
စိတ်ဒွိဟ..။

ပိဋကတ်တော် လာ
မဟာပဒေသ လေးပါး
ခွဲခြားကာ အဖြေရှာကြည့်
ကွဲပြားစွာ သေချာသိ
ဝိနယ သုတ္တန် . အဘိဓမ္မာ ရှိ
ပါဠိ အဋ္ဌကထာ ဋီကာ ကြည့်
ဓမ္မဟုတ်၏ မဟုတ်၏...။

 ကောင်းသစ်

Sunday, March 13, 2011

ရယ်ဖွယ် ၁၀ ပါး

      ဆယ်ပါးရယ်ဖွယ် မှတ်ကြောင်းသွယ်ပိမ့်၊

၁။  ဥာဏ်ကျယ်ပါလျှက်  ပွဲလယ်ချက်ဝယ် နှုတ်ထွက်ယွင်ပါး ဖွင့်ဆိုမှားအံ့။
၂။ ခစားသူမှာ သူလိုရာသို့ လိုက်နာရလျှက် မာနတက်အံ့။
၃။လက္ခဏာမဲ့ ချို့တဲ့ဥစ္စာ ဆင်းရဲစွာလျှက် ကာမဂုဏ်မှု အာရုံပြုအံ့။
၎။ မြီထူထပ်ပွါး ဥစ္စာများလျှက် မိုက်အားဖုံးလွှမ်း မပေးကမ်းပဲ ဒါနနဲအံ့။
၅။ငြိမ်းချမ်းသာယာ နေရပါလျှက် သူ့မှာမှီနေ ခစားလေအံ့။
၆။သားရေလျော့ပါး အိုလှည့်ငြားလျှက် တရားမဂ်ဖို မမှီခိုအံ့။
၇။ရန်ဖြိုဖယ်လှစ် ပြည့်ရှင်ဖြစ်လျှက် မူညစ်ဆိုးနွမ်း မူးမတ်သွမ်းနှင့်
ချစ်ကျွမ်းဝင်ဝင် ရေးတိုင်ပင်အံ့။
၈။သန့်စင်နွယ်ဓာတ် မျိုးရိုးမြတ်လျှက် အတတ်မသင် နားဝင်မကျွမ်း
လော်လီသွမ်းအံ့။
၉။မနွမ်းဂုဏ်အင် ယောက်ျားစင်လျှက် ချစ်ခင်စိုးပိုင် မယားနိုင်အံ့။
၁၀။သုံးဆိုင်ဗေဒင် ကုန်စင်မြောက်မြား ထုံးနှယ်ထွားသည့်
ပုဏ္ဏားဖြစ်လျှက် အကျင့်ပျက်အံ့။

ကန့်ကွက်ခြားနား ဤ(၁၀)ပါးကို အမှားလူတွင် ရယ်ဘွယ်ထင်သည်
သည့်ပြင်ရယ်ဆေး ရမည်ဝေး။

ဝန်ခံချက်။  ရေးသည့်စာဆို မသိပါ၊ ယဉ်ကျေးမှု ပဒေသာမှတ်တမ်းမှ
ဗဟုသုတဖြစ်ဖွယ် ကူးယူတင်ပြပါသည်။


Friday, March 11, 2011

နှံစုတ်ငှက်၏ဗျူဟာ ၂

နှံစုတ်ငှက်မ၏ နာကျည်းစွာ ခေါက်လိုက်သော “ တောက် ” ခေါက်သံသည် တစ်တောလုံး ဟိန်းသွား သည်ဟုပင် ထင်မှတ်ရ၏၊

တောက် - သိကြသေးတာပေါ့ ဆင်မင်းရယ်၊ ကာယဗလဆိုတာ နေရာတိုင်းသုံးမရပါဘူး၊ ကာယအားထက် ဥာဏအားက သာတယ်ဆိုတာ မကြာခင် ဒင်းကြီး သိစေရပါမယ်။ အသုံးမချ တတ်သော လူမိုက်အတွက် ခွန်အားဟာ မိမိဘ၀ ပျက်စီးဖို့ဆိုတာ ဒင်းမသိဘူးပေါ့လေ၊ ဒါပေမဲ့ မကြာခင် နှစ်ရက်သုံးရက် နှံစုတ်ငှက်မ ရဲ့လက်ချက် ဒင်း ဆက်ဆက် သိစေရပါမယ်၊

ပါဝါရှိသူက ပါဝါမဲ့သူကို - ပညာရှိသူက ပညာမဲ့သူကို - ချမ်းသာသူက ဆင်းရဲသူကို - အုပ်စုအားကောင်း သူက အုပ်စုအားနည်းသူကို ခွန်အားရှိသူက ခွန်အားမဲ့သူကို - အားကြီး သူက အားနွဲ့သူကို “ အနိုင် ကျင့်တတ်တာ ” လောက သဘာဝတဲ့။ ဒါဆို အဲဒီ သဘာဝတရားဟာ မတရားဘူး၊ လုံးဝကို မတရားဘူး၊ မတရားတဲ့ အဲဒီ သဘာဝတရားကို “ ငါ ” တွန်းလှန် ပြမယ်၊ ဟုတ်တယ်၊ ခွန်အားနှင့် အနိုင်ကျင့်တဲ့ ကုန်းသတ္တ၀ါထဲမှာအကြီးဆုံးလို့ သူများက ပြောနေကြတဲ့ “ အကြင်နာမဲ့ ” ဆင်ကြမ်း ဆင်ရမ်းကြီးကို ခွန်အားသေးတဲ့ ခန္ဓာကိုယ်သေးငယ်လှတဲ့ ကျမ နှံစုတ်ငှက်မလေးက နည်းဗျူဟာနှင့်အနိုင်ယူပြမယ်၊

