.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Wednesday, July 13, 2011

အလင်း စ.သောနေ့ - ၁

                                              ဓမ္မစကံ္က ပ၀တ္တေတုံ ၊ ဂစ္ဆာမိ ကာသိနံ ပုရံ
                                              အန္ဓီဘူတသ္မိံ လောကသ္မိံ ၊ အာဟဉ္စံ အမတဒုန္ဒုဘိံ။

                                               တရားဓမ္မစက်   ဟောမြွက်ဘို့ရာ
                                               ကာသိ.ဗာရ     မိဂ ၀နာ
                                               ကြွချီငါလှမ်း     အကဏ်းပမာ
                                               လောကကြီး    စည်တီး မြင်စေမှာ။
                                              (ကာသိ - ကာသိတိုင်း၊ ဗာရ - ဗာရဏသီပြည်၊ 
                                              မိဂ၀နာ - မိဂဒါဝုန်တော )။

ဒီပင်္ကရာ ရှင်တော်မြတ်ဘုရား၏ ခြေတော်ရင်းမှာ ၀ပ်စင်း၍ ညွန်ဗွက်အိုင်ထက် မိမိကိုယ်ကို တံတားအသွင် ခင်းလျှက် ပါရမီကောင်းမှု စုခဲ့သည်မှစ၍ .မင်းမြတ်ဝေဿန္တရာ ဘ၀တိုင်အောင် လေးသင်္ချေနှင့်ကမ္ဘာ တစ် သိန်း တို့ကာလပါတ်လုံး “ စရိယသုံးပါး စွန့်ခြင်းကြီးငါးပါး ပါရမီဆယ်ပါး အပြားသုံးတယ်တို့ ” ဖြည့် ကျင့်တော် မူခဲ့သောကြောင့် ကဆုံလပြည့်နေ့၌ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပါ၏၊ (ထိုနေ့သည် ရှင်   တော်မြတ်ဘုရား အလင်းရသောနေ့ ဖြစ်ပါ၏)။

ရှင်တော်မြတ်ဘုရားသည် ဥရုဝေဠတော နေရဉ္ဇရာမြစ်ကမ်းအနီး ဗောဓိပင်ရင်း၌ “ ၀ိမုတ္တိသုခ - အရဟတ္တ ဖိုလ်ချမ်းသာ ” ကို ခုနစ်ရက်ပါတ်လုံး ခံစားလျှက် နေ တော်မူပါ၏။ ထို့နောက် “ ပဋိစ္စ သမုပ္ပါဒ် ” ကို အနု လုံ  ပဋိလုံ . အဖြစ် အပျက်အားဖြင့် နှလုံးသွင်းတော်မူပြန်၏။ 
ခုနစ်ရက်ပြည့်သောအခါ အဇပါလညောင်ပင်ရင်းသို့ ရွှေ့ပြောင်းလျှက် သီတင်းသုံးတော်မူ၏၊ ထိုအခါ ဟုံဟုံ က ပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျှက် ၀မ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောကြားပြီး  - “အသျှင်ဂေါတမအဘယ်မျှသောအတိုင်းအရှည်ဖြင့်ဗြဟ္မဏမည်ပါသနည်း၊ဗြဟ္မဏအဖြစ်ကို ပြုတတ်သော
တရားတို့ကား အဘယ်တို့ပါနည်း ” ဟု ဗြဟ္မဏဖြစ်ရန် ကျင့်စဉ်ကို မေးလျှောက်လေ၏၊

