.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, October 27, 2011

ငြိမ်းချမ်းသည့် ရသ

လူ့ဘ၀ဆိုတာ
တစ်ခဏတာ.
ဆီးနှင်းစက်နှင့် ရေပွက်ပမာ

လူတကာသိ
သူငါ၏ -
နေရမည့် သက်တမ်း
ခန့်မှန်း၍ မရ
ရှင်သန်ခြင်းသည် အနိစ္စ
သေခြင်းသည် နိစ္စ။

ထို့ကြောင့်ပင်
မသေခင်
မကြွေခင်
လူ့ဘ၀ နေစဉ်လေးမှာ


စာနာ စိတ်
ညှာတာ စိတ်
မာတာ စိတ်

ကူညီရမည့် စိတ်
တူညီမျှသည့် စိတ်
လူပီသသည့် စိတ်

ရိုင်းပင်း စိတ်
ဝိုင်းဝင်း စိတ်

အတိတ် အကြောင်းလေးတွေ ဖွေး
စိတ်ကောင်းလေးတွေ မွေး
သူ့အရေး ကိုယ့်အရေး
အများအရေး
မျှတစွာ “ ကြံတွေး ” 

အေးချမ်းတဲ့ ဘဝ
ဘေး မသမ်းတဲ့ ဘဝ
အခွင့်အရေး မှန်သမျှ
သာတူ ညီမျှ
သုခနှင့်ဒုက္ခ
မျှဝေကာ ခံစားကြ ...

စည်းလုံးမှုသည်
လောက၏
“ ငြိမ်းချမ်းသည့် ရသ” ။


                   ကောင်းသစ်.

Wednesday, September 14, 2011

ပေးဆပ်ခြင်း


ငါ့အတွက် လုပ်နေသမျှ
ငါ့အတွက် မဟုတ်ကြောင်း
ငါ ကောင်းကောင်း သိလာတဲ့ တစ်နေ့။

ငါ .. အတွေးတွေ ပြောင်း
အပြောတွေ ပြောင်း
အလုပ်တွေပါ ပြောင်းဖြစ်ခဲ့တယ်လေ။

ကြံသမျှဟာ လောကကောင်းဘို့
ပြောသမျှဟာ လောကကောင်းဘို့
လုပ်သမျှဟာလည်း လောကကောင်းဘို့ ဖြစ်လာခဲ့ပြီ။

ငါ့ရဲ့ အကောင်းကြံ
ငါ့ရဲ့အကောင်းပြော
ငါ့ရဲ့အကောင်းသဘောဆောင်တဲ့ လုပ်ရပ်ကြောင့်
လောကကြီး ကောင်းစားလာတာကို ကြည့်ရင်း
ပီတိတွေ ငါ့ရင်တွင်းသို့ တလိမ့်လိမ့် စီးဆင်းလာခဲ့။

လောအတွက် ကြံ ခြင်း ပြောခြင်း ပြု ခြင်းဟာ 
ငါ့အတွက် ဖြစ်မှန်းမသိ ဖြစ်နေတယ်ဆိုတာ
ငါ . ပိုပြီးသဘောပေါက်လာပြီလေ။

အော် … တကယ်တော့
ပေးဆပ်ခြင်းဟာ “ ပိုင်ဆိုင်ဖို့ ” ပါလား။

မှတ်ချက် ပါရမီကုသိုလ်များ ပိုင်ဆိုင်ခြင်းကို
ဆိုလိုပါသည်။

Monday, July 18, 2011

နိုင်ငံတော်သစ်ဆီ သို့

  ပြည်သူ့အတွက်
  အခု ချက်ချင်း
  အသက်ပါအပ်နှင်းရ မလား
  တွေဝေမှု မထား
  မြင့်မြတ်သူတို့ စိတ်ထား၊

