.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Thursday, June 30, 2011

ဥပါသကာ ဂုဏ်အင်္ဂါ


           မင်းမြတ် ဥပါသကာ၏ ကျင့်ဝတ်ဂုဏ်အင်္ဂါတို့သည် ဤဆယ်ပါးတို့တည်း။
                 အဘယ်ဆယ်ပါးတို့နည်းဟူမူ…
၁။ မင်းမြတ် ဤလောက၌ ဥပါသကာကသည် သံဃာနှင့်တူမျှသော ချမ်းသာဆင်းရဲရှိသူ
ဖြစ်၏။
၂။ တရားတော်လျှင် အကြီးအမှူးထားသူဖြစ်၏။
၃။ ပစ္စည်းဥစ္စာ အင်အားအလျှောက် ဝေဖန်ခွဲခြားခြင်း၌ မွေ့လျော်သူဖြစ်၏။
၎။ ဘုရားသာသနာတော်၏ ပျက်ပြားဆုတ်ယုတ်သည်ကို ကြားသိတွေ့မြင်သော် တိုးတက် စည်ပင်ခြင်း
ငှာ လုံ့လစိုက်ထုတ်၏။
၅။ ကောင်းသော အယူဝါဒရှိသူဖြစ်၏။
၆။ ဒိဋ္ဌိ သုတ မုတမင်္ဂလာအယူမှ ကင်းလွတ်၍ အသက်ဟူသော အကြောင်းကြောင့်လည်း သာသနာ တော်မှ တစ်ပါးသောသူကို ဆရာဟူ၍ မညွန်ကြား၊ ထိုဥပါသကာသည် ကိုယ်အမူအရာ နှုတ်အမူအရာကိုလည်း စောင့်စည်း၏။
၇။ သင့်တင့်ညီညွတ်ခြင်း၌ မွေ့လျော်သူ သင့်တင့်ညီညွတ်ခြင်း၌ ပျော်ပိုက်သူဖြစ်၏။
၈။ မငြူစူတတ်သူဖြစ်၏။
၉။ ကောက်ကျစ်စဉ်းလဲသည်၏အစွမ်းဖြင့် သာသနာတော်၌ ကျက်စားကျင်လည်သူ မဟုတ်။
၁၀။ ဘုရားကို ကိုးကွယ်ရာဟု ဆည်းကပ်သူဖြစ်၏၊ တရားတော်ကို ကိုးကွယ်ရာဟု ဆည်းကပ်သူ ဖြစ်၏၊သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သူဖြစ်၏။

မင်းမြတ် ဤသည်တို့ကား ဥပါသကာ၏ ကျင့်ဝတ်ဂုဏ်အင်္ဂါ ဆယ်ပါးတို့တည်း။  (မိလိန္ဒပဥှာ )။

                                                

 

Friday, June 24, 2011

ထိသူကိုမှ ထိခြင်း . ၂

သို့သော် ရဟန်းတော် ခွေးလက်မှ လွတ်သွားသည်ကို ကောကခွေးမုဆိုးက မကျေမနပ်ဖြစ်နေ၏၊ ခွေးများ သည် သစ်ပင်ပေါ်သို့မတက်နိုင်၍အပေါ်မော့ကာသာ ဟောင်၍သူတို့သခင်ကို စောင့်မျှော်နေကြ၏၊ ဘယ် ဘက်ခုန်ပြေးပြေး မလွတ်ရအောင် ကျွမ်းကျင်နေပြီးဖြစ်သော တောလိုက်ခွေးများက သစ်ပင်ကို ၀န်းရံ၍ ထားကြ၏

ကောကခွေးမုဆိုးသည် သစ်ပင်အောာက်သို့ ရောက်လာပေပြီ။လက်လှမ်း၍ မမှီတမှီ မျှားတံဖြင့်လှမ်းထိုးလျှင်
ကောင်းကောင်းမှီနိုင်သော အမြင့်ပမာဏဖြစ်နေ၏၊မုဆိုးက သစ်ပင်ပေါ် မော့ကြည့်ရင်း ကြုံးဝါးလိုက်၏ သစ်ပင်ပေါ်တက်ပြေး၍ ခွေးလက်မှလွတ်သော်လည်းငါ့လက်မှလွတ်မည်မဟုတ်၊ ပြောပြော ဆိုဆိုပင် အသင့် ပါလာသော ချွန်မျှအောင် သွေးထားသော မျှားချွန်ဖြင့် ရဟန်း၏ ခြေဖ၀ါးပြင်ကို ထိုးဆွ လေတော့၏၊ ရဟန်းတော်သည် ဤသို့ မပြုရန် တောင်းပန်ရှာ၏၊ သို့သော် ဒေါသအဆိပ်မွန်နေသော မုဆိုးသည် ရဟန်းတော်၏ စကားကိုဂရုမစိုက်ချေ၊ ရဟန်းတော် ပျက်စီးရေးကိုသာတွေး၍တွေး၍ ခြေဖ၀ါးကို မျှား ချွန်မြမြဇြင့် အားရပါးရ ထိုးဆွကာနေတော့၏၊

ရဟန်းတော်လေးသည် မျှားဒဏ်ကို သည်းမခံနိုင်တော့၍ ဒုတိယခြေတဖက်ကို ပြောင်းကာ အောက်သို့ တွဲလဲချလိုက်၏၊ ယင်းခြေထောက်ကိုလည်း မျှားဦးချွန်ခွန်ဖြင့်ထိုးဆွနေပြန်၏၊ ဤသို့ဆိုလျှင် ခွေးများဝန်း ရံနေသော လက်ခုပ်တစ်ဖေါင်သာသာရှိ သစ်ပင်ထက်ဝယ် ခြေထောက်တစ်ဖက် တွဲလဲချကာနေသော အပြစ်ကင်းစင်သော ရဟန်းတော်တစ်ပါး၏ ခြေဖ၀ါးကို ကြမ်းတမ်းသော အကြင်နာမဲ့သော ရက်စက်သော လူစိတ်မရှိသော သွေးစွန်းသောလက် သူတစ်ပါးအသက်ဖြင့် အသက်မွေးနေသော ကောကခွေးမုဆိုးက  မညှာမတာ ရက်ရက်စက်စက် သွေးများယိုထွက်သည့်တိုင် အားမရနိုင်ပဲ ဆက်ကာဆက်ကာ မျှားဦး ချွန်ချွန်ဖြင့် ထိုးဆွနေသည့် - အကြင်နာမဲ့ ပုံရိပ် ပန်းချီကား - ကို စာရှုသူများ မြင်နိုင်လောက်ပေပြီ၊

ရဟန်းတော်၏ ခြေနှစ်ဖက်သည် မျှားချက်ကြောင့် ဓားထက်ထက်ဖြင့် အမွမ်းခံရသလို အစိပ် အမွှာမွှာ ဖြစ်နေပေပြီး၊ ခြေဖ၀ါးပြင်များလည်း မီးဖြင့်မြှိုက်သလိုက် ပူလောင်လှပေပြီး၊ ခြေဖ၀ါးပြင်မှ တစ်ဆင့် ခန္ဓာ ကိုယ် တစ်ကိုယ်လုံးပင် အပူဓာတ်ကား ကူးစက်လာပေပြီး၊ ရဟန်းတော်၏ တောင်းပန်စကား မုဆိုး နားမှာ လုံးဝ လုံးဝ မ၀င်တော့။မျှားဖြင့်ထိုးဆွမှုဒဏ်ချက် ကာယိကဒုက္ခဝေဒနာ၏ထိုးနှက်ချက်ကြောင့် မိမိ ၀တ်ရုံ ထားသော အပေါ်ရုံသင်္ကန်းကိုပင် သတိမထားနိုင်တော့၊ ဝေဒနာကို အလူးအလဲ ကြိတ်မှိတ်ခံနေရ၏၊ အပေါ်ရုံသင်္ကန်းသည် ခန္ဓာကိုယ်မှလျော၍ အောက်သို့ ကျသွားသည်ကိုပင် သတိမထားနိုင်တော့၊ထိုအခါ  အောက်သို့လျောကျသွားသောသင်္ကန်းသည် ကောကခွေးမုဆိုးကိုလွှမ်းခြုံလိုက်သလို ဖြစ်သွားတော့၏၊ တော
လိုက်ခွေးများ အမြင်မှားလေပြီး၊ ( ဤသည်မှာ ကံကြမ္မာ၏ရိုက်ချက်လဲ ဖြစ်နိုင်ပါ၏၊ ) သင်္ကန်းကျလာ သည်ကိုလည်း မြင်လိုက်၏၊ ယင်းသင်္ကန်း ကောကမုဆိုး၏ခေါင်းမှ လွှမ်းခြုံလိုက်သည်ကိုလည်း မြင်လိုက်၏၊ သို့သော် ခွေးများ၏စိတ်ထဲ ကောကမုဆိုးဟု မမြင်။ ရဟန်းတော် ကျလာသည်ဟုသာ ထင်မှတ်ကြတော့၏၊