“ ရဟန္တာအရှင်မြတ်သည် မကောင်းမှုကို အပပြုပြီးဖြစ်၏၊ ဘယ်သောအခါမှ ဘယ်အကြောင်းကြောင့်မှ မကောင်းမှုကို လုံးဝမပြုတော့၊ တဟုံဟုံ မာန်မူခြင်းကို မပြုတတ်၊ ကိလေသာကုန်စင်ပြီးသူဖြစ်၏၊ ဘာဝနာ စီးဖြန်းအားထုတ်သောစိတ်ရှိ၏၊မဂ်ဥာဏ်တို့၏အဆုံး အရဟတ္တဖိုလ်သို့ရောက်ရှိသူဖြစ်၏ ၊မြတ်သော အကျင့် ကိုကျင့်သုံးပြီးသူဖြစ်၏၊ နောက်ထပ်ကျင့်စရာမရှိတော့၊ထို့ကြောင့် ရဟန္တာအရှင်မြတ်သည် “ ဗြဟ္မဏအစစ် ” အမှန်ဖြစ်၏ဟုရှင်တော်မြတ်ဘုရားသည် ဥဒါန်း ကျူးရင့်သောအားဖြင့် ဟုံဟုံကပုဏ္ဏားကို အဖြေ ပေးတော် မူလိုက်၏၊(ဟုံဟုံက ပုဏ္ဏားသည် ဘုရားရှင်ကို ဦးဆုံးမြင်ရသူဖြစ်လျှက် တရားမမြင် သူ ဖြစ်ခဲ့၏)။

ထိုမှနောက် ကျည်းပင်ရင်း၌ ခုနစ်ရက်ပတ်လုံး ၀ိမုတ္တိသုခကို ခံစားတော်မူပြန်၏၊ ထိုအချိန် အခါမဲ့မိုးကြီး သည်းထန်စွာရွာသွန်းသဖြင့် မုစလိန္ဒနဂါးမင်းသည် မိမိဗိမာန်မှထွက်လျှက် ရှင်တော်မြတ်ဘုရားအား လေ ဒဏ် မိုးဒဏ် သဘာဝဘေး အန္တရာယ်နှင့်တကွ မှက်ခြင်ယင်မြွေကင်းဘေးတို့မှ အကာကွယ်ပေးသောအား   ဖြင့်မိမိအခွေတို့ဖြင့်ရစ်ပါတ်၍ ဦးခေါင်းတော်ကို ပါးပျဉ်းမိုးထားလျှက် ခုနစ်ရက်ပတ်လုံး စောင့်ရှောက် ပေး -
လေတော့၏။

ထိုမှနောက် လင်းလွန်းပင်ရင်းသို့ ပြောင်းရွှေ့လျှက် ၀ိမုတ္တိသုခကို ခံစားတော်မူပြန်၏၊ ထိုအချိန် (အတိတ် ဘ၀က ဆွေမျိုးဖြစ်ခဲ့သော ဘုမ္မစိုးနတ်၏ လမ်းညွှန်ချက်အရ)ဥက္ကလာဇနပုဒ်မှ ကုန်သည်ညီနောင်တို့သည် ဘုရားရှင်ထံ ချဉ်းကပ်လျှက် အသင့်ပါလာသော “မုန့်ကြွက်ကျစ်နှင့်ပျားဆုပ်မုန့်တို့ကို ဆက်ကက် လှူဒါန်းလေ ၏။ထိုအခါ ရှင်တော်မြတ်ဘုရားသည် နတ်မင်းကြီးလေးယောက်တို့ လှူဒါန်းအပ်သော အညိုရောင် ကျောက် သပိတ်ဖြင့် တပုဿနှင့်ဘလ္လိကတို့လှူဒါန်းသော မုန့်ဆွမ်းတို့ကို အလှူခံတော်မူ၍  ဘုဉ်းပေးသုံးဆောင် တော်
မူ၏၊( နတ်မင်းကြီးလေးယောက် လှူဒါန်းသော သပိတ်လေးလုံးကို တစ်လုံးတည်းဖြစ်အောင် ဓိဋ္ဌာန်တော်မူ၏)