ငှက်လောက ငှက်ဘ၀ရောက်စ မဖျန့်နိုင်သေးတဲ့ တောင်ပန်၊ မလှမ်းနိုင်သေးတဲ့ ခြေထောက် လောကကြီး ကို ပီပြင်စွာ မမြင်ရသေးသည့် မျက်လုံး၊ ကျမရဲ့ အသဲနှလုံးလို့ တင်စား ခေါ်ဝေါရတဲ့ ရင်သွေးလေးတွေကို ဒင်းက သားသမီးချင်း မစာနာ မညှာတာမထောက်ထား မောက်ကြွားတဲ့မာန်နှင့် ဘယ်ချေနှင့်နင်းချေ . သွေးသားတွေ မှုန့်မှုန့်ညက်ကြေအောင် ပြုရက်လေသင့်နှလုံး ငါလုံးလုံးမှ မကျေနပ်ဘူး၊ ဒင်းကြီးနင်းလိုက် တဲ့ ဘယ်ချေ ငါနှလုံးသားမှာ လာမွှေနေတယ် ဆိုတာ ဒင်းကြီး မသိဘူးပေါ့လေ။ အေးလေ ဘယ်သိ ပါ့မလဲ၊ ကြင်နာတတ်တဲ့ အသဲနှလုံး ဒင်းမှာ မရှိမှ မရှိတာကို..။

နှံစုတ်ငှက်မလေးသည် ဂဏာမငြိမ် ဖြစ်နေ၏၊ အရိပ်ကောင်းသော ပညောင်ပင် ပင်ထက်မှာနားနေရပေမဲ့ သူနလုံးအိမ်မှာ အေးချမ်းခြင်း မရှိပေ။ အရာ အာလုံးသည် သူ့မျက်ဝန်းမှာ မှုံဝါးနေ၏၊ သို့သော် “ ရင်သွေး ငယ်များကို ရက်စက်စွာ ပြုမူသွားသော ဆင်ပြောင်ကြီး၏ ပုံရိပ်လွှာသည်ကား ” သူ့နှလုံးအိမ်မှာ ထင်ထင်ရှားရှား ပေါ်လွင်နေ၏၊ မျက်လုံးမှိတ်ထားသော်လည်း “ နှလုံးအိမ်မှာ ” ရက်စက်မှု ပုံရိပ်ကား တံဆိပ်နှိပ်သလို အစွန်းထင်သွားပေပြီ။ ခန္ဓာကိုယ် သေးငယ်သော နှံစုတ်ငှက်မ၏ နူးညံ့သည့် နှလုံးအိမ်၌ သောက ဒေါသ မီးတောက်မီးညွန့်တို့က အရှိန်ပြင်းစွာဖြင့် တောက်လောင်နေဆဲ …

ဒီတိုင်းပူနေလို့ မဖြစ်သေးဘူး၊ သူ့ကိုနိုင်မယ့် နည်းဗျူဟာ ငါစဉ်းစားရမယ်၊ မသွားနိုင်အောင် ခြေထောက် ကို ရိုက်ချိုးပစ်ရရင် ကောင်းမလား၊ ဒါ မဖြစ်နိုင်ဘူး၊ သန်မာတဲ့ သူချေထောက် ဘယ်သူ ချိုးနိုင်ပါ့မလဲ၊ ဒါဆို မကြွားနိုင်အောင် သူ့အစွယ်တွေ ချိုးပစ်လိုက်ရရင်ကော . ၊ ဒါလည်း လက်တွေ့ကျ မဖြစ်နိုင်ဘူး၊ ဆင်စွယ်ဟာလဲ မာကျောတယ်၊ အင်း မစားနိုင်အောင် သူ့ပါးစပ်ကို ဖျက်ဆီးလိုက်ရရင်ကော . ၊ ဒါလည်း ဖြစ်နိုင်ချေမရှိ၊ သူ့ပါးစပ်ဟာ ကျယ်ဝန်း တယ်၊ဒါဆို နှာမောင်းကို . နားရွက်ကို . ကျောပြင်ကို .. စသည်ဖြင့် နှံစုတ်ငှက်မလေးသည် ဆင်ကြီး၏ ခန္ဓာကိုယ်ရှိ အနိုင်ယူနိုင်မည့်နေရာကို ပိုက်စိပ်တိုက် စဉ်းစားနေ၏။

စဉ်းစားရင်း စဉ်းစားရင်းမှ မျက်စိအဆုံး နားအရှုံးဟူသော စကားပုံကို သွားသတိယလိုက်၏၊အင်း သူ့နားကို ကဏ်းအောင်လုပ်ဖို့ မလွယ်ကူဘူး၊ ဒါပေမဲ့ မျက်လုံးကိုတော့ ကဏ်းအောင်လုပ်လို့ ရနိုင်တယ်၊ ဒင်းခန္ဓာကိုယ် နေရာတိုင်းမှာ မာကျေပေမဲ့ မျက်လုံးကတော့ နူ့းညံ့တယ်၊ အထိခိုက် မခံဘူး၊ အဲဒီတော့ မျက်လုံးကဏ်းရင် ဒီတော ဒီတောင် ဒင်းဘယ်လို သွားမလဲ၊ ဘာကို စားမလဲ၊ အစာကို တွေ့ရာ စားနိုင်သော်လည်း ရေကို တွေ့ဖို့ မလွယ်၊ လောကအယူ အဆက ဖားရှိရာ ရေရှိမယ်တဲ့။အဲဒီတော့ ဖားနှင့် နေရာဒေသကို လှည့်စားရမယ်၊ နောက်ပြီး မျက်လုံးနှင့်ပါတ်သက်ပြီး အနာကို ထိုးဆွနာကျင်စေနိုင်တဲ့ အရာ.ဒါတွေအားလုံး စီစဉ်ရမယ် ။

