.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Sunday, July 31, 2011

ပုထုဇဉ်၏ သဒ္ဓါတရား ၂

ဟုတ်တယ် ဒကာ၊ ပတ္တမြား ကြိုးကြာမြိုတာကို ဘုန်းဘုန်း ကိုယ်တိုင် မြင်တွေ့လိုက်ရတာပါ၊ ဒီလို ပြောလိုက် တာဟာလည်း ကြိုးကြာငှက် သေပြီဖြစ်၍ ပြောခြင်းပါ၊ အကယ်၍ ကြိုးကြာအသက်ရှင်သန်နေအုံးမယ်ဆိုရင် မိမိအသက်သာ အသေခံသွားမည်ဟု ကြိုးကြာမျိုသည်ဟုပြောလိမ့်မည် မဟုတ်ပါ၊ ( အော် သူတော်ကောင်း ဟူသည် မိမိပယောဂကြောင့် သူတစ်ပါးဒုက္ခရောက်မည်ကို ပြောမထွက်သော (ကရုဏာတရား) မိမိသာ အနာခံသော (ခန္တီတရား)ကိန်းအောင်းနေသူပါတကား)။

ပတ္တမြားကြိုးကြာမျိုသည်ဆိုသောအသံသည် ကျောက်သွေးသမား၏နားမှတစ်ဆင့် နှလုံးသားထိတိုင်   အောင်  ရိုက်ခပ်၍ သွားလေတော့၏၊ ထို့ကြောင့် သူ၏ စိတ်သည် တုန်လှုပ်သွားတော့၏၊ မသိမှု၏ လှုံ့ဆော်မှုကြောင့်  မလုပ်သင့်သည်ကို သူလုပ်လိုက်မိ၏၊ ယခု သူလုပ်ရပ်မှားကြောင်း သိသွားပြီးဖြစ်၏၊ အမှားကို လွန်ကျူးသူ၏စိတ်သည် တည်ငြိမ်မရှိနိုင်တော့။

စိတ်မတည်ငြိမ်၍ စိတ်၏တည်ရာ နှလုံးအိမ်လည်း မတည်ငြိမ်တော့၊ ထိုအခါ နှလုံးသွေးများ လည်ပတ်စီး ဆင်းရာ တကိုယ်လုံးသည်လည်း တည်ငြိမ်မှု မရှိတော့၊ ထို့ကြောင့် ကျောက်သွေးသမားသည် တုန်ယင်သော စိတ် တုန်ယင်နေသော လက်ဖြင့် ဓားကိုမနိုင်တစ်နိုင် ဆွဲကိုင်၍ကြိုးကြာ၏ ၀မ်းဗိုက်ကို ခွဲစိတ် လိုက်လေတော့၏၊ ထိုအခါ အစာအိမ်ထဲမှာ ပတ္တမြားကိုကျောက်သွေးသမားသည် မျက်ဝါးထင်ထင်  မြင် လိုက်တွေ့လိုက်ရတော့၏၊

ကျောက်သွေးသမားသည် အတွေးမှား၍ အပြောအဆို ( စွပ်စွဲမှု ) မှားခဲ့လေပြီး၊ အပြောမှား ရုံတွင်မရပ် လက်လွန်ခြေလွန်အဆင့်ထိ အပြုအမူပင် မှားခဲ့လေပြီး၊ သူ၏ အမှားကြောင့် ကိုယ်ကျင့်ဖြူစင်သော  ရဟန်းတော် ဓားစာခံအဖြစ် နှိပ်စက်မှုအကြီးအကျယ် ခံစားခဲ့ရလေပြီ။

“ ပြုသူအသစ် ခံသူအဟောင်း ” ဟု သူဟောင်းရှေးက ဆိုကုန်ကြလည်း ပြုသူသည် အသစ်မှန်သော်လည်း ခံရသူတိုင်း အဟောင်းဖြစ်ချင်မှ ဖြစ်ပေမည်၊ ခံသူအဟောင်းဟူသည် စိတ်၏သက်သာရာ ဖြေတွေး ( ယော နိသော မနသိကာရအနေအားဖြင့် ) တွေးဟန် ဖြစ်တန်ရာပါ၏၊

ကျောက်သွေးသမားသည် “ ငါ - သားသမီးမှ တစ်ပါး ” တစ်ခြားဖြစ်နိုင်ချေရှိသူသည် ရဟန်းသာ  ဖြစ်ရမည်ဟု တွေးခဲ့၏၊ ယခုတော့ သူထင်မှတ်ထားသော ရဟန်းမဟုတ်ပဲ သူထင် မထားသော  ကြိုးကြာဖြစ်နေသည်ကို မြက်ဝါး ထင်ထင် မြင်တွေ့လိုက်ရလေပြီး၊

“ ငါမှားလေပြီ ” တဲ့။
နှုတ်ဖျားမှ ထွက်လာသော အသံတော့ မဟုတ်၊ ရင်ထဲမှာပင် မိမိတယောက်တည်း ကြားရုံသာပြောနေ မိသော စိတ်၏ ပဲ့တင့်သံဖြစ်ပါ၏၊အမှန်အားဖြင့် ပတ္တမြားကို တွေ့ရ၍ ကျောက်သွေးသမား ၀မ်းသာရ မည်ဖြစ်၏၊ သို့သော် သူဝမ်းမသာနိုင်ဖြစ်နေ၏။ သူ၏နှလုံးသားသည် ၀မ်းသာရမည့်အစား အကြီးမား ဆုံးသော   တုန်ုလှုပ်မှုကြီးကို သူခံစားနေရလေပြီ၊

ရဟန်းတော်သည် ကြိုးကြိုမျိုသည်ကို မြင်ရပါလျှက် “ ကြိုးကြာမျိုသည်ဟု မပြောပဲ၊ ဘုန်းဘုန်းမယူပါဟုသာ “ ပြောခြင်းသည် ကြိုးကြာကို ငဲ့၍ ပြောခြင်း ဖြစ်ချေသည်တကား၊ ကြိုးကြာမျိုသည်ဟု ပြောလိုက်လျှင် သူ ဆင်းရဲဒုက္ခမှ လွတ်မြောက်မည်ဟု သိသော်လည်း မိမိအပြောပယောဂကြောင့် ကြိုးကြာဒုက္ခရောက်မည် ကို မြင်၍ အသက်နှင့်လဲကာ ထိမ်းသိမ်းပေသောအရှင်မြတ်ပေတကား၊ ယင်းကဲ့သို့သော အဆင့်မြင် သူတော်စင်ကိုငါမညှာမတာစွပ်စွဲမိသည့်အပြင် ကိုယ်ထိလက်ရောက်  ပြင်းထန်စွာပင် နှိပ်စက်မိခဲ့ချေပြီတ-
ကား၊  ငါ  … ငါ … ငါ… ……..

ကျောက်သွေးသမား၏ မျက်ဝန်းမှ ၀မ်းနည်းမျည်ရည်များ  နောင်တမျက်ရည်များဖြစ်သည့် မျက်ရည် ပူများသည် တသွင်သွင် စီးကျနေလေပြီ၊ ထို့နောက်တော့ ရဟန်းတော်၏ ခြေရင်း ၀ပ် စင်းကာ “ အရှင် ဘုရား တပည့် တော်ကို ခွင့်လွှတ်ပါဘုရား ” လို့ မလျှောက်ရဲလောက်အောင် မိုက်တွင်းနက်သော တပည့် တော်ကို သနားသောအားဖြင့် ခွင့်လွှတ်တော်မူပါဘုရား။


ဒကာ သင့်မှာလည့်း အပြစ်မရှိ ၊ ငါ့မှာလည်း အပြစ်မရှိ ၊ ၀ဋ်ကျွေးရှိ၍ ကံဟောင်းဆပ်ရခြင်းသာ ဖြစ်ပါ၏၊ အသင် ဒကာကို ဘုန်းဘုန်း သိခံ ခွင့်လွှတ်ပါ၏။

အရှင်ဘုရား တပည့်တော်ကို သိခံခွင့်လွှတ်တော်မူပါလျှင် “ ယခင်အတိုင်းပဲ တပည့်တော်တို့ အိမ်ကို ဆွမ်းခံ ကြွတော်မူပါဘုရား ” ဟု ( မိမိ မိုက်ပြစ်ကြောင့် ) မရဲတရဲ လျှောက်ထားလေ၏၊

ထိုအခါ ရဟန်းတော်က “ ငါသည် ယခုအချိန်မှစ၍ သူတစ်ပါးတို့၏ အိမ်အမိုးအတွင်းသို့ မည်သည့် အကြောင်းကြောင့်မျှ မ၀င်တော့၊ ယခုကဲ့သို့  မဟုတ်မမှန် စွပ်စွဲခံရခြင်း ၊ ကိုယ်ထိလက်ရောက် ပြင်းထန်စွာ နှိပ်စက်ခံရခြင်းသည် အိမ်အမိုးအတွင်းသို့ ၀င်ရောက်မိခြင်း၏ အပြစ်ဖြစ်ပေ၏၊ ”ဟု  မိန့်တော်မူပြီးလျှင် ယနေ့ ယခုအချိန်မှ အစပြု၍ ခြေထောက်နှစ်ခြောင်း လှုပ်ရှားနိုင်သမျှ ရွေ့ရှားနိုင်သမျှ ကာလပါတ်လုံး အိမ်တံခါးဝ၌သာရပ်လျှက်ဆွမ်းကိုခံယူပေတော့အံ့ဟု(အစ၌ ဖေါ်ပြခဲ့သော ဂါထာကို  နှုတ်မြွက်တော်မူကာ)  ဓုတင် အကျင့်ကို ဆောက်တည်တော်မူ၏။

ရဟန်းတော်သည် ကျောက်သွေးသမား၏ နှိပ်စက်မှု ဒဏ်ချက်ဖြင့်ပင် ၀ိပါက်နာမက္ခန္ဓာကဋတ္တာရုပ် အကြွင်း အကျန် မရှိသော “ ခန္ဓပရိနိဗ္ဗာန် ” ၀င်စံတော်မူသွားရပါ၏။

ကြိုးကြာငှက်သည် စိတ်ထားနူးညံ့သော ကျောက်သွေးသမားဇနီး၏ ၀မ်းကြာတိုက်၌ စွဲပိုက် သန္ဓေ တည်လေ၏၊ ကျောက်သွေးသမားသည် ကွယ်လွန်သောအခါ ငရဲ၌ ကျရောက်ရလေ၏၊ ကျောက်သွေးသမား ဇနီးသည်သည်ကား မထေရ်မြတ်အပေါ်၌ ထားရှိသော ကြည်ညိုစိတ်နူးညံ့စိတ်ကြောင့် ကွယ်လွန်သောအခါ နတ်ပြည်၌ ဖြစ်ရ၏
 ထိုအဖြစ်အပျက် ခိုင်မာကြောင်းကို ဂါထာလေးက ယနေ့ထက်တိုင် သက်သေအဖြစ် ရပ်တည်နေပါ၏။

                                     ဂဗ္ဘမေကေ ဥပ္ပဇ္ဇ န္တိ ၊ နိရယံ ပါကကမ္မိနော
                                     သဂ္ဂံ သုဂတိနော ယန္တိ၊ ပရိနိဗ္ဗ န္တိ အနာသ၀ါ


               အတွေးမှားခြင်း အပြုမှားခြင်းဘေးမှ ကင်းဝေးကြ၍ အပါယ်ဘေးမှ ကင်းဝေးနိုင်ကြပါစေ…
                                                                                             ပြီးပါပြီး   -    ကောင်းသစ် 


Monday, July 25, 2011

ပုထုဇဉ်၏ သဒ္ဓါတရား.၁

ဤအိမ်သို့ ဆွမ်းခံကြွလာခဲ့သည်မှာ တယ်ဆယ့်နှစ်နှစ်ပင် ရှိခဲ့ပေပြီ၊အနေကြာ အသိကြာလာခဲ့ပြီမို့  မိသား စုဝင်လိုပင် ဖြစ်နေရကားအားလုံးက ဦးထိပ်မှာတင်ထားပြီး  မိဘအရာ သံဃာ့အရာထားကာ ပြုစုလုပ်ကျွေး  ကိုးကွယ်လာခဲ့သည်မှာ ယနေ့ထိပင် ဖြစ်၏။

သို့သော် ယနေ့ ကြုံတွေ့လိုက်ရသော အဖြစ်ဆိုးသည် ရဟန်းတော်အတွက် တစ်သက်တာထိတ်လန့်ဖွယ် သံဝေဂရဖွယ် သင်္ခန်းစာ ဖြစ်သွားတော့၏၊ ထို့ကြောင့်လည်း နှုတ်မှပင် မြွက်၍ အဓိဋ္ဌာန်ဆောက်တည်လိုက်   လေ၏၊ ရဟန်းတော် အဓိဋ္ဌာန်လိုက်သော အဓိဋ္ဌာန်ချက်မှာ..

