.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Friday, October 27, 2017

ရှာ၍ တွေ့ပြီ အလင်းသစ်ရောင်ခြည်

စာရေးသူသည် အလင်းသစ် ဘလော့နှင့် ဝေးကွဲာခဲ့သည့်မှ ကြာမြင့်ခဲ့လေပြီ
ယခုသော်ကား သူငယ်ချင်းဖြစ်သူ ဘလော့ဖန်တီးပေးသူ စာဆိုရှင် အရှင်ကုမာရမှ
ဘလော့စပေါ့တွေ ယခုလည်း သုံးနေကြသည်ဟု ပြောဆို၍ မိမိဘလော့ကို
ပြန်လည် ရှာဖွေရှာ ဟိုယမ်း ဒီယမ်း စမ်း၍ ရှာလိုက်၍ ယခုတွေ့ရှိပေပြီ

အလင်းသစ် ဘလော့သည် ပြန်လည် အသက်ဝင်လာပြီဖြစ်သောကြာင့်
အလင်းသစ် ပရိသတ်များ ဘာသာရေး စာပေများ ကဗျာများကို ရှုရှားနိုင်ရန်
စောင့်မျှော်တော်မူကြပါကုန်

အားပေးသူ အားလုံး ကျန်းမာ ချမ်းသာစွာဖြင့်
သာသနာအကျိုး လောကအကျိုး အောင်မြင်စွာ သည်ပိုးနိုင်ကြပါစေ

Friday, February 1, 2013

မိတ်ဆွေ ကောင်း

မိတ်ဆွေကောင်း
စိတ်နေ မပြောင်းသူကို ခေါ်တယ်။

အာဏာရှိသွားသည် ဖြစ်စေ
ပညာတတ်သွားသည်ဖြစ်စေ
ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသွားသည်ဖြစ်စေ
အခြံအရံပေါများသွားသည်ဖြစ်စေ
ဂုဏ်သတင်း ထုံသင်းသွားသည်ဖြစ်စေ
ဂုဏ်ဓာတ်ကွာလို့
ပုံဒြဗ်ကွာလို့ ဆိုပြီး … ၊

အလွှာတွေ မတားဘူး
အကာတွေ မထားဘူး

မိတ်ဆွေတွေကို စည်းမခြားဘူး
မိတ်ဆွေတွေကို စည်းမတားဘူး
မိတ်ဆွေတွေကို ငြီးမတွားဘူး

လာစေ . သွားစေ .. ၀င်စေ .. ထွက်စေ
စားစေ .. သောက်စေ .. နေစေ .. အိပ်စေ
ပေးစေ . ယူစေ ..ကူစေ ..မစေ

ဆင်းရဲချမ်းသာ မျှဝေ
ဆင်းရဲချမ်းသာ မျှနေ

အရင်လိုပဲ အစဉ်လိုတွဲ
အခင်ပိုဆဲ  အကြင်ပိုကဲ
နင်လိုငါလိုပဲ နေကြတယ်။

ဒါပေမဲ့
ဇာတွေချဲ့
ငါတွေထည့်ပြီး
မိတ်ဆွေဂုဏ်ရည် မဲ့သူတွေကတော့ …၊
ပကာသနတွေ မောက်
မာနတွေ ရောက်
လာသမျှတွေ ဟောက်
မူရင်းစိတ်တွေ ဖောက်
လူရင်းဆိုတဲ့ စိတ်တွေပျောက်
ကူညီခြင်းဆိုတဲ့ အေးမြတဲ့အရိပ်တွေ ဖျောက်ပြီး
မိတ်ဆွေဆိုတဲ့ ဂုဏ်ဒြဗ်တွေကို ချောက်စေခဲ့ကြတယ်။


                                         ကောင်းသစ် (ကန်တော်သာ)

Friday, January 18, 2013

ကိုယ်ကျင့်တရား ၎

တက္ကသိုလ်ကျောင်းသားများသည် မိဘဆွေမျိုးများ မသိအောင် မိမိတို့အိမ်မှတန်ဖိုးအကြီးဆုံး  အဖိုးတန် ရတနာနှင့်ပိုးချည်ပစ္စည်းများကို ခိုးယူခဲ့ကြ၏၊ထို့နောက်တော့  ဒိသာပါမောက္ခဆရာကြီးထံ အသီးအသီး အပ်နှံလိုက်ကြ၏၊သူတို့မျှော်လင့်ချက်ကား ဆရာကြီး၏ သမီးကို လက်ဆက်နိုင်ရန်ဖြစ်၏။

ဆရာကြီးသည် ပစ္စည်းနှင့်ပစ္စည်းရှင်အမည်တို့ကို သေသေချာချာ ရေးမှတ်ထား၏၊ ထို့နောက်တော့  လုံခြုံစိတ်ချရသော နေရာသို့ သိမ်းထားလိုက်၏၊ ပစ္စည်းများလာရောက်အပ်နှံ့ကြသော  ကျောင်းသားများမှာ ကုန်သလောက်ပင် ရှိပေပြီ၊တစ်ယောက်သာ ကျန်တော့သည်၊ ယင်းတစ်ယောက်မှာ ဆရာတစ်ပိုင်း တပည့်
တစ်ပိုင်းဘ၀နဲ့ ပညာယူ ပညာပေးနေသော ဘုရားလောင်းတော်ပင် ဖြစ်ပါ၏၊

ဒိသာပါမောက္ခ ဆရာကြီးသည် သူ၏တပည့်ကြီး ဘုရားအလောင်းတောကို မေးလိုက်၏၊  ငါ့တပည့်ကြီးကတော့ ဘာပစ္စည်းမှ ပါမလာပါလား၊ ဘာလဲ သမီးကို သဘောမကျလို့လား၊ 
 ဒါမှမဟုတ် တစ်သက်လုံး လူပျိုကြီးဘ၀နဲ့ အရိုးထုတ်ဖို့ စိတ်ကူးရှိလို့လား၊
ဒါမှမဟုတ်ရင်လဲ  ယူခဲ့စရာ ပစ္စည်းကို မရှိလို့ မယူခဲ့တာလား၊

