.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Thursday, October 13, 2011

အဘိဓမ္မာအခါတော်နေ့


သီတင်းကျွတ်လသည် မြန်မာလ ၁၂ လတွင် သတ္တမ မြောက် လဖြစ်ပြီး ရဟန်းသံဃာတော်တို့ မိုးရာသီခိုအောင်းရာ ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည်။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး
အဿဝတီ နက္ခတ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည်။ ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း (Nymphaea Lotus) ဖြစ်ပါသည်။   

သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သံတူလ´ ဟု ရေးထိုးကြသည်။ ချိန်ခွင်ပုံ ကြယ်
တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟုလည်းကောင်း၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသော စပါးပင်များ သန်စွမ်းစွ ထောင်မတ်သော “လ”ဟုလည်းကောင်း ဖွင့်ဆိုကြပါသည်။ မြန်မာတို့၏ ၁၂ လ ရာသီပွဲတော်များတွင် သီတင်းကျွတ်လတွင် မီးထွန်းပွဲ ခေါ် ဆီမီးမြင်းမိုရ်ပွဲကို ကျင်းပကြပါသည်။

ဆီမီးမြင်းမိုရ်ပွဲကို ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကတည်းက ကျင်းပခဲ့သည်ဟု ဆိုလျှင် ဆိုနိုင်ပါ
သည်။ မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ကဏ္ဍမ္ဗသရက်ဖြူပင်အနီး၌ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာ
ကို ပြတော်မူပြီးနောက် သတ္တမမြောက်ဝါတွင်း သီတင်းသုံးရန်အတွက် တာဝတိံသာ နတ်ပြည်သို့ နှစ်လှမ်း သုံးဖ၀ါးဖြင့် ကြွတော်မူပါသည်။ နှစ်လှမ်းသုံးဖ၀ါးဖြစ်ပုံမှာ လူ့ပြည်တွင် ဖ၀ါးတစ်ဖက်ကို နင်းလျက် ယုဂန္ဓိုရ်တောင်ထိပ်သို့ နောက်ဖ၀ါးတစ်ဖက်ကို လှမ်းချလိုက်ပါသည်။ ယုဂန္ဓိုရ်တောင်ထိပ်တွင် ထိုဖ၀ါးကို ချနင်းလျက် နောက်ခြေတော်တစ်ဖက်ဖြင့် တာဝတိံသာ နတ်ပြည်သို့ လှမ်းကြွချနင်းလိုက်ပါသည်။ ဤသို့လျှင် ဖ၀ါးချတော်မူရာ သုံးနေရာနှင့် ခြေတော်နှစ်လှမ်း လှမ်းသည်ကို နှစ်လှမ်းသုံးဖ၀ါး ကြွတော်မူသည်ဟု ဆိုပါသည်။

မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သား အမှုးထား၍ စကြ၀ဠာတိုက် တစ်သောင်းမှ တရားနာ လာရောက်ကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မ တရားတော်မြတ်ကို ဟောကြားတော် မူပါသည်။ ဤသည်ကို ရည်၍ -
“မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ”ဟု ရှေးဆရာမြတ်တို့ ပြောဆို ရေးသားကြပါသည်။


အဘိဓမ္မတရား ဟောကြားတော်မူခြင်းနှင့် စပ်၍ မှတ်သားရပြန်သည်မှာ -
ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ အထိ ရက်ပေါင်း (၉၀)၊ ၀ါတွင်း (၃) လ - အတွင်း ဟောတော်မူခဲ့ကြောင်း သိရှိရပါသည်။
ဤနည်းဖြင့် တာဝတိံသာနတ်ပြည်တွင် နတ်ဗြဟ္မာတို့အား ဟောကြားတော်မူပါသည်။ မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တစ်ထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တစ်ထိုင်တည်းဟောမှသာ တရားနာသူတို့ အကျိုးထူးရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့၏ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်းတို့ကြောင့် ဤအဘိဓမ္မာအကျယ်နည်းကို တာဝတိံ သာနတ်ပြည်၌ ဟောရခြင်းဖြစ်ပါသည်။
မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း
 စသည် ပြုလုပ်ရပါသည်။ ဤကိစ္စများ ဆောင်ရွက်ရန်အတွက် နိမ္မိတ ရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး တာဝတိံသာတွင် အဘိဓမ္မတရားကို ဆက်လက်ဟောကြားစေလျက် ဘုရားရှင်ကမူ 
လူ့ပြည်သို့ ကြွတော်မူကာ မြောက်ကျွန်းတွင် ဆွမ်းခံဘုဉ်းပေး၍ ဟိမ၀န္တာစန္ဒကူးတော ၌ နေ့အခါ နေတော်မူပါသည်။ အရှင်သာရိပုတ္တရာက မြတ်စွာဘုရားအား ထိုနေရာတွင် လာရောက် တွေ့ဆုံ ဖူးမြော်လျက် ၀တ်ကြီးဝတ်ငယ် ပြုသည့်အခါ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အဘိဓမ္မာ 
တရားကို အကျဉ်းချုပ်နည်းဖြင့် ဟောတော်မူပါသည်။
မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့်
 ပြန်လည် ဟောတော်မူပါသည်။
ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ဘုရားဖြစ်ပြီးနောက် ခုနစ်ဝါမြောက်ဖြစ်သော မဟာ
သက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် (၁)ရက် မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃)လအတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့ပါသည်။
ဝါတွင်းသုံးလတိုင် ဟောကြားတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာအပေါင်းခြံရံလျက် သိကြားလက်ယာ ဗြဟ္မာလက်ဝဲ ထားလျက်  သင်္ကဿနဂိုရ်ပြည်သို့  ပြန်လည်ဆင်းသက်တော်မူသည်ဟု ဗုဒ္ဓဘာသာအဋ္ဌကထာစာပေများတွင် ဆိုကြပါသည်။
ထိုနေ့ညတွင် ဘုရားရှင်နှင့် သုံးလတိုင် ခွဲနေကြရသော ဒကာဒကာမတို့မှာ ဘုရားရှင် တာဝတိံသာ နတ်ပြည်မှ ပြန်လည်ကြွရောက်တော်မူလာခြင်းကို မီးရှူး မီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများဖြင့် ပူဇော်ကြိုဆိုကြပါ သည်။ ဤဖြစ်စဉ်ကို အကြောင်းပြုလျက် သီတင်းကျွတ် မီးထွန်းပွဲတော် စတင်ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။


ဤကဲ့သို့ ထူးမြတ်သည့် တရားတော်ကြီးကို တာဝတိံသာနတ်ပြည်တွင် ဟောတော်မူပြီးသည့်အဆုံး၌ လူ့ပြည်သို့ ပြန်လည်ကြွဆင်းတော်မူသည့်နေ့ကို အကြောင်းပြု၍ အဘိဓမ္မအခါတော်နေ့အဖြစ် သတ်မှတ်ခြင်းဖြစ်ပြီး ဘုရားရှင်နှင့် အထူးမြတ်ဆုံး တရားကို ပူဇော်သည့်အနေဖြင့် မြန်မာပြည်မှာ ဆီမီးမြင်းမိုရ်ပွဲများ ကျင်းပပူဇော်ခဲ့ကြခြင်း ဖြစ်ပါသည်။


အဘိဓမ္မာအခါတော်နေ့ဖြစ်တဲ့သီတင်းကျွတ်လပြည့်နေ့ကို မြန်မာပြည်သာမကပါဘူး ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တဲ့မောင်သန့် နေတဲ့လာအိုမှာလဲ စီစီကားကားပါပဲ ကျင်းပကြပါတယ်. လူကြီးလူငယ် ဘုရားကျောင်းကန်သွားကြ ဝေရာဝစ္စသန့်ရှင်းကြ ညအချိန် ဘုရားမှာ ဆီမီးများ မီးရှုးမီးပန်းများ မီးပုန်းပျံများဖြင့်ပူဇော်ကြပါတယ်. ဆီမီးများပူဇော်ရာမှာ ကျောင်းမှာရှိစေတီတော်ကို လက်ယာသုံးပတ်လည့်ပတ်၍ ပူဇော်ကြပါတယ်. ဒီမှာရှိတဲ့ နိုင်ငံ၏ အထူးအမြတ်ဖြစ် တန်ဖိုးထားသော ထက်လွမ်ဘုရားမှာဆိုရင် ကိုယ်စီကိုင်ဆောင်ထားတဲ့ ဆီမီးတိုင်များနှင့် လူတန်းကြီးဟာဖြင့် ရှု့မငြီးနိုင်စရာပါပဲ။ ထူးခြားတာတစ်ခုက တော်သလင်းလမြန်မာပြည်မှာဆို လှေပြိုင်ပွဲကိုကျင်းပ ပေမဲ့ ဒီမှာတော့သီတင်းကျွတ်လပြည့်ကျော်မှာဆို လှေပြိုင်ပွဲအကြီးကျယ်ပါပဲ။ လှေများကိုပုံစံအမျိုးမျိုး ဖြင့် စိတ်ကြိုက်အလှဆင်ပြီး မဲခေါင်မြစ်တလျှောက်မှာပြိုင်ပွဲဝင်ကြပါတယ်။ မြစ်ကမ်းမှာ အားပေးကြည့်ရှု့ သူများနှင့်စည်ကားပြည့်နက်နေပါတယ်။