မျက်လုံးကို ထိုးဆိတ်နိုင်ဖို့ လျှင်မြတ်ဖြတ်လတ်တဲ့ ကျီးနှင့်ပေါင်းရမယ်၊ ငါ့ရင်သွေးငယ်တွေ အတွက် သွေးစားချေဖို့ ဘာပဲလုပ်ရ လုပ်ရ ငါလုပ်ပေးမယ်၊ သိခံမယ်၊ စိတ်ရှည်မယ်၊ သူ့စိတ်တိုင်းကျ လုပ်ကိုင်ဆောင်ရွက်ပေးမယ်၊ ဤသို့ဖြင့် နှံစုတ်ငှက်မလေးသည် ကျီးနှင့် မိတ်ဖွဲ့၏။ကျီးသည် အလိုက်သိ တတ်သော နှံစုတ်ငှက်မလေးနှင့် ရင်းနီးလာ၏။အချိန်မရွေး နေရာမရွေး လိုအပ်ပါကကူညီမည့် အကြောင်း ပြောလာသောအခါ သူက သူ့ဇာတ်ကြောင်းကို ပြန်ပြောပြ၏၊ ကြမ်းတမ်းသော ကျီးကန်းသည်ပင် သူ့ဘ၀အကြောင်း ကြားမိသောအခါ သားသမီးချင်း ကိုယ်ချင်းစာ သနားစိတ်များ ၀င်လာ၏၊ သူ့ကို သနား သည်နှင့်တပြိုင်နက် အနိုင်ကျင့် ဆင်ကြမ်းကြီးကို မုန်းတီးစိတ် ၀င်လာ၏၊ ထို့ကြောင့် ကျီးက သူ ဘာလုပ်ပေး ရမလဲဟု မေးတော့၏၊ ထိုအခါ နှံစုတ်ငှက်မလေးက တခြားတော့ ဘာမှ လုပ်ပေးစရာ မလို ပါဘူး၊ အဲဒီ အနိုင်ကျင့် ရက်စက်တဲ့ တကိုယ်တော် ဆင်ကြမ်းကြီးရဲ့ အမြင်အာရုံ လုံးဝ ပျက်စီးသွားအောင် မျက်လုံးကို ထိုးဖောက်ပေးပါ၊ ကျီးသည် ကူညီမည့်အကြောင်း ဂတိပေးလိုက်၏။

ထို့နောက် နှံစုတ်ငှက်မလေးသည် သူ့ဗျူဟာ၌ အသုံးချ၍ရမည့် ယင်မမဲရိုင်း (ယင်မဲ) နှင့် မိတ်ဆွေ ဖွဲ့ပြန် ၏၊ အကျွမ်းဝင်သော အခါ သူ့ဇာတ်ကြောင်း ပြောပြကာ အကူအညီတောင်း၏၊ ထိုအခါ ယင်မဲမက ဘာကူ ညီရမလဲဟုမေးရာ တကိုယ်တော် အကြင်နာမဲ့ ဆင်ကြမ်းကြီး၏ သွေးတစက်စက် အသားများပင် အပုတ် နံ့ထွက်နေသည့် ကဏ်းနေသော မျက်လုံးအိမ်၌ လောက်ကောင်လေးများ မွေးပေးရန် အကူအညီ တောင်း၏၊ ယင်းမမဲရိုင်းကလည်း စိတ်ချ အပုပ်ကြိုက်တဲ့ သူ့အတွက် ဒါလောက်ကတော့ အေးဆေးပါပဲ အကူညီပေးပါ့မယ်ဟု အာမခံလိုက်လေ၏၊

ထို့နောက်တော့ ဖားထံသွားကာ မိတ်ဖွဲ့ပြန်၏၊ နှံစုတ်ငှက်မ၏ အလိုလိုက် အကြိုက်ဆောင် မှုကြောင့် ဖားနှင့်လည်း ရင်းနှီးမှု ရသွားပြန်၏၊ ထိုအခါ သနားစဖွယ် ရင်နင့်စရာ သူ့ဘ၀ ဇာတ်ကြောင်းကို အစအဆုံး ပြန်ပြောပြ၏၊သူ့ရင်သွေးများ အပေါ်ထားရှိသည့် အနာဂါတ် ရည်မှန်း ချက်များကိုပါ ထည့်သွင်း၍ ပြောပြ သောအခါ ဖားလေးသည် အတော်ပင် စိတ်မ ကောင်းဖြစ်သွား၏၊အသင်လိုအပ်နေတဲ့ အကူအညီပြောပါ၊ကျနုပ်ဖားလေးက တတ်နိုင် တဲ့အကူ အညီဆို ဘာမဆို လုပ်ပေးပါ့မယ်ဟု စကားလှမ်းသောအခါ နှံစုတ် ငှက်မလေးက သူ့အစီအစဉ် ကိုပြောပြ၏၊ သူ ကူညီမည်ဟု ဂတိပေးလိုက်၏။

ဤသို့ဖြင့် နှံစုတ်ငှက်မလေးသည် သူကိုယ်တိုင် ဆင်သွားလာသည့် နေရာများကို ထောက် လှမ်းကာ ဆင်ပြောင်ချေမှုန်ရေး နည်းဗျူဟာ ဦးစီးမှုးအဖြစ်တာဝန်ယူ၍ လုပ်ငန်းစလေတော့၏၊ သူသည် မိတ်ဆွေ ကျီးကန်းကို အချက်ပေးလိုက်၏၊ကျီးကန်းသည် လျှင်မြန်ဖြတ်လတ်စွာ ပျံသန်း၍ တကိုယ်တော် ဆင်ကြမ်း ကျီး၏ မျက်လုံးနှစ်ဖက်ကို ဆက်ကာ ဆက်ကာ သူ၏ ချွန်မြနေသော နှုတ်သီးဖြင့် ထိုးဆိတ်လိုက်လေ၏၊ ထို့နောက်တော့ သူသည် ပညောင်ပင် ထက်သို့ ပျံသန်းကာ သစ်ကိုင်းထက်မှနေ၍ အောင်မြင်သူတို့၏ ဟန်ဖြင့် နှံစုတ်ငှက်မလေးကို ကြည့်လိုက်၏၊ သူ့ အစီအစဉ် ပြီးပြီးဟူသော သဘောပင်.။