ဆရာကြီးပြောတာတွေ တစ်ခုမှ မဟုတ်ရပါ ဆရာကြီး၊ ဆရာကြီး မနေ့က မှာလိုက်တုန်းက
ပစ္စည်းတွေကို ဘယ်သူမှ မသိအောင် ယူခဲ့ရမယ်တဲ့၊
အဲဒါ တပည့် စဉ်းစား ကြည့်တယ်၊ ဘယ်သူမှ မသိအောင် ယူခဲ့ရမယ် .. တဲ့။
လောကမှ မကောင်းမှု လွန်ကျူးတာပဲဖြစ်ဖြစ်၊ ကောင်းမှု လုပ်တာပဲဖြစ်ဖြစ်
ဆိတ်ကွယ်ရာ မသိရာဆိုတာ မရှိပါဘူး၊
ကိုယ်ပြုတာ ကိုယ်တိုင်သိတယ်၊ နောက်ပြီးတော့ တောစောင့်နတ်တွေ တောထဲမှာရှိ
နေတဲ့ နတ်တွေ သိတယ်၊ နောက်ပြီး အကြားအမြင်ရတဲ့ တန်ခိုးရှင်တွေသိတယ်။

ဒါပေမဲ့ လူမိုက်တွေကတော့ သူတို့လုပ်တာ သိသူ မရှိဘူးလို့ အထင်မှားနေကြတယ်၊
တကယ်တော့ လောကမှာ ဘယ်နေရာပဲဖြစ်ဖြစ် ဘယ်အချိန်ပဲဖြစ်ဖြစ် လူသူမသိတဲ့
ဆိတ်ကွယ်ရာ ဆိုတာ မရှိပါဘူး၊
ဒါကြောင့် မသိအောင်ယူအောင်ခဲ့ရမယ်ဆိုတဲ့ဆရာ့ကြီးစကားအရ . ပစ္စည်းယူတဲ့နေရာမှာ
မသိသူ မရှိ၊ အနည်းဆုံးတော့ နတ်များနှင့်အကြားအမြင်ရ တန်ခိုးရှင်တွေ သိနေတာကြောင့်
ဘာပစ္စည်း တစ်ခုမှ မယူခဲ့တာပါ ဆရာကြီး။

ဆရာကြီးသည် ၀မ်းသာနေ၏၊ သူလိုချင်သည်မှာ ပစ္စည်းမဟုတ်၊ ကိုယ်ကျင့်သိက္ခာဖြစ်၏
ကိုယ်ကျင့်မကောင်းလျှင် ပညာတတ်ဖြစ်ပါစေ၊ ပစ္စည်းရှင် ဖြစ်ပါစေ မိမိ၏ ချစ်သမီးအတွက်
စိတ်အေးရမည် မဟုတ်၊ သမီးက  ကိုယ့်ကျင့်ကောင်းလျှက် လက်တွဲဖေါ် ကြင်ဖက်က ကိုယ့်ကျင့်
မကောင်းလျှင် .. အတွဲမညီ ၊ နတ်သမီးနှင့်သူသေ အတူနေသည်နှင့်တူ၏ဟု ထုံးဟောင်းစကား
 ရှိ၏၊ သမီးလည်း ကိုယ်ကျင့်ကောင်း လက်တွဲဖေါ်လည်း ကိုယ်ကျင့်ကောင်းမှ
နတ်သမီးနှင့်နတ်သား လိုက်ဖက်ညီသည့် ပါရမီရှင်များဟု ဆိုထားသည် မဟုတ်ပါလား။

မိမိမှာ ပစ္စည်းမလို၊ လိုနေသည်ကား ကိုယ်ကျင့်ကောင်းသော သမီး၏ဘ၀လက်တွဲဖေါ်ဖြစ်၏၊
ယခုတော့ ရပေပြီ၊ မိမိ၏ အမျိုးအနွယ်ကို ပညာနှ့င့်သာမက ကိုယ့်ကျင့်သိက္ခာနှင့်ပါမြှင့်တင်မည့်  
သူကို ရှာတွေ့လိုက်ပေပြီ။

ဆရာကြီးသည် တပည့်အားလုံးသိအောင် ပြောကြားလိုက်တော့၏၊ မိမိသည် သမီးနောင်ရေးအတွက်
စိတ်အေးရအောင် ကိုယ်ကျင့်သိက္ခာကောင်းသူကို ရှာဖွေလို၍ ယခုလို စီစဉ်ရခြင်းဖြစ်၏၊ ပစ္စည်းလို၍
မဟုတ်ပါ၊ ယခုတော့ သင်တို့အမြင် ကိုယ်ကျင့်သိက္ခာကောင်းသူကို တွေ့ရပေပြီ။ ထို့ကြောင့် . ဆရာတစ်ပိုင်း
တပည့်တစ်ပိုင်းဖြစ်သည့် (ဘုရားလောင်း ) ပုဏ္ဏားလေးကို သမီး၏ ဘ၀လက်တွဲဖေါ်အဖြစ် ရွေးချယ်လိုက်
ပေပြီ။ ဤသည်မှာ ဒိသာပါမောက္ခရောကြီး၏ သို့မဟုတ် ဖခင်တစ်ဦး၏ သမီးအတွက် မှန်ကန်သော   ရွေးချယ်မှုပင် ဖြစ်ပါ၏
ဆရာကြီးသည် တပည့်များ လာရောက်အပ်နှံသည့် ပစ္စည်းများကို  လက်ခံစဉ်က ရေးမှတ်ထားသည့်
အတိုင်း တပည့်များအား တိတိကျကျ  ပြန်လည်ပေးအပ်လိုက်၏၊
ထို့နောက်တော့ မိမိသမီးလှရတနာကို လက်ဝတ်ရတနာ တန်ဆာများဆင်ယင်၍ ဘုရားအလောင်းတော် လက်သို့ အပ်နှံလိုက်လေတော့၏၊ 