ဤသို့ယဉ်ကျေးမှုမျိုးစုံ ဖြင့် ဘာသာတရားကိုးကွယ်ယုံကြည်မှု့တွေကိုတွေ့ရတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့ ဂုဏ်ယူမိပါတော့တယ်…
အခြေအနေအရ ဓါတ်ပုံနှင့်တကွ မဖော်ပြနိုင်တာကိုတောင်းပန်ပါတယ်..
                                                                                               ကိုသန့် (လာအို)

Tuesday, June 7, 2011

လာအို၏ပုံရိပ်

                                                           
                                

လာအိုနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်ပေါ်မှာတည်ရှိပြီး တိုင်းရင်းသား လူမျိုးစု များ စွာဖြင့် ဖွဲ့စည်းထားသော နိုင်ငံတစ်နိုင်ငံပါ ၊တိုင်းရင်းသားတစ်စုခြင်းစီမှာကိုယ်ပိုင် ရိုးရာအစဉ်အလာနှင့် လှပသော ယဉ်ကျေှး မှုများ ကိုယ်စီရှိကြသည့်အတွက်ကြောင့်ရိုးရာအစဉ် အလနှင့်ယဉ်ကျေးမှုကြွယ် ၀သော နိုင်ငံတစ်နိုင်ငံ အဖြစ်ပြော ဆိုနိုင်ပါသည်.နိုင်ငံ၏ ဧရိယာအကျယ်အ၀န်းမှာ စတုရန်းကီလိုမီ တာပေါင်း ၂၃၆၈၀၀ ရှိပြီး လူဦးရေအားဖြင့် ၆သန်းဝန်း ကျင်သာရှိသည့်အတွက်ကြောင့်လူဦးရေနှင့် ယှဉ်မည်ဆိုပါကကျယ်ဝန်းလှပါသည်။ မြောက်ဘက်မှာတရုတ် နိုင်ငံ၊  တောင်ဘက်အရပ်မှာ ကန်ဗောဒီး ယား၊ အရှေ့ဘက်မှာ ဗီယက်နန်၊ အနောက်ဘက်နှင့် အနောက် တောင်ဘက်အရပ်တို့မှာ ထိုင်းနဲ့ မြန် မာနိုင်ငံတို့ အသီး သီး ထိစပ်နေပါသည်၊ အထူးသဖြင့် ဗီယက်နန်နိုင်ငံ နှင့်နယ်နမိတ်ချင်း ထိစပ်မှုအများ ဆုံး  ဖြစ်ပြီး ဗီယက်နန်ရိုးရာ အစဉ်အလာအချို့လည်း လွှမ်းမိုးလျှက်ရှိ ပေသည်။

နိုင်ငံ၏ အဓိကစီးပွားရေးမှာ လယ်ယာစိုက်ပျိုးရေးဖြစ်ပြီး အခြားတောထွက်ပစ္စည်းများနှင့် သယံ ဇာတ ပစ္စည်း များလည်း ထွက်ရှိသည့်နိုင်ငံတစ်နိုင်ငံပါ။ ကုန်းပိတ်နိုင်ငံဖြစ်သည့်အားလျှော်စွာ ရေအရင်း အမြစ်နှင့် စိုက် ပျိုးရေးအတွက် မဲခေါင်မြစ်သည် နိုင်ငံ၏ အသက်သွေးကြောဟု တင်စားရပေမည်။အဓိက ကိုးကွယ် သည့် ဘာသာမှာ ဗုဒ္ဓဘာသာဖြစ် ပြီး ကျန်ရှိနေသေးသည့် သမိုင်းဝင် စေတီ ပုထိုးများနှင့် ဗုဒ္ဓရုပ်ပွားတော် များကို ကြည့်ရှုဖူးမြှော်ခြင်းအားဖြင့် တစ်ချိန်က ဗုဒ္ဓသာသနာ ထွန်းကားခဲ့ကြောင်း ထင်ရှားပေသည်။ “ထက်လွှမ်” ဘုရားသည်လာအိုလူမျိုးတို့၏ အဓိက ကိုးကွယ် ရာစေတီဖြစ်ပြီး သူတို့၏သဒ္ဓါတရားနှင့် ကိုး ကွယ်ယုံကြည်မှု တို့ကို တွေ့မြင်နိုင်ပေသည်။ ကမ္ဘာလှည့် ခရီးသည်တို့ သည် လာအို၏ စွဲဆောင်မှုဖြစ် သည့် “ထက်လွမ်” ဘုရားနှင့် တော်လှန်ရေးသမား သူရဲကောင်းတို့အား ဂုဏ်ပြု ရာဖြစ်သည့် “ပါတူစိုင်း” ပန်းခြံတို့ကိုကား ရောက်အောင်သွားကြပေသည်.
မြန်မာပြည်၏ ရှမ်းတိုင်းရင်းသားလူးမျိုးတို့ကဲ့သို့ပင် အများစုမှာ ကောက်ညှင်းကိုသာ စားသုံးကြသည်။ ထို့ အပြင် လာအိုလူမျိုးတို့၏ ယဉ်ကျေးမှုအချို့နှင့် ၀တ်စားဆင်ယဉ်မှုများသည်လည်း မြန်မာလူမျိုးတို့ နှင့်တူနေ သည်မှာ အံ့သြစရာတစ်ခုဖြစ်ပါ၏။…
                                                                               ကိုသန့် ( လာအို )

Friday, May 27, 2011

ကြည်နူးနိုင်ပါစေ

                                 

အရှင်ရေ....
ပုံတွေ့ပို့လိုက်ပြီ။ မင်းသားပုံတွေချည်းပဲ။ ကင်မရာ မကိုင်နိုင်လို့ ဖုန်းနဲ့ပဲ ရိုက်ဖြစ်လိုက်တယ်ဆို တော့ ပုံအရည်အသွေး နဲနဲတော့ ညံ့တယ်။ဘာပဲဖြစ်ဖြစ်ပါ။ ဒီပုံရိပ်တွေဟာ (၁၇-၅-၂၀၁၁ခုနှစ်၊ ကဆုန်လပြည့်နေ့) ဗုဒ္ဒဂယာမဟာဗောဓိစေတီကြီး ရင်ပြင်ပေါ်က ပုံရိပ်တွေပါ။ ဗုဒ္ဒပွင့်ရာ မြေမြတ်မဟာမှာ အထူးသဖြင့် ဒီလိုနေ့မျိုးမှာ ဒီလို(ဒေသခံ)လူမျိုးတွေ ဒီဘာသာဝင်တွေ ဘာတွေ လုပ်ကြသလဲ၊ ဘယ်လိုတွေ ပူဇော်ကြသလဲဆိုတဲ့ အချက်အလက်ကို ပုံကြည့်တာနဲ့ ပုံရှုသူ တစ်ဖက်လူမှာ သိရှိခွင့်ရသွားတယ်ဆိုရင် ကောင်းကောင်းကြီး ၀မ်းသာကျေနပ်ရမှာပေါ့။
နောက်ပြီး ဒီဓာတ်ပုံကပေးတဲ့ လုပ်ရှားမှုပုံရိပ်အချက်အလက်တွေကြောင့်လည်း ဘာသာသနာနဲ့ ပတ်သက်တဲ့ ဗဟုသုတအ၀န်းအ၀ိုင်း အများကြီးမဟုတ်တောင် သူ့အထွာ သူ့အတိုင်းအတာ တစ်ခုအနေနဲ့တော့ ကျယ်ဝန်းသွားမယ်လို့လည်း ယုံကြည်တယ်။