မုန့်ဆွမ်းဘုဉ်းပေး၍ပြီးသောအခါ ကုန်သည်ညီနောင်နှစ်ယောက်တို့သည် ရှင်တော်မြတ်ဘုရား၏ ခြေ တော်
အစုံကို ဦးခိုက်လျှက် ဦးတိုက်လျှက် မိမိတို့ကိုယနေ့မှစ၍ အသက်ထက်ဆုံး ဘုရား တရားကို ကိုးကွယ် ဆည်း ကပ်သော ဥပါသကာဟူ၍ သိမှတ်တော်မူပါဟု လျှောက်ထားကြလေ၏၊(ထိုအချိန်၌ သံဃာရတနာမပေါ်   သေးပေ၊ ထို့ကြောင့် တပုဿနှင့်ဘလ္လိကတို့သည် အစဦးဆုံး “ဒွေဝါစိက ”သရဏဂုံတည်သူများ ဖြစ်ကြ၏ ထို့ပြင် သူတို့သည် ဘုရားရှင်ကို ရှေးဦးစွာ မုန့် ဆွမ်း ဆက်ကပ်လှူဒါန်းခွင့်ရသူများလည်း ဖြစ်ကြပါ၏)။

                                                                                                             ဆက်ရန် . ကောင်းသစ်

Saturday, July 9, 2011

ဝါဆို ၀ါကပ်ခြင်း



ဗိမ္ဗိသာရမင်းသည် ဘုရားရှင်ကို ဘုရားမဖြစ်ခင်ကပင် လေးစားကြည်ညိုသူဖြစ်၏၊ ဘုရားမဖြစ်ခင် ကပိလ ၀တ် မင်းနေပြည်တော်ကို စွန့်၍ တောထွက်လာရာ ဝေဘာရတောင်ခြေ ခေတ္တနားနေခိုက် သူ့နိုင်ငံကို တစ် ၀က် ခွဲပေးမည်ဟု မင်းစည်းစိမ်ခြင့် ဖိတ်မာန်ခဲ့ဘူး၏ဘုရားအလောင်းတော်က မင်းစည်းစိမ် မမက်၍ ဘုရားဖြစ်ရန်  တောထွက်လာခဲ့သည်ဟုပြန်လည် ဖြေကြားသောအခါ ဗိမ္ဗိသာရ ဘုရင်မင်းမြတ်က “ သမ္မာ သမ္ဗုဒ္ဓ - ဘုရား ” ဖြစ်လျှင်သူ့နိုင်ငံ သူတိုင်းပြည်သို့ အရင်ဆုံးကြွရောက် ချီးမြှောက်တော်မူ ပါရန် လျှောက် ထား လိုက်၏


သူ့နိုင်ငံ သူ့တိုင်းပြည်ဟူသည် “ဝေဘာရတောင် ဝေပုလ္လတောင် ပဏ္ဍ၀တောင် ဂိဇ္ဈကူဋ တောင် ဣသိ ဂိလိ တောင် ”ဟူသော တောင်ငါးလုံး ၀န်းရံနေသည့် ရာဇဂဟခေါ် ရာဇဂြိုဟ်မည် မင်းနေပြည်ဖြစ်ပါ၏ ဘုရားရှင် သည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစားကြွေးရာဖြစ်သော ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော် မူနေခိုက်ဖြစ်၏၊ ထိုအချိန်က ရဟန်းတော်များ ၀ါဆိုရန် သတ်မှတ်ချက် ပညတ်ချက် မရှိသေးပေ။ ထို့ကြောင့် ရဟန်းတော်များသည် ဥတုသုံးလီ ဒေသစာရီ ကြွချီတော် မူကြ၏၊
မိုးရာသီ မိုးဥတုသည်  တောင်သူဦးကြီးများ ကောက်ပဲသီးနှံစုံကို အဓိကအားထား၍ စိုက်ပျိုးရာ အချိန်ဖြစ်၏၊ ရဟန်းတော်များသည် တောင်သူဦးကြီးများ၏ စိုက်ခင်းများကို ဖြတ်ကျော်၍ ခရီးသွားရ၏၊ ထိုအခါ မြက်ပင် များအပြင် သီးနှံပင်လေးများ နင်းမိ၍ ကြေမွကုန်သည်လည်း ရှိ၏။ သစ်ပင်များသည် သိတတ်သည့် နာမ် သက်မရှိသော်လည်း ရုပ်သက်ကား ရှိ၏ဟု တစ်ချို့ လူများက ထင်မြင်ယူဆကြ၏၊