 သားသမီးနောင်ရေး စိတ်အေးလိုသော မိဘတိုင်းသည် မိမိ၏ သားသမီးတို့အတွက် ကြင်ဖေါ်ကြင်ဘက်
ရွေးချယ်သောအခါ စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်သော ကိုယ်ကျင့်ကောင်းသူကိုသာ ရွေးချယ်နိုင်ကြပါစေ..။

မကောင်းဖြစ်ထာ ကောင်းရာညွှန်လတ် အတတ်သင်စေ ပေးဝေနှီးရင်း ထိမ်းမြားခြင်းလျှင်
ဝတ်ငါးအင် ဖခင်မယ်တို့တာ

                                                                                        ကောင်းသစ် (ကန်တော်သာ)

Friday, January 4, 2013

ဂုဏ်နှင့်အပြစ်



လောကလူ အများစု သုံးနေသော စကားတစ်ခုရှိ၏၊
“ သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါတဲ့”

တစ်ချို့ က ပတ်ဝန်းကျင်ကို လိုက်၍ အရောင်ပြောင်းတတ်ကြ၏၊ ပတ်ဝန်းကျင် ကောင်းလျှင်
ကောင်းအောင်ပြုမူနေထိုင်တတ်ကြသော်လည်း ပတ်ဝန်ကျင်းမကောင်းဟုထင်လျှင်တော့ . မကောင်းသော အပြုအမူများ ပေါလွင်လာတတ်ကြပါ၏၊ အမှန်အားဖြင့် ပင်ကိုစရိုက်ကောင်းသော သူတော်ကောင်းဟူသည် သူ ကောင်းကောင်း မကောင်းကောင်း  ကောင်းသောအပြုအမူများကိုသာ ပြုမူတတ်ကြပါ၏၊

ယခုတင်ပြမည့် အကြောင်းအရာလေးသည် . သူကောင်းနေတုန်း၌ သူတော်ကောင်းဟု ကောင်းသ တင်းများ ထွက်နေသော်လည်း သူ မကောင်းသောအခါ သူတော်ကောင်းဂုဏ် ပျက်စီးသွားသည့် သာဝတ္ထိက ဖြစ်ရပ်မှန်လေး တစ်ပုဒ်ဖြစ်ပါ၏။

                                        
သူမနာမည်မှာ  ကာဠီ - ပါ၊
သာဝတ္ထိပြည်မှာ နေထိုင်သူ တစ်ယောက်ဖြစ်ပါတယ်၊
သာဝတ္ထိဆိုတာ အများသိတဲ့အတိုင်း လူမျိုးစုံ ဘာသာစုံ လုပ်ငန်းစုံ လူတန်းစားအလွှာလည်းစုံပြီး  အစုံရှိတဲ့ အထင်ကရ မြို့တော်ကြီးတစ်မြို့ပါ၊ အဲဒီလို မြို့တော်ကြီးမှာ နေရသူဆိုလို့ ကာဠီကို အထင်တော့ မကြီးလိုက်ပါနဲ့၊ သူများအိမ်မှာ ကျွန်အဖြစ်နဲ့ မှီခို ရပ်တည်နေရတဲ့ ကျွန်မ တစ်ယောက်ပါ။ ကျွန်ဆိုသော်လည်း ကျွန်မကာဠီဟာ ၀ီရိယရှိတယ်၊ လုပ်ငန်းကျွမ်းကျင်တယ်၊ အိမ်မှုကိစ္စမှန်သမျှလည်း လစ်ဟာမှု မရှိရအောင် စီမံလုပ်ကိုင်တတ်သူဖြစ်ပါတယ်၊ဒါကြောင့် ကျွန်လောကမှာတော့ ကာဠီဟာ စံပြကျွန်လို့တောင် ပြောလို့ရပါတယ်၊ တစ်ချို့က ပြောကြတယ်၊ ခိုင်းမှလုပ်ရင် ကျွန်တဲ့၊ အမှန်တော့ ကာဠီတို့လို ကျွန်တွေဟာ မခိုင်းပဲ ကိုယ့်အလုပ်ကို လုပ်နေကြရပါတယ်၊ ဒါပေမဲ့ ကျွန်ဟာ ကျွန်ပါပဲ၊ ကိုယ့်အသိနှင့်လုပ်လို့ သခင်ဖြစ်လာသူ မရှိခဲ့ပါဘူး၊ခိုင်းလို့ပဲ လုပ်လုပ် မခိုင်းပဲလုပ်လုပ် ကျွန်ဟာ ကျွန်ပါပဲ၊

ပတ်ဝန်းကျင်က ချီးမွမ်းခန်း ဖွင့်ကြတယ်၊. ကျွန်မကာဠီရဲ့ သခင်မ ဝေဒေဟိကာဟာ နူးညံ့တယ်၊ သိမ်မွေ့တယ်၊ရိုသေနှိမ့်ချမှုရှိတယ်၊ နောက်ပြီး အေးအေးလေး နေတတ်သူဖြစ်တယ်၊
ရိုးသားဖြူစင်ပြီး စိတ်ကောင်းရှိတဲ့ သူတော်ကောင်း တစ်ယောက်ဖြစ်တယ် ၊ ကာဠီတို့ ဒီလိုသခင်မဆီမှာ ဖြစ်ခွင့်ရတာ  သိပ်ကံကောင်းတယ်. . .တဲ့။