                                 ပြည်သူ့ကောင်းကျိုး
                                 အစဉ်တိုးစေဘို့
                                 ဘယ်နေရာမျိုး နေနေ
                                 ဘယ်လုပ်ငန်းတွေ လုပ်လုပ်
                                 ဘယ်တော့မှ နောက်မဆုတ်
                                 မြင့်မြတ်သူတို့ ပြယုဂ်
လူထုအတွက်
နိုင်ငံအတွက်
အနစ်နာခံ ရှေ့ကထွက်
မာန်များနှင့် မဖက်
စံစားခွင့် မမက်..
နောက်ဆုံးက ရပ်တည်လျှက်
မြင့်မြတ်သူတို့ ဦးတည်ချက်၊

                              စည်းလုံးမှုသည် အင်အား
                              ညီညွတ်မှုသည် အင်အား
                              သဘောထားချင်း တူညီ
                              အချင်းချင်း ရိုင်းပင်းကူညီ
                              သွေးစည်းလို့ သွေမဖီ
                              ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့…။

                                                              ကောင်းသစ်

Tuesday, July 5, 2011

အိုဘယ့် ခရီးသည်

အို ခရီးသွား
အသင် ဘာတွေစဉ်းစားနေတာလဲ
အလင်းရောင်ရှိတုန်း ခရီးနှင်ထားမှ ....

ဒါ အပါယ်သွားတဲ့လမ်း လျှောက်လှမ်းမလား
ဒါက လူ့ပြည် နတ်ပြည် သွားတဲ့လမ်း လျှောက်လှမ်းမလား
ဒါကတော့ ဗြဟ္မာ့ပြည်သွားတဲ့လမ်း လျှောက်လှမ်းမလား
ဒါကတော့ဖြင့် နိဗ္ဗာန်သွားတဲ့လမ်း လျှောက်လှမ်းမလား

ကြိုက်ရာကိုရွေး လမ်းမလေးသွယ်
အလင်းရောင် မကွယ်ခင်
ရောက်ချင်တဲ့  စခန်း
လျှောက်ချင်တဲ့ လမ်း
အမြန်လှမ်းထားမှ  လှမ်းထားမှ ...
                                                      ကောင်းသစ်

Sunday, June 12, 2011

ကုသိုလ်မှ သည်..

                                             
         ဒါနကို ချိန်စက်
        မာန်တက်သည့် သူ့စကား
          ဟောဒီလိုဒါနမျိုး 
       မင့် လှူနိုင်ရိုးလား - တဲ့။

သီလကို အခြေခံ
မာန်ပါသည့် သူ့စကား
ငါးရှစ်မြတ် ဥပုသ်မြတ်
မင့် စောင့်တတ်ရဲ့လား - တဲ့။

သမာဓိ အခြေခံ
ဝေဘန်သည့် သူ့စကား
ဟောဒီလို တည်ကြည်မှု
မင့် ရှုနိုင်လို့လား - တဲ့။

ချီးမွမ်းကိုယ့်ကို
သူ့ကို နှိမ့်ချ
အတ္တုက္ကံသန ပရ၀မ္ဘနာ
ဒေသနာမှာ ထုတ်ပြ
သူတော်ကောင်းလမ်း မဟုတ်ကြ။

ပဋ္ဌာန်း ဒေသနာ
မြတ်ဗုဒ္ဓါ ဟောမိန့်ဘိ
“ ကေသဉ္စိ ဥပနိဿယသတ္တိ ”
ကုသိုလ်သည် အကုသိုလ်ကို ကျိုးပြု၏ - တဲ့။

ကောင်းသစ်

Saturday, April 16, 2011

နှစ်သစ် ဆုမွန်


၁၃၇၃ . ခုနှစ်
နှစ်ဆန်း (၁) ရက်နေ့..