ဆက်ပြီးပြောချင်တာက.........
မဟာဗောဓိစေတီတော်ကြီးကို ဗဟိုပြုပြီးတော့ စေတီတော်ကြီးရဲ့ ပတ်ပတ်လည်မှာ ဒေသခံ ကုလားလူမျိုးတွေအပြင် တိဘက်၊ တရုတ်၊ ကိုးရီးယား၊ ဂျပန်၊ ဘူတန်၊ ဥရောပ၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာ၊ သီရိလင်္ကာစတဲ့ နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံဟာလည်း ကိုးကွယ်မှု၊ ယုံကြည်မှု ပုံသဏ္ဍာန်အမျိုးမျိုးတွေနဲ့  အဆင်ပြေသလို နေထိုင်နေကြတာကို တွေ့မြင်နိုင်တယ်။ ပြီးတော့ ဒီလူမျိုးတွေဟာ ထေရ၀ါဒအရိပ်အောက်က လူတွေထက် မဟာ ယာန အရိပ်အောက်က လူတွေ ဖြစ်နိုင်ချေ ပိုများတယ်။ ထေရ၀ါဒ အရိပ်အောက်က လူဆိုတာ မဆိုစလောက် အနည်းအကျဉ်းလေးပဲ။

နောက်ပြီး  မဇ္စျိမအကျင့်လမ်းကို သွေဖီပြီး အစွန်းရောက်အကျင့်လမ်းကို ရွှေနန်းထင်ကာ ကျား ကုတ်ကျားခဲ ကျင့်နေသူတွေကိုလည်း တွေ့ရတယ်။ အများကြီးပါပဲ။ သူတို့ကို ကြည့်ရတာ ကာမ သုခလ္လိက အကျင့်မျိုးထက် အတ္တကိလမထ အကျင့်မျိုးကို အလေးပေးကျင့်ရတာကို သူတို့ ပိုပြီး ဂုဏ်ယူတတ်ကြ၊ ခုံမင်တတ်ကြသလိုပဲ။ သန့်ရှင်းမှုမရှိ ရှည်လျားပြီး ရှုပ်ထွေးပွေလီနေတဲ့ မှုတ်ဆိတ်နဲ့ ဆံပင်၊ ဟောင်းနွမ်းစုတ်ပြတ် နေတဲ့ အ၀တ်အပိုင်းစလေးကို ခါးအောက်မလုံ့တလုံ အရှက်လုံရုံမျှဝတ်၊ တောင်ဝှေးနဲ့ ပုတီးလုံးကြီးတွေကို အဖော်လုပ်ကာ စေတီရင်ပြင်ပေါ် ဟိုဟို ဒီဒီ သွားလာနေတာ တွေကိုလည်း အထင်းသားတွေ့မြင်နိုင်ရဲ့..........။
ဒါတွေ ထားပါတော့လေ.... တစ်ခုသော သစ်ပင်အရိပ်ကနေကြည့်ပြီး မြင်ခဲ့ရတဲ့ မြင်ကွင်း လေးကို ပြန်ပြောပြမိတာပါ။ အခုပို့တဲ့ ပုံရိပ်တွေထဲတော့ မပါဘူး။
အခုပို့တဲ့ ပုံရိပ်တွေက အခု ၂၀၁၁၊ ကဆုန်လပြည့်နေ့က ပုံရိပ်တွေပါ။ မဟာဗောဓိ စေတီ တော်ကြီးကို ဗဟိုပြု နေထိုင်ကြတဲ့ ဒေသခံလူတွေ၊ တိဘက်တွေ ၊ သီရိလင်္ကာတွေစတဲ့  နိုင်ငံ မတူ အသားအရောင်မတူတဲ့ လူမျိုးစုတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အလံကိုင် အတန်းစီပြီး ချီတက် လာကြတဲ့ ပုံရိပ်တွေပါ။ စေတီရင်ပြင် အတွင်း / အပြင်နဲ့ စေတီတော်ကို ဦးတည်လာရာ လမ်းတစ်လျှောက်မှာ ချီတက်ဆုတောင်း ၀တ်ပြုကြသူတွေနဲ့ ကြက်ပျံမကျ ကြိတ်ကြိတ်တိုး စည်ကားသွားခဲ့ပါတယ်။ ဗုဒ္ဒဘာသာတိုင်းပြည်အနေနဲ့ ဒီလိုနေ့မျိုးမှာ ဒီလိုမြင်ကွင်းဟာ မထူး ဆန်းပေမယ့်လို့ တစ်ခြားဘာသာ တိုင်းပြည်မှာ ဒီမြင်ကွင်းဟာ ထူးခြားနေသလိုပဲ။ ဒါကို သစ်ပင်ရိပ်တစ်ခုကနေ အမိအရ ကြုံတောင့်ကြုံခဲ ဓာတ်ပုံရိုက်ယူထားလိုက်တယ်။
                            (ပုံကြီး ကြည့်လိုလျှင် ဓါတ်ပုံပေါ် ကလစ်လိုက်ပါ)
ဒီထက်ပိုထူးခြားတာက ကလေးတွေပဲ။ ပုဂ္ဂလိကကျောင်းတစ်ကျောင်းက ကျောင်းသား/သူလေး တွေလေ...။ ဘာသာသာသနာမျိုးဆက်လေးတွေပေါ့။ အနာဂတ်မှာ အားမာန်အပြည့်နဲ့ ချီတက် ကြမယ့် သူလေးတွေလို့ ပြောလိုရတယ်။  ကြာလေ ရှုတ်ထွေးလေဖြစ်တဲ့ ကမ္ဘာ့လူမှု အရေး အခင်းကြားမှာ ငြိမ်းချမ်းရေး ဆီမီးတိုင်ကို ထွန်းညှိပေးမယ့်သူတွေပဲလို့ ပြောပါရစေ။
သူတို့လေးတွေ  တနေ့ဖြစ်မလာနိုင်ဘူးလို့ကော ဘယ်သူအတတ်ပြောနိုင်မလဲ....။ ဒါကြောင့် သူတို့လေးတွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ၊ ငြိမ်းချမ်းရေး တမန်တော်တွေပါ။ အနာဂတ်ကမ္ဘာငြိမ်းချမ်းရေးဟာ အနာဂတ်လူကြီးတွေမှာ ရှိတယ်ဆိုရင် အနာဂတ် လူကြီး တွေဟာလည်း ငြိမ်းချမ်းတဲ့ ဘာသာလမ်းကြောင်းပေါ်မှာပဲ ရှိသင့်တယ်လို့...................။
                                                                         အရှင်ကောဝိဒ ( ဒေလီ )

Tuesday, May 24, 2011

ခရီးစဉ်၏ ပုံရိပ်တစ်ချို့ .၂

သတိပဋ္ဌာန် ၀ိပဿနာ ( ၇ ) ရက် တရားစခန်း ပြီး၍ ဇာတိရွာသို့ ခဏပြန်သောအခါ. ဇာတိဖြစ်
သော ဘုတလင်မြို့နယ် ကံတော်သာရွာ ဘုန်းတော်ကြီးကျောင်းမှ မိမိ၏ ငယ်ဆရာသည် အရိုး
ကျီးပေါင်းရောဂါ ကုသရန် စစ်ကိုင်း သီတဂူဆရာတော်ကြီး၏ “ ကရုဏာရှေ့သွား ” ဖြင့် ဖွင့်လှစ်ထားသော သီတဂူသံဃာ့ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေပါသည်၊
ထို့ကြောင့် မန္တလေမြို့ ဗန်းမော်တိုက် တိပိဋကျော်ဇမ္ဗူကျောင်း၌ တစ်ညအိပ်ပြီး နောက်ရက် အစစအရာရာ ကျေးဇူးများသော မန္တလေးမှ ဒေါ်အေးတို့( ၃၉/၄၀၊ ၈၅လမ်း) မိသားစုနှင့်အတူ  ဗန်းမော်တိုက်မှ သူငယ်ချင်းဖြစ်သူ ဦးဥတ္တမပါ လိုက်ပါလျှက် ဆရာတော်အတွက် လိုအပ်ရာရာ ဖျော်ရည်များ မိုင်လိုစသော လှူဖွယ်များ ဆေးန၀ကမ္မများ သွားရောက် လှူဒါန်းကြပါသည်။