ထို့အခါ မုဆိုးကိုပင် ရဟန်းအမှတ် ရဟန်းအထင်ဖြင့် အားရပါးရ ကိုက်ကြ ၀ါးကြ စားကြတော့၏၊ အစား ကြူးသောခွေးများဖြစ်၍ အသားအသွေးအကြော ဘာတစ်ခုမှ မကျန်တော့ ၊ ၀ါးမရသည့် အရိုးကြမ်းများသာ ကျန်တော့၏၊ ခွေးများသည် သင်္ကန်းအပြင်ဘက်သို့ ထွက်လာကြပေပြီ၊ သူတို့သခင် သူတို့ အရှင်သည် သူတို့လက်ချက်ဖြင့် လောကကြီးမှ ဇာတ်သိမ်းမလှမပနှင့် ထွက်ခွါသွားရ ပေပြီ၊ သို့သော် ယင်းအဖြစ်ကို သူတို့ မသိကြသေးပေ၊ ယင်းအဖြစ်အပျက်သည် တစ်ခဏတာအတွင်း ဖြစ်ပျက်သွားခြင်းဖြစ်၏။

ရဟန်းတော်သည် အစတော့မှင်သက်နေမှိ၏၊ ထို့နောက်မှ သတိဝင်လာ၍ အနီးရှိ သစ်ကိုင်းခြောက်ကို ချိုး၍ ခွေးများကို ချောက်ပစ်ပစ်လိုက်၏၊ ထိုအခါ ခွေးများသည် သစ်ပင်ပေါ်သို့မော့ကြည့်ကာ မိမိတို့အရှင် သခင်ကို လူမှား၍ ကိုက်သတ်မိကြာင်း သဘောပေါက်သွား၏ခွေးများသည် သူတို့အားကိုးရာ အရှင်သခင် မရှိတော့ပြီးဖြစ်၍ ဤနေရာ ဤဒေသ၌ ဆက်လက်နေရန် မသင့်တော်ကြောင်း သဘောက်ပေါက်သည့် အလား တောတွင်းသို့ ပြေးဝင်သွားကြတော့၏၊

ယခုမှပင် ရဟန်းတော်လေးသည် စိတ်အေးရတော့၏။ သို့သော် မိမိသီလကို စင်ကြယ်အောင် ထိမ်းသိမ်း သည့် သူတော်စင်ဖြစ်၍ မိမိသီလကို သံသယ ၀င်မိပြန်၍ စိတ်မအေးနိုင် ဖြစ်မိပြန်၏၊ ငါ၏ သင်္ကန်း ကြား ရောက်သွား၍ ဤမုဆိုးသည် အသက်ဆုံးရှုံးရ၏၊ ယင်းသို့ဖြစ်လျှင်ငါ၏ သီလ ( သူတစ်ပါးအသက်ကို သတ် ဖြတ်ခြင်း မှ ရှောင်ကြဉ်ကြောင်းဖြစ်သော ကိုယ်ကျင့်)တရား စင်ကြယ်နိုင်ပါ့မလား၊ သီလ မကျိုး မပေါက် မညစ်  မနွမ်းပဲ ရှိမှ ရှိပါ့မလားဟု သံသယ ကုက္ကုစ္စ မျှားချက်က နှလုံးသားသို့ စူးဝင်လာပြန်၏၊ ယင်းမျှား ချက်ကို ပယ်ရှင်းပေးနိုင်သူမှာ အတုလ ဘဂ၀ါ မဟာကရုဏာရှင် ရှင်တော်မြတ်ဗုဒ္ဓ ပင် ဖြစ်ပါ၏၊

ထို့ကြောင့် ရဟန်းတော်လေးသည် မိမိသီတင်းသုံးရာ တောရကျောင်းသို့ မပြန်နိုင်သေးပဲ ရှင်တော်မြတ် ဘုရား သီတင်းသုံးရာဖြစ်သော ဇေတ၀န်ကျောင်းတော်သို့ သွားရပြန်၏၊ ရှင်တော်မြတ်ဘုရား  ထံမှောက်သို့
ရောက်သောအခါ အပြစ်ခြောက်ပါးကင်းသော တစ်နေရာမှအပေါ်ရုံစံပယ်တင်သည်ကိုပြု၍ (လက်ကန့်တော့ ထိုး၍ ) ထိခြင်းငါးပါး ( တည်ခြင်းငါးပါး ) နှင့်အညီညီ ကျကျနန ရှိခိုးလေ၏ ရှိခိုးပြီးသောအခါ မိမိ၏ဖြစ် ပုံ အကြောင်းစုံကို လျှောက်ထားလေတော့၏၊

ထိုအခါ ရှင်တော်မြတ်ဘုရားက အရည၀ါသီ တောမှီရဟန်းတော်လေး၏ နှလုံးသား၌ စိုက်ဝင်နေသော သံသယမျှားချက်ကို အကြွင်းမဲ့ ပယ်ရှားပေးတော်မူ၏၊ ရဟန်း အသင်၏ကိုယ်ကျင့်သီလသည် မဲညစ် ခြင်းမရှိ စင်ကြယ်ပါ၏၊ သင့်မှာ (မုဆိုးအား သေစေလိုသော စေတနာဖြင့်ပြုလုပ်လွန်ကျူးမှု ဘာတစ်ခုမျှ မပါ၊ သင်္ကန်းလျောကျခြင်းမှာလည်း မိမိပယောဂမပါ၊ ဝေဒနာကြောင့် ခန္ဓာကိုယ်လူးလွန့်ရင်းမှ သူ့ဘာသာ ကျ သွားခြင်းဖြစ်၏၊ ထို့ကြောင့် လူသတ်မှုကျူးလွန်ရာ မရောက်သည့်အတွက် )ရဟန်းအဖြစ်မပျက်စီးပါ၊ ထို မုဆိုးသည်သာ မပြစ်မှားသင့်သော သူတော်စင်ကို ပြစ်မှား၍ ဤကဲ့သို့ အဖြစ်ဆိုးနှင့် ရင်ဆိုင်းတိုး ရခြင်း ဖြစ်ပေ၏၊ မိန့်တော်မူလိုက်၏၊

ထို့အပြင် ကောကမုဆိုးသည် ယခုမှသာ မပြစ်မှားသင့်သော သူကို ပြစ်မှား၍ ပျက်စီးရသည် မဟုတ်၊ အတိတ်ဘ၀တုန်းကလည်း အပြစ်မဲ့သည့် ကလေးငယ်များကို ပြစ်မှား၍ ပျက်စီးခဲ့ဘူးကြောင်း အတိတ်ဇာတ်
ကြောင်းကို ပြန်ပြောင်းဟောပြတော်မူပါ၏။

အတိတ်ဘ၀တစ်ခုက ကောကမုဆိုးသည် ဆေးဆရာတစ်ယောက်ဖြစ်ခဲ့၏၊ ရွာစဉ်လှဲ့၍ ဆေးကုသသော် လည်း ဆေးဖိုးဝါးခ တစ်ပြားတစ်ချပ်မှ မရသေးပဲ ရှိနေ၏၊ ၀မ်းကလည်းဆာ ဆေးဘိုးဝါးခလည်း မရသေးဖြစ်နေ၏။ ဤသို့ဖြင့် ရွာပြင်အရောက် ကလေးငယ်များ ဆော့ကစားနေသည်ကို မြင်ရ၏၊ အနီးရှိ သစ်ခေါင်းတွင်း ခေါင်းထွက်ကာ အိပ်နေသော မြွေဆိုးတစ်ကောင်ကိုလည်း မြင်နေရ၏၊ ကလေး ငယ်များ ကို မြွေကိုက် စေကာ ဆေးကုပေးခြင်းဖြင့် ဆေးဘိုးဝါးခရရန် ကြံနေ၏၊ ထို့ကြောင့် ကလေးငယ် များထံ သွားကာ ကလေးတို့ ဟိုသစ်ပင်ကြားထဲကခေါင်းထွက်နေတာ သာဠိကာ ငှက်ပေါက်ဖြစ်တယ်၊ ဖမ်းယူ ကြပါ လားဟု ခိုင်းလေ တော့၏သွက်လက်ဖျတ်လတ်သော ကလေးတစ်ယောက်က လက်မြန်ခြေမြန်ဖြင့် သစ် ပင်ပေါ်တက်၍မြွေ၏လည်ပင်းမဲမြဲကိုင်၍ ဆွဲထုတ်လိုက်သောအခါ မြွေမှန်းသိ၍အာ် ဟစ်ပြီး  ဆေးဆရာ ထံသို့ လွှင့်ပစ်လိုက်၏ မြွေဆိုးသည် ဆေးဆရာ၏ခါးကို ရစ်ပတ်၍ မြံမြန်စွာ ကိုက်ခဲလေတော့၏၊  ဆေး ဆရာသည် ထိုနေရာ၌ပင် အသက်ဆုံးရှုံးသွားရတော့၏၊