ရွက်ဟောင်းတွေ မြေမှာကြွေ
ရွက်သစ်တွေ ပင်မှာမြူး
အတာကူးသည့် -
လတန်ခူးသို့ပင် ရောက်ခဲ့ပေပြီ..။

ဂန့်ဂေါ်တွေ ဝေ ...
ပိတောက်တွေ ရွှေရည်လူး
ပင်ယံထက်မှာ ဖူးပွင့်ကြလေပြီ။

ရက်ဟောင်း လဟောင်း
ထိုမှတစ်ပါး ..
နှစ်ဟောင်းတို့သည်
တရွေ့ရွေ့ ကုန်ဆုံး၍..။

ယနေ့ ...
ရက်သစ် လသစ် နှစ်သစ်သို့ပင်
ရောက်ခဲ့ပေပြီ..။

နှစ်သစ်၌ ...
အတွေးသစ် အမြင်သစ်များဖြင့်
လုပ်ငန်းသစ်များကို လုပ်ဆောင်၍
ဘ၀သစ်တစ်ခုကို ဖွါးမြင့်သင့်ကြပေပြီ..။

ဘ၀သစ်ဖြင့်
လောကသစ်ကို တည်ဆောက်၍
အသစ် အသစ်ဖြစ်သော အကျိုးပြုမှုများဖြင့်
လောကကို အလှသစ်များ ဆင်နိုင်အောင် ..
နှစ်သစ်သို့ ရောက်သူတိုင်း
အားသစ် အင်သစ်များကို မွေးမြူသင့်ကြပေပြီ..။

နှစ်သစ်၌ ...
ပန်းတွေလိုမွှေး
စမ်းရေလို အေးနိုင်ကြပါစေဟု ..
အလင်းသစ်မှ ..
ဆုမွန်ကောင်း ချွေလိုက်ပါသည်..။

                    ကောင်းသစ်

Wednesday, April 6, 2011

မပြောင်းသော ပြောင်းခြင်း


သင်္ကန္တ
သင်္ကြန္တ
ထိုမှ တစ်ဆင့်
သင်းကြန်ကျ
အတာသင်္ကြန် ရေပက်ကြ
ပြောင်းရွှေ့ခြင်း အဓိပ္ပါယ်ရ ... တဲ့၊
နှစ်ပြောင်းပြီး ခေတ်မပြောင်းရင်
စနစ်ဟောင်းကြီး ဘာထူးမလဲ။
အမှန် စင်စစ် -
တစ်နှစ်ထက် တစ်နှစ်
တစ်ခေတ်ထက် တစ်ခေတ်
တစ်ရစ်ထက် တစ်ရစ်
အသစ် အသစ်တွေ
ဖြစ်ဖြစ် လာနေရမှာ…
စီးပွါးရေး
ပညာရေး
လူမှုရေး
ကျမ်းမာရေး
ကုသိုလ်ရေး
စသည် စသည် ... အရေးတွေပေါ့ .။

ယခုတော့ …
ငါ့ဘဝ
မနှစ်ကလည်း ဒီလို
ဒီနှစ်လည်း ဒီလို
ဘာဆို ဘာမှမပို
မဲပြာပုဆိုး ခပ်တိုတို
တူးပို တူးပို  တီးလုံးလိုပဲ..
တီးကွက်က မပြောင်း
ကကွက်ကလည်း အဟောင်း
 အဲဒါ ပြောင်းခြင်းတဲ့လား။

ကောင်းသစ်




Monday, April 4, 2011

ပိတောက် မိခင်


ပိတောက်ရွှေဝါ မချွေပါနဲ့
နေပါပစေ သူငယ်ချင်း...

ပိတောက်ရွှေဝါ မင်းချွေပါသော်
ရွှေဝါမိခင် ပိတောက်ပင်၏
စိတ်စဉ်မည်သို့ ရှိမည်နည်း။

အို .. သူငယ်ချင်း  မင်းစဉ်းစားကြည့်
လူသားတို့တွင် မွေးမိခင်သည်
ရှုအင်မငြီး သားသမီးကို
လုပြီး ယူငင်  သွားပါလျှင်သော်
စိတ်စဉ်မည်သို့ ရှိမည်နည်း.။

ရွှေဝါမိခင်  ပိတောက်ပင်နှင့်
မိခင်လူသား နှိုင်းယှဉ်ငြား၍
သင်ကားကြည့်ရှု တတ်ပါလျှင်..