ဆင်ပြောင်ကြီးသည် မထင်မှတ်သော ကျီးငှက်၏ တိုက်ကွက်ကို ခံလိုက်ရ၏၊ ကျီးငှက်၏ လျှင်မြန် ဖြတ်လတ်မှုကြောင့် နှာမောင်းတစ်ချက်ပင် ယမ်းခွင့် မရလိုက်ပေ၊ ယခုတော့ သူ၏မျက်လုံးအစုံသည် ဘာကိုမှ မမြင်ရတော့၊ အရာအားလုံးသည် အမှောင် ကျသွားလေပြီ၊ မျက်လုံးမှ နာကျင်သည့်ဒါဏ်ချက်ကလည်း မသက်သာ၊အသားနုနေရာမို့ သွေးများပင် တစိမ့်စိမ့် ယိုစီးနေပေပြီး၊ မမြင်ခြင်း နာကျင်းခြင်း ကျီးငှက်၏ အလစ်ဝင်တိုက်ခိုက် ခံရခြင်း ကြောင့် နာကျည်းခြင်းတို့သည် သူ့အတွက် ခံပြင်းစရာ ဖြစ်လာ၏၊ ဒေါသကြောင့် ဖြစ်ပေါ်လာ သော ဆင်ပြောင်ကြီး၏ အော်သံသည် တစ်တောလုံး တစ်တောင်လုံး ဟိန်း၍ ဟိန်း၍ ထွက်ပေါ် လာနေတော့၏၊
 
ဒုတိယ အစီအစဉ်အရ သူ့မိတ်ဆွေ ယင်းမမဲရိုင်းကို အချက်ပေးလိုက်၏၊ယင်မလေးသည် တ၀ီဝီ အသံ ပေး၍ ဆင်မျက်ဝန်းသို့ ခိုနားကာ ပိုးလောက်ကလေးများ တစ်ကောင်ပြီး တစ်ကောင် ချပေးနေလေ တော့၏၊ ထို့နောက်တော့ တ၀ီဝိ အသံပေး၍ အဝေးသို့ ပျံသန်းသွား လေပြီး၊ သူ့ တာဝန် ပြီးဆုံးသွားပြီ မဟုတ်ပါလား။

တတိယအစီအစဉ်အရ ဖားလေးကို အချက်ပေးလိုက်၏၊ တောင်ပေါ်မှနေ၍ ဖားသံပေးရန် ဖြစ်၏၊ ဆင်ကြမ်းကြီးသည် မျက်လုံး၏နာကျင်ခြင်း လောက်ကောင်လေးများ၏တရွရွ ကိုက်ခဲ နေမှုကြောင့် နာကျင် ခြင်း ၊ ယင်းသို့ နာကျင်လေ ယမ်းပုံမီးကျသလို ဒေါသမီးများ တဟုန်းဟုန်း တောက်လေ ဖြစ်နေတော့၏၊ ထို့ကြောင့်ဒေါသကြောင့် အမုန်ယိုနေသော ဆင်ပြောင်ကြီး သည်အသံကုန်ညှစ်၍ ညှစ်၍ အော်နေတော့၏၊ ကြာသောအခါ. ခြေလည်းညောင်း နှာမောင်း လည်းညောင်း အာခေါင်များလဲ ခြောက်ကပ်လာပေပြီ၊ ထိုအချိန် တောင်ထိပ်ဆီဟု ထင်ရသော တစ်နေရာမှ ဖားသံကို သူကောင်းစွာ နားစွင့်မိ၏၊ အင်း ဖားရှိရင် ရေရှိတယ်၊ ရေရှိရင် ကြာရှိမယ်၊ကြာရှိရင် ကြာစွယ်ကို စား ရေချိုး ရေသောက် အားလေးဖြည့်အုံးမှ ထင်တယ်၊ ဤသို့ တွေး၍ လေးကန်သော ခြေလှမ်းများဖြင့် ဖားအော်သံကြားရာသို့ တလှမ်းခြင်း လှမ်းနေတော့၏၊

ဖားသံကြားရာ တောင်ထိပ်ဟု ထင်ရသော နေရာသို့ သူ ရောက်သွား၏၊ ဖားအော်သံ မကြားရတော့၊ သို့ဖြစ်၍ ရောက်ရာမှာပဲ ရပ်နေမိ၏၊ ခဏအကြာ တစ်နေရာမှာ ဖားအော်သံကို ကြားရပြန်၏၊ အင်း ငါးမှန်း တာ အရပ်မှားသွားလို့ဖြစ်မယ်၊ ဒီတစ်ခါတော့ သေသေချာ နားစွင့်ရင်း သွားမှဖြစ်မယ်၊