ရှင်တော်မြတ်ဘုရားသည် အတိတ်နှင့်ပစ္စုပ္ပန် ဖြစ်ရပ်နှစ်ခု အခြေခြံပု၍ - အပြစ်မဲ့သူ မပြစ်မှားသင့်သူများကို
ပြစ်မှားမိလျှင် မိမိသာ ပျက်စီးတတ်ကြောင်း ဓမ္မလမ်းညွန်တစ်ခု စိုက်ထူမှု ပြုတော်မူခဲ့ပါ၏။
        ယော ဗာလော အကြင်လူမိုက်သည်၊ အပ္ပဒုဋ္ဌဿ - မပြစ်မှားအပ်သော၊ သုဒ္ဓသ - စင်ကြယ်သော။  အနင်္ဂဏဿ - ကိလေသာမရှိသော၊ နရဿ ပေါသဿ - ရဟန္တာပုဂ္ဂိုလ်အား၊ ဒုဿတိ ပြစ်မှားအံ့၊ပဋိ ၀ါတံ လေညာသို့ ၊ ခိတ္တံ - ပစ်အပ်သော ၊ သုခုမာလော - သိမ်မွေ့သော၊ရဇော - မြူသည် ၊ တမေ၀ - ထိုပစ် တတ်သောသူသို့သာလျှင် ၊ ပစ္စေတိဣ၀ - ရှေ့ ရှုလာသကဲ့သို့ ၊ တမေ၀ဗာလံ - ထိုပြစ်မှားသော သူသို့ သာလျှင်၊ ပါပံ - မကောင်းမှုအကျိုးသည်၊ ပစ္စေတိ-ရှေးရှုလာ၏။

                               ပြစ်မှားခြင်းဘေး ကင်းဝေးကြပါစေ..
                                                                                             ကောင်းသစ်

Monday, June 20, 2011

ထိသူကိုမှ ထိခြင်း

ကံသည် မတွေ့ထိသောပုဂ္ဂိုလ်ကို(ကံ၏အကျိုးဖြစ်သော ၀ိပါက်သည်)မတွေ့ထိ၊ထိုမှတစ်ပါး ကံသည်   တွေ့ထိ အပ်သော ပုဂ္ဂိုလ်ကိုမူကား (ကံ၏ အကျိုးဖြစ်သော ၀ိပါက်သည်) တွေ့ထိ၏၊ ထို့ကြောင့် မပြစ်မှားထိုက်သည့် ပုဂ္ဂိုလ် မျိုးကို ပစ်မှားမိ၍ ကံကိုတွ့ထိသူကို ကံ၏အကျိုးဖြစ်သော ၀ိပါက်သည် တွေ့ထိ၏၊ (နတ်သား)။

 အကြင်သူသည် မပြစ်မှားထိုက်သော စင်ကြယ်၍ ကိလေသာအညစ်အကြေးမရှိသော ရဟန္တာဖြစ်သော ပုဂ္ဂိုလ်အား  ပြစ်မှား၏၊ လေညာသို့ ပစ်လွှင့်အပ်သော သိမ်မွေ့သောမြူ မှုံသည် ပစ်လွှင့်သူ ထံသို့သာ ပြန် -
ရောက်သကဲ့သို့ ထို့အတူ ထိုသူမိုက်၏ မကောင်းမှုအကိုသိုလ်ကံသည် ထိုသူမိုက်သို့သာ ပြန်ရောက်၏။
( ရှင်တော် မြတ်ဗုဒ္ဓ - သဂါထာဝဂ္ဂ သံယုတ် )။

ကံတရားသည် သစ္စာရှိ၏၊ တရားစီရင်မှု မျှတ၏၊ ချွတ်ချော်မှု မရှိ၊ တိကျ၏ ၊ မှန်ကန်၏၊ ပြတ်သား၏၊ တွေ့ထိသူကိုသာ ပြန်လည်တွေ့ထိ၏၊ သို့သော် ကောင်းမှုထိသူကို ကောင်းကျိုးပြန်ထိ၏၊ မကောင်းမှု ထိသူကိုတော့သူ့ သဘာဝအရ မကောင်းကျိုးများက မလွဲမသေ လာရောက် တွေ့ထိမည်သာ ဖြစ်ပါ၏။ မကောင်းကံကို -သွားထိ၍ မကောင်းကျိုးများ မိသွားသည့် သာဝတ္ထိပြည်သား ကောကခွေးမိုဆိုး အကြောင်းကို တင်ပြလိုက်ပါ၏၊ အသိမှန် အမြင်မှန်ရကြ၍ သံဝေဂယူနိုင်ရန် တင်ပြခြင်းဖြစ်ပါ၏။

ရှင်တော်မြတ်ဘုရား သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီးတင်းသုံးနေသည်ဖြစ်၍ သာဝတ္ထိပြည်သည် သာသနာ ထွန်းကားသော အရပ်ဒေသဖြစ်နေပါ၏၊သို့သော် သာသနာထွန်းကားသော ဒေသ၌လည်း သာသ နာကွယ်နေသူများ ရှိနေတတ်ပါ၏။

သူ့နာမည်ရင်းက ကောက ဖြစ်ပါ၏၊သို့သော် ခွေးများခြံရံလျက်မုဆိုးဘ၀ဖြင့်အသက်မွေးဝမ်းကြောင်း ပြုနေ-
သူဖြစ်၍ အများက သူ့ကို သူ့လုပ်ရပ်နှင့်တွဲ၍ “ ကောကခွေးမုဆိုး ” ဟုခေါ်ကြပါ၏၊ တစ်နေ့ ထိုတစ်နေ့သည် သူ့အတွက် “ မသင့်သော အတွေးအမြင် အယူအဆကို ” အခြေခံ၍ မလုပ်သင့်သည်ကို လုပ်မိသောကြောင့် ဆိုးရွားသော ကံကြမ္မာ၏ရိုက်ချက်ကို ခါးသည်းစွာ ခံလိုက်ရသော နေ့ဖြစ်ပါ၏၊ သူ၏ စနစ်ဆိုး အဖြစ်ဆိုးသည် ယနေ့တိုင်အောင်ပင် ပြောစမှတ် တွင်၍ နေပါ၏၊ “ သူများ မကောင်းကြံ၍ ကိုယ့်ဘေးဒါဏ် ထိခြင်း” ဖြစ်ပါ၏။

ကောကသည် ခွေးများခြံရလျှက် လေးမျှားလွယ်ကာ တောလိုက် (အမဲလိုက် - သားကောင်ရှာပုံတော်ခရီး ) ထွက်လာ၏၊ ကောက.က တောသို့အသွား အရည၀ါသီ တောရပ်မှီသည့်ရဟန်းတော် တစ်ပါးက သာဝတ္ထိသို့ အလာ လမ်းမှာဆုံမိကြ၏၊ ထိုအခါ ကောက.က ယနေ့ ကာဠကဏ္ဏိ -ယုတ်မာသူကို မြင်တွေ့ရ၏၊ငါ့အတွက်  သားကောင် ရတော့မည်မဟုတ်ဟု တွေး ( နိမိတ်ဖတ် ) ၍ ဆက်သွားလေ၏၊၊

အမှန်အားဖြင့် ရဟန်းသည် သူတော်စင်ဖြစ်၍ သူကသာ(သူတစ်ပါးအသက် သတ်ဖြတ်၍ အသက်မွေးဝမ်း   ကြောင်း ပြုနေသူဖြစ်ရကား)သူယုတ်မာအစစ် ဖြစ်ပါ၏၊သို့သော်သူကားသူတော်စင်ရဟန်းကို  မြင်ရာတွေ့ရရာ “ သမဏာနဉ္စ ဒဿနမင်္ဂလာ ” မတိုးနိုင်ရှာပဲ “ ကာဠကဏ္ဏိ - ယုတ်မာသူ ” ဟူ၍ပင် စွပ်စွဲလိုက် ပါသေး - ၏၊အမှန်အားဖြင့် အရည၀ါသီ တောမှိ ရဟန်းတော်သည် ညှဉ်းဆဲခြင်း ၀ိဟိံ  သ၏ ဆန့်ကျင်ဘက် ကရုဏာတရားကို လက်ကိုင်ထားသူဖြစ်ပါ၏၊ သီလကို အသက်ထက်တမ်းဘိုးထားကာ   စောင့် ထိမ်းနေသူ လည်းဖြစ်ပါ၏၊ လောကအပေါ် “ ဗြဟ္မစိုရ်တရား ” ပွါးနေသူသာ ဖြစ်ပါ၏၊တနည်းအားဖြင့် ကိုယ့်ကျင့်ထိမ်း၍ ကိလေသာငြိမ်းအောင် ကျင့်နေသည့်သူတော်စင် အစစ် ဖြစ်ပါ၏၊

ယင်းကဲ့သို့သော သူတော်စဉ် တောနေရဟန်းကိုပင်  သူ့အသက်ကိုသတ် အကုသိုလ် အလိမ်းလိမ်းကပ်နေ သည့် မုဆိုးက “ ကာဠကဏ္ဏိ - ယုတ်မာသူ ” ဟူ၍ မြင်နေခြင်းသည် အံ့သြမည်ဆိုလျှင် အတော်ပင် အံ့သြ စရာ ကောင်းလှပါ၏။