ဆရာဝန်များ၏ “ စေတနာ - ကရုဏာ ” ထား၍ ဂရုတစိုက် ကုသပေးမှုကြောင့် ဆရာတော်အရိုး
ကျီးပေါင်းရောဂါသည် ရှင်းရှင်း မပျောက်သေးသော်လည်း တော်တော်ကောင်းမွန်နေပြီး ဖြစ်ပါ၏
ဆရာတော်အား လိုအပ်တာရှိက အမိန့်ရှိရန် လျှောက်ထားသောအခါ အစစ အဆင်ပြေကြောင်း
ဘာမှ မလိုကြောင်း သီတဂူဆေးရုံမှ “ နေစရာ ၊ ဆေးဝါး ၊ ဆွမ်းကိစ္စ ” အစစတာဝန်ယူကြောင်း မိန့်ကြားတော်မူပါသည်။ ဂိလာန ရဟန်းတော်အတွက် ရေချိုးခန်း သန့်စင်ခန်းများပါ တွဲ၍ ဆောက်လုပ်ပေးထားသောကြောင့် သက်တော်ကြီးဆရာတော်များအတွက် အဆင်ပြေလှပါ၏။

ဂိလာနဆရာတော်အတွက် နံနက်အာရုဏ်ဆွမ်းအဖြစ် ယာဂု (ဆန်ပြုတ်) ကော်ဖီနှင့်မုန့်များ ဆက်ကပ်၍ နေ့ဆွမ်းအဖြစ် ကျန်းမာရေးနှင့်ညီညွတ်သော ဆွမ်းဘောဇဉ်များကို သီတဂူသံဃ ဆေးရုံမှဂရုတစိုက် စီမံဆက်ကပ်ပါကြောင်း သိရှိရပါ၏။ဆေးရုံရောက်ခိုက် လှည့်လည်ကြည့် ရှုရင်း မျက်စိကုအဆောင်သို့ ရောက်သွားရာ “ မျက်မမြင်တို့ မြင်ကြပြီး ” ဆိုသော စာတန်း နှင့်အတူ မျက်စိအလင်းရသူများ၏ ဓါတ်ပုံများကိုပါမြင် တွေ့ခဲ့ရပါ၏ (မြင်မမြင်တို့ မြင်ကြပြီး ဆိုသော စာတန်းဖတ်မိသောအခါ သူတို့လေးများအတွက် ၀မ်းသာလွန်း၍ ရင်ထဲမှ ဖေါ်မပြနိုင် သော ခံစားမှုနှင့်အတူ မျက်ရည်များပင် ကျမှိပါ၏၊)
သြော် သီတဂူဆရာတော်ကြီးသည် နေရာအနှံ့ ကမ္ဘာအရပ်ရပ်ထိ ခြေဆန့်လျှက် လောက အတွက် “ ဓမ္မမျက်လုံးကိုလည်း ပွင့်စေ၍ မံသမျက်လုံးကိုလည်း ဖွင့်ပေးတော်မူသော ဆရာ တော်ကြီး ပါတကား ” ဟု လေးစား ကြည်ညိုမှိပါ၏။
ဆရာတော်ကြီး၏ ပရဟိတဆောင်ရွက်ချက်သည် အံ့သြလောက်အောင်ပင် အောင်မြင်လှပါ၏။
ယင်းသို့ အောင်မြင်ခြင်းမှာလည်း “ မိမိဘ၀အတွက် လောကကို အသုံးမချပဲ လောကအတွက် မိမိ ဘ၀ကို ” အသုံးချသောကြောင့်ဟု ထင်မှိပါ၏။ မလိုချင်လေ ရလေဖြစ်သော လောကကြီးမှာ သီတဂူဆရာတော်ကြီးသည်ကား “ ရလေ လှူလေ” ဖြစ်နေပါ၏၊သစ်တစ်ပင်ကောင်း၍ ငှက်တစ် သောင်းမက အသိန်းအသန်းမက ချမ်းသာခွင့်ရကြလေပြီတကား။

သီတဂူဆေးရုံနှင့် မျက်နှာချင်း မဆိုင့်တဆိုင် ခပ်စောင်းစောင်လေး၌ သီတဂူ ဆရာတော်ကြီး ဖွင့်
လှစ်ထားသော သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကိုလည်း မနေရပေမဲ့ ချေချမိခဲ့ပါ၏။
မုခ်အ၀င်လက်ရာများသည် မြင်ရသူတို့၏စိတ်ကို ကြည်နူးစေပါ၏ တက္ကသိုလ်၏ အလယ်ဗဟိုလ်
၌ ကြည်ညိုဖွယ်ရာ စေတီတော်ကို တည်ထားပူဇော်လျှက် ဘေးပါတ်ပါတ်လည်၌ ကျောင်း ဆောင်များနှင့်အတူ မျက်နှာစာများ၌ စိန်းလမ်းစိုပြေနေသော သစ်ပင်များကိုလည်း စနစ်တကျ စိုက်ပျိုး ထားပါ၏ ပညာသင်ကြားရေးဘက်၌လည်း ခေတ်မီမှုရှိသည့်အတွက်  ကောင်းသတင်း များ “ ကြိုင်သင်းသည့် ဂနိုင်တွင်းမှ တက္ကသိုလ် ” ဟု တင်စား ခေါ်ဆိုနိုင်ပါ၏၊
              “ ပေါ်လွင်မပြု ကောင်းရာတုလျှက် ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
               ကောင်းကျိုးကိုယ်၌ တည်စေမင့် ”
                                                               ကောင်းသစ်