မွှေးရနံ့ကြူး ရွှေရည်လူး၍
ဖူးပွင့်နေရှာ ပိတောက်ဝါကို
ဘယ်မှာခူးရက် . နိုင်အံ့နည်း။

ကောင်းသစ်


Friday, April 1, 2011

စဉ်းစား



မွေးဖွါးခြင်း
သေဆုံးခြင်း
မျဉ်းနှစ်ခု ကြားကာလ
ရပ်တည်နေတဲ့ ဘဝ
ဒို့ .. ဘာလုပ်ကြမလဲ..?

ပညာတွေ သင်
တတ်ရင်ကော ဘာလုပ်ကြမလဲ၊
မသင်ခင် စဉ်းစား
သင်ရင်းလဲ  စဉ်းစား
သင်ပြီးတော့ မျဉ်းတား
လောကအတွက် အကျိုးများ
ပညာဒါန ဖြန့်ဝေပွါး
မိမိအတွက် ပါရမီ တကား။

ဥစ္စာတွေ ရှာ
ရလာ ဘာလုပ်ကြမလဲ
မရှာခင် စဉ်းစား
ရှာရင်းလည်း စဉ်းစား
ရပြီးတော့ မျဉ်းတား
လောကအတွက် ပေးဆပ်သွား
အကျိုးပြုတဲ့လုပ်ငန်းများ
မိမိအတွက် ပါရမီ တကား။

ပါရမီ ထိုက်သော ပညာများ
ပါရမီ ထိုက်သော ဥစ္စာများ
လောကအတွက် ပေးဆပ်သွား
မိမိအတွက် နိဗ္ဗာန်တံခါး..။

ကောင်းသစ်

တန်ဘိုးသိချိန်

လူ့ဘ၀ရပ် 
တန်ဘိုးမြတ်ကို 
လေးရပ်အပါယ်
နှိုင်းချိန်တွယ်မှ .
သိသာရ၏။

ကျန်းမာခြင်းလာဘ်
တန်ဘိုးမြတ်ကို
ဖြတ်လတ်ရောဂါ 
ခံစားခါမှ.
သိသာရ၏။

မိတ်ကောင်းရှိလတ်
တန်ဘိုးမြတ်ကို
ဆုတ်လတ်ဥစ္စာ
ဆင်းရဲခါမှ.
သိသာရ၏။

                     ကောင်းသစ်

Wednesday, March 30, 2011

စိတ်

                             

သင့်ကို စေစား 
ဘယ်သူများလဲ
ခွဲခြား ဆန်းစစ်
ဖြေရှာ လစ်သော်
“ စိတ် ” ဖြစ်နေပါ လေရောလား..။

ဘ၀၏ “ ပဲ့ ” 
စိတ်ဖြစ်ခဲ့သော်
(လောကဓံရဲ့)
အလှဲ့အပြောင်း
မတိမ်းစောင်းဖို့
ထိမ်းကျောင်းစရာ
စိတ်ကောင်းမှာ
မှန်စွာထားဖို့ လိုပေပြီ...။

 ကမ္မပထ 
ကုသလနှင့်
သမာဓိ ပညာ
ဘာဝနာ၌
ကောင်းစွာ တင်ထား
စိတ်ကောင်းများ..။

 
ယင်းစိတ်ကောင်း မှ
ဘ၀ ဘောဂ
နိဗ္ဗာနဟု
သမ္ပတ္တိစုံ
သုခစုံကို
ကုံလုံပြည့်ဝ
ပေးနိုင်စွ..။