ရဟန်းတစ်ပါးအတွက် အနည်းငယ် အနည်းငယ်သော ဆွမ်းသည် (သဒ္ဓါတရားရှိသော )အိမ်တိုင်း အိမ်တိုင်း ၌ ကျက်ပြီးသား ချက်ပြီးသား ဖြစ်၏၊ ငါ၏ သလုံးမြင်းခေါင်း ခြေနှစ် ချောင်းသည်  သွားနိုင်သော စွမ်းအားရှိ သမျှ အိမ်အမိုးအောက်သို့ မ၀င် အပြင်မှပင် ရပ်ကာ ဆွမ်းခံ၍သာ ဘုဉ်းပေးတော့မည် … ဟူ၍ပင် ဖြစ်၏။

ပုထုဇဉ်၏ သဒ္ဓါတရားသည် ခိုင်မြဲသော အစလ သဒ္ဓါတရား မဟုတ်ချေ၊ အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးသွားတတ်ပါ၏၊ အမြင် မကြည်လင်တော့သောအခါ ယုံ၍ ကြည်နေသော သဒ္ဓါတရားသည်လည်း မကြည်လင်နိုင်တော့ပဲ ရေခိုး ရေငွေ့ပမာ ပျက်ပျယ် ပျောက်ကွယ်၍ သွားတော့၏။ယင်းသို့ ပျောက်ကွယ် သွား ပုံကို “ တစ်ချိန်က သာဝတ္ထိပြည်၌ ဖြစ်ပျက်ခဲ့သော အရှင်တိဿ၏ ရင်နင့်ဖွယ်ရာ ဖြစ်ရပ်မှန်လေးက ” သက်သေအဖြစ် ယနေ့တိုင်အောင် ရှိနေပေ၏၊
(မှတ်တမ်း မတင်နိုင်သော ဖြစ်ရပ်မှန်များကား မည်မျှလောက် များပြားမည်ကို မသိနိုင်ပါချေ၊“ မရှိ ခိုးနိုးနိုး ” စကားလက်ကိုင်ထား၍ အပြစ်မဲ့သော အိမ်ဖေါ်လေးများ  မည်မျှလောက်ညှဉ်းဆဲခံရသည် မည်မျှလောက် အသက် ဆုံးရှုံးသွားကြသည်ကို မည်သူတွေ သိနိုင် ပါမည်နည်း)။

အရှင်တိဿမထေရ်မြတ်သည်ပုံမှန်အတိုင်း ကျောက်သွေးသမားအိမ်သို့ဆွမ်းခံကြွ၍ ခင်းထားသောနေရာ-   ၌ဣနြေ္ဒရစွာထိုင်နေ၏၊ကျောက်သွေးသမားသည်အသားစိမ်းကိုကိုင်နေချိန်ဖြစ်၏၊ ထိုအခိုက်  ကောသလဘု ရင်မင်းမြတ်မှ ပတ္တမြားကို အချောကိုင်၍ အတွင်း၌ ရောင်စုံကြိုးလေးများထည့်ရန် နန်းတွင်းမှ လူ ယုံတော် တစ်ဦးကိုသူ့ထံသို့ စေလွှတ်လိုက်၏၊ ကျောက်သွေးသမားသည် သွေးပေနေသောလက်ဖြင့် ပတ္တမြားကို လက်ခံယူလိုက်ပြီး ပခြုပ်ပေါ်တင်ထားခဲ့၍ လက်ဆေးရန် အတွင်းလက်ဆေးအိုးရှိရာသို့ ၀င်သွား လေ၏။

ကြိုးကြာငှက်သည် သားစိမ်းအနံ့ခံရင်းမှ သွေးလူးနေသော ပတ္တမြားကို အသားတုံးမှတ်၍ ရဟန်းတော် ၏ ရှေ့မှာပင် နှုတ်သီးဖြင့် ဒေါက်ခနဲကောက်၍ မြိုချလိုက်လေတော့၏၊ အဖြစ်အပျက်သည် မြန်ဆန်လွန်း၍ ရဟန်းတော်သည်လည်း တားချိန်ပင် မရလိုက်တော့။

ကျောက်သွေးသမားသည် လက်ဆေးပြီး ပြန်ထွက်လာသောအခါ မိမိထားသော နေရာ၌ပတ္တမြားကို မမြင် ရတော့၊ ရင်ထဲ ထိတ်ကနဲ ဖြစ်သွား၏၊ ထို့ကြောင့် ဇနီးကို မေးကြည့်၏မယူ၊ သားသမီးများကို မေး ကြည့်ပြန် ၏ သူတို့ကလည် မယူပါတဲ့။ ဒါဆို ရဟန်းပဲဖြစ်ရမယ်၊ဇနီးက ရဟန်းတော်ယူတာ မဖြစ်နိုင်ဘူး၊ ဘာဖြစ် လို့လဲဆိုတော့ ကျမတို့အိမ် ဆွမ်းခံကြွလာတာ ဆယ့်နှစ်နှစ်ရှိပြီ၊ အပြစ်အနာအဆာဆိုလို့ မှဲ့တစ် ပြောက် စာတောင် မတွေ့ဘူးဘူးလေ၊ ရဟန်းတော်ရဲ့ အတိတ်သမိုင်းကြောင်းဟာ သန့်တယ် ဖြူတယ် ရိုးသား တယ်၊ ရဟန်းမပီသတဲ့အပြောအဆို အနေအထိုင် ယနေ့ထိ ဘာတစ်ခုမှ မမြင် မကြားရသေးဘူး၊ စင်း လုံး ချော ဖြူစင်သန့်ရှင်းသော ရဟန်းတော်ဖြစ်တယ်။ ဒါကြောင့် တစ်ခြား အကြောင်း တစ်ခုခုပဲ ရှာဖွေ ရ မယ်၊ ရဟန်းတော်ကိုတော့ လုံးဝ မစွပ်စွဲပါနဲ့….....။ သို့သော် ဘုရင့်ပတ္တမြားပျောက်၍   ကြောက်စိတ်နှင့် အတူ ဒေါသထွက်နေ သော ကျောက်သွေးသမားသည်ကား….၊

ဘာပြောတယ်. ကိုယ်တော် မယူဘူး ဟုတ်လား၊ ကိုယ်တော်မယူ ဘယ်သူယူမလဲ၊ပြောစမ်း ပါအုံး၊ ဒီအိမ်မှာ ငါရယ် ဇနီးရယ် သားရယ် ဒါပဲရှိတယ်၊ သူတို့ကတော့ သေချာပေါက် မယူဘူး၊ အဖြေက ရှင်းရှင်းလေးပဲ သူတို့ မယူရင် တစိမ်းဆို ကိုယ်တော်ပဲ ရှိတယ်၊ ကိုယ်တော်မယူ တစ်ခြားဘယ်သူ ယူမလဲ ပြောစမ်းပါအုံး၊ မှန်မှန်ပြောနော်၊ကိုယ်တော်ကို သနားလို့ ပါးစပ်နဲ့ စစ်မေးနေတာ၊ ကြာရင် လက်ပါ ပါလာမယ်၊ ကြားရဲ့လား ပြောနေတာ..။
( ယခင်က အရှင်ဘုရားဟုလည်းကောင်း တပည့်တော်ဟုလည်ကောင်း သုံးနေသော နှုတ်ခမ်းလွှာသည် ယခုတော့ ကိုယ်တော်ဟူသော အသုံး၊ ငါဟူသော အနှုံးတို့ကို တွင်တွင်ကြီးသုံးလျှက် ယခင်က လက်အုပ် ချီခဲ့ သော လက်ချောင်းလေးများသည် ယခုတော့ လက်ညှိုးငေါက်ငေါက်ထိုးလျှက်… အော် အပြာင်းအလွဲ ဖြစ်တတ်သော ပုထုဇဉ်၏ သဒ္ဓါတရားပါ တကား)။ ဘုန်းဘုန်း အမှန်တကယ်ပင် မယူပါဘူး ဒကာရယ်၊

ရဟန်းတော်က အမှန်ပင်မယူ၍ မယူပါလို့ ပြောနေပါလျှက် ကျောက်သွေးသမားက မယုံနိုင်ပဲ ဖြစ်နေ၏၊ ဇနီးကို တိုင်ပင်ပြန်၏၊ သူခိုးကတော့ ခိုးတယ်လို့ လွယ်လွယ်နဲ့ ၀န်ခံမှာမဟုတ် ဘူး၊ဒါကြောင့် အကြမ်း နည်း နှင့် စစ်မေးမှ ဖြစ်တော့မယ်၊ ဇနီးသည်သည် စိတ်ကောင်းရှိသူ ဖြစ်၏၊ ငါမယူ သူပဲဟူသော ရိုးစင်း လွန်း သော အယူအဆ ကောက်ချက်သည် တစ်ထစ်ချ မှန်ကန်သည်ဟု ကောက်ချက်ချရန် မဖြစ်နိုင်ပေ၊ငါ . သူမှ တစ်ပါး အခြားတတိယသည်လည်း ရှိနိုင်သေးသည်၊ ဒါကြောင့် ရဟန်းတော်က အမှန်ပင် မယူ၍ မယူဟု ပြောတာ ဖြစ်နိုင်ပါတယ်၊ အပြစ်မဲ့သူကို အကြမ်းဖက်နည်းသုံးပြီး မနှိပ်စက်မစွပ်စွဲပါနဲ့၊ အပြစ်မဲ့သူကို နှိပ်စက် ခြင်းသည် မိမိကိုယ်ကို နှိပ်စက်ရာ ရောက်ပါသည်၊ ကျမတို့ မိသားစု ဘုရင့်ဘဏ္ဍာ မလျှော်နိုင်၍ ကျွန်အဖြစ် ခံယူချင်ခံယူပါရစေ၊ ရဟန်းတော်ကိုတော့ အကြမ်းဖက်နည်းသုံး၍ မစစ်ရန်အတွက်  စိတ်ထားဖြူစင် နူးညံ့ သော အပြစ်မရှိသူကို အပြစ်မရှာ တတ်သော ဇနီးသည်က တောင်းပန်ရှာပါ၏၊ သို့သော်….

ဘာပြောတယ်၊ ကိုယ်တော် မယူဘူး ဟုတ်လား ၊ ဒါဆိုလည်း ယူတယ်လို့ ၀န်ခံတဲ့နည်းကြမ်းကို သုံးရတော့ မှာပေါ့၊ ကျောက်သွေးသမားသည် အပြစ်မဲ့သော ကိုယ်ကျင့်ဖြူသော တရားပြည့်ဝသော သူတော်စင် ရဟန်း တော်၏ဦးခေါင်းကို ကြိုးဖြင့် တင်းကျပ်နေအော် ချည်နှောင်လေတော့၏၊ ထို့နောက်တော့ စစ်မေး လိုက် မာ ကြောသော ဒုတ်ဖြင့်ရိုက်လိုက်....... ဤသို့ဖြင့် ရဟန်းတော်၏ ဦးခေါင်း နားရွက် နှာခေါင်းတို့မှ အနီရောင် သွေးများကား ဖြာကနဲ ဖြာကနဲ.........၊

ရိုက်ချက်ပျင်းလွန်း၍မျက်လုံးများလည်း ပေါက်ကွဲထွက်မတတ်ခံစားနေရပြီး၊ ယခင်က နေရာအခင်း လေးပေါ် သီတင်းသုံးနေသော ရဟန်းတော်လေးသည် ယခုတော့ မြေပြင်မှာ ပြားပြားဝပ်လျှက်    ရိုက် ချက် ကြောင့်   ဖြစ်ပေါ်လာသော ဝေဒနာဒဏ်ကို ခါးသီးစွာခံစားရင်း သတိမေ့မသွားအောင်ပင် အထူးသတိ ထားနေရ ၏၊ ကျောက်သွေးသမား၏ အိမ်လေးသည် ယခုတော့ နွားသတ်ရုံကဲ့သို ဖြစ်နေချေပြီ၊ ရဟန်းတော်၏ ဦး - ခေါင်း နှာခေါင်း နားတို့မှ ယိုစီးကျလာသော သွေးအိုင်များ သွေးအနံ့များသည်ကား မြင်၍မကောင်း နံ၍မကောင်း  အောင်ပင် ဖြစ်နေပေပြီ၊

သားစိမ်းငါးစိမ်း ဖားစိမ်းကို ကြိုက်တတ်သော အိမ်အလှမွေး ကြိုးကြာငှက်လေးသည်သွေးနံသင်းသင်းရ၍ အပြေးအလွှားရောက်လာကာ ရဟန်းတော်၏ကိုယ်မှ ယိုစိမ်းစီးကျလာသော သွေးများကိုအငမ်းမ ရ မြိန် မြိန် ယှက်ယှက် သောက်နေတော့၏၊လူစိတ်မရှိ ဒေါသကြောင့် ဘီးလူးစိတ်ဝင်နေသော ကျောက်သွေး သမား ၏ဒေါသသည် ရဟန်းမှတစ်ဆင့်ကြိုးကြာငှက်ဆီသို့ ကူးသွားချေပြီ။   ထို့ကြောင့်  မိမိမြတ်မြတ်နိုးနိုး  မွေး မြူ
ထားသော ကြိုးကြာငှက်ကို ချေထောက်ဖြင့် ခပ်ပြင်းပြင်း ကန်ထည့်လိုက်ရာ တစ်ချက် တည်းဖြင့် ကြိုး ကြာငှက်သည်လည်း အသက်ထွက်သွားတော့၏၊

ကြိုးကြာငှက်၏်သွေးသောက်ဟန် ကျောက်သွေးသမား၏ ဒေါသဖြင့်ကန်ကျောက်ဟန် ကြိုးကြာငှက် တုန်း ခနဲပက်လက်လန် လဲကျသွားဟန်တို့ကို ရဟန်းတော်၏ မျက်ဝန်း၌ မှုံဝါးဝါး မြင်တွေ့လိုက်ရ၏၊ ထို့ကြောင့် ရ ဟန်းတော်က ဒကာတော် ဦးခေါင်း၌ ချည်နှောင်တုပ်ဖွဲ့ ရစ်ပတ်ထားသော ကြိုးကို လျှော့ပြီး ကြိုးကြာငှက် “ သေ - မသေ ”သေသေချာချာ ကြည့်လိုက်ပါဦးဟု  လေသံခပ်ဖျော့ဖျော့ဖြင့် ပြောလိုက်၏။ ထိုအ ခါ ကျောက် သွေးသမား ပြောကြား လိုက်သည်က “ ကြိုးကြာသေသလို ကိုယ်တော်လည်း သေရလိမ့်မယ်” တဲ့..။

ရဟန်းတော် သိလိုက်ပြီးဖြစ်၏၊ ကြိုးကြာငှက်သည် သေသွားလေပြီ၊ သေသွားပြီဆိုလျှင် “ပတ္တမြားကို ကြိုး ကြာ မျိုသည်” ဟု အမှန်အတိုင်းပြောလိုက်လဲ သေပြီးဖြစ်၍ မိမိမှာ အပြစ်မရှိတော့၊ အခြေအနေနှင့် အချိန် အခါအရ ယခုချိန် ဖွင့်ပြောလိုက်ခြင်းအားဖြင့် မိမိလည်းပတ္တမြားသူခိုးဟု မတရား စွပ်စွဲခံရခြင်းဘေးမှ လွတ် မြောက်မည်၊ သူတို့လည်းပဲ ပတ္တမြားကို ပြန်ရ၍ မင်းပြစ်မင်းဒဏ်မှ လွတ်ကင်းလိမ့်မည်ဟု စဉ်းစား လိုက်၏၊

ထို့ကြောင့် ရဟန်းတော်က ဒကာအား လေသံပျော့ပျော့လေးဖြင့် ပြောကြားလိုက်၏၊ “ ပတ္တမြား ကြိုးကြာမျို သည်”ဟု။ ရဟန်းတော် ပြောလိုက်သောအသံမှာ တိုးတိုးလေးပင်ဖြစ်၏၊သို့သော် ရဟန်းတော်ထံမှ ထင်မှတ် မထား သောစကား ကြားလိုက်ရသောအခါ ကျောက်သွေးသမားသည် အင်အားပြင်းထန်သော မိုးကြိုးသံကို ကြားလိုက်ရသကဲ့သို့ နားထဲမှတဆင့် နှလုံးသားထိအောင်  ကျယ်လောင်စွာ မြည်းဟည်းသွားတော့၏၊......
“ ပတ္တမြား ကြိုးကြာ မျိုသည်… ပတ္တမြား ကြိုးကြာ မျိုသည် …. ပတ္တမြား ကြိုးကြာ မျိုသည် … တဲ့။

                                                                                  ဆက်ရန် . ကောင်းသစ်..