ခရီးစဉ်၏ ပုံရိပ်တစ်ချို့၁

23.4. 2011 ညနေခရီးစဉ် အာကာသမှန်လုံကားဖြင့် အညာမြေသို့ ခရီး စတင်ထွက်ခွါခဲ့ပါသည်။

        (ဘယ်ဘက်မှ . မလေးရှား စမုံညင်းဒေသ ညောင်ကန်အေးဆရာတော် ဦးသုန္ဒရ )
25.4.2011ရက်နေ့တွင် မလေးရှားနိုင်ငံစမုံညှင်းဒေသ ညောင်ကန်အေးဆရာတော် ဦးသုန္ဒရမှ  
“ ပညာပါရမီ ” အဖြစ် လှူဒါန်းလိုက်သော ဘုတလင်မြို့နယ် ခိုချောင်းစာသင်ကျောင်း၊  တိုးချဲ့ကျောင်းဆောင်သစ် အတွက် ကျပ်ငွေဆယ်သိန်းကို သက်ဆိုင်ရာ ပညာရေး ကော်မတီ လူကြီးများထံသို့သွား ရောက် ပေးအပ်ခဲ့ပါသည်။
(ယင်းအလှူငွေကို ဆရာတော်ကိုယ်စား ဆရာတော်၏ အမဖြစ်သူမှ သက်ဆိုင်ရာ ပညာရေး ကော်မတီသို့ ပေးအပ်လှူဒါန်းပါသည်။ စမုန်ညှင်း ညောင်ကန်အေး ဆရာတော် ဦးသုန္ဒရသည် . စာရေးသူ၏ ဇာတိချက် ကြွေ(ဘုတလင်မြို့နယ် ကံတော်သာရွာ ဘုန်းတော်ကြီးကျောင်း) ၌ ဆောက်လုပ် ဆဲဖြစ်သော နှစ်ထပ် ကျောင်းဆောင်သစ်အတွက် တစ်သိန်းကျပ်နှင့် ဘုတလင်မြို့ နယ်ရေကန်စုရွာ၌ ဆောက်လုပ်ဆဲဖြစ်သော စာသင်ကျောင်းဆောင်သစ်အတွက်လည်း အလှူ ငွေ တစ်သိန်းကျပ်ကို လှူဒါန်းပါသေးသည်)။
 26 ၊4 ၊  2011 နေ့ ညနေပိုင်းတွင် မိမိငယ်ရွယ်စဉ်က ပရိယတ္တိ ပညာရည်နို့ သောက်စို့ခဲ့ရာဖြစ်သော မုံရွာမြို(ကျောင်းတိုက်ကြီး ရှစ်တိုက်၏ အာရာမသမုဋ္ဌာပက နာယက ဖြစ်တော်မူသော)သဒ္ဓမ္မပဇ္ဇောတာရုံဆရာတော်ကြီး၏ သက်တော်ရှစ်ဆယ်ပြည့် “ ပတ္တမြားရတု” ပူဇော်ပွဲ့သို့ သွားရောက် ဦးခိုက်၍ ပူဇော် ကန်တော့ခဲ့ပါ၏၊်၊ (မိမိ၏ စွမ်းအားအလျှောက် န၀ကမ္မ ငါးသောင်းကျပ်ကိုလည်းလှူဒါန်းခဲ့ပါ၏၊)ဒေသအသီးသီး၌မိမိတို့စွမ်းအားအလျှောက်သာသနာပြု နေကြသည့် တပည့်ကြီးငယ် အသွယ်သွယ်တို့သည်လည်း ၀င်လာမစဲ တစ်ဖွဲဖွဲ ရောက်ရှိလာ ကြပါ၏၊ ဆရာနှင့်တပည့်များ၏ မျက်နှာစုံညီပွဲတော်ဟုလည်း ခေါ်ဆိုနိုင်ပါ၏၊ အချင်းချင်း ရှေး ဟောင်း နှောင်းဖြစ်များ ပြောဆိုကြရင်း သာသနာ့အရေးလည်း ဆွေးနွေးဖြစ်ကြပါ၏၊  ဆရာ တော်ကြီး၏ ရှစ်ဆယ်ပြည့် “ ပတ္တမြားရတု ” ပူဇော်ပွဲကို( 26. 27. 28 . ရက်ထိ ) သုံးရက်တိုင်တိုင် ကျင်းပပါသည်၊
 ကျောင်းတိုက်ကြီးသည် မိမိငယ်စဉ်ကနှင့်မတူ တစ်နေ့တစ်ခြားအရေအတွက်ရော အရည် အချင်းပါ တိုး၍ တိုး၍သာ လာနေသည်ကို ၀မ်းမြောက်ဖွယ်ရာ မြင်တွေ့ရပါ၏။ ညပိုင်း  26 နေ့ည . တိပိဋကဆရာတော် ဘဒန္တ ဂန္ဓမာလာ၊ 27နေ့ ည၌ ဒေါက်တာ နန္ဒမာလာဘိဝံသနှင့် 28 ရက်နေ့ညပိုင်း၌ တိပိဋက ဆရာတော် ဘဒန္တ၀ံသပါလ အရှင်မြတ်တို့က တရားဓမ္မများကို ဟောဖေါ်ညွန်ပြတော်မူကြ၍ ဆရာတော်ကြီး၏ ပတ္တမြားရတုပွဲတော်ကို တရားတော်ဖြင့် ပူဇော် ကြပါသည်။

စာရေးသူသည် မိခင်တိုက်မ ဖြစ်သော မုံရွာမြို့ ပဇ္ဇောတာရုံကျောင်းတိုက်၌ တစ်ညတာမျှ အိပ်စက်ခဲ့၍  27 ရက်နေ့ နေ့ပိုင်း၌ ဘုတလင်မြို့နယ် ညောင်ကန်ရွာသာ တိုက်သစ်ကျောင်းသို့  “ သတိပဋ္ဌာန် ၀ိပဿနာ ” ( ၇ ) ရက် တရားစခန်းပွဲသို့ ရောက်ရှိခဲ့ပါ၏။

 ယင်းစခန်းပွဲ၌ “ အလင်းလမ်း ”  ပရဟိတအဖွဲ့နှင့် တွေ့ဖြစ်ခဲ့၏၊ ယင်းအဖွဲ့သည် မိမိတို့လက်လမ်းမှီရာ ဒေသအသီးသီး၌ အကျိုးပြုလုပ်ငန်းများကို လုပ်ကိုင်နေသည့် တက်သစ်စ အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်ကြောင်း လျှောက်ထားရင်း တရားစခန်းဝင်ယောဂီများ ကျန်းမာရေး အတွက် အသုံးပြုရန် ၀တ္ထုငွေ သုံးသောင်းကျပ်လှူဒါန်းကြသည်၊ ထို့နောက် “ အလင်းလမ်း ” ပရဟိတကွန်ယက် ကျယ်ကျယ်ပြန့်ပြန့်နှင့် ထိထိရောက် ဆောင်ရွက်နိုင်ရန် မိမိတို့ ကြိုးစား သွားမည်ဖြစ်ကြောင်း လျှောက်ထားကြ၏။

သူတို့တစ်တွေသည် တက်ကြွသည့် လူငယ်လူရွယ်လေးများ ဖြစ်နေသည့်အပြင် ကြီးမြတ်သည့် စိတ်ထားရှိသူများဖြစ်ကြ၍ မိမိကလည်း တတ်နိုင်သည့်ဘက်မှ ကူညီမည်ဖြစ်ကြောင်း အားပေး စကား ပြောကြားလိုက်၏၊ ထို့နောက်  “ အလင်းလမ်း ” ပရဟိတကွန်ယက်အဖွဲ့၏ ရည်ရွယ် ချက်နှင့် ဆက်သွယ် ရမည့် လိပ်စာများကို မေးမြန်းမှိ၏၊

သူတို့တစ်တွေနှင့် စိတ်ထားတူသူများ အချင်းချင်း “ ဒေသချင်း ဆက်- နိုင်ငံချင်းဆက် -  ကမ္ဘာအထိ လက်ချင်းယှက်နိုင်အောင် ”  ဤနေရာမှ ဖေါ်ပြလိုက်ပါ၏။


                      “ အလင်းလမ်း ” ပရဟိတအဖွဲ့၏ ရည်ရွယ်ချက်

၁။ လက်လှမ်းမှီရာ အနယ်အနယ်အရပ်ရပ်ရှိ တရားစခန်းဝင် ယောဂီများအတွက် ကျန်းမာရေး
    စောင့်ရှောက်မှု ပေးနိုင်ရန်။
၂။ လက်လမ်းမှီရာ အနယ်အနယ် အရပ်ရပ်ရှိ ငွေကြေးချို့တဲ့သော နာမကျန်းသူများအား အကူ
    အညီ ပေးနိုင်ရန်။
၃။ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများအား လူမှုရေးနှင့်ကျန်းမာရေး အကူအညီများ
    ပေးနိုင်ရန်။


             “ အလင်းလမ်း ” ပရဟိတ ကွန်ယက်နှင့်ဆက်သွယ်ရန် လိပ်စာများ


alinlamgroup@gmail.com
ကိုသိန်းဇော် + မလီရှောက်ကြူ (စန္ဒာအောင် ခေါက်ဆွဲဆိုင်)
ဆိုင် ( ၁ ) ၃၅ လမ်း၊ ၉၂ /၉၃ လမ်းကြား၊ မန္တလေးမြို့။
ဆိုင် ( ၂ ) ၈၀ လမ်း၊ ၃၈ /၃၉ လမ်းကြား၊ မန္တလေးမြို့။
Ph . 09 2028140 ။ Ph . 09 0222816

ဒေါက်တာ ကျော်ဇေလင်း ( စန္ဒာအောင် ဆေးခန်းနှင့် သွေးလှူရှင်အဖွဲ့)
ရွာသာရွာ၊ ဘုတလင်မြို့နယ်၊ စစ်ကိုင်းတိုင်း။
Ph. 09 47050328

မဇင်ဇင်နွယ် ၊ မှန်တောရွာ၊ ဘုတလင်မြို့နယ်၊ စစ်ကိုင်းတိုင်း၊
Ph. 09 47058053

ကိုဇင်မင်းထွန်း ၊အုတ်ကျင်းရွာ၊ ဘုတလင်မြို့နယ်၊ စစ်ကိုင်းတိုင်း၊
Ph . 09 47084721

မ၀င်းဝင်းဌေး ၊ ၊အုတ်ကျင်းရွာ၊ ဘုတလင်မြို့နယ်၊ စစ်ကိုင်းတိုင်း၊
Ph . 09 47064575

ကိုဝင်းမောင်မောင်၊ (မြမြင့်မိုရ် ပညာရေးဝန်ဆောင်မှု)
ညောင်ကန်ရွာ ၊ ဘုတလင်မြို့နယ်၊ စစ်ကိုင်းတိုင်း၊
Ph . 09 47090137