ဒုက္ခထိုထို 
မရောက်လိုလည်း
စိတ်ကိုပဲ
သတိ ကဲ
အသိမြဲ၍ ထိမ်းရမည်..။

 

သုခထိုထို
ခံစားလိုလည်း
စိတ်ကိုပဲ
သတိ ကဲ
အသိမြဲ၍ ထိမ်းရမည်..။
                                   
                              ကောင်းသစ်


Saturday, March 26, 2011

တစ်ယောက်ထဲ လျှောက်မြဲ


ဘ၀ထဲ
လာတုန်းက ငါတစ်ယောက်ထဲပေါ့..
ဒါပေမဲ့ နောက်တော့ .. လေ
အမေ . အဖေ
ညီအကို မောင်နှမတွေ
မိတ်ဆွေ သူငယ်ချင်းတွေ 
တိုးလို့ တိုးလို့ လာနေပေါ့ ..။

ထိုမှ တဆင့်တက် ..
ဘ၀လက်တွဲဖေါ် ကြင်ဖက်
ဆင်းသက်လာတဲ့ ရင်သွေးများ
သားလေးတွေ သမီးလေးတွေ
မြေးလေးတွေ မြစ်လေးတွေဝန်းရံ
အခြံအရံတွေ ပေါလို့နေပြန်ပေါ့..

ဒီလိုနဲ့ တောင်စွယ်
နေမင်း အထပ်ထပ် ကွယ်ခဲ့
ငါရဲ့ ပျိုရွယ်ခြင်း
ခဏချင်း တစ်စချင်း ဆုတ်ယုတ်
နုပျိုခြင်း နိဂုံးချုပ်ခဲ့ပေါ့..။

ထိုမှ သက်ဆင်း
အိုခြင်း နာခြင်း
သေမင်းနှင့် ရင်ဆိုင်
(ဘယ်သူမှ မကူနိုင်တော့ )
မနိုင်သူ ငါ့မှာ
အလာလိုပဲ 
ဗလာကိုယ်ထဲ
တစ်ယောက်ထဲ
(သံသရာခရီးကို)
လျှောက်မြဲ လျှောက်လျှက်ပါပဲပေါ့..။

                           ကောင်းသစ်

Tuesday, March 22, 2011

တဏှာနှင့် ဘာဝနာ

တဏှာတဲ့ တဏှာ
ကမ္ဘာဘုံ ကျယ်သရွေ့
ပျော်မွေ့ချင်ရှာ
သူ့ အာသာ 
အလို လိုက်ရှာမိသူများ
မီးလောင်ရာ လောင်စာပင့်သို့
တိုးမြင့်လို့ ပွါး။

တဏှာတဲ့ တဏှာ
တွေ့ရာရာ အာရုံထဲ
မရောင့်ရဲ နိုင်ရှာ
သူ့ အာသာ
အလို လိုက်ရှာမိသူများ
မြစ်ဖြာဖြာ
စီးဝင်ရာ သမုဒ္ဒရာသို့
ပြည့်လို့ မသွား။

တဏှာတဲ့ တဏှာ
ဘာဝနာ ကမ္မဋ္ဌာန်း
စီးဖြန်းမှသာ
ချုပ်ငြိမ်းကာ
လိုအာသာ ကင်းဝေး
ဒုက္ခစုံ ဘုံထပ်ထပ်မှ
ကင်းလွတ် ကွာဝေး။

           ကောင်းသစ်


Sunday, March 20, 2011

စွန့်လွှတ်မှု ဗေဒ

သူ့တွက်သူ့ကျိုး
စီးပွါးတိုးဖို့
ကိုယ်ကျိုးအပျက်
ထည့်မတွက် 
သူ့တွက် - ကိုယ်ကျိုး
စွန့်လွှတ်သူ။