ဖားလေးသည် နှံစုတ်ငှက်၏ စီစဉ်မှုအရ တောင်ထိပ်မှနေ ပြန်ဆင်းလာ၍ တောင်ချောက်ကမ္ဘား တစ်နေ ရာမှ အော်နေလေတော့၏၊ အုံးအင် အိုးအင်..မျက်စီကန်းနေသည်ဖြစ်၍ အနိမ့်အမြင့် ချိုင့်ဝှမ်းကမ္ဘား ဘာမှ မမြင်ရ မသိရတော့သော ဆင်ပြောင်ကြီးသည် နားကိုအားကိုး၍ ဖားသံကြားရာ လာရင်းလာရင်းမှ တောင်ခြောက်ထဲသို့ဒလိမ့်ခေါက်ကွေး ထိုးကျတာ အသက် တစ်ချောင်း ပေးဆပ်လိုက်ရတော့၏၊ နှံစုတ် ငှက်မိသားစု နုနယ်သည့် ရင်သွေးလေးများအပေါ် ပြုမှုခဲ့သော သူ၏ရက်စက်မှု နိဒါန်းသည် ချောက်ကမ္ဘား ထဲ၌ပင် သူ့ဘ၀ကို နိဂုံးချုပ်သွားစေတော့၏။

တောင်ခြောက်ထဲသို့ လှမ်း၍ ကြည့်လိုက်လျှင် ကြီမားသော ဆင်ပြောင်ကြီး၏ ခန္ဓာကိုယ်ပေါ်၌ သေးငယ် သော နှံစုတ်ငှက်မလေး လမ်းလျှောက်နေသည်ကို တွေ့မြင်နိုင်ပါ၏၊ ထို့အပြင် နံစုတ်ငှက်မ၏ ကြွေးကြော် သံ သဲ့သဲ့ကိုလည်း ခြောက်ကမ္ဘားထက်မှ ကြားနေရပါ၏။

အသနားခံ တောင်းပန်ပါလျှက် အကြင်နာမဖက် ရက်စက်စွာ ရင်သွေးငယ်လေးများကို နင်းချေ ဖျက်ဆီး သွားသော . ကမ္ဘာမကျေမခြင်း ငါမသေဟု ကြုံးဝါးထားသော ငါ့ဘ၀၏ အနာဂါတ် မျှော်မှန်းချက်တို့ကိုပါ ဖျက်ဆီးသွားသော . ခန္ဓာကိုအားကိုးနှင့်ဆိုးချင်တိုင်းဆိုးသွမ်းကာ ငါ့ကို တစ်ကောင်မဟုတ် တစ်သိန်း အုပ်တောင် ညာချေမသုံး ဘယ်ချေတစ်လုံးတည်းဖြင့်ပင် အနိုင် ယူနင်းချေနိုင်သည်ဟု မထီမဲ့မြင် ပျက်ရယ်ပြုကာပြောဆိုသွားသော . ခွန်အားကြီး ဆင် ပြောင်ကြီးကို ယခု ခွန်အားသေးသော ကျမ နှံစုပ်ငှက်မက ဥာဏ်ရည်ကိုသုံး၍ အနိုင်ယူလိုက် နိုင်ပြီတကား … ။

                  
                                              ပြီးပါပြီး - ကောင်းသစ်

Thursday, March 10, 2011

အလင်း

မွေးဖွါးသည် မှ
တစ တစ ယွင်းယို
ငါ့ ဘ၀ဟာ ပျိုမလာပဲ
အပြိုသာ ကဲ
အိုတာပဲ မင်းမူနေပါလား။

ကျန့်ခိုင်သည် ထင်
ငါ့ခန္ဓာအိမ် အစဉ်လဲ
နာကျင်ခြင်းတွေ ဗရဗွ
ရောဂါဟူသမျှ ခိုနား
ဗျာဓိဆိုတဲ့ အိမ်အိုကြီးပါလား။

သေခြင်းတရား
နေ့ခြင်းလား ညခြင်းလား
ဘယ်နားက လာမည် မသိ
ဘယ်အချိန်မှာ လာမည် မသိ
လာမည်ဆိုတာပဲ သိ၏။

မရေရာတဲ့ နေခြင်း
သေခြာတဲ့ သေခြင်း
“ သတိ ” ကိုယ်စီ သွင်းလျှက်
ထင်လင်းသည့် သာသနာ
ကြုံလာသည့် အခိုက်
ဒုစရိုက် ရှောင်
သုစရိုက် ဆောင်
အမှောင်ကို ကျောပေး
ဒို့ အလင်းလေးထဲပဲ - နေကြစို့။

ကောင်းသစ်


Sunday, March 6, 2011

နှံစုတ်ငှက်၏ ဗျူဟာ ၁

လွန်လေပြီးသော အတိတ်ကာလ၊ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း ထီးနန်းစိုးစံချိန်၊ဘုရား အလောင်းတော် ဆင်မျိုး၌ ဖြစ်စဉ်က ဖြစ်ရပ်မှန်တစ်ခုဖြစ်၏၊

ဘုရားအလောင်းတော်သည် အကုသိုလ်မကင်း၍ တိရစ္ဆာန်မျိုး၌ ဖြစ်ရသော်လည်း များသော အားဖြင့် အကြီးအကဲအရာ၌ ဖြစ်ရသည်ကများ၏။ယခုဘ၀၌လည်း ဆင်းရှစ်သောင်း၏ အကြီး အကဲ ဖြစ်လာ၏၊ အဆင်းလှုခြင်း ကိုယ်လုံးကိုယ်ထည် ကြီးမားခြင်းနှင့်ပြည့်စုံ၍ ဆင်းအပေါင်း ခြံရံလျှက် ဆီးနှင်းများထူထပ်စွာ ကျတတ်သော ဟိမ၀န္တာတောင်၌ နေထိုင်၏။ ( ဘုရားလောင်း
သည် တိရစ္ဆာန်မျိုး၌ ဖြစ်သောအခါ အကြီးဆုံးဆင်မျိုး အငယ်ဆုံး ငုံးမျိုး၌ ဖြစ်၏ )