                                             ကောင်းသစ်





Monday, April 11, 2011

နှုတ်ဆက် - ကြိုဆိုခြင်း


တနေကွယ်
သေနယ်သို့ တစ်ခါကူး။

မေ့လျှော့က သေဘူးမထင်ပါနဲ့
နေကွယ်တာ အချိန်များရင်
သေနယ်ရွာ တစ်ကြိမ်သွားတယ် ကွယ်…
တားမရဘူး ။  (မူရင်းကဗျာရှင် မသိပါ)။

နေမင်းပေါ်ထွက်၍ တောင်စွယ် နေကွယ်သွားလျှင် တစ်နေ့တော့ ကုန်ပြန်ပေါ့ဟု ပြောတတ်ကြ စမြဲဖြစ်၏။ နေ၀င်ပါများတော့ နေ့တွေ ကုန်ပါများလာ၏၊ နေ့တွေ့ကုန်ပါ များလာပြန်တော့လတွေ ကုန်လာပြန်၏့၊ အဲဒီလတွေ ၁၂ လကုန်ပြန်တော့ တနှစ်ကူးပြန်ပေါ့ဟု ဆိုကြပြန်ပါ၏။
နှစ်ကူးခြင်းကိုပဲ အတာကူးခြင်း နှစ်ပြောင်းခြင်း သင်္ကန္တ သင်္ကြ န္တ သင်းကြန်ကျပြီလို့ ဆိုကြပြန်ပါ၏

သင်္ကြန်ကာလ၌ မိမိတို့အားသာရာ အားသာရာ ခြေဦးလှည့်ကြပြန်၏၊ ဘာသာရေး အားသန်သူများက  သင်္ကြန်ကာလအတွင်း ဒုလ္လဘရဟန်းပြုခြင်း ရှင်ပြုခြင်း သီလရှင်ဝတ်ခြင်း တရားဘာဝ နာပွါးများခြင်း ဥပုသ်ရက်ရှည် စောင့်သုံးခြင်းဖြင့် နှစ်ဟောင်းနောက်ဆုံးရက် ကာလကို အကျိုးရှိရှိ အသုံးချကြ၏၊
တနည်းအားဖြင့် နှစ်သစ်ကို ကုသိုလ်ဖြင့် ကြိုဆိုကြခြင်းဖြစ်ပါ၏၊ ကုသိုလ်သည် လျှောက်လှမ်းရမည့်  အနာဂါတ်ဘ၀ခရီးအတွက် ပန်းခင်းလမ်းကို ဖန်တီးပေးတတ်ပါ၏၊၊ ဤသည်ကို ယုံကြည်ချက်
အားကောင်းသူများက “ အချိန်ကို ကုသိုလ်ဖြင့် အသုံးချခြင်း ” ဖြစ်ပါ၏။ အသက်သည် အချိန်ဖြစ်၍
အချိန်ကို ကုသိုလ်ဖြင့် ကုန်လွန်စေခြင်းသည် အသက်ကို အမြတ်ဆုံးတန်ဆာဖြင့် အလှဆင်ခြင်းဖြစ်ပါ၏၊

တနှစ်ကုန်သွားပြန်တော့ တနှစ်အသက်ကြီးသွားပြန်၏၊ အသက် တစ်နှစ်ကြီးလာခြင်းသည် သေခြင်းနှင့် သေမင်းနဲ့ တနှစ်နီးလာခြင်းဖြစ်ပါတော့၏၊ အသက်ကြီးခြင်းသည် အမှန်အားဖြင့် နေဖို့အခွင့်အလမ်း  ငယ်သွားခြင်း (နဲသွားခြင်း) ဖြစ်ပါ၏။
နေခဲ့ပြီး ရက်လနှစ်တို့ကို သိရသော်လည်း နေရမည့် ရက်လနှစ်တို့ကား ခန့်မှန်းရ ခက်လှပါ၏၊
နောက်ဘ၀ဟူသည် လက်တကမ်းမှာ အမြဲရှိနေသည် မဟုတ်ပါလား။ထို့ကြောင့် အနာဂါတ်သည်
မုချတွက်ဆ၍ မရသော ကိုယ်ပိုင်အချိန်ဖြစ်ပါ၏၊

ပိုင်ဆိုင်ခဲ့ပြီးသော အတိတ်သည် မိမိအတွက် ဘာများ ပိုင်ဆိုင်ခဲ့ပါသနည်း
ကုသိုလ် ဥစ္စာ ပညာ ပါဝါ . ဘာများ ပိုင်ခဲ့သနည်း ၊ လောကအတွက် သာသနာအတွက် ဘာများ
အကျိုးပြုခဲ့ပါသနည်း၊ ပိုင်ဆိုင်မှု မရှိသော အကျိုးပြုမှု မရှိခဲ့သော အတိတ်သည် ခြေရာ မထင်ခဲ့သော အတိတ်ခြေလှမ်းများ ဖြစ်သွားပါ၏၊  ထို့ကြောင့် သေချာသော ရေရာသော ခြေလှမ်းများ ကျန်ရစ်စေရန်..ကုသိုလ် ဥစ္စာ ပညာ ပါဝါများ ပိုင်ဆိုင်ဖို့ လက်ရှိအချိန်ကို အသုံးချမှိရန် အထူးပင်လိုအပ်ပါ၏။
ထို့ကြောင့် တောင်စွယ်နေကွယ်သော်လည်း ဘ၀နေမကွယ်ခင်  မိမိတို့ပိုင်ဆိုင်သော ကိုယ်ပိုင်အချိန်လေးမှာ “ ကုသိုလ် ဥစ္စာ ပညာ ပါဝါများ ” တိုးအောင် ကြိုးစားကြရင်းခြင့် မိမိ၏အသက်ကို တန်ဖိုးမြင့်မားအောင် ကြိုးစား နေထိုင်ကြပါစို့၊ လောကနှင့်သာသနာကို စွမ်းနိုင်သမျှ အကျိုးပြုကြပါစို့ဟု ဆန္ဒပြုရင်း  . ဤဆောင်းပါးလေးဖြင့် နှစ်ဟောင်းကို နှုတ်ဆက်၍ နှစ်သက်ကို ကြိုဆိုလိုက်ပါ၏

                                                                                  ကောင်းသစ်..


Wednesday, April 6, 2011

မြန်မာ့သင်္ကြန်


မြန်မာတို့၏ ၁၂ ရာသီပွဲတော်တို့တွင် တန်ခူးလသည် ပထမဆုံးပွဲတော် ဖြစ်သလို အထူးခြား ဆုံးသော ပွဲတော်လည်း ဖြစ်ပါ၏။ ထူးခြားပုံကို အနည်းမျှ စာစီ၍ ပြပါအုံးမည်။

                         တန်ခူးမိဿ ၊  စိတြ  ၊ လနှင့်ယှဉ်ပြိုင်ထွန်း။
                         ရင်ခတ်ဂန့်ဂေါ် ထုံသင်းပျော် ပွဲတော် အတာညွှန်း .. (စာဆို အမည်မသိ)။

တန်ခူးလ(အတာကူးတဲ့လ)သည် ရာသီအားဖြင့်မိဿရာသီ၊ပြာလဲ့လဲ့ဖြစ်သော အထက်ကောင်း ကင် အာကာ နန်း၌ စိတြနက္ခတ်သည် ဖိုးရွှေလနှင့်အပြိုင် လင်းလက် တောက် ပချိန်၊ရာသီပန်း အခါပွင့်ပန်းဖြစ်ကြသည့် ရင်ခတ်ပန်း ဂန့်ဂေါ်ပန်းများလည်း မြိုင်မြိုင် ဆိုင်ဆိုင် ပွင့်ကြ၍ ရနံ့ သင်းသော ကြိုင်သော လှိုင်သော အခါ ကာလ သမယ  ဖြစ်ပါ၏