သူ့သခင်မရဲ့ ကောင်းသတင်းတွေကို နားနှင့်မဆန့် နေ့စဉ်ရက်ဆက် ကြားလာရတဲ့အခါ ကာဠီတစ်ယောက် အတွေးတစ်ခု ပေါက်လာတယ်၊
သူ့ သခင်မ  ဝေဒေဟိကာဟာ ပင်ကိုယ်စရိုက်ကိုက ကောင်းနေလို့ ကောင်းတာလား၊ ဒါမှမဟုတ် သူ့ဘက်က တာဝန်ဝတ္တရားတွေ ကျေပွန်လို့ ကောင်းနေတာလား၊
သခင်မဟာ ကောင်းတော့ ကောင်းနေတာ အမှန်ပဲ၊ ဒါပေမဲ့ ဘာ့ကြောင့် ကောင်းတယ်ဆိုတာ မသိရဘူး၊  အဲဒီတော့ သိအောင် လုပ်ကြည့်မယ်၊ ဟုတ်တယ် ၊ သိအောင် လုပ်ကြည့် ရမယ်။

အခါတိုင်းဆို ကျွန်မကာဠီဟာ နံနက်စောစော အိပ်ရာမှ ထနေကြ၊ အမှိုက်လှဲ ရေခပ် အိမ်မှုကိစ္စ မှန်သမျှ ကို မခိုင်းရပဲ လုပ်နေကြ၊ ယနေ့တော့ နေမြင့်မှ အိပ်ရာမှထ၏၊နေမြင့်မှ အိပ်ရာမှထသော ကာဠီကို သခင်မက မေးတယ်၊
ဟယ့် … ကာဠီ … ဒီနေ့ အိပ်ရာထ နောက်ကြလှချည်လား၊ ခေါင်းကိုက်လို့လား၊ ခါးနာလို့လား၊ ဘာဖြစ်လို့ နောက်ကျရတာလဲ၊
ဘာမှ မဖြစ်ပါဘူး သခင်မ၊
ဘာ . .. ဘာမှ မဖြစ်ဘူး ဟုတ်လား၊ ဘာမှ မဖြစ်ဘဲနဲ့ ဒီလောက်တောင် အိပ်ရာထ နောက်ကျရသလား၊
သခင်မ ကာဠီသည် နောက်ထပ် ဘာမှတော့ ဆက်မပြော၊သို့သော် သူ့မျက်နှာက မနှစ်မြို့သော အမူအရာ စိတ်တိုင်းမကျသော အမူအရာက ဖုံး၍မရ၊ အထင်သား မြင်တွေ့လိုက်ရ၏၊ကာဠီ မှတ်ချက်
တစ်ခု ချလိုက်၏၊ သခင်မမှာ ဒေါသရှိတယ်၊ ငါကောင်းနေလို့သာ သခင်မ ကောင်းနေတာဖြစ်ရမယ်။

ဒါနဲ့ နောက်တစ်ရက်..၊
ကာဠီဟာ ဒီနေ့ အရင်နေ့ထက် ပိုနောက်ကျမှ ထတယ်၊
သူ့ သခင်မ ဝေဒေဟိကာ ခါတိုင်းထက် အိပ်ရာထ နောက်ကျပြန်သော ကာဠီကို
မေးပြန်တယ်၊
ဟယ့် ကျွန်မယုတ် ကာဠီ ဘာဖြစ်လို့ ဒီလောင်တောင် နေမြင့်အောင် အိပ်နေရတာလဲ၊
ဘာမှ မဖြစ်ပါဘူး သခင်မ၊
ဘာ … ဘာမှ မဖြစ်ဘူး ဟုတ်လား၊ ဘာမှ မဖြစ်ဘဲနဲ့ ဒီလောက်ထိ နေ့မြင်အောင် အိပ်ရသလား၊ ကျွန်ဆိုတာ မှတ်ထား၊ သခင်ရဲ့  နောက်ကျမှ အိပ်ပြီးတော့သခင်ထက် စောစော ထရတယ်၊  သခင့်အတွက် လုပ်စရာရှိတာ ကြိုတင်လုပ်ထားပြီး အိမ်မှုကိစ္စမှန်သမျှကို  ဆက်ပြီးတော့  လုပ်ရတယ်၊ နင် ခါတိုင်း ဒီလို မဟုတ်ပါဘူး၊ ခုမှ ဘာဖြစ်နေတာလဲ၊ ကျွန်သက်လေးနဲနဲရလာလို့  ငါ့ကို ပုန်ကန်နေချင်တာလား၊ ဟင်း စမ်းကြည့်လိုက်လေ၊ ငါ ဘယ်လို လူစားမျိုးဆိုတာ သိချင်ရင်၊  မနေ့ကလဲ အိပ်ရာထ နောက်ကျတယ်၊ ဒီနေ့ မနေ့ကထက် ပိုပြီး နောက်ကျမှ ထတယ်၊
ကိုယ့်ကိုယ်ကို ကျွန်မဆိုတာလဲ သတိထားအုံးနော်.၊ဒီအချိန်ထိ ဇိမ်နဲ့ အိပ်နေရအောင် သူ့ကိုသူ သခင်မများ  မှတ်နေသလား၊ ဟင်း ပြော မပြောလိုက်ချင်ဘူး၊
သခင်မဝေဒေဟိကာဟာ  ပြော မပြောလိုက်ချင်ဘူးသာဆိုသည်၊ သူပြောချင်ရာများကို မျက်နှာကြီး ရှစ်ခေါက်ချိုး အောက်သိုးသိုးနှင့် ပြောသွားလေပြီ၊