ရဟန်းတော်များ ဒေသစာရီ ကြွချီသောအခါ မြက်ခင်း စိုက်ခင်းများကို ဖြတ်သမ်း၍ သွားရသည့်အခါလည်း ရှိ၏၊ ထိုအခါ လူများက ရုပ်သက်ရှိသော မြက်သစ်ပင်တို့ကို ညှဉ်းဆဲကာ ပျက်စီးခြင်းသို့ ရောက်စေသည်ဟု ထင်မြင်ယူဆလျှက် မိုးလရာသီအတွင်း ခရီးဒေသစာရီ ကြွချီမှုကို ကဲ့ရဲ့ပြစ်တင် ဝေဘန်ကြ၏၊

တစ်ခြားဘာသာ တိတ္ထိတို့သော်မှလည်း မိုးတွင်းကာလမှာ ကိုယ့်နေရာ ကိုယ့်ဒေသ၌ စွဲမြဲစွာ နေထိုင်ကြ၏၊ ငှက်များသော်မှ မိုးရာသီဆိုလျှင် သစ်ပင်ထက်မှာ အသိုက်အအုံများလုပ်၍ မိမိတို့အသိုက်မှာ အတည် တကျ နေကြသေး၏၊ သာကီဝင်မင်းသား အမည်ခံ ဘုရားသားခေါ် ရဟန်းတော်များသည် ဆောင်း နွေ မိုး ဥတု သုံးလီ ဒေသစာရီ ကြွချီနေကြ၏ - ဟု လူအများ ကဲ့ရဲ့ပြစ်တင်သော စကားကို ရဟန်းတော်များ ကြားသိ ကြ၍ မြတ်စွာဘုရားကို လျှောက်ထားကြ၏၊သို့ဖြစ်၍ ရှင်တော်မြတ်ဘုရားသည် သင့်လျှော်သည့်တရား စကား များဟာကြားပြီးနောက် မိမိတပည့်သားရဟန်းတော်များကို ၀ါဆိုဝါကပ်ဖို့ရန် အမိန့်ရှိခွင့်ပြု  တော်မူလိုက်၏။


ဝါဆိုရမည့် ရက်လတို့ကို အတိအကျ မသိကြသေး၍ မြတ်စွာဘုရားရှင်အား ရဟန်းတော်များက လျှောက် ထားရာ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့၌ ပုရိမ၀ါဆို ၀ါကပ်ကြရန်၊ထို့နေ့၌ အကြောင်း အမျိုးမျိုးကြောင့် ၀ါ မဆိုဖြစ်ခဲ့သော် ၀ါခေါင်လပြည့်ကျော် ( ၁) ရက်နေ့၌ပစ္ဆိမ၀ါဆို ၀ါကပ်ရန် မိန့်ကြားတော်မူခဲ့ပါ၏။(ပစ္ဆိမ၀ါဆို ၀ါကပ်သော ရဟန်းတော်များမှာ ကထိန်ရာသီလွန်မှ ၀ါကျွတ်ကြ၍ ကထိန်သင်္ကန်း အလှူခံခွင့်ကား မရ ရှိနိုင်တော့ပေ)။  