Wednesday, July 20, 2011

တွေးမိသမျှ

                              
အမြင်မှန် ရဖို့အတွက်
အမှန်မြင်ဖို့ လိုတယ်။

ကြင်နာမှုသာ ရှိနေကြရင်
နာကျင်မှုဆိုတာ ရှိလာမည် မဟုတ်။

အပိုတွေ လုပ်နေရင်
အလုပ်တွေ ပိုလာမယ်။

အသိလိုက်သူ ဖြစ်မှ
အလိုက်သိသူ ဖြစ်မယ်။

အပြောကောင်း ချင်
အကောင်း ပြောပါ။

အဟော ကောင်းချင်လျှင်
အကောင်း ဟောပါ။

စိတ်ထား ကောင်းတယ်ဆိုတာ
စိတ်ကောင်း ထားတာပါ။

အကောင်းကျင့် သူသည်
အကျင့်ကောင်းသူ ဖြစ်၏။

                                   ကောင်းသစ်..

ပန်းဥယျာဉ်




















Monday, July 18, 2011

နိုင်ငံတော်သစ်ဆီ သို့

  ပြည်သူ့အတွက်
  အခု ချက်ချင်း
  အသက်ပါအပ်နှင်းရ မလား
  တွေဝေမှု မထား
  မြင့်မြတ်သူတို့ စိတ်ထား၊

                                 ပြည်သူ့ကောင်းကျိုး
                                 အစဉ်တိုးစေဘို့
                                 ဘယ်နေရာမျိုး နေနေ
                                 ဘယ်လုပ်ငန်းတွေ လုပ်လုပ်
                                 ဘယ်တော့မှ နောက်မဆုတ်
                                 မြင့်မြတ်သူတို့ ပြယုဂ်
လူထုအတွက်
နိုင်ငံအတွက်
အနစ်နာခံ ရှေ့ကထွက်
မာန်များနှင့် မဖက်
စံစားခွင့် မမက်..
နောက်ဆုံးက ရပ်တည်လျှက်
မြင့်မြတ်သူတို့ ဦးတည်ချက်၊

                              စည်းလုံးမှုသည် အင်အား
                              ညီညွတ်မှုသည် အင်အား
                              သဘောထားချင်း တူညီ
                              အချင်းချင်း ရိုင်းပင်းကူညီ
                              သွေးစည်းလို့ သွေမဖီ
                              ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့…။

                                                              ကောင်းသစ်

Friday, July 15, 2011

အလင်း စ.သောနေ့ . ၃

မိမိဘုရားဖြစ်ရန် ကမ္မဋ္ဌာန်းအလုပ် အားထုတ်စဉ်က ၀တ်ကြီးဝတ်ငယ်ပြု၍ စောင့်ရှောက်ကူညီဘူးသော ပဉ္စ ၀ဂ္ဂီ ငါးဦးတို့အား သတိရလေ၏၊ ပဉ္စ၀ဂ္ဂီငါးပါးဦးတို့သည် မိမိအား ကျေးဇူးများ၏၊ကျေးဇူးဆပ်သောအားဖြင့် သူတို့ကို ဟောရမူကောင်းလေစွဟု အကြံဖြစ်လေ၏၊

ထို့နောက် ပဉ္စ၀ဂ္ဂီငါးဦးတို့နေရာကို ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့်တော်မူသောအခါ ကာသိတိုင်း ဗာရာဏ သီပြည် ဣသိပတန မိဂဒါဝုန်တော၌ နေသည်ကိုမြင်တော်မူရ၍ အမတတရား ဟောကြားဖို့ရန်အတွက် ဥရုဝေလတောမှ ယင်းအရပ်သို့ ချေလျှင်ခရီးဖြင့် ကြွချီတော်မူ၏၊(ကောင်းကင်ခရီးဖြင့် ကြွချီနိုင်သော်လည်း ဥပက၏ရှေ့ရေးအတွက်ငဲ့တော်မူ၍ ကိုယ်ပင်ပမ်းခံကာ ချေလျှင်ကြွတော်မူခြင်းဖြစ်၏။ဘုရားရှင်၏ သနားငဲ့ ညှာ တတ်သော မဟာကရုဏာကို အာရုံပြု ကြည်ညိုနိုင်ကြပါစေ.)။

မိဂဒါဝုန်သို့အကြွ ဂယာနှင့်ဗောဓိပင်အကြား ရှင်တော်မြတ်ဘုရားသည် ဥပကတက္ကဒွန်းနှင့်တွေ့လေ၏ ဥပကသည် ရှင်တော်မြတ်ဘုရား၏ ကြည်လင်သောဣနြေ္ဒ ဖြူစင်သော အဆင်းတော်ကို မြင်ရသောအခါ ထူးခြားမှုကို သတိပြုမိ၍ “ ငါ့ရှင် သင်ဟာ ဘယ်သူ့ကို အာရုံပြု၍့ ရဟန်းပြုပါသလဲ၊ သင်၏ ဆရာကား ဘယ် သူ ပါလဲ၊ဘယ်သူ့တရားကို နှစ်သက်သဘောကြပါသလဲ ” ဟု မေးခွန်းသုံးခု ဆက်တိုက်မေးလေတော့၏၊

ရှင်တော်မြတ်ဘုရားက “ ဥပက ငါ့မှာ ဆရာမရှိ၊ ငါနှင့်သီလ သမာဓိ ပညာ တူသူလည်းမရှိ၊ လောက၌ ငါနှင့်ပြိုင်ဘက်သည် မရှိချေ ၊ ငါသည် ရဟန္တာဖြစ်၏၊ အတုမရှိသူဖြစ်၏၊နတ်လူတို့၏ ဆရာဖြစ်၏၊ သစ္စာ တရား အမတတရားကို ကိုတိုင် ကိုယ်ပိုင် ထိုးထွင်းသိသူအစစ် ဘုရားဖြစ်၏၊ ကိလေသာမီးတောက်မီးလျှံများ အပြီးသတ်ငြှိမ်းသတ်ပြီးသူဖြစ်၍ငြိမ်းအေးလှပါ၏၊ တရားဓမ္မစက်လောကဓါတ်တစ်ခွင်ကို အလင်းရောင်ဖြန့်
ကျက် ဖို့ ကာသိတိုင်း ဗာရဏသီပြည်သို့ သွားပေအံ့၊အကန်းသဖွယ်ဖြစ်သော လောက၌ တရားတည်း ဟူသော အမြိုက်စည်ကြီးကိုစတင်၍ တီးခပ်ပေတော့အံ့ ” ဟု မိန့်မြွက်တော်မူလိုက်၏။

ထိုအခါ ဥပက.က ငါ့ရှင် ပြောသည့်အတိုင်း ဟုတ်နိုင်ပါ့မလားဟု အတွန့်တက်မေးမြန်းပြန်သောအခါ အာသဝေါလေးပါး ကုန်းခမ်းပြီးသော ငါကဲ့သို့သော သူသည် “ ဇိန - အောင်နိုင်ပြီးသူ အစစ် ” အမှန် ပင်ဖြစ်၏ဟု ဖြေကြားတော်မူလိုက်သောအခါ လက်ခံနိုင်သော ဣနြေ္ဒ အရေအဆင်း ဖြေကြားခြင်း၌ရဲရင့်ခြင်း
ကို မြင်ရ၍ “ အင်း ငါရှင့်ပြောသည့်အတိုင်း ဟုတ်နိုင်ပါ၏ ” ဟု လက်ခံနိုင်သည့်စကား ပြောကြား၍ ဦးခေါင်းငြိမ့်လျှက် လမ်းဖယ်ကာ သူ့ခရီးသူ ဆက်၍ သွားလေတော့၏၊ (ဤအချိန်၌ ဥပကသည် ပါရမီမရင့် သန်သေး၍ တရားကျင့်ရန် စိတ်မသန်သေးပေ၊သို့သော် နောင်သောအခါ ဘုရားရှင်ထံ ချဉ်းကပ် တရားမြတ် နာ ကျင့်သုံးပါ၍ ရဟန္တာဖြစ်တော်မူပါ၏၊ ဤသို့ဖြစ်မည်ကို သိတော်မူ၍ အပင်ပမ်းခံကာ ခြေလျှင် ကြွခြင်းဖြစ် ပါ၏။ ) ရှင်တော်မြတ်ဘုရားသည်လည်း ပဉ္စ ၀ဂ္ဂီတို့ရှိရာ မိဂဒါသို့  ဆက် လက် ၍ ကြွချီတော်မူလေ၏။

လောကလူ အများစုသည် ချို့ခြံမှ အကျင့်မြတ်၊ အံ့သြစရာမှ အဟုတ်မှတ်ကြ၏၊ မီးလွတ်စားခြင်း၊ ၀စီပိတ်ကျင့်ခြင်း၊ သက်သတ်လွတ်စားခြင်း၊ရေစိမ်ခြင်း၊ မီးလှုံ၍ ပဉ္စာတပအကျင့်ကိုကျင့်ခြင်း၊ တပ်မက်မှု ကင်းရကား အ၀တ်အစားတောင် ကပ်ငြိမှုမရှိ၍ အ၀တ်မ၀တ်တော့ခြင်း၊ စသည်ဖြင့် စတိုင်သစ် စတန့်ထွင် လမ်းစဉ်ကို အထင်ကြီးကြ၏၊ ဤသည်မှာ ပညာမပါသော ထင်ရာကို အထင်ကြီးကြခြင်းဖြစ်ပါ၏၊

ဘုရားဖြစ်ရန် ကျင့်သုံးစဉ်က အခက်ခဲဆုံး သူတကာ မကျင့်နိုင်သည့် အဆင်းရဲဆုံးလမ်းစဉ် ဒုက္ကရစရိယကို ကျင့်သုံးခဲ့၏၊ ထိုအချိန်က ဘုရားဖြစ်ခါနီးပြီး နီးပြီဟူသောမျှော်လင့်ချက်ဖြင့် ပဉ္စ၀ဂ္ဂီငါးဦးတို့က စောင့်စားနေ ခဲ့ကြ၏၊သို့သော် ဘုရားဖြစ်မလာခဲ့၊ မိမိကျင့်စဉ် မှားယွင်းနေသည်ဟု သတိ အသိနှင့်သုံးသပ်၍ ဆုံးဖြတ်ကာ
အလယ်အလတ်ကျင့်စဉ်ကို ကျင့်သုံးလျှက် ဆွမ်းခံဘုဉ်းပေးသောအခါ ဘုရားလောင်းကို အထင်သေး အမြင်သေးဖြစ်ကာ ပဉ္စ၀ဂ္ဂီငါးဦးတို့သည် စွန့်ခွါ၍ ထွက်သွားကြ၏။

ယခု ဘုရားဖြစ်၍ တရားအနှစ်ကို သူတို့အား ပေးဝေဖို့ ကြွချီလာသောအခါ “ အရှင်တို့ လာဘ်များအောင်ဖန် ဒုက္ကရစရိယအကျင့်ကို သွေလှန်၍ ကမ္မဋ္ဌာန်းမဖက် ပစ္စည်းများရန် ခရီးထွက်လာသော ရဟန်းဂေါတမကို ရှိုခိုခြင်း ခရီးဦးကြိုဆိုခြင်း သပိတ်သကန်းလှမ်းယူခြင်းစသည့် လောက၀တ် ဓမ္မ၀တ် မပြုကြစတမ်း၊ သို့သော် ထိုင်လိုက ထိုင်နိုင်စေရန်နေရာအခင်းကိုကား မိမိတို့က ခင်းထားကြမည်ဟု ” သူတို့အချင်းချင်း ကတိက၀တ် စကား  ပြောကြားထားကြ၏၊