ကျွန်မ ကာဠီ သဘောက်ပေါက်သွား၏၊ သူကောင်းနေလို့ သူ့သခင်မ သူ့အပေါ် ကောင်းနေတာပါ၊
သခင်ဆိုတာ ရုံးနိုင်တုန်းတော့ ဟေ့သားကြီး ဟေ့သားကြီးနဲ့ အားပေးသော်လည်း မရုံးနိုင်တဲ့ တစ်နေ့
ကျတော့ ဟေ့နွားကြီး ဟေ့ နွားကြီးလို့ အော်ငေါက်တတ်တတ်တဲ့လူမျိုးပါ၊ ဒါ သဘာဝပါ၊ ဒါပေမဲ့ အဲဒီ
သဘာဝ ဘယ်လောက်ထိ အကျည်းတန်နိုင်မလဲဆိုတာ ဆက်ပြီး စူးစမ်းကြည့်ရမယ်၊ ကဲ သခင်မ
ဘယ်လောက်ထိ ကဲနိုင်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့  ကောင်းသတင်းဂုဏ် စုံလှတဲ့ သခင်မ
ကြီးရေ။

အင်း ဒီနေ့ သခင်မစိတ်ဓာတ် စမ်းသပ်ပြီးရင်တော့ တော်လောက်ပါပြီး၊ အနုသယ မကင်းသေးသူ မှန်
သမျှ အကြောင်းတိုက်ဆိုက်လာရင် စိတ်ဓာတ်မှန် ပေါ်စမြဲပဲ၊ သခင်မရဲ့ အနုသယ ဘယ်အဆင့်ရှိသလဲ
ဆိုတာ ဒီနေ့ နောက်ဆုံး အဖြေပဲ၊ သခင်မအတွက် ရလာဒ်ကောင်းလေး ရပြီး အဖြေကောင်းလေး ထွက်နိုင်ပါစေ..။

ကာဠီသည် ဒီနေ့အိပ်ရာမှ ထချိန် နေကို မော့ကြည့်လိုက်၏၊ အင်း အတော်ကို နေမြင့်နေပြီပဲ၊
ထိုအခိုက် သူ့သခင်မ အော် ခေါ်လိုက်သံကို သူ ကြားလိုက်ရ၏၊
ဟေ့ ..  ဟေ့ ကျွန်မစုတ် ကာဠီ ဘာဖြစ်လို့ နေမြင့်မှ အိပ်ရာက ထရသလဲ ပြောစမ်း၊
ဘာ ဘာမှ မဖြစ်ပါ သခင်မ၊
 ဘာ ဘာမှ မဖြစ်ပါလဲ .. ဘာ သခင်မလဲ၊  ခေါင်းကိုက် ခါးနာ ဖျားနာခြင်းလည်း မရှိပါဘဲ ကျွန်ဖြစ်နေပြီး ဒီလောက်တောင် နေမြင့်အောင်ထိ အိပ်နေ ရသလား၊
သခင်မ ဝေဒေဟိကာသည် သူ့ဒေါသစိတ်ကို မထိမ်းနိုင်တော့ ၊ ထို့ကြောင့် သူနားအလွယ်တကူရှိ
သော မင်းတုပ် ( တံခါးကိုပိတ်သော သစ်သားချောင်း) ဖြင့် ကျွန်မ ကာဠီ၏ ဦးခေါင်းကို ရိုက်ချလိုက်
လေတော့သည်၊ ဒုတ် .  အား . အမေရေ . ကာဠီသည် နာကျင်လွန်း၍ အမေကိုပင် တမှိလိုက်၏ .။

ကာဠီ၏ ခေါင်းသည် မီးပွင့်မတတ် ပူလောင်သွား၏၊ သူမ ခေါင်းကို လက်ဖြင့် စမ်းကြည့်လိုက်၏
စစ်ကနဲ စစ်ကနဲ နာကျင်မှုနှင့်အတွင် သူများယိုစီး၍ ကျလာလေပြီး၊ သူမ ဦးခေါင်း ကွဲသွားလေပြီ၊

ကာဠီသည် သူမ ဦးခေါင်းကွဲသည့်နေရာကို လက်နှစ်ဖက်ဖြင့် ဖိလျှက် ယိုစီးနေသော သွေးများကို 
မသုတ်ပဲ လမ်းမဘက်သို့ ပြေးထွက်သွားတော့၏၊ ထို့နောက်တော့ …..၊
ကြည့်ကြပါအုံး အရပ်ကတို့ .. အရှင်မတို့ ချီးမွမ်းခန်း ဖွင့်နေကြတဲ့ နူးညံ့သိမ်မွေသူ၏ ရိုက်ချက်၊  နှိမ့်ချစွာနေတတ်သူ ဆိုသောသခင်မ၏ ရိုက်ချက်၊ အေးအေးဆေးဆေး နေတတ်သူဟု ဆိုသော သခင်မရဲ့  အကြင်နာမဲ့သော ရိုက်ချက်၊ ကိုယ်နှုတ်ဖြင့် ပြစ်မှုကျူးလွန်မှုမရှိပါပဲ အိပ်ရာထ နောက်ကျရုံ သက်သက်ဖြင့် တစ်ကောင်ကြွက် အဖေါ်မဲ့ တစ်ယောက်တည်းဖြစ်တဲ့ ကျွန်မကို ဦးခေါင်းကွဲအောင်ရိုက်နှက်သော အဖြစ်ကို ကြည့်ကြပါအုံး ..ဟု အော်ငိုလျှက် အိမ်နီးနားချင်းများကို တိုင်တမ်းပြောဆိုလေတော့၏၊၊