လူကြီးလူငယ် လူရွယ်များသည် ဘုရား ကျောင်းကန် ရိပ်သာများသို့ သွားရောက်ကြ၍ ဥပုသ်စောင့် သုံးကြ ခြင်း၊ မိမိတို့အားလပ်ရက် (ရုံးရက်ရှည်ပိတ်ရက်)သင်္ကြန်ကာလအတွင်း၌  ရခဲသော (ဒုလ္လဘ ) ရဟန်းအဖြစ်၊ သာသနာ့နွယ်ဝင် သီလရှင်အဖြစ်သို့ ၀င်ရောက်ကြခြင်း၊ ယောဂီအဖြစ်ဖြင့် တရားဘာဝနာများ ရှုပွါးကြခြင်း စတုဒိသာ ကျွေးမွေးလှူဒါန်း ကြခြင်း ဘိုးဘွား များကို ရေချိုးပေး ကြခြင်း ခေါင်းများ လျှော်ပေးကြခြင်း ခြေသဲ လက်သဲ  ညှပ်ပေး ကြခြင်း အစားအသောက်ဖျော်ရည် တို့ဖြင့် ကျွေးမွေး စောင့်ရှောက်ကြခြင်း လက်စုံမိုး (လက်အုပ်မိုး)၍ ဆေးဝါးများ အ၀တ်အထည်များ စားသောက်ဖွယ်ရာများဖြင့် ပူဇော် ကန်တော့ကြခြင်း.. ဆရာ သမား ဘိုးဘွားမိဘများကို တပည့် သားသမီး မြေးမြစ် များက တတ်စွမ်း သမျှ အာမိသ ဓမ္မတို့ဖြင့် ပူဇောကန်တော့ကြခြင်း . . စသည် စသည့်ကောင်းမြတ်သော ရှုခင်းအစုံတို့ကို ဤလ ဤချိန် ဤကာလ၌ ကြည်နူးဖွယ်ရာ တွေ့မြင်နိုင်ပါ၏။ ဤသည်မှာ တစ်ခြားသော  ယဉ်ကျေးမှုတို့နှင့် မတူကွဲပြားသော  ခြားနားသော ထူးခြားသော  မြန်မာတို့၏ ချစ်စဖွယ် မြတ်နိုးစဖွယ် ဂုဏ်ယူစဖွယ် အမွေအနှစ်ကောင်းများ ဖြစ်ပါ၏။ ယင်းအစဉ်အလာကောင်းများ ကို လက်ဆင့်ကမ်း၍ ထိမ်းသိမ်း စောင့်ရှောက်လာကြသည်မှာ ယနေ့ထက် တိုင်အောင်ပင် ဖြစ်ပါ၏၊

တစ်ချို့သော လူငယ်လူငယ်ရွာများက့ ဓမ္မဘက် ခြေဦး မလှည့်ဖြစ်ကြ၊ သို့သော်  လောကဘက် ပျော်ရွှင်မှု အတွက် ရေကစားသည့် မဏ္ဍပ်ကြီးများ ဆောင်လုပ်ကြ၍ အတီး အက အလှတို့ဖြင့် ဧည့်ခံ ဖျော်ဖြေ နေကြ သည်မှာလည်း ကမ္ဘာမှာ ဘယ်မှာမှ မရှိသည့်  မြန်မာတို့၏ ချစ်စဖွယ် ယဉ်ကျေးမှုတစ်ခု ဖြစ်ပါ၏၊ တူးပို့ တူးပို့ သီချင်း သံလေးမှာလည်း သင်္ကြန်အဖို့တော့ မရိုး နိုင်သော ဂီတသံဆန်းလေးတစ်ခုအဖြစ် မဏ္ဍပ်တိုင်း မှာ ကြားနေရပါ၏။ ရွှေဝါရောင် ပန်းပိ တောက်သည် သင်္ကြန်၏ သင်္ကေတပန်း၊ တူးပို့ တူးပို့ သီချင်း သံလေးသည် သင်္ကြန်၏သင်္ကေတ ဂီတ၊ မြန်မာရိုးရာနှင့်အညီ ၀တ်စားဆင်ယင်ကြ၍ ငွေဖလားဖြင့် အတာရေ ပက်ဖြန်း ကစား ကြခြင်းသည် သင်္ကြန်၏ သင်္ကေတ ပျော်ရွှင်မှုဟန်များဖြစ်ပါ၏။

ဤသို့ ကောင်းခြင်းဂုဏ်နှင့် ပြည့်ဝသော သင်္ကြန်၏အလှအပကို ဖျက်ဆီးနေကြသူများလည်း ရှိပါ၏၊ ယင်း တို့မှာ သရုပ်ပျက် ၀တ်စားဆင်ယင်မှု၊ သရုပ်ပျက် သောက်စားပျော်ပါးမှုနှင့် သရုပ် ပျက် သီဆိုမှုများ ဖြစ်ပါ၏၊ 
                                              

ထို့ကြောင့် သမိုင်းကြောင်း အစဉ်အလာအရ ယဉ်ကျေးသော သိမ်မွေ့သော ချစ်စရာကောင်း သော မြန်မာတို့အဖို့  “ အစဉ်အလာကောင်းများကို ထိမ်းသိမ်းစောင့်ရှောက်ကြခြင်းဖြင့် ”  မြန် မာ့ရိုးရာ အခါသင်္ကြန်ကို ပျော်ပျော် ရွှင်ရွှင် ဆင်နွှဲကြပါစို့…. ။
                                                                          ကောင်းသစ်