သို့သော် တကယ်တန်း ဘုရားကြွလာသောအခါ အပြောတစ်ခြား အလုပ်တစ်ခြားဖြစ်ကုန်တော့၏၊ တစ်ဦးက ဘုရားရှင်ထံတော်မှ သပိတ်သင်္ကန်းကို လှမ်းယူ၏၊တစ်ဦးက နေရာခင်း၏၊ တစ်ဦးက ခြေဆေးရေခပ်၏၊ တစ်ဦးက ချေးဆေးအင်းပျဉ်ချပေး၏၊တစ်ဦးကချေပွတ်အိုးချမ်းကို အနီး၌ချထားပေး၏၊ ရှင်တော်မြတ်ဘုရား သည် အခင်း၌ထိုင်လျှက်ပင် ခြေဆေးတော်မူ၏၊ ပဉ္စ၀ဂ္ဂီတို့သည် ဘုရားဖြစ်မှန်း မသိသေးရကား “ ဂေါ တမ ဟု အမည်ခေါ်၍လည်းကောင်းငါ့ရှင်ဟူသောအသုံးအနှုံးဖြင့် လည်းကောင်း ပြောဆို ဆက်ဆံ နေကြသေး၏၊ ထိုအခါဘုရားရှင်က သူတို့ကို ယင်းကဲ့သို့ ပြောဆိုဆက်ဆံခြင်းမပြုကြရန်နှင့် မိမိသည် မျှော်မှန်း ထားသည့် သဗ္ဗညုတဥာဏပိုင်ရှင် ဘုရားရှင်အဖြစ်သို့ အမှန်ပင်  ရောက်ရှိပြီးဖြစ်ကြောင်း မိန့်ကြားတော်မူ၏၊ သို့သော် သူတို့သည် မယုံကြည်ကြသေးပေ၊

ဘုရားရှင်က မိမိသည် အမှန်တကယ် ဗုဒ္ဓအဖြစ်ရောက်ပြီးဖြစ်ကြောင်း၊ မိမိဟောသော အမြိုက်တရားကို နာယူဖို့ရန်နှင့် လက်တွေ့ကျင့်ကြံလျှင် မိမိကိုယ်တိုင်ပင်ထူးသော ဥာဏ်ဖြင့် သစ္စာတရား အမတရားကို ထိုးထွင်း သိမြင်ရမည်ဖြစ်ကြောင်း စိတ်ရှည်စွာ ရှင်းပြတော်မူ၏၊ မိမိ ဒုက္ကရစရိယအကျင့်ကို ကျင့်စဉ် သင်တို့ ကို ငါဘုရားဖြစ်ပြီးလို့ ပြောလျှင် သင်တို့ ယုံကြည်ပေလိမ့်မည်၊ သို့သော်ဘုရား မဖြစ်သေး၍ ဘုရားဟု ငါဝန် မခံခဲ့ပေ၊ ယခုသော်ကား အမှန်ပင် ဘုရားဖြစ်၍ ဘုရားဖြစ်ကြောင်း ၀န်ခံခြင်းဖြစ်၏ဟု ရှင်းပြရ၏၊ ထိုသို့ စိတ်ရှည်စွာဖြင့် ရှင်းပြသောအခါမှ သူတို့စဉ်းစားရင်း စဉ်းစားရင်းဖြင့် အမြင်ရှင်းလာတော့၏၊

ထိုအခါ တရားတော်ကို နာယူရန် စိတ်ညွတ်ကြတော့၏၊ တရားနာယူလိုစိတ်ဖြစ်သောအခါမှ ရှင်တော်မြတ် ဘုရားသည် “ ရှောင်ကြဉ်ဖွယ် အစွန်းနှစ်ပါး၊ ကျင့်သုံးဖွယ် အလယ်အလယ်ကျင့်စဉ် ရှစ်ပါး၊ သစ္စာလေးပါး ၊ အပြန်သုံးပါး(ဥာဏ်သုံးပါး)၊အခြင်းအရာတစ်ဆယ့်နှစ်ပါးပါဝင်သော ” ဓမ္မစက္က - ဓမ္မစကြာ ဒေသနာ တော်ကို ပဉ္စ၀ဂ္ဂီ ငါးဦးတို့အား စတင်၍ ဟောကြားတော်မူ၏၊ ပဉ္စ၀ဂ္ဂီငါးဦး အား  ဟောကြားသည် ဟုဆိုရသော်လည်း လူများမမြင်နိုင်သည့် မမြင်ရသည့် စကြာ ၀ဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းသည်ကား တစ်ဆယ့် ရှစ်ကုဋေခန့်ရှိပေ၏။

အချိန်အားဖြင့် နေ၀င်၍ မှောင်ရည်ပျိုးစအချိန်ဖြစ်သော်လည်း ထွက်သစ်စလရောင်ကြောင့် အလင်းဖျ ဖျလေးက ဣသိပတန မိဂဒါဝုန်တောရပ်နှင့်တကွ လောကဓာတ် တစ်ခုလုံးကို အေးချမ်းစေပါ၏၊
ထို့ထက် အေးချမ်းစေသည်ကား ရှင်တော်ဘုရားတည်းဟူသော လမင်းမှ ထွက်ပေါ်( ဟောဖေါ် ) အပ်သော အလင်းစ ၀င်းပပ တရားရောင်ခြည်ပင် ဖြစ်ပေတော့၏။ အမှောင်လွှမ်းမိုးနေသော လောကဓာတ်ကိုအလင်း စသောနေ့၊ ကိလေသာ အပူဓာတ်ကြောင့် အပူဟပ်ခံနေရသော သတ္တလောကကို အမြိုက်ရေစင် ဖျန်း၍   အေးချမ်းစေသောနေ့၊ အစမရှိ အဆုံးမသိနိုင်သော သံသရာရေပြင်မှ ဓမ္မလှေယာဉ်ဖြင့် ကယ်တင်၍ နိဗ္ဗာန် သို့ စတင်ပို့ဆောင်သောနေ့၊ “ ငါနှင့်အတူ များဗိုလ်လူကို နိဗ္ဗူသောင်ကမ်း အတူလှမ်းစေအံ့ ” ဟု ဒီပင်္ကရာ တရားမင်း ဘုရားရှင်၏ခြေတော်ရင်း၌ ၀ပ်စင်း၍ကြုံးဝါးခဲ့သော စိတ်အကြံ အဓိဋ္ဌာန်ကို စတင်၍ အကောင် အထည် ဖေါ်သော နေ့၊ ထို့နေ့သည် ၀ါဆိုလပြည့်နေ့ ဖြစ်ပါပေတော့၏။

ဘုရားဖြစ်ခါ မိဂဒါသို့ စကြာရွှေဖွား ဖြန့်ချီသွား၍ ငါးပါးဝဂ္ဂီ စုံအညီနှင့် မဟီတစ်သောင်း တိုက်အပေါင်းမှ ခညောင်းကပ်လာ နတ်ဗြဟ္မာအား ၀ါဆိုလပြည့် စနေနေ့ဝယ် ကြွေ့ကြွေ့လျှံတက် ဓမ္မစက်ကို မိန့်မြွက်   ထွေပြား   ဟောဖေါ်ကြားသည် တရားနတ်စည် ရွမ်းတယ်ကို….။
                                                   
                                                        ပြီးပါပြီး . ကောင်းသစ်




                                                               




Thursday, July 14, 2011

အလင်း စ.သောနေ့ . ၂

ရှင်တော်မြတ်ဘုရားသည် လင်းလွန်းပင်ရင်းမှ တဖန် အဇပါလ ညောင်ပင်ရင်းသို့ပြန်ကြွတော်မူ၏၊ တစ်ပါး တည်း ကိန်းအောင်းနေသော ရှင်တော်မြတ်ဘုရားအား “ မိမိသည် ခဲယဉ်းသဖြင့် သိထားအပ်သော သစ္စာ တရားဝိမုတ္တိတရား အမတတရားသည်ကား သိမ်မွေ့၏၊နက်နဲ၏၊ ခက်ခဲ၏၊မြင်နိုင်ခဲ၏၊ ပညာရှိတို့၏အရာသာ
ဖြစ်၏၊ အတွေးအခေါ်သမားတို့အရာမဟုတ်၊လောကီသားတို့သည်ကား ပုထုဇဉ်ပီပီလောကီသုခကာမသုခ၌
အပျော်ကြီးပျော်နေကြသူများ ဖြစ်ကြ၏၊လောဘနှင့်ပျော်ခြင်းသည်သံသရာအစုံလမ်းကို မျှောလိုက်နေခြင်း
ဖြစ်၏း၊သံသရာအစုံလမ်းကို မျှောလိုက်နေသူများသည် အားစိုက်ရသော သံသရာ အဆန်လမ်းကို စိတ်ဝင် စားကြမည် မဟုတ်ချေ။

မိမိ တရားဟောသော်လည်း သူတို့ သိနိုင်ကြမည်မဟုတ်၊ မသိနိုင်လျှင် တရား ဟောရကျိုး နပ်မည်မဟုတ်၊ ပင်ပမ်းရုံသာ ရှိပေလိမ့်မည်၊ ဤသို့ အကြံဖြစ်တော် မူ၍ တရားဟောမှု၌စိတ်မညွတ်ပဲ နေတော်မူ၏၊ထိုအခါ သဟမ္ပတိဗြဟ္မာကြီးသည် ဘုရားရှင်၏ စိတ်အကြံကို သိရှိရကားလောကကြီးပျက်စီးပေတော့မည်၊ လောက၌ မမှန်သော အယူအဆများလည်း ထွန်းကားလျှက်ရှိ၏၊ ယင်းအယူတို့သည် စေတနာကောင်းဖြင့် ညွှန်ပြပါ သည်ဆိုသော်လည်းပဲလမ်းမှန်များမဟုတ်ကြ၊ဘ၀လွတ်မြောက်ကြောင်းမဟုတ်ကြ၊တစ်ချို့အယူအဆများ
သည် မလွတ်မြောက်သည့်အပြင် အပါယ်ဆင်းရဲသို့ ရောက်ကြောင်း လမ်းစဉ်များပင် ဖြစ်နေပေ၏။

လောက၌ ကိလေသာနည်းသော ပညာမျက်လုံးအားကောင်းသူများလည်းရှိပါ၏၊ ထိုသူတို့သည် လမ်းစတွေ့ လျှင် လမ်းမှန်ကို လျှောက်မည့်သူများ ဖြစ်ကြ၏၊ နေနှင့်တွေ့လျှင် ပွင့်လန်းကြမည့် ပဒုမ္မာကြာများ ၊ လရောင် နှင့်တွေ့လျှင်ပွင့်လမ်းကြမည့် ကုမုဒြာကြာများနှင့် အလားတူသော တရားရောင်ခြည်နှင့်ထိတွေ့ခွင့်ရလျှင် မဂ်ပန်း ဖိုပန်း ပွင့်လမ်းကြလျှက် ကျွတ်တမ်းဝင်မည့် သူတော်စင်များ ဤလောက၌ အများအပြားပင် ရှိနေပါ၏၊ထိုသူတို့သည် တရားနာခွင့်မှ ဆုံးရှုံးလျှင် မဂ်ဖိုလ်မှ ဆုံးရှုံးကြပေတော့မည်၊ ထိုသို့ဖြစ်လျှင် ထိုသူ တို့သည်အဆုံးမထင်သော သံသရာရင်ပြင်ကို ဆက်လျှောက်နေကြရပေအုံးမည်။

သူတို့ရထိုက်သည့်အခွင့်အရေးဆုံးရှုံးမည့်ဘေးမှ လွတ်ရအောင် ရှင်တော်ဘုရားအား သွားရောက်၍လျှောက် ထားမှ ဖြစ်ပေတော့မည်ဟု အကျိုးဆောင်စိတ်ဓါတ်အပြည့်အ၀ဖြင့် ဗြဟ္မပြည်မှသည် ဘုရားရှင် သီးတင်း သုံးရာ အဇပါလညောင်ပင်ရင်းသို့ ချဉ်းကပ်၍ အကြောင်းစုံ ရှင်းပြကာ တရားဟောတော်မူပါရန် သုံးကြိမ် တိုင်တိုင်ပင် လျှောက်ထားတောင်းပန်လေ၏၊

ရှင်တော်မြတ်ဘုရားသည် မိုးနတ်ဗြဟ္မာ၏ တရားဟောရန် တောင်းပန်မှုကို အသိအမှတ်ပြုပြီးလျှင် သတ္တ ၀ါတို့ အပေါ် သနားခြင်းဖြစ်ပေါ်လျှက် ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်ရှုတော်မူ၏(ဗုဒ္ဓစက္ခု ဟူသည် - သတ္တ ၀ါတို့၏ ဣနြေ္ဒအနု အရင့်ကို သိသော ဣန္ဒြိယ ပရောပရိယတ္တိဥာဏ်၊ သတ္တ၀ါတို့၏စိတ်ဓာတ်ကိန်းဝပ်ရာ အာ သယနှင့်အနုသယကိလေသာတို့ကိုသိသောအာသယာနုသယဥာဏ်တို့တည်း)

ထိုအခါ ရေ၌ထင်ထင် ကြာပန်းပင်များကဲ့သို့သော ကျွတ်ထိုက် မကျွတ်ထိုက်ဣနြေ္ဒအနုအရင့် သိလွယ်သူ ခက်ခဲသူမတူကွဲပြား ခြားနားသော သတ္တ၀ါတို့ကိုဥာဏ်တော်၌ထင် ကောင်းစွာမြင်တော်မူ၏။ထိုသို့မြင်တော် မူသောအခါ ရှင်တော်မြတ်ဘုရားသည် သဟမ္ပတိဗြဟ္မာအား“ ဗြဟ္မာ လေ့လာအပ်ပြီးသော တရားမြတ်ကို ပင်ပမ်းရုံသာ အမှတ်ရှိသည်ဖြစ်၍ လူတို့အား မဟောခဲ့ပြီ၊ (တရားမဟောရန် အကြံဖြစ်ခဲ့ပြီ)၊ ပညာတည်းဟူ 
သော နားနှင့်ပြည့်စုံသူတို့သည် ယုံကြည်ခြင်း သဒ္ဓါတရားကို စေလွှတ်ကြကုန်လော၊ ထိုသူတို့အတွက် အမြိုက်နိဗ္ဗာန်တံခါးကို ငါဘုရား ဖွင့်အပ်ပြီ ” ဟုမိန့်တော်မူလိုက်၏။