ထိုအခါမှ စ၍ တစ်ချိန်က ကျွန်မကာဠီရဲ့ သခင်မ ဝေဒေဟိကာဟာ နူးညံ့တယ်၊ သိမ်မွေ့တယ်၊ ရိုသေနှိမ့်ချမှုရှိတယ်၊ နောက်ပြီး အေးအေးလေး နေတတ်သူဖြစ်တယ်၊ရိုးသားဖြူစင်ပြီး  စိတ်ကောင်းရှိတဲ့ သူတော်ကောင်း တစ်ယောက်ဖြစ်တယ် ၊ ကာဠီတို့ ဒီလိုသခင်မဆီမှာ ဖြစ်ခွင့်ရတာ  သိပ်ကံကောင်းတယ်… ဆိုတဲ့ ကောင်းသတင်းဂုဏ်ဟာ ကျွန်မကာဠီကို ဦးခေါင်းကွဲအောင် ရိုက်လိုက်မှိတဲ့ အချိန်က စပြီး  ပျောက်ကွယ် သွားပါတော့တယ်၊

ထိုအချိန်မှစ၍ .. ကာဠီရဲ့  သခင်မ ဝေဒေဟိကာသည် မိန်းမကြမ်းကြီးဖြစ်၏၊ နှိမ့်ချစွာ နေထိုင်တတ်သူ မဟုတ်၊အပေါ်စီးကနေ၍ ပြောဆို ဆက်ဆံတတ်သူဖြစ်၏၊ အေးအေးဆေးဆေး နေတတ်သူ မဟုတ်၊ ပူညံ ပူညံ လုတ်တတ်သူဖြစ်၏၊စိတ်ထားဖြူစင်သူမဟုတ်၊ စရိုက်ကြမ်း၍ စိတ်ကြမ်း ကိုယ်ကြမ်းရှိသူသာဖြစ်၏ဟု သတင်းဆိုးများသည် သာဝတ္တိတပြည်လုံး ခဏချင်း ပျံ့ နှံ့၍ သွားလေ တော့၏၊၊

ဂုဏ်တို့မည်သည်ကား ဖြေးဖြေးချင်း လာတတ်ကုန်၏၊ အပြစ်တို့သည်ကား တစ်နေ့တည်းဖြင့်ပင်
ပျံ့ နှံ့ တတ်ကုန်၏။

                                                                                    ကောင်းသစ် (ကန်တော်သာ)