ကောကမုဆိုးသည် ဥပါဒါန်ကြောင့် ဥပါဒ်ရောက်သည်ဟု ဆိုရမလားမသိပါ ၊ သူထင်မြင်ထားသည့်အတိုင်း ယနေ့ သားကောင်တစ်ကောင်မျှ မရခဲ့၊( သူတော်စင် ရဟန်းကို မြင်တွေ့ရ၍  သားကောင်းမရခြင်းသည် )  တိုက်တိုက်ဆိုင်ဆိုင်ဟုပင် ဆိုရမလားမသိတော့ပါ၊ ထို့ထက် တိုက်ဆိုင်ခြင်းက ရဟန်းတော်က  ဆွမ်းကိစ္စပြီး ၍ တောကျောင်းသို့အပြန်နှင့် အချိန်တန်၍သားကောင်မရခဲ့ပဲ အိမ်ပြန်ခဲ့ရသည့် ကောကတို့  လမ်းမှာတဖန် ဒုတိယအကြိမ် ဆုံမိကြပြန်ခြင်း ဖြစ်ပါ၏၊ ဤသို့ ဆုံမိခြင်းသည် ကောကမုဆိုးအတွက် “ ယမ်းပုံမီးကျ ” သလို သူ့ဒေါသ ကို ပို၍ပို၍တိုးပွါးစေပါ၏၊ ( ယင်းသို့ တိုးပွါးခြင်းမှာ သူ၏ အယောနိသော မနသိကာရ - နှလုံးသွင်း မှားသောကြောင့်သာ ဖြစ်ပါ၏ )၊
ကောကခွေးမုဆိုးသည် သူတော်စင် ရဟန်းတော်ကို မြင်ရပြန်သောအခါ  “ ယနေ့ မနက်  တောလိုက် ထွက်  ဒီကာဠကဏ္ဏိ သူယုတ်မာကို မြင်ရချက်ကြောင့် ဆက်ရက်တစ်ကောင် ကြောင်တစ်မြည်း ဘယ်သား ကောင် ကိုမှ ရှာမှီး၍ ငါမရခဲ့၊ လာခဲ့ လာခဲ့ နောင်တဖန် တွေ့ပြန်ခဲ့လည်း ယခုကဲ့သို့ သားကောင်မရသည့် အဖြစ်မျိုး ငါ တိုးနိုင်သေးတယ်၊ ဒီတော့ နောက်တဖန် ပြန်မတွေ့ရဖို့အရေး ငါ ခွေးတွေနှင့်တိုက်မှ ဖြစ်တော့မယ် ” ဟု မသင့်အကြံ မမှန်နှလုံး သူယုတ်မာတို့ထုံးသုံးကာ သူတော်စင် မထေရ်မြတ်ကို ကိုက်ရန် သူ့ခွေးများကို    -“ ရှုးတိုက်၍ ” ညာသံ ပေးလေတော့၏၊

သွေးဆာနေသော ခွေးများသည် သခင့်အလိုကျ ဣနြေ္ဒရှင် ရဟန်းကိုပင် အလွတ်မပေး ပြေး၍ပြေး၍ လိုက်  လေတော့၏၊ ( ဤသည်မှ သခင်အပေါင်းမှား၍ ဖြစ်ပါ၏၊ ဓမ္မပဒ ဃောသက၀တ္ထုပါ ခွေးသည်ကား သခင် အပေါင်းမှန်၍ ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို အန္တရာယ်ကင်းအောင်ဟောင်၍ ဟောင်၍ စောင့်ရှောက်၏ ) ယခု  သော်ကား ဟောင်၍ ဟောင်၍ ကိုက်သတ်ရန် အမြန်ဆုံးသော နှုံးထားဖြင့် ပြေးသွား၍ ရဟန်းတော် ကိုလိုက်လေတော့၏၊

ရဟန်းတော်သည် တ၀ုတ်ဝုတ်အသံပေး၍ သူ့ဆီ ပြေးလာသော ခွေးများကို မြင်သောအခါ  “ ဒကာတော်  ဤသို့ပြုခြင်းသည်မသင့်တော်ပါ၊ ခွေးများကိုတား ငါအားရန်မပြု ချမ်းသာစွာ သွားခွင့်ပြုပါ ” ဟု ခွေးပိုင် ရှင်  ကောကကို လှမ်း၍ တောင်းပန်စကားဆိုပါသေး၏၊သို့သော် ကောကသည် နားမ၀င် ၊ ရဟန်း၏ စကား ကို နောက်ထပ်မကြားချင်တော့၊ထို့ထက်ပြောရလျှင် နောက်တဖန်မမြင်လိုတော့၊ထို့ကြောင့် ကောကမုဆိုးက “ ယနေ့မနက် သင့်ကို မြင်တွေ့မှု နိမိတ်ဆိုးချက်ကြောင့် ငါ၏၀မ်းစာ ဘာသားကောင်ကို မျှရှာ မရခဲ့၊ နောက်ရက်နောက်တစ်လှဲ့ တွေ့ပြန်ခဲ့သော်လည်း ဤကဲ့သို့ ( သားကောင်မရသည့် ) အဖြစ်ဆိုး ငါ တိုးနိုင် သေးတယ် ဒါ့ကြောင့် သင့်ကို အသက်ရှင်ခွင့်ငါမပေး ခွေးစာပဲကျွေးပစ်မည် ” ဟု နှုတ်က လည်းကြုံးဝါး ခွေးများကိုလည်း ရှူးတိုက် မိုက်ချင်တိုင်းမိုက် ( မသူတော်အမျက် ဒေါသထွက်နေ၍လည်း ) ရိုင်းချင်တိုင်း ရိုင်းနေတော့၏၊

ရဟန်းတော်သည် စဉ်းစားမိလိုက်၏ မသူတော်ကို တောင်းပန်၍ အကြောင်းဟန်တော့မည်မဟုတ်၊ လုပ်သင့် သည်ကား လွတ်အောင်ပြေးဖို့ပဲ နည်းလမ်းရှိတော့သည်၊ ခွေးများကား ပြေး၍ လာနေပေပြီ၊ ရဟန်းတော် သည် ဘေးလွတ်ရန် လမ်းဘေးရှိ သစ်ပင်ပေါ်သို့ အချိန်မှီ ပြေး တက်လိုက်ရတော့၏၊ လူတစ်ရပ်လောက် အမြင့်သို့ ရောက်နေသည်ဖြစ်၍ ခွေးများ လှမ်းဟပ်၍ မမှီ၊ အပေါ်သို့လည်း မတက်နိုင်ကြ၍ အောက်ကပ် မကျေမနပ်နှင့် မော့၍ မော့၍တ၀ုတ်ဝုတ် ဟောင်နေကြတော့၏၊ရဟန်းတော်သည် သစ်ပင်ပေါ် တက်ပြေး ၍  ခွေးရန်ကား လွတ်သွားပေပြီး၊  သို့သော်.



                                                             ဆက်ရန်  . ကောင်းသစ်










Sunday, June 12, 2011

ကုသိုလ်မှ သည်..

                                             
         ဒါနကို ချိန်စက်
        မာန်တက်သည့် သူ့စကား
          ဟောဒီလိုဒါနမျိုး 
       မင့် လှူနိုင်ရိုးလား - တဲ့။

သီလကို အခြေခံ
မာန်ပါသည့် သူ့စကား
ငါးရှစ်မြတ် ဥပုသ်မြတ်
မင့် စောင့်တတ်ရဲ့လား - တဲ့။

သမာဓိ အခြေခံ
ဝေဘန်သည့် သူ့စကား
ဟောဒီလို တည်ကြည်မှု
မင့် ရှုနိုင်လို့လား - တဲ့။

ချီးမွမ်းကိုယ့်ကို
သူ့ကို နှိမ့်ချ
အတ္တုက္ကံသန ပရ၀မ္ဘနာ
ဒေသနာမှာ ထုတ်ပြ
သူတော်ကောင်းလမ်း မဟုတ်ကြ။

ပဋ္ဌာန်း ဒေသနာ
မြတ်ဗုဒ္ဓါ ဟောမိန့်ဘိ
“ ကေသဉ္စိ ဥပနိဿယသတ္တိ ”
ကုသိုလ်သည် အကုသိုလ်ကို ကျိုးပြု၏ - တဲ့။

ကောင်းသစ်

Tuesday, June 7, 2011

လာအို၏ပုံရိပ်

                                                           
                                

လာအိုနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်ပေါ်မှာတည်ရှိပြီး တိုင်းရင်းသား လူမျိုးစု များ စွာဖြင့် ဖွဲ့စည်းထားသော နိုင်ငံတစ်နိုင်ငံပါ ၊တိုင်းရင်းသားတစ်စုခြင်းစီမှာကိုယ်ပိုင် ရိုးရာအစဉ်အလာနှင့် လှပသော ယဉ်ကျေှး မှုများ ကိုယ်စီရှိကြသည့်အတွက်ကြောင့်ရိုးရာအစဉ် အလနှင့်ယဉ်ကျေးမှုကြွယ် ၀သော နိုင်ငံတစ်နိုင်ငံ အဖြစ်ပြော ဆိုနိုင်ပါသည်.နိုင်ငံ၏ ဧရိယာအကျယ်အ၀န်းမှာ စတုရန်းကီလိုမီ တာပေါင်း ၂၃၆၈၀၀ ရှိပြီး လူဦးရေအားဖြင့် ၆သန်းဝန်း ကျင်သာရှိသည့်အတွက်ကြောင့်လူဦးရေနှင့် ယှဉ်မည်ဆိုပါကကျယ်ဝန်းလှပါသည်။ မြောက်ဘက်မှာတရုတ် နိုင်ငံ၊  တောင်ဘက်အရပ်မှာ ကန်ဗောဒီး ယား၊ အရှေ့ဘက်မှာ ဗီယက်နန်၊ အနောက်ဘက်နှင့် အနောက် တောင်ဘက်အရပ်တို့မှာ ထိုင်းနဲ့ မြန် မာနိုင်ငံတို့ အသီး သီး ထိစပ်နေပါသည်၊ အထူးသဖြင့် ဗီယက်နန်နိုင်ငံ နှင့်နယ်နမိတ်ချင်း ထိစပ်မှုအများ ဆုံး  ဖြစ်ပြီး ဗီယက်နန်ရိုးရာ အစဉ်အလာအချို့လည်း လွှမ်းမိုးလျှက်ရှိ ပေသည်။

နိုင်ငံ၏ အဓိကစီးပွားရေးမှာ လယ်ယာစိုက်ပျိုးရေးဖြစ်ပြီး အခြားတောထွက်ပစ္စည်းများနှင့် သယံ ဇာတ ပစ္စည်း များလည်း ထွက်ရှိသည့်နိုင်ငံတစ်နိုင်ငံပါ။ ကုန်းပိတ်နိုင်ငံဖြစ်သည့်အားလျှော်စွာ ရေအရင်း အမြစ်နှင့် စိုက် ပျိုးရေးအတွက် မဲခေါင်မြစ်သည် နိုင်ငံ၏ အသက်သွေးကြောဟု တင်စားရပေမည်။အဓိက ကိုးကွယ် သည့် ဘာသာမှာ ဗုဒ္ဓဘာသာဖြစ် ပြီး ကျန်ရှိနေသေးသည့် သမိုင်းဝင် စေတီ ပုထိုးများနှင့် ဗုဒ္ဓရုပ်ပွားတော် များကို ကြည့်ရှုဖူးမြှော်ခြင်းအားဖြင့် တစ်ချိန်က ဗုဒ္ဓသာသနာ ထွန်းကားခဲ့ကြောင်း ထင်ရှားပေသည်။ “ထက်လွှမ်” ဘုရားသည်လာအိုလူမျိုးတို့၏ အဓိက ကိုးကွယ် ရာစေတီဖြစ်ပြီး သူတို့၏သဒ္ဓါတရားနှင့် ကိုး ကွယ်ယုံကြည်မှု တို့ကို တွေ့မြင်နိုင်ပေသည်။ ကမ္ဘာလှည့် ခရီးသည်တို့ သည် လာအို၏ စွဲဆောင်မှုဖြစ် သည့် “ထက်လွမ်” ဘုရားနှင့် တော်လှန်ရေးသမား သူရဲကောင်းတို့အား ဂုဏ်ပြု ရာဖြစ်သည့် “ပါတူစိုင်း” ပန်းခြံတို့ကိုကား ရောက်အောင်သွားကြပေသည်.
မြန်မာပြည်၏ ရှမ်းတိုင်းရင်းသားလူးမျိုးတို့ကဲ့သို့ပင် အများစုမှာ ကောက်ညှင်းကိုသာ စားသုံးကြသည်။ ထို့ အပြင် လာအိုလူမျိုးတို့၏ ယဉ်ကျေးမှုအချို့နှင့် ၀တ်စားဆင်ယဉ်မှုများသည်လည်း မြန်မာလူမျိုးတို့ နှင့်တူနေ သည်မှာ အံ့သြစရာတစ်ခုဖြစ်ပါ၏။…
                                                                               ကိုသန့် ( လာအို )

Sunday, June 5, 2011

အရှင်ဒေ၀ဒတ္တ . ၎


 ထိုအခါ မဟာပထ၀ီ မြေကြီးသည် အရှင်ဒေ၀ဒတ်ကို ရှေ့သို့ ဆက်လက်မသွားနိုင်ရန် . ဆုပ် ကိုင်၍ ဆွဲယူလိုက်သကဲ့သို့ မလှုပ်နိုင် မရှားနိုင် မသွားနိုင် တော့ပဲ မြေကြီးထဲသို့ နစ်၍ နစ်၍သာ သွားလေ တော့၏။ ချေမျက်စိ . ဒူးဆစ် . ခါး .  ရင်ဘတ် . လည်ပင်း .. မေးရိုးအထိ အဆင့်ဆင့် နစ်၍ နစ်၍ သွားလေတော့၏။

အရှင်ဒေ၀ဒတ်သည် သူ့ကိုသူ သိလိုက်ပြီး ဖြစ်၏၊သူသည် ဒီဘ၀ ဒီခန္ဓာ ဒီအတ္တဘောဖြင့် နောင် တော်ကြီးဘုရားရှင်ကို ဖူးမျှော်ခွင့်ရတော့မည်မဟုတ်ပေ၊(အမှန်အားဖြင့် ဒီဘ၀တွင်သာ မဟုတ်၊ ဘယ် သောခါမှ ဘုရားရှင်ကို တစ်ဖန် ဖူးမျှော်ခွင့်ရတော့မည် မဟုတ်ပေ၊ )  သို့သော် ရင်ထဲမှာ ရှိနေ သော သိနေသော ဘုရားရှင်၏ ဂုဏ်ကျေးဇူးများကိုဖေါ်ထုတ်၍ ဘုရားရှင်ကို ဆည်းကပ် ကိုးကွယ် ကြောင်း ဤနေရာ ဤအရပ်မှသည် လျှောက်ထားချင်ပါသေး၏၊

မဟာကရုဏာရှင် ရှင်တော်မြတ်ဘုရား၊ ရှင်တော်မြတ်ဘုရား အထံပါးသို့ ခစားချဉ်းကပ် မဆည်း ကပ်နိုင်တော့သည် တပည့်မိုက် ရဟန်းမိုက် ညီတော်မိုက်၏ လျှောက်စကား  အဝေးမှနေ ကြားနိုင်ပါစေသား ကြားပါစေသားဘုရား….။

                              ဣမေဟိ အဋ္ဌီဟိ တမဂ္ဂပုဂ္ဂလံ၊
                              ဒေ၀ါတိဒေ၀ံ နရဒမ္မသာရထိံ။
                             သမန္တစက္ခုံ သတပုညလက္ခဏံ၊
                             ပါဏေဟိ ဗုဒ္ဓံ သရဏံ ဥပေမိ

အဂ္ဂပုဂ္ဂလံ - ကမ္ဘာအလုံးတွင် အသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်တော်မူပေထသော၊ဒေ၀ါတိဒေ၀ံ - နတ်အပေါင်းတို့၏ ဦးခေါင်းညွတ်လျိုး ခိုကိုးရာအစစ် နတ်မင်းလည်း ဖြစ်တော်မူပေထသော၊ နရဒမ္မသာရထိံ - ဆုံးမရန်ကြုံ များဗိုလ်ပုံကို စုံလင်စွာ သင်ပေးလျှက် ယဉ်ကျေးအောင် ဆုံးမ တော်မူပေထသော၊ သမန္တစက္ခုံ - ကြွင်းမဲ့ဥဿုံ အလုံးစုံကို အကုန်သိမြင် သဗ္ဗညုဥာဏ်ရှင် လည်း ဖြစ်တော်မူပေထသော၊ သတပုညလက္ခဏံ - ရာပေါင်းများစွာ ဘုန်းသမ္ဘာကြောင့် ကောင်းစွာမြင့်ကြွယ် တင့်တယ်သော လက္ခဏာတော်လည်း ရှိတော်မူပေထသော၊တံ ဗုဒ္ဓံ - တု၍ မနိုင် ပြိုင်၍မရ ကမ္ဘာ့ထိပ်ခေါင်ထိုနောင်တော် မြတ်ဘုရားကို၊ ဣမေဟိ အဋ္ဌီဟိ - အသားတွေပျောက် အရေခြောက်သဖြင့် မျက်မှောက်ထင်စွာ ဤသုံးရာသော အရိုးတို့ဖြင့်လည်း ကောင်း၊ ဣမေဟိ ပါဏေဟိ - မငြိမ်လှုပ်ယှက်ချုပ်ပျက်ခါနီးဖြစ်သော ဤအသက်တို့ဖြင့် လည်းကောင်း၊ သရဏံ - ဦးတင်ကျန ဖူးချင်လှလည်းမရတော့ပါ ကိုးကွယ်ရာဟူ၍သာလျှင် ၊ ဂတောသ္မိ - အပြစ်ရှိသမျှ သတိရသဖြင့်ံ အာမ၀န္တံ အကုန်ခံ၍ အတန်တန် ဆည်းကပ်ခဲ့ပါ သည်ဘုရား။ ၀ါ - ဂတောသ္မိ - အဝေးမှသည်စိတ်ဖြင့်ရည်လျှက် ယုံကြည်သဒ္ဓါ ထုံသီကာဖြင့် မှန်စွာစင်စစ် အားကိုးရာ ဖြစ်ပါပေ၏ဟူ၍သာလျှင်  သိမှတ် ဆည်းကပ်ခဲ့ပါသည် မဟာ ကရုဏာရှင် ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ကြီးဘုရား။

ဤသို့ဖြင့် အရှင်ဒေ၀ဒတ်သည် . သူစိတ်ထဲ၌ အားအရဆုံးသော အထင်ရှားဆုံးသော အကြည် ညိုဆုံးသော “ အဂ္ဂပုဂ္ဂလ ဒေ၀ါတိဒေ၀ နရဓမ္မသာရထိ သမန္တစက္ခု သတပုညလက္ခဏ ”  ဟူသောဂုဏ်တော်ငါးမျိုးတို့ဖြင့် ချီးမွမ်းခန်းဖွင့်၍ ဘုရားရှင်ကို ကိုးကွယ် ဆည်းကပ်သွားခဲ့ပါ၏။

“ မိုက်သောသူသည် မိမိ မိုက်သည်၏အဖြစ်ကို သိ၏၊ ထိုသိမှုကြောင့် ပညာရှိ ဖြစ်နိုင်သေး၏၊ မိုက် သောသူသည်  ငါ ပညာရှိဟု မိမိကိုယ်ကို ထင်မှတ်နေပါမူကား ထိုသူကို စင်စစ်လူမိုက် ဟူ၍ဆိုအပ်၏၊ ” တဲ့။ အရှင်ဒေ၀ဒတ်သည် မိမိ မိုက်သည်၏အဖြစ်ကို သိသူ ဖြစ်သွားသော ကြောင့် ဤဒေသနာတော်အရ ပညာရှိအဖြစ်ဖြင့် သူ့ဘ၀ကို နိဂုံးချုပ်သွားသူ ဖြစ်ပါ၏။

အမှန်အားဖြင့် အရှင်ဒေ၀ဒတ်သည် ပါရမီဖြည့်ဆည်းထားသူလည်း ဖြစ်ပါ၏၊ အရှင်ဒေ၀ဒတ် သည် ဤဘဒ္ဒကမ္ဘာမှစ၍ရေတွက် ကမ္ဘာတစ်သိန်းထက်၌  အဋ္ဌိဿရ အမည်တော်ရသည့် ပစ္စေ ကဗုဒ္ဓ ဖြစ်တော်မူမည်ဟု မိန့်ဆိုထားပါ၏။ပစ္စေကဗုဒ္ဓ ဘုရားရှင်တို့သည် နှစ်သင်္ချေနှင့် ကမ္ဘာ တစ်သိန်း ပါရမီဖြည့်ကျင့်ရပါ၏၊  ယခု ဤအရှင် ဒေ၀ဒတ်ဝတ္ထု ( ဓမ္မပဒ ) ၌ ကမ္ဘာတစ်သိန်း ထက်၌ အဋ္ဌိဿရမည်သော ပစ္စေဗုဒ္ဓ ဘုရားဖြစ်မည် ဟု မိန့်ဆိုချက်ကို ထောက်ဆသော အားဖြင့်  နှစ်သင်္ချေ ပါရမီဖြည့်ပြီးသူဟုဆိုခြင်းဖြစ်ပါ၏၊  ထို့ကြောင့် အရှင်ဒေ၀ဒတ်သည် ပါရမီ ဖြည့်ဆည်းထားသူဖြစ်ကြောင်း သိသာလှပါ၏၊

ရဟန်းရှင်လူ မည်သူမဆို မမိုက်မှားအောင် နေထိုင်နိုင်ကြပါစေ၊ အကယ်၍ မိုက်မှားခဲ့သည် ရှိ
သော်လည်း မိမိအမှားကို မြင်၍ ရဲဝံ့စွာ ပြင်နိုင်ကြပါစေဟု.. ...  .... ။


                                                                       ပြီးပါပြီး - ကောင်းသစ်.

Saturday, June 4, 2011

အရှင်ဒေ၀ဒတ္တ . ၃

အရှင်ဒေ၀ဒတ်သည် မိုက်ရင်း မိုက်ရင်းမှ အမှားကို မြင်လာ၍ ပြင်လိုသူ ၀န်ချလိုသူ သူတော်
ကောင်းစိတ်ဓာတ် ရှိသူလည်း ဖြစ်ပါ၏၊

အရှင်ဒေ၀ဒတ်သည် ရှင်တော်မြတ်ဘုရားအား တပည့်ပရိသတ် သူ့ကိုလွှဲပေးရန် တောင်းခံခဲ့ဘူး ၏၊ သူ့သည် ဘုရားအရိုက်အရာကို  ဆက်လက်ခံယူလိုသူ ဖြစ်၏၊ သို့သော် ဘုရားရှင်သည် သံဃာ့  ပရိသတ်ကို လွှဲမပေးခဲ့ချေ၊ ထိုမှ တဖန်   “ ရဟန်းတော်များ - အသက်ထက်ဆုံး သက် သတ်လွတ် ဘုဉ်းပေးရန်၊ ပင့်ဆွမ်း ပို့ဆွမ်းမဘုဉ်းပေးပဲ ဆွမ်းခံ၍သာ ဘုဉ်းပေးရန်၊ ပံသုကူ သင်္ကန်းကိုသာ ၀တ်ရုံသုံးဆောင်ရန်၊ တောကျောင်း၌သာ သီတင်းသုံးရန်. သစ်ပင်ရင်း၌သာ သီတင်းသုံးနေထိုင်ရန် ” ဟူသော မူငါးချက်ကို ပညတ်ပေးပါရန် လျှောက်ထားလေ၏၊ဘုရားရှင် ခွင့်မပြုသောအခါ ခေါင်းပါးမှုကို ( သီလသမာဓိပညာ အကျင့်နှင့် ယှဉ် မယှဉ် မစဉ်းစားပဲ )  အထင်ကြီးသောသူများ သူ့ဘက်ပါလာစေရန် “ အနုနည်းသုံးကာ ” ပရိသတ်ကို ဆောင်ယူ သွား၏၊ ကျောက်မောင်းဆင်ခြင်း လေးသမားလွှတ်ခြင်း နာဠာဂီရိဆင်ဖြင့်တိုက်ခြင်း စသော အကြမ်းနည်းကို သုံးလျှက်လည်း ဘုရားရှင်ကို အန်တု ရန်ပြုခဲ့ပါ၏၊

ဤသို့ဖြင့် အသက်အရွယ်လေးလည်း ရလာပေပြီး၊ အခြံအရံနည်းပါး၍ဖြစ်သောစိတ်ဆင်းရဲ. တပည့်ကြီး ကောကာလိက၏ ဒူးနှင့်ရင်ဝတိုက်ချက်ကြောင့် ကိုယ်လည်း ဆင်းရဲလှပေပြီး၊ ကျန်း မာရေးမကောင်း၍ အိပ်ရာညောင်စောင်း လဲလျောင်းရသည်မှာလည်း ကိုးလခန့်ရှိပြီဖြစ်၏၊အရှင် ဒေ၀ဒတ်သည် အတိတ်ကို တွေးလိုက်သောအခါ သူ၏ တဖက်သတ်အမုန်းနှင့် ဘုရား၏မေတ္တာ ဓါတ် အပြုံးကို ရုပ်လုံးပေါ် မြင်လာရပေပြီ၊ စဉ်းစားလေ စဉ်းစားလေ ဘုရားရှင်၏ သနားကြင်နာ ခြင်း မဟာကရုဏာ၊ လောကကအကျိုးရှိဘို့ဆိုလျှင် ခရီးဝေးကိုပင် ဂရုမထား ချေလျှင်သွား၍ လည်း ဓမ္မကိုဖြန့်ဝေတော်မူသော ကြီးမားသည့် မေတ္တာတရား၊ ရန်ပြုသော သူ့အပေါ် တုန့်ပြန် လက်စားချေခြင်းလုံးဝမရှိ၊တည်ငြိမ်စွာ သိခံတော်မူသော မနှိုင်းယှဉ်သာသည့် ခန္တီတရား၊ သြော် .. အတုမဲ့ အဂ္ဂပုဂ္ဂလ .  ဒေ၀ါတိဒေ၀ . သတပုညလက္ခဏ . သမန္တစက္ခု. စသည် စသည့် ဂုဏ်းပေါင်းစုသည့် ဘုရားရှင်ကိုမှ ငါ အပြစ်မှားကြီး ပြစ်မှားမိခဲ့လေပြီးတကား၊

အရှင်ဒေ၀ဒတ်သည် စိတ်အေးအေးထား၍ စဉ်းစားမိသောအခါ မိမိ၏  မကောင်းချက်နှင့် ဘုရား ရှင်၏ကောင်းကွက်များကို အထင်းသားမြင်ရလေတော့၏၊ ထိုအခါမှရှင်တော်ဘုရားကို လေးစား ကြည်ညိုစိတ်နှင့်အတူ မိမိ၏မိုက်ပြစ်ကို ၀န်ချတောင်းပန်လိုသောစိတ်များ တားမနိုင် ဆီးမရ ရင်ဝမှ ကြွ၍ ကြွ၍ လာပေတော့၏၊ ထိုအချိန်သည် ရှင်တော်မြတ်ဘုရား ဇေ၀တ၀န်ကျောင်း တော်၌  သီတင်းသုံး နေနေခိုက် ဖြစ်၏။

ထိုအခါ အရှင်ဒေ၀ဒတ်သည် သူ့တပည့်များကို သူအား ဘုရားရှင်ထံ ပို့ပေးဖို့ ပြောကြားလေ တော့၏၊ စွမ်းနိုင်စဉ်က အန်တု ရန်ပြုနေပြီး မစွမ်းနိုင်ခါမှ သွားချင် ဖူးမြင်ချင်ရသလားဟု အပြစ် တင်ကာသူ့တပည့်များက မပို့လိုကြ၊ သို့သော် ဆရာအရှင်ဒေ၀ဒတ်က “ င့ါကို ငါ့ဘ၀ကို မဖျက် ဆီးကြပါနဲ့၊ငါ ဘယ်လောက်ပဲ  ( ဒေါသနှင့် ) မုန်းမုန်း၊ ဘုရားရှင်က ( အဒေါသ မေတ္တာနှင့် ) အပြုံးမပျက်ခဲ့ပါဘူး၊ ဆံချည်မျှင်မျှသော်လည်း ငါ့အပေါ် အမုန်းတရား အာဃာတတရား ရန်ငြိုး တရား မပွားခဲ့ မထားခဲ့ပါဘူး။

ရှင်တော်မြတ်ဘုရားဟာ   “ သူ့ကို အန်တု ရန်ပြုတဲ့ ငါ့အပေါ်၊ လူပေါင်းများစွာတို့ကို  ကြမ်းချင် တိုင်းကြမ်းပြီး လက်ညှိုးဖြတ် သတ်ခဲ့တဲ့ လူဆိုးကြီး အင်္ဂုလိမာလအပေါ်၊ အရက်အရှိန်နှင့် မုန် ယိုပြီး ဘုရားရှင်ကို နင်းဖြိုဖို့ ပြေးလာတဲ့ ဓနပါလခေါ် နာဠာဂီရိ ဆင်အပေါ်၊ သူ၏ရင်သွေး သား တော်လေး ရာဟုလာအပေါ် ” အားလုံးအပေါ် ထားတဲ့ မေတ္တာတရားဟာ ဘယ်သူ့ပေါ်မှ ပိုသည် မရှိ လိုသည်မရှိ ၊တပြေးညီထဲ ထားရှိကြောင်း ယခုကောင်းကောင်း  သဘောပေါက်ပြီ ဖြစ်ပါ၏၊  
အရှင်ဒေ၀ဒတ်၏ “ ဒေဿထ မေ ဘဂ၀န္တံ ” အတန်တန်  တောင်းပန်သည့်အတွက် သူ၏ တပည့်များသည် ညောင်းစောင်းထမ်းစဉ်ဖြင့်ထမ်းကြလျှက် ဘုရားရှင်ထံသို့ခရီးထွက် ဆက်ကြ လေပြီတကား။အရှင်ဒေ၀ဒတ် အမြင်မှန်ရကာ ဘုရားရှင်ထံသို့  ဦးတင်ဖူးမြင်၍ တောင်းပန်ရန် လာရောက်ကြောင်းကို ရဟန်းတော်များက ဘုရားရှင်အား ကြိုတင်လျှောက်ထားကြ၏၊ ထိုအခါ ရှင်တော်မြတ်ဘုရားက  “ ရဟန်းတို့ အရှင်ဒေ၀ဒတ်သည် လက်ရှိအတ္တဘော ကိုယ်ခန္ဓာဖြင့် ငါဘုရားကို ဖူးမြင်ခွင့် ရလိမ့်မဟုတ်ချေ ” ဟု နှုတ်တော်မှ မိန့်ချွေတော်မူလိုက်ပေ၏၊

အရှင်ဒေ၀ဒတ် မည်သည့်အရပ် ရောက်လာပါပြီ၊ စသည် စသည်ဖြင့်  ရောက်သည့်အရပ်တိုင်းမှ
သတင်းစကား ကြားနေရပါ၏၊ တစ်ယူဇနာ. ယူဇနာဝက် တစ်ဂါဝုတ် ဇေ၀တန်ကျောင်းတိုက်ရှိ ရေကန်သို့ပင် ရောက်လာပေပြီး၊ခရီးလည်းပမ်း ကိုယ်လည်းနွမ်း၍ ထမ်းစဉ်ဖြင့် ထမ်းလာ ကြသော အရှင်ဒေ၀ဒတ်၏ တပည့်များ သည် ရေကန် ကန်ဘောင်ပေါ် ထမ်းစဉ်ကိုချ၍ ရေချိုး နေကြလေပြီ၊  အရှင်ဒေ၀ဒတ်သည်လည်းမြူမှုံ အညစ်အကြေး ချွေးတို့ဖြင့် ညစ်နွမ်းနေသော  မိမိကိုယ်ကို သန့်ရှင်းရေးလုပ်ရန်အတွက် ညောင်းစောင်းမှ ထ၍ မြေသို့ ချေချလိုက်၏၊ ထိုအခါ …
                                                                       ဆက်ရန် - ကောင်းသစ် 

Thursday, June 2, 2011

အရှင်ဒေ၀ဒတ္တ . ၂


                                
            
အရှင်အာနန္ဒာသည် သောတာပန်တည်၍ ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံပြီးနောက် ပထမ သင်္ဂါယနာ မတိုင်မှီ(သင်္ဂါယနာတင်မည့်နေ့ မိုးသောက်အခါ ဣရိယာပုထ်လေးပါးမှ လွတ်သော ရဟန္တာ အဖြစ်ဖြင့်)ရဟန္တာဖြစ်တော်မူ၏၊  အရှင်အာနန္ဒာသည် ရဟန္တာဖြစ်မှု၌သာ ထူးခြားသည် မဟုတ်၊  ပရိနိဗ္ဗာန် ၀င်စံသော အခါ၌လည်း  ထူးဆန်းသည်သာ ဖြစ်ပါ၏၊
အရှင်အာနန္ဒာသည် သက်တော်  ( ၁၂၀ )  ရောက်သောအခါ ရောဟိနီမြစ်၏ အလယ် အထက်
ကောင်းကင်ယံ ထန်းခုနှစ်ဆင့်လောက် မြင့်သောအရပ်၌ တေဇောကသိုဏ်းဝင်စားတော်မူ၍ မိမိ
ခန္ဓာကိုယ်ကို နှစ်ချမ်းဖြစ်စေလျှက် ရောဟိနီမြစ်၏ဟိုဘက်ကမ်း ဒီဘက်ကမ်းသို့ ဓာတ်တော်များ
ကို ကျစေကာ ပရိနိဗ္ဗာန် ၀င်စံတော်မူခြင်း ဖြစ်၏၊ (အရှင်အာနန္ဒာသည် တစ်သာသနာလုံး၌ ဧတဒဂ်ဘွဲ့ထူး အများဆုံးရသော ထူးခြားသည့် မထေရ်မြတ်လည်း ဖြစ်ပါ၏၊ အရှင်အာနန္ဒာ ပိုင်ဆိုင်သောဧတဒဂ်ဘွဲ့ထူးများမှာ “ ဥပဋ္ဌက . သတိမန္တ . ဂတိမန္တ . ဓိတိမန္တ . ဗဟုဿုတ ” ဘွဲ့ထူးများဖြစ်ပါ၏၊

အရှင်ဘဂု အရှင်ကိမိလ မထေရ်နှစ်ပါးတို့သည်လည်း ၀ိပဿနာတရားများ ရှုပွားတော်မူကြ၍ ရဟန္တာ ဖြစ်တော်မူကြ၏၊ ဘဂုတ္ထေရောစ ကိမိလတ္ထေရောစ အပရဘာဂေ ၀ိပဿနံ ၀ဎေတွာ အရဟတ္တံ ပါပုဏိံသု၊ ယင်းကိုထောက်ဆ၍ မဂ်ဖိုလ်ရဘို့အတွက် “ ၀ိပဿနာ ရှုရန်မလိုဟု ” ယူဆသူများ သတိထားသင့်ပါ၏၊ ထို့ပြင် ရှင်တော်မြတ်ဘုရား “ သီလေ ပတိဋ္ဌာယ နရော သပညော၊ စိတ္တံ ပညဉ္စ ဘာဝယေ ” ဟု ဟောထားတော်မူခြင်းကိုလည်း နှလုံးသွင်းသင့်လှပါ၏။