ထို့နောက် ရှင်တော်မြတ်ဘုရားသည် သိလွယ် မြင်လွယ်မည့်သူကို စဉ်းစားတော် မူသော အခါ ပထမ ဦးစားပေးအနေဖြင့် ကာလမအနွယ်ဖွား အာဠာရရသေ့ကိုဟောရန် အကြံဖြစ်တော်မူ၏ ၊ဥာဏ်တော်ဖြင့် 
ဖြန့်ကျက်၍ကြည့်တော်မူလိုက်သောအခါလွန်ခဲ့သောခုနစ်ရက်ခန့်ကကွယ်လွန်သွားကြောင်း  မြင်တော်မူရ၏

အာဠာရသေ့သည် အကယ်၍ ဘုရားရှင်၏တရားတော်ကို နားကြားခွင့်ရလိုက်သည်ရှိသော် အမှန်ပင် သစ္စာ တရားကို ထိုးထွင်းသိ၍ ဘ၀မှ လွတ်မြောက်ခွင့်ရရှိပေလိမ့်မည်၊ ယခုသော် တရားနာကြားခွင့်မှ မရရှိ လိုက်သောကြောင့် သံသရာမှာအတိုင်းအဆမသိမျောရပေလိမ့်ဦးတော့မည်။ ထိုကြောင့်ဘုရားရှင်သည် 
ရွှေနှုတ် တော်မှ ထုတ်၍ပင် “ ကာလာမအနွယ်ဖြစ်သော အာဠာရသေ့သည် အဆုံးရှုံးကြီး ဆုံးရှုံးသွားပေပြီ ” ဟု ကရုဏာစွက်၍ မြွက်တော်မူခဲ့လေသည်။

ဒုတိယဦးစားပေးအနေဖြင့် ရာမ၏သားဖြစ်သော “ ဥဒကရသေ့” ကို စဉ်းစားတော်မူပြန်၏၊ ဥဒကရသေ့သည် ကိလေသာနည်း၏၊ ပညာဥာဏ်ကြီးမား၏။ သစ္စာတရားကို သိလွယ်မြင်လွယ်ပေလိမ့်မည်ဟု စဉ်းစားမိ၍ ဥာဏ်တော်ဖြင့် ကြည့်ပြန်တော်မူသောအခါ ယမန့်နေ့ညက ကွယ်လွန်သွားကြောင်း သိရှိလိုက်၏။ ထိုအခါ ရာမ၏သားဖြစ်သော ဥဒကရသေ့သည်လည်း တရားနာယူခွင့်မရလိုက်ရကားသစ္စာတရားမကို သိခွင့်မရ လိုက်သောကြောင့် အတိုင်းအဆမရှိသော သံသရာရေယဉ်ကြော နစ်မြောရဦးမည်ဖြစ်ရကား “ ဥဒကရသေ့ ” သည်လည်း အဆုံးရှုံးခြင်းကြီး ဆုံးရှုံးရလေပြီတကား ” ဟု မိန့်မြွက်တော်မူလိုက်ပြန်၏၊

ထို့နောက်တော့ အဘယ်သူသည် သစ္စာတရား အမတတရားကို သိလွယ်မြင်လွယ်သူ ဖြစ်လိမ့်မည်နည်းဟု စဉ်းစားပြန်သောအခါ…
                                             ဆက်ရန် . ကောင်းသစ်..

Wednesday, July 13, 2011

အလင်း စ.သောနေ့ - ၁

                                              ဓမ္မစကံ္က ပ၀တ္တေတုံ ၊ ဂစ္ဆာမိ ကာသိနံ ပုရံ
                                              အန္ဓီဘူတသ္မိံ လောကသ္မိံ ၊ အာဟဉ္စံ အမတဒုန္ဒုဘိံ။

                                               တရားဓမ္မစက်   ဟောမြွက်ဘို့ရာ
                                               ကာသိ.ဗာရ     မိဂ ၀နာ
                                               ကြွချီငါလှမ်း     အကဏ်းပမာ
                                               လောကကြီး    စည်တီး မြင်စေမှာ။
                                              (ကာသိ - ကာသိတိုင်း၊ ဗာရ - ဗာရဏသီပြည်၊ 
                                              မိဂ၀နာ - မိဂဒါဝုန်တော )။

ဒီပင်္ကရာ ရှင်တော်မြတ်ဘုရား၏ ခြေတော်ရင်းမှာ ၀ပ်စင်း၍ ညွန်ဗွက်အိုင်ထက် မိမိကိုယ်ကို တံတားအသွင် ခင်းလျှက် ပါရမီကောင်းမှု စုခဲ့သည်မှစ၍ .မင်းမြတ်ဝေဿန္တရာ ဘ၀တိုင်အောင် လေးသင်္ချေနှင့်ကမ္ဘာ တစ် သိန်း တို့ကာလပါတ်လုံး “ စရိယသုံးပါး စွန့်ခြင်းကြီးငါးပါး ပါရမီဆယ်ပါး အပြားသုံးတယ်တို့ ” ဖြည့် ကျင့်တော် မူခဲ့သောကြောင့် ကဆုံလပြည့်နေ့၌ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပါ၏၊ (ထိုနေ့သည် ရှင်   တော်မြတ်ဘုရား အလင်းရသောနေ့ ဖြစ်ပါ၏)။

ရှင်တော်မြတ်ဘုရားသည် ဥရုဝေဠတော နေရဉ္ဇရာမြစ်ကမ်းအနီး ဗောဓိပင်ရင်း၌ “ ၀ိမုတ္တိသုခ - အရဟတ္တ ဖိုလ်ချမ်းသာ ” ကို ခုနစ်ရက်ပါတ်လုံး ခံစားလျှက် နေ တော်မူပါ၏။ ထို့နောက် “ ပဋိစ္စ သမုပ္ပါဒ် ” ကို အနု လုံ  ပဋိလုံ . အဖြစ် အပျက်အားဖြင့် နှလုံးသွင်းတော်မူပြန်၏။ 
ခုနစ်ရက်ပြည့်သောအခါ အဇပါလညောင်ပင်ရင်းသို့ ရွှေ့ပြောင်းလျှက် သီတင်းသုံးတော်မူ၏၊ ထိုအခါ ဟုံဟုံ က ပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျှက် ၀မ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောကြားပြီး  - “အသျှင်ဂေါတမအဘယ်မျှသောအတိုင်းအရှည်ဖြင့်ဗြဟ္မဏမည်ပါသနည်း၊ဗြဟ္မဏအဖြစ်ကို ပြုတတ်သော
တရားတို့ကား အဘယ်တို့ပါနည်း ” ဟု ဗြဟ္မဏဖြစ်ရန် ကျင့်စဉ်ကို မေးလျှောက်လေ၏၊

“ ရဟန္တာအရှင်မြတ်သည် မကောင်းမှုကို အပပြုပြီးဖြစ်၏၊ ဘယ်သောအခါမှ ဘယ်အကြောင်းကြောင့်မှ မကောင်းမှုကို လုံးဝမပြုတော့၊ တဟုံဟုံ မာန်မူခြင်းကို မပြုတတ်၊ ကိလေသာကုန်စင်ပြီးသူဖြစ်၏၊ ဘာဝနာ စီးဖြန်းအားထုတ်သောစိတ်ရှိ၏၊မဂ်ဥာဏ်တို့၏အဆုံး အရဟတ္တဖိုလ်သို့ရောက်ရှိသူဖြစ်၏ ၊မြတ်သော အကျင့် ကိုကျင့်သုံးပြီးသူဖြစ်၏၊ နောက်ထပ်ကျင့်စရာမရှိတော့၊ထို့ကြောင့် ရဟန္တာအရှင်မြတ်သည် “ ဗြဟ္မဏအစစ် ” အမှန်ဖြစ်၏ဟုရှင်တော်မြတ်ဘုရားသည် ဥဒါန်း ကျူးရင့်သောအားဖြင့် ဟုံဟုံကပုဏ္ဏားကို အဖြေ ပေးတော် မူလိုက်၏၊(ဟုံဟုံက ပုဏ္ဏားသည် ဘုရားရှင်ကို ဦးဆုံးမြင်ရသူဖြစ်လျှက် တရားမမြင် သူ ဖြစ်ခဲ့၏)။

ထိုမှနောက် ကျည်းပင်ရင်း၌ ခုနစ်ရက်ပတ်လုံး ၀ိမုတ္တိသုခကို ခံစားတော်မူပြန်၏၊ ထိုအချိန် အခါမဲ့မိုးကြီး သည်းထန်စွာရွာသွန်းသဖြင့် မုစလိန္ဒနဂါးမင်းသည် မိမိဗိမာန်မှထွက်လျှက် ရှင်တော်မြတ်ဘုရားအား လေ ဒဏ် မိုးဒဏ် သဘာဝဘေး အန္တရာယ်နှင့်တကွ မှက်ခြင်ယင်မြွေကင်းဘေးတို့မှ အကာကွယ်ပေးသောအား   ဖြင့်မိမိအခွေတို့ဖြင့်ရစ်ပါတ်၍ ဦးခေါင်းတော်ကို ပါးပျဉ်းမိုးထားလျှက် ခုနစ်ရက်ပတ်လုံး စောင့်ရှောက် ပေး -
လေတော့၏။

ထိုမှနောက် လင်းလွန်းပင်ရင်းသို့ ပြောင်းရွှေ့လျှက် ၀ိမုတ္တိသုခကို ခံစားတော်မူပြန်၏၊ ထိုအချိန် (အတိတ် ဘ၀က ဆွေမျိုးဖြစ်ခဲ့သော ဘုမ္မစိုးနတ်၏ လမ်းညွှန်ချက်အရ)ဥက္ကလာဇနပုဒ်မှ ကုန်သည်ညီနောင်တို့သည် ဘုရားရှင်ထံ ချဉ်းကပ်လျှက် အသင့်ပါလာသော “မုန့်ကြွက်ကျစ်နှင့်ပျားဆုပ်မုန့်တို့ကို ဆက်ကက် လှူဒါန်းလေ ၏။ထိုအခါ ရှင်တော်မြတ်ဘုရားသည် နတ်မင်းကြီးလေးယောက်တို့ လှူဒါန်းအပ်သော အညိုရောင် ကျောက် သပိတ်ဖြင့် တပုဿနှင့်ဘလ္လိကတို့လှူဒါန်းသော မုန့်ဆွမ်းတို့ကို အလှူခံတော်မူ၍  ဘုဉ်းပေးသုံးဆောင် တော်
မူ၏၊( နတ်မင်းကြီးလေးယောက် လှူဒါန်းသော သပိတ်လေးလုံးကို တစ်လုံးတည်းဖြစ်အောင် ဓိဋ္ဌာန်တော်မူ၏)

မုန့်ဆွမ်းဘုဉ်းပေး၍ပြီးသောအခါ ကုန်သည်ညီနောင်နှစ်ယောက်တို့သည် ရှင်တော်မြတ်ဘုရား၏ ခြေ တော်
အစုံကို ဦးခိုက်လျှက် ဦးတိုက်လျှက် မိမိတို့ကိုယနေ့မှစ၍ အသက်ထက်ဆုံး ဘုရား တရားကို ကိုးကွယ် ဆည်း ကပ်သော ဥပါသကာဟူ၍ သိမှတ်တော်မူပါဟု လျှောက်ထားကြလေ၏၊(ထိုအချိန်၌ သံဃာရတနာမပေါ်   သေးပေ၊ ထို့ကြောင့် တပုဿနှင့်ဘလ္လိကတို့သည် အစဦးဆုံး “ဒွေဝါစိက ”သရဏဂုံတည်သူများ ဖြစ်ကြ၏ ထို့ပြင် သူတို့သည် ဘုရားရှင်ကို ရှေးဦးစွာ မုန့် ဆွမ်း ဆက်ကပ်လှူဒါန်းခွင့်ရသူများလည်း ဖြစ်ကြပါ၏)။

                                                                                                             ဆက်ရန် . ကောင်းသစ်

Saturday, July 9, 2011

ဝါဆို ၀ါကပ်ခြင်း



ဗိမ္ဗိသာရမင်းသည် ဘုရားရှင်ကို ဘုရားမဖြစ်ခင်ကပင် လေးစားကြည်ညိုသူဖြစ်၏၊ ဘုရားမဖြစ်ခင် ကပိလ ၀တ် မင်းနေပြည်တော်ကို စွန့်၍ တောထွက်လာရာ ဝေဘာရတောင်ခြေ ခေတ္တနားနေခိုက် သူ့နိုင်ငံကို တစ် ၀က် ခွဲပေးမည်ဟု မင်းစည်းစိမ်ခြင့် ဖိတ်မာန်ခဲ့ဘူး၏ဘုရားအလောင်းတော်က မင်းစည်းစိမ် မမက်၍ ဘုရားဖြစ်ရန်  တောထွက်လာခဲ့သည်ဟုပြန်လည် ဖြေကြားသောအခါ ဗိမ္ဗိသာရ ဘုရင်မင်းမြတ်က “ သမ္မာ သမ္ဗုဒ္ဓ - ဘုရား ” ဖြစ်လျှင်သူ့နိုင်ငံ သူတိုင်းပြည်သို့ အရင်ဆုံးကြွရောက် ချီးမြှောက်တော်မူ ပါရန် လျှောက် ထား လိုက်၏