Saturday, April 2, 2011

နှစ်သစ်မင်္ဂလာ


သင်္ကြန်ဆိုတာ  "ပြောင်းရွှေ့ခြင်း ပြောင်းလဲခြင်း အဓိပ္ပါယ်"တဲ့ ၊  ရာသီ စက်ဝန်းတို့ မနားမရပ် လည်ပတ်ပြီး လူတို့သတ်မှတ်တဲ့ တစ်နှစ်တာရဲ့ သတ်မှတ်ရက် သက်တမ်းကုန်ဆုံးလို့ အသစ်တစ်ဖန် နှစ်သစ်ပြန်ကာ ရာသီစက်ဝန်းတို့ လည်ပတ်မှုစတင်ခြင်းပင် ဖြစ်ပါတယ်။လူ့ဘ၀ လူ့သံသရာရဲ့ နှစ်များစွာထဲက  တစ်နှစ် တာ  သံသရာ လည်ပတ်မှု့ ကုန်ဆုံးတဲ့ အထိမ်းအမှတ်နှင့်စတင်လည်ပတ်မှု့ နှစ်သစ်ကို ကြိုဆိုတဲ့ မြန်မာ တို့ရဲ့ ပွဲတော်တခုပါပဲ။ပြည်ပရောက် မြန်မာတို့အဖို့ မြန်မာမှု့ မြန်မာဟန် မြန်မာ့ သင်္ကြန်ပွဲမျိုးတော့ ကျင်း ပခွင့် ဆင်နွဲခွင့် မရကြပါ၊ နယူးယောက်မှာဆိုယင် အခုအချိန်အထိ အအေးဓါတ်ရှိနေသေးလို့ အေး အေးချမ်းချမ်း သင်္ကြန်ရေပက်ဖျန်းဘို့ဆိုတာလဲ မဖြစ်နိုင်သေးပါ၊ အမိမြန်မာပြည်မှာတော့ သင်္ကြန်ရဲ့ သင်္ကေတ သင်္ကြန်ရဲ့ ၀ိသေသတွေနဲ့ အတူ လူငယ်လူရွယ်များက လက်ချိုး ရေတွက်ကာ သင်္ကြန်ကို စောင့် ကြိုနေကြတဲ့ အချိန်ဖြစ်မှာပါ ။ သင်္ကြန်ရဲ့ ၀ိသေသ သင်္ကြန်ရဲ့ ဖွားဖက်တော်ဖြစ်တဲ့ ပိတ်တောက်ပန်းတို့လဲ သင်္ကြန်မိုးနှင့် အတာရေကို စောင့်ကြိုရင်း ဖူးငုံနေကြပေရော့မည် ၊ သင်္ကြန်မိုး ရွာသွန်းပြီတာနဲ့ အစွမ်း ကုန် ပွင့်လန်းပြီး ရွှေရောင်ဆန်းကာ ပိတောက်ပန်းရနံ့တို့ လှိုင်နေပေတော့မည်..၊ သင်္ကြန်ပသာဒ သင်္ကြန်အလှ သင်္ကြန်ပျိုဖြူ တို့ရဲ့ ယိမ်းအက သင်္ကြန်တေးကဗျာတို့ဖြင့် ပျော်ရွှင်ကြည်နူးဖွယ်ရာ တင့်ဆန်းဝေဖြာ မြန်မာ့ အလှ မြန်မာ့သင်္ကြန်ပါမြို့ရွာအနှံ့ ဒေသအစုံ တူးပို့-တူးပို့ တေးသံစုံ ရှာပုံတော်မင်းသားကြီး မန်း တောင်ရိပ်ခို ရွှေမန်းမာလာ သင်္ကြန်မိုး စတဲ့ တေးသံးစုံတို့ကလဲ သင်္ကြန်အလှ သင်္ကြန် သဘာဝကို ခံစားရ သူတိုင်း ပျော်ရွှင်တက်ကြွ လန်းဆန်းစေပါတယ်။ လူကြီးများနှင့် တရား ဘာဝနာ လိုလားသူတို့အဖို့ အလုပ်နားခိုက် အလုပ်အားခိုက် အပျော်အပေါး မျက်နှာလွှဲကာ ဘုရား ကျောင်းကန် ရိပ်သာတန်ဆောင်း ခို အောင်းကပ်ဝင် တရားဖြင့် ပျော်မွေ့ခွင့် ရကြမယ့် အချိန်ဖြစ်မှာပါ။
ပြည်ပရောက် မြန်မာတို့အဖို့ အထူးသဖြင့်နယူးယောက် မြန်မာတို့အဖို့ နှစ်စဉ် နှစ်သစ်မင်္ဂလာပွဲ (၄) ပွဲခန့် ဆင်နွှဲခွင့် ရကြပါတယ် ၊  (၁) ခရစ်နှစ် နယူးယီးယားပွဲ (၂) တရုတ် နှစ်သစ်ကူးပွဲ (၃) မြန်မာ သင်္ကြန် နှင့် နှစ်သစ်ကူးပွဲ (၄)ရခိုင်သင်္ကြန် နှင့် နှစ်သစ်ကူးပွဲများ ဖြစ်ပါတယ် ။ နှစ်သစ်ကူးပွဲတော်များ ဖြတ်ကျော် ရင်း  နှစ်သစ်မင်္ဂလာသဘင် ဆင်နွှဲရင်း စဉ်းစား ဆင်ခြင်မှု့ ပြုကြရမှာက မိမိတို့ဖြတ်သန်း ကျော်ဖြတ်ခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်း ကုသိုလ် ရေး စီးပွားရေး ကျန်းမာရေး ပညာရေးတို့ တိုးတက်မှု့ ဆုတ်ယုတ်မှု့ ရလာဒ်များ စစ်ဆေး ကြည့်ရှု သုံးသပ် ဆင်ခြင်သင့်ကြတယ်၊ ရည်မှန်းချက် ရည်ရွယ်ချက်များဖြင့် ဘ၀ကို လျှောက် လှမ်းကြရမယ် ၊အဓိပ္ပါယ်မဲ့စွာ ပန်းတိုင်မရှိ ရည်ရွယ်ချက်မပါ ဘ၀ရေစုံမျှောပြီး မလျှောက် လှမ်းသင့်ကြပါ ၊ အားနှင့် မာန်နှင့်  ၀ိရိယကြီးစွာ သတိထားကာ ရေဆန်ကို လှော်ခတ်သည့်ပမာ လျှောက် လှမ်းကြရမယ်သင်္ကြန်က ပြောင်းလွဲတဲ့ အဓိပ္ပါယ်ရပေမဲ့ ကိုယ့်မှာက လူမှု့ရေး၊ စီးပွား ရေး ၊ ကုသိုလ်ရေး ၊ ပညာရေးတို့ တစ်နှစ်လာလဲ ဒီလိုပဲ ကိုယ့်ဘ၀ကို တစ်နှစ်ထက် တစ်နှစ် ဘာတခုမှ ပြောင်းလွဲအောင် မလုပ်နိုင်ဘူးဆိုလျှင် ခက်လိမ့်မယ် ၊ ဒီဘ၀အတွက် ဒီလိုပဲဖြစ် သလို ဘ၀သံသရာအတွက်လည်း ဒီလို ပဲဆိုလျှင် ပို၍မခက်ပါလား ၊သင်္ကြန်ရဲ့ တူးပို့တူးပို့ တီးလုံးက မပြောင်းသည့်တိုင် ကကြိုး ကကွက်ကတော့ ပြောင်းမှ ဖြစ်မယ်။  

     နယူးယောက်ရာသီ ဥတုမှာ စနိုးကုန်လို့ အတော်အသင့် ရာသီဥတု သာယာလာပြီမို့ နွေးထွေးမှုများ တနေ့တခြား ပိုလာ နေပါပြီိ။ အရွက်မကျန် ရိုးတန်ကြဲကြဲ မီးလောင်စွဲထား သည့်ပမာ သစ်ပင်များလဲ ဆောင်း ဥတုဒဏ် ကြံ့ကြံ့ခံ၍ ဆောင်းကိုလွန်မြောက် အဖူးအငုံတို့ ပေါက်ရောက် ကာစိမ်း လန်းစိုပြေနှစ် သစ်ကိုကြိုဆိုနေကြသယောင်ပါပေ။နယူးယောက်မြို့ ဘရုက်ကလင် လောကချမ်းသာ ဘုရားကျောင်း တော်မှာ သင်္ကြန်သင်္ကေတ မြန်မာနှစ်သစ်ကူး အမှတ်တရအဖြစ် မြန်မာနှစ်သစ်ကူး ဆုတောင်းမေတ္တာပို့သပွဲတော်ကို ဧပြီလ (၁၀)ရက်နေ့ မှာ ပြုလုပ်မှာဖြစ်ပါတယ်.။နယူးယောက် လောကချမ်းသာ ဘုရား ကျောင်း ရှိသံဃာ တော်များ နယူးဂျာစီ မဟာစည်ရိပ်သာကျောင်း သံဃာတော်များနှင့် ဘော်စတွန်မြို့ မဟာသတိပဋ္ဌာန် ကျောင်း သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း ပရိသတ်များအား မြန်မာတို့ အကြိုက်နန်းကြီးသုပ်နှင့် မြန်မာမုံ့များဖြင့် ကျွေးမွေးဧည့်ခံမှာဖြစ်ပါတယ်။  
     
အလှူရှင်များမှာ Dr. Hung-Sam Daw Khin Si Lee family and Theresa Ma Tin Sein Lee တို့ဖြစ်ပါတယ် ။ နှစ်သစ်မင်္ဂလာ စကားအနေဖြင့် တိုက်တွန်းပြောကြားလိုသည်မှာ ပညာရှာ အရွယ်များက ပညာရေး ရအောင်ရှာကာ ၊ စီးပွားရှာ အရွယ်များက စီးပွားရေး ရအောင်ရှာပြီး  ၊ ကုသိုလ်ရေးနှင့် ကျန်းမာ ရေးမှာ သတ်မှတ်အရွယ် ကန့်သတ်မထားဘဲ အမြဲတစေ ရှာဖွေ နေကြရမှာ ဖြစ်ပါတယ် ၊ဒါမှ မိမိတို့ဘ၀ဟာ တစ်နှစ်ထက် တစ်နှစ် တိုးတက်ပြောင်းလွဲကာ တောက်ပြောင်လာမှာ ဖြစ်ပါတယ်။ နှစ်သစ် နှစ်ဦးမှာ ဓနအင်းအား ဓမ္မအင်အားများ တိုးတက် ပြောင်းလွဲအောင် စိတ်သစ် မာန်သစ် အားမာန်သစ်တို့ဖြင့် အဓိဋ္ဌာန်ကာ ရည်မှန်းချက် ပန်းတိုင်ရောက်အောင် စွမ်းဆောင် နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါတယ်..။


        ၁။ နှစ်ဟောင်းကုန်ပျက် နှစ်သစ်ဆက် တိုးတက်မင်္ဂလာ ဖြစ်ပါစေ။      
       ၂။ အကုသိုလ်များ ရှောင်ဖယ်ရှား ပွားများကုသိုလ်တွေ။      
       ၃။ နိဗ္ဗာန်ရောက်ရန် သတိပဋ္ဌာန် အမှန်ရှု့မှတ်ပွားများလေ။
                                             နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

                                       အရှင်စက္ကိန္ဒ  
                                       လောကချမ်းသာဘုရားကျောင်းနယူးယောက် 
                                       ဧပြီလ ၁ ရက် ၂၀၁၁