Friday, August 24, 2012

သြ၀ါဒထူးပျို့ ဆုံးမစာများ

မှတ်နားစိပ်လော့၊ မအိပ်ရာချေ၊ မနေရာအပ်၊ မရပ်ရာငြား၊ မသွားရာမှတ်၊ မဝတ်ရာကျင်၊ မဆင်ရာများ၊ မစားရာမြောက်၊ မသောက်ရာမှု၊ အစုစုကို၊ ယခုရှေ့ဖျား၊ ပြန်လျှောက်ကြားပိမ့်။
                                                            ( မအိပ်ရာချေ )
သုံးပါးရတနာ၊ ဆရာသမား၊ ဘိုးဘွားမိဘ၊ စိုးရသခင်၊ ဂုဏ်အင်ကြီးထူ၊ ကိုယ်တူရင်းရှည့်၊ဖြစ်သည့်သူအား၊
ခြေရင်းထား၍၊ ပေါ့စားလွယ်ကာ၊ မအိပ်ပါနှင့်၊ ဆည်းဆာနေဝင်၊ ဆဲဆဲတွင်၌၊ အိပ်ချင်သော်လည်း၊ စိတ်ကိုတည်း၍၊ နည်းစေအိပ်မှောင်၊ နေထွက်အောင်လျှင်၊ ရှောင်လေလျဥ့်လျဥ့်၊ တစ်ညဥ့်သုံးခါ၊နိုးကြား
ရာ၏၊လက်ယာလက်ဝဲ၊ အိပ်နေမြဲလော့၊ ကွဲလွဲငုံ့တုံ၊ မှောက်ခုံပက်လက်၊ မအိပ်စက်နှင့်၊ ကိုယ့်ထက်မူယူ၊
မြတ်သည့်သူကို၊ အတူနွှဲယှက်၊ အိပ်ဖက်မပေါင်း၊ တောင်စောင်းအနောက်၊မြောက်သို့တူရှူ၊ ခေါင်းမမူရာ၊
ရှေ့မျက်နှာနှင့်၊ တောင်ညာစင်းစင်း၊ ခြေရင်းမပြု၊ ခုလုထစ်ခွင့်၊ နိမ့်မြင့်စောင်းထောင်၊ မာခေါင်ကျောလွန်း၊
ကြမ်းစွန်းဖျားနား၊ မိုးတားရံကာ၊ လွတ်ရာမှာလည်း၊ ရှောင်ပါအိပ်ခင်း၊ လွတ်ရှင်းရှင်း။....
                                                             ( မနေရာအပ် )
အသက်အရွယ်၊ အနွယ်အမျိုး၊ အရိုးအရာ၊ ကိုယ့်ထက်သာသား၊ ဂုဏ်ဝါစံမြောက်၊ သူတို့မှောက်ဝယ်၊
ရှေ့နောက်စူးစူး၊ မြင့်ဖြူးလေညာ၊ နီးစွာဝေးလွန်း၊ မစွန်းခြောက်ပြစ်၊ ချပုဆစ်နှင့်၊ ကျစ်လစ်လှစေ၊ တင်ပျဉ်ခွေ၍၊လက်ခြေကားယား၊နံပါးရှည်နွဲ့၊စောင်းလှည့်နောက်ဖီ၊အုံးမှီလက်ထောက်၊
မတ်စောက်ဆောင့်ကြောင်၊ဒူးထောင်လက်ဖွဲ့၊ မထီမဲ့လျှင်၊ မနွဲ့မကိုင်း၊ ခိုင်းတိုင်းကျားတား၊
မပြားမဝပ်၊မနေအပ်ရှင့်။......
                                                              ( မရပ်ရာငြား )
မရပ်သင့်ရာ၊ ရှောင်ခွင့်မှာမူ၊ လောကာဓိပ္ပ၊ ပြည်မသခင်၊ ရှင်မိဖုရား၊ သားတော်သမီး၊ ဝန်ကြီးဝန်ငယ်၊ မင်းနွယ်စိုးဆွေ၊ ယှဉ်နေနီးစပ်၊ ဆက်ကပ်ပွဲလမ်း၊ မင်းခမ်းဆောင်ရွက်၊ စားခွက်စားယောက်၊ အပါးရောက်က၊
မလျှောက်မပတ်၊ မတ်လတ်ရိုင်းစိုင်း၊ မကိုင်းမပျပ်၊ မတွားဝပ်ပဲ၊ မရပ်သင့်ချေ၊ ရပ်မိလေက၊ မင်းဒဏ်ကျ၏၊ 
မိဘဆရာ၊ ပညာဂုဏ်ဖြီး၊ သက်ကြီးရွယ်လွန်၊ ကျင့်မွန်မဖောက်၊ ရဟန်းမှောက်ဝယ်၊ ချစ်ကြောက်ကြည်ညို၊
အရိုအသေ၊ အချေအငံ၊ ညွတ်ကျိုးနွံမှ၊ အာသံမှတ်ကြိုး၊ ဆုပြည့်ဖြိုးအံ့၊ မိုးတိုးမားတား၊ မပြားမပျပ်၊ မဝပ်မကိုင်း၊ ခိုင်းတိုင်းကြမ်းတမ်း၊ အမှန်းမသိ၊ဒိဋ္ဌိမူကျင့်၊ မရပ်သင့်သည်၊ပြစ်လွင့်လွတ်ကင်း၊ကြဉ်ရှောင်ကွင်း။.
                                                              ( မသွားရာအပ် )
စိုးမင်းသခင်၊ အရှင်မိဘ၊ ရှေ့သိုကျသော်၊ ကုန်းကွတုပ်ပျပ်၊ နှိပ်ဝပ်ညွတ်ထိုင်၊ နောက်ယိုင်ရှောင်ရှား၊ 
သွားမှုလာမှု၊ ယဉ်နုလှစေ၊ အခြေကြမ်းတမ်း၊ ရှေ့မသန်းနှင့်၊ စိုးနန်းမင်းအိမ်၊ ဆိပ်ငြိမ်စက်တော်၊ 
ခေါ်သည့်အခိုက်၊ တိုက်ရိုက်သူ့နား၊ မကြားစေလို၊ ထိမ်ဝှက်သို၍၊ ပြောဆိုသည့်ခိုက်၊ ထိုက်လိုက်ချီးမြှောက်၊
စားသောက်ဖွယ်ရေး၊ တည်ကျွေးသည့်ခိုက်၊ မှားမိုက်ကျေးကျွန်၊အပြစ်ဝန်နှင့်၊ဒဏ်ရှိသူအား၊ထားသည့်
ရပ်မြေ၊ဖုတ်တစ္ဆေနှင့်၊ ကင်းမြွေထူထဲ၊ ကျားရဲသစ်ရူး၊ ဘီလူးရှိရပ်၊ ပေါ်လျှပ်ကောက်ကျစ်၊ မူညစ်သွမ်းဆိုး၊
သူခိုးဖမ်းရာ၊ ကန္တာရတော၊ မြစ်ကြောနစ်ကျယ်၊ ပင်လယ်သမုဒ်၊ သတ်ပုတ်တွန်းလှန်၊ ခိုက်ရန်တွေ့ပွဲ၊
ငြင်းခုံဆဲနှင့်၊ သောင်းသဲစည်ပင်၊ ပွဲသဘင်သို့၊ သွားချင်မှုသာ၊ မသွားရာတည့်၊ ကြမ်းမှာခြေနင်း၊
မပြင်းညံသက်၊ လွန်ဖြည်းညက်စေ၊ ညဥ့်နက်မှောင်မည်း၊ တယောက်ထည်းလည်း၊ 