သူ့နိုင်ငံ သူ့တိုင်းပြည်ဟူသည် “ဝေဘာရတောင် ဝေပုလ္လတောင် ပဏ္ဍ၀တောင် ဂိဇ္ဈကူဋ တောင် ဣသိ ဂိလိ တောင် ”ဟူသော တောင်ငါးလုံး ၀န်းရံနေသည့် ရာဇဂဟခေါ် ရာဇဂြိုဟ်မည် မင်းနေပြည်ဖြစ်ပါ၏ ဘုရားရှင် သည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစားကြွေးရာဖြစ်သော ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော် မူနေခိုက်ဖြစ်၏၊ ထိုအချိန်က ရဟန်းတော်များ ၀ါဆိုရန် သတ်မှတ်ချက် ပညတ်ချက် မရှိသေးပေ။ ထို့ကြောင့် ရဟန်းတော်များသည် ဥတုသုံးလီ ဒေသစာရီ ကြွချီတော် မူကြ၏၊
မိုးရာသီ မိုးဥတုသည်  တောင်သူဦးကြီးများ ကောက်ပဲသီးနှံစုံကို အဓိကအားထား၍ စိုက်ပျိုးရာ အချိန်ဖြစ်၏၊ ရဟန်းတော်များသည် တောင်သူဦးကြီးများ၏ စိုက်ခင်းများကို ဖြတ်ကျော်၍ ခရီးသွားရ၏၊ ထိုအခါ မြက်ပင် များအပြင် သီးနှံပင်လေးများ နင်းမိ၍ ကြေမွကုန်သည်လည်း ရှိ၏။ သစ်ပင်များသည် သိတတ်သည့် နာမ် သက်မရှိသော်လည်း ရုပ်သက်ကား ရှိ၏ဟု တစ်ချို့ လူများက ထင်မြင်ယူဆကြ၏၊


ရဟန်းတော်များ ဒေသစာရီ ကြွချီသောအခါ မြက်ခင်း စိုက်ခင်းများကို ဖြတ်သမ်း၍ သွားရသည့်အခါလည်း ရှိ၏၊ ထိုအခါ လူများက ရုပ်သက်ရှိသော မြက်သစ်ပင်တို့ကို ညှဉ်းဆဲကာ ပျက်စီးခြင်းသို့ ရောက်စေသည်ဟု ထင်မြင်ယူဆလျှက် မိုးလရာသီအတွင်း ခရီးဒေသစာရီ ကြွချီမှုကို ကဲ့ရဲ့ပြစ်တင် ဝေဘန်ကြ၏၊

တစ်ခြားဘာသာ တိတ္ထိတို့သော်မှလည်း မိုးတွင်းကာလမှာ ကိုယ့်နေရာ ကိုယ့်ဒေသ၌ စွဲမြဲစွာ နေထိုင်ကြ၏၊ ငှက်များသော်မှ မိုးရာသီဆိုလျှင် သစ်ပင်ထက်မှာ အသိုက်အအုံများလုပ်၍ မိမိတို့အသိုက်မှာ အတည် တကျ နေကြသေး၏၊ သာကီဝင်မင်းသား အမည်ခံ ဘုရားသားခေါ် ရဟန်းတော်များသည် ဆောင်း နွေ မိုး ဥတု သုံးလီ ဒေသစာရီ ကြွချီနေကြ၏ - ဟု လူအများ ကဲ့ရဲ့ပြစ်တင်သော စကားကို ရဟန်းတော်များ ကြားသိ ကြ၍ မြတ်စွာဘုရားကို လျှောက်ထားကြ၏၊သို့ဖြစ်၍ ရှင်တော်မြတ်ဘုရားသည် သင့်လျှော်သည့်တရား စကား များဟာကြားပြီးနောက် မိမိတပည့်သားရဟန်းတော်များကို ၀ါဆိုဝါကပ်ဖို့ရန် အမိန့်ရှိခွင့်ပြု  တော်မူလိုက်၏။


ဝါဆိုရမည့် ရက်လတို့ကို အတိအကျ မသိကြသေး၍ မြတ်စွာဘုရားရှင်အား ရဟန်းတော်များက လျှောက် ထားရာ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့၌ ပုရိမ၀ါဆို ၀ါကပ်ကြရန်၊ထို့နေ့၌ အကြောင်း အမျိုးမျိုးကြောင့် ၀ါ မဆိုဖြစ်ခဲ့သော် ၀ါခေါင်လပြည့်ကျော် ( ၁) ရက်နေ့၌ပစ္ဆိမ၀ါဆို ၀ါကပ်ရန် မိန့်ကြားတော်မူခဲ့ပါ၏။(ပစ္ဆိမ၀ါဆို ၀ါကပ်သော ရဟန်းတော်များမှာ ကထိန်ရာသီလွန်မှ ၀ါကျွတ်ကြ၍ ကထိန်သင်္ကန်း အလှူခံခွင့်ကား မရ ရှိနိုင်တော့ပေ)။  

ဝါဆိုခြင်းဟူသည် “ ဣမသ္မိံ ၀ိဟာရေ ဣမံ တေမာသံ ၀ဿံ ဥပေမိ - မိမိ သီတင်းသုံးသော ကျောင်းတိုက် အရာမ်အတွင်း၌ ဤမိုးလရာသီ ၀ါတွင်းသုံးလပါတ်လုံး (၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှစ၍ သီတင်းကျွတ် လပြည့်နေ့ထိ ) အတည်တကျ သီတင်းသုံးနေထိုင်ပါ့မည် ” ဟု အဓိဋ္ဌာန် ဆောက်တည်ခြင်းဖြစ်၏၊

ဗုဒ္ဓဘာသာဝင်များသည် ရဟန်းတော်များ ၀ါဆိုသော ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့၌ ၀ါဆိုပန်းများ ဆက် ကပ်  လှူဒါန်းခြင်း၊ ၀ါမဆိုမီနှင့် ၀ါတွင်းကာလများ၌ ၀ါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းခြင်း လူ့ရွာနတ်ဌာန် နိဗ္ဗာန်အထိ ရောက်မည့်အကြောင်း ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြပေသည်။ ၀ါဆိုသင်္ကန်း ဆက်ကပ်
လှူဒါန်းသည့် ကုသိုလ်ကောင်းမှုကို ဒုတိယဘ၀၌ အပါယ်မလားနိုင်သောကြောင့် သောတာပန်နှင့်အလား
တူသည်ဟုပင် မိန့်ဆိုထားပါ၏

ယေသံ ပန ကုလာနံ တီဏိ သရာဏာနိ ပဉ္စ သီလာနိ ဧကံ သလာကဘတ္တံ၊ ဧကံ ပက္ခိယဘတ္တံ၊ ဧကံ ၀ဿာဝါသိကံ၊ ဧကာ ပေါက္ခရဏီ၊ ဧကော အာဝါသော၊ ဧ၀ရူပါနိ နိဗဒ္ဓပုညာနိ အတ္ထိ၊ တေသမ္ပိ ဂတိ နိဗဒ္ဓါ၊ သောတာပန္နသဒိသာနေ၀ တာနိ ကုလာနိ။

 အကြင်အမျိုးကောင်းသား သူတော်ကောင်းတို့အား သရဏဂုံသုံးပါးတည်ခြင်း၊ ငါးပါးသီလ လုံခြုံစွာ  စောင့်ထိမ်းခြင်း၊ စာရေးတံဆွမ်းလှူဒါန်ခြင်း၊၊  လဆန်းပက္ခ လဆုတ်ပက္ခ၌ ဆွမ်းလှူဒါန်းခြင်း၊  ၀ါဆို သင်္ကန်း လှူဒါန်းခြင်း၊ ရေတွင်းရေကန် လှူဒါန်းခြင်း၊  ကျောင်းအဆောက်အဦ လှူဒါန်းခြင်း - ဟူသော နိဗဒ္ဓကုသိုလ် တို့ ရှိကုန်၏။ ထိုပုဂ္ဂိုလ်တို့၏လည်း လားရာဂတိသည် မြဲ၏။ ထိုအမျိုးကောင်းသား သူတော်ကောင်း များသည် သောတာပန်နှင့်တူကုန်၏ - ဟု  အင်္ဂုတ္တိုရ်၊ န၀ကနိပါတ်၊ သဥပါဒိသေသသုတ် အဋ္ဌကထာ၌ မိန့်ဆိုထားပါ၏၊
    
                                                                                      ကောင်းသစ်

Friday, July 8, 2011

အတုန့် အလှဲ့ - ၃

လက်သမားဆရာကြီးနှင့် ၀က်ဝံတို့ အချင်းချင်း ပြောကြားနေသောစကားကို ကြို့ပင်စောင့်နတ်သည် မကြား ချင်အဆုံး ကြားနေရ၏၊ ကြို့ပင်စောင့်နတ်ဟုဆိုသော်လည်း သူသည် ပုထုဇဉ်သာ ရှိသေး၏၊  ပုထုဇဉ် ဟူ သည်  ကိလေသာ အနုသယ မကင်းသေးသောသူ ဖြစ်၏၊ထို့ကြောင့် သူ့ပေါ်မကောင်းကြံသော စကား ကြား ရသောအခါပုထုဇဉ်ပီပီ ပြန်လည်တုန့်ပြန်လိုသော အကြံ ကြံမိပြန်၏၊ဤသည်မှာ အနုသယမကင်းသေးသော ပုထုဇဉ်၏ ဗီဇဖြစ်ပါ၏

ငါဟာ သူ့အပေါ် ဘာတစ်ခုမှ မကောင်းတာ မပြော မပြုဘူးပေ ၊ အောက်ထက်ဆုံး ပြောရ မည်ဆိုလျှင် သူ့အပေါ် မကောင်းကြံတောင် မကြံမိချေ၊ လေဒဏ်ကြောင့် သစ်ကိုင်းခြောက် ကျိုးကျသည်ကိုပင် ငါချိုးချ သည်ဟု သူက မြင်နေ၏။ တရားခံဖြစ်သော လေကို မမြင်၊ အပြစ် မရှိသော တရားခံမဟုတ်သော ငါ့ကိုသာ အပြစ်မြင်၍ ငါ့ဘ၀ ငါ့ဗိမာန်ကို ပျက်စီးအောင် သူက ပင် ကြံစည်နေပြန်သေး၏၊ ကြံရုံတင်မက လက်တွေ့ပင် အကောင်အထည်ဖေါ်နေပေပြီ၊

“ ဓား ဓားချင်း ၊ လှံ လှံချင်း ” တဲ့၊ အကြံ အကြံချင်း ငါလည်း ပြန်ပြီး ယှဉ်ပြမယ်၊ ပျက်စီးရေး မကောင်းဥာဏ် မင့်မှသာ ကြံတတ်တာမဟုတ်၊ ငါလည်းပဲ အကြံထုတ်တတ်ပါတယ်၊ဤသို့တွေး၍ ကြို့ ပင်စောင့် နတ်သည် လည်း လက်တုန့်ပြန်ဘို့အရေး လုပ်ငန်း စ.လေတော့၏။

ကြို့ပင်စောင့်နတ်သည် တောသွားယောက်ျားတစ်ယောက်အသွင်ကိုယူ၍ လက်သမားအနီးသို့ သွားကာ “ အို  ယောက်ျား သင်အား မြတ်နိုးဖွယ်ကောင်းသော သစ်ကောင်းတစ်ပင်ကို ရအပ်ပေပြီ၊ ဤသစ်ပင်ကို ခုတ်၍ ဘာများလုပ်ဘို့ စိတ်ကူးရှိပါသနည်း ” ဟု မေးမြန်းလေ၏။ လက်သမားကြီးက ရထားလှည်းဘီး အကွပ် ပြုလုပ်ရန် ဖြစ်ပါသည်ဟု ပြန်ဖြေသောအခါ ဘယ်သူကများ ရထားလှည်းဘီးအကွပ်လုပ်ရန် ဤသစ် ပင်ကို ညွှန်းပါသနည်းဟု ထပ်၍မေးပြန်၏၊

ထိုအခါ လက်သမားကြီးသည် ၀က်ဝံတစ်ကောင်က ညွှန်ပြသွားကြောင်း ပြန်လည်ပြောပြသောအခါ ကြို့ ပင် စောင့်နတ်က ဆက်လက်၍ “ ၀က်ဝံပေးတဲ့အကြံ သိပ်ကောင်းပါတယ် ” ဒါပေမဲ့ဒီ ထက်ကောင်း   အောင် လုပ်ချင်တယ်ဆိုရင် ၀ံရေကိုခွါ လက်လေးသစ်လောက်ဖြတ်၊ ရထားအကွပ်မှာသံပြား ကပ်သလို ရိုက်ကပ် ထားလိုက်ပါ။ ထိုသို့ဆိုလျှင် ရထားသည်လည်း ညက်ညောသည့်အပြင် ခိုင်ခန့်မှုလည်း ရှိပါတယ်၊ ဒါ့အပြင် ၀ံရေဟာ အဆောင်ကောင်း တစ်ခု လည်းဖြစ်၍ စီးပွါးဥစ္စာ လာဘ်လာဘများလည်း တစ်နေ့ တစ်ခြား တိုပွါးလာပါလိမ့်မယ်ဟု အကြံပေးလေတော့၏၊


ထိုအခါ လက်သမားဆရာကြီးက ၀ံရေကို ဘယ်မှာ ရနိုင်ပါမလဲဟု မေးမြန်းလေတော့၏၊ ထိုအခါ အကွက် ဆင်နေသော ကြို့ပင်စောင့်နတ်က ဒီသစ်ပင်ဟာ ဘယ်ကိုမှ ထွက်မပြေးဘူး၊ ယခုလောလောဆယ် ကြို့ပင် ကို ညွှန်ပြတဲ့ဝက်ဝံဟာ ဒီနားမှာပဲ ရှိပါလိမ့်အုံးမယ်။ ၀က်ဝံကို သွားမေးလိုက်ပါ၊ အဆွေတော် ၀က်ဝံ ၊ အဆွေညွှန်ပြတဲ့ကြို့ပင်ကို ဘယ်နေရာမှာခုတ်ရပါမလဲ၊ ခုတ်ဖြတ်ရမည့်နေရာကို လာပြပါအုံးဟု ပြော လိုက် ပါ၊ ထို အခါ ၀က်ဝံက နှုတ်သီးဖြင့်တို့၍တို့၍ ဤနေရာ ဤနေရာက စ၍ ခုတ်ပါဟု ညွှန်ပြပါလိမ့်မယ်၊ ထို အခါ အသင်လက်သမားဆရာကြီးက ပုဆိန်ထက်ထက်ဖြင့် ၀က်ဝံကိုသတ်ကာ အရေကိုခွါ၍ အသားကို စား ပါလော၊ ကြို့ပင်ကိုလည်း ဖြတ်ပါလောဟု လက်တုန့်ပြန်ဘို့အရေး အကြံ ပေးပြန်၏။