ကိုယ့်တွက်ကိုယ့်ကျိုး
စီးပွးတိုးဖို့
သူ့ကျိုးအပျက်
ထည့်မတွက်
ကိုယ့်တွက် - သူ့ကျိုး
စွန့်လွှတ်သူ။

သူ့ကျိုး ကိုယ့်ကျိုး
စီးပွါးတိုးဖို့
အကျိုးစီးပွါး
ဦးတည်ငြား၍
စိတ်ထားကွဲလတ်
ထိုနှစ်ရပ်တွင်
စွန်လွှတ်မည်သူ - မှန်သနည်း။

                    ကောင်းသစ်

Tuesday, March 15, 2011

ဓမ္မပေတံ

ဆရာစွဲ
ဝါဒစွဲ
မာန ကဲ
သဘာဝ လွဲ
လိပ်ခဲ တင်းလင်း
မြဲတင်းစွာ ဆုပ်ကိုင်
သံသရာ့ သစ်ငုတ်တိုင်..။

 ဓမ္မ .မှန် မမှန်
ဘာပေတဲ့နှင့် တိုင်းမလဲ
နှိုင်း မလဲ
ဝေခွဲ မရ
စိတ်ဒွိဟ..။

ပိဋကတ်တော် လာ
မဟာပဒေသ လေးပါး
ခွဲခြားကာ အဖြေရှာကြည့်
ကွဲပြားစွာ သေချာသိ
ဝိနယ သုတ္တန် . အဘိဓမ္မာ ရှိ
ပါဠိ အဋ္ဌကထာ ဋီကာ ကြည့်
ဓမ္မဟုတ်၏ မဟုတ်၏...။

 ကောင်းသစ်

Sunday, March 13, 2011

ရယ်ဖွယ် ၁၀ ပါး

      ဆယ်ပါးရယ်ဖွယ် မှတ်ကြောင်းသွယ်ပိမ့်၊

၁။  ဥာဏ်ကျယ်ပါလျှက်  ပွဲလယ်ချက်ဝယ် နှုတ်ထွက်ယွင်ပါး ဖွင့်ဆိုမှားအံ့။
၂။ ခစားသူမှာ သူလိုရာသို့ လိုက်နာရလျှက် မာနတက်အံ့။
၃။လက္ခဏာမဲ့ ချို့တဲ့ဥစ္စာ ဆင်းရဲစွာလျှက် ကာမဂုဏ်မှု အာရုံပြုအံ့။
၎။ မြီထူထပ်ပွါး ဥစ္စာများလျှက် မိုက်အားဖုံးလွှမ်း မပေးကမ်းပဲ ဒါနနဲအံ့။
၅။ငြိမ်းချမ်းသာယာ နေရပါလျှက် သူ့မှာမှီနေ ခစားလေအံ့။
၆။သားရေလျော့ပါး အိုလှည့်ငြားလျှက် တရားမဂ်ဖို မမှီခိုအံ့။
၇။ရန်ဖြိုဖယ်လှစ် ပြည့်ရှင်ဖြစ်လျှက် မူညစ်ဆိုးနွမ်း မူးမတ်သွမ်းနှင့်
ချစ်ကျွမ်းဝင်ဝင် ရေးတိုင်ပင်အံ့။
၈။သန့်စင်နွယ်ဓာတ် မျိုးရိုးမြတ်လျှက် အတတ်မသင် နားဝင်မကျွမ်း
လော်လီသွမ်းအံ့။
၉။မနွမ်းဂုဏ်အင် ယောက်ျားစင်လျှက် ချစ်ခင်စိုးပိုင် မယားနိုင်အံ့။
၁၀။သုံးဆိုင်ဗေဒင် ကုန်စင်မြောက်မြား ထုံးနှယ်ထွားသည့်
ပုဏ္ဏားဖြစ်လျှက် အကျင့်ပျက်အံ့။