နှံစုတ်ငှက်မသည်လည်း ထိုဆင်အပေါင်းတို့နှင့် မလှမ်းမကမ်းတစ်နေရာ၌ နေထိုင်နေရင်းမှ သဘာဝ အရ မျိုးတူနှံစုတ်ငှက်တစ်ကောင်နှင့်အလွမ်းသင့်၍ ဥလေးများ ထိုမှတစ်ဆင့်အကောင် ငယ်လေးများကိုပင် မျိုးဆက်သစ်အဖြစ် ဖွါးမြင်ပြီးလေပြီ၊
သို့သော် အကောင်ငယ်လေးများ အတောင်မစုံသေး၍ မပျံနိုင်သေးချေ၊ ခြေထောက်များ မသန် မာသေး၍ မြေပြင်လည်း မသွားနိုင်ကြသေးပေ။ မိခင် နှံစုတ်ငှက်မလေးသည် သားသား မီးမီးများကိုကြည့်ရင်း ပီတိတွေဝေဖြာ၍ အရိပ်တကြည့်ကြည့်နှင့် ပျော်နေရှာ၏၊ သူမရှိတော့ သည့် နောက်ပိုင်း ရင်သွေးငယ် မျိုးဆက်သစ်လေးများ လောကအတွင်း ဆက်လက် ရှင်သန် နေပေဦးမည်၊ ငါသေသွားသော်လည်း ငါ၏ သွေးသားများသည် သေလိမ့်မည် မဟုတ်သေး ချေ၊ သူတို့မှ တဆင့် - အဆင့်ဆင့် သွေးစက်လေးများ ဆင့်ပွါးကူးပြောင်း၍ ရှင်သန်နေရစ်ပေ လိမ့်ဦးမည် ကမ္ဘာလောကကြီး ရှိနေသ၍ ငါ့သွေးသားများဆက်လက်၍ ရှင်သန်နေပေလိမ့်ဦး မည်၊ အော် ကမ္ဘာ မကျေမခြင်း ငါမသေသေးပါတကား။

သားတို့ရုပ်ရည် သီတာမည်သား ရေကြည့်ချမ်းမျှ တစ်ပေါက်ကျက မိဘတို့ဝမ်း ငြိမ်းစတမ်း တည်း - တဲ့၊ မိဘတိုင်းအတွက် ဖွဲ့ဆိုထားသော ကဗျာအပိုင်းအစလေးကို သတိယမှိပါ၏၊ ငှက်သည်လည်း ငှက်မျိုးတို့၏မိခင်မဟုတ်ပါလား၊မိခင်မှန်သမျှ သားသမီးတို့အပေါ် ထားရှိသော 
“ မေတ္တာစိတ်ကား ” တူညီကြသည်သည် ဖြစ်ပါ၏၊လူ တိရိစ္ဆာန် ကွဲပြား ခွဲခြားမှုကား ရှိလိမ့်မည် မဟုတ်ပေ။
တစ်နေ့ ၊ ထိုတစ်နေ့သည် သူ့ဘ၀ သူ့အတွေးကို နင်းချေဖြစ်ဆီးသွားသော နေ့တစ်နေ့ ဖြစ်ခဲ့၏
ထိုနေ့မျိုးကို သူ့ဘ၀၌ ကြုံ့တွေ့ရလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ၊ သို့သော်..

ဗောဓိသတ္တ (ဘုရားလောင်း ) ဆင်မင်းသည် ဆင်ရှစ်သောင်း ခြံရံလျှက် နှံစုတ်ငှက်မလေး နေ
သည့် အိမ်ဂေဟာဆီသို့ တရွေ့ရွေ့ လာနေပေပြီ၊ နှံစုတ်ငှက်မလေးသည် ကြောချမ်းရုံသာ မက ရင်ပါချမ်းသွားတော့၏၊ မြင်နေရသော ဆင်အုပ်ကြီးသာ ဒီလမ်းအတိုင်းလာမည်ဆိုပါက ငါ့ရင် သွေးငယ်များ မသွားနိုင် မပျံနိုင်ကြသေးချေ၊ သူတို့ခြေကြား နင်းပြားပြားသွားမှဖြင့် ဒုက္ခပဲ၊ ဆင်အုပ် ကြီသည် နီးသထက် နီးလာလေပြီ၊ နှံစုတ်ငှက်မလေးသည်  ဆင်အကြီးအကဲဖြစ်သော
ဗောဓိသတ္တ ဆင်မင်းကို တောင်ပန်ရှက်၍ ရှိခိုးတောင်းပန်လေ၏၊

တောရပ်ပျော်ရွှင် ဆင်အပေါင်းတို့၏ အရှင်သခင်ဖြစ်သော အသင်ဆင်မင်းကို ကျမ တောင်ပန် နှစ်ဖက် ကောင်းစွာရှက်၍ ရှိခိုးပါ၏၊ကျမ၏အသက်တမျှ ချစ်လှစွာသောရင်သွေး နုနယ်သည့် သားသမီးလေးများကို အသက်ချမ်းသာခွင့်ပေးသနားတော်မူပါ၊ မျိုးဆက်သစ်လေးများ လောက မှာ ဆက်လက်၍ အသက် ရှင်သန်ခွင့်ပြုတော်မူပါ၊

ဗောဓိသတ္တ ဆင်မင်းက ကရုဏာဖက် မေတ္တာယှက်သော အသံဖြင့် “ အို နှံစုတ်ငှက်ငယ် စိုးရိမ်းစိတ်မတွယ်ပါနဲ့၊ အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိ၊ငါကြည့်၍ စီစဉ်ပါ့မယ်၊ အသင်၏ စိတ်ဝမ်း အေးချမ်းစွာ နေပါလော့ ” ဟု ဆိုကာငှက်အိမ်ပေါ် လေးဘက်ခွ ရပ်ကျော်၍ နေ၏၊ ဆင်အပေါင်းရှစ်သောင်းသည် ဆင်မင်းဘေးက ဖြတ်ကျော်၍သွားကြရာ ဆင်းအပေါင်းဘေးမှ ကောင်းကောင်းကြီး လွတ်သွားပေပြီ၊
ခုမှ နှံစုတ်ငှက်မလေး သက်ပျင်းချနိုင်တော့၏၊ ကျေးဇူးတင်လိုက်တာ ဆင်မင်းကြီးရယ်၊ ကျမ ဘယ်လို ကျေးဇူးပြန်ဆပ်ရမှန်းတောင် မသိတော့ပါဘူး၊  အခုလောလောဆယ်တော့  “ ကျေးဇူး
တင်ပါတယ်လို့သာ ” ပြောပါရစေအုံး၊ အရေးကြုံလို့ အကြောင်းတိုက်ဆိုင်လာရင် ကျမအသက် နှင့်ရင်းပြီး ကျေးဇူးဆပ်ပါ့မယ်။

ကျေးဇူးသိတတ်တာ ကောင်းတဲ့အကျင့်စရိုက်တစ်ခုပါပဲ၊ ဒါပေမဲ့ စိတ်ထဲမှာ သိပ်လည်း စွဲစွဲလမ်း လမ်း မှတ်မထားပါနဲ့၊ ကျနုပ်ရဲ့ ကူညီမှုဟာ နှောင်ကြိုးမဲ့ ကူညီခြင်းပါ၊ အနာဂါတ် မျှော်လင့်ချက် မထားပါဘူး၊ တတ်နိုင်တဲ့ဘက်ကနေ ကူညီခွင့်ရတာကိုပဲ ၀မ်းသာပါတယ်၊ ကျနုပ်မှာ  ခံယူချက် မူလေး ချထားတာ ရှိပါတယ် “ နာကျင်သူကို ကြင်နာခြင်းနှင့် ကူညီမယ်၊လဲနေသူကို လက်တွဲ ထူလို့ ကူညီမယ်၊ ယိုင်နေသူကို ရပ်တည်နိုင်အောင် ပန့်ပိုးလို့ ကူညီမယ်၊ အားငယ်သူကို အားပေးလို့ ကူညီမယ်၊ ” စတဲ့ မူလေးပါပဲ။ဒါကြောင့် ကျနုပ်ရဲ့ မူအရ ကျနုပ်ကူညီပေးခြင်းပါ၊ စိတ်ထဲမှာ နှောင်ကြိုးတစ်ခုကဲ့သို့ ကျေးဇူးတရားကို မှတ်မထားပါနဲ့၊

ဗောဓိသတ္တ ဆင်မင်းက ဆက်လက်၍ “ အို နှံစုတ်ငှက်ငယ် ငါတို့၏နောက်မှာ စိတ်ကြမ်း ကိုယ်ကြမ်း နှလုံးသားမှာ အကြင်နာခမ်းနေတဲ့ ဒေါသယမ်းခဲ ထိရုံလေးနဲ့ ပေါက်ကွဲလွယ်တဲ့ ဆင်သင်းကွဲ တစ်ကောင်ရှိတယ်၊ သူဟာ ငါ၏ စကားကို နားထောင်သူမဟုတ်၊ သူလာ သောအခါ ကျိုးနွံစွာ တောင်းပန်၍ သားသမီး အသက်ဘေး ချမ်းသာခွင့်ပေးရန် ရှိခိုး၍ တောင်း ပန်လေလော ” ဟု သတိပေးစကား ပြောကြားကာ ထိုနေရာမှ ထွက်ခွါသွား လေတော့၏၊

မကြာမီထိုနေရာသို့(အရှင်ဒေ၀တ္တအလောင်းဖြစ်သော)အဖေါ်မဲ့ သင်းကွဲဆင်တစ်ကောင် ရောက် လာတော့၏၊ နှံစုတ်ငှက်မသည် ကျိုးနွံ့ရိုသေစွာပင် တောင်ပန်နှစ်ဖက် ဖျန့်ကာယှက်၍ “ တောင် စဉ်တောင်ဝှမ်း တောင်ခါးပန်းနှင့် တောတန်းရွှင်ပျော် အိုတစ်ကိုတော်ဆင်မင်း ကျမ တောင် ပန်နှစ်ဖက် ကောင်းစွာယှက်၍ ရှိခိုးဦးတင် ကန်တော့ပန်းဆင်ပါ၏၊ ချစ်စွာသော ရင်သွေး အားငယ်နေရှာသော ကျမသားသမီးလေးများကို မနင်းကျော်ရှောင် ဘေးကင်း အောင်ပြု ဇီဝိတဒါနအမှု ပြုတော်မူ၍ ဘေးမဲ့အလှူ ပေးတော်မူပါ ” ဟု ရှိခိုး တောင်းပန်လေ၏။

အရွယ်သေးနုပ် ခွန်အားစုတ်သည့် ဟယ်နှံစုတ်ငယ်မ၊ ရှိခိုးလေဟန် တောင်းပန်ခယ သင်တုပ် ကွလည်း ငါ - မသနား၊ကရုဏာမထားနိုင်ဘူး၊ သင့်သားသင့်သွေး မျိုးဆက်သစ်ရှင်သန်ရေး သင်အရေးထားလည်း ငါမထား နင်းချေကာ ငါသွားမည် သင်ဘာများ တတ်နိုင်ပါအံ့နည်း၊ ခွန်အား သေးနုပ် သင်ကဲ့သို့ငှက်စုတ် အကောင်းတစ်သိန်းအုပ်တောင် ငါထည့်မတွက်၊ ဘယ် ခြေ တဘက်နှင့်နင်းချေ အားလုံးကို အသက်ဇီဝိန်ချွေနိုင်တယ် သိလား။
ကွာချင်တိုင်းကွာ ခန္ဓာချင်း မယှဉ်သာတဲ့ငါ့ကို သင်က ဘာများတတ်နိုင်မှာတဲ့လဲ၊ သင့်စကား ဂရုမပြု ငါထင်ရာ ငါပြုမည်၊ ယခုပင် သင့်သွေးသား ဘယ်ချေဖျားဖြင့် နင်းထားပြီ၊ သွေးသား တွေမှုန့်မှုန့်ညက် ကျင်ငယ်ခွက်မှာ မျောပေတော့၊ ပြောလည်းပြော ပြုလည်းပြု ထို့နောက်တော့ ထိုနေရာမှ နှာမောင်းကိုမော့ အစွယ်ကိုကော့၍ ခပ်သော့သော့လေး ထွက်ခွါသွားလေတော့၏၊
သူပြုချင်သည်ကို ပြုလိုက်ရ၍ သူ့ကိုယ်သူ အောင်နိုင်သူဟု ထင်မှတ်သွား၏၊ ထို့ကြောင့် အောင်နိုင်သူတို့၏မာန် အောင်နိုင်သူတို့၏ဟန် မာန်အပြည့် ဟန်အပြည့်ဖြင့် ထွက်ခွါသွားခြင်း
ဖြစ်၏၊

နှံစုတ်ငှက်မလေးသည် ဥမမယ် စာမမြောက်သေးသည့် ရင်သွေးငယ်များကို အကြင်နာမဖက် ရက်စက်စွာပြုမူ၍ ထွက်ခွါသွားသောဆင်ပြောင်ကြီး၏ မဲနက်သောကျောပြင်ကို မီးတောက်လု မတတ်ဖြစ်သော မျက်လုံးအစုံဖြင့် နာကျည်းစွာ စူးစူးစိုက်စိုက် ကြည့်နေရင်းမှ…
                                                                         ( ဆက်ရန် - ကောင်းသစ် )

Friday, March 4, 2011

အတွေး

အစ မသိသော သံသရာလမ်း
ဒို့ လျှောက်လှမ်းခဲ့တာ
ဂဏန်းများပင် ကိန်းမရှိတော့ ...။

အသိ မ၀င်တဲ့ ဘ၀တွေ
သတိ မယှဉ်တဲ့ ဘ၀တွေ
ဒို့ ဖြစ်ခဲ့ရတာတွေ
အသင်္ချေ အနန္တ
ကိန်းဂဏန်းပင် ဖေါ်မရပေါ့ ။

ယခုဘ၀မှာ
အတုလ ဘဂ၀ါ၏
သာသနာ့အလင်း
ဓမ္မအလင်း
ထင်လင်းစွာ ညွှန်းပြ
လွတ်မြောက်ခြင်းရဲ့ လမ်းစ
ဒို့ မြင်နေရပြီ။

လွတ်မြောက်ခြင်းရဲ့ သင်္ကေတ
နိဗ္ဗာန်ဆိုတဲ့ “ အမတ ”
ရောက်ဖို့အရေး
လျှောက်ဖို့အရေး
( ဒို့ အားလုံးရဲ့)
 “ အတွေး ” ပေါ်ပဲ မူတည်တယ်။

                           ကောင်းသစ်

Tuesday, March 1, 2011

မွေးနေ့

မွေးနေ့ဆိုတာ အသက်ကြီးလာတဲ့ အထိမ်းအမှတ်ဖြစ်တယ်၊ “ ငါသည် တစ်နှစ်ပို၍ သေဘက်
နီးလာပြီ ” ဟု မွေးနေက သတိပေးနေတာဖြစ်တယ်။ အောက်ပါလင်္ကာကို မရသေးရင် ရအောင်
ကျက်ပြီး မရဏာနုဿတိဘာဝနာဖြစ်အောင် ရွတ်ပါ။
         ငါနှင့်ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြများလှပြီ၊
         ခဏမစဲ အိုစမြဲ ကိုယ်လည်းသေဘက်နီးခဲ့ပြီ၊
         မသေရမီ ပါရမီ ငါသည်ဖြည့်မှ သင့်တော်မည်။

ချမ်းသာသုခဟာ ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှုနှစ်မျိုးအနက် ကိုယ်ချမ်းသာမှုထက် စိတ်ချမ်း
သာမှုက ပိုပြီးချမ်းသာတယ်။
စိတ်ချမ်းသာမှုမှာလည်း လောဘနှင့်ပျော်၍ ချမ်းသာမှုဟာ နောက်က ကပ်လျှက်သော်လည်း
ကောင်း အတော်ဝေးဝေးက ခွါလျှက်သော်လည်းကောင်း ဒုက္ခအမြဲပါနေတယ်။
ဒါ့ကြောင့် လူအများစုရဲ့ လောဘနှင့်ပျော်၍ချမ်းသာမှုဟာ တကယ့်ချမ်းသာ မဟုတ်ပါ။
ဆင်းရဲဖို့အကြောင်း ဒုက္ခအပေါင်းသာ ဖြစ်တယ်။

အလုပ်မလုပ်ပဲ အသက်ရှင်၍မနေလို၊ အသက်နှင့်ခန္ဓာကိုယ် မြဲနေသရွေ့ နိုင်ငံနှင့်သာသနာ
တော်အတွက် အလုပ်လုပ်ရမယ်၊ လူတိုင်း လူတိုင်း မသေအောင် ကြိုးစားနေကြတယ်၊
မသေခင် ဘာလုပ်ကြမလဲ ?
အခြွေအရံ အကျော်အစော လူ့စည်းစိမ် ချမ်းသာဆင်းရဲတို့မှာ ပျက်စီးဆုံးရှုံးသေရဦးမည်ကား
မလွဲဧကန်တည်း၊ မိမိတို့ဘ၀ကို ပါရမီကုသိုလ်ဖြင့် ထုံမွှမ်းကြပါလေ. ။

                                                   အရမပူရ မဟာဂန္ဓာရုံဆရာတော်