ထိုအခါ လက်သမားဆရာကြီးသည် ကြို့ပင်စောင့်နတ်စကား ကြားရ၍ “ အော် အံ့ဖွယ်ရှိပေစွယနေ့ကား ငါ့အတွက် မင်္ဂလာရှိသော နေကောင်းနေ့မြတ် ရက်ကောင်းရက်မြတ်ပေတကား”ဟုဆို၍ ကြိုပင်စောင့် နတ် ပြောသည့်အတိုင်း ၀က်ဝံကိုသတ်ပြီးလျှင်  ကြို့ပင်ကိုလည်း ဖြတ်၍ သွားလေတော့၏။ထိုအချိန်မှစ၍  ၀က်ဝံနှင့် ကြို့ပင်စောင့်နတ်တို့သည် ယနေ့တိုင်အောင် ကမ္ဘာတည်သရွေ့ရန်မကျေသော ရန်မပြေသော ကမ္ဘာ့ရန်သူကြီးများ ဖြစ်သွားတော့၏၊ ဤသည်မှာ ရန်ကိုရန်ဖြင့် တုန့်ပြန်သော “အတုန့် အလှဲ့”   ဖြစ်ပါ ၏။(ထို့အပြင် မြွေနှင့်မြွေပါ - ကျီးနှင့်ခင်ပုတ်ငှက်တို့သည်လည်း ကမ္ဘာမကျေသရွေ့ ရန်မပြေသော ကမ္ဘာ့ ရန်သူကြီးများ ဖြစ်ကြပါ၏)။

                                   “ မိုက်ရန်ပျိုးခဲ့ - ရန်ငြိုးဖွဲ့ - ကျိုးမဲ့ပျက်စီးမည် ”

မြတ်စွာဘုရားရှင်က ဆက်လက်၍  ၀က်ဝံနှင့် ကြို့ပင်စောင့်နတ်တို့ကဲ့သို့ “ ရန်တုံမူခြင်း သည် ငြိမ်း ချမ်းရေး ကို မရနိုင်၊ နှစ်ဦးနစ်ဖက် ပျက်စီးမှုကိုသာ ရင်ဆိုင်ရသည် ” ။ လူလောက၌ လည်းထိုနည်းတူပင် “ ငြင်းခုံခြင်း ခိုက်ရန်ပြုခြင်း ရန်တုန့်မူခြင်းသည် ဥဒေါင်းက ကသည်နှင့်တူပေ၏ဟု မိန့်တော်မူ၏၊ ( ဥဒေါင်း က ကသော အခါ  ရှေ့ကကြည့်လျှင် လှသလိုလို ကြည့်ကောင်း သလိုလို ထင်ရ၏၊ သို့သော် နောက်ကနေ ကြည့်မည် ဆိုလျှင် )၊

တေဣဿဖန္ဒနာယထာ - ထိုဝက်ဝံနှင့်ကြို့ပင်စောင့်နတ်တို့ကဲ့သို့၊ ဧ၀မေ၀ - ဤအတူသာလျှင်၊ မနုဿာ နံ-လူတို့၏၊ ၀ါ - လူတို့အား၊ ယတ္ထ - အကြင်အရပ်၌၊ ၀ိဝါဒေါ - ငြင်းခုံခြင်း ခိုက်ရန်သည်၊ ဇာယတိ - ဖြစ်၏၊ တတ္ထ - ထိုအရပ်၌၊ မယူရနစ္စံ - ဥဒေါင်းကဲ့သို့ ကခြင်းကို၊ နစ္စ န္တိ - ကသည်မည်ကုန်၏။

ထို့ကြောင့် အချင်းချင်း ငြင်းခုံခြင်း ခိုက်ရန်ပြုခြင်း ရန်တုန့်မူခြင်းမပြုကြပဲ နို့နှင့်ရေသား ရော ထား သကဲ့သို့ တစ်သွေးထည်း တစ်သားထည်း တစ်ပြေးထည်း တစ်စိတ်ထည်း  ညီညီ ညွတ်ညွတ်နှင့် ၀မ်းမြောက် ၀မ်း သာ နေထိုင်ကြပါ။ ၀က်ဝံနှင့်ကြို့ပင်စောင့်နတ်ကဲ့သို့ ခိုက်ရန်မဖြစ်ကြ ပါကုန်လင့်။ညီညွတ်ခြင်း စည်းလုံးခြင်း ကို ဘုရားစသော အရိယာသူတော်ကောင်း များလည်း ချီးမွမ်း ကြပါ၏

စည်းလုံးညီညွတ်မှု၌ မွေ့လျှော်သော သုစရိုက်တရား၌ တည်သောသူသည် ယခုဘ၀၌လည်း ချမ်းသာ စွာနေ ထိုင်ရသည့်အပြင် “ ယောဂလေးပါးကုန်ရာ နိဗ္ဗာန်မှလည်း ” မယုတ်လျှော့နိုင်သော ကျင့် စဉ်ဖြစ်ကြောင်း ထပ်လောင်း၍ ရှင်တော်မြတ်ဘုရားက မိန့်တော်မူလိုက်ပါ၏

                          “ ညီညွတ်ခြင်းဖြင့် ငြိမ်းချမ်းမှု၏ အရသာကို အပြည့်အ၀ ခံစားနိုင်ကြပါစေ ”
                                                             
                                                                     ပြီးပါပြီး .. ကောင်းသစ်

Thursday, July 7, 2011

အတုန့် အလှဲ့ -၂

ဤသို့ဖြင့် တိုက်တိုက်ဆိုင်ဆိုင် ရထားအတွက် လိုအပ်သော သစ်သားများ လာရှာသော သစ် ခုတ်သမား အုပ်စုသည် ကြို့ပင်နှင့်မလှမ်းမကမ်းလောက်၌ မိမိတို့စီးလာသော လှည်းယဉ် ကို ဖြုတ်၍ ထားလိုက်၏၊ ထို့နောက် ပဲခွပ် ပေါက်ဆိန် လွှ စို့ ဓားမများ ကိုင်ဆောင်လျှက် သစ် ကောင်း ရှာရင်း ရှာရင်းဖြင့် ကြို့ပင်အနီး သို့ ရောက် လာကြ၏။
ကြို့ပင်အောက်နားမှ အရန်သင့်စောင့်နေသော ၀က်ဝံက စဉ်းစားရင်း ပြုံးနေ၏၊ ပီတိကြောင့် ဖြစ်သော အပြုံးလှလှတော့ မဟုတ်၊ ဒေါသ အာဃာတကြောင့် ဖြစ်ပေါ်လာသော မလှ မပ သော မချိပြုံးဖြစ်၏၊ ယနေ့ ငါု့ရန်သူရဲ့ပျက်စီးခြင်းကို မြင်ရအောင် ငါကြံဆောင်မှ ဖြစ်မယ်၊ ဒီနေရာက လွန်မသွားခင် အချိန်နှင့်တပြေးညီ ငါလုပ်ငန်း စ.မှ ဖြစ်မယ်။

သားရဲလည်းပေါ သစ်လည်းပေါသည့် ဤတောဂနိုင် ဤတောမြိုင်၌ ဓားကိုင် လွှထမ်း ပုဆိန် ကြီးတန်းလန်းနှင့် ဘယ်လမ်း ဘယ်စခန်း ဘယ်ဆီကိုမြန်းလို၍ အသင်ယောက်ျား လှမ်းနေ ပါသနည်း။ သစ်သားအတွက် အခက်တွေ့လျှင် ကျန်ုပ်အမှန်ပင်ညွှန်နိုင်ပါသည်၊ အသင် ယောက်ျား ဘယ်သစ် များကိုခုတ်၍ ဘယ်အတွက် ဘာလုပ်လိုပါသနည်း၊ ကျန်ုပ်မေးငြား ယင်းစကားကို ခွန့်တုန့်လို့ ဖြေကြားပါအုံး။

လူက လူစကားပြောသံကြားသည်မှာ အံသြစရာမဟုတ်၊ သို့သော် တိရစ္ဆာန်က လူစကားပြောသည်ဆို လျှင်တော့ အမှန်ပင် အံ့သြစရာ ကောင်းပါ၏၊ ယခု လက်သမားကြီးသည် ၀က်ဝံကြီးထံမှ လူစကားကြား၍ အံ့သြနေတော့၏၊ ရှေးကာလက လူစကားပြောသော ၀က်ဝံကို မမြင်ဘူး မကြားဘူးပေ၊ယခုတော့ ကိုယ်တွေ့  မြင်ရ ကြားရပေပြီ၊ စစ်စစ် ဒီဝက်ဝံဟာ ရထား လုပ်ရန် အဆင်ပြေမည့် သစ်သားကို သိကောင်း သိနိုင်ရာ၏၊ သူ့ကို မေးအုံးမှဟုကြံ၍ သိလို သည်ကို မေးမြန်းစုံစမ်းလေတော့၏။

အနိမ့်အမြင့် အဆင့်မညီ ဤတော်ဆီ၌ ခိုမှီရွှင်ပျော် အဆွေတော်၊ သင်က မေးဆို၍ ကျန်ုပ်ကလည်း မေးလို ပါ၏၊ ရထားအကွပ်အတွက် ဘယ်သစ်သားကို ဆက်သော် သင့်တော်ပါသနည်းမြဲမြန်ခိုင်ခန့်၍ အရှည် တည်တန့်နိုင်ပါသနည်း။

ဝက်ဝံကြီးသည် လက်သမားဆရာကြီး၏ ခွန့်တုန့်ပြန်၍ မေးသောစကားကို ကြားရသောအခါအလွန်ပင် ၀မ်း သာသွား၏၊ သူထွင်သည့်လမ်း လက်သမား ဆရာကြီး လျှောက်လှမ်းလာပြီ မဟုတ်ပါလား၊ ယနေ့ ငါရဲ့ လက်တုန့်ပြန်မည့်အကြံ ဧကန်အောင်မြင်ရစေမယ်ဟု တွေး၍ စကားဆက်လိုက်ပြန်၏၊

အို    လက်သမားဆရာကြီး  ရထားအကွပ်အတွက် အမျက်ကင်းတဲ့အသားဆို ရှာမှရှားပဲ။ ပိတောက်လည်း မကောင်း၊ ရှားလည်းမကောင်း အင်ကြင်းလည်းမကောင်း ထောက်ကြံလည်း ထိုနည်း၎င်းပါပဲ။ ဒါပေ မဲ့  ကောင်းတဲ့အသား ကျန်ုပ်ညွန်ကြားပါမယ်၊ ရထားအကွပ်အတွက် အကောင်းဆုံး အသင့်တော်ဆုံး အခိုင် ခန့်ဆုံး အသားကတော့ ကြို့သား ဖြစ်ပါတယ်။

လက်သမားဆရာကြီးသည် အလွန်ပင်ဝမ်းသာနေ၏၊ ယနေ့ဟာ ငါ့အတွက်ရက်ရာဇာဆိုက်တဲ့   နေ့ ကောင်း နေ့မြတ်ပဲ၊ အရင်က တိရစ္ဆာန် လူစကား ပြောတာ ကြားလဲ မကြားဘူးဘူး၊ ယခုဆိုလျှင် လူစကားလည်း ကြားရ ၊ ရထားအတွက်လည်း အသားကောင်းညွှန်ပြ၊ အော် ကောင်းလေစွ ကောင်းလေစွ ဟု နှစ်ထောင်း အားရ ဖြစ်နေ၏၊ သို့ပေမဲ့ ကြို့ပင်ကို သူမမြင်ဘူး၍ မသိဖြစ်နေ၏၊ထို့ကြောင့်  ကြို့ပင်၏ ပုံစံကို မေးအုံးမှပဲ တွေး၍ စကားဆက်လိုက်ပြန်၏။

အဆွေတော် ၀က်ဝံ ကြို့ပင်ဆိုတာ မြင်ဘူးဘို့ဝေးစွ၊ နားဝမှာတောင် မကြားဘူးပါ၊ သို့အတွက် ကြို့ပင်၏ အခက် ၊ ကြို့ပင်၏အရွက်နှင့် ကြို့ပင်၏ပင်စည် ဘယ်ကဲ့သိုတည်သည်ကို မသိနားမလည်က ရှာဘွယ် အခက် တွေ့မှာမို့  ကျန်ုပ်တို့ သိသာမည့်ပုံသဏ္ဍာန် လမ်းညွှန်ကာပြောပြ စကားစ ဆက်ပါအုံးဟု မေးမြန်း လိုက်၏။

အင်း ငါထွင်သည့်ခွင် ၊ ငါဆင်သည့် ထောင်ချောက် ယခု ရောက်လာပေပြီ ၊ ဘယ်ပြေးမလဲ ကြို့ပင် ၊ ယနေ့ပင် သင့်ကိုလှဲ ၊ အပိုင်းပိုင်းလဲစေမည်၊ ဤကဲ့သို့ စိတ်ရည်၍ ၀က်ဝံပြောကြားလိုက်သည်မှာကား - အိုလက်သမား ကြို့ပင်၏ ပုံသဏ္ဍာန်အား ငါ ပြောကြားပေအံ့။အရွက်ကား တွဲလဲကျ။ကိုင်းခက်က ညွတ်  ကွေး သို့သော် အသားကျွဆပ်မှုဝေး၍ သစ်တွင်ပဂေး ခိုင်ခန့်မှုစိတ်အေးရသည်၊ ငါရပ်တည်နေသော ဤသစ်ပင် သည် ကြို့ပင်အစစ် ဧကန်ပင်ဖြစ်တော့၏။

အကန့်ဒေါက်ဆံ တဖန်လှည်းဘီး အကွပ်.၀က်စွယ် ရထားဝယ်လိုအပ်သမျှ တစ်ပင်းတည်းဖြင့် အကုန် ရသည်၊  ခိုင်ခံ့ကောင်းမွန် သစ်တံခွန်ဖြစ် ဤကြို့ပင်သစ်ကို  ယခုပင်ခုတ်လှဲ ဖြတ်ခွဲ၍ယူ ဇမ္ဗူမှာ အကောင်း ဆုံးရထားကို သင်သုံးပေတော့ဟု ပြောကြားကာ ပြုံးရွှင်သော မျက်နှာဖြင့်မနီးမဝေးသို့ ထွက် ခွါ၍ သွား လေ    တော့၏။
ရထားအတွက် လိုအပ်သောအသား ၀က်ဝံပြောကြားခဲ့ပြီးဖြစ်၍ လက်သမားဆရာကြီးသည် သူ့တပည့် သုံး လေးယောက်နှင့်အတူ လွှဓားပုဆိန်အကူဖြင့် ကြို့ပင်ကို ခုတ်လှဲရန် အမြန်ပင် စီမံကြလေတော့၏
                                                                         
                                                                            ဆက်ရန် . ကောင်းသစ်



Tuesday, July 5, 2011

အိုဘယ့် ခရီးသည်

အို ခရီးသွား
အသင် ဘာတွေစဉ်းစားနေတာလဲ
အလင်းရောင်ရှိတုန်း ခရီးနှင်ထားမှ ....

ဒါ အပါယ်သွားတဲ့လမ်း လျှောက်လှမ်းမလား
ဒါက လူ့ပြည် နတ်ပြည် သွားတဲ့လမ်း လျှောက်လှမ်းမလား
ဒါကတော့ ဗြဟ္မာ့ပြည်သွားတဲ့လမ်း လျှောက်လှမ်းမလား
ဒါကတော့ဖြင့် နိဗ္ဗာန်သွားတဲ့လမ်း လျှောက်လှမ်းမလား

ကြိုက်ရာကိုရွေး လမ်းမလေးသွယ်
အလင်းရောင် မကွယ်ခင်
ရောက်ချင်တဲ့  စခန်း
လျှောက်ချင်တဲ့ လမ်း
အမြန်လှမ်းထားမှ  လှမ်းထားမှ ...
                                                      ကောင်းသစ်

Sunday, July 3, 2011

အတုန့်အလှဲ့ - ၁

မိမိပေါ်ပြုဘူးသော ကျေးဇူးကို ပြန်လည်အမှတ်ရ အောက်မေ့၍ ကျေးဇူးဆပ်ခြင်းကို အတုန့်အလှဲ့ဟု ခေါ်နိုင် သလို  . ရန်ကို ရန်ဖြင့် ပြန်လည်တုန့်ပြန်ခြင်းကိုလည်း အတုန့်အလှဲ့ဟု ခေါ်ဆိုကြပါ၏၊ အမှန်အားဖြင့် အကောင်းဖြစ်စေ အဆိုးဖြစ်စေ ပြန်လည်တုန့်ပြန်ခြင်းကို အတုန့်အလှဲ့ဟု ခေါ်ခြင်းဖြစ်ပါ၏။

ပုံပြင်လေးတစ်ပုဒ်ဖတ်ဘူးပါ၏၊စမ်းချောင်းနဘေး သစ်ပင်ထက်ဝယ် ဂျိုးငှက်လေးတစ်ကောင် နားနေခိုက်ဖြစ် ၏။ ပုရွက်ဆိပ်လေး တစ်ကောင်သည် စမ်းရေထဲ မျောပါလာ၏၊အားကိုးဖွယ်ရာ မျက်တစ်ပင် သစ်တစ်ခက်မျှ မတွေ့ရပေ၊ ဤအတိုင်းဆို ပုရွက်ဆိပ်လေးသည် ရေနစ်၍ သေဖွယ်သာ ရှိတော့၏၊ သို့သော် ကံအားလျှော် စွာ ပုရွက်ဆိပ်လေးကို စမ်းချောင်းနဘေး သစ်ပင်ထက်နားနေသော ဂျိုးငှက်လေးက မြင်တွေ့သွား၏၊ ပုရွက် ဆိပ် အသက်ရှင်သန်ရေးအတွက် ဂျိုးငှက်လေးက သစ်ကိုင်းတစ်ကိုင်းကို နှုတ်သီးဖြင့်ချိုး၍ ပုရွက်ဆိပ်နားပစ် ချလိုက်၏၊  ရေဘေးသင့်နေသော ပုရွက်ဆိပ်လေးကို ကယ်ဆယ်ရေးလုပ်ငန်း လုပ်လိုက်ခြင်းဖြစ်ပါ၏၊ ပုရွက် ဆိပ်လေးသည် စိမ်းစိုသော သစ်ခက်လေးပေါ် တက်လိုက်၏၊ ထို့နောက်တော့ အပေါ်သို့ မော့ကြည့်လိုက်၏၊ သူ့ကို ငုံ့ကြည့်နေသော ဂျိုးငှက်လေးကို မြင်လိုက်၏ သြော်ငါ့၏အသက် ဂျိုးငှက် ကယ်လိုက်တာပါလား။

တစ်နေ့ မုဆိုးတစ်ယောက်သည် ဂျိုးကူသံပေး၍ ထောင်ချောက်ဆင်ကာ ဂျိုးငှက်များကို ဖမ်းဆီးနေ၏၊ ဂျိုးကူ သံကြား၍ ဂျိုးငှက်လေးသည် အသံကြားရာသို့ ဖြေးဖြေးချင်းလာနေ၏၊ ယင်းလာနေသော ဂျိုးမှာ တစ်ချိန်က ပုရွက်ဆိပ်လေးကို ရေဘေးမှ ကယ်တင်လိုက်သော ဂျိုးငှက်လေးဖြစ်နေ၏။ ပုရွက်ဆိပ်လေးသည် အစာ ရှာထွက်လာရင်း မုဆိုးနှင့် ဂျိုးငှက်လေးကို မြင်နေရ၏

ဤသို့ဆိုလျှင် ဂျိုးငှက်အတွက် အသက်အန္တရာယ် နီးကပ်နေ၏၊ မုဆိုးသည်ံ ဂျိုးကူသံပေး၍ ဆက် လက်အော်နေ ၏၊ ဂျိုးငှက်လေးသည်လည်းထောင်ချောက်နား နီးကပ်လာပေပြီး၊ ထိုအခိုက် ပုရွက်ဆိပ်လေး သည် သူလုပ်သင့်သည်ထင်သော လုပ်ရပ်တစ်ခုကို လုပ်လိုက်၏၊ သူ့လုပ်ရပ်မှာ မုဆိုး၏တင်ပါးကို ကိုက်ခဲ လိုက်ခြင်းဖြစ်၏၊ မုဆိုးသည် ဂျိုးကူသံအော်နေရာမှာ သတိမထားမိပဲ ပုရွက်ဆိပ်ကိုက်ခြင်းကြောင့် နာကျင်ရကား “ တစ်ကူးကူးကူး ” ဟု အော်မြည်နေရင်းမှ “တစ်ကူကူးအား ” အော်မိလေတော့၏၊ အသံ ဟန်ချက်ပျက်သွားသော အခါ ဂျိုးငှက်လေးသည်ဂျိုးကူသံ မဟုတ်သိလိုက်လေပြီ၊ ထို့ကြောင့် လန့်ဖျန့်၍ ပျံသွား လေတော့၏၊ပျံသွားရင်း အောက်သို့ ငုံ့ကြည့်မိလိုက်သောအခါ တစ်ချိန်က ရေဘေးမှ သူကယ် ဆယ်ခဲ့သောပုရွက်ဆိပ်လေးသည် သူ့ကို မော့ကြည့်နေသည်ကို မြင်တွေ့လိုက်၏၊ သြော် ငါ၏အသက် ပုရွက် ဆိပ်လေးက ကယ်လိုက်တာပါလားဟု သိသွား၏။ဤသည်မှာ အတုန့်အလှဲ့သ ဘော ဖြစ်ပါ၏။ ထို့ကြောင့် သူတစ်ပါး အသက် ကယ်တင်ခြင်းသည် မိမိအသက်ကို ကယ်တင်ခြင်းဖြစ်၏ဟု ဆိုကြခြင်းဖြစ်ပါ၏။

နောက်အတုန့်အလှဲ့တစ်ခုကို တင်ပြလိုပါသေး၏၊ယင်းကား မကောင်းသော အတုန့်အလှဲ့ဖြစ်ပါ၏၊ ဗာရာဏ သီပြည် ရွာငယ်လေးတစ်ရွာ၌ ပုဏ္ဏားတစ်ယောက်သည် လက်သမားအလုပ်ဖြင့် အသက်မွေး ၀မ်းကြောင်းပြုနေ၏၊ သူ့အလုပ်ကား ရထားယဉ် လှည်းယဉ်လုပ်ခြင်းဖြစ်ပါ၏၊ယနေ့ လက်သမား ဆရာကြီး သည် တပည့်သုံးလေးယောက်ကို ခေါ်၍ ယဉ်ရထားလုပ်ရာ၌ လိုအပ်နေသော အသားများ ရှာဖွေရန် အတွက် ဟိမ၀န္တာတောသို့ ထွက်လာခဲ့၏။

သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းခို - ဟူသော စကားပုံတစ်ခုရှိပါ၏။အမှန်အားဖြင့် သစ်တစ်ပင်ကောင်း လျှင်ငှက်တစ်သောင်းသာမက   သမင်ဒရယ်ဂျီငယ်များနှင့်ခြင်္သေ့သစ်ကျား   ၀က်ဝံစသော တော-ကောင်များ
လည်း နားခိုအိပ်စက်ကြပါ၏ဟိမ၀န္တာတော်ပျော် ၀က်ဝံတစ်ကောင်သည် နေ့စဉ် နေ့စဉ် အစာ ရှာပြီးတိုင်း အခက်အရွက် အသီး အပွင့်တို့ဖြင့် ဝေေ၀ဆာဆာ စိမ်းစိုအုပ်ဆိုင်းနေသော ကြို့ပင်အောက် သို့နားခိုကာ အိပ်စက်နား ခိုနေကြဖြစ်၏၊

ကြို့ပင်ကြီးသည် စိမ်းစိုအုပ်ဆိုင်းနေသည်ဆိုသော်လည်း   သက်တမ်းကြာပြီးဖြစ်၍ တစ်ချို့သစ်ကိုင်းများမှာ -
ခြောက်သွေ့နေပြီးဖြစ်၏၊ ယနေ့လည်း ခါတိုင်းလိုပင် ၀က်ဝံကြီးသည် အစာဝပြီးဖြစ်၍ ကြို့ပင်အောက် သို့ဝင်ရောက်ကာ အိပ်စက်နေ၏။ထိုအခိုက် လေပြင်းမုန်တိုင်း ကျရောက်လာ၏၊ လေဒါဏ် မခံနိုင်သော သစ်ကိုင်းခြောက်တစ်ကိုင်းသည် ကျိုးကျကာ အိပ်နေသော ၀က်ဝံကြီး၏ ပခုံပေါ်သို့ ကျသွား၏၊ ၀က်ဝံကြီး သည်လန့်ဖြန့်၍ထွက်ပြေး၏ပခုံးမှစပ်ဖျဉ်းဖျဉ်းနာကျင်ခြင်းဒါဏ်ကိုခံစားနေရ၏၊ခပ်လှမ်းလှမ်း  လောက်ရောက်
တော့မှ နောက်ကိုပြန်လှည့်ကြည့်လိုက်၏၊ ဘယ်သားကောင်းမှ ထွက်ပြေးသွား သည်ကိုလည်းမမြင်၊ သူ့နောက်သို့ ဘေးရန်ပြုတတ်သော ခြင်္သေ့ သစ်ကျား သားကောင်းများ လိုက်လာ သည်ကိုလည်း မမြင်ရ ။ ထိုအခါ သူထင်ရာ သူတွေးမိတော့၏၊ အင်း ကြို့ပင်စောင့်နတ်က ငါ့ကို သက်သက် မဲ့ ရန်ပြုတာပဲ၊ တစ်ခြားသားကောင်းတွေကြ ဘာမှ မလုပ်ပဲနှင့်ငါ့ကိုရွေးပြီး သက်သက်မဲ့ ရန်ပြုတာငါ့မှာ ဘာအပြစ်ရှိလို့လဲ၊ ငါ့မှာဘာအြ့ပစ်မှမရှိဘူး၊ ဒင်းကြို့ပင်စောင့်နတ်တော့လား  နှစ်ရက်သုံးရက်အတွင်း  င့ါအကြောင်း  ကောင်း
ကောင်း သိစေရမည်၊ အမြစ်ကအစ ပင်စည်အဆုံး အားလုံးကို အစိပ်စိပ် အမွှာမွှာ အပိုင်းပိုင်းဖြစ်အောင် တူးဖြိုဖြတ်တောက်ပစ်မယ်ဟု စိတ်ထဲမှ နာကျည်းစွာ ကြုံးဝါးရင်း ဖျက်ဆီးရေးသမား ရှာပုံ တော်ခရီး စထွက်တော့၏။( ဤသည်မှာ ၀က်ဝံ၏ အတွေးမှားမှုဖြစ်၏၊အမှန်အားဖြင့် ကြို့ပင်စောင့်နတ်၏ ပယောဂ မပါ၊ လေဒဏ်ကြောင့် သစ်ကိုင်းခြောက်ကျိုးကျခြင်းသာဖြစ်ပါ၏၊သူအ့ပေါ်ကျ၍ သူသည်ကံဆိုးသူမောင် ရှင်ဖြစ်သွားရဖြင်းဖြစ်၏၊ သူ၏အတွေးမှားမှုကြောင့် လုပ်ရပ်ပါမှားလာတော့၏ ၊ ထိုအခါ မဖြစ်သင့် မဖြစ်ထိုက်
သည့် ပြဿ နာရပ်များ ရန်ငြိုးရန်စမီးများ စတင်၍ ဖြစ်ပွားလာတော့၏)
.
                                                                                            ဆက်ရန် . ကောင်းသစ်