ကန့်ကွက်ခြားနား ဤ(၁၀)ပါးကို အမှားလူတွင် ရယ်ဘွယ်ထင်သည်
သည့်ပြင်ရယ်ဆေး ရမည်ဝေး။

ဝန်ခံချက်။  ရေးသည့်စာဆို မသိပါ၊ ယဉ်ကျေးမှု ပဒေသာမှတ်တမ်းမှ
ဗဟုသုတဖြစ်ဖွယ် ကူးယူတင်ပြပါသည်။


Thursday, March 10, 2011

အလင်း

မွေးဖွါးသည် မှ
တစ တစ ယွင်းယို
ငါ့ ဘ၀ဟာ ပျိုမလာပဲ
အပြိုသာ ကဲ
အိုတာပဲ မင်းမူနေပါလား။

ကျန့်ခိုင်သည် ထင်
ငါ့ခန္ဓာအိမ် အစဉ်လဲ
နာကျင်ခြင်းတွေ ဗရဗွ
ရောဂါဟူသမျှ ခိုနား
ဗျာဓိဆိုတဲ့ အိမ်အိုကြီးပါလား။

သေခြင်းတရား
နေ့ခြင်းလား ညခြင်းလား
ဘယ်နားက လာမည် မသိ
ဘယ်အချိန်မှာ လာမည် မသိ
လာမည်ဆိုတာပဲ သိ၏။

မရေရာတဲ့ နေခြင်း
သေခြာတဲ့ သေခြင်း
“ သတိ ” ကိုယ်စီ သွင်းလျှက်
ထင်လင်းသည့် သာသနာ
ကြုံလာသည့် အခိုက်
ဒုစရိုက် ရှောင်
သုစရိုက် ဆောင်
အမှောင်ကို ကျောပေး
ဒို့ အလင်းလေးထဲပဲ - နေကြစို့။

ကောင်းသစ်


Friday, March 4, 2011

အတွေး

အစ မသိသော သံသရာလမ်း
ဒို့ လျှောက်လှမ်းခဲ့တာ
ဂဏန်းများပင် ကိန်းမရှိတော့ ...။

အသိ မ၀င်တဲ့ ဘ၀တွေ
သတိ မယှဉ်တဲ့ ဘ၀တွေ
ဒို့ ဖြစ်ခဲ့ရတာတွေ
အသင်္ချေ အနန္တ
ကိန်းဂဏန်းပင် ဖေါ်မရပေါ့ ။

ယခုဘ၀မှာ
အတုလ ဘဂ၀ါ၏
သာသနာ့အလင်း
ဓမ္မအလင်း
ထင်လင်းစွာ ညွှန်းပြ
လွတ်မြောက်ခြင်းရဲ့ လမ်းစ
ဒို့ မြင်နေရပြီ။

လွတ်မြောက်ခြင်းရဲ့ သင်္ကေတ
နိဗ္ဗာန်ဆိုတဲ့ “ အမတ ”
ရောက်ဖို့အရေး
လျှောက်ဖို့အရေး
( ဒို့ အားလုံးရဲ့)
 “ အတွေး ” ပေါ်ပဲ မူတည်တယ်။

                           ကောင်းသစ်

Friday, February 11, 2011

မိတ်ဆွေစစ်များ

        ကျေးဇူးရွက်ဆောင်တတ်သော မိတ်ဆွေစစ်(၄ယောက်
မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ပြုဘွယ်ရှိက၊
နှစ်ဆဥစ္စာ၊ ပေးချေလာသည်၊ လေးဖြာ ဥပကာရတည်း။

      ဆင်းရဲချမ်းသာ မပစ်ခွါသော မိတ်ဆွေစစ်(၄)ယောက်
လျှို့ဝှက်စကား၊ ကြားစေတုံလျှက်၊ သူလျှို့ဝှက်၍၊ ဘေးတွေ့မစွန့် ၊မတွန့်တိုပါ၊ သူ့ကိုညှာလျှက်၊သူ့သက်စွန်မြောက်၊ ဤလေးယောက်ကား၊
မျှလောက်ချမ်းသာ ဆင်းရဲတည်း။