တင့်ရည်းပေါ့သွပ်၊ မသွားအပ်သည်၊ ကြပ်ကြပ်ဝမ်းတွင်း၊ မှတ်သွတ်သွင်း။........
                                                             ( မဝတ်ရာကျင် )
ရှောင်ပါစေချင်၊ အ၀တ်တွင်လည်း၊ မစင်မကြယ်၊ ရွံဖွယ်စက်ဆုပ်၊ မည်းပုပ်မွဲပြာ၊ စာမချေသေး၊ 
ဖွပ်ဆေးမလျှော်၊ညှီစော်မြှေးသမ်း၊ ဟောင်းနွမ်းစုတ်ပြတ်၊ ညှိုးညစ်ပတ်က၊ မဝတ်လေရာ၊ ဥစ္စာရွှေငွေ၊
ဆန်ရေစပါး၊ ကျွဲနွားယာလယ်၊ လိုမယ်မတ၊ စိတ်တိုင်းကျလျက်၊ ကြွယ်ဝပြည့်စုံ၊ ကုံလင်းကစား၊စိုးမင်း
လားသို့၊သောက်စားသမှု၊ ဝတ်တုမမူ၊ ရှေ့ရှုနောက်ချင့်၊ ကိုယ်နှင့်အင်တန်၊ သင်အောင်ဖန်၍၊ ခန့်ရန်တော်
ရာ၊ကောင်းမြတ်ပါလည်း၊ စိတ်မှာချင်ချင်၊ မရှိလျှင်မူ၊ မဆင်ဝတ်သင့်၊ မိုးမြင့်ကဲကျူး၊ ဝတ်ထူးစားဆန်း၊
မွင့်လန်းရောင်ဝါ၊ ယဉ်ကျေးစွာကို၊ ချိန်ခါမဲ့ပဲ၊ မဝတ်လဲနှင့်၊ တွဲလွဲများလျား၊ ဖားရားမြေထိ၊ ရှေ့ငြိနောက်ကျ၊
ခြေချဖဝါး၊ နင်းသွားမသာ၊ ဝါဝါကားကား၊ ကြွားကြွားဝင့်ဝင့်၊ ဝတ်သဖြင့်လည်း၊ မတင့်တယ်ရာ၊ ဓမ္မတာလျှင်၊
လှမ်းသာကြွလွယ်၊ ညာဘယ်နောက်ရှေ့၊ ညီစေ့လျဥ့်လျဥ့်၊ မယဥ့်မတောင်း၊ ဆင်ဝတ်ကောင်းသည့်၊
ကျိုးကြောင်းပြစ်ကင်း၊ မြှော်ရှုတင်း။......
                                                            ( မဆင်ရာများ )
တန်ဆာပလာ၊ ဆင်ဖွယ်မှာလည်း၊ ရတနာရွှေငွေ၊ လွန်မြတ်စေလော့၊ အနေဆုတ်ယုတ်၊ ခါမဟုတ်က၊
ဖော်ထုတ်ပြုပြင်၊ မဆင်ယင်နှင့်၊ ဆံကျင်ဆံထိုး၊ ခါးကြိုးဥိးစောက်၊ လယ်ကောက်လက်ကြပ်၊ လက်စွပ်နားပန်၊ ပန်းမာလ်ခြေကျင်း၊ ရှောင်ကွင်းလည်မှာ၊ ဆင်တန်ဆာလည်း၊ ကာလာဒေသ၊ နေ့ညမှတ်ကြိုး၊ အမျိုးအနွယ်၊ အရွယ်အသက်၊ ချင့်တွက်ယုတ်မြတ်၊ ဆင်ယင်တတ်မှ၊ ဆင်ဝတ်သ၍၊ သူ့စိတ်တွေ့၏။.....
                                                       ( မစားရာမြောက် )
ညဥ့်နေ့မခြား၊ မစားရာမြောက်၊ စားခင်းမှာတုံ၊ ရသာထွေပြား၊ မြိန်မြတ်ငြားလည်း၊ စားမကြူးရာ၊ပူဆာစပ်ငန်၊
ချဉ်ဖန်ချိုခါး၊ထွေထွေစားလည်း၊သုံးပါးဥတု၊မြှော်ရမ်းရှုလော့၊မှီခုတစောင်း၊အိပ်လျောင်းဝပ်စင်း၊
ခြေဆင်းပေါင်ထောင်၊ ဆောင့်ကြောင်မတ်စောက်၊ တောင်မြောက်ကြည့်ကွက်၊ ရပ်လျက်သွားလျက်၊
နှစ်ဘက်ပါးနား၊ အံစောင်ဝါး၍၊ မစားလေသင့်၊ ကော်လွှင့်ဝှေ့ဟန်၊ ကျောက်ကန်ပုတ်ခတ်၊ ကိုက်ခဲတတ်သည့်၊ သတ္တဝါသား၊ မထွားမဆူ၊ သိုးအူပုပ်လှောင်၊ ညှီဟောင်သမျှ၊ မစားရသည်၊ နေ့ညမကင်း၊ ကြည်ရှောင်မင်း။..
                                                        ( မသောက်ရာမှု )
မသောက်အပ်ထွေ၊ ရှောင်ပါလေလော့၊ မေရယငါး၊ သူရာငါးနှင့်၊ ပိုးမွှားလောက်ကျိ၊ မြူတိနောက်ထင်၊ သန့်စင်မကြည်၊ ရေကိုသည်လည်း၊ ချုပ်ဆည်းအာသာ၊ မသောက်ရာတည့်၊ ဘယ်ညာလွှဲလက်၊ရေခွက်
ဖလား၊လက်ဝါးပြောင်းပြန်၊ ကိုင်ဟန်လှန်မှောက်၊မသောက်ပြန်ရာ၊ဟင်းမှာရေထုတ်၊ဟင်းရှုတ်ရေကို၊
မမျိုလေထိုက်၊မကျိုက်လေအပ်၊ သတိကြပ်လော့၊ ရှစ်ရပ်ဖျော်ရည်၊ ဆီကြည်ထောပတ်၊ မြိန်မွန်မြတ်လည်း၊
ကြိုက်တတ်သောအား၊ လျှာကိုတား၍၊ မများစေရ၊ သင့်ရုံမျှသာ၊ သောက်လေရာ၏၊ စာနာခန့်ချိ၊
မျက်စိအကျင့်၊ ဝမ်းအချင့်ဟု၊ ယခင့်ဝေါဟာ၊ ထင်ရှားစွာနှင့်၊ သူရာသောက်ဝယ်၊ ပြစ်ခြောက်သွယ်ကား၊
လိုမယ်မရ၊ ရှိမျှဥစ္စာ၊ ပျောက်တတ်စွာ၏၊ နှုတ်သာလက်လွန်၊ ရန်လည်းခိုက်ထိ၊ ပွါးတတ်ဘိ၏၊ မျက်စိသီဝေ၊
လက်ခြေတုန်ယင်၊ မဝင်ဝမ်းတွင်း၊ ထမင်းမစား၊ ရောဂါများ၏၊ ပြစ်သားစင်စင်၊ လူရှင်ကဲ့ရဲ့၊ သတင်းမဲ့၏၊
ရှက်ဖွဲ့အရာ၊ ကျောက်ခင်းမှာလည်း၊ အင်္ဂါကိုယ်လုံး၊ မဖုံးလွှမ်းနိုင်၊ စွဲကိုင်ကျိုးပြစ်၊ စိစစ်မမြင်၊ ဆင်ခြင်မရှိ၊
သတိပညာ၊ လျော့ညံ့ရာသည်၊ မကြာလက်ငင်း၊ မျက်မှောက်တွင်း။..
 
ဝန်ခံချက်..မူရင်း   http://wwwtharginwe.blogspot.com/ မှ ကူးယူ ဖေါ်ပြပါသည်။