ဝါဆိုခြင်းဟူသည် “ ဣမသ္မိံ ၀ိဟာရေ ဣမံ တေမာသံ ၀ဿံ ဥပေမိ - မိမိ သီတင်းသုံးသော ကျောင်းတိုက် အရာမ်အတွင်း၌ ဤမိုးလရာသီ ၀ါတွင်းသုံးလပါတ်လုံး (၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှစ၍ သီတင်းကျွတ် လပြည့်နေ့ထိ ) အတည်တကျ သီတင်းသုံးနေထိုင်ပါ့မည် ” ဟု အဓိဋ္ဌာန် ဆောက်တည်ခြင်းဖြစ်၏၊

ဗုဒ္ဓဘာသာဝင်များသည် ရဟန်းတော်များ ၀ါဆိုသော ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့၌ ၀ါဆိုပန်းများ ဆက် ကပ်  လှူဒါန်းခြင်း၊ ၀ါမဆိုမီနှင့် ၀ါတွင်းကာလများ၌ ၀ါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းခြင်း လူ့ရွာနတ်ဌာန် နိဗ္ဗာန်အထိ ရောက်မည့်အကြောင်း ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြပေသည်။ ၀ါဆိုသင်္ကန်း ဆက်ကပ်
လှူဒါန်းသည့် ကုသိုလ်ကောင်းမှုကို ဒုတိယဘ၀၌ အပါယ်မလားနိုင်သောကြောင့် သောတာပန်နှင့်အလား
တူသည်ဟုပင် မိန့်ဆိုထားပါ၏

ယေသံ ပန ကုလာနံ တီဏိ သရာဏာနိ ပဉ္စ သီလာနိ ဧကံ သလာကဘတ္တံ၊ ဧကံ ပက္ခိယဘတ္တံ၊ ဧကံ ၀ဿာဝါသိကံ၊ ဧကာ ပေါက္ခရဏီ၊ ဧကော အာဝါသော၊ ဧ၀ရူပါနိ နိဗဒ္ဓပုညာနိ အတ္ထိ၊ တေသမ္ပိ ဂတိ နိဗဒ္ဓါ၊ သောတာပန္နသဒိသာနေ၀ တာနိ ကုလာနိ။

 အကြင်အမျိုးကောင်းသား သူတော်ကောင်းတို့အား သရဏဂုံသုံးပါးတည်ခြင်း၊ ငါးပါးသီလ လုံခြုံစွာ  စောင့်ထိမ်းခြင်း၊ စာရေးတံဆွမ်းလှူဒါန်ခြင်း၊၊  လဆန်းပက္ခ လဆုတ်ပက္ခ၌ ဆွမ်းလှူဒါန်းခြင်း၊  ၀ါဆို သင်္ကန်း လှူဒါန်းခြင်း၊ ရေတွင်းရေကန် လှူဒါန်းခြင်း၊  ကျောင်းအဆောက်အဦ လှူဒါန်းခြင်း - ဟူသော နိဗဒ္ဓကုသိုလ် တို့ ရှိကုန်၏။ ထိုပုဂ္ဂိုလ်တို့၏လည်း လားရာဂတိသည် မြဲ၏။ ထိုအမျိုးကောင်းသား သူတော်ကောင်း များသည် သောတာပန်နှင့်တူကုန်၏ - ဟု  အင်္ဂုတ္တိုရ်၊ န၀ကနိပါတ်၊ သဥပါဒိသေသသုတ် အဋ္ဌကထာ၌ မိန့်ဆိုထားပါ၏၊
    
                                                                                      ကောင်းသစ်

Friday, July 8, 2011

အတုန့် အလှဲ့ - ၃

လက်သမားဆရာကြီးနှင့် ၀က်ဝံတို့ အချင်းချင်း ပြောကြားနေသောစကားကို ကြို့ပင်စောင့်နတ်သည် မကြား ချင်အဆုံး ကြားနေရ၏၊ ကြို့ပင်စောင့်နတ်ဟုဆိုသော်လည်း သူသည် ပုထုဇဉ်သာ ရှိသေး၏၊  ပုထုဇဉ် ဟူ သည်  ကိလေသာ အနုသယ မကင်းသေးသောသူ ဖြစ်၏၊ထို့ကြောင့် သူ့ပေါ်မကောင်းကြံသော စကား ကြား ရသောအခါပုထုဇဉ်ပီပီ ပြန်လည်တုန့်ပြန်လိုသော အကြံ ကြံမိပြန်၏၊ဤသည်မှာ အနုသယမကင်းသေးသော ပုထုဇဉ်၏ ဗီဇဖြစ်ပါ၏