     အကျိုးရှိရာ ပြောသောမိတ်ဆွေစစ်(၄)ယောက်
မကောင်းမြစ်ခါ၊ ကောင်းရာသွင်းထား၊ မကြားစတောင်း၊ အကြောင်းကြားလာ၊
နတ်ရွာလမ်းပြ၊ ဤလေးဝကား၊ မည်ရ အတ္ထက္ခာယီတည်း။

         အစဉ်သနားတတ်သော မိတ်ဆွေစစ်(၄)ယောက်
ဥစ္စာခမ်းနား၊ မပွါးသမြို့၊ မနှစ်လို့ငြား၊ ပွါးကရွှင်မြူး၊ ကျေးဇူးမဲ့ကို၊ ဆိုသော်တားမြစ်၊
ကျေးဇူးဖြစ်ကို၊ ဆိုသော်ချီးမွမ်း၊ သူတို့တမ်းကား၊ မိတ်ကျွမ်း အနုကမ္မတည်း၊
                                 (သိင်္ဂါလောဝါဒသုတ် - သင်္ဂဇာဆရာတော်)

မိတ်ဆွေတုများ

                     မိတ်ဆွေပျက်(၆)ပါး
ကြွေအန်ကြူးထ၊ မိန်းမကြူးထွေ၊ သေစာကြူးမှု၊ အတုပြုငြား၊
လှည့်စားတထောက်၊ မျက်မှောက်လှည့်ချက်၊ နိုင်ထက်လုယူ၊
ဤသူခြောက်ပါး၊ မိတ်ဖြစ်လားကြောင့်၊ ပျက်ပြားမိတ်ဆွေအပြစ်တည်း။

             ကိုယ်ကျိုးကိုသာငဲ့သောမိတ်ဆွေတု(၄)ယောက်
လက်ချည်းလာ၍၊ ဥစ္စာဆောင်သယ်၊ နည်းငယ်ဖြင့်သာ၊ များစွာလိုရှိ၊ ဘေးထိရောက်ခါ၊
ပြုလာတုံဘိ၊ မိမိကျိုးငှာ၊ မှီလာပေါင်းယှဉ်၊ လေးယောက်စဉ်ကား၊ အညဒတ္ထုဟရတည်း။

         နှုတ်ဖြင့်ဟန်ဆောင်သော မိတ်ဆွေတု(၄)ယောက်
ရှေးဖြစ်စေ့စပ်၊ တထပ်နောက်မှီး၊ ချည်းဆီးသဂြိုဟ်၊ ပေးလိုစဟန်၊ ပစ္စပ္ပန်မူ၊
ပြညွှန်ပျက်ပြား၊ ဤလေးပါးကား မှတ်သား ဝစီပရမတည်း။

            ချစ်ဖွယ်ကိုဆိုသော မိတ်ဆွေတု(၄)ယောက်
မကောင်းခွင့်ပြု၊ ကောင်းမှုကိုလျှင်၊ ဆင်ခြင်မရှု၊ ခွင့်ပြုသည်ပင်၊ ရှေ့တွင်ချီးမွမ်း၊
ဖုံးလွှမ်းကွယ်လျှင်၊ ကဲ့ရဲ့ချင်သည်၊ လေးအင်ပီယဘာဏီတည်း။

       မကောင်းမှု၌ အဖော်ပြုသော မိတ်ဆွေတု(၄)ယောက်
သောက်တုတ်သေရက်၊ ညဥ့်နက်လမ်းသွား၊ ရှုစားသဘင်၊ ပျော်ရွှင်အန်စာ၊
လေးရပ်မှာပင်၊ တကွထင်သည်၊ လေးအင်အပါယ်သဟဲတည်း။



                                      (သိင်္ဂါလောဝါဒသုတ် - သင်္ဂဇာဆရာတော်)