.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Tuesday, May 31, 2011

ဗုဒ္ဓဂယာ

ကဆုန်လပြည့် ဗုဒ္ဓနေ့ . ဗုဒ္ဓဂယာ၌  ထေရ၀ါဒ မဟာယာန ဗုဒ္ဓဘာသာတို့၏ ဘာသာရေး ပူဇော်မှု ပုံရိပ်လွှာများ ။ ဗဟုသုတဖြစ်ဖွယ် တင်ပြပေးလိုက်ပါသည်။

                              (ပုံကြီး  ကြည့်လိုလျှင် ဓါတ်ပုံပေါ် ကလစ်ပါ )
              
                                ဓါတ်ပုံ ပေးပို့သူ -  အရှင်ကောဝိဒ (ဒေလီ)

Monday, May 30, 2011

အရှင်ဒေ၀ဒတ္တ

အရှင်ဒေ၀ဒတ် - ဟု ကြားလျှင် လူတိုင်းက ရဟန်းကြမ်းကြီး ဆရာမှားကြီးဟု ထင်ကြ၏၊ ထင် လည်း ထင်စရာပင်ဖြစ်၏။အရှင်ဒေ၀ဒတ်သည် သူမတူအောင် မိုက်တွင်းနက်ခဲ့သူလည်း ဖြစ်ခဲ့ပါ
၏၊ ယခု တင်ပြမည့် အကြောင်းအရာသည် ( လူသိများသော မိုက်ကွက်များကို ) တင်ပြမည် မ
ဟုတ်ပါ။ ကောင်းကွက်များကိုသာ ရွေးချယ်၍ တင်ပြသွားမည် ဖြစ်ပါ်၏၊

မိမိ မြတ်နိုးသူအကြောင်း ရေးလျှင် (မကောင်းကွက်များကို ချန်တတ်၍ ) သမိုင်းမှန် မဖြစ်နိုင်တဲ့၊
မိမိ မုန်းသူအကြောင်း ရေးပြန်လျှင်လည်း (ကောင်းကွက်များကို ချန်တတ်၍ ) သမိုင်းမှန် မဖြစ်
နိုင်ပါတဲ့။ စာရေးသူသည် အရှင်ဒေ၀တ်ကို မြတ်နိုး၍  မကောင်းကွက်များကို ချန်ထားခြင်း မဟုတ်ပါ၊ လူအများ ဂရုမပြုမိသော ကောင်းကွက်လေးများကို မြင်စေလို၍ တင်ပြခြင်းမျှသာ ဖြစ်ပါ၏၊ ထို့ကြောင့် ယခုတင်ပြချက်များသည် အရှင်ဒေ၀ဒတ်၏ သမိုင်း (အပါဒါန်) အပြည့်အစုံ မဟုတ်သည်ကို ရှေးဦးစွာ အသိပေးအပ်ပါ၏

အရှင်ဒေ၀ဒတ်သည် ပုဗ္ဗေစ ကတပုညတာစက်နှင့် ပြည့်စုံသူ ဖြစ်ပါ၏၊ တနည်းအားဖြင့် ရှေးကောင်း မှုကံ ပါလာသူဖြစ်ပါ၏၊ အဘယ့်ကြောင့် ဆိုသော အမျိုးဇာတ်အားဖြင့် မြင့်သော (သကျ) သာကီဝင် မင်းမျိုး၌ ဖြစ်သောကြောင့် ဖြစ်၏။ “ ခတ္တိယ ဗြဟ္မဏ ဝေဿ သုဒ္ဒ ” ဟူသော အမျိုးလေးပါး တို့တွင် ယင်းအချိန်က ခတ္တိယကို အမြတ်ဆုံးဟု သတ်မှတ်ကြ၏ဘဒ္ဒိယ အနုရုဒ္ဓါ အာနန္ဒာ ဘဂု ကိမိလတို့သည်  အရှင်ဒေ၀ဒတ်၏ အပေါင်းအသင်း လက်တွဲဖေါ်  သူငယ်ချင်း ကစားဖေါ် ကစား ဖက်များလည်း ဖြစ်ကြပါ၏၊

တစ်နေ့ မြတ်စွာဘုရား အနုပိယမည်သော မလ္လာမင်းတို့၏ နိဂုံး သရက်ဥယျာဉ်၌ သီတင်းသုံး စံနေတော်မူခိုက်ဖြစ်၏၊ ဝေဒကျမ်းတတ် လက္ခဏပညာရှင်များသည် ဘုရားအလောင်းတော်ကို ဘုရားသော်လည်း စကြာဝတေးမင်းသော်လည်း ဖြစ်ပါလိမ့်မည်ဟု နိမိတ်ဖတ်စဉ်အခါက “ ဆွေတော်ရှစ်သောင်းတို့သည် စကြာဝတေးမင်းဖြစ်ဖြစ် သမ္မာသမ္ဗုဒ္ဓဘုရားပဲဖြစ်ဖြစ် ခတ္တိယ ပရိ သတ်ဖြင့် ၀န်းရံကြရမည်ဟု သဘောတူခဲ့ကြ၏။ ယခု ဤခြောက်ယောက်တို့သည် မင်းဆွေ မင်းမျိုး မဟုတ်ကြလေယောင်တကားဟု ဆွေမျိုးများက ပြောကြသောကြောင့် သူတို့ခြောက် ယောက်သည် ထီးနန်းစည်းစိန်ကိုစွန့်၍ ရဟန်းပြုခဲ့ကြ၏၊ ထိုအထဲတွင် ဒေ၀ဒတ္တလည်း တစ် ယောက်အပါအ၀င် ဖြစ်၏၊

( ထိုနန်းကို စွန့်နိုင်ခြင်း တနည်းအားဖြင့် ကာမအာရုံမှ ထွက်မြောက်ခြင်းသည် “ နေက္ခမဓာတ် ”
 ဖြစ်ပါ၏၊ထီးနန်းကို မခွဲနိုင် မခွါရက် ဖြစ်မနေပဲ စွန့်ပယ်နိုင်ခြင်းသည် “ အလောဘ” ဓာတ် သဘောဖြစ်ပါ၏ထိုဓာတ်များသည် အများနည်းတူ ဒေ၀ဒတ္တ၏သန္တာန်၌လည်း ကိန်းအောင်း နေသည်ကို တွေ့မြင်ရမည်  ဖြစ်ပါ၏။ )။

ဥပါလိဆတ္တာသည်နှင့်အတူ မင်းညီမင်းသား ခြောက်ယောက်တို့ ရဟန်းပြုပုံကို အနည်းငယ် တင်ပြ ပါအုံးမည်။သကျရာဇာဖြစ်သော ဘဒ္ဒိယ အနုရုဒ္ဓါ အာနန္ဒာ ဘဂုကိမိလ ဒေ၀ဒတ္တဟူသော မင်းညီ မင်းသား ခြောက်ယောက်တို့သည် ဥပါလိဆတ္တာသည်နှင့်အတူမင်းစည်းစိမ်ကို ခုနှစ် ရက်ပတ်လုံး  ခံစား စံစားကြပြီးလျှင် ဥယျာဉ်တော်ကို ( ဥယျာဉ်ကစား ) သွားသကဲ့သို့ အင်္ဂါ လေးပါးရှိသော စစ်တပ်ဖြင့်ခြံရံလျှက် ထွက်လာကြရာ တိုင်းတစ်ပါးနယ်စပ်ရောက်သောအခါ မင်းအာဏာဖြင့် စစ်တပ် ကို ပြန်ခိုင်းလိုက်ကြ၏၊

ထို့နောက် မိမိတို့ ၀တ်ဆင်ထားသော မင်းညီမင်းသား လက်ဝတ်ရတနာမှန်သမျှကို တစ်ခုမကျန်
ချွတ်ကြပြီးလျှင် အထုပ်ကြီးထုပ်လျှက် မိမိတို့၏၊  အလုပ်အကြွေး ဆတ္တာသည် ဥပါလိအား ပေး
လိုက်ကြ၏၊ ဥပါလိ အသင်လည်းပဲ ပြန်ပေတော့ ၊ ယခုပေးလိုက်သော ရတနာများသည် သင့်
အတွက် ချမ်းချမ်းသာ အသက်ရှင်နေနိုင်ဖို့ လုံလောက်ပါတယ်၊ ဥပါလိသည် မင်းညီမင်းသား တို့၏ချေရင်း၌ ၀ပ်စင်းလျှက် ငိုကြွေးလေ၏၊ သို့သော် မင်းညီမင်းသားတို့၏ အမိန့်ကို မဖီဆန် လို၍ ရတနာထုပ်ကို ယူကာ နောက်ကြောင်း ပြန်လှည့်ခဲ့ရ၏။ မင်းညီမင်းသား ခြောက် ယောက်နှင့် ဥပါလိဆတ္တာသည်တို့ ခွဲခွါတယ်ဆိုရင်ပဲ တောအုပ်ကြီးသည် ငိုကြွေးသလို တော ဟိန်းသံများ ဆူညံသွားခြင်းနှင့် မဟာပထ၀ီတုန်လှုပ်ခြင်းများသည်  ထူးခြား အံ့သြဖွယ်ရာ ဖြစ် ပေါ်ခဲ့ပါ၏၊ သို့သော် ယင်းအဖြစ်အပျက်ကို သတိမူမိသူကား နည်းပါးလှပါ၏။
   
ဥပါလိသည် ပြန်လှည့်လာ၍ အနည်းငယ်ရောက်သော အခါ အတွေးတစ်ချက် ပေါ်လာ၏။ စဏ္ဍာ ခေါ သာကိယာ - သာကီဝင်တွေဟာ ကြမ်းတမ်းတယ်၊ မင်းသားတွေသတ်ဖြတ် ညှင်းဆဲ ပြီး ရတနာတွေ ယူလာတယ်ထင်ပြီး ငါ့ကို သတ်ချင်လဲ သတ်နိုင်တယ်၊ နောက်ပြီး သာကီ ၀င်မင်းသားဖြစ်တဲ့ သူတို့သော်မှ ကြီးကျယ်ခမ်းနားသော မင်းစည်းစိမ်ကို ပယ်စွန့်ပြီး အဖိုး အနဂ္ဃ ထိုက်တန်လှသော ဤလက်ဝတ်ရတနာတို့ကို တံတွေးပေါက်ကဲ့သို့ ပယ်စွန့်ကြ၍ ရှင်ရဟန်း ပြုနိုင်ကြသေး၏၊(သူတို့၏ အလုပ်အကြွေးဖြစ်သော ) ငါသည် အဘယ်ကြောင့် ရတနာထုပ်ကို စွန့်၍ ရဟန်း မပြု နိုင်ရအံ့နည်းဟု စဉ်းစား၍ရတနာထုပ်ကို ဖြည်၍ ရတနာတို့ကို သစ်ပင်၌ ချိတ်ဆွဲလျှက်  “ အလို ရှိသူ ယူကြစေ” ဟု ဟစ်အော်ပြောဆို၍ ရဟန်းပြုရန် ထွက်ခွါသွားသော မင်းညီမင်းသား ခြောက် ယောက်နောက်သို့ ချေရာခံ၍လိုက်သွားလေတော့၏။ မင်းညီ မင်းသား များကို မှီသောအခါ  အဘယ့် ကြောင့် လိုက်လာသလဲဟုမေးသောအခါ သူအတွေးပေါက်ပုံကို ပြောပြပြီးလျှင် မိမိလည်း  ရှင်ရဟန်းပြုလိုကြောင်း ပြောကြားလေတော့၏ ၊ ဒေ၀ဒတ္တအပါအ၀င် မင်းညီမင်းသား ခြောက်ယောက်တို့သည်  ဥပါလိ ဆတ္တာသည်နှင့်အတူ ရှင်တော်မြတ်ဘုရား ထံသို့ ဦးတည်၍ ခရီးဆက်ကြလေ၏။ဘုရားရှင် ထံတော်ပါးသို့ ရောက်သောအခါ “ မြတ်စွာ ဘုရား တပည့်တော်တို့ သာကီဝင်မင်းမျိုးတွေဟာ မာန်မာနကြီးကြပါ၏၊၊ဤဥပါလိသည် တပည့် တော်တို့၏ အလုပ်အကြွေးဖြစ်ပါ၏၊ သူ့ကို ရှေးဦးစွာ ရှင်ရဟန်းပြုပေးပါဘုရား၊ တပည့်တော် တို့သည် ဥပါလိကို ရှိခိုးခြင်းအရိုအသေ ပြုခြင်းစသည်တို့ကို ပြုလုပ်ကြ၍ မာန်မာနတရားဆိုးကိုး ဖျက်ချိုးကြပါမည်ဘုရား ” ယင်းသို့  လျှောက်ထားကြပြီး ဥပါလိကို ရှေးဦးစွာ ရှင်ရဟန်းပြုစေ၍ နောက်မှ သူတို့က ရှင်ရဟန်းပြုကြ၏။

(သာသနာတော်၌ အသက်သည် အဓိက မဟုတ်၊ ရဟန်းသိက္ခာတည်ခြင်းသည်သာ အဓိက ဖြစ်၏ရဟန်းသိက္ခာ အရင်တည်သူကို နောက်မှ တည်သူက အရိုအသေပေးရ၏။ တနည်း အားဖြင့် ရဟန်းအရင်ပြုသူကို နောက်မှပြုသူက အရိုအသေ ပေးရ၏၊ ဥပါလိသည် အရင် ရဟန်းပြု၍ မင်းညီမင်းသား ခြောက်ယောက်ထက် အဓိသီလသိက္ခာ အရင်တည်သူ ဖြစ်သွား၏၊ ထို့ကြောင့် အရှင်သခင် ဖြစ်ခဲ့ဘူးသော မင်းညီမင်းသား ခြောက်ယောက်တို့သည် အရှင်ဥပါလိ ကို  အရိုအသေပြုရ၏)။

အရှင်ဒေ၀ဒတ္တအပါအ၀င်  မင်းညီမင်းသား ခြောက်ယောက်နှင့် အရှင်ဥပါလိတို့သည် ရဟန်းဖြစ်
ကြသောအခါ ရဟန်းကောင်းများ ဖြစ်အောင် ရဟန်းတာဝန်ကျေအောင် လိုက်နာ နေထိုင်ကြ၏
ရဟန်းသိက္ခာကို လုံအောင် ထိမ်းကြ၍ ရဟန်းတာဝန်ဖြစ်သော ပရိယတ် ပဋိပတ်ကိုလည်း သင်ယူကျင့်ကြံကြသည်သာဖြစ်၏၊ တနည်းအားဖြင့် ပရိယတ် မကင်းသော ပဋိပတ်စနစ်ကို ဦးစားပေး၍ ကျင့်သုံးကြ၏၊ ဤသို့ဖြင့် “ သီလေ ပတိဋ္ဌာယ နရော သပညော၊ စိတ္တံ ပညဉ္စ ဘာဝယေ - သီလကို အခြေခံ၍ သမာဓိ ပညာကို ပွါးများကြရာ  ” အရှင်ဘဒ္ဒိယသည် ထိုရဟန်း ပြုသော  ၀ါတွင်းမှာပင် “ တေ၀ိဇ္ဇ ” ရဟန္တာဖြစ်တော်မူ၏။အရှင် အနုရုဒ္ဓါသည် ဒိဗ္ဗစက္ခုအရာ သူမတူအောင်ထူးချွန်၍ မဟာဝိတက္ကသုတ္တန်ကို နားကြားရာရဟန္တာဖြစ်တော်မူ၏။
                                                                               ( ဆက်ရန် ) ကောင်းသစ်

Saturday, May 28, 2011

သာသနာ ကွယ်စေသူ

ရဟန်းတို့ အကြင်ရဟန်းတို့သည် အဓမ္မကို ဓမ္မဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှာ လူအများ၏ ချမ်းသာမဲ့ခြင်းငှာ လူအများ၏ အကျိုးမဲ့ခြင်းငှာ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ကျင့်သည်မည်ကုန်၏၊ ရဟန်းတို့ ထိုရဟန်း တို့သည် များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွါးစေသည်မည်ကုန်၏၊  ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏။ (အင်္ဂုတ္တရ ဧကနိပါတ်)

ရဟန်းတို့ အကြင်ရဟန်းတို့သည် ဓမ္မကို အဓမ္မဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှာ လူအများ၏ ချမ်းသာမဲ့ခြင်းငှာ လူအများ၏ အကျိုးမဲ့ခြင်းငှာ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ကျင့်သည်မည်ကုန်၏၊ ရဟန်းတို့ ထိုရဟန်း တို့သည် များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွါးစေသည်မည်ကုန်၏၊  ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏(အင်္ဂုတ္တရ ဧကနိပါတ်)

Friday, May 27, 2011

ကြည်နူးနိုင်ပါစေ

                                 

အရှင်ရေ....
ပုံတွေ့ပို့လိုက်ပြီ။ မင်းသားပုံတွေချည်းပဲ။ ကင်မရာ မကိုင်နိုင်လို့ ဖုန်းနဲ့ပဲ ရိုက်ဖြစ်လိုက်တယ်ဆို တော့ ပုံအရည်အသွေး နဲနဲတော့ ညံ့တယ်။ဘာပဲဖြစ်ဖြစ်ပါ။ ဒီပုံရိပ်တွေဟာ (၁၇-၅-၂၀၁၁ခုနှစ်၊ ကဆုန်လပြည့်နေ့) ဗုဒ္ဒဂယာမဟာဗောဓိစေတီကြီး ရင်ပြင်ပေါ်က ပုံရိပ်တွေပါ။ ဗုဒ္ဒပွင့်ရာ မြေမြတ်မဟာမှာ အထူးသဖြင့် ဒီလိုနေ့မျိုးမှာ ဒီလို(ဒေသခံ)လူမျိုးတွေ ဒီဘာသာဝင်တွေ ဘာတွေ လုပ်ကြသလဲ၊ ဘယ်လိုတွေ ပူဇော်ကြသလဲဆိုတဲ့ အချက်အလက်ကို ပုံကြည့်တာနဲ့ ပုံရှုသူ တစ်ဖက်လူမှာ သိရှိခွင့်ရသွားတယ်ဆိုရင် ကောင်းကောင်းကြီး ၀မ်းသာကျေနပ်ရမှာပေါ့။
နောက်ပြီး ဒီဓာတ်ပုံကပေးတဲ့ လုပ်ရှားမှုပုံရိပ်အချက်အလက်တွေကြောင့်လည်း ဘာသာသနာနဲ့ ပတ်သက်တဲ့ ဗဟုသုတအ၀န်းအ၀ိုင်း အများကြီးမဟုတ်တောင် သူ့အထွာ သူ့အတိုင်းအတာ တစ်ခုအနေနဲ့တော့ ကျယ်ဝန်းသွားမယ်လို့လည်း ယုံကြည်တယ်။


ဆက်ပြီးပြောချင်တာက.........
မဟာဗောဓိစေတီတော်ကြီးကို ဗဟိုပြုပြီးတော့ စေတီတော်ကြီးရဲ့ ပတ်ပတ်လည်မှာ ဒေသခံ ကုလားလူမျိုးတွေအပြင် တိဘက်၊ တရုတ်၊ ကိုးရီးယား၊ ဂျပန်၊ ဘူတန်၊ ဥရောပ၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာ၊ သီရိလင်္ကာစတဲ့ နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံဟာလည်း ကိုးကွယ်မှု၊ ယုံကြည်မှု ပုံသဏ္ဍာန်အမျိုးမျိုးတွေနဲ့  အဆင်ပြေသလို နေထိုင်နေကြတာကို တွေ့မြင်နိုင်တယ်။ ပြီးတော့ ဒီလူမျိုးတွေဟာ ထေရ၀ါဒအရိပ်အောက်က လူတွေထက် မဟာ ယာန အရိပ်အောက်က လူတွေ ဖြစ်နိုင်ချေ ပိုများတယ်။ ထေရ၀ါဒ အရိပ်အောက်က လူဆိုတာ မဆိုစလောက် အနည်းအကျဉ်းလေးပဲ။

နောက်ပြီး  မဇ္စျိမအကျင့်လမ်းကို သွေဖီပြီး အစွန်းရောက်အကျင့်လမ်းကို ရွှေနန်းထင်ကာ ကျား ကုတ်ကျားခဲ ကျင့်နေသူတွေကိုလည်း တွေ့ရတယ်။ အများကြီးပါပဲ။ သူတို့ကို ကြည့်ရတာ ကာမ သုခလ္လိက အကျင့်မျိုးထက် အတ္တကိလမထ အကျင့်မျိုးကို အလေးပေးကျင့်ရတာကို သူတို့ ပိုပြီး ဂုဏ်ယူတတ်ကြ၊ ခုံမင်တတ်ကြသလိုပဲ။ သန့်ရှင်းမှုမရှိ ရှည်လျားပြီး ရှုပ်ထွေးပွေလီနေတဲ့ မှုတ်ဆိတ်နဲ့ ဆံပင်၊ ဟောင်းနွမ်းစုတ်ပြတ် နေတဲ့ အ၀တ်အပိုင်းစလေးကို ခါးအောက်မလုံ့တလုံ အရှက်လုံရုံမျှဝတ်၊ တောင်ဝှေးနဲ့ ပုတီးလုံးကြီးတွေကို အဖော်လုပ်ကာ စေတီရင်ပြင်ပေါ် ဟိုဟို ဒီဒီ သွားလာနေတာ တွေကိုလည်း အထင်းသားတွေ့မြင်နိုင်ရဲ့..........။
ဒါတွေ ထားပါတော့လေ.... တစ်ခုသော သစ်ပင်အရိပ်ကနေကြည့်ပြီး မြင်ခဲ့ရတဲ့ မြင်ကွင်း လေးကို ပြန်ပြောပြမိတာပါ။ အခုပို့တဲ့ ပုံရိပ်တွေထဲတော့ မပါဘူး။
အခုပို့တဲ့ ပုံရိပ်တွေက အခု ၂၀၁၁၊ ကဆုန်လပြည့်နေ့က ပုံရိပ်တွေပါ။ မဟာဗောဓိ စေတီ တော်ကြီးကို ဗဟိုပြု နေထိုင်ကြတဲ့ ဒေသခံလူတွေ၊ တိဘက်တွေ ၊ သီရိလင်္ကာတွေစတဲ့  နိုင်ငံ မတူ အသားအရောင်မတူတဲ့ လူမျိုးစုတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အလံကိုင် အတန်းစီပြီး ချီတက် လာကြတဲ့ ပုံရိပ်တွေပါ။ စေတီရင်ပြင် အတွင်း / အပြင်နဲ့ စေတီတော်ကို ဦးတည်လာရာ လမ်းတစ်လျှောက်မှာ ချီတက်ဆုတောင်း ၀တ်ပြုကြသူတွေနဲ့ ကြက်ပျံမကျ ကြိတ်ကြိတ်တိုး စည်ကားသွားခဲ့ပါတယ်။ ဗုဒ္ဒဘာသာတိုင်းပြည်အနေနဲ့ ဒီလိုနေ့မျိုးမှာ ဒီလိုမြင်ကွင်းဟာ မထူး ဆန်းပေမယ့်လို့ တစ်ခြားဘာသာ တိုင်းပြည်မှာ ဒီမြင်ကွင်းဟာ ထူးခြားနေသလိုပဲ။ ဒါကို သစ်ပင်ရိပ်တစ်ခုကနေ အမိအရ ကြုံတောင့်ကြုံခဲ ဓာတ်ပုံရိုက်ယူထားလိုက်တယ်။
                            (ပုံကြီး ကြည့်လိုလျှင် ဓါတ်ပုံပေါ် ကလစ်လိုက်ပါ)
ဒီထက်ပိုထူးခြားတာက ကလေးတွေပဲ။ ပုဂ္ဂလိကကျောင်းတစ်ကျောင်းက ကျောင်းသား/သူလေး တွေလေ...။ ဘာသာသာသနာမျိုးဆက်လေးတွေပေါ့။ အနာဂတ်မှာ အားမာန်အပြည့်နဲ့ ချီတက် ကြမယ့် သူလေးတွေလို့ ပြောလိုရတယ်။  ကြာလေ ရှုတ်ထွေးလေဖြစ်တဲ့ ကမ္ဘာ့လူမှု အရေး အခင်းကြားမှာ ငြိမ်းချမ်းရေး ဆီမီးတိုင်ကို ထွန်းညှိပေးမယ့်သူတွေပဲလို့ ပြောပါရစေ။
သူတို့လေးတွေ  တနေ့ဖြစ်မလာနိုင်ဘူးလို့ကော ဘယ်သူအတတ်ပြောနိုင်မလဲ....။ ဒါကြောင့် သူတို့လေးတွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ၊ ငြိမ်းချမ်းရေး တမန်တော်တွေပါ။ အနာဂတ်ကမ္ဘာငြိမ်းချမ်းရေးဟာ အနာဂတ်လူကြီးတွေမှာ ရှိတယ်ဆိုရင် အနာဂတ် လူကြီး တွေဟာလည်း ငြိမ်းချမ်းတဲ့ ဘာသာလမ်းကြောင်းပေါ်မှာပဲ ရှိသင့်တယ်လို့...................။
                                                                         အရှင်ကောဝိဒ ( ဒေလီ )

Thursday, May 26, 2011

နော ကမံ္မ - ကံကို မယုံခြင်း

ဗုဒ္ဓဘာသာဝင်တို့အတွက် သတိထားဖွယ်အချက်ကို တင်ပြလိုပါ၏၊အဆင့်နိမ့် ဗုဒ္ဓဘာသာဝင်တို့
၏ အင်္ဂါ(ငါး)ရပ်တို့တွင် “ မင်္ဂလံ ပစ္စေတိ၊ နော ကမံ္မ ”  ဟူသော အင်္ဂါရပ်သည်လည်း တစ်ပါး အပါအ၀င် ဖြစ်ပါ၏၊

မြန်မာလို ပြန်ရလျှင် “ ဒိဋ္ဌမင်္ဂလာ သုတမင်္ဂလာ မုတမင်္ဂလာ အမြင် အကြား အတွေ့စသည်နှင့်  အတိတ်နိမိတ် ဓါတ်ရိုက် ဓါတ်ဆင် ယတြာကို ယုံကြည်၍ ကံကို မယုံကြည် ( ယုံကြည်မှုအား နည်း)ခြင်း ဖြစ်၏။( ကောတုဟလမင်္ဂလာကို ယုံကြည်မှု ရှိ၏၊ မင်္ဂလာကို ယုံကြည်၍ ကံကို မယုံကြည်)။

လူတို့သည်  စီးပွါးရေး အဆင်ပြေခိုက် ဓါတ်ရိုက် ဓါတ်ဆင် ယတြာ အဆောင်များကို ဘယ်သူမှ သတိမရကြပေ၊ယင်းသို့ စီးပွါးဖြစ်ချိန်၌ ဘာသာရေးအားသန်သူများက လှူဒါန်းမှုဘက် အားစိုက်
ကြ၏၊လူမှုရေးအားသန်သူများက ထောက်ပန့်မှုဘက် အားဖြည့်ကြ၏၊လောကီဘက် အားသန်သူ
များကြတော့ ဇိမ်ခံပစ္စည်းမျိုးစုံ ၀ယ်ယူ၍ အသုံးအဆာင်များ ဖြည့်ဆည်းကြ၏၊ သူတို့ရည်မှန်း ချက်သူတို့လုပ်ဆောင်ချက်များနှင့် သူတို့ပျော်နေကြပါ၏၊သူတို့သည် (ကုသိုလ်ကံအကျိုးပေးနေ
သည်ဖြစ်၍ ) ကြံတိုင်းအောင်၍ ဆောင်တိုင်ပြီးမြောက်နေကြ၏၊ ကံမြင့်ချိန်၌ ကံမြှင့်ဖို့ အလွန် အရေးကြီး၏၊ ရေလာခိုက် မြောင်းပေးဖို့ လိုအပ်ပါ၏၊

အချို့ ကံမြင့်ချိန်၌ ( လောကကောင်းကျိုးပြုခြင်းဖြင့်) ကံမြှင့်ရန် အမှတ်မရကြ။ ဘ၀မြင့်ချိန်၌ ဘ၀င်မြင့်နေကြ၏၊ တနည်းအားဖြင့် ပစ္စည်းအရှိန်ဖြင့် ကြွနေကြ၏ဤနေရာ၌ ကျောင်းအမကြီး ၀ိသာခါ၏(အဟောင်းစားဟူသော )စကားတစ်ခွန်းကို သတိယမှိ၏၊ တစ်နေ့ ၀ိသာခါသည် ထမင်း စားနေသည့်  ယောက္ခမကြီးကို ဘေးမှ ယပ်ခပ်ပေးနေ၏၊ထိုအခိုက် ရဟန်းတစ်ပါး ဆွမ်း လာရပ်လေ၏၊ယောက္ခမကြီးသည် ရဟန်းတော် ဆွမ်းရပ်နေသည်ကို မြင်ပါလျှက် (ကန့်တော့ ဆွမ်းလေးတောင် မလောင်းပဲ ) မသိကျိုးနွံပြုကာ ထမင်းကိုသာ စားမြဲ ဆက်စားနေ၏။ ထိုအခါ ၀ိသာခါက “ အရှင်ဘုရား တပည့်တော်ယောက္ခကြီးက အဟောင်းစားပါ ဘုရား ” လျှောက် ထားလေ၏။
( အဟောင်းစား ဟူသည် ကံဟောင်းပေးသည့် စည်းစိမ်ကိုသာ ခံစားနေပြီး ( နောင်အတွက် ) ကောင်းမှုကုသိုလ်ကံသစ် ဆက်လက် မပြုလုပ်ခြင်းကို ဆိုလိုခြင်း ဖြစ်ပါ၏)။ ယခုလည်း ဘ၀မြင့်ချိန်၌ လောကကောင်းကျိုးပြုရန် အမှတ်မရကြပဲ ဘ၀င်မြင့်နေသူများသည် အဟောင်း စားများ ဖြစ်ပါ၏။ အဟောင်းကုန် သောအခါ အသစ်လည်း မရှိကြ၍ “ အမြင့်မှကျသော အကျနာသူများ ”  ဖြစ်သွားတတ်ပါ၏။

ထိုသို့ စီးပွါးရေး အဆင်မပြေသောအခါ အားကိုးရာကို ရှာတတ်ကြသည်မှာ အများစု၏ ဓမ္မတာပင်ဖြစ်ပါ၏၊ သို့သော် အားကိုးရာ အမှန်ကို ရှာမိဖို့ အလွန်အရေးကြီးပါ၏၊ စီးပွါးရေး ဖြတ်လမ်းလိုက်လိုသူများသည်“  ဓါတ် . ယကြာ . အဆောင်  ” စသည်ကို အားကိုး ကြ၏၊ လူများအထင်ကြီးသည့်စကားလုံးများကို တွင်တွင်သုံးလျှက် “ မီးလွတ် . ၀စီပိတ် . ကိုးန၀င်း . သက်သတ်လွတ် ” စသည့်ဆရာကြီးများကို အထင်ကြီးကြ၏၊ အားကိုးကြ၏၊ သီလ သမာဓိ ပညာယှဉ်သည့် ကျင့်စဉ် ဟုတ် မဟုတ်ကို သူတို့ သတိမမူမိကြ၊ သူများ ထူးသည် ဆိုတိုင်း လိုက်ထူးလိုက်ကြ၏၊ အကြားဖြင့် ယုံကြည်မှု လမ်းဆုံးလိုက်ကြ၏ ကိုယ်ပိုင်ဥာဏ်ဖြင့် စဉ်းစား ဝေဘန်ခြင်း မရှိတော့။  ထိုအခါ ယုံ၍ပုံအပ်ကြတော့၏၊တောင်းသလောက်ပေး၍ ခိုင်းသမျှ လုပ်ကြတော့၏၊ ထို ဆရာကြီးများသည် မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဖြစ်လေတော့၏၊
(ထိုဆရာကြီးများသည် ကြောက်စရာဘေးဖြင့် ခြိမ်းခြောက်ပြီး . မျှော်လင့်ချက်စည်းစိမ်ဖြင့် မြှောက်လုံးများသုံးကြရင်း သူတို့ဘ၀ ပြည့်စုံဖို့ ကြိုးစားနေကြခြင်း ဖြစ်ပါ၏။ ) အချို့သူများ သည် “ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ” ကြုံ၍ ( အတိတ်ကံ အကျိုးပေးချိန်နှင့်တိုက်ဆိုင် သွား၍ ) အဆင်ပြေသွားသည့်အခါ ထိုဆရာကြီးများ “ မ.၍သာ ” ဟု ထင်မှတ် မှားသွားကြ၏၊ ကံလမ်းကြောင်းမှ သွေဖယ်မှန်း မသိ သွေဖယ်သွားကြတော့၏၊ “ မင်္ဂလံ ပစ္စေတိ၊ နော ကမံ္မ ” ဖြစ်မှန်း မသိ ဖြစ်သွားကြတော့၏၊အဆင်မပြေသူများမှာတော့  ဤဆရာမကောင်း နောက်ဆရာ ပြောင်းကြပေတော့၏၊ ဤသို့ဖြင့် ဟိုဆရာကပ် ဒီဆရာပြောင်းကြရင်းဖြင့် သူတို့သည် အားကိုး ရာ ရှာကြရင်းမှ အားထားစရာ ပျောက်နေကြ တော့၏

ဆေးကောင်းတော့ တစ်စက်၊ အင်းကောင်းတော့ တစ်ကွက်၊ ယတြာကောင်းတော့ တစ်ချက်တဲ့။
ကြားတော့ ကြားဘူးပါ၏။သို့သော်  အင်းကောင်းတစ်ကွက်သည်လည်း လူတိုင်း ရနိုင်မည် မဟုတ်၊ ယတြာကောင်း တစ်ချက်သည်လည်း လူတိုင်းအတွက် ဖြစ်နိုင်မည် မဟုတ်၊ ကံ ကောင်းသူ အတွက်သာဖြစ်ပါ၏၊ (အနာထပိဏ်သူဌေး၏ ကြက်သရေကို ခိုးယူရန်ကြံ စည်သော ပုဏ္ဏာကြီးကို သတိမူထိုက်၏) “ ကံ မရှိ ဥာဏ်ရှိတိုင်း မွဲ  ” ဟူသော ရှေးလူကြီးတို့၏ ဆုံးမစကားကိုလည်း သတိပြုသင့်ပါ၏။

ဥစ္စာကုန်ရင် ဥစ္စာဖြည့်ရမည် ဖြစ်၏၊ ကံကုန်ရင်လည်း ကံကို ဖြည့်ရမည်သာ ဖြစ်ပါ၏။ အတိတ်ကံနည်း၍ ဆင်းရဲသောအခါ ကံကို  မမြှင့်ပဲ ( ကောင်းကံကို မပြုလုပ်ပဲ ) ဗေဒင် ယတြာ အဆောင်ကိုသာ အားကိုးကြလျှင်ဖြင့် မြစ်ပြင်ကျယ်မှာ လျှော်ရင်းနစ်သည့် လှေသမားကဲ့သို့ ဖြစ်မည်ကို စိုးရိမ်မှိပါ၏၊

ငါသည် ကံသာလျှင် မိမိဥစ္စာရှိ၏၊ ကံ၏ အမွေခံဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ကံသာလျှင် အဆွေအမျိုးရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါ ပြုမှိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏ ဟူသော အဘိဏှသုတ္တန်လာ ရှင်တော်မြတ်ဘုရား စကားတော်ကို ဆင်ခြင်စဉ်းစားလျှက်.  မကောင်းကျိုး ဖြစ်စေမည့် မကောင်းမှုများ ရှောင်ရှား၍ ကောင်းကျိုးကို ဖြစ်ထွန်းစေမည့်  ကုသိုလ်ကောင်းမှုများ တတ်စွမ်းသမျှ ပြုလုပ်ကြခြင်းဖြင့်  ကံမြင့်ချိန်၌ ကံမြှင့်ကြ၍ ကံနိမ့်ချိန်၌ ကံဆင့်နိုင်ကြပါစေဟု ဆန္ဒပြုရင်း…
                                                                                    ကောင်းသစ်

Tuesday, May 24, 2011

ခရီးစဉ်၏ ပုံရိပ်တစ်ချို့ .၂

သတိပဋ္ဌာန် ၀ိပဿနာ ( ၇ ) ရက် တရားစခန်း ပြီး၍ ဇာတိရွာသို့ ခဏပြန်သောအခါ. ဇာတိဖြစ်
သော ဘုတလင်မြို့နယ် ကံတော်သာရွာ ဘုန်းတော်ကြီးကျောင်းမှ မိမိ၏ ငယ်ဆရာသည် အရိုး
ကျီးပေါင်းရောဂါ ကုသရန် စစ်ကိုင်း သီတဂူဆရာတော်ကြီး၏ “ ကရုဏာရှေ့သွား ” ဖြင့် ဖွင့်လှစ်ထားသော သီတဂူသံဃာ့ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေပါသည်၊
ထို့ကြောင့် မန္တလေမြို့ ဗန်းမော်တိုက် တိပိဋကျော်ဇမ္ဗူကျောင်း၌ တစ်ညအိပ်ပြီး နောက်ရက် အစစအရာရာ ကျေးဇူးများသော မန္တလေးမှ ဒေါ်အေးတို့( ၃၉/၄၀၊ ၈၅လမ်း) မိသားစုနှင့်အတူ  ဗန်းမော်တိုက်မှ သူငယ်ချင်းဖြစ်သူ ဦးဥတ္တမပါ လိုက်ပါလျှက် ဆရာတော်အတွက် လိုအပ်ရာရာ ဖျော်ရည်များ မိုင်လိုစသော လှူဖွယ်များ ဆေးန၀ကမ္မများ သွားရောက် လှူဒါန်းကြပါသည်။

ဆရာဝန်များ၏ “ စေတနာ - ကရုဏာ ” ထား၍ ဂရုတစိုက် ကုသပေးမှုကြောင့် ဆရာတော်အရိုး
ကျီးပေါင်းရောဂါသည် ရှင်းရှင်း မပျောက်သေးသော်လည်း တော်တော်ကောင်းမွန်နေပြီး ဖြစ်ပါ၏
ဆရာတော်အား လိုအပ်တာရှိက အမိန့်ရှိရန် လျှောက်ထားသောအခါ အစစ အဆင်ပြေကြောင်း
ဘာမှ မလိုကြောင်း သီတဂူဆေးရုံမှ “ နေစရာ ၊ ဆေးဝါး ၊ ဆွမ်းကိစ္စ ” အစစတာဝန်ယူကြောင်း မိန့်ကြားတော်မူပါသည်။ ဂိလာန ရဟန်းတော်အတွက် ရေချိုးခန်း သန့်စင်ခန်းများပါ တွဲ၍ ဆောက်လုပ်ပေးထားသောကြောင့် သက်တော်ကြီးဆရာတော်များအတွက် အဆင်ပြေလှပါ၏။

ဂိလာနဆရာတော်အတွက် နံနက်အာရုဏ်ဆွမ်းအဖြစ် ယာဂု (ဆန်ပြုတ်) ကော်ဖီနှင့်မုန့်များ ဆက်ကပ်၍ နေ့ဆွမ်းအဖြစ် ကျန်းမာရေးနှင့်ညီညွတ်သော ဆွမ်းဘောဇဉ်များကို သီတဂူသံဃ ဆေးရုံမှဂရုတစိုက် စီမံဆက်ကပ်ပါကြောင်း သိရှိရပါ၏။ဆေးရုံရောက်ခိုက် လှည့်လည်ကြည့် ရှုရင်း မျက်စိကုအဆောင်သို့ ရောက်သွားရာ “ မျက်မမြင်တို့ မြင်ကြပြီး ” ဆိုသော စာတန်း နှင့်အတူ မျက်စိအလင်းရသူများ၏ ဓါတ်ပုံများကိုပါမြင် တွေ့ခဲ့ရပါ၏ (မြင်မမြင်တို့ မြင်ကြပြီး ဆိုသော စာတန်းဖတ်မိသောအခါ သူတို့လေးများအတွက် ၀မ်းသာလွန်း၍ ရင်ထဲမှ ဖေါ်မပြနိုင် သော ခံစားမှုနှင့်အတူ မျက်ရည်များပင် ကျမှိပါ၏၊)
သြော် သီတဂူဆရာတော်ကြီးသည် နေရာအနှံ့ ကမ္ဘာအရပ်ရပ်ထိ ခြေဆန့်လျှက် လောက အတွက် “ ဓမ္မမျက်လုံးကိုလည်း ပွင့်စေ၍ မံသမျက်လုံးကိုလည်း ဖွင့်ပေးတော်မူသော ဆရာ တော်ကြီး ပါတကား ” ဟု လေးစား ကြည်ညိုမှိပါ၏။
ဆရာတော်ကြီး၏ ပရဟိတဆောင်ရွက်ချက်သည် အံ့သြလောက်အောင်ပင် အောင်မြင်လှပါ၏။
ယင်းသို့ အောင်မြင်ခြင်းမှာလည်း “ မိမိဘ၀အတွက် လောကကို အသုံးမချပဲ လောကအတွက် မိမိ ဘ၀ကို ” အသုံးချသောကြောင့်ဟု ထင်မှိပါ၏။ မလိုချင်လေ ရလေဖြစ်သော လောကကြီးမှာ သီတဂူဆရာတော်ကြီးသည်ကား “ ရလေ လှူလေ” ဖြစ်နေပါ၏၊သစ်တစ်ပင်ကောင်း၍ ငှက်တစ် သောင်းမက အသိန်းအသန်းမက ချမ်းသာခွင့်ရကြလေပြီတကား။

သီတဂူဆေးရုံနှင့် မျက်နှာချင်း မဆိုင့်တဆိုင် ခပ်စောင်းစောင်လေး၌ သီတဂူ ဆရာတော်ကြီး ဖွင့်
လှစ်ထားသော သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကိုလည်း မနေရပေမဲ့ ချေချမိခဲ့ပါ၏။
မုခ်အ၀င်လက်ရာများသည် မြင်ရသူတို့၏စိတ်ကို ကြည်နူးစေပါ၏ တက္ကသိုလ်၏ အလယ်ဗဟိုလ်
၌ ကြည်ညိုဖွယ်ရာ စေတီတော်ကို တည်ထားပူဇော်လျှက် ဘေးပါတ်ပါတ်လည်၌ ကျောင်း ဆောင်များနှင့်အတူ မျက်နှာစာများ၌ စိန်းလမ်းစိုပြေနေသော သစ်ပင်များကိုလည်း စနစ်တကျ စိုက်ပျိုး ထားပါ၏ ပညာသင်ကြားရေးဘက်၌လည်း ခေတ်မီမှုရှိသည့်အတွက်  ကောင်းသတင်း များ “ ကြိုင်သင်းသည့် ဂနိုင်တွင်းမှ တက္ကသိုလ် ” ဟု တင်စား ခေါ်ဆိုနိုင်ပါ၏၊
              “ ပေါ်လွင်မပြု ကောင်းရာတုလျှက် ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
               ကောင်းကျိုးကိုယ်၌ တည်စေမင့် ”
                                                               ကောင်းသစ်


ခရီးစဉ်၏ ပုံရိပ်တစ်ချို့၁

23.4. 2011 ညနေခရီးစဉ် အာကာသမှန်လုံကားဖြင့် အညာမြေသို့ ခရီး စတင်ထွက်ခွါခဲ့ပါသည်။

        (ဘယ်ဘက်မှ . မလေးရှား စမုံညင်းဒေသ ညောင်ကန်အေးဆရာတော် ဦးသုန္ဒရ )
25.4.2011ရက်နေ့တွင် မလေးရှားနိုင်ငံစမုံညှင်းဒေသ ညောင်ကန်အေးဆရာတော် ဦးသုန္ဒရမှ  
“ ပညာပါရမီ ” အဖြစ် လှူဒါန်းလိုက်သော ဘုတလင်မြို့နယ် ခိုချောင်းစာသင်ကျောင်း၊  တိုးချဲ့ကျောင်းဆောင်သစ် အတွက် ကျပ်ငွေဆယ်သိန်းကို သက်ဆိုင်ရာ ပညာရေး ကော်မတီ လူကြီးများထံသို့သွား ရောက် ပေးအပ်ခဲ့ပါသည်။
(ယင်းအလှူငွေကို ဆရာတော်ကိုယ်စား ဆရာတော်၏ အမဖြစ်သူမှ သက်ဆိုင်ရာ ပညာရေး ကော်မတီသို့ ပေးအပ်လှူဒါန်းပါသည်။ စမုန်ညှင်း ညောင်ကန်အေး ဆရာတော် ဦးသုန္ဒရသည် . စာရေးသူ၏ ဇာတိချက် ကြွေ(ဘုတလင်မြို့နယ် ကံတော်သာရွာ ဘုန်းတော်ကြီးကျောင်း) ၌ ဆောက်လုပ် ဆဲဖြစ်သော နှစ်ထပ် ကျောင်းဆောင်သစ်အတွက် တစ်သိန်းကျပ်နှင့် ဘုတလင်မြို့ နယ်ရေကန်စုရွာ၌ ဆောက်လုပ်ဆဲဖြစ်သော စာသင်ကျောင်းဆောင်သစ်အတွက်လည်း အလှူ ငွေ တစ်သိန်းကျပ်ကို လှူဒါန်းပါသေးသည်)။
 26 ၊4 ၊  2011 နေ့ ညနေပိုင်းတွင် မိမိငယ်ရွယ်စဉ်က ပရိယတ္တိ ပညာရည်နို့ သောက်စို့ခဲ့ရာဖြစ်သော မုံရွာမြို(ကျောင်းတိုက်ကြီး ရှစ်တိုက်၏ အာရာမသမုဋ္ဌာပက နာယက ဖြစ်တော်မူသော)သဒ္ဓမ္မပဇ္ဇောတာရုံဆရာတော်ကြီး၏ သက်တော်ရှစ်ဆယ်ပြည့် “ ပတ္တမြားရတု” ပူဇော်ပွဲ့သို့ သွားရောက် ဦးခိုက်၍ ပူဇော် ကန်တော့ခဲ့ပါ၏၊်၊ (မိမိ၏ စွမ်းအားအလျှောက် န၀ကမ္မ ငါးသောင်းကျပ်ကိုလည်းလှူဒါန်းခဲ့ပါ၏၊)ဒေသအသီးသီး၌မိမိတို့စွမ်းအားအလျှောက်သာသနာပြု နေကြသည့် တပည့်ကြီးငယ် အသွယ်သွယ်တို့သည်လည်း ၀င်လာမစဲ တစ်ဖွဲဖွဲ ရောက်ရှိလာ ကြပါ၏၊ ဆရာနှင့်တပည့်များ၏ မျက်နှာစုံညီပွဲတော်ဟုလည်း ခေါ်ဆိုနိုင်ပါ၏၊ အချင်းချင်း ရှေး ဟောင်း နှောင်းဖြစ်များ ပြောဆိုကြရင်း သာသနာ့အရေးလည်း ဆွေးနွေးဖြစ်ကြပါ၏၊  ဆရာ တော်ကြီး၏ ရှစ်ဆယ်ပြည့် “ ပတ္တမြားရတု ” ပူဇော်ပွဲကို( 26. 27. 28 . ရက်ထိ ) သုံးရက်တိုင်တိုင် ကျင်းပပါသည်၊
 ကျောင်းတိုက်ကြီးသည် မိမိငယ်စဉ်ကနှင့်မတူ တစ်နေ့တစ်ခြားအရေအတွက်ရော အရည် အချင်းပါ တိုး၍ တိုး၍သာ လာနေသည်ကို ၀မ်းမြောက်ဖွယ်ရာ မြင်တွေ့ရပါ၏။ ညပိုင်း  26 နေ့ည . တိပိဋကဆရာတော် ဘဒန္တ ဂန္ဓမာလာ၊ 27နေ့ ည၌ ဒေါက်တာ နန္ဒမာလာဘိဝံသနှင့် 28 ရက်နေ့ညပိုင်း၌ တိပိဋက ဆရာတော် ဘဒန္တ၀ံသပါလ အရှင်မြတ်တို့က တရားဓမ္မများကို ဟောဖေါ်ညွန်ပြတော်မူကြ၍ ဆရာတော်ကြီး၏ ပတ္တမြားရတုပွဲတော်ကို တရားတော်ဖြင့် ပူဇော် ကြပါသည်။

စာရေးသူသည် မိခင်တိုက်မ ဖြစ်သော မုံရွာမြို့ ပဇ္ဇောတာရုံကျောင်းတိုက်၌ တစ်ညတာမျှ အိပ်စက်ခဲ့၍  27 ရက်နေ့ နေ့ပိုင်း၌ ဘုတလင်မြို့နယ် ညောင်ကန်ရွာသာ တိုက်သစ်ကျောင်းသို့  “ သတိပဋ္ဌာန် ၀ိပဿနာ ” ( ၇ ) ရက် တရားစခန်းပွဲသို့ ရောက်ရှိခဲ့ပါ၏။

 ယင်းစခန်းပွဲ၌ “ အလင်းလမ်း ”  ပရဟိတအဖွဲ့နှင့် တွေ့ဖြစ်ခဲ့၏၊ ယင်းအဖွဲ့သည် မိမိတို့လက်လမ်းမှီရာ ဒေသအသီးသီး၌ အကျိုးပြုလုပ်ငန်းများကို လုပ်ကိုင်နေသည့် တက်သစ်စ အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်ကြောင်း လျှောက်ထားရင်း တရားစခန်းဝင်ယောဂီများ ကျန်းမာရေး အတွက် အသုံးပြုရန် ၀တ္ထုငွေ သုံးသောင်းကျပ်လှူဒါန်းကြသည်၊ ထို့နောက် “ အလင်းလမ်း ” ပရဟိတကွန်ယက် ကျယ်ကျယ်ပြန့်ပြန့်နှင့် ထိထိရောက် ဆောင်ရွက်နိုင်ရန် မိမိတို့ ကြိုးစား သွားမည်ဖြစ်ကြောင်း လျှောက်ထားကြ၏။

သူတို့တစ်တွေသည် တက်ကြွသည့် လူငယ်လူရွယ်လေးများ ဖြစ်နေသည့်အပြင် ကြီးမြတ်သည့် စိတ်ထားရှိသူများဖြစ်ကြ၍ မိမိကလည်း တတ်နိုင်သည့်ဘက်မှ ကူညီမည်ဖြစ်ကြောင်း အားပေး စကား ပြောကြားလိုက်၏၊ ထို့နောက်  “ အလင်းလမ်း ” ပရဟိတကွန်ယက်အဖွဲ့၏ ရည်ရွယ် ချက်နှင့် ဆက်သွယ် ရမည့် လိပ်စာများကို မေးမြန်းမှိ၏၊

သူတို့တစ်တွေနှင့် စိတ်ထားတူသူများ အချင်းချင်း “ ဒေသချင်း ဆက်- နိုင်ငံချင်းဆက် -  ကမ္ဘာအထိ လက်ချင်းယှက်နိုင်အောင် ”  ဤနေရာမှ ဖေါ်ပြလိုက်ပါ၏။


                      “ အလင်းလမ်း ” ပရဟိတအဖွဲ့၏ ရည်ရွယ်ချက်

၁။ လက်လှမ်းမှီရာ အနယ်အနယ်အရပ်ရပ်ရှိ တရားစခန်းဝင် ယောဂီများအတွက် ကျန်းမာရေး
    စောင့်ရှောက်မှု ပေးနိုင်ရန်။
၂။ လက်လမ်းမှီရာ အနယ်အနယ် အရပ်ရပ်ရှိ ငွေကြေးချို့တဲ့သော နာမကျန်းသူများအား အကူ
    အညီ ပေးနိုင်ရန်။
၃။ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများအား လူမှုရေးနှင့်ကျန်းမာရေး အကူအညီများ
    ပေးနိုင်ရန်။


             “ အလင်းလမ်း ” ပရဟိတ ကွန်ယက်နှင့်ဆက်သွယ်ရန် လိပ်စာများ


alinlamgroup@gmail.com
ကိုသိန်းဇော် + မလီရှောက်ကြူ (စန္ဒာအောင် ခေါက်ဆွဲဆိုင်)
ဆိုင် ( ၁ ) ၃၅ လမ်း၊ ၉၂ /၉၃ လမ်းကြား၊ မန္တလေးမြို့။
ဆိုင် ( ၂ ) ၈၀ လမ်း၊ ၃၈ /၃၉ လမ်းကြား၊ မန္တလေးမြို့။
Ph . 09 2028140 ။ Ph . 09 0222816

ဒေါက်တာ ကျော်ဇေလင်း ( စန္ဒာအောင် ဆေးခန်းနှင့် သွေးလှူရှင်အဖွဲ့)
ရွာသာရွာ၊ ဘုတလင်မြို့နယ်၊ စစ်ကိုင်းတိုင်း။
Ph. 09 47050328

မဇင်ဇင်နွယ် ၊ မှန်တောရွာ၊ ဘုတလင်မြို့နယ်၊ စစ်ကိုင်းတိုင်း၊
Ph. 09 47058053

ကိုဇင်မင်းထွန်း ၊အုတ်ကျင်းရွာ၊ ဘုတလင်မြို့နယ်၊ စစ်ကိုင်းတိုင်း၊
Ph . 09 47084721

မ၀င်းဝင်းဌေး ၊ ၊အုတ်ကျင်းရွာ၊ ဘုတလင်မြို့နယ်၊ စစ်ကိုင်းတိုင်း၊
Ph . 09 47064575

ကိုဝင်းမောင်မောင်၊ (မြမြင့်မိုရ် ပညာရေးဝန်ဆောင်မှု)
ညောင်ကန်ရွာ ၊ ဘုတလင်မြို့နယ်၊ စစ်ကိုင်းတိုင်း၊
Ph . 09 47090137

                                             ကောင်းသစ်