အရှင်ဒေ၀ဒတ်သည် “ သီလ သမာဓိ ” နှင့် ပြည့်စုံသူလည်း ဖြစ်ပါ၏။
အရှင်ဒေ၀ဒတ်သည်လည်း  အများနည်းတူ သီလကို စင်ကြင်အောင်  ထိမ်းသိမ်းစောင့်ရှောက်၍
ဘာဝနာတရား ရှုမှတ်ပွားတော်မူပါ၏၊ သီလ သမာဓိ ပညာသုံးဆင့်တွင်  အလယ်အဆင့်ဖြစ် သောသမာဓိအရာ၌ လောကီ တန်ခိုးဖြစ်သော တန်ခိုးဖန်ဆင်ခြင်း ဣဒ္ဓိ၀ိဓအဘိဥာဉ်အဆင့်ထိ တက်လှန်းနိုင်ခဲ့ပါ၏။ သို့သော် လောကီဈာန်အရာသာ တည်သူဖြစ်၍ ကိလေသာများ အကြွင်းမဲ့ ပယ်သတ်နိုင်သည့်( မဂ်ပညာ ) အဆင့်ထိကား မရောက်သေးပါ။ထို့ကြောင့် ပုထုဇဉ် ဘ၀မျှသာ တည်နေပါသေး၏၊

ထို့နောက် လာဘ်လာ အခြံအရံ ကျော်ကြားမှုကို ဦးစားပေးလျှောက်လှမ်းမိရာမှ ဘုရားရှင်ကိုပင်
အန်တု အန္တရာယ်ပြုသည့်အထိ မိုက်တွင်းနက်သည့် ရဟန်းဆိုးကြီးဘ၀ ရောက်သွားရခြင်း ဖြစ်ပါ၏၊ အားငယ်ရာမှ အားပြိုင်လိုသည့်စိတ်ဓာတ်ဝင်သွားသောကြောင့် နာမည်ပျက်ထွက်သွား ရခြင်း ဖြစ်၏၊

ယင်းစကားကို အနည်းငယ်မျှ ရှင်းပြပါအုံးမည်။ မြတ်စွာဘုရားရှင် ကောသမ္ဗီပြည်၌ သီးတင်းသုံး စံနေတော်မူစဉ် ရဟန်းတော်များ လာဘ် လာဘ ပေါများနေချိန်ဖြစ်၏၊ လူအများစုသည် သင်္ကန်း ဆေးပစ္စည်း စသည်များကို ယူဆောင်လာကြလျှက် “ မြတ်စွာဘုရား  ဘယ်မှာ သီတင်းသုံး တော်မူပါလဲဘုရား၊ အရှင်သာရိပုတ္တရာ. အရှင်မောဂ္ဂလာန် အရှင်မဟာကဿပ အရှင်ဘဒ္ဒိယ အရှင်အနုရုဒ္ဓါ အရှင်အာနန္ဒာ အရှင်ဘဂု အရှင်ကိမိလတို့ ဘယ်ကျောင်းဆောင်မှာ သီတင်းသုံး ကြပါသလဲဘုရား စသည်ဖြင့် မေးမြန်း၍ ၀င်ထွက်သွားလာ ကြကုန်၏၊

အရှင်ဒေ၀ဒတ်ကို မေးမြန်းသူ တစ်ဦးတစ်ယောက်မျှ မရှိပေ၊ ထိုအခါ အရှင်ဒေ၀ဒတ်၏ အတ္တ မာနလောဘသည် ပါးပျဉ်းထောင်၍ လာတော့၏၊ ငါလည်းပဲ သူတို့နှင့်အတူ ရဟန်းပြုလာသူပဲ၊ နောက်ပြီး သူတို့လည်း ခတ္တိယမျိုးက ရဟန်းပြုလာသူ၊ ငါလည်း ခတ္တိယမျိုးက ရဟန်းပြုလာသူ အတူတူပဲမဟုတ်လား၊ ဒါပေမဲ့ ဒီလူတွေဟာ လှူဖွယ်ပစ္စည်းတွေ ယူဆောင်လာကြပြီး သူတို့ကိုသာ ရှာမှီးကြတယ် မေးမြန်းကြတယ်၊ ငါ့ဆီတော့ ဘယ်သူတစ်ဦးတစ်ယောက်မှ မလာ ဘူးဟု အားငယ်စိတ် ၀င်လာ၏၊ ငါလည်း လာဘသက္ကာရကို ရအောင် ဖန်ရမယ်၊ ဘယ်နည်းနှင့် ဘယ်သူ့ကို ငါချဉ်းကပ်ရ ကောင်းမလဲ၊ ဤသို့ဖြင့် “လာဘသက္ကာရ ” ရဖို့ရန် အရှင်ဒေ၀ဒတ် သည် “ လဲ ” ပေါင်းစုံဖြင့် စဉ်းစားခန်းဝင်ရင်းမှ အသက်ငယ်ပြီး အရောင်ဆိုးရ လွယ်ကူသော မင်းသားငယ် (မင်းလောင်း ) အဇာတသတ်ကို မြွေများဖန်ဆင်း၍ အံ့သြဖွယ်ကိုပြကာ ကြည်ညို စေလျှက် ဒကားရင်းဖြစ်စေအောင် သွေးဆောင်ခဲ့၏၊ အဇာတသတ်သည် “ အံ့သြဖွယ်ကို မြင် လိုက်ရ၍ အရှင်ဒေ၀ဒတ်ကို အားကိုးရာ အစစ်ဟူ၍ထင်မှတ်သွား၏၊ ကြည်ညိုသွား၏၊ တနည်း အားဖြင့် ထင်မှတ် မှားသွား ခြင်းဖြစ်ပါ၏

ထို့ကြောင့် ရှင်တော်မြတ်ဘုရား က “  အံ့သြဖွယ်ကို ပြသော ဣဒ္ဓိပါဋိဟာရိယသည် အားကိုး စရာ အစစ်မဟုတ်၊ လမ်းမှားကို ကြဉ်၊ လမ်းမှန်ကို ယှဉ်စေသည့် အနုသာသနပါဋိဟာရိယ သည်သာလျှင်အားကိုးစရာဖြစ်၏ဟုမိန့်တော်မူခဲ့ပါ၏၊(ဆင်ခြင်ဥာဏ်မဲ့လျှက်အထူးအဆန်းကိုအား
ကိုးရာထင်သူများ သတိထားဖွယ်ပင် ဖြစ်ပါ၏၊) ဤသို့ဖြင့် အရှင်ဒေ၀ဒတ်သည် လာဘသက္ကာရ နောက် လိုက်ရင်း လိုက်ရင်းဖြင့် မိုက်တွင်းနက်သူ ဖြစ်သွားရရှာ၏၊ “ သီလ သမာဓိ ” တို့ဖြင့် ဖြူစင်နေသော သူ့ဘ၀ သူ့အလှကို လာဘသက္ကာရက ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်ပါ၏၊ “၀ါးသီး သည် ၀ါးပင်ကို ပြန်သတ်၏ ငှက်ပျောသီးသည် ငှက်ပျောပင်ကို ပြန်သတ်၏၊ အဿတိုရ်မြင်း ဖွါးခြင်းသည် မိခင်ကို ပြန်သတ်၏၊ လာဘသက္ကာရသည် လက်ခံသူကို သတ်တတ်ပါ၏ ” တဲ့ မှန်၏ အရှင်ဒေ၀ဒတ်သည် လာဘသက္ကာရကို လက်ခံမှား၍ သူ့ဘ၀ အသတ်ခံလိုက်ရခြင်း ဖြစ်ပါ၏၊ အကယ်၍သာ “ အညာ ဟိ လာဘူပနိသာ၊ အညာ နိဗ္ဗာနဂါမိနီ၊ သက္ကာရံ  နာဘိ နန္ဒေယျ၊ ၀ိဝေက မနုဗြူဟယေ ” ဟူသော ရှင်တော်ဘုရား၏ စကားကို အရှင်ဒေ၀ဒတ်  အချိန်မီ ဆင်ခြင်နှလုံးသွင်းမှိလျှင် ဤကဲ့သို့ ဖြစ်လာနိုင်မည် မဟုတ်ချေ။ ယခုမူကား….။

အရှင်ဒေ၀ဒတ်သည် မိုက်ရင်း မိုက်ရင်းမှ အမှားကို မြင်လာ၍ ပြင်လိုသူ ၀န်ချလိုသူ သူတော်
ကောင်းစိတ်ဓာတ် ရှိသူလည်း ဖြစ်ပါ၏၊
                                                                    ဆက်ရန် (ကောင်းသစ်)