ငါဟာ သူ့အပေါ် ဘာတစ်ခုမှ မကောင်းတာ မပြော မပြုဘူးပေ ၊ အောက်ထက်ဆုံး ပြောရ မည်ဆိုလျှင် သူ့အပေါ် မကောင်းကြံတောင် မကြံမိချေ၊ လေဒဏ်ကြောင့် သစ်ကိုင်းခြောက် ကျိုးကျသည်ကိုပင် ငါချိုးချ သည်ဟု သူက မြင်နေ၏။ တရားခံဖြစ်သော လေကို မမြင်၊ အပြစ် မရှိသော တရားခံမဟုတ်သော ငါ့ကိုသာ အပြစ်မြင်၍ ငါ့ဘ၀ ငါ့ဗိမာန်ကို ပျက်စီးအောင် သူက ပင် ကြံစည်နေပြန်သေး၏၊ ကြံရုံတင်မက လက်တွေ့ပင် အကောင်အထည်ဖေါ်နေပေပြီ၊

“ ဓား ဓားချင်း ၊ လှံ လှံချင်း ” တဲ့၊ အကြံ အကြံချင်း ငါလည်း ပြန်ပြီး ယှဉ်ပြမယ်၊ ပျက်စီးရေး မကောင်းဥာဏ် မင့်မှသာ ကြံတတ်တာမဟုတ်၊ ငါလည်းပဲ အကြံထုတ်တတ်ပါတယ်၊ဤသို့တွေး၍ ကြို့ ပင်စောင့် နတ်သည် လည်း လက်တုန့်ပြန်ဘို့အရေး လုပ်ငန်း စ.လေတော့၏။

ကြို့ပင်စောင့်နတ်သည် တောသွားယောက်ျားတစ်ယောက်အသွင်ကိုယူ၍ လက်သမားအနီးသို့ သွားကာ “ အို  ယောက်ျား သင်အား မြတ်နိုးဖွယ်ကောင်းသော သစ်ကောင်းတစ်ပင်ကို ရအပ်ပေပြီ၊ ဤသစ်ပင်ကို ခုတ်၍ ဘာများလုပ်ဘို့ စိတ်ကူးရှိပါသနည်း ” ဟု မေးမြန်းလေ၏။ လက်သမားကြီးက ရထားလှည်းဘီး အကွပ် ပြုလုပ်ရန် ဖြစ်ပါသည်ဟု ပြန်ဖြေသောအခါ ဘယ်သူကများ ရထားလှည်းဘီးအကွပ်လုပ်ရန် ဤသစ် ပင်ကို ညွှန်းပါသနည်းဟု ထပ်၍မေးပြန်၏၊

ထိုအခါ လက်သမားကြီးသည် ၀က်ဝံတစ်ကောင်က ညွှန်ပြသွားကြောင်း ပြန်လည်ပြောပြသောအခါ ကြို့ ပင် စောင့်နတ်က ဆက်လက်၍ “ ၀က်ဝံပေးတဲ့အကြံ သိပ်ကောင်းပါတယ် ” ဒါပေမဲ့ဒီ ထက်ကောင်း   အောင် လုပ်ချင်တယ်ဆိုရင် ၀ံရေကိုခွါ လက်လေးသစ်လောက်ဖြတ်၊ ရထားအကွပ်မှာသံပြား ကပ်သလို ရိုက်ကပ် ထားလိုက်ပါ။ ထိုသို့ဆိုလျှင် ရထားသည်လည်း ညