.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Sunday, February 27, 2011

ပုဏ္ဏာထေရီ ( ၃ )

ကျေးဇူးတင်ပါတယ်ပုဏ္ဏားကြီးရယ်၊ ဒါပေမဲ့ ပုဏ္ဏားကြီးရဲ့ အပေါ်ရုံခြုံထည်ကို ကျမ မယူပါရစေ နဲ့၊ပုဏ္ဏားကြီးသာခြုံပါ၊လူကြီးလူကောင်းဆိုတာ အပေါ်ရုံခြုံထည်လေးနှင့်မှ သင့်တော်တာမဟုတ် လား ပုဏ္ဏားကြီးရဲ့၊(ယင်းခေတ်ယဉ်ကျေးမှုအရ လူကြီးလူကောင်းများသည် အပေါ်ရုံခြုံထည် ပါ ရ၏)၊

ကျမတို့ အရှင်သခင်က ကျမတို့အတွက် “ စားဝတ်နေရေး ကျန်းမာရေး ” အစစ ဂရုစိုက်ပါ တယ်၊ ဒါကြောင့် အ၀တ်အစားလည်း ကျမမှာ ပြည့်ပြည့်စုံရှိပါတယ်၊ ပိုလျှံနေလို့ ကိုယ့်လောက်
မှ မပြည့်စုံသူတွေကိုတောင် ကျမပေးကမ်း နေရပါသေးတယ်၊ဒါလည်း လိုအပ်တဲ့နေရာ ဖြည့် ဆည်းခွင့်ရတဲ့ ဒါနတစ်မျိုးပဲပေါ့၊ ပေးကမ်းလှူဒါန်းတယ်ဆိုတာလည်း လိုအပ်တဲ့နေရာ လိုအပ် တဲ့ပစ္စည်းကို လိုအပ်သလို “ အယုတ်အလတ်အမြတ်မရွေး” ပေးလှူတာက လောကအတွက် ပိုပြီးတော့ အကျိုးရှိစေတယ် မဟုတ်ဘူးလား ပုဏ္ဏားကြီး၊

ပြောလက်စနဲ့ ပုဏ္ဏားကြီးကို ဆက်ပြောပါရစေ၊တကယ်လို့ “ ဒုက္ခ ” ကို မချစ်ဘူး၊ ဒုက္ခကို မလို လားဘူးဆိုရင် ဒုက္ခဖြစ်ကြောင်း မကောင်းမှုမှန်သမျှကို မျက်မှောက်မှာပဲဖြစ်ဖြစ် မျက်ကွယ်မှာပဲ ဖြစ်ဖြစ် ဘယ်အကြောင်းကြောင့်မှ မလုပ်မှိပါစေနဲ့၊ နောက်ပြီးတော့ သိသာတဲ့အကုသိုလ်ဖြစ် ဖြစ် (ကာယဒုစရိုက် ၀စီဒုစရိုက်)၊ မသိသာတဲ့ အကုသိုလ်ပဲဖြစ်ဖြစ်(မနောဒုစရိုက်)မလွန်ကျူးမှိ အောင် သတိထားပြီး ထိမ်းသိမ်းစောင့်ရှောက်ပေးပါ။

အတိတ်ဟာ လွန်သွားပြီဆိုတော့ ထားပါတော့၊ ပစ္စုပ္ပန်နှင့်အနာဂါတ်မှာ မကောင်းမှု မပြုမှိပါ စေနဲ့တော့၊ တကယ်လို့ ပြုမှိမယ် ဆိုရင်တော့ ဘယ်ပြေးပြေး လွတ်လမ်းမရှိပါဘူး၊မကောင်း ကျိုးဖြစ်တဲ့ “ အပါယ်လေးပါးဆင်းရဲ လူ့အောက်တန်းစားလူဆင်းရဲ ” စတဲ့ မကောင်းကျိုးတွေ ဟာ  နောက်က အစဉ်တစိုက် လိုက်နေမှာပါ။ မကောင်းမှုတွေ ပြုပြီးမှ မကောင်းကျိုးမှ လွတ် အောင် ဆိုပြီးတော့ “ ရေ မြေ ကောင်းကင်တောင်စဉ်ချိုင့်ဝှမ်း ” ဘယ်စခန်းသွားပြီး ပုန်းအောင်း နေနေ လွတ်မြောက်နယ်မြေဆိုတာ မရှိပါဘူး။

နောက်ပြီးတော့ လောကမှာ အမြတ်ဆုံးဖြစ်တဲ့ ဘုရားတရားသံဃာ ရတနာမြတ်သုံးပါးကိုအမြတ် ဆုံးထားပြီးတော့ ကိုးကွယ်ဆည်းကပ်ပါ၊ ကိုယ်ကျင့်သီလကိုလည်း လုံခြုံအောင် စောင့်ထိန်းပါ၊ အသင်ပုဏ္ဏာကြီးအတွက် ကောင်းကျိုး ချမ်းသာ မင်္ဂလာများ ဖြစ်ထွန်း လာပါ လိမ့်မယ်၊

ပုဏ္ဏားကြီးကလည်း ချက်ခြင်းပင် မိမိသည် ဘုရားတရားသံဃာ ရတနာမြတ်သုံးပါးကို အမြတ် ဆုံးအရာထားပြီး ကိုးကွယ်ဆည်းကပ်မည့်အကြောင်းနှင့် သီလတရားကိုလည်း လုံခြုံအောင် ထိမ်းမည့် အကြောင်း ကျမကို အာမခံချက် ပေးနေပြီလေ။

ကျမပြောချင်တာလည်း ပြောပြီးပြီ၊ အချိန်လည်း တော်တော်လေး ကြာသွားပြီမို့ အိမ်ပြန်ရန် ကျမ ချေလှမ်းများ ပြင်လိုက်တော့၏၊ပုဏ္ဏားကြီး ကျမသွားတော့မယ်နော်၊
အော် ဟုတ်ကဲ့ပါ ကျေးဇူးရှင်မလေးရယ်. ကျမ ပြုံးလိုက်မိ၏ စောစောကတော့ ကျမကို သပေါက်မလေးတဲ့၊အခုတော့ကျေးဇူးရှင်မလေးတဲ့လေ၊အော် သူ့စိတ်ထဲမှာ ဇာတ်ဆိုတာ အရေး  မကြီးဘူး၊အကျင့်သာ အရေးကြီးတယ်ဆိုတာ သဘောပေါက်သွားပြီလေ၊စိတ်ထားလေး ပြောင်း သွားတော့ အပြောအဆို အမူအရာပါ ပြောင်းလွဲသွားပြီးကို၊အော် စိတ် စိတ် စိတ်...

ကျမ၏ အိမ်အပြန်ချေလှမ်းများသည် ခါတိုင်းထက် ပေါ့ပါးသည်ဟုထင်ရ၏၊ ခါတိုင်းထက် သွက် နေ သည်ဟုလည်းထင်မှိ၏၊ ခပ်လာသော ရေအိုးသည်ပင် လေးမှန်းမသိတော့၊ အော် င့ါစိတ် တွေ ပေါ့ပါးနေလို့ အရာအားလုံးလည်း လိုက်ပေါ့ပါးနေပါတော့လား။

ပုဏ္ဏ - မင့်ကို သူဌေးမင်းက အခေါ်လွှတ်လိုက်တယ် ၊ လာ ငါနှင့်တစ်ခါထဲ လိုက်ခဲ့ - တဲ့၊
ကျမတို့ကို အုပ်ချုပ်သူ အဒေါ်ကြီး၏ ခေါ်ဆောင်ချက်အရ ကျမ သူ့နောက်ကနေ ခပ်ကုပ်ကုပ် လေး လိုက်သွားမှိတယ်၊ ရောက်တယ်ဆိုရင်ပဲ သူဌေးမင်းက “ င့ါတူမ ထိုင်ပါအုံး ” တဲ့။ကျမကို နေရာတွေပေး လေးလေးစားစား ဆက်ဆံနေပါတယ်၊ ကျမ စဉ်းစားနေမှိတယ် ၊ တစ်ခုခုတော့ ထူးနေပြီး ထင်တယ်လို့။

ငါ့တူမကို “ ဆုချ ” မလို့ ခေါ်လိုက်တာပဲ။ ဆု - ဟုတ်လား သူဌေးမင်း၊ ဟုတ်တယ် ဆုတောင်မှ
ရိုးရိုးဆု မဟုတ်ဘူး ၊ အထူးဆု ဆုချမှာ၊ ကျမ နားမလယ်အောင် ဖြစ်နေမှိ၏ ၊ အထူးဆု - တဲ့။ ငါ့တူ မ မြစ်ဆိပ်ရေခပ်သွားရင်း ရေဖြင့် မကောင်းမှုဆေးကြောတဲ့ “ ဥဒကသုဒ္ဓိ ” ကျင့်စဉ်မှားကို
ကျင့်သုံးနေတဲ့ ဝေဒပညာရှိ ပုဏ္ဏားတစ်ဦးကို တရားစကားတွေ သွားပြောတယ်ဆို။
အော် - ဟုတ်ကဲ့၊ ကျမ သူ့ရဲ့ ချမ်းတုန်နေတဲ့အမူအရာမြင်တာနဲ့ နောက်ပြီးတော့ အဆင်းရဲခံ ကျင့်နေတဲ့ ကျင့်စဉ်ကလည်း မှားယွင်းနေတာနဲ့ သနားလို့ ပြောမှိတာပါသူဌေးမင်း၊

အေးအေး ငါ့တူမလေး သနားတာ သိပ်ကောင်းသွားတယ်၊ အဲဒီပုဏ္ဏားကြီးဟာတူမလေးနှင့် တွေ့ပြီးတဲ့နောက် ဘုရားထံမှောက်သွား၊ ဥပါသကာအဖြစ်ခံယူ၊ သီလတွေဆောက်တည်၊ ဘုရား ရှင်ရဲ့ တရားတော်ကို နာကြားရပြီး  ရဟန်းပြုသွားတာ တရားတွေအားထုတ်လို့ ခုတော့ တေ၀ိဇ္ဇ
ရဟန္တာဖြစ်သွားပြီးတဲ့။(တေ၀ိဇ္ဇ - ပုဗ္ဗေနိဝါသာနုဿတိဥာဏ်၊ ဒိဗ္ဗစက္ခုဥာဏ်၊  အာသ၀က္ခယ ဥာဏ် )  သူကိုယ့်သူတောင် အရင်က “ ဝေဒသုံးပုံကို တတ်ကျွမ်းတဲ့သူ၊ အခုတော့ ၀ိဇ္ဇာ သုံပါး ကို ပိုင်ဆိုင် တဲ့သူ ” ဖြစ်ပြီးလို့တောင် ဥဒါန်းကျူးနေပြီးတဲ့ ငါ့တူမရဲ့၊ အင်း င့ါတူမက ပုဏ္ဏား ကြီးကို ဘ၀က လွတ်မြောက်အောင် သံသရာက လွတ်မြောက်အောင် ကယ်တင်လိုက်တာ ပါပဲကွယ်။

အော် ( အံသြသွားသော ကျမ၏ အာမေတိတ်သံ ဖြစ်ပါ၏ ) ၀မ်းသာလိုက်တာ သူဌေးမင်းရယ်၊
ကျမ ဒီလောက်ထိ ဖြစ်သွားလိမ့်မယ်လို့ မထင်မှိပါဘူး။ အခုလို အာသဝေါကင်းတဲ့ ရဟန္တာ အဆင့်ထိ ဖြစ်သွားပြီးဆို သိပ်ဝမ်းသာတာပဲ သူဌေးမင်းကြီးရယ်၊

အေး ဒီထက် ၀မ်းသာစရာ ရှိသေးတယ်။ ဘာများပါလိမ့် သူဌေးမင်းကြီး၊ငါ့တူမကို အထူးဆု ဆုချတဲ့အနေနဲ့ “ ကျွန်အဖြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ” ပေးလိုက်ပြီ။
ရှင် . (ကျမ ၀မ်းသာလွန်း၍ ရှင်မှလွဲ၍ ဘာစကားမှ ဆက်မပြောနိုင်တော့၊ မျက်ဝန်းနှစ်ဖက်မှ မျက်ရည်နုလေးများပင်ဥလာလေပြီ)၊အေး ဟုတ်တယ်၊ငါ့တူမဘ၀ကို င့ါတူမ ပိုင်သွားပြီ၊ ကြိုးစား သမျှ င့ါတူမဘ၀ ရှင်သန်ဖို့ အတွက်ချည်းပဲ ဖြစ်သွားပြီလေ၊

ဘ၀ရှင်သန်ဖို့တဲ့၊ ကျမ ဖြတ်ခနဲ သတိယလိုက်တယ်  “ ဘေ၀၀ါဟံ ဘယံ ဒိသွာ ”  ဘုရားရှင်က
ဘ၀ကို ဘေးလို့ ရှု့မြင်ရမယ်တဲ့။ငါ ဘ၀ကို ရှင်သန်ဖို့ လုပ်စရာ မလိုဘူး၊ဘ၀မှ လွတ်မြောက် အောင်ပဲ လုပ်ရမယ်၊ ဘ၀လွတ်မြောက်ဖို့ဆိုရင်..

သူဌေးမင်းကြီး ခွင့်ပြုမယ်ဆိုရင် ကျမ သာသနာ့ဘောင်ဝင်ရောက်ပြီးတော့ ဘိက္ခူနီ(ရဟန်းမ) ပြုပါရစေလို့ ခွင့်တောင်းလိုက်တယ်။သူဌေးမင်းကလည်း သာသနာတော်ကို ထောက်ပန့် ကြည် ညိုသူ၊ နောက်ပြီးတော့ သောတာပန် ကျောင်းဒကာဆိုတော့ ကျမကို ကြည်ဖြူစွာပဲ ခွင့်ပြု လိုက်ပါတယ်၊

ကျမ သူဌေးကြီးရဲ့ခွင့်ပြုချက်အရ ဘိက္ခူနီ ကျောင်းကိုသွားပြီး လှပနက်မှောင် ကျော့ရှင်းနေတဲ့ ဆံကေသာများကို တိခနဲ တိခနဲ ပယ်လိုက်ပါတယ်၊ အင်း ဆံပင်တွေတော့ ပယ်ပြီးပြီး ၊ ငါ ဆက် ပြီးတော့ ကိလေသာတွေပဲ ပယ်ဖို့လိုတော့တယ်လို့ တွေးနေမှိပါတယ်၊ ကျမ ဘိက္ခူနီ ဖြစ်သွား ပါပြီ၊ဘိက္ခူနီတို့ရဲ့ သီလသိက္ခာကို ဖြူစင်အောင် ကျမ ထိမ်းပါတယ်၊သီလ၀ိသုဒ္ဓိ ဖြစ်နေပြီးပေါ့၊ သီလပေါ် အခြေခံပြီးတော့ ၀ိပဿနာတရား ကြိုးစား အားထုတ်လိုက်တာ မကြာခင်မှာပဲ ကျမ ဟာ “ အတ္ထပဋိ  သမ္ဘိဒါ၊ ဓမ္မပဋိသမ္ဘိဒါ၊ နိရုတ္တိပဋိသမ္ဘိဒါ၊ ပဋိဘာနပဋိသမ္ဘိဒါလို့ ခေါ်ဆိုတဲ့ - ပဋိသမ္ဘိဒါလေးပါး ” နှင့်တကွ အာသဝေါကင်းတဲ့ ဘိက္ခူနီ တစ်ပါး ဖြစ်သွားပါတော့တယ်။
ကျမရဲ့ ဒီဘ၀ဟာ နောက်ဆုံးဘ၀ ဖြစ်သွားပါပြီ၊သံသရာကို ဆွဲဆန့်တတ်တဲ့ “ တဏှာ မာန ဒိဋ္ဌိ
ဘာ တစ်ခုမှ မရှိတော့ပါဘူး၊ကိလေသာအားလုံး ချုပ်ငြိမ်းသွားပြီးဖြစ်လို့ အေးငြိမ်းတဲ့“ အမတ ရသ ” ကို ကျမ ခံစားခွင့် ရသွားပါပြီ၊

မွေးဖွါးစဉ်က ကျွန်တရာမြောက် မွေးဖွါးသူလေးဖြစ်လို့  “ ပုဏ္ဏာ ”  လို့ ပေးခဲပါတယ်၊  အခုတော့
ကျမဟာ နာမည်နှင့်အလိုက်ဖက်ဆုံးဖြစ်တဲ့ တရားပြည့်ဝသော ပုဏ္ဏာထေရီ ဘိက္ခူနီမလေး ဖြစ်သွားပါပြီး။

                                                                       ပြီးပါပြီ - ကောင်းသစ်.

Friday, February 25, 2011

ပုဏ္ဏာထေရီ ( ၂ )

တစ်နေ့၊ ထိုတစ်နေ့ပေါ့ ၊ ကျမဘ၀ကို ပြောင်းလွဲစေသောနေ့လို့ အစက မထင်မှတ်မိဘူး၊ နောက်ပြန်စဉ်း စားကြည့်တော့မှ အဲဒီနေ့ဟာ ကျမဘ၀ကို ပြောင်းလွဲစေသော နေ့ဆိုတာ ကျမသိလာရတာပါ။
အချိန်ကာလအားဖြင့် အေးချမ်းသော ဆောင်းလရာသီ၊ငွေနှင်းမှုံ ဖြူလွလွလေးများက နေရာအနှံ့ တဖွါး ဖွါးကျ၍ မင်းမူနေချိန်၊ အေးချမ်းလှစွာသော ဝေလီဝေလင်း နံနက်ခင်း ..။

ကျမ ရေအိုးလေးခါးစောင်းတင်ပြီးတော့ ရေခပ်ဖို့ရာ မြစ်ဆိပ်ဆီသို့ ခပ်သုပ်သုပ်လေး လှမ်းလာ နေမှိတယ်၊ မျက်ဆိပ်ရောက်တယ်ဆိုရင်ပဲ ရေအိုးလေးထဲ ရေးထဲ့အပြီး လှည့်ပြန်မည်အလုပ် မေးရိုက်သံ သဲ့သဲ့ကို အမှတ်မထင်ကြားမှိလိုက်ပါတယ်၊ ဒါနဲ့ အသံကြားရာ လှမ်းကြည့်လိုက် တော့ ဝေဒပညာရှိ ပုဏ္ဏားကြီးကို အမှတ်မထင် တွေ့လိုက်ရပါတယ်၊ ပုဏ္ဏားကြီးဟာ ရေထဲမှာ ငုပ်လိုက် ပေါ်လိုက် ပါးစပ်ကလည်း ဂါထာမန္တာန်များကို တတွတ်တွတ် ရွတ်နေလိုက်၊ ခဏ ကြာတော့ ကမ်းပေါ်တက်လာပါတယ်၊ ခန္ဓာကိုယ် တစ်ခုလုံးလဲ စိုရွှဲနေပါတယ်၊ ဦးခေါင်းဆံပင်မှ ရေစက်လေးများလဲ တစက်ချင်း စီးကျနေပါတယ်၊ ပုဏ္ဏားကြီးရဲ့ တုန်တုန်ခိုက်ခိုက်နဲ့ တီးခပ် လိုက်တဲ့ မေးရိုးရိုက်သံ သဲ့သဲ့နှင့် စောင်းသံယဲ့ယဲ့လေးကို ကျမကြားနေရပါတယ်။

ကျမ ပုဏ္ဏားကြီးကို သိပ်သနားသွားမှိတယ်၊ ကျမလို ငယ်ငယ်ရွယ်ရွယ် ခံနိုင်ရည်ရှိသူတောင်မှ ဆောင်း တွင်းရဲ့ အအေးဒါဏ်ကို ကြိတ်မှိတ် သိခံနေရတယ်၊ ကျွန်ဘ၀ အရှင်သခင်ရဲ့ မျက်နှာကို ကြည့်နေရလို့သာ စောစောစီးစီး မထချင်သော်လည်းထ၊မခပ်ချင်သော်လည်းခပ်နေ ရတယ်၊ကျွန်ဆိုတော့ ကျွန်တာဝန် ကျေပွန်ရမယ်၊ ကျမ တာဝန်ကျေမှ သူတို့ရဲ့ ငြူစူမူ ကြိမ်း မောင်းမှုမှ ကင်းဝေးမည် မဟုတ်ပါလား။ ပုဏ္ဏား ကြီးရဲ့ ဥပဓိကြည့်ရတာ ပညာတတ်ထဲက ဖြစ်ရမယ်၊ သူဘာကြောင့် စောစောစီးစီး ရေငုတ်စောင်းတီး (ကျမနားမလယ်တဲ့) မန္တာန်တွေ ငြီးးပြနေရတာပါလိမ့်“ မသိ မေး၊ မစင် ဆေး ” တဲ့၊ မေးကြည့်မှ ဟုတ်တယ် သူ့ရဲ့ လုပ်ဆောင်နေတဲ့ သဘောအမှန်ုကို မေးကြည့်မှ သိနိုင်မယ်၊

အိုပုဏ္ဏားကြီး ကျမဟာ အရှင်သခင်တွေရဲ့ အော်ငေါက်မှာ ကြောက်ရလို့ စောစေားစီးစီး ရေခပ်ဆင်းလာ ရပါတယ်၊ အရှင် ပုဏ္ဏားကြီးကတော့ ဘယ်သူ့ကို ကြောက်လို့ စောစော စီးစီးရေချိုးပြီး စောင်းတီး မန္တာန် တွေ ငြီးနေရတာပါလဲ၊ အိမ်က အဖွါးကြီးကို ကြောက်ရလို့များ လားပုဏ္ဏားကြီးရဲ့၊
သယ် . သပေါက်မလေး ထင်ရာတွေလျှောက်ပြောမနေနဲ့၊ ဘယ်ကလာ အိမ်က အဖွါးကြီးကို ကြောက်ရမှာလဲ၊မန္တာန်ရွတ်ဖတ် ကုသိုလ်ဓါတ်တွေ တိုးအောင်လုပ်နေတာ၊နောက်ပြီးအကုသိုလ်  အညစ်အကြေး တွေ ဆေးကြောနေတာလေ၊ ကြီးကြီးငယ်ငယ် မည်သူမဆို မကောင်းမှုတွေကို ဘယ်လောက်ပြုထားထား အစိရ၀တီမြစ်ရေနှင့် ဆေးကြောလိုက်ရင် အကုသိုလ် မှန်သမျှ အကုန်ပျောက်ပြီ သန့်ရှင်းစင်ကြယ် သွားတယ်၊ ဒါကို “ ဥကသုဒ္ဓိ - ရေဆေးကျင့်စဉ် ” လို့ခေါ်တယ်၊ ခန္ဓာကိုယ်ရေဆေးလိုက်လို့ မကောင်းမှုမှ စင်ကြယ်သွားတော့ မကောင်းကျိုးတွေ လည်း မဖြစ်တော့ဘူးပေါ့၊ ကလေးမလေးလည်း အညစ်အကြေး တွေ ပြောင်ချင်ရင် ရေးဆင်း ချိုးလိုက်လေ၊ ( ဥဒကသုဒ္ဓိ - ကျင့်စဉ်ကို လက်ခံသူများသည် နေ့ခင်းပြုသမျှ အကုသိုလ်ကို ညနေချမ်းအခါ ရေချိုး၍ ဆေးကြောပစ်၏၊ ညချမ်းအခါ လွန်ကျူးသော အကုသိုလ်ကို လည်း နံနက်အခါ ရေချိုး၍ စင်ကြယ်အောင် ဆေးကြောလေ့ရှိကြ၏၊)

တော်ပါပြီး ပုဏ္ဏားကြီးရယ် အလိုလိုမှ ချမ်းရတဲ့အထဲ၊ ရေများချိုးလိုက်လို့ကတော့ အေးစိမ့် လွန်းလို့ လူပါ ရေခဲတုန်းဖြစ်သွားမှာ စိုးရတယ်၊ဒါနဲ့ မသိလို့ မေးပါရစေ ပုဏ္ဏားကြီး ဒီ “ ဥဒက သုဒ္ဓိ ” ကျင့်စဉ်ကို ဘယ်ဓမ္မဆရာကများ ဟောလိုက်တာပါလဲ၊ သူ့ဟောကြား ချက်အတိုင်း ဆိုရင်တော့ ရေထဲမှာ အမြဲစိမ်နေတဲ့ ဖားတွေငါးတွေ လိပ်တွေ နဂါးတွေ မိချောင်းတွေ ရေနေသတ္တ၀ါ မှန်သမျှဟာ သေပြီးရင် နောက်ဘ၀ နတ်ပြည်ချည်း အားလုံး ရောက်ကြမှာ ပေါ့နော်၊ နောက်ပြီးတော့ စားဝတ်နေရေးအရ လိုင်စင်ရ မရ နွားသတ်သမားတွေ ၀က်သတ် သမားတွေ သိုးဆိတ်သတ်တဲ့သူတွေ၊ ရေလုပ်သားတွေ ငှက်မုဆိုး သားမုဆိုးတွေ ၊ ခိုးဝှက် သတ်ဖြတ်နေတဲ့သူအားလုံးဟာလည်း ဟောဒီအစိရ၀တီမြစ်ရေကို ချိုးလိုက်တာနဲ့ မကောင်း မှုမှန်သမျှ အကုန် ပပျောက်စင်ကြယ်သွားမှာပေါ့နော်၊ဒါဆို သူတို့လည်းသေရင် နတ်ပြည် ရောက်မှာပေါ့၊နောက်ပြီးစဉ်းစရာတစ်ခု ရှိသေးတယ်ပုဏ္ဏားကြီးရဲ့၊ ဟောဒီအစိရ၀တီမြစ်ရေဟာ မကောင်းမှုတွေကို မျှောပစ်လိုက်တယ်ဆိုရင် ကောင်းမှုတွေလည်း ဘာတစ်ခုမှ ကျန်မှာ မဟုတ် တော့ဘူး၊အကုန်လုံး ပြောင်သွားတော့မှာပဲနော်၊ ဒါဆို ကောင်းကျိုးတွေ ဘယ်ရနိုင်ပါတော့မလဲ၊

ကျမ ယုတ္တိဘေဒနည်းကို ပြောပြမယ်၊ ကျမဟာ မိန်းမသားဆိုတော့ ပိုပြီးတော့ အသန့်အပြန့် ကြိုက်ပါ တယ်၊ ဒါကြောင့် ခန္ဓာကိုယ် သန့်ရှင်းအောင် ရေချိုးဖြစ်တယ်၊ အဲဒီအခါ သတိထားမိတာက ရေဟာ အညစ်အကြေးကိုသာ ရွေးပြီး ပြောင်စင်စေတာ မဟုတ်ဘူး၊ ကျမ ခန္ဓာကိုယ် မှာ ချေဆုံးခေါင်းဆုံး လိမ်းကျံထားတဲ့ ခပ်သင်းသင်းလေး “ မွေးပျံ့နေ ” တဲ့ သနပ်ခါးလေးတွေကိုလည်း သူက ပြောင်စင် အောင် ဆေးကြောသွားတယ် ဆိုတာပါပဲ၊ အညစ်အကြေးနှင့်အကုသိုလ် သနပ်ခါးနှင့်ကုသိုလ် နှိုင်းပြရရင် ကျမရဲ့ ယုတ္တိဘေဒ ဥပမာဟာ မရိုင်းလောက်ပါဘူးနော် ပုဏ္ဏားကြီး။ အဲဒီလိုဆိုရင် ပုဏ္ဏားကြီးဟာ ဟောဒီ အစိရ၀တီမြစ်ရေကို ချိုးလိုက်လို့ အကုသိုလ်သာမက ကုသိုလ်တွေပါ ပြောင်သွားတော့မှာပေါ့၊ဒါဆို ပုဏ္ဏား ကြီးမှာ ကောင်းမှုကုသိုလ်လည်း ဘာတစ် ခုမှမကျန်တော့မှာ မဟုတ်ဘူးဆိုတာ သဘောပေါက် သင့်ပါ တယ်နော်၊၊ကျမရဲ့ ယုတ္တိဘေဒကို စဉ်းစားကြည့်ပါအုံး ဝေဒပညာ တဖက်ကမ်းခပ်တတ်တဲ့ ပုဏ္ဏားကြီးရဲ့။
တကယ်တော့ မကောင်းကျိုးကို မလိုလားရင် “ မကောင်းမှုဖြစ်တဲ့ အပြုအမူ အပြောအဆို အကြံ အစည်တွေကို ” ကိုယ်ကိုယ်တိုင်ပဲ ရှောင်ကြင်ရမှာ ဖြစ်ပါတယ်၊ ဆောင်းရာသီရဲ့ အအေးဟပ်မှုနဲ့ အစိရ ၀တီမြစ်ရေရဲ့ အအေးဓာတ်တို့ဖြင့် ခန္ဓာကိုယ်ကို မညှင်းဆဲပါတော့နှင့် ပုဏ္ဏာကြီးရယ်။

ပုဏ္ဏားကြီး တွေဝေသွား၏။ သူ ယုတ္တိဘေဒကို စဉ်းစားနေ၏၊ စဉ်းစားရင်း စဉ်းစားနေရင်းမှ အလင်းတန်း တစ်ခု သူ့ ဥဏှောက်ထဲသို့ စီးဝင်သွား၏၊ ဟုတ်တယ် ကလေးမလေးပြောတာ သဘာဝကျတယ်၊ အကု သိုလ်ကို ရေနှင့်ဆေးလို့ ပြောင်တယ်ဆိုတာ မဖြစ်နိုင်တဲ့ “ ဒဿန ” တစ်ခုပဲ။ ငါဟာ ကလေးမလေး တွေးတဲ့ ယုတ္တိဘေဒနည်းကို မတွေးမှိဘူး၊ ကျမ်းစားထဲက အတိုင်းပဲ ယုံကြည်ပြီး ကျင့်နေမှိတယ်၊ ပညာဟာ သင်ယူဖို့သက်သက်သာ မဟုတ်ပဲ၊ တွေးခေါ် ဖို့လည်းပါတယ်ဆိုတာ ငါသတိမထားမှိလိုက်တာပဲ၊ ဝေဘန်စဉ်းစားမှုကင်းစွာ ကျမ်းစာထဲက အတိုင်း ယုံကြည်ရမယ်ဆိုရင် ဒါဘောင်ခပ်ထားတာပဲ။ ဘောင် ခပ် ထားတယ်ဆိုမှတော့ စဉ်းစားတွေးခေါ်ခွင့်ကို ပိတ်ပင်လိုက်တာနဲ့ အတူတူပဲ။ ယနေ့တော့ “ ဘောင်ခပ် မှု ” ရဲ့ နှောင်ကြိုးမှ ငါလွတ်မြောက်ပြီ၊ ဒါ ကလေးမလေးရဲ့ ကျေးဇူးကြောင့်ပဲ၊သူမဟာ အမှန်ကို ညွန်ပြတဲ့ ငါ့ဆရာဖြစ်သွားပြီး၊ ဆရာဖြစ်သွားပြီးဆိုတော့ ဆရာစားပေးရမှာပေါ့၊ ပုဏ္ဏားကြီးသည် အပိုပါလာသော အပေါ်ရုံခြုံထည်ကို လက်ကကိုင်ပြီး တော့ ကျွန်မလေး ပုဏ္ဏဘက်လှည့်ကာ “ လမ်းမှားလျှောက်နေတဲ့ ငါ့ကို မြင့်မြတ်ဖြူစင်တဲ့ လမ်းမှန်ရောက်အောင် ညွှန်ပြတဲ့သင့်ကို ဆရာစားအဖြစ် ဒီ အပေါ်ရုံခြုံထည်ကို ပေးပါ၏၊ လက်ခံယူပါ ” ဟု အပေါ်ရုံခြုံထည်ကို လှမ်းပေး လိုက်လေ၏၊

ကျမလေ ၀မ်းသာလိုက်တာ၊ အပေါ်ရုံခြုံထည် ပေးလို့ ၀မ်းသာတာမဟုတ်ဘူးနော်၊တကယ့်ဝေဒ  ပညာရှင်ကြီးက ကျွန်ဖြစ်တဲ့ ကျမရဲ့စကားကို အမျိုးဇာတ်မခွဲခြားပဲ လက်ခံသဘောပေါက်သွား လို့  ၀မ်းသာလိုက်တာလို့ ပြောတာပါ၊ ပုဏ္ဏားဆိုတာ ဇာတ်မြင့်သူလို့ သူတို့ကိုသူတို့ ယူဆထား ကြတယ်၊ ကျမတို့ ကျွန်တွေကိုတော့ ဇာတ်အနိမ့်ဆုံးလို့ သူတို့က သတ်မှတ်ထားကြတာ၊အခု တော့ အမှန်တရားကို မြတ်နိုးတတ်တဲ့ ပညာရှင်ပီပီ သူ့ကို လမ်းမှန်ရောက်အောင် ညွှန်ပြပေးလို့ ဆရာစားအဖြစ် အပေါ်ရုံခြုံထည် ကျမကို ပေးနေပြီလေ၊ ကျမ အ၀တ်အစား အကြွား မမက်ပါ ဘူး  ဒါကြောင့်  ပုဏ္ဏားကြီးကို ပြန်ပြောလိုက်တယ်။
                                                      (ဆက်ရန်) ကောင်းသစ်

Thursday, February 24, 2011

ပုဏ္ဏာထေရီ (၁)

မကောင်းမှုအညစ်အကြေးကို ပကတိရေစင်ဖြင့် ဆေးကြောသုတ်သင်၍ ပြောင်စင်အောင်လုပ်၍ မရ၊ သစ္စာတရား အရိယာမဂ်ရေစင်များဖြင့်သာလျှင် မကောင်းမှု အညစ်အကြေးကို ပြောင်စင် အောင် ဆေးကြောသုတ်သင်နိုင်ပါ၏

ကျမ နာမည် ပုဏ္ဏ - ပါ။ ပုဏ္ဏဆိုလို့ အရာရာ ပြည့်စုံသူလို့တော့ မထင်လိုက်ပါနဲ့၊ ပုဗ္ဗေစ အခြေမလှလို့ သူများ အိမ်မှာ “ ကျွန်မ ” ဖြစ်နေရသူပါ။ သူများ အိမ်ဆိုတာထက် အနာထပိဏ် သူဌေးကြီးရဲ့ အိမ်တော်မှာပါလို့ ပြောလိုက်ရင် ပိုသိကြမယ် ထင်ပါတယ်။ သူဌေးကြီးက ကျမကို ကျွန်တစ်ရာ ပြည့်မြောက်မှာ မွေးဖွါးသူလေးမို့ ရာပြည့် “ မယ်ပုဏ္ဏ ” လို့ အမည်ပေးထား တာလေ။

ကျွန်ဆိုတာလည်း အများသား၊ သုံ့ပန့်ကျွန်တဲ့၊(စစ်အောင်လို့ စစ်မြေပြင်က ဖမ်းဆီးခေါ်ဆောင် လာသောကျွန်ူ) ငွေဝယ်ကျွန်တဲ့၊ဘ၀ရပ်တည်ရာ မစွမ်းနိုင်လို့ အားကိုးတကြီးကျွန်အဖြစ်လာခံ ယူတဲ့ကျွန်တဲ့၊ အိမ်ပေါက်ကျွန်တဲ့၊ ကျမကတော့ အဲဒီကျွန်လေးမျိုးထဲမှာ အိမ်ပေါက်ကျွန်လေ။ လူ့လောကမှ ပြောကြတယ်၊ဆွေကြီးမျိုးကြီးထဲကတဲ့၊ ဆွေ ခုနှစ်ဆက်မျိုးခုနှစ်ဆက်တဲ့၊အဲ ကျမ တို့ ကျွန်တွေမှာလည်း ကျွန်ခုနှစ်ဆက်ရှိတယ်လို့ ဖွါးဖွါးက ပြောဘူးတယ်။“ ကျွန် - သပေါက် - သတက် - သတီ - သတွတ် - သတော့ - သမျှော့ ” တဲ့လေ၊ ဖွါးဖွါးက အထောက် အထားနှင့်တောင် ပြောလိုက်သေးတယ်၊ ဓမ္မသတ်ကျမ်းမှာ ပါတယ်တဲ့၊နောက်ပြီးတော့ ကျွှန်များ ကျင့်သုံးလိုက်နာရမည့် ကျွန့်ဝတ္တရားငါးပါးကိုလည်း ကျမတို့ကလိုက်နာရသေးတယ်လေ၊ ဘာတဲ့ “ အိပ်သော် နောက်မှ၊ ထသော်ကား ရှေ့၊ပေးမှ ယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက် ငါးချက်ကျွန်ကျင့်ရာ ” တဲ့၊ ဟူး ကျွန်ဖြစ်ရတာလည်း မလွယ်ပါလားကွယ်။

“ မာန်မာနကြွယ် ထိုသူဝယ် မျိုးနွယ်ညံ့မည်ဆို၊ ထိုက်သူရိုကျိုး မာန်ကိုချိုး အမျိုးမြတ်သကို ” တဲ့၊  တကယ်တော့ ကျမ ကျွန်ဖြစ်ရတာ “ မာန - ဓါတ်ခံ ” ကြောင့်ပါ။ ကျမရဲ့ဘ၀ ကျမ ရဲ့ပညာ ကျမရဲ့ မာန။ကျမဟာ သာမညအမျိုးသမီးတစ်ယောက်တော့ မဟုတ်ပါဘူး၊ ခေတ်ပြော ပြောရရင်တော့အတိတ်က ရွှေထီးဆောင်းခဲ့သူလို့ ပြောမယ်ဆိုလည်း ပြောနိုင်ပါတယ်။ကျမဟာ “ ၀ိပဿီ သိခီ ဝေဿဘူ ကကုသန် ကောဏဂုမ် ကဿပ ” ဘုရား ခြောက်ဆူ ထံတော်ပါးမှာ ၀တ်ကြောင်ခွါရှောင် ဘိက္ခူနီ သာသာနာ့ ဘောင်မှာ ရဟန်းမအဖြစ် ရပ်တည်ခဲ့သူပါ၊ ယစ်မဟာ ဥကို အသက်ပေး စောင့်ရှောက်သလို ၊စာမရီ သားကောင်ဟာ မိမိအမြီးကို အသက်ထက် တန်ဘိုးထား ကာကွယ်စောင့်ရှောက်သလို တစ်ဦးတည်းသော သားရဲ့ မိခင်ဟာ သားလေးကို အရိပ်တကြည့်ကြည့်နှင့် စောင့်ရှောက်သလို ကျမဟာလည်း ဘိက္ခူနီသီလကို အရိပ်တကြည့် ကြည့်နှင့် အစွန်းမထင် ဖြူစင်အောင် စောင့်ရှောက်ခဲ့သူပါ။ ဒါကြောင့် ကျမဟာ ကိုယ်ကျင့်ဖြူ စင်သူလို့ နာမည်ရခဲ့ပါတယ်၊ ဒါတင်မက “ ၀ိနည်း သုတ္တန် အဘိဓမ္မာ ” ပိဋကသုံးပုံကို ပါဠိ အဋ္ဌကထာ ဋီကာ အာစရိယ၀ါဒပါမကျန် နှုတ်တက်အာဂုံ ဆောင်နိုင်ခဲ့သူပါ၊

ပန်းချီဆရာဟာ ဆေးစက်ကျရာ အရုပ်ထင်တယ်တဲ့၊ ကဗျာစရာ သူရေးချစ်ရာ ကာရန်ပါ တယ်တဲ့၊ စာရေးဆရာဟာ သူရေးသားရာ “ ရသ ” ပါတယ်တဲ့၊ ကျမလည်း ဓမ္မကိန်းနေသူ တစ်ယောက် ဖြစ်နေ လေတော့ ကျမ နှုတ်ကထွက်သမျှ “ ဓမ္မ ” ဖြစ်နေတော့တာပါပဲ။ ဒါကြောင့် ကျမကို အများက ဓမ္မကထိကတဲ့ အဲဒီလို ချီးမြှောက် အရေးပေးကြပါတယ်၊ မိမိရဲ့ သီလ စင်ကြယ်မှု စာပေတတ်ကျွမ်းမှု ဟောတတ်ပြောတတ် နာမည်ရမှုကြောင့်အများက မြှောက်စား မှုယင်းအမှုတို့ကြောင့် ကျမ၀ဘဟာ မြင့်ချင်တိုင်း မြင့်နေပါတယ်၊ ဘ၀မြင့်လိုလည်း ကျမဟာ ဘ၀င်မြင့်ရောဂါ စွဲကပ်မှန်းမသိ စွဲကပ်လာပါ တယ်။ လေးစားသင့်သူကို မလေးစားမိတော့ဘူး၊ ရိုသေသင့်သူကို မရိုသေမိတော့ဘူး၊ တစ်ခါတလေ မထီမဲ့မြင် တောင် ပြုမှိပါသေးတယ်။

ဘ၀မြင့်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ကျမရဲ့ ဘ၀င်မြင့် မာနရောဂါဟာ ကြာလေ ခက်ထန်လေ ခိုင်မာလေ ဖြစ်လာတော့တာပါပဲ။ ဒါပေမဲ့ ကျမ သတိမထားမိခဲ့ဘူး၊ အသိရှိလျှက် သတိ မကပ်မိ ခဲ့ဘူး၊ မာနကြောင့် ကျမဟာ ဘုရားခြောက်ဆူသာသနာ ကြုံတွေ့ခဲ့ပါလျှက် ဘာတရားထူးမှ မရခဲ့ပါဘူး။“ တဏှာ မာန ဒိဋ္ဌိ ” သံသရာကို ချဲ့ထွင်တတ်သူများလို့ ရှင်တော်ဘုရားက ဟောတော်မူခဲ့ပါတယ်၊ ကျမဟာ ( ဘုရားရှင် သာသာနှင့်ကြုံကြိုက်လို့ သံသရာတိုသင့်ပါလျှက်) မာနတရားရဲ့သံသရာ ဆွဲဆန့်မှုကို မသိမသာ ခံခဲ့ရပါ တယ်၊ သံသရာကျင်လယ်ရာမှာလည်း မာနရဲ့ ပြစ်မှုကြောင့် လူဖြစ်ပါသော်လည်း နိမ့်ကျတဲ့ ကျွန်မျိုး နွယ်မှာ ဖြစ်ရပါတယ်။ဒါပေမဲ့ ကျမဟာ ဘာသာသွေးပါလာသူလေးမို့ ဘာသာရေးနီးတဲ့ အနာထပိဏ် သူဌေးမင်းရဲ့ အိမ်တော် မှာ ကျွန်လာဖြစ်ရလို့ ကံကောင်းတယ်လို့တော့ ပြောရမယ်ထင်ပါတယ်။

ဟုတ်တယ်လေ ကျမဟာ ဘုရားရှင်နှင့်သံဃာတော်များကို ဖူးမြင်ခွင့် အမြဲရနေတော့ “ သမဏာ နဉ္စ ဒဿန မင်္ဂလာ ” အမြဲဖြစ်နေတယ်၊ နောက်ပြီးတော့ “ ကာလေန ဓမ္မဿဝန”မင်္ဂလာလည်း ဆက်တိုက် လိုပဲ ဖြစ်နေပါတယ်၊“ နာရင်းကျင့် ကျင့်ရင်းနာ” နေတဲ့ ကျမဟာ ရှင်တော်ဘုရား ဟောတော်မူလိုက်တဲ့ “ မဟာသီဟနာဒ ” သုတ္တန်အဆုံးမှာ သောတာပန် တည်ခဲ့ပါတယ်၊ သောတာပတ္တိမဂ်ဟာ “ အမြင်မှားမှု ဒိဋ္ဌိ၊ ယုံမှားမှု ၀ိစိကိစ္ဆာ၊ အလေ့အကျင့်မှားမှု သီလဗ္ဗတ ပရာမာသ ” သုံးမျိုးကို အပြီးသတ် ပယ်သတ် လိုက်ပါတယ်၊ နောက်ပြီး မနာလိုမှု ဣဿာ တရားဆိုးနှင့် နှမြောဝန်တိုမှု မစ္ဆရိယတရားလည်း မဖြစ်တော့ပါဘူး။

နောက်ပြီး သောတာပန်ဟာ တစ်စုံတစ်ခုသော သင်္ခါရတရားကို “ နိစ္စ သုခ အတ္တ ” ဟု စွဲမြဲစွာ မှားယွင်း ယူဆမှုလည်းမရှိတော့၊ပဉ္စာနန္တရိယကံဟုဆိုအပ်သော “အမိသတ်ခြင်း အဖ သတ်ခြင်း  ရဟန္တာသတ်ခြင်း သံဃာသင်းခွဲခြင်း ဘုရားရှင်ကို သွေးစိမ်းတည်အောင် ပြုခြင်း” တို့ကို လည်း ဘယ်အကြောင်းကြောင့်မှ ဘယ်တော့မှ ဘယ်ဘ၀မှ မပြုတော့၊ထို့ပြင်ဘုရားမှ တစ်ပါး ( ရတနာ သုံးပါးမှ တစ်ပါး ) အခြားကိုးကွယ်ရာ မရှာတော့၊ ဆရာဟုလည်း မညွန်ပြ တော့ပါဘူး။ ငါးပါး သီလလည်း လုံးဝကျိုးပျက်ပွန်းပဲ့ခြင်း မရှိ၊ကိုယ်ကျင့်သီလ အမြဲတန်း ဖြူစင်သူ ဖြစ်သွားပါပြီ။

သောတာပန် သုံးမျိုးရှိပါတယ်၊ ဧကဗီဇ - သောတာပန်တဲ့၊ သူက လူ့ပြည်ကို တစ်ဘ၀သာ ပြန်လည်ဖြစ် ခွင့်ရှိသူပါ၊ ကောလံကောလ -သောတာပန်တဲ့၊ သူကတော့ လူ့ပြည်ကို နှစ်ဘ၀ သုံးဘ၀ ပြန် ဖြစ်ခွင့်ရှိသူပါ၊ သတ္တက္ခတ္တုပရမ - သောတာပန်တဲ့၊ သူကတော့ဖြင့် လူ့ပြည်လူ့ဘ၀ ကို အလွန်ဆုံး ခုနှစ်ကြိမ်ပြန် လည်ဖြည်တည်ခွင့် ရှိသူပါ။လူ့ဘ၀ပြန်ဖြစ်ရသော်လည်း နုံချာ သူတော့ မဖြစ်တော့ဘူးလေ။ဘ၀တွေလည်း တိုသွားပြီ၊ သံသရာတိုသွားပြီး ဘ၀အကန့် အသတ်ရှိသွားပြီးလို့ ဆိုမယ်ဆိုရင်တောင် ဆိုလို့ ရနေပြီလေ။

သောတာပန် ဖြစ်သွားပြီးဆိုတော့ အပါယ်လေးပါး တံခါးကတော့ ထာဝရ ပိတ်သွားခဲ့ပြီးပေါ့၊ အရိယာမဂ်တရားဟာ အောက်လျှော့သွားတယ်ဆိုတာ မရှိတော့ဘူး၊ အဆင့်မြင့်ရာကနေ နိမ့်ကျ သွားတယ်ဆိုတာ မရှိတော့ဘူး၊ ကြာလေ မြင့်လေသာ ဖြစ်ခွင့်ရှိတယ်လေ၊သောတာပန် ဖြစ်သွား ပြီဆိုရင် အထက်မဂ် သုံးပါးဟာလည်း ဖြစ်လာတော့မှာပါ။ ဒီဘ၀ သို့မဟုတ် နောက်ဘ၀ ၊ သို့မ ဟုတ် နောက်တစ်ဘ၀၀ ပေါ့။
                                                 (ဆက်ရန် ) ကောင်းသစ်








Tuesday, February 22, 2011

ဝိရတီ သစ္စာ

ဝိရတီ-ဟူသည်ဒုစရိုက်ကိုမပြုမကျင့်မပြောရှောင်ကြဉ်ခြင်းလက္ခဏာရှိ၏၊ဒုစရိုက်မှတွန့်ဆုတ်ခြင်း ကိစ္စရှိ၏၊ဒုစရိုက်ဟူသည် မပြုသင့် မပြုထိုက် ရှောင်ကြဉ် ရမည့် တရားဟု ယောဂီဥာဏ်အား ရှေ့ရှု ထင်လာ၏၊သဒ္ဓါ ဟိရိ သြတ္တပ္ပ အပိစ္ဆစသော တရား လျှင် နီးစွာသော အကြောင်း ရှိ၏၊ဤ သည်မှာ“ ၀ိရတီ ” နှင့်ပတ်သက်၍ ကြိုတင်သိထားရမည့် အချက် အလက်များ ဖြစ်ပါ၏။

ဝိရတီသည် သမ္ပတ္တ၀ိရတီ သမာဒါန၀ိရတီ သမုစ္ဆေဒ၀ိရတီ - ဟူ သုံးမျိုးရှိ၏။သိက္ခာပုဒ် ဆောက် တည်မထားပဲ လွန်ကျူးဖွယ်အာရုံတွေ့မှ ရှောင်ကြဉ်မှုကို သမ္ပတ္တ၀ိရတီ ဟုခေါ်၏၊ (သီလကြို တင်ဆောက်တည် မထားသော်လည်း လွန်ကျူးဖွယ်အာရုံတွေ့ပါက “ မိမိတို့၏အမျိုးအနွယ်- မိမိ၏အသက်အရွယ် - မိမိ၏အကြားအမြင်ပြည့်ဝခြင်း ဗဟုသုတဂုဏ် ” စသည်တို့ကို ထောက် ၍ မကောင်းမှုမှ ရှောင်ကြဉ်ခြင်းသည် သမ္ပတ္တ၀ိရတီ မည်၏ )။

ယင်းနှင့်ပတ်သက်၍ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်လေးတစ်ခု တင်ပြလိုပါ၏၊သီဟိုဠ်ကျွန်း၌ စက္ကန တို့ သားအမိ သုံးယောက် နေထိုင်ကြ၏၊ တစ်နေ့ စက္ကန၏ မိခင်၌ ရောဂါတစ်မျိုးစွဲကပ် လာ၍ ကျွမ်းကျင်သော သမားတော် တစ်ဦးကိုပင့်၍ လူမမာအား ဆေးကုပေးဖို့ အပ်နှံ ကြ၏၊ထို အခါ သမားတော်ကြီးက ယုံသား လတ်လတ်ဆပ်ဆပ် လိုအပ်ကြောင်း ပြောလေ၏၊ထိုအခါအကို ကြီးက ညီဖြစ်သူ စက္ကနအား ယုံရှာရန် တောသို့ လွှတ်လိုက်၏။

အချိန်ကာလအားဖြင့်မိုးလရာသီဖြစ်၍ကောက်ပဲသီးနှံပင်ပျိုလေးများစိမ်းစိုနေ၏၊တောင်သူဦးကြီး
များသည် မိမိတို့စိုက်ပျိုးထားသော သီးပင်များကို ကြည့်ရင်း ကြည်နူးနေကြ၏၊ညီငယ် စက္ကန သည် လယ်တောသို့မကြာမကြာ ရောက်နေသူဖြစ်၏၊ ကောက်ပင်လေးများနုပျိုချိန်ဖြစ်၍ ယုံများ
လာရောက်စားသောက်တတ်ကြောင်း သူသိထား၏၊ ထို့ကြောင့် လယ်တောသို့ တန်းတန်းမတ် မတ် သူသွား၏၊ သူလယ်တောသို့အရောက်နှင့် ကောက်ပင်နုနုလေးများ စားရန်လာသော ယုံနှင့် တန်းတိုးတော့၏၊ယုံသည် သူ့ကို မြင်လိုက်၍ ကြောက်ကြောက်လန့်လန့်ဖြင့်  ထွက်ပြေးရင်း နွယ်ကြိုးဖြင့် ငြိ၍ မိနေတော့၏၊ ဆက်မပြေးနိုင်တော့၊ ကြောက်လွန်း၍  “ ကိရိ ကိရိ ” ဟု အော်နေတော့၏၊

စက္ကနသည် ယုံအော်သံကြားရာသို့ သွား၍ ယုံလေးကို အလွယ်တကူပင် ဖမ်းယူလိုက်လေ၏ ယုံကလေး သည် ကြောက်လွန်း၍ အသားများ တဆပ်ဆပ်တုန်ကာ မျက်ရည်များပင် ဝေ့နေ လေပြီ၊ မိခင်အသက်ရှင် ရေးအတွက် ယုံလေးတော့ ရလေပြီ၊ သူ ၀မ်းသာနေ၏၊ အမေ့ ရောဂါ အတွက် ဆေးတလက်ကို သူ ရပြီး  မဟုတ်ပါလား။

သူ ဆက်စဉ်းစားမှိပြန်၏၊ င့ါအမေ အသက်ရှင်ဖို့အတွက် ယုံလေးအသက်ကို စတေးမယ်ဆိုရင် သင့်တော်ပါ့မလား၊ သတ္တ၀ါတိုင်းဟာ သေမှာ ကြောက်ကြတယ်တဲ့၊ ယုံသတ္တ၀ါလေး၊ သူလည်း သေမှာ ကြောက်နေရှာတာပဲ၊ ကြည့်စမ်း အသားများ တဆပ်ဆပ်တုန်ပြီး မျက်ရည်များတောင် ဝေ့နေတယ်၊ သူ့မှားလည်း သူ့မိသားစု အသိုင်းအ၀ိုင်း ရှိနေမှာပဲလေ။

လူ့အသက်ဖြစ်ဖြစ် တိရစ္ဆာန်အသက်ဖြစ်ဖြစ် “ အသက် ” ဟာ အသက်ပဲလေ၊ အသက်တိုင်းဟာ တန်ဖိုးးရှိတာချည်းပဲ၊ င့ါအမေ အသက်ရှည်သန်ဖို့အတွက် ယုံလေးအသက်ကို ပေးဆပ်ရမယ် ဆိုရင် သဘာဝမကျတဲ့ လုပ်ရပ်ပဲ၊သဘာဝကို ဆန့်ကျင်ရင် သဘာဝရဲ့ ဒါဏ်ခတ်ခြင်းကို မည်သူ မဆို မလွဲမသွေ ခံရမှာပဲလေ၊ သဘာဝတရားဟာ မတရားတာ မရှိဘူး၊ တူညီတဲ့ တုန့်ပြန်မှုကို သူက ပြန်ပြီး ပေးတတ်စမြဲပဲ။ ငါ ယုံကလေးကို သတ်လိုက်မယ် ဆိုရင် သူ့ရဲ့ သက်တမ်းစေ့ “အသက် ရှင်သန်ခွင့် ” အခွင့်အရေးကို ချိုးဖဲ့ပစ်လိုက်တာနဲ့ အတူတူပဲ။သူ့ရဲ့ ရှင်သန်ခွင့်အတိုင်း သူရှင်သန်ပါစေ၊ သူ့အခွင့်အရေးကို ငါ ဘယ်တော့မှ မဖျက်ဆီးတော့ဘူး။ သူသည် အသက် ရှိချင်း စာနာစိတ်ကို ကောင်းစွာ အကောင်အထည်ဖေါ်လိုက်ပေပြီ။
မြဲစွာ ဆုပ်ကိုင်ထားသောသူ့လက်ချောင်းလေးများသည် တဖြည်းဖြည့် လျှော့သွား၏၊ ကြမ်းတမ်း သော လက်ချောင်းများသည် ပျော့ပျောင်းသည့် အကြင်နာလက်ချောင်းလေးများ အဖြစ် ပြောင်းလဲ သွားပေပြီ၊

ယုံကလေးသည် သူ့လက်မှ ခုန်၍ တဟုန်ထိုး ပြေးသွား၏၊မလှမ်း မကမ်းရောက်တော့ လည်ပြန် ကလေး စက္ကနကို ပြန်ကြည့်နေ၏၊ မျက်ဝန်းမှာ မျက်ရည်စများနှင့်၊ သို့သော် ယခုကျနေသော မျက်ရည်စများမှာ ၀မ်းသာမှုကြောင့် ကျသော မျက်ရည်စ များ ဖြစ်၏၊ ယုံကလေး၏ ၀မ်းသာ မျက်ရည်၊ သေမင်းမှ လွတ်မြောက်ခွင့်ရသူ မည်သူ မဆို ၀မ်းမသာပဲ နေနိုင်ပါအံ့နည်း၊ သူ၏ မျက်ဝန်းများမှ စက္ကနကို ကျေးဇူးတင်ပါသည်ဟု မပြောသော်လည်း ပြောနေသည့်နှယ်၊

စက္ကနသည် စိတ်ထဲမှ ဆုတောင်းပေးနေ၏၊ အေးမြကြည်လင်သော စမ်းရေးလေးကို စိတ်တိုင်း ကြသောက်၊လတ်ဆပ်သော မြက်သစ်ရွက်နုလေးများကိုအားပါးတရစား၊ အေးမြသော လေညှင်း လေးများကို တ၀ကြီး ရှုရှိုက်ရင်း မိသားစုအသိုင်းအ၀ိုင်းနှင့် ထာဝရပျော်ရွှင်စွာနေနိုင်ပါစေဟု။

စက္ကန၏ အိမ်အပြန်ခရီးသည် လက်ချည်းဗလာ၊ သို့သော် နှလုံးသားမှာတော့ အကြင်နာ (ကရုဏာ) ဘာဝနာတရားလည်း ပါလာပါ၏၊သူ့သက်သတ်မှုမှ ရှောင်ကြဉ်ခြင်း သီလတရား လည်း ပါလာ၏၊ ဘေးမဲ့အလှူ အဘယဒါနလည်း ပါလာပါ၏၊။

လက်ထဲဘာမှ မပါ၊ ဗလာချည်း ပြန်လာသော ညီငယ် စက္ကနကို အကိုကြီးက မေးမြန်း၏၊ ဘယ် မှာလဲ“ ယုံ ” ။ စက္ကသည် ဖြစ်ကြောင်းကုန်စင် အကိုကြီးကို ပြန်ပြောပြ၏၊ အကိုကြီး၏ မျက်နှာ သည်  မဲ့ရာမှ မှောင်လာတော့၏၊ ထို့နောက်တော့ အမေ့အသက်ထက် မင့်က ယုံအသက်ကို တန်ဘိုးထားတဲ့ လူ သူတော်ကောင်းကြီးပေါ့လေ.. လူနှင့်ယုံ တန်းတူထား၍ သူ့ညီကို ဒေါသ ထွက်နေ၏၊ ထို့နောက်တော့ ပါးစပ်မှ တတွတ်တွတ် ကြိမ်းမောင်းနေတော့၏၊

စက္ကနသည် မိခင်အနား ကပ်သွား၏၊ မိခင်၏ မျက်နှာကို သေချာစွာ စိုက်ကြည့်၏၊ သားသမီးတို့ အပေါ် အမြဲတန်း ဗြဟ္မစိုရ်တရား ပွါးနေတဲ့ သားသမီးတို့ရဲ့ “ ဗြဟ္မာ ” ကြီးပါတကား။ ထို့နောက်တော့ သူ၏ အတိတ်ကို ပြန်ကြည့်၏၊ သေသေချာချာ တွေးကြည့်၏၊သူသည် လူမှန်း သူမှန်း သိတတ်သည့် အရွယ်မှစ၍ ယနေ့ချိန်ထိ သက်ရှိ သတ္တ၀ါ တစ်ကောင် တလေမျှ သတ်ဘူးသည်ဟူ၍ မရှိခဲ့ပေ။ငါ့အတွက်  ငါ့အမေအတွက် သစ္စာမှတစ်ပါး အခြားမရှိပြီ၊

စက္ကနသည် မျက်လုံးအစုံကို မှိတ်လိုက်၏၊ ထို့နောက်တော့ အတိတ်ကို အာရုံပြု၍ “ မိမိသည် မွေးဖွါး သည်မှ စ၍ ယနေ့အချိန်ထိ ယခုသစ္စာပြုနေသည့်အချိန်အထိ စေတနာဖြင့် စေ့ဆော် ၍မည်သည့် သက်ရှိကိုမျှ သတ်မှိသည်ဟူ၍ မရှိစဘူးပါ မသိဘူးပါ ” ကျွန်ုပ်၏ ဤမှန်ကန် သောသစ္စာစကားကြောင့် မိခင်ကြီး၏ ရောဂါသည် ပျောက်ကင်းပါစေသတည်း။

စက္ကန၏ သစ္စာစကား ဆုံးသည်နှင့်တပြိုင်နက် မိခင်ကြီး၏ ရောဂါဝေဒနာသည် ပိန်းကြာဖက်ပြင် ရေမတင်လျှော့ကျဘိသကဲ့သို့  အမြတ်ပြတ် ပျောက်ကင်းသွားတော့၏။ မိခင်ကြီးသည် လျှောင်းနေရာမှ ထရပ်လိုက်၏၊ ထို့နောက်တော့ သားငယ် စက္ကန၏နဖူးပြင်ကို ညင်သာစွာ နမ်းလိုက်၏၊ စွမ်းလိုက်တဲ့ ငါးသားလေးရဲ့ “ ၀ိရတီ - သစ္စာ ” ပါလားကွယ်၊ စက္ကနသည် ပြုံးနေ၏။ မိခင်အတွက် သူ၏ သစ္စာလက်နက်သည် ဆေးတစ်စက် ဖြစ်သွားခဲ့သည် ဖြစ်သွားခဲ့ပြီ မဟုတ်ပါလား။

                                                                    ကောင်းသစ်

Monday, February 21, 2011

သီလနှင့်ချမ်းသာ

သီလဟာ ဒီဘ၀ နောက်ဘ၀ ကာလမရွေး စိတ်ချမ်းသာ ကိုယ်ချမ်းသာကို
ပေးနိုင်တယ်၊ မေတ္တာ သစ္စာ ခန္တီတို့လည်း ကောင်းကျိုးကို ပေးနိုင်ပါတယ်။

သမုဒ္ဒရာရေဟာ မီးကြောင့်မကျွမ်းဘူး၊ မြင့်မိုရ်တောင်ဟာလည်း လေကြာင့်
မတုန်လှုပ်ဘူး၊ ကျောက်ခဲဟာလည်း ရေကြောင့် မကျေဘူး၊ ဒီလိုပဲ သူတော်
ကောင်းဟာလည်း မသူတော်ဖျက်တာကို မတုန်လှုပ်သင့်ဘူး။

အနေလည်းကောင်း စိတ်လည်းကောင်း၍ ကောင်းကောင်းပညာ တတ်မှသာ
ငါဟာကြီးပွါးမည်။
အနေမကောင်း စိတ်မကောင်း၍ ကောင်းကောင်းပညာ မတတ်ပါ
ငါဟာဆုတ်ယုတ်မည်။

သစ္စာဟာ မုသားနှင့်ပြောင်းပြန်ဖြစ်တယ်၊ ယခုခေတ် သစ္စာအလွန် နည်းကြတယ်၊
မုသားဟာ ငါးပါးသီလ ကိုယ်ကျင့်မှာတောင် အမြဲရှောင်ဖို့ ပါနေတယ်၊ သီလရှိသူ
ဟာ ကိုယ်ဖြစ်ချင်တဲ့အကျိုးကို ရနိုင်တယ်၊ သီလမရှိရင် ငရဲ တိရစ္ဆာန် ပြိတ္တာ
တစ်ခုခုနဲ့ လူနုံ လူမွဲ လူဆင်းရဲသာ ဖြစ်ရမယ်။

ကုသိုလ်စိတ်နဲ့ပျော်၍ ချမ်းသာခြင်းကား ယခုလည်း ချမ်းသာ၊ နောင်အကျိုးပေးတဲ့
အခါလည်း ချမ်းသာတယ်၊ နိဗ္ဗာန်အထိလည်း ချမ်းသာတယ်။ဒါ့ကြောင့် ကုသိုလ်
စိတ်မှာ အဆင့်ဆင့်တိုး၍တိုး၍ ချမ်းသာတဲ့ စိတ်ချမ်းသာမှုတွေရှိပါတယ်၊
ထိုချမ်းသာမှုကို စီးပွါးရေးလိုက်စားတဲ့လူများ မသိကြဘူး၊သိအောင်ကြိုးစားကြပါ။
                                            (အမရပူရ မဟာဂန္ဓာရုံဆရာတော်)

Sunday, February 20, 2011

ဥပါသကာ ( ၂ )

ဥပါသကာဖြစ်ပြီးလျှင် ဥပါသကာသီလ၀န္တဖြစ်ဖို့ အရေးကြီးပြန်၏၊သီလဟူသည် ကိုယ်နှင့် နှုတ် ကို လွန်ကျူးမှုအပြစ်များ ဖြစ်ပေါ်၍မလာရအောင် ထိမ်းသိမ်းစောင့်ရှောက်ခြင်းပင်ဖြစ်၏၊ အနည်း ဆုံး ငါးပါးသီလမြဲအောင် စောင့်ထိမ်းရ၏၊ ငါးပါးသီလကို ခါးဝတ်ပုဆိုး (ခါးဝတ် အထည်) ကဲ့သို့ လုံခြုံအောင် မြဲမြန်အောင် စောင့်ထိမ်ဖို့ အရေးကြီးပါ၏၊ ထို့ထက် တတ်နိုင်လျှင်ကား အာဇီဝဋ္ဌ မကသီလ ဥပေါသထသီလ ဆယ်ပါးသီလတို့ကိုလည်း စောင့်ထိမ်းနိုင်ပါ၏၊

ငါးပါးသီလကို အလေးထားစောင့်ထိမ်းအပ်သောကြောင့် ဂရုဓမ္မဟုလည်းကောင်း၊ နေ့နေ့ညည  အမြဲစောင့်ထိမ်းအပ်သောကြောင့် နိစ္စသီလဟူ၍လည်းကောင်း အရိယာသူတော်စင်တို့  အသက် ထက်တန်ဖိုးထား၍ နှစ်သက်မြတ်နိုးစွာ ဆောက်တည်ကျင့်သုံးအပ်သောကြောင့် အရိယာကန္တ သီလဟူ၍လည်းကောင်းစသည်ဖြင့် ခေါ်ဆိုကြပါ၏၊

ထို့ကြောင့် ဗုဒ္ဓဘာသာအဖြစ် မိမိကိုယ်ကိုခံယူထားသူသည် ဒုတိယအဆင့်အနေအားဖြင့်“ သူ့ အသက် သတ်ဖြတ်မှု၊ သူတပါးပစ္စည်းဥစ္စာ မတရား ရယူမှု၊ သူတပါးအိမ်ရာ လွန်ကျူးမှု၊တဖက် သား  အကျိုးစီးပွါးပျက်စီးအောင် လိမ်ညာပြောဆိုမှု၊မူးယစ်သေစာ သောက်စားမှု ” ဟူသော  အကုသိုလ်အပြစ်ငါးခုကို မလွန်ကျူးမှိအောင် စောင့်ထိမ်းအပ်ပါ၏၊(အကျယ်ကို ငြိမ်းချမ်းရေး အုတ်မြစ်၌ ဖတ်ရှုနိုင်ပါ၏)။ယင်းငါးပါး လုံခြုံအောင် စောင့်ထိမ်းမှုရှိသော သူတော်စင်သည် ဘေး လေးမျိုးမှ လွတ်ကင်းခွင့် ရရှိနိုင်ပါ၏၊

ဘေးလေးမျိုးမှာ - ၁။ မိမိကိုယ်ကို စွပ်စွဲခြင်း၊ မကောင်းမှု ပြုလျှင် မိမိကိုယ်တိုင် ရှေးဦးစွာသိ၏၊
ငါ မကောင်းတာပြုမှိပြီး ပြုထားပြီးဟု လိပ်ပြာမသန့်ခြင်း စိတ်မသန့်ခြင်းသည် ဖြစ်ပေါ်လာ၏၊
ယင်းကို အတ္တာနုဝါဒဘေးဟု ခေါ်ဆို၏၊
၂။သူတပါးက စွပ်စွဲခြင်း၊ မကောင်းပြုပြီးလျှင် မိမိကိုယ်တိုင် ရှေးဦးစွာသိ၏၊ ထို့နောက် ကိုယ် စောင့်နတ် သိ၏၊ ထို့နောက်တော့ ပတ်ဝန်းကျင်က သိလာ၏။ထိုသို့ သိလာသောအခါ ပတ်ဝန်း ကျင်က “ မကောင်းပြစ် လွန်ကျူးထားသူကို - သူသတ် သူခိုး စည်းမစောင့်သူ လူလိမ် မူးယစ် ဆေးစွဲသူ ” ဟု စွပ်စွဲ ပြောဆိုလာကြ၏၊ ယင်းကို ပရာနုဝါဒဘေးဟု ခေါ်ဆို၏၊
၃။ ပြစ်ဒါဏ်သင့်ခြင်း၊ ရာဇ၀တ်ဘေး ပြေးမလွတ် ဆိုသည့်အတိုင်း မကောင်းမှုအပြစ် လွန်ကျူး ထားသူကို သက်ဆိုင်ရာ အာဏာရှိသူတို့က ဖမ်းဆီး၍ ချုပ်နှောင်ခြင်း ညှဉ်းပမ်းခြင်း စသည် ပြုလုပ်တတ်၏၊ယင်းကို ဒဏ္ဍဘေးဟု ခေါ်ဆို၏။
၎။ မကောင်းသောလားရာ ရှိခြင်း၊ အဓမ္မော နိရယံ နေတိ - ဆိုသည့် အတိုင်း မကောင်းပြစ် မကောင်း ကံ ရှိသူသည် နောက်ဘ၀၌ အပါယ်လေးပါးသို့ (ငရဲသို့) ကျရောက်ရပါ၏၊ယင်းကို ဒုဂ္ဂတိဘေးဟု ခေါ်ဆိုပါ၏၊ သီလလုံခြုံသူ မကောင်းမှုဒုစရိုက် မလွန်ကျူးသူသည် ယင်းဘေး လေးပါးမှ လွတ်ကင်း၍ စိတ်ချမ်းသာစွာ နေနိုင်ပါ၏၊

ထို့ပြင် သီလနှင့်ပြည့်စုံသူသည် “ မမေ့လျော့ခြင်းကြောင့် များစွားသော စည်းစိမ်ဥစ္စာအစုကို ရခြင်း၊ ကောင်းသတင်း ပျံ့နှံ့ခြင်း၊ ပရိသတ်အလယ် သွားလာသောအခါ မရွံမကြောက် ရဲဝံ့စွာ သွားလာနိုင်နိုင်ခြင်း၊ စိတ်သန့် အတိတ်သန့်သည်ဖြစ်၍ မတွေမဝေ သေရခြင်း၊နောက်ဘ၀၌ နတ်ရွာနတ်ပြည် သုဂတိ၌ဖြစ်ရခြင်း ” ဟူသော ကောင်းကျိုးတရားများကိုလည်း ရရှိနိုင်ပါ၏။

ထို့မျှမကသေး သီလကို “ ကုသိုလ်အားလုံးတို့၏ အစဟုလည်းကောင်း။ ဈာန်မဂ်ဖိုလ် တရားတို့၏ တည်ရာဟုလည်းကောင်း၊ သမထ၀ိပဿနာတို့၏ မိခင်ဟုလည်းကောင်း၊ ပီတိ ပါမောဇ္ဇတို့၏ဖြစ် ကြောင်းဟုလည်းကောင်း၊လာဘ် - နတ် - ချမ်းသာ သုံးဖြာတို့ ရကြောင်းဟု လည်းကောင်း၊မိတ်ဆွေကောင်း ရကြောင်းဟုလည်းကောင်း၊စသည်ဖြင့်သီလအကျိုးကို များစွာ ပင် ဟောကြားထားပါ၏၊ထို့ကြောင့် လူသားတိုင်းသည်ပင် ပစ္စည်းဥစ္စာကုန်စရာမလိုပဲ မိမိနှင့် လောက ဘေးကင်း ကြာင်း ငြိမ်းချမ်းကြောင်းဖြစ်သော သီလကို အထူးပင် စောင့်ထိမ်း အပ်ပါ၏၊
“ သီလရတနာ မြတ်တန်းဆာကား သတ္တ၀ါခပင်း မင်းဆင်းရဲသား မပိုင်းခြားဘူး၊ လေးပါးမျိုးနွယ် ကြီးငယ်မဆို ရွယ်ပျိုရွယ်ရင့် ဆင်တိုင်းတင့်၏ - မဃဒေ၀ ” ။

အသက်ကို “ ဇီဝ ” ဟုခေါ်၏၊ ယင်းအသက် မတရားသဖြင့် ရှင်သန်ခြင်းကို မိစ္ဆာဇီဝဟုခေါ်၍ တရားသဖြင့် ရှင်သန်ခြင်းကို သမ္မာအာဇီဝဟု ခေါ်ဆိုပါ၏၊။တတိယအဆင့်အနေအားဖြင့်  ဥပါသကာဟူသည် “ သမ္မာအာဇီဝ - တရားသဖြင့် အသက်ရှင်သန်ဖို့လည်း လိုအပ်ပြန်ပါ၏၊ တရားသဖြင့် ရှန်သန်ဖို့အတွက် “ အဓမ္မ - မတရားမှု ” ကိုရှောင်ကြဉ်ရမည် ဖြစ်ပါ၏၊ ထိုရှောင် ကြင်ဖွယ်ရာတို့တွင် “ လက်နက်ကုန်သွယ် ရောင်းဝယ်ခြင်း၊ လူသတ္တ၀ါကို ကုန်သွယ်ရောင်း ၀ယ်ခြင်း (လူကုန်ကူးခြင်း)၊အသားကို ကုန်သွယ်ရောင်း ၀ယ်ခြင်း၊ (မွေးမြူရေးလုပ်ငန်း များ)၊ သေအရက်(မူးယစ်မှန်သမျှ ) ကို ကုန်သွယ် ရောင်းဝယ် ခြင်း၊အဆိပ် (ပိုးသတ်ဆေး စသည်) ကို ကုန်သွယ်ရောင်းဝယ်ခြင်း ” တို့ ပါဝင်ပါ၏၊ယင်းလုပ်ငန်းတို့ဖြင့် အသက်ရှင်ခြင်းကို “ မိစ္ဆာဇီဝ - မတရားသဖြင့် အသက်ရှင်ခြင်းဟု ရှင်တော်မြတ်ဘုရားက ဟောကြားထားတော်မူပါ၏၊ ထို့ပြင် ဒုစရိုက်လွန်ကျူး၍ ရသော စီးပွါးဖြင့် အသက်ရှင်သန်နေသူသည်လည်း မိစ္ဆာဇီဝပင် ဖြစ်ပါ၏။

ထို့ကြောင့် ဥပါသကာ ဗုဒ္ဓဘာသာအဖြစ် ခံယူထားသူသည် ယင်းမိစ္ဆာဇီဝ မတရားသော အသက် မွေးဝမ်းကြောင်းတို့ကို ရာသက်ပန် ရှောင်ကြဉ်ရမည် ဖြစ်ပါ၏၊
ဥပါသကာအဖြစ် ခံယူထားပါလျှက် “ ယုံကြည်မှု သဒ္ဓါတရား မရှိ၊ စောင့်ထိမ်းမှု သီလမရှိ၊ ကောတုဟလ မင်္ဂလာကို ယုံကြည်၏၊ မင်္ဂလာကို ယုံကြည်၍ ကံကို မယုံကြည်၊ သာသနာ တော်၏အပြင်ဘက်၌ အလှူခံကိုရှာမှီး၍ သာသနာ့အပြင်ဘက်၌ ကောင်းမှုကို ရှေးဦးစွာ ပြု၏ ”၊
ထိုသူမျိုးကို “ ဥပါသကာ ဒွန်းစဏ္ဍား ၊ဥပါသကာ ညစ်၊ ဥပါသကာ အညံ့စားဟု ရှင်တော်မြတ် ဘုရားက ဟောကြားထားတော်မူပါ၏။

ထို့နောက် “ ရတနာသုံးပါး ကံ ကံ၏အကျိုးကိုသာ ယုံကြည်ခြင်း၊ ငါးပါး ရှစ်ပါး ဆယ်ပါးစသော အကျင့် သီလနှင့်ပြည့်စုံခြင်း၊ ကာမဂုဏ်နှင့်စပ်သော အာရုံခေါ် မြင်ကြားနံ တွေ့ထိမှုတို့ကိုစွဲသိ၍
ကောတုဟလမင်္ဂလာအယူကို မစွဲမယူခြင်း၊ မြင်ကြားနံတွေ့ထိသော မင်္ဂလာမှုကို မယုံကြည်မူ ၍ အကြောင်းဖြစ်သော ကံတရားကိုသာ ယုံကြည်ခြင်း၊ ဘုရားအဆုံးအမခေါ် သာသနာတော် တွင်း၌သာ ရှေးဦးစွာ ကုသိုလ်ကောင်းမှုကို ပြုလုပ်ရှာမှီးခြင်း ” ဟူသော အင်္ဂါငါးရပ်နှင့် ပြည့်စုံ သော  ဥပါသကာကို ဥပါသကာရတနာဟုလည်းကောင်း ဥပါသကာ ပဒုမ္မာဟုလည်းကောင်း ဥပါသကာ ပုဏ္ဍရိကဟုလည်းကောင်း မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့ပါ၏။

ထို့ကြောင့် မိမိကိုယ်ကို ဥပါသကာ ဗုဒ္ဓဘာသာအဖြစ် ခံယူထားသူမှန်သမျှသည် အထက်ပါ ဖေါ်ပြခဲ့သော ဥပါသကာ ကောင်းခြင်းဂုဏ်တို့နှင့် ပြည့်စုံအောင် ကျင့်သုံး နေထိုင်နိုင်ကြပါစေဟု
ဆန္ဒပြု တိုက်တွန်းအပ်ပါ၏ .. ပြီးပါပြီ။ ကောင်းသစ်။







Saturday, February 19, 2011

မေတ္တာနဲ့ နေကြပါ

ကုသိုလ်ဆိုတာ အလိုလိုမရနိုင်ပါဘူး၊ လုပ်ယူမှ ရနိုင်တယ်၊ ရရှိတဲ့သဒ္ဓါတရားကို အသုံးချမှ
နောက်တော့ သဒ္ဓါထက်မယ်၊ ရရှိတဲ့ ၀ီရိယကို အသုံးချမှ နောက်တော့ ၀ီရိယထက်မယ်။

ဘုန်းကြီးဆိုတာ ကိုယ်က အယူချည်း မဟုတ်ရဘူး၊ ပေးလည်း ပေးရမယ်၊ ဘာပေးရမလဲ၊
ကလေးတွေကို ပညာသင်ပေးရမယ်၊ ဒကာ ဒကာမတွေကို တရားဟောပေးရမယ်၊တိုင်းပြည်ကို
တစ်ဖက်တစ်လမ်းမှ အကူအညီ ပေးရမယ်။

စီးပွါးဥစ္စာ ရှာတယ်ဆိုတာ လူချမ်းသာအောင် ရှာတာဖြစ်တယ်၊ စီးပွါးရှာမှုကြောင့် ကိုယ်ဆင်းရဲ
လွန်းရင်လည်းကောင်း စိတ်ဆင်းရဲလွန်းရင်လည်းကောင်း စီးပွါးရှာရကျိုး မနပ်ဘူး၊ ဒါကြောင့်
ကိုယ်လည်း သိပ်မဆင်းရဲ စိတ်လည်း ချမ်းသာနိုင်တဲ့ စီးပွါးရှာနည်းကို စဉ်းစားကြပါ။
(ဒီဘ၀ စီးပွါးရှာမှုကြောင့် နောက်ဘ၀သံသရာမှာ သီလပျက်၍ အပါယ်လေးပါး သွားရမယ် ဆို
ရင်ကား သာ၍ပင် ၀မ်းနည်းစရာ ကောင်းလှပါတယ်။)။

သိပ္ပံပညာ တိုးတက်လာလို့ အစားကောင်းတွေ စားရ၊ အ၀တ်ကောင်းတွေ ၀တ်ရ၊ အနေကောင်း
တွေ နေရပါတယ်၊ ဒါပေမဲ့ အကျင့်စာရိတ္တဘက်က တိုးတက်မှု မရှိတာကြောင့် စိတ်ချမ်းသာမှု မရ
ကြတော့ပါဘူး၊ ဗုဒ္ဓတရားတော်ကို  သိမှသာ စိတ်ချမ်းသာမှု ရနိုင်ပါတော့မယ်။

ဗုဒ္ဓမြတ်စွာကို အာရုံပြုပြီး အမြဲတန်း မေတ္တာနဲ့နေရင် သာမာန်လူတွေထက် “ ကံ ” နဲ့ အရှိန်အ၀ါ
မြင့်တယ်၊ဒါကြောင့် အမြဲ မေတ္တာနဲ့ နေကြပါ။

အာရုံတစ်ခုခုမှာ စွဲလမ်းနေရင် ငါးမျှားချိတ်မိတဲ့ ငါးနှင့်တူတယ်။

လူတွေဟာ ဘာလေးပဲဖြစ်လိုက်ဖြစ်လိုက် ကံချည်းပဲ အောက်မေ့လိုက်ကြတာပဲ၊ ဘုရားရှင်ရဲ့
ဥာဏ် ၀ီရိယနှင့် ပြုပြင်မှု ကြိုးစားမှုကို အသားပေးဝါဒရှိပါလျှက် ကံချည်း ချထားတော့
သာသနာလည်း နာ၊ လူမျိုးလည်း နာတာပေါ့။
                                                    (အမရပူရ မဟာဂန္ဓာရုံဆရာတော်)

Friday, February 18, 2011

ဥပါသကာ(၁)


ဗုဒ္ဓရတနာ ဓမ္မရတနာ သံဃရတနာ - ရတနာသုံးပါး အမြတ်ဆုံးနေရာထား၍ ကိုးကွယ် ဆည်း ကပ်သူ အသိအမှတ်ပြုသူကို ဥပါသကာ ( အမျိုးသမီးဖြစ်လျှင် ဥပါသိကာ ) ဟု ခေါ်၏၊

ဘုရားရှင် လက်ထက်တော်က ဘုရားရှင်၏ ဓမ္မကို နာကြားခွင့်ရ၍ အမြင်မှန် ရသွားသူများသည်
“ တပည့်တော်ကို အသက်နှင့်ခန္ဓာကို တည်နေသမျှ ကာလပတ်လုံး - ဗုဒ္ဓ ဓမ္မ သံဃ - ရတနာ
သုံးရပ်ကို ကိုးကွယ်ဆည်းသူဥပါသကာဟူ၍ အသိအမှတ်ပြုတော်မူပါဟု လျှောက်ထား ကြ၏။

ယင်းသို့ လျှောက်ကြားသူတို့တွင် ဗုဒ္ဓရတနာနှင့် ဓမ္မရတနာကို ပထမဦးဆုံး လျှောက်ထား၍ ကိုး ကွယ် ဆည်းကြသူများမှာ ဥက္ကလာပဇနပုဒ်မှ ကုန်သည်ညီနောင်များ ဖြစ်ကြသော တပုဿနှင့် ဘလ္လိကတို့ ဖြစ်ကြ၏၊ ယင်းအချိန် သံဃရတနာမပေါ်သေးချေ။၊( ယင်းညီနောင်နှစ်ဦးအား ကိုး ကွယ်ရာ ကိုယ်ပွါးအဖြစ် ရှင်တော် မြတ်ဘုရားက ဆံတော်ရှစ်ဆူ ချီးမြှင့်တော်မူလိုက်၏၊ ယင်းဆံ တော်များကို  မိမိတို့ဌာန ပြန်ရောက်ကြသောအခါ စေတီတော်တည်ထား၍ ကိုးကွယ် ဆည်း ကပ် ကြ၏၊ရှေးခေတ်က ဥက္ကလာဇနပုဒ်ခေါ်၍ ယခုခေတ်အခေါ် ရန်ကုန်မြို့တော်၌ ကြည်ညို ဖွယ်ရာ ဖူးမြင်နေရသော ရွှေတိဂုံစေတီတော်မြတ်ကြီးပေတည်း)။အမျိုးသားထဲမှ ရတနာသုံးပါး  လုံးကို စတင်ကိုးကွယ်ဆည်းကပ် သူမှာ အရှင်ယသ၏ ဖခင်ဖြစ်ပါ၏၊ဗုဒ္ဓ ဓမ္မ သံဃ ရတနာ သုံးပါးလုံးကို စတင်ကိုးကွယ် ဆည်းကပ်၍ ဥပါသိကာမအဖြစ် ခံယူကြသူများမှာ အရှင်ယသ၏ မယ်တော်ကြီးနှင့်ပါရမီဖြည့်ဖက်ဖြစ်သူ ကြင်ယာတော် တို့်ဖြစ်ပါ၏၊ (ရတနာသုံးပါးကို စတင် ကိုး ကွယ်ဆည်းကပ်ခွင့်ရသော မိသားစုသည် အရှင်ယသတို့၏မိသား စုပင် ဖြစ်၏၊)။

ရှေးခေတ်က ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်သူကို ဥပါသကာဟူ၍လည်းကောင်း (အဋ္ဌက ထာ များအဆိုအရ) သမ္မဒိဋ္ဌိဟူ၍လည်းကောင်း ခေါ်ဆိုကြ၏၊ယခုခေတ်၌ကား ဗုဒ္ဓဘာသာဝင်ဟူ ၍ ခေါ်ဆိုကြပါ၏၊ဗုဒ္ဓဘာသာအဖြစ် ခံယူသူသည် သရဏဂုံသုံးပါးကို ရွတ်ဆို၍ ဆောက်တည် ရ၏၊ သရဏဂုံဆောက်တည်ရာ၌ အနက်အဓိပ္ပါယ်သိမှ ပို၍လေးနက်မှု ရှိပါ၏၊ထို့ကြောင့် မိမိကိုယ်ကို ဗုဒ္ဓဘာသာအဖြစ် ခံယူထားသူမှန်သမျှသည် ရတနာသုံးပါးအကြောင်းကို သိနိုင် သမျှသိအောင်မဖြစ်မနေ လေ့လာထားအပ်ပါ၏၊အသိနှင့်ယှဉ်သော ယုံကြည်ချက်သည် ပျက်ခဲ လှပါ၏။

မိရိုးဖလာအရ ခပ်ပေါ့ပေါ့ ကိုးကွယ်သူများသည် မခိုင်မြဲ၊ယိုင်လဲလွယ်တတ်ပါ၏၊စီးပွါးရေး လူမှု ရေး အိမ်ထောင်ရေးကြောင့် ဘာသာတပါး ပြောင်းသွားသူများလည်း မနည်းတော့၊ဤသည်မှာ အသိဥာဏ် နည်းပါးလွန်းရကား တစ်ဘ၀တစ်နပ်စာသာ ကြည့်ကြသောကြောင့် ဖြစ်ပါ၏၊ ထိုသူ များသည် “ငါးစားသာမြင်၍ ငါးမျှားချိပ် မမြင်သော ငါးများနှင့် တူသည်”ဟု ဥပမာပြုရလျှင် လွန် အံ့မထင်ပါ၊(အမျိုးလည်းပျက် ဘာသာလည်းပျက် မိမိတို့ယဉ်ကျေးမှုလည်းပျက်၍ သတိထား သင့်လှပါ၏၊)အကောင်း ညွန်ကြားချက်မှန်သမျှ ဗုဒ္ဓတရားတော်၌ ပြည့်စုံစွာ ရှိနေပါ၏၊ အမြင့်ဆုံး နိဗ္ဗာန်ထိညွန်ပြထားသော်လည်း အနိမ့်ဆုံး မိသားစုကျင့်ဝတ် အိမ်ထောင် ရှင်ကျင့်ဝတ် မိတ်ဆွေ
ကျင့်ဝတ် အလုပ်ရှင်နှင့်အလုပ်သမားကျင့်ဝတ် ဆရာဒကာကျင့်ဝတ် ဆရာတပည့်ကျင့်ဝတ် စသည့် ကျင့်ဝတ်များကို ဟောကြားလမ်းညွှန်ထားတော်မူပါ၏၊ ထို့ပြင် စီးပွါးရေး နိုင်ငံရေး ဘာသာရေး လမ်းညွန်ချက်များလည်း ပြည့်စုံစွာ ရှိနေပါ၏၊ထို့ကြောင့် ဓမ္မနှင့်ပတ်သက်၍“ ကေ၀ လပရိပုဏ္ဏံ  ဖြည့်စရာမလိုအောင် ပြည့်စုံခြင်း၊ကေ၀လပရိသုဒ္ဓံ - ဖျက်စရာမရှိအောင် စင်ကြယ် ခြင်း ” မူနှင့် ပြည့်စုံကြောင်း ဒေသနာတော်၌ အာမခံထားပါ၏၊

ရတနာသုံးပါးကို ကိုးကွယ်ရာ၌ ရှေးသူတော်ကောင်းများက သတိပေးထားသော “ ဘုရားကို ဆင်းတု ကွယ်တတ်သည်၊ တရားကို ဓမ္မကထိက ကွယ်တတ်သည်၊ သံဃာကို ဘုန်းကြီး ကွယ် တတ်သည် ” ဟူသော စကားလေးကို “ သတိထား ” သင့်ပါ၏။

ဘုရားကို ဆင်းတုကွယ်တတ်သည် - ဆိုရာ၌ အချို့ဗုဒ္ဓဘာသာဝင်များသည် ဘုရားကို ကိုးကွယ်သည်ကား မှန်၏၊ သို့သော် ဘာနေ့သားမို့ ဘာသားကို ထုထားသောဘုရား ကိုးကွယ်မှ
စီးပွါးတက်မည်၊ ဘယ်လို ဘုရားများ မကိုးကွယ်ကောင်း၊စသည်ဖြင့် ဂုဏ်တော်ထိ အာရုံမပြု နိုင်ပဲ  ဆင်းတုရုပ်ပွါးလောက်ကိုသာ စိတ်ကထား၍ ကိုးကွယ်တတ်ကြ၏၊တစ်ချို့က ရွှေရှိမှ တန်ခိုး ကြီးဘုရားမှ လူစည်ကားမှ ကိုးကွယ်ချင်ကြ၏၊  ဂုဏ်တော်ထိ အာရုံမပြုနိုင်ကြတော့ချေ။
ယင်းသို့သော သူတို့၏ ကိုးကွယ်မှုကို ရည်ရွယ်၍ဘုရားကို ဆင်းတု ကွယ်တတ်သည်ဟု သတိ ပေးထားခဲ့ခြင်းဖြစ်ပါ၏၊ အမှန်အားဖြင့် မိမိစိတ်က သက်တော်ထင်ရှားဘုရားကဲ့သို့ အာရုံပြု၍ ကိုးကွယ်ဆည်းကပ်လျှင်( ရုပ်ပွါးဆင်းတုကိုးကွယ်နေရသော်လည်း ) သက်ရှိဘုရား ကိုးကွယ် ရသလို အကျိုးပေးတူညီကြောင်း ဟောထားတော်မူပါ၏၊ ပုံတော်ရုပ်ပွါးတော်တင် စိတ်ရပ်မနေပဲ ဘုရားရှင်၏ ဂုဏ်တော်ထိ အာရုံပြု၍ ကိုးကွယ်ဆည်းကပ်နိုင်ကြပါစေ..၊

တရားကို ဓမ္မကထိက ကွယ်တတ်သည် - တဲ့။ တရားနာခြင်းသည် ကောင်းမြတ်သော ကြီပွါး ကြောင်း မင်္ဂလာတစ်ပါးဖြစ်၏၊ တရားနာလျှင် သဒ္ဓါတရားတိုး၏၊ပညာတိုး၏၊ယင်းနှစ်ပါးမှ မတိုး လျှင် ( မနာတတ်၍လား တိုးစရာမပါ၍လား ) စဉ်းစားစရာပင် ဖြစ်၏။ ပညာမတိုးပဲ အသိမှား များ တိုးလျှင် သာ၍ပင်ခက်တော့၏၊ ဆေးကြောင့်ဖြစ်သော ရောဂါသည် အကုခက်၏ - ဆိုရိုး စကားရှိသည် မဟုတ်ပါလား။

ဓမ္မံ သရဏံ ဂစ္ဆာမိ - ဟု ဆိုသော်လည်း တစ်ချို့တရားနာသူများသည် ဓမ္မကထိကစွဲဖြင့် နာယူ လေ့ ရှိကြ၏၊ ဘယ်ဓမ္မကထိကမှ စသည်ဖြင့် အစွဲနာ နာကြ၏၊  နာမည်ကြီးမှ ရယ်စရာ ပြောပြမှ
စသည်ဖြင့် မယောင်ရာ ဆီလူးနေကြ၏၊ ဓမ္မစွဲဖြင့် နာယူခြင်းမဟုတ်ပဲ ဓမ္မကထိက ပုဂ္ဂိုလ်စွဲဖြင့် နာယူကြ၏၊လမ်းမှန်လျှောက်ရင်းမှ လမ်းမှားသို့ သွေဖယ်မှန်းမသိသွေဖယ် သွားကြ၏၊ယင်းကဲ့ သို့ သော သူများကို ရည်ရွယ်၍ တရားကို ဓမ္မကထိက ကွယ်သည် ဟု သတိပေးခဲ့ခြင်းဖြစ်၏။
တရားမှန်များ နာယူတတ်ကြ၍ ယဉ်ကျေးသော သိမ်မွေ့သော သူတော်စင်များ ဖြစ်နိုင် ကြပါစေ.
 ( အဓမ္မအစားဝင် ထွန်းကားလာလျှင် ဓမ္မပျောက်ကွယ် သွားတတ်ပါ၏)။

သံဃာကို ဘုန်းကြီးကွယ်၏တဲ့၊
သံဃံ သရဏံ ဂစ္ဆာမိ - (မိ)ဆိုသည့်အတိုင်း သံဃာ့ဂုဏ်ထိ အာရုံပြုကာ ထိထိမိမိ ကြည်ညို တတ်ဖို့ လိုအပ်ပါ၏၊မဂ္ဂဋ္ဌာန်လေးရောက် ဖလဋ္ဌာန်လေးရောက်ဟုဆိုအပ်သောရှစ်ယောက်သော  ပရမတ္ထသံဃာကို ရည်မှတ်လျှက် သမ္မုတိသံဃာတော် ပေါင်းရုံးသောအားဖြင့် “ ဤသံဃာ တော်အရှင်မြတ်အပေါင်းသည် ဆင်းရဲကို ပယ်ဖျောက်တားမြစ်၍ စီးပွါးချမ်းသာကို ဆောင်တတ် ပေရကား ကိုးကွယ်ရာဖြစ်၏ဟူ၍ နှလုံးသွင်း ဆည်းကပ် သိမှတ် ကိုးကွယ် သူသည်” ထိထိ မိမိ ကိုးကွယ်သူ ဖြစ်ပါ၏၊ဤသို့ သံဃာ့ဂုဏ်ကို အာရုံပြု ကြည်ညိုတတ်ဖို့ အထူးအရေးကြီးလှပါ၏၊

ဆေးကုပေး၍ ဆည်းကပ်ခြင်း၊ ဓါတ်ရိုက်ဓါတ်ဆင် ယတြာချေပေး၍ ဆည်းကပ်ခြင်း၊ မေးမြန်း ဖေါ် ပေးကမ်းဖေါ်ရ၍ ဆည်းကပ်ခြင်း၊ ဂဏန်းပေး၍ဆည်းကပ်ခြင်းစသည်များသည် ဂုဏ်တော် ကို သွေဖယ်၍ ဆည်းကပ်ခြင်းများ ဖြစ်ပါ၏၊ယင်းသို့သော ကိုးကွယ်ဆည်းကပ်ခြင်းများကို ရည်ရွယ်၍ သံဃာကို ဘုန်းကြီး ကွယ်တတ်သည်ဟု ဆုံးမခဲ့ခြင်း ဖြစ်ပါ၏၊ထို့ကြောင့် ရတနာသုံးပါး  ကိုးကွယ်ရာဟူ၍ ဆည်းကပ်သူ သိမှတ်သူမှန်သမျှသည် မှန်မှန်ကန်ကန် ပညာ ဖြင့်ယှဉ်၍ ကိုးကွယ်ဆည်းကပ်သူများဖြစ်အောင် မိမိကိုယ်ကို သတိထားအပ်ပါ၏၊ အမှန်အားဖြင့် ဖေါ်ပြခဲ့သော ကွယ်ခြင်းသုံးပါးသည် ကြည်ညိုသူ၏ စိတ်နှင့် ( အာရုံပြုမှုနှင့် ) ပတ်သက် နေ သည်ကို သိရှိကြ၍ ကွယ်ခြင်းသုံးပါးမှ ကင်းဝေးနိုင်ကြပါစေ…၊
(နဖူးပွန်းနှင့် ဒူးပွန်းခံကာ ကိုးကွယ်ပါလည်း ဆရာလွဲက ငရဲအပါယ် အမြစ်တွယ် ၀ဋ်နွယ်ရှည်
လျှားရာ- တဲ့)။      ကောင်းသစ်

Wednesday, February 16, 2011

ကျီးငှက်၏ မာယာ (၂ )

အမှန်အားဖြင့် မယုံကြည့်သင့်သည်ကို ယုံကြည်ခြင်းသည် သဒ္ဓါတရား မဟုတ်၊မိစ္ဆာဓိမောက္ခ -
မှားယွင်းစွာ ဆုံးဖြတ်မှုဖြစ်၏၊ ယင်းအမှား၏ရလာဒ် ကောင်းကျိုးမရနိုင်၊ ဆိုးကျိုးသာ ရနိုင်မည်
ဖြစ်ပါ၏၊

ပင်လယ်၏ တစ်နေရာ ကျွန်းငယ်၌ နှစ်ပေါင်းကြာမြင့်စွာ ဘေးကင်းရန်ကင်း စိတ်ချမ်းသာခြင်း
ဖြင့် နေထိုင်လာကြသော ငှက်အပေါင်းသည် မာယာကြွယ်သောကျီးငှက်၏ အဆန်းထွင်
လမ်းစဉ်ဖြစ်သည့် ခြေတစ်ဖက်မြှောက် လေစားကျင့်စဉ်ကို အဟုတ်ကြီး ထင်မှတ်သွားကြ၏
ထင်မှတ်ထားကြ၏၊ သူတို့ကို လမ်းပြမည့် ဆုံးမမည့် ကယ်တယ်ရှင် သူတော်စင် ငှက်ထူးကြီး အဖြစ် အားလုံးက ( စူးစမ်းမှုကင်းမဲ့စွာ ) အသိအမှတ် ပြုလိုက်ကြ၏၊

အရှေ့လောကဓါတ်မှ ထွက်ပေါ်လာစဖြစ်သော် နေရောင်ခြည် နုနုလေးသည် လောကဓါတ် တစ်ခုလုံးကို ဆလိုက်မီးထိုးသလို အလင်းရောင် စတင်၍ ပေးနေလေပြီ။
နံနက်ခင်း ငှက်မျိုးစုံတို့၏ တွန်ကျူး ပျော်မြူးသံတို့ဖြင့် ပင်လယ်ကျွန်းလေးသည် သာယာလှပ
နေတော့၏၊ ပါစက၀မ်းမီးသည် လောင်စာလို၍ ၀မ်းဗိုက်ကို အပူဟပ်နေလေပြီး၊ ငါ့ဝမ်းပူဆာ
မနေသာတော့၊ ငှက်များသည် ချစ်လှစွာသော ရင်သွေးငယ် မွေးကင်းစလေးများ အကောင် အဖြစ်မရောက်သေးသည် ဥကလေးများကို အသိုက်မှာ စောင့်ရှောက်သူမဲ့ ထားခဲ့၍ နေ့စဉ် အစာရှာထွက်ကြရ၏၊မည်သည့် ဘေးရန်မှတော့ ပေါ်မလာ၊ ပျော်စရာ ကမ္ဘာလေး ဖြစ်ခဲ့၏။

ယနေ့လည်း အခါတိုင်းနည်းတူ အစာရှာထွက်ရန် ပြင်ဆင်နေကြ၏၊ တောင်ပန်များဖျန့်၍
ပျံသန်းမည့် ခရီးလမ်းအတွက် အားစမ်းနေကြ၏၊ အခါတိုင်းတော့ အားလုံးအစာရှာထွက်ကြ၍
မှာစရာ မရှိ၊ ယခုတော့ သူတော်စင် ကျီးငှက်ရှိနေပြီဖြစ်၍ ၀မ်းစာအတွက် အစာရှာထွက်ခါနီး သူတို့၏ရင်သွေးငယ်များအား စောင့်ရှောက်ပေးဖို့ အပ်နှံခဲ့ကြ၏၊

ကျွန်းပျော်ငှက်တို့သည် အားလုံး အစာရှာ ထွက်သွားကြတော့၏၊ သူတော်ယောင်ကျီးငှက်
သည် ကျန်ခြေထောက်တစ်ချောင်းကိုပါ မြေပေါ်ထောက်လိုက်၏၊ထို့နောက်တော့ မွေးကင်း
စ ငှက်ငယ်လေးများ ရှိရာသို့ ခပ်သုတ်သုတ် ပြေးသွား၏၊တစ်ကောင်းပြီး တစ်ကောင်၊ဥတစ် လုံးပြီး တစ်လုံး၊ ဆာလောင်မွတ်သိပ်မှု ဝေဒနာ ခုမှ ဖြေသာသွားတော့၏၊ ယနေ့အတွက်
ဝမ်းရေးကိစ္စ ပြီးသွားပြီဖြစ်၍ မူလနေရာသို့ ပြန်သွားကာ“ ခြေထောက် ပါးစပ်ဟ” အယောင်
ဆောင်ပြ ကျင့်စဉ်ကို ဆက်လက်ကျင့်နေလေတော့၏၊

နေသည် တဖြည်းဖြည်း မြင့်တက်လာရာမှ နေ့မွန်းမတည့်မှီ အချိန်သို့ပင် ရောက်လာလေပြီ၊
အစာရှာထွက်သွားသော ငှက်တို့သည်လည်း အစာဝလို့ ဌာနသို့ ပြန်လာကြလေပြီ၊သူတို့နှုတ်
သီးများ၌ ရင်သွေးငယ်များအတွက် အစာများ ချီလာကြ၏၊ တစ်ချို့က စပါးနှံများ ညောင်သီး
လေးများ နေကြာစေ့များ မြေပဲဆံများ တစ်ချို့ ပိုးကောင်းလေးများ စသည်စသည် သယ်ချီလာ
ကြ၏၊ သူတို့၏ ရင်သွေးငယ်လေးများသည် အစာဆာလှ၍ မျှော်နေရှာကြပေရော့မည်၊
အစာဝလို့ ဌာနပြန်လာကြသော ငှက်တို့သည် မိမိတို့ အသိုက်မြုံရှိရာသို့ တန်းတန်းမတ်မတ်
ပြေးဝင်သွားကြ၏၊ တစ်ချို့ငှက်မိခင်များ ရင်သွေးငယ်များကို မတွေ့ရတော့၊ တစ်ချို့ ရင်သွေး
ဖြစ်လာမည့် ဥလေးများ မတွေ့တော့ ၊ တွေ့ရသည်များမှာတော့ ဥခွံကွဲများ သွေးစသွေးနများ။
သားပျောက် ဥပျောက်မိခင်ငှက်တို့၏ ငိုကြွေးမြည်တမ်းသံသည် ကမ္ဘာပျက်သလို ဆူညံသွားတော့၏၊ ကျူးရင်သံတို့ဖြင့် အမြဲတန်း ငြိမ်းချမ်းသာယာနေသော ကျွန်းသာယာလေး
သည် ယနေ့တော့ ငိုးကြွေးသံတို့ဖြင့် အစားထိုးနေလေပြီ၊ အေးမြသော မိခင်တို့၏ ရင်ခွင်သို့
သောက အပူမီးတောက်တို့ နေရာယူလာကြလေပြီ၊ သားသမီးအပေါ်ထားရှိသည့် သံယောဇဉ်
နှင့်ညီမျှသော သောကမီးတောက်တို့၏ အရှိန်သည် နှလုံးကွဲမတတ် ပူလောင်လှချေ၏တကား။

ကိုးကွယ်ရာမှ ဘေးဖြစ်လေပြီ၊ မိခင်ငှက်တို့သည် ဤကျွန်းသို့ တခြားမှ ပျံသမ်းလာသော သိမ်း ငှက်ကြီးများ စွန်ရဲကြီးများ လင်းယုံငှက်ကြီးများသည် မိမိတို့၏ ရင်သွေးငယ်များကိုစားသောက် သွားသည်ဟု ထင်မှတ်နေကြ၏၊ ကျီးသူတော်ယောင်ကိုကား မည့်သည့်ငှက်ကမျှ မိမိတို့၏ ရင်
သွေးများကို စားသည်ဟု မထင်မှတ်ကြ၊သံသယမျှပင့် မဖြစ်ကြပေ၊အကျင့်ပြင်းထန်သော လေစား ငှက်သူတော်စင်ကြီးဟုသာ စွဲမြဲစွာ ယုံကြည်ထားကြ၏၊
“ အိမ်ကိုဖျက်တာ ကြွက်၊ တောကိုဖျက်တာ မျောက်၊ ငှက်ကိုဖျက်တာ ကျီး ” ဟူသော စကား ကို ယင်းကျွန်းနေ ငှက်များ မသင်ဘူး မကြားဘူးကြလေရောင်တကား၊

ဤသို့ဖြင့် နေစဉ် ရက်ဆက်လိုလို အစာရှာသွားခိုက် ကျန်ရစ်ခဲ့သည့် ရင်သွေးငယ်များသည်
ပျောက်ခြင်းမလှ ပျောက်ပျောက် ကုန်တော့၏၊င့ါဝမ်းပူဆာ မနေသာ၍သာ အစာရှာထွက်နေ
ကြရ၏၊ အပြန်ခရီး ရင်သွေးငယ်များ၏ မျက်နှာ မြင်မှမြင်ရပါ့မလားဟု စိုးရိမ်စိတ်ကိုယ်စီဖြင့်
ဘ၀၀မ်းစာ ရှာနေကြရ၏၊ အပြန်ခရီး ရင်သွေးငယ်များတွေ့သော မိခင်များမှ တဒင်္ဂစိတ်ချမ်း
သာမှု ရသော်လည်း မတွေ့ရသော မိခင်များခမျာ သောကမိုးစွေ၍ ဒေါသအခိုးတွေ ဝေနေ တော့၏၊( ဤနေရာကို ထောက်ဆ၍ အတွင်းရန်သည် (ပူးသတ်ရန်သည် ) အပြင်ရန်ထက်
သာ၍ ကြောက်စရာကောင်းပါ၏၊ တနည်းအားဖြင့် ရန်သူသည် ရန်သူလို နေခြင်းထက် ရန်သူ
က မိတ်ဆွေရောင်ဆောင်နေခြင်းသည် ( ရှောင်၍မလွယ် မရသောကြောင့် ) ကြောက်စရာ
ကောင်းလွန်းလှပါ၏၊)
ဘုရားလောင်းငှက်မင်းသည် စဉ်းစားရတော့၏၊ မစဉ်းစား၍ မရတော့၊ အားလုံးက သူ့ကို အကြီးအမှူးအဖြစ် တင်မြှောက်ထားသည် မဟုတ်ပါလား၊ မိမိကိုမှီခို အားကိုးနေသော ငှက်အပေါင်း၏ခေါင်းဆောင်ဖြစ်သည့်အားလျှော်စွာ သူတို့အရေးသည် မိမိအရေးပင် ဖြစ်၏။ 
ဤ အတိုင်းသာ ဆက်လက်၍ သွားလျှင် ငှက်မျိုးနွယ်စုသည် မျိုးပျောက်စရာ ဖြစ်သွားနိုင်၏ ၊ အမှုမှန်ကို စုံစမ်းမှ ဖြစ်ပေတော့မည်။

ယခင်က ဤမြေ ဤရေ ဤကျွန်းသာ၌ ဤကဲ့သို့သော ကိစ္စမျိုး တစ်ခါမှ မပေါ်ပေါက်ဘူးချေ၊
ယခုမှသာ ပေါ်ပေါက်လာခြင်းဖြစ်၏၊ ယခုမှ ဘာဖြစ်လို့ ပေါ်လာတာလဲ၊ လဲပေါင်းများစွာ ဘုရား
လောင်းငှက်မင်း၏ ဥဏှောက်ထဲ၌ ချာချာလည်နေ၏၊ လည်နေရာမှ သဲလွန်စ တစ်ခုကို တွေးမှိ
လိုက်၏၊ မျိုးနွယ်စိမ်းဖြစ်သော ကျီးငှက် ရောက်လာမှ ဤဘေးရန်သည် ပေါ်ပေါက်လာ၏၊ သတ္တ၀ါတို့သည် အသားစားမျိုးနွယ်ရှိ၏၊ အသီးအရွက်စား မျိးနွယ်ရှိ၏၊လေစားမျိုးနွယ်ဟူ၍
ကား မကြားဘူးချေ၊ သို့သော် ဤကျီးသည် လေကိုသာ စားသည်ဟု ပြောနေ၏၊ဤသည်မှာ ကျီးငှက်၏ (သူတပါး အထင်ကြီးအောင် ) မရှိဂုဏ်ကို အရှိထင်အောင် လှည့်စားညာဖျန်း သော မာယာထောင်ချောက်တစ်ခုသာ ဖြစ်တန်ရာ၏၊
မိမိအထင် မိမိသံသယကို ငှက်အပေါင်းကို ပြောလျှင်လည်း သက်သေ မပြနိုင်သေး၍ ယုံကြည် ကြလိမ့်မည်မဟုတ်ချေ၊ သူတို့သည် ကျီးငှက်ကို တကယ့်သူတော်စဉ်အဖြစ် စွဲမြဲစွာ ယုံကြည် ထားကြသည် မဟုတ်ပါလား၊

ယနေ့လည်း ခါတိုင်းလိုပင် ငှက်များသည် သားသမီးများကိုစိတ်မချသော်လည်းဝမ်းစာအတွက် အစာရှာထွက်သွားကြလေပြီ၊ ဘုရားလောင်းငှက်မင်းသည် အစာရှာသွားဟန် ပျံသန်းသွား၍ ကျီးငှက်မမြင်နိုင်သည့် လုံခြုံသော ခြုံပုတ်တစ်ခု၌ ပုန်းအောင်းရင်း ကျီးငှက်ကို လေ့လာအကဲ ခပ်နေ၏၊ ကျီးသူတော်ယောင်သည်လည်း နေ့တိုင်းလိုပင် ငှက်များ အစာရှားသွားပြီးထင်
၍ မြှောက်ထားသော ခြေထောက်တစ်ချောင်းကို မြေပေါ်ချ သွက်လက်သော ချေလှမ်းတို့ဖြင့်
အသိုက်အမြုံသို့ သွား၍ ငှက်ငယ်လေးများ ငှက်ဥများကို စိတ်တိုင်းကြ မြိန်ရေရှက်ရေ စားသုံး လေတော့၏၊ အစာဝသောအခါ မိမိရပ်မြဲတိုင်းသော နေရာသို့ သွားကာ ခြေတစ်ဖက်မြှောက်၍ နှုတ်သီးကိုဟ လေကို ၀အောင်စားနေသည့်ဟန် ဟန်ဆောင်၍ နေလေတော့၏၊တစ်နေရာက
သူ့ကို လေ့လာနေသော ငှက်တစ်ကောင်ရှိနေသည်ကိုတော့ သူမသိလိုက်လေတကား၊

ငှက်အပေါင်းတို့သည် အစာရှာရာမှ ပြန်လာကြလေပြီး၊ ခါတိုင်းကဲ့သို့ပင် သားပျောက်မိခင်တို့
၏ ငိုမြည်သံကို ကြားနေရ၏၊ဘုရားလောင်းငှက်မင်းသည် ငှက်အားလုံးကို စည်းဝေးစေ၏။
စုံညီသောအခါ “ ရင်သွေးတို့၏ဘေးရန် မိမိတို့၏ရန်သူ ” သည် အခြားမဟုတ်၊ တရားမရှိပဲ
တရားရှိသူဟု မိမိတို့ကို လိမ်ညာနေသော ဤကျီးငှက်သူတော်ယောင်ပင် ဖြစ်ပေ၏၊ - ဟု
မိမိ အစာရှာမလိုက်ပဲ လေ့လာအကဲခပ် တွေ့ရှိချက်များကို ပြောကြားလိုက်တော့၏။

ကျီးငှက်၏ ကိုယ်ကျင့်တရား ကိုယ်ရေးရာဇ၀င်ကို မသိရှိကြပဲ အံ့သြဖွယ်ကို အားကိုးစရာ
အဖြစ် ထင်မှတ်ကာ ချီးမွမ်းခန်းဖွင့်၍ ကိုးကွယ်ဆည်းကပ် သူတော်စင်ဟု အသိမှတ်ပြုမှား
ခဲ့ကြ၏၊ ဥနှင့်ငှက်ငယ်များကို အကြင်နာမဖက် ရက်စက်စွာ စားသုံးနေပါလျှက် နှုတ်ကမူ
တရားကျင့်ကြ တရားကျင့်ကြဟု အော်မည်နေသေး၏၊နှုတ်ပြောတစ်ခြား အကျင့်တစ်ခြား  ဖြစ်နေသည်ကို ယနေ့ မျက်ဝါးထင်ထင် မိမိတွေ့မြင်ခဲ့လေပြီ၊ တရားသံနှော၍  ချိုမြိန်သည်ဟု ထင်ရသော သူ့စကားလုံးတိုင်း၌ (မာယာအဆိပ်) ပါနေသည်ကို မိမိတို့သည်  သတိမထား မှိခဲ့ကြ၊ သတိမထားမှိ၍ အပြစ်မဲ့သော ရင်သွေးငယ်ငှက်ငယ်လေများ၊  ငှက်အဖြစ် မရောက် သေးသည့် ဥကလေးများသည် ဤငှက်လောကမှမပျောက်သင့်သေးပဲ ပျောက်ကွယ် သွားကြရ၏။

ယခု ရန်သူအစစ်ကို မိပေပြီး၊ဆက်လက်လိမ်ညာခွင့် ရပ်တည်ခွင့် ပေးစရာမလိုတော့၊
ဤမြေ ဤရေ ဤကျွန်းသာ၌လည်း ဆက်လက် ထားစရာ ပေါင်းသင်းနေစရာ မလိုတော့၊
သူတော်ယောင် ကျီးငှက် ထွက်လမ်းမရှိအောင် ၀န်းရံပိတ်ဆို့ကြကုန်လော့ - ဟု မိမိ၏
ငှက်မျိုးနွယ်စုများကို အမိန့်ပေးရင်း မိမိကိုယ်တိုင်ပင် စတင်၍ ကျီးငှက်၏ ဥခေါင်းကို ချွန်မြ
နေသာ နှုတ်သီးဖြင့် စတင်ထိုးဆိတ်လေတော့၊ နှုတ်သီးဖြင့်ဆိတ်သံ တောင်ပန်ဖြင့် ရိုက်ခပ်သံ
ခြေသဲများဖြင့် ကုတ်ဖဲ့သံတို့သည် တစ်ကျွန်းလုံး ဆူညံသွားတော့၏၊

ဆူညံသံလည်း တိတ်သွားပေပြီး၊ သူတော်ယောင် ကျီးငှက်သည်လည်း ပျောက်ကွယ်၍ သွား
ချေပြီး၊ပင်လယ်ကျွန်းလေးသည် ရှေးယခင်လိုပင် ဘေးရန်ကင်းစွာဖြင့် ပျော်စရာ “ ငှက်ပျော် ကျွန်း ” တစ်ခုသို့ပင် ပြန်ရောက်သွားပေပြီ။ သူတို့သည် မျိုးနွယ်စု ရင်သွေးငယ်များဖြင့်ရင်း၍ အသိတစ်ရားတစ်ခုတော့ ရရှိသွားကြ၏၊ ပညာမပါပဲ ကိုးကွယ်လျှင်  “ ကိုးကွယ်ရာမှ ဘေးဖြစ်တတ်သည် ” ဟူ၍။

                       
                       ပြီးပါပြီး - ကောင်းသစ်


Tuesday, February 15, 2011

စာရိတ္တ

စာရိတ္တဟာ ကလေးတွေကတည်းက သင်ပေးမှဖြစ်တယ်၊ ကြီးမှသင်ရင်
မရတော့ဘူး၊မလွယ်တော့ဘူး၊ရုပ်ရှင်တို့ဘာတို့ဝင်တော့ သဘောကျကြတယ်၊
ဒီတော့ မြန်မာ့ သားသမီးတွေမှာ မြန်မာနှင့်မတူတော့ဘူး၊ကပြားလေးတွေ
ဖြစ်လာတယ်။

တတ်ရုံ မှတ်ရုံနဲ့ မကြီးပွါး၊ ကောင်းနိုးရာကို ရွေးချယ်ပြီး လိုက်နာပြုကျင့်မှ
ကြီးပွါးမယ်။

ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ စွမ်းရည်သတ္တိဖြင့် အရာမရောက်နိုင်ပါ၊
ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကောင်းမှ အထမြောက်တယ်။

ဘာသာ ယဉ်ကျေးမှုမရှိရင် ဘယ်လိုလုပ်မလဲ၊ဘာသာ ယဉ်ကျေးမှုမရှိရင်
ကျေးဇူးတရားကို အလေးထားတော့မှာ မဟုတ်ဘူး၊ ဒီလိုဆိုရင် လူ့လောက
ပျက်စီးဖို့သာ ဖြစ်တယ်။

ဗုဒ္ဓသြ၀ါဒတရား လိုက်နာသူဟာ ဒီဘ၀မှာလည်း လူကောင်းသူကောင်း
တစ်ယောက်ဖြစ်နိုင်ပြီး စိတ်ချမ်းသာမှုကိုလည်း ရနိုင်ပါတယ်။
အပြစ်တစ်စုံတစ်ရာ မကျူးလွန်တဲ့အတွက် သေရမှာကို မကြောက်ပဲ
ဒီဘ၀ကို ရဲရဲကြီး စွန့်လွှတ်နိုင်သူလည်း ဖြစ်နိုင်ပါတယ်။

ပါရမီဆုကို မကျင့်ပဲ တောင်းနေရုံနဲ့ မရဘူး။
မတောင်းပဲ ကျင့်နေရင် ရပါတယ်။
                            (အမရပူရ မဟာဂန္ဓာရုံဆရာတော်)

Monday, February 14, 2011

စေတီတော်

ကျီးငှက်၏ မာယာ

မာယာသည် ရှိသော အပြစ်ကို ဖုံးကွယ်၍ မိမိမှာ အပြစ်ကင်းဟန်ဆောင်၏။
သာဌေယျကား မိမိမှာ မရှိသောဂုဏ်ကို ရှိဟန်ဆောင်၏၊

လွန်လေပြီးသော အတိတ်ကာလ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း ထီးနန်းစိုးစံစဉ်အချိန်
ဘုရားလောင်းသည် ငှက်မျိုး၌ အကြီးအကဲ အဖြစ်ဖြင့် ဖြစ်ခဲ့ဘူး၏။
( ပုထုဇဉ် ဘ၀ဖြင့် သံသရာကျင်လည်သူမှန်သမျှ ပါရမီဖြည့်နေသူ ပါရမီရှင်ပင်ဖြစ်သော်
လည်း ကိလေသာ အနုသယများကား ကိန်းနေသည်သာ ဖြစ်ပါ၏၊ အာရုံနှင့်အကြောင်းတိုက်
ဆိုင်သော အခါ ထကြွလာသော အနုသယကိလေသာကို မထိမ်းနိုင်၍ ယိမ်းယိုင်ကာ
အကုသိုလ် ပြုမှိသည်လည်း ရှိခဲ့၏၊အကုသိုလ်ဟူသည်လည်း မျက်နှာကြီးငယ်မလိုက်၊လွန်
ကျူးမှိသူကို အကျိုးပေးဖြစ်အောင် ပေးသည်သာ ဖြစ်၏၊ ထို့ကြောင့် ပြုမှားသော အကုသိုလ်
ကံတစ်ခုခုကြောင့် ဘုရားအလောင်းတော်သည် ထိုစဉ်က ငှက်မျိုး၌ ဖြစ်နေရ၏)

ရှေးခေတ်ကာလ သိပ္ပံပညာ မထွန်းကားသေးသော အချိန်ဖြစ်၍ အရပ်မျက်နှာကို တိကျစွာ
ညွှန်ပြသော “ သံလိုက် အိမ်မြှောင်များ ” မပေါ်သေးချေ။ပင်လယ်ခရီး သွားသူများသည်
ကမ်းကြည့် ငှက်ကို မွေးမြူ၍ သွားကြရ၏၊ ကမ်းကြည့်ငှက်အဖြစ် ကျီးကန်းကို အသုံးပြုများ
ကြ၏၊ ဆိုက်ကပ်နားခိုဖို့ ကျွန်းများကို ရှာဖွေလိုသောအခါ ကမ်းကြည့်ငှက်ကို လွှတ်လိုက်၏
ကမ်းကြည့်ငှက်သည် ပျံသန်းသွား၍ အကယ်၍ ကမ်းမြင်လျှင် သို့မဟုတ် ကျွန်းတစ်ခုခုမြင်
လျှင် ပြန်မလာတော့၊ ကမ်း သို့မဟုတ် ကျွန်းသို့သာ ဦးတည် ပျံသန်းသွားတော့၏၊အကယ်၍
နားခိုစရာ မမြင်လျှင် ရွက်လှေသို့သာ ပြန်၍လာ၏၊ ကမ်းကြည့်ငှက်ကို ပျံရာကို ကြည့်၍ ဆိပ်
ကမ်းကို ရှာဖွေရသော ခေတ်ဟောင်းဖြစ်၏။

တစ်နေ့ ပင်လယ်ခရီးသွားသူများသည် ပင်လယ်တွင်း၌ အင်အားပြင်းထန်သော လေမုန်းတိုင်း မိ၍ လေဒါဏ်ကိုကြံ့ကြံ့ခံရင်း အံတုသော်လည်း အားမတန်၍ မာန်လျှော့ရတော့၏။ လှေသည် လေဒါဏ်ကြောင့်အပိုင်းပိုင်း ကျိုးပျက်ကုန်တော့၏၊ လှေပေါ်ရှိ လူအားလုံးတို့သည် လေဒါဏ်ထိ ရေဒါဏ်ပိ၍ ပင်လယ်လိပ်ကြီးများ ငါးကြီးများတို့၏ အစာအဖြစ် ဘ၀တစ်ခုကို နိဂုံးသတ်သွားကြ ရ၏၊ ခေါင်းနေရာ ခြေသိ၏-တဲ့။ သူတို့ခေါင်းချရာသည် သူတို့ ထင်မထားသည် ပင်လယ်ပြင် ဖြစ်သွားတော့၏၊ ကမ်းကြည့်ငှက်သည် ပျံသန်းရင်း ကံကောင်းထောက်မစွာ အနီးရှိ ကျွှန်းငယ် တစ်ခုသို့ ရောက်သွား၏။ထိုကျွန်း၌ ငှက်ပေါင်းများစွာ ဘေးရန်မဲ့ နေထိုင်ကြ၏၊

ကမ်းကြည့်ငှက်သည် အကြံထုတ်၏ငှက်များကို အလွယ်တကူ စားသုံးရန် ဖြစ်၏၊သူ၏ အကြံသည် “ အံ့ဖွယ်သရဲ” ကို ပြုရင်းယုံကြည်သူများကို ရိုက်စားလုပ်ရန်ဖြစ်၏၊
ကျီးငှက်သည် သူ့အကြံအစည်ကို စတင် အကောင်အထည်ဖေါ်လေတော့၏၊
ငှက်များမြင်သာသည့် နေရာ၌ ခြေတစ်ချောင်းကို ထောက်၊ ကျန်ခြေတစ်ချောင်းကို မြှောက်
ကာ ပါးစပ် (နှုတ်သီး ) ကို ဖွင့်ထား ဟထားလေ၏။

ကျီးငှက်၏ ထူးဆန်းသော အမူအယာကြောင့် ထိုကျွန်းရှိ ရိုးသားသော ငှက်များသည် ၀ိုင်းအုံ
လာကြတော့၏၊ ငှက်အုပ်ထဲမှာ နေရာတကာ စပ်စုတတ်သော ငှက်တစ်ကောင်က စတင်၍
မေးလေတော့၏။ အသင်ငှက်၏ နာမည်ကို သိပါရစေ၊ တရားရှိသူဖြစ်၍ အများကတော့
ဓမ္မိက - လို့ ခေါ်ကြပါတယ်၊အဘယ့်ကြောင့် အခြားငှက်များကဲ့သို့ ခြေနှစ်ချောင်းလုံးမရပ်ပဲ
ခြေတစ်ချောင်းမြှောက် ခြေတစ်ချောင်းထောက် ထာားပါသလဲ၊ နောက်ခြေတစ်ချောင်း မြေ
ကြီးပေါ်ထောက်လျှင် မဟာပထ၀ီ မြေကြီးဟာ သူ့ကို ထမ်းဆောင်နိုင်မှာ မဟုတ်လို့ပါ၊
( သူသည် တရားရှိသူဖြစ်၍ တရားအကျင့်က ပြင်းထန်လွန်းသဖြင့် ခန္ဓုာကိုယ် အလွန်လေးလံ
သောကြောင့် မြေကြီးက သူ့ကိုဆောင်မထားနိုင်ဟု ပညာမဲ့သူများ ယုံအောင် တမင်ထွင်လုံး
သုံးလိုက်ခြင်းဖြစ်၏၊)။
ပါးစပ်ကို ဘာကြောင့် အမြဲတန်း ဖွင့်ထားပါသလဲဟု အခြားငှက်တစ်ကောင်က ထပ်မေးခွန်း ထုတ်ပြန်၏၊ ပါးစပ်ကို အမြဲတန်း ဖွင့်ထားတာက အခြားမဟုတ်ပါဘူး၊ အကုသိုလ်ဖြစ်မှာစိုး၍ တစ်ခြားဘာကိုမျှ မစားပဲ လေကိုသာ စား၍ နေပါသည်၊ဟု ပြန်ဖြေလိုက်လေ၏၊
ထို့နောက်တော့ ကျီးငှက်က ငှက်အပေါင်းကို ( ကိုးကွယ်ရာ တစ်ဆူ တင်မြှောက်စေရန် )
သူတော်ကောင်းဂိုက်ဖမ်း၍ အဆုံးအမ စတင်ပေးလေတော့၏၊

အိုဆွေတော်မျိုးတော် ငှက်အပေါင်းတို့ တရားကို ကျင့်သုံးကြကုန်လော့၊တရားကျင့်သုံးလိုက်
နာခြင်းသည် ကောင်းခြင်းမင်္ဂလာဖြစ်၏၊ တရားကျင့်သူသည် ဤဘ၀ နောက်ဘ၀တို့၌ ချမ်း
သာမှုနှင့် ပြည့်စုံနိုင်ပါ၏၊

ကျီးငှက်၏ အဆုံးအမစကား ကြားသောအခါ ရိုးသားသော ရိုးအသော ငှက်အပေါင်းသည်
ကျီး၏ ဇာတ်မြစ်ကိုလည်း မစုံစမ်းတော့၊ ကျီး၏ အမူအယာထူးခြားမှုနှင့် အဆုံးမသံပါသော
ဟန်ပန်ကို ကြည့်၍ ဆုံးဖြတ်လိုက်တော့၏၊ အင်မတန် တရားပြည့်ဝသော ကျီး သူတော် ကောင်းကြီးပါတကား။ ခြေတစ်ချောင်းဖြင့် ရပ်၍ အစာအဟာရအဖြစ် လေဓါတ်ကိုသာ
စားသော ငှက်မြတ်သူတော်စင်ကြီးပါတကား။

ငှက်အပေါင်းတို့သည် ပညာမပါသော ( စူးစမ်းမှုကင်းမဲ့သော ) ယုံကြည်ချက်ဖြင့် ကျီးငှက်
ပြောတိုင်း ယုံကြည်သွားကြတော့၏။ ဤကဲ့သို့သော ယုံကြည်မှုကို မျက်ကန်းယုံကြည်မှုဟု ခေါ်ဆိုပါ၏၊ ထို့နောက်တော့ သူတို့၏ကိုးကွယ်ရာ သူတော်စင်ကြီးအဖြစ် တင်မြှောက်ကာ သူတို့ဘ၀ သူတို့ငှက်မိသားစုအားလုံးတို့၏ ဘ၀ကို ( ယုံမှတ်၍ )ပုံအပ်လိုက်ကြတော့၏၊
ဤသည်မှာ တစ်ချိန်က အမှန်တကယ် ဖြစ်ပျက်ခဲ့သော ငှက်လောက၏ အဖြစ်အပျက်တစ်ခု ဖြစ်ပါ၏၊

ငှက်လောက၌သာမဟုတ် လူ့လောက ဘာသာရေး လောက၌လည်း သမိုင်းတစ်လျှောက် ပြန်လှန်၍ကြည့်လိုက်လျှင် “ အံ့ဖွယ်သရဲ ” ကို အားကိုးစရာ အဖြစ်ထင်မှတ်ကာ ဘ၀တစ် ခုလုံး မိသားစုတစ်ခုလုံးကို ပုံအပ်ခဲ့သူများလည်း ရှိပြီး ရှိဆဲ ရှိလတံ့ပင်ဖြစ်ပါ၏၊၊
မိမိကိုယ်ကိုယ် ဗုဒ္ဓဘာသာဟု ခံယူထားပါလျှက် ဘုရားဟော မဟုတ်သည်များကို အဆန်း ထွင်ကာ ဟောနေသူ ကျင့်နေသူများကို အထင်ကြီး၏ လေးစား၏၊ အထူးအဆန်းဆို အရူး
အနှမ်းပမာ ( စူးစမ်းမှုကင်းမဲ့စွာ ) ယုံကြည်နေကြ၏၊ ယုံကြည်သွားကြ၏။ ကိုးကွယ်ဆည်းကပ်ကြ၏၊ထိုသူ၏ ကျင့်စဉ်သည် “ သီလ သမာဓိ ပညာ ” ပါ မပါ မစဉ်းစား၊ မဂ္ဂင်ရှစ်ပါးနှင့် ညီ မညီ မစဉ်းစား၊ပညာမဲ့သော ယုံကြည်ချက်သမား ဖြစ်သွားတော့၏၊
စေတနာဖြင့် ထိုသူ၏ ကျင့်စဉ်မှားယွင်းကြောင်း အထောက်အထားနှင့် တင်ပြလျှင်ပင်
တင်ပြသူကို မနာလိုသူ အပုတ်ချသူဟု သတ်မှတ်ကြ၏၊( တင်ပြသူ၏ အဆို ဟုတ် မဟုတ်
မှန် မမှန်ကိုပင် မစီစစ်တော့ )ဤသည်မှာ ဘာသာရေး ကိုယ်ခံအား နည်းမှုကြောင့် ဖြစ်၏၊

သမ္မာဒိဋ္ဌိ - ဟူသည် ကုသိုလ်ကိုလည်း သိရမည်၊ ဖြစ်ကြောင်းကိုလည်း သိရမည်။
အကုသိုလ်ကိုလည်း သိရမည် ၊ ဖြစ်ကြောင်းကိုလည်း သိရမည်ဟု အတိအလင်း ဟောထားပါ
၏၊ ထို့ကြောင့် မိမိကိုယ်ကို ဗုဒ္ဓဘာသာဟု ခံယူထားလျှင် သမ္မာဒိဋ္ဌိ - မှန်ကန်သော အမြင်
အသိ ရှိဖို့ ရှေးဦးစွာ အထူးပင် လိုအပ်ပါ၏၊။ ပညာမဲ့သူများသည် အထူးအဆန်းထွင်၍ ရိုက်စား
သူများ၏ စားကျက်တစ်ခုအဖြစ် ရောက်သွားနိုင်ပါ၏၊ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များသည်
မိရိုးဖလာ ယုံကြည်ချက်ထက်သာလွန်သော (သမ္မာဒိဋ္ဌိ) ပညာဖြင့် ဆုံးဖြတ် ယုံကြည်သော အနည်းဆုံး ဒုတိယအဆင့် သြကပ္ပနသဒ္ဓါဖြစ်ဖို့ အရေးကြီးပါ၏။(ဤကား စကားညှပ်တည်း)
( ဆက်ရန် ) ကောင်းသစ်

Sunday, February 13, 2011

မပေါင်းသင်း ထိုက်သူများ

(၁) မကောင်းမှုကို ပြုသူများ။
(၂) မုသားပြောတတ်သူများ။
(၃) ကိုယ်ကျိုးကိုသာ အလိုရှိလို့  ဆည်းကပ်လာသူများ။
(၄) အယောင်ဆောင် သူတော်ကောင်းများ။
(၅) နှုတ်နဲ့ သာ အဆွေခင်ပွန်းဖွဲ့ တတ်ပြီး ကိုယ်မပါတဲ့သူများ။
(၆) နှုတ်ပြောတစ်ခြား အလုပ်တစ်ခြား ပြုမူပြောဆိုတတ်သူများ။
(၇) အရှက်အကြောက် မရှိတဲ့သူများ။
(၈) ကျေးဇူးကို မသိတတ်သူများ။
(၉) မုန်းလွယ် ချစ်လွယ်သော စိတ်ရှိသူများ။
(၁၀) အန္တရာယ်ပြုရအောင် ပေါင်းဖော်လာသူများ။
(၁၁) စကားမတည်၊ ဒုစရိုက်အလုပ်တွေကို ပြုလုပ်ပြီး
       တွေ့ သမျှသတ္တ၀ါတွေကိုညှင်းဆဲတတ်သူများ။
(၁၂) စကားသာပြေပြစ်ပြီး စိတ်မပါပဲ ဟန်ဆောင်ပေါင်းကာ
       အခွင့်အရေးရှာတတ်တဲ့ သူများ။
(၁၃) မြင်မြင်သမျှကို လိုချင်မက်မောတတ်တဲ့အပြင် မိတ်ဆွေကိုပါ
      ဖျက်ဆီးသွားတတ်သူများ။
(၁၄) နှုတ်ကသာချိုသာပြီး စိတ်ကောက်တတ်တဲ့ သူများ။
                                            (ကိုယ်ကျင့်မင်္ဂလာ - အရှင်ကုမာရ)

မတူညီသော အမြင်

သားသမီးကို ချစ်ခင်မှုနှင့်တူသော ချစ်ခင်မှုမျိုးသည် မရှိ၊ နွားဟူသော ဥစ္စာနှင့်တူသော
ဥစ္စာမျိုးသည် မရှိ၊ နေ၏အရောင်နှင့်တူသော အရောင်မျိုးသည် မရှိ၊ သမုဒ္ဒရာထက် လွန်
ကဲသော အိုင်မည်သည် မရှိ၊ (နတ်သားအမြင်)။

မိမိကိုယ်ကို ချစ်ခင်မှုနှင့်တူသော ချစ်ခင်မှုမျိုးသည် မရှိ၊ စပါးဟူသော ဥစ္စာနှင့်တူသော
ဥစ္စာမျိုးသည် မရှိ၊ ပညာ၏အရောင်နှင့်တူသော အရောင်မျိုးသည် မရှိ၊ မိုးရေထက် လွန်
ကဲသော အိုင်မည်သည် မရှိ၊ ( မြတ်ဗုဒ္ဓအမြင် )။

အခြေနှစ်ချောင်းရှိသူတို့တွင် မင်းသည် လွန်မြတ်၏၊ အခြေလေးချောင်းရှိ သတ္တ၀ါတို့တွင်
နွားလားဥသဘသည် လွန်မြတ်၏၊ မယားတို့တွင် ပျိုမြစ်နုနယ်သော သတို့သမီးသည် လွန်
မြတ်၏၊ သားတို့တွင် ရှေးဦးစွာ မွေးဖွါးသောသားသည် လွန်မြတ်၏၊(နတ်သားအမြင် )။

အခြေနှစ်ချောင်းရှိသူတို့တွင် မြတ်စွာဘုရားသည် လွန်မြတ်၏၊ အခြေလေးချောင်းရှိ သတ္တ
ဝါတို့တွင် ဆင်စသော အာဇာနည်သည် လွန်မြတ်၏၊ မယားတို့တွင် လင်ကိုနှစ်သိမ့်စေသော
မယားသည် လွန်မြတ်၏၊ သားသမီးတို့တွင် မိဘတို့၏စကားကို နားထောင်သော သားသမီး
သည် လွန်မြတ်၏၊ (မြတ်ဗုဒ္ဓ)။



Saturday, February 12, 2011

မသေခင် အသေဖြစ်တဲ့ နေ့

တစ်နေ့တာမှာ ကုသိုလ် ဥစ္စာ ကျန်းမာရေး အတတ်ပညာ တန်ခိုးဂုဏ်သိန်
ဒီငါးမျိုး တစ်မျိုးမျိုးမှ အကျိုးမရဘဲ ကုန်လွန်သွားတဲ့နေ့ဟာ ၀မ်းနည်းစရာ
အကောင်းဆုံး နေ့ပါပဲ၊(မသေခင်က အသေဖြစ်ရတဲ့ နေပါပဲ )။

ပထမ လူကြည်ညိုအောင် နေ၊ ဒုတိယ နတ်ကြည်ညိုအောင် နေ၊ တတိယ
မိမိကိုယ်မိမိ ကြည်ညိုအောင် နေပါ။

လောကကြီးမှာ လူတွေဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ပြောကြတယ်၊
တကယ်တော့ ကိုယ့်ကိုယ်ကို ချစ်ရင် ကောင်းသထက်ကောင်းအောင်
ကြိုးစားရမယ်၊ လောဘ ဒေါသ မောဟတရားတွေမှာ နစ်မွန်းနေရင်
ချစ်ရာ မရောက်ပါဘူး၊ကိုယ့်ကိုယ်ကို နှစ်ရာ ရောက်နေပါတယ်။

မကောင်းမှုတစ်ခုကို လောကရိုးရာဆိုပြီး ကျူးလွန်နေကြပေမဲ့
အပြစ်ကတော့ အပြစ်ပါပဲ။
                                 (အမရပူရ မဟာဂန္ဓာရုံဆရာတော်)


Friday, February 11, 2011

မိတ်ဆွေစစ်များ

        ကျေးဇူးရွက်ဆောင်တတ်သော မိတ်ဆွေစစ်(၄ယောက်
မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ပြုဘွယ်ရှိက၊
နှစ်ဆဥစ္စာ၊ ပေးချေလာသည်၊ လေးဖြာ ဥပကာရတည်း။

      ဆင်းရဲချမ်းသာ မပစ်ခွါသော မိတ်ဆွေစစ်(၄)ယောက်
လျှို့ဝှက်စကား၊ ကြားစေတုံလျှက်၊ သူလျှို့ဝှက်၍၊ ဘေးတွေ့မစွန့် ၊မတွန့်တိုပါ၊ သူ့ကိုညှာလျှက်၊သူ့သက်စွန်မြောက်၊ ဤလေးယောက်ကား၊
မျှလောက်ချမ်းသာ ဆင်းရဲတည်း။

     အကျိုးရှိရာ ပြောသောမိတ်ဆွေစစ်(၄)ယောက်
မကောင်းမြစ်ခါ၊ ကောင်းရာသွင်းထား၊ မကြားစတောင်း၊ အကြောင်းကြားလာ၊
နတ်ရွာလမ်းပြ၊ ဤလေးဝကား၊ မည်ရ အတ္ထက္ခာယီတည်း။

         အစဉ်သနားတတ်သော မိတ်ဆွေစစ်(၄)ယောက်
ဥစ္စာခမ်းနား၊ မပွါးသမြို့၊ မနှစ်လို့ငြား၊ ပွါးကရွှင်မြူး၊ ကျေးဇူးမဲ့ကို၊ ဆိုသော်တားမြစ်၊
ကျေးဇူးဖြစ်ကို၊ ဆိုသော်ချီးမွမ်း၊ သူတို့တမ်းကား၊ မိတ်ကျွမ်း အနုကမ္မတည်း၊
                                 (သိင်္ဂါလောဝါဒသုတ် - သင်္ဂဇာဆရာတော်)

မိတ်ဆွေတုများ

                     မိတ်ဆွေပျက်(၆)ပါး
ကြွေအန်ကြူးထ၊ မိန်းမကြူးထွေ၊ သေစာကြူးမှု၊ အတုပြုငြား၊
လှည့်စားတထောက်၊ မျက်မှောက်လှည့်ချက်၊ နိုင်ထက်လုယူ၊
ဤသူခြောက်ပါး၊ မိတ်ဖြစ်လားကြောင့်၊ ပျက်ပြားမိတ်ဆွေအပြစ်တည်း။

             ကိုယ်ကျိုးကိုသာငဲ့သောမိတ်ဆွေတု(၄)ယောက်
လက်ချည်းလာ၍၊ ဥစ္စာဆောင်သယ်၊ နည်းငယ်ဖြင့်သာ၊ များစွာလိုရှိ၊ ဘေးထိရောက်ခါ၊
ပြုလာတုံဘိ၊ မိမိကျိုးငှာ၊ မှီလာပေါင်းယှဉ်၊ လေးယောက်စဉ်ကား၊ အညဒတ္ထုဟရတည်း။

         နှုတ်ဖြင့်ဟန်ဆောင်သော မိတ်ဆွေတု(၄)ယောက်
ရှေးဖြစ်စေ့စပ်၊ တထပ်နောက်မှီး၊ ချည်းဆီးသဂြိုဟ်၊ ပေးလိုစဟန်၊ ပစ္စပ္ပန်မူ၊
ပြညွှန်ပျက်ပြား၊ ဤလေးပါးကား မှတ်သား ဝစီပရမတည်း။

            ချစ်ဖွယ်ကိုဆိုသော မိတ်ဆွေတု(၄)ယောက်
မကောင်းခွင့်ပြု၊ ကောင်းမှုကိုလျှင်၊ ဆင်ခြင်မရှု၊ ခွင့်ပြုသည်ပင်၊ ရှေ့တွင်ချီးမွမ်း၊
ဖုံးလွှမ်းကွယ်လျှင်၊ ကဲ့ရဲ့ချင်သည်၊ လေးအင်ပီယဘာဏီတည်း။

       မကောင်းမှု၌ အဖော်ပြုသော မိတ်ဆွေတု(၄)ယောက်
သောက်တုတ်သေရက်၊ ညဥ့်နက်လမ်းသွား၊ ရှုစားသဘင်၊ ပျော်ရွှင်အန်စာ၊
လေးရပ်မှာပင်၊ တကွထင်သည်၊ လေးအင်အပါယ်သဟဲတည်း။



                                      (သိင်္ဂါလောဝါဒသုတ် - သင်္ဂဇာဆရာတော်)








Thursday, February 10, 2011

မိတ်ဆွေ(၄)မျိုး

လူသည်မွေးဖွါးလာကတည်းကအသိုင်းအ၀ိုင်းရှိပြီးသားဖြစ်၏၊မိဘအသိုင်းအ၀ိုင်း၊နောက်တော့
ဆွေမျိုးအသိုင်းအ၀ိုင်း၊ ထို့နောက်တော့ မိတ်ဆွေ သူငယ်ချင်း အသိုင်းအ၀ိုင်း စသည်စသည်ဖြင့်
တစတစ တိုးပွါးလာသည်သာ ဖြစ်၏၊ ထို့ကြောင့် လူမှန်လျှင် ဂုဏ်ရှိ မရှိ , ပညာတတ် မတတ်,

ချမ်းသာ ဆင်းရဲ ကွာခြားသော်လည်း အနည်းအများ အသိုင်းအ၀ိုင်းကား ရှိကြသူချည်းသာ ဖြစ်ပါ၏။အသိုင်းအ၀ိုင်းနှင့် ကင်းမရသော လူ့ဘ၀ လူ့လောက၌ နေရာဌာနအားလျှော်စွာ မိတ်ဆွေ(၄)မျိုးရှိကြောင်း ရှင်တော်မြတ်ဘုရားက သံယုတ်ပါဠိတော် မိတ္တသုတ်မှာဟောထား
သည်ကို ဖတ်ရှုရပါ၏၊

၁။ ခရီးသွားသောသူ၏ မိတ်ဆွေသည် အတူသွားဖေါ် ဖြစ်၏ - တဲ့။လူတိုင်းသည် သံသရာ ခရီးသွားများ ဖြစ်ကြ၏၊ ထိုသံသရာ ခရီး၏ တစ်စိတ် တစ်ဒေသဖြစ်သော ဘ၀တစ်ခု၌ ခရီးသွားခြင်းကို ဤနေရာ၌ ခရီးသွားဟု ဆိုခြင်းဖြစ်ပါ၏၊ခရီးသွားစဉ် နာမကျန်း ဖြစ်ပါက အတူသွားဖေါ် ခရီးသွားသည်သာ လိုအပ်သည်များကိုအနီးကပ် အကူအညီပေးနိုင်၏၊ မိမိမိသားစု သို့မဟုတ် ဆွေမျိုးများရှိရာသို့ အရောက်သွားနိုင် ရန် အကူအညီပေး၏ အိမ်တိုင်ရာရောက် လိုက်ပို့ပေး၏၊ အခက်အခဲတွေ့လာ ပါကလည်း အတူလက်တွဲ၍ ဖြေရှင်းပေးနိုင်၏၊ ယင်းကဲ့သို့သော ခရီးသွားဖေါ်မျိုးကို မိတ်ဆွေဟု ခေါ်ဆိုခြင်း ဖြစ်ပါ၏၊

ခရီးသွားဖေါ်နှင့် ပါတ်သက် ပုံပြင်လေးတစ်ပုဒ်ကို ကြားဘူးပါ၏သူငယ်ချင်းနှစ်ယောက် တောလမ်းခရီးဖြင့် ခရီးသွားကြ၏၊ တောနက်တစ်နေရာသို့ ရောက်သောအခါ ၀ံတစ်ကောင်နှင့် တွေ့၏၊ ထိုအခါ ဖျတ်ဖျတ် လတ်လတ်ရှိသော သူသည် အနီးရှိသစ်ပင်ပေါ်သို့ ပြေးတက်ကာ ပုန်းနေ၏၊ကျန်တစ်ယောက်က ခပ်၀၀ ခပ်လေးလေး ပြေးလည်း မပြေးနိုင် သစ်ပင်ပေါ်လည်း မတက်နိုင်၍ လှဲအိပ်ကာ အသက်အောင့်ပြီး သေချင်ယောင်ဆောင်နေ၏။ ထိုအခါ ၀ံက ထိုသူ့အနီးလာ၍ ၀မ်းဗိုက်နမ်းကြည့်လိုက်၊ အသက်ရှူ မရှူ နှားခေါင်းနားကပ် နမ်းကြည့်ုလိုက် နားရွက်နား ကပ်နမ်းလိုက်လုပ်ပြီး ထိုသူ့အနီးမှာ ထွက်သွား၏၊ ၀ံ ထွက် သွားမှ သစ်ပင်ပေါ်တက်ပုန်းသည့်လူက ဆင်းလာပြီး သူငယ်ချင်း “ ၀ံကြီးက မင့်နားနားကပ်ပြီး ဘာတွေ ပြောသွားတာတုန်း မေး၏။ထိုအခါ အောက်မှာ ကျန်ရစ်သော သူငယ်ချင်း ပြန်ပြောလိုက်သော စကားမှာ
“ အေး ၀ံကြီးပြောသွားတာက တစ်ခြားတော့မဟုတ်ပါဘူး၊နောက်နောင်ဆို တစ်ကိုယ်ကောင်းဆန်တဲ့သူနှင့် ဘယ်တော့မှ ခရီးအတူ မသွားပါနှင့်” လို့ ပြောသွားတာပါ - တဲ့။

အမှန်အားဖြင့် ၀ံကြီးသည် ဘာစကားမှ ပြောမသွားပါ၊ အသက်ရှု မရှုသိရန် လိုက်နမ်းကြည့်ခြင်းသာ ဖြစ်ပါ၏၊ သို့သော် အန္တရယ်တွေ့လျှင် ခရီးသွားဖေါ်ချင်း အတူလက်တွဲ ရင်ဆိုင်ရမည်ဖြစ်ပါလျှက် ကိုလွတ်ရုံးသွားသည်ကို မကျေနပ်၍ ရင်၌ဖြစ်သော ခံစားချက်ကို ( ၀ံက ပြောသွားသည့် ပုံစံမျိုးဖြင့် ) ပြောလိုက်ချင်းဖြစ်ပါ၏၊ ဤကဲ့သို့သော ခရီးသွားဖေါ်မျိုးကို ဤနေရာ၌ မိတ်ဆွေဟု မဆိုလိုပါ၊


၂။ မိမိ အိမ်၌ မိတ်ဆွေဟူသည် မိခင်ဖြစ်၏ - တဲ့။
အိမ်ဟူသည် လူသားတို့အတွက် နေစရာ ဖြစ်၏၊ ယင်းနေစရာကို လူများနေ၍ အိမ်ဟု ခေါ်ဆိုခြင်းဖြစ်၏ နတ်များနေသည့်နေရာကိုတော့ ဗိမာန်ဟု ခေါ်၏၊ ရဟန်းတော်များ သီတင်းသုံးသည့်နေရာကိုတော့ ကျောင်းဟု ခေါ်၏၊ ရှင်ဘုရင်များ နေထိုင်နေရာကိုတော့နန်းတော်ဟု ခေါ်၏။ ကြွက်များ နေထိုင်သည့် နေရာကိုတော့ တွင်းဟု ခေါ်၏၊ ငှက်များနေထိုင်ရာကိုတော့ အသိုက်ဟု ခေါ်ကြ၏၊အမှန်အားဖြင့် သက်ရှိတို့နေထိုင်ရာ နေရာကို အမည်အမျိုးမျိုးတပ်ကာ ခေါ်ဆိုနေကြခြင်းဖြစ်ပါ၏ ၊ ဤဒေသနာတော်၌ လူများကိုအဓိကထားဟောကြားသည်ဖြစ်၍ အိမ်ဟု ဘာသာ ပြန်ထားခြင်းဖြစ်ပါ၏။

မိမိ၏ဘ၀ကြင်ဖက် သားသမီး ညီအကို မောင်နှများသည် တစ်အိမ်တည်း၌ အတူတကွ နေထိုင်ကြသည် မှန်သော်လည်း၊ အစစ အနစ်နာ အနွံအခံနိုင်ဆုံးမှာ မိခင်သည်သာ ဖြစ်ပါ၏၊ဆိုးရွားသည့် နာတာရှည် ရောဂါများ စက်ဆုပ်ဖွယ်ရောဂါများ ဖြစ်ပွါးလာပါက ဘ၀ကြင်ဖက်သားသမီး ညီအကို မောင်နှမတို့သည် စွန့်ခွါကောင်း စွန့်ခွါနိုင်သော်လည်း ကိုးလလွယ် ဆယ်လဖွါး မိခင်များမှာတော့ မစွန့်ရက် မခွါရက်ပေ၊ အညစ်အကြေး မှန်သမျှကိုလည်း မရွံမရှာသုတ်သင် ရှင်းလင်း ပေးသည်သာ ဖြစ်ပါ၏၊ သားသမီတို့၏ အခိုင်ခန့်ဆုံးသော အကြင်နာဆုံးသော မှီခိုရာ အားထားရာကို ညွှန်ပြပါဆိုလျှင် မိခင်မှတစ်ပါး အခြားမရှိပေ။ထို့ကြောင့် မိမိအိမ်၌ မိတ်ဆွေသည် မိခင်ဖြစ်၏ဟု ဟောထားခြင်း ဖြစ်ပါ၏။


၃။ ပြုဖွယ်ကိစ္စ ရှိသောသူ၏ မိတ်ဆွေဟူသည် သူငယ်ချင်းတည်း - တဲ့။
ချမ်းသာဆင်းရဲ မကွဲတူမျှ ခံစားဖက်ဖြစ်သော သူငယ်ချင်းကို မိတ်ဆွေကောင်းဟု သတ်မှတ်ကြ၏၊ ငယ်ပေါင်းကြီးဖေါ်ဟုလည်းကောင်း ကောင်းတူုဆိုးဖက်ဟုလည်းကောင်း ရင်းနှီးလွန်းသူကို ပြောဆိုကြ၏။
လူ့ဘ၀သည် လူမှုရေး ကျန်းမာရေး စီးပွါးရေး ပညာရေး စသည်ဖြင့် အရေးပေါင်းသောင်းခြောက် ထောင်နှင့် ရင်ဆိုင်နေရသော ဘ၀ဖြစ်၏။ ထိုသို့သော အရေးတို့ဖြင့် ရင်ဆိုင်ရသောအခါ အဆင်ပြေဖို့အတွက် လုပ်ငန်းကိစ္စ ဆောင်ရွက်သည့်နေရာ၌ “ လုပ်ငန်းကိစ္စ ” အောင်မြင်ပြီးစီးဖို့အတွက် ကူညီလုပ်ကိုင် ဆောင်ရွက်ပေးသော သူငယ်ချင်းကောင်းကို ဤနေရာ၌ မိတ်ဆွေဟုခေါ်ဆိုခြင်း ဖြစ်ပါ၏။မိတ်ဆွေကောင်းဟူသည် ဘယ်နေရာ ရောက်ရောက် ၊ ဘယ်အရွယ်ရောက်ရောက်ဘယ်လို အခြေအနေမျိုးရောက်ရောက် လက်တွဲမဖြုတ်ချေ၊ယင်းသို့သော မိတ်ဆွေကိုဒဠှမိတ္တ - ရာသက်ပန် ခိုင်မြဲသော မိတ်ဆွေဟု ခေါ်ဆိုကြပါ၏။

မိတ်ဆွေနှင့်ပတ်သက်၍ မိတ်ဆွေကျင့်ဝတ်ကို အလျဉ်းသင့်၍ ဖေါ်ပြပါအုံးမည်။ဒါန- လိုအပ်သည့် ဥစ္စာဓနငွေကြေးပညာ ပန့်ပိုးပေးခြင်း၊ အတ္ထစရိယ - အကျိုးစီးပွါးကို ကိုယ်တိုင်ကိုယ်ကျ ကူညီလုပ်ကိုင် ဆောင်ရွက်ပေးခြင်း၊ သမာနတ္တတာ - ဆင်းရဲချမ်းသာ ပညာတတ် မတတ် ပါဝါရှိ မရှိ အဆင့်အတန်းမခွဲခြားပဲ မိမိနှင့်တန်းတူထား၍ ဆက်ဆံခြင်း။ ပေယျာဝဇ္ဇ - ချစ်ခင်ဖွယ်သောစကားကိုသာ ပြောဆိုခြင်း၊ သစ္စာ - (မိမိ သူငယ်ချင်းအပေါ် အမြဲတန်း ) စိတ်ထားဖြောင့်မတ် မှန်ကန်ခြင်းတို့သည် မိတ်ဆွေကောင်းတို့၏ ကျင့်ဝတ်များ ဖြစ်ပါ၏၊
ထို့ပြင် မိတ်ဆွေကောင်းဟူသည် - သူ၏ လျှို့ဝှက်ကိစ္စကို တိုင်ပင်ပြောကြားခြင်း မိမိ၏လျှို့ဝှက်ကိစ္စ ကိုလည်း (တစ်ပါးသူမသိအောင် )လျှို့ဝှက်ထားခြင်း၊ဘေးရန်နှင့်ရင်ဆိုင်တွေ့သော် လည်း မစွန့်ပစ်ခြင်း၊ ဥစ္စာပစ္စည်း တွန့်တို နှမြောမှု မရှိခြင်း၊ သူ့ကိုညှာ၍ မိမိ၏အသက်ကိုစွန့်ခြင်းဟူသော လက္ခဏာတို့နှင့် လည်း ပြည့်စုံရပါ၏။


မိတ်ကောင်းရှာ ဆင်းရဲခါမှတွေ့ - ဆိုသည့်အတိုင်း မိတ်ဆွေကောင်းကို ဆင်းရဲသော အခါမှ သာ၍ သိသာပါ၏၊ ဓမ္မနီတိ အဆိုအရ - နာမကျန်းဖြစ်သောအခါ၊ အကြောင်းတစ်ခုခု ကြောင့်စည်းစိမ်ဥစ္စာ ပျက်စီးနွမ်းပါးသွားသည့်အခါ၊ ငတ်မွတ်ခေါင်းပါး အစာရှားသောအခါ၊ ရန်သူလက်သို့ ကျရောက်နေ
သော အခါ၊ ရုံးကန်ကနား ရင်ဆိုင်ရသောအခါ၊ ဘ၀ကူးပြောင်း၍ သုဿာန်သို့ပို့ဆောင်သောအခါတို့၌ မိတ်ဆွေစစ် မစစ်၊ မိတ်ဆွေကောင်း ဟုတ်မဟုတ်ကို သိသာနိုင်ပါ၏ ဟုဆိုထားပါ၏၊ထို့ကြောင့် “ အတွင်းစိတ်ကောင်း အပြင်မိတ်ကောင်း အကောင်းရှိမှ ချမ်းသာရ ” ဟု ရှေးသူမြတ်များ ဆုံးမစကား ထားခဲ့ကြပါ၏။

၎။အဖန်ဖန် ကိုယ်တိုင်ပြုအပ်သော ( ပြုထားသော ) ကုသိုလ်ကောင်းမှုတို့သည် တမလွန်၌ ဖြစ်သော မိတ်ဆွေမည်၏ - တဲ့။
နက်ဖန်ဆိုတာ တစ်နေ့တာသည် ဤကာလနောက် ညဥ့်မှောင်ရောက်၍ နောက်နေ့နံနက်အာရုံ တက်မှ ဆက်ဆက်ရောက်လာ ခရီးကြာ၏၊ သို့ပါသော်လည်း မသဲကွဲသည့် ရောက်မြဲကာက နောက်ဘ၀ကား ခဏခရီး ရောက်ဖို့နီးသည် ကွေ့ပြီးလက်ဆန့် - မမှီတည်း။

နက်ဖန်ဆိုသည်မှာ အချိန်ကာ သတ်မှတ်ချက်ရှိသော်လည်း နောက်ဘ၀သည် အချိန်ကာလ သတ် မှတ်ချက် မရှိပေ၊ ကွေးသောလက် မဆန့်မှီ၊ ဆန့်သောလက် မကွေးမှီ အချိန်မရွေး ဘ၀ကူးပြောင်းနိုင်၏၊ အမှန်အားဖြင့် လူ့ဘ၀ဟူသည် “ နေထိုင်ခွင့် ဗီဇာ ” သတ်မှတ်ချက် မရှိသော ဘုံဝဘ တစ်ခုဖြစ်၏၊ (သေမင်းက အချိန်မရွေး နေရာမရွေး ဗီဇာရုတ်သိမ်းနိုင်၏) ထို့ကြောင့် မသေခင် နေစဉ်လေးမှာ ကုသိုလ်ကောင်းမှု ပြုဖြစ်အောင် ပြုသင့်လှပါ၏၊ ကုသိုလ်သည်သာ ဘ၀သံသရာ ခရီး၌ အားကိုးရသော ထာဝရမိတ်ဆွေဖြစ်၏၊ ခရီးသွားဖေါ် မိခင် သူငယ်ချင်းတို့သည် ဒီဘ၀အတွက်တော့ အားကိုးထိုက်သော မိတ်ဆွေ ကောင်းများ ဖြစ်ပါ၏၊သို့သော် သံသရာတစ်လျှောက် မိမိသွားရာ ဖြစ်ရာ တကောက် ကောက် လိုက် မနေနိုင်ပေ၊ အရိပ်ပမာ ထက်ကြပ်မကွာလိုက်သော မိတ်ဆွေမှာ ကုသိုလ်ကောင်းမှုသာ ဖြစ်ပါ ၏၊ ကုသိုလ်ရှင်ကို ကုသိုလ်၏ အကျိုးတရားဖြစ်သော လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်း သာတို့က လက်ကမ်း၍ ကြိုနေမည် ဖြစ်ပါ၏၊ထို့ကြောင့် လက်ရှိဘ၀မှာ မိတ်ဆွေကောင်းများ လိုအပ်သလို သံသရာခရီးတစ်လျောက်၏ မိတ်ဆွေဖြစ်သော “ ဒါန သီလ ဘာဝနာ ” ကုသိုလ်ကောင်းမှုများကိုလည်း အထူးပင် လိုအပ်လှပါ၏၊ ထို့ကြောင့် သာသနာကြုံခိုက် ပညာ သဒ္ဓါလိုက်ကြ၍ မမေ့မလျှော့သော သတိတရားဖြင့် ဒါန သီလ ဘာဝနာ ကုသိုလ်မိတ်ဆွေများ ဘ၀နေမ၀င်ခင် အချိန်မနှောင်းခင် မိတ်ဖွဲ့ဖြစ်အောင် ဖွဲ့နိုင်ကြပါစေဟု.. ( ကောင်းသစ် )


Wednesday, February 9, 2011

အမြင် မတူညီခြင်း

သားသမီး များစွာ ရှိသူသည် သားသမီးတို့ဖြင့် နှစ်သက်ရ၏၊ ထို့အတူသာလျှင် နွားများစွာရှိသူ
သည် နွားတို့ဖြင့် နှစ်သက်ရ၏၊ လူအပေါင်းအား ကာမချမ်းသာ၏တည်ရာ(ဥပဓိ)တို့ဖြင့် နှစ်သက်ရ၏၊အကြင်သူသည် ကာမချမ်းသာတည်ရာ(ဥပဓိ )မရှိ၊ ထိုသူသည် မနှစ်သက်ရသည်သာတည်းဟု နတ်သားက ( မြတ်စွာဘုရားအား ) လျှောက်၏။

သားသမီးများစွာရှိသူသည် သားသမီးတို့ဖြင့် စိုးရိမ်ရ၏၊ ထို့အတူသာလျှင် နွားများစွာရှိသူ
သည် နွားတို့ဖြင့် စိုးရိမ်ရ၏၊ လူအပေါင်းအား ကာမချမ်းသာ၏တည်ရာ (ဥပဓိ)တို့ဖြင့် စိုးရိမ်
ရ၏၊အကြင်သူသည် ကာမချမ်းသာတည်ရာ (ဥပဓိ)မရှိ၊ ထိုသူသည် မစိုးရိမ်ရသည်သာ
တည်းဟု (နတ်သားအား - မြတ်စွာဘုရားက) ဟောတော်မူ၏။
                    (သဂါထာဝဂ္ဂသံယုတ် - နန္ဒတိသုတ် )


Tuesday, February 8, 2011

ရွှေအိုးတွေ

မဂ်ရဖိုလ်မြင် ကျွတ်တမ်းဝင်ဖို့ဆိုတာ ဆုတောင်းနေရုံဖြင့် မပြီး၊
ပါရမီရအောင် ကြိုးစားမှ ဖြစ်မယ်။

လူ့ဘ၀တန်ဖိုးဟာ ကုသိုလ်ပါရမီနဲ့ စိတ်ကောင်းနှလုံးကောင်းပဲ ရှိတယ်၊
ဂုဏ် လာဘ် ခြွေရံ ကျော်စောမှုကတော့ ပျက်ခဲ့တာချည်းပဲ။

ဒီနေ့ ကမ္ဘာသူ ကမ္ဘာသားတွေဟာ လောဘ ဒေါသတိုးပွါးပြီး
ဆင်းရဲပင်ပမ်းတဲ့ လမ်းဆိုးကြီးကိုသာ ပျာယီးပျာယာ လိုက်နေကြတယ်၊
အေးချမ်းသာယာတဲ့ လမ်းကိုတော့ မမြင်နိုင် မကြားနိုင်အောင် ဖြစ်နေကြတယ်။

လူတွေဟာ ဖြစ်လာတဲ့ အခြေအနေကို ရုန်းကန်မယ်တော့ မကြံဘဲ
ကုန်းခံမယ်သာ စိတ်ကူးနေကြတယ်။

လူတွေက ဒါနကိုသာ ရွှေအိုးလို့ ထင်နေကြတယ်။
သီလ သမာဓိ ပညာတို့လည်း ရွှေအိုးတွေပါပဲ။

ကံကောင်းအောင် စောင့်မနေနဲ့၊ ကံကောင်းအောင် လူက
ကုသိုလ်ကောင်းမှု များများ လုပ်ပေးပါ။
                 (အမရပူရ မဟာဂန္ဓာရုံဆရာတော် )

Sunday, February 6, 2011

မုဆိုး၏ ဆွမ်းတစ်နပ် ၂

ထိုရဟန်းတော်အား မိမိမှတစ်ပါး အားကိုးစရာမရှိသည်ကိုမြင်တော်မူ၏။  ထို့ကြောင့်ကျောင်းစဉ်
လှည့်လည်ကြည့်ရှု့သည်ပုံစံမျိုးဖြင့်ကျောင်းစဉ်လှည့်ရင်းမီးတင်ကုဋ်သိုဝင်တော်မူလျှက်ရေနွေး
အိုးကိုဆေးကြော၍  ကိုယ်တိုင်ပင် ရေဖြည့်ကာ မီးဖိုပေါ်ပင်တင်၍ ရေနွေးအပွက်ကို စောင့်ရင်း မီးတင်း ကုတ်အတွင်းမှာပင် နေတော်မူ၏။

ရေနွေးပွက်သောအခါနာမကျန်းဖြစ်နေသောအရှင်တိဿမထေရ်ထံသိုကြွတော်မူ၍ရေနွေးဖြ့င့်

ရေချိုးပေးရန် ( ရေနွေးဖြင့် ရေပတ်တိုက်ပေးရန် ) အရှင်မြတ် လျောင်းနေသောကုဋင်ကို ချီမရန် ကိုင်တော်မူ၏၊ထိုအခါ  ရဟန်းတော်များ ရောက်လာ၍ မဟာကရုဏာရှင် ရှင်တော်မြတ်ဘုရား တပည့်တော်များ ကုဋင်ကို  သယ်ပေးပါ့မည်ဘုရားဟု လျှောက်ထားကာ လူနာကုဋင်ကို မီးတင်း ကုတ်အနားသို့ သယ်ယူလာကြ၏၊
ရှင်တော်မြတ်ဘုရားသည် အိုးတစ်ခုထဲ၌ ရေနွေးကို ထည့်စေ၍ နာမကျန်းဖြစ်နေသော အရှင် တိဿ မထေရ်မြတ်၏ ခန္ဓာကိုယ်မှ အပေါ်ရုံသင်္ကန်းဧကသီကိုယူ၍ ရေနွေးဖြင့် လျှော်ဖွတ်စေ ၏ ထို့နောက် နေပူ၌ လှမ်းစေ၏။အချို့ရဟန်းတော်များက သွေးပြည် အလိမ်းလိမ်းကပ်နေ သော အရှင်တိဿ၏ကိုယ်ကိုရွေနွေး ပူဖြင့် ရေပတ်တိုက်ပေးကြ၏၊ ခဏအကြာ အပေါ်ရုံ ဧကသီ ခြောက်သောအခါ၌ဧကသီကို ၀တ်ရုံ၍ ခါးဝတ်သင်းပိုင်ကို ရေနွေးဖြင့် လျှော်ဖွတ် စေပြန်၏၊ခန္ဓာကို ရေများခြောက်သွေ့သွားချိန် နေပူလှမ်းထားသော သင်းပိုင်သည်လည်း ခြောက်သွေ့ပြီဖြစ်၍ တစ်ထည်ကိုဝတ် တစ်ထည်ကို ရုံစေ၍ ညောင်စောင်း ပေါ်၌ လျှောင်းနေ၏။

ရှင်တော်မြတ်ဘုရား၏ မဟာကရုဏာ ရဟန်းတော်များ ၀ိုင်းဝန်းပြုစုမှုကြောင့် အရှင်တိဿ မထေရ်မြတ်၏ ခန္ဓာကိုယ်သည်လည်း သန့်ရှင်းနေတော့၏၊ အ၀တ်သင်္ကန်းသည် လည်းသန့်ရှင်း ပေတော့၏၊ ခန္ဓာကိုယ်နှင့် အ၀တ်သန့်ရှင်းလာပြီဖြစ်၍ အရှင်တိဿမထေရ်မြတ်၏စိတ်သည် လည်း ပေါ့ပေါ့ပါးပါး သန့်သန့်ရှင်းရှင်း ဖြစ်လာတော့၏။ထိုအခါ ရှင်တော်မြတ်ဘုရားက အရှင် တိဿမထေရ်၏ ခေါင်းရင်းမှနေ၍ ဖေါ်ပြပါ ဂါထာကိုဟောကြားတော်မူ၏။

    “ ဤခန္ဓာကိုယ်သည် (စိတ်) ၀ိညာဉ်ကင်းခဲ့သော် အသုံးမကျသော ထင်းတုံးကဲ့သို့ စွန့်ပစ်
     အပ်သည်ဖြစ်၍ မကြာမီသာလျှင် မြေပေါ်၌ အိပ်ရလိမ့်တကား ” ။


ဒေသနာတော်အဆုံး၌ ( အသံနောက်ဥာဏ်ရောက်အောင် သတိအသိကပ်ကာ နာရင်းရှုမှတ်နေ သည်ဖြစ်၍ ) ပဋိသမ္ဘိလေးပါးနှင့်တကွ အရဟတ္တဖိုလ်ပေါက် ရဟန္တာ အဖြစ်သို့ဆိုက် ရောက် တော်မူ၏။ အနီး၌ ရှိကြ သော ရဟန်းတော်များသည် ပါရမီဓါတ်ခံအား လျှော်စွာ သောတာပန် သကဒါဂါမ် အနာဂါမ် စသည် ဆိုက်ရောက်တော်မူကြ၏။

အရှင်တိဿမထေရ်မြတ်သည်အရဟတ္တဖိုလ်ဆိုက်ရောက်၍မကြာမြင့်မီမှာပင်ဝိပါက်နာမက္ခန္ဓာ

ကဋတ္တာရုပ်အကြွင်းအကျန်မရှိသောအနုပါဒိသေသပရိနိဗ္ဗာန်စ၀င်တော်မူသွား၏။ရှင်တော်မြတ် ဘုရား သည် အရှင် တိဿမထေရ်၏အလောင်းတော်ကို အဂ္ဂိဈာပနခေါ်မီးသဂြိုဟ်ခြင်းအမှု ပြုတော် မူစေ၍ ကြွင်းကျန်ရစ်သော ဓါတ်တော်များကို လူနတ်အများ ကုသိုလ်ပွါးစေရန်အတွက် “ ဓါတု စေတီ ” တည်တော်မူရန် ညွှန်ကြား တော်မူ၏။( သမ္မာသမ္ဗုဒ္ဓ - ပစ္စေကဗုဒ္ဓ - ရဟန္တာ - စကြာဝတေးမင်း တို့သည်စေတီတည်ထိုက်သူများ ဖြစ်ပါ၏။ )

ရဟန်းတော်များသည် အရှင်တိဿမထေရ်၏ လာရားဂတိ ဖြစ်ရာဘုံဘ၀ကို ဘုရားရှင်အား မေးမြန်းကြ၏။ဘုရားရှင်က အရှင်တိဿမထေရ်သည် “ ကံ ကိလေသာ ” မရှိတော့ပြီဖြစ်၍  လားစရာဂတိ ဘုံဘ၀ မရှိတော့၊ တဏှာမရှိရာ ခန္ဓာမရှိရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုသွား ပြီးဖြစ်ကြောင်း ပြန်လည် မိန့်ကြား တော်မူ၏။ရဟန်းတော်များကဆက်လက်၍ အရဟတ္တဖိုလ် ပေါက်နိဗ္ဗာန်မျက်မှောက်ပြုနိုင်သောမထေရ်မြတ် ဖြစ်ပါလျှက်“ အဘယ့်ကြောင့်  ပြည်နာ ပေါက်ခြင်း၊ အရိုးများ အက်ကွဲခြင်း၊နိဗ္ဗာန်မျက်မှောက် ပြုနိုင်ခြင်းများ ” ဖြစ်ရ ပါသနည်းဟု မိမိတို့ မမြင်ရမမြင်နိုင်သော အရှင်တိဿမထရ်၏ အတိတ်အကြောင်းကို မေးလျှောက်ကြ၏ ရှင်တော် မြတ် ဘုရားသည် အရှင်တိဿမထေရ်၏အတိတ်ဇာတ်ကြောင်း ကိုပြန်ပြောင်း၍ ဟောကြား တော်မူ၏။

ဤဘဒ္ဒကမ္ဘာမှာပင်“ကဿပရှင်တော်မြတ်ဘုရားလက်ထက်တော်”ကာလ.အရှင်တိဿလောင်း

လျာသည် ငှက်မုဆိုးဖြစ်၍ ငှက်များကို ဖမ်းဆီး၍ ရောင်းချကာမိမိအသက်ကို ဆက်ခဲ့သူ ဖြစ်ခဲ့၏(သူတစ်ပါး အသက်ဖြင့်   မိမိအသက် ဆက်သူများသည် အသက်မွေးဝမ်းကြောင်း မစင်ကြယ်သူများ ဖြစ်ကြ၏၊) ငှက် များများရသောနေ့၌ ရောင်းလည်းရောင်း မိမိအတွက်လည်း ချက်စား၏။ရောင်းချ၍ မကုန်သောအခါ ငှက်များကို မပြေးနိုင် မပျံနိုင်အောင် ခြေထောက် များတောင်ပန်များကို ရိုက်ချိုး၍ စုပုံထား၏၊ ( ငှက်ကိုတစ် ခါတည်း အသေသတ်ပါက နောက် နေ့၌ ပုပ်ပွသွားလျှင် ရောင်းမရမည်စိုးသောကြောင့် အသေမသတ်ပဲ မပြေးနိုင်မပျံနိုင်အောင် ခြေထောက်များ တောင်ပံများကို ရိုက်ချိုး၍ စုပုံထားခြင်းဖြစ်၏)

တစ်နေ့ အရသာရှိလှသော ရသဘောဇဉ်ကို ချက်ပြီးချိန် -အိမ်ပေါက်ဝ၌ ရဟန္တာ အရှင်မြတ် တစ်ပါး ဆွမ်းရပ် နေသည်ကို(အရှင်တိဿမထေရ်လောင်းလျာ) ငှက်မုဆိုး သည်လှမ်းမြင် လိုက်၏၊ သင်းပိုင်သင်္ကန်း
တို့ကို   အ၀န်းညီစွာ ၀တ်ရုံ၍ စက္ခုနြေ္ဒချကာ တည်တည်ငြိမ်ငြိမ်ဖြင့် သပိတ်ပိုက်လျှက် ဆွမ်းရပ်နေသည်ကို မြင်ရသောအခါ အလွန်ကြည်ညိုသွား၏။


မိမိသည်(ဘုရားသာသနာကြုံတွေ့နေပါလျှက်ဘ၀ပေးအခြေအနေစားတ်နေရေးအရကျောင်းကန်
ဘုရားနှင့်ဝေးကွာကာငှက်များကိုသတ်ဖြစ်တ်၍အသက်မွေးဝမ်းကြောင်းပြုလာခဲ့သည်မှာနှစ်များ လည်းမနည်းတော့။လှူဖွယ်ပစ္စည်း အလှူခံ သဒ္ဓါတရား ဤသုံးပါးစုံမှ ဒါနပြုဖြစ်သည်တဲ့၊ ယခု တော့လှူဖွယ်အလှူခံ သဒ္ဓါတရား သုံးပါးလုံး စုံညီနေပေပြီး၊ အတိတ်က ဒါနနည်းခဲ့၍ ယခုဘ၀ မွဲရသည်၊ယခု မရှိ၍ မလှူဖြင်လျှင် နောင်ဘ၀ သံသရာတို့၌လည်း ရှိလာလိမ့်မည် မဟုတ် တော့။ မရှိုလို့ မလှူ မဖြစ်စေပဲ ရှိတာလေးထဲက ခွဲလှူမည်ဟု စိတ်ဆုံးဖြတ် လိုက်၏၊ ထို့နောက် အရှင်မြတ်၏ လက်မှ သပိတ်တော်ကို ယူခဲ့၍ အရံသင့် ကျက်ပြီး သားဖြစ်သော ရသဘောဇဉ်ကို သပိတ်အပြည့်ထည့်၍ အရှင်မြတ်၏ လက်တော်သို့ ရိုရိုသေသေ ဆက်ကပ်ပြီးလျှင်“ ခြေ လက် နှဖူး တတောင် ဒူး ” ဟူသော ထိခြင်းငါးပါး (တည်ခြင်းငါးပါး ) နှင့် ရှိခိုး ဦးချပြီး၍ ဆုတောင်းလေ၏
( ကောင်းသစ် )





ငှက်မုဆိုး တောင်းလိုက်သည့် ဆုမှာ ရိုးရိုးလေးပင် ဖြစ်၏၊“ အရှင်မြတ်တို့ သိအပ်သောအသိ၏ အထွဋ် အထိပ်သို့ ရောက်ရပါလို၏ ”တဲ့။ အမှန်အားဖြင့် နိဗ္ဗာန်ကိုသာ ဆုတောင်း လိုက်ခြင်းဖြစ်ပါ၏။ ရဟန္တာ အရှင်မြတ်ကလည်း “ ဧ၀ံ ဟောတု - တောင်းသည့်အတိုင်း ပြည့်စေ သတည်း ” ဟုဆုပေးလိုက်၏။အရှင် တိဿ မထေရ်သည် ငှက်မုဆိုး ဖြစ်စဉ်ဘ၀က ငှက်များကို ဖမ်းဆီး၍ ခြေထောက်များတောင်ပံများကို ရိုက်ချိုး ဖျက်ဆီးခဲ့သည့် အကု သိုလ်ကံကြောင့် ခန္ဓာကိုယ်မှာ ပြည်တည်နာများ ပေါက်ခြင်း၊ အရိုးများ ကွဲအက်ခြင်း ဒုက္ခကို ခံစားရခြင်း ဖြစ်၏။ကိလေသာ အာသဝေါ ကင်းသော ရဟန္တာအရှင်မြတ်ကို “ ဆွမ်းတစ်နပ် ” ဆက်ကပ်လှူဒါန်း၍ နိဗ္ဗာန်ကို ဆုတောင်း ( ဆုပန် ) ခဲ့သောကြောင့် အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်မျက်မှောက်ပြုနိုင်ခြင်းဖြစ်၏ဟု အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း ဟောကြားတော် မူခဲ့ပါ၏။

အရှင်တိဿမထေရ်၏ ဘ၀ဖြစ်စဉ်ကို ဖတ်ရှုကြပြီးလျှင် “ ကောင်းကံ ဆိုးကံတို့ကို - မိမိသာ ပြန်လည်၍ စံစား ခံသွားကြရမည်ကို ” သတိကောင်းစွာ မူကြလျှက် အသိရှိသော ဘ၀မှာ အကျင့်လိုက်နိုင်ကြသူများ ဖြစ်ကြ၍ မကောင်းမှုများ ရှောင်ရှား - ကောင်းမှုများကို ဆောင်ထားကြပြီးလျှင် အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန် မျက်မှောက် ပြုနိင်ကြပါစေဟု … ပြီးပါပြီ

Friday, February 4, 2011

နှစ်ဖက်မြင်

မေ့မေ့လျှော့လျှော့ နေသူကို ပြပါဆိုရင် သူများကိုသာ မပြကြနဲ့။ ကုသိုလ်ကိစ္စ မေ့သမျှအမေ့ချည်းပဲ။

သံသရာရေးကို မကြိုးစားပဲ ပစ္စက္ခကြီးပွါးရေးကိုသာ ကြိုးစားနေရင် တရားလမ်း မဟုတ်သေး။
သေခြင်းဟာ အဆန်းမဟုတ်ပါ၊ ကံ တစ်ခုနဲ့ ပိုင်းခြားလိုက်တဲ့ ဘ၀တစ်ခု ကုန်ဆုံးသွားခြင်းပါပဲ။

မျက်စိကို ပစ္စုပ္ပန် တမလွန် နှစ်ဖက်ကြည့်ပါ၊မျက်ကွယ် တမလွန်ကို မမြင်နိုင်ရင် တစ်ဖက်ကန်းတာပဲ၊ဒီတော့ သုတရှိဖို့ လိုတယ်။

ဘာသာရေးနှင့်စပ်ပြီး အသိဥာဏ်တိုးဖို့ လမ်းမှန်ရောက်ဖို့ကလည်း သိပ်အရေးကြီးတယ်။
                                                         (အမရပူရ မဟာဂန္ဓ္ဓာရုံဆရာတော်)

Thursday, February 3, 2011

မုဆိုး၏ ဆွမ်းတစ်နပ်

ကုသိုလ် ဥစ္စာ ပညာ ကျန်းမာ ယင်းလေးဖြာတို့နှင့် ပြည့်စုံသော အရပ်သည် ပဋိရူပ - နေသင့်သော အရပ်ဖြစ်ပါ၏၊ အပြန်အားဖြင့် ယင်းတရားတို့နှင့် မပြည့်စုံသော အရပ်သည် အပ္ပဋိရူပ- မနေသင့်သော အရပ်ဟုခေါ်နိုင်ပါ၏၊ သေချင်တဲ့ကျားတော ပြောင်းဟုစကားပုံရှိသော်လည်း တစ်ရွာပြောင်းမှသူကောင်းဖြစ်မည်ဆိုလျှင် တစ်ရပ်တစ်ရွာ တစ်နယ်တစ်ကြေးသို့ ပြောင်းရမည်သာဖြစ်ပါ၏။  (ဥစ္စာပညာကိုရလွယ်သော အရပ်မှာ သွားရောက်၍ ရှာဖွေရမည်၊ သို့သော်ဥစ္စာရှင် ပညာရှင်ဖြစ်သောအခါ မွေးရပ်ကို ပြန်လည် ကျေးဇူပြုရန် ကျေးဇူးဆပ်ရန် လိုအပ်ပါ၏)

သာဝတ္ထိမြို့တော်သည်ကားယင်းလေးပါးနှင့်ပြည့်စုံသောအရပ်ဖြစ်၍နေသင့်နေထိုက်သော
အရပ်ဒေသတစ်ခုဖစ်ပါ၏။အထူးအားဖြင့်သာဝတ္ထိမြို့တော်သည်ဘာသာတရား၏အဆုံးအမ ကြောင့်ယဉ်ကျေးသူစာနာတတ်သူ  ကူညီဖေးမတတ်သူများ ပေါများ၍ နေချင်စဖွယ် အရပ်ဒေသတို့တွင် နေချင်စရာ အကောင်းဆုံး မြို့တော် တစ်ခုလည်း ဖြစ်ပါ၏

သာသနာနှင့်သာဝတ္ထိသည် စွယ်တော်ရွက်ကဲ့သို့ နှစ်လွှာပေါင်းမှ သမိုင်းတစ်ခု ဖြစ်သည်
ဆိုလျှင် ဆိုသင့် ဆိုထိုသည်သာဖြစ်ပါ၏။သာဝတ္ထိ၌ တရားသံများသည် မကြားချင်အဆုံး ကြားနေရ၏၊ရဟန်းတော်များကို မဖူးမြင်ချင်အဆုံး ဖူးမြင်နေရ၏၊ ကုသိုလ်တရားများလည်း မပြုချင်အဆုံးပြုနေရသည်သာဖြစ်ပါ၏။ပြုလွယ် သောအရာဆိုလျှင် အများအားဖြင့် ပြုဖြစ်ကြသည်သာများ၏၊ သာဝတ္တိသည် ကုသိုလ်တရားပြုလွယ်သော နေရာတစ်ခုဖြစ်၍ ကုသိုလ်ပြုဖြစ်သူများလည်း များပြားလှပါ၏၊ထို့ကြောင့် လူဦးရေ  သန်း( ၇၀ ) ရှိသော သာဝတ္ထိသည် အရိယာ  သန်း( ၅၀ ) ရှိသည်ဟုမှတ်တမ်းများ အရ သိရပါ၏။

တရားတော်များ နာရဖန် များသောအခါ စိတ်ထားများ နူးညံ့လာ၍ ဘ၀ခန္ဓာကို အပြစ်မြင်ကာ ဘ၀လွတ် မြောက်ကြောင်းအတွက် လူ့ဘ၀ လူ့အသိုင်းအ၀ိုင်းစွန့်ခွာ၍ ရဟန်းပြုသူများလည်း ပေါများလှ၏၊ ထိုရဟန်း တို့တွင်အရှင်တိဿမထေရ်မြတ်လည်း တစ်ပါးအပါအ၀င်ဖြစ်၏။ အရှင်တိဿမထေရ်သည်သာဝတ္ထိမြို့သား ဖြစ်၏၊ဘုရားရှင်၏တရားတော်ကို  နားကြ ရဖန်များသောအခါ လောက၏ “သာယာဖွယ် . အပြစ် . ထွက် မြောက်ကြောင်း ” သုံးခုစလုံးကို ကောင်းကောင်း သဘောက်ပေါက်၍  ဘ၀တစ်ခုလုံးကို သာသနာ သို့အပ် နှင်းကာ  ရဟန်းပြုလာသော အရှင်မြတ်ဖြစ်၏။ သာသနာဘောင်သို့ ရောက်သောအခါ၌  သီလ၀ိသုဒ္ဓိကို အခြေခံ၍ စိတ္တ၀ိသုဒ္ဓိ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်အောင်  ဘာဝနာတရားများကို  ကြိုးစား အားထုတ်နေ၏၊

ရက်ကိုလစားလကိုနှစ်စား၍သာသနာဘောင်ဝင်လာသည်မှာနှစ်များပင်အတန်ငယ်ကြာခဲ့ပေပြီ၊
အရှင်တိဿ၏ ခန္ဓာကိုယ်၌ မုန့်ညှင်းစေ့ခန့်အရွယ် အနာငယ်လေးများ ပေါက်လာ၏၊ အစ၌ အပူဘုလေးများ ဖြစ်မည်ဟု ထင်ခဲ့၏၊ သို့သော် အနာဘုလေးများသည် တစတစ ကြီးလာ၏၊မုန့်ညှင်းစေ့ခန့်မှ ပဲနောက်စေ့ခန့် မကျည်စေ့ခန့် ဇီးဖြူသီး ဖန်ခါးသီးခန့် ထိုမှတစတစ ဥသျှစ်သီးခန့် ပမာဏရောက် သောအခါ ပြည်များစိုရွှဲ၍ အနာများ ပေါက်ကွဲလေတော့၏။ အသားများသာမက နောက်ပိုင်း အရိုးများပါ ကွဲအက်ကုန်တော့၏ ခန္ဓာကိုယ်တစ်ခုလုံးပြည်အလိမ်း သွေးအလိမ်းဖြင့် မြင်မကောင်း ရှုမကောင်းဖြစ်လာ၏။၊ သွေးပြည် နံ့ဆိုးများ သည်လည်းတလှောင်းလှောင်း ထွက်လာတော့၏။

အရှင်တိဿ၏ အတူနေ မိတ်ဆွေရဟန်းများလည်းအစတော့ ၀ိုင်းဝန်းပြုစုကြသေး၏၊သို့သော် ကြာတော့  ဒါဏ်မခံနိုင်တော့၊ ၀တ်ကြီးဝတ်ငယ်ပြုနေကြဖြစ်သော တပည့်များသည်လည်း ကြာတောမတတ်နိုင်တော့၊ အားလုံးက အရှင့်မြတ်ကို စွန့်ခွါသွားကြလေပြီး။အရှင်မြတ်သည်  အဖေါ်မဲ့ တစ်ပါးတည်း ဖြစ်ရလေပြီ၊ မည်သူမျှ မကယ်နိုင်သည့် နာဘေးဒုက္ခ တစ်ပါးတည်းကြိတ်မှိတ်၍ ခံစားနေရလေပြီ၊

“ နတ္ထိ ခန္ဓသမာ ဒုက္ခာ ” ခန္ဓာနှင့်တူသော ဒုက္ခမည်သည် မရှိ၊ ခန္ဓာရှိ၍ ဤဒုက္ခ ငါခံစားရသည်ဟု ခန္ဓာ၏  အပြစ်ကိုသာ အရှင်မြတ်သည်ရှုဆင်ခြင်နှလုံးသွင်းနေ၏ ။စွန့်ခွါသွားကြသောမိတ်ဆွေရဟန်းတွေကိုလည်း  သူ့ကို ပစ်သွားရမလားဟု အပြစ်မမြင်၊ သူ၏ တပည့်များကိုလည်းသူ့ကို စွန့်ပစ်၍ သွားရမည်လားဟု  အပြစ်မတင်၊ အဓိက တရားခံဖြစ်သော ခန္ဓာကိုသာ အပြစ်မြင်၏၊၊ ဤသည်မှာ အမှန်မြင်ခြင်းဖြစ်ပါ၏၊ အမှန်အတိုင်းရှုမြင်တတ်သည်ဖြစ်၍   သူတစ်ပါးကို မကျေနပ်သည့် ဒေါသ မဖြစ်တော့၊
ဒေါသ မဖြစ်ခြင်း ကြောင့် ဒေါသကြောင့် ရရှိနိုင်သည့် ဆိုးကျိုးများလည်း အကျိုးပေးခွင့် မရတော့၊၊အကြောင်းဒေါသကို  (နှလုံးသွင်းမှန်ခြင်းဖြင့် ဖြစ်ပေါ်ခွင့်မရှိအောင်) ပယ်သတ်လိုက်သောအားဖြင့် အကျိုးဖြစ်သော  (ဒေါသ ကြောင့်  ဖြစ်ပေါ်လာမည့် ) အဆိုးတရားများကိုလည်းပယ်သတ်ပြီး ဖြစ်သွားတော့၏။

 ခန္ဓာကိုသာ အပြစ်မြင်၏၊ ခန္ဓာကိုယ်၏ အပြစ်ကို မြင်၍ သံဝေဂဥာဏ် ဖြစ်ပေါ်၏၊ သံဝေဂဥာဏ်သည်  နိဗ္ဗာန်လမ်းမသို့ ပထမဆုံး ချလိုက်သော ခြေလှမ်းဖြစ်ပါ၏ ပထမခြေလှမ်းသည် နိဗ္ဗာန်သို့ ဦးတည်နေ သည် ဖြစ်၍ ဒုတိယခြေလှမ်း တတိယခြေလှမ်းစသည် စသည်တို့သည်လည်း  နိဗ္ဗာန်သို့သာ ဦးတည် နေသည် ဖြစ်ပါ၏၊

ဘုရားရှင်တို့သည် တစ်နေ့ နှစ်ကြိမ် လောကကို “ သဗ္ဗညုတ ” ဥာဏ်တော် ဗုဒ္ဓစက္ခုဖြင့်ကြည့်ရှုတော်မူမြဲ  ဖြစ်၏။နံနက်မိုးသောက်အခါ လောကကို  ကြည့်တော်မူလျှင် စကြာဝဠာနှုတ်ခမ်းမှ အစပြုခဲ့၍ ဂန္ဓကုဋိ ကျောင်းတော်ထိ ဖြန့်ကျက် ကြည့်ရှုတော်မူ၏၊ ညနေချမ်းအခါ လောကကို ကြည့်တော်မူလျှင် မိမိ သီတင်း သုံးရာ ဂန္ဓကုဋိကျောင်းတော်မှနေ၍စကြာဝဠာနှုတ်ခမ်းထိ ဖြန့်၍ ကြည့်ရှုတော်မူ၏။

(သဗ္ဗညုတဥာဏ်တော်ဟူသည် - သိစရာမှန်သမျှ အကြွင်းအကျန်မရှိ လုံစုံသိမြင်ခြင်း၊ သိသည့်တရား တော်ကို ဝေနေယျများနားလည်အောင် ဟောပြောဖို့ နည်းပေါင်းစုံကိုသိမြင်ခြင်း၊ ကျွတ်ထိုက်ကြသူ ဝေနေ ယျတို့၏ ဣနြေ္ဒ ပါရမီအနုအရင့် စရိုက် အကြိုက်ကိုသိမြင်ခြင်း - ဖြစ်ပါ၏။)

ထိုသို့ ကြည့်ရှုတော်မူသောအခါ“အရှင်တိဿမထေရ်သည်ဥာဏ်တော်ကွန်ယက်၌ကွက်ကွက်   ကွင်းကွင်း  ထင်ထင်ရှားရှား မြင်တော်မူ၏၊ တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးရလျှင် နာကြားခွင့် ရလိုက်လျှင် တစ်ခဏလေး အတွင်းမှာပင်  ပဋိသမ္ဘိဒါလေးပါး နှင့်တစ်ကွ အရဟတ္တဖိုလ်ဆိုက်  နိဗ္ဗာန် မျက်မှောက်ပြုနိုင်မည်ကို မြင်တော်မူ၏၊(ဆက်ရန် ) ကောင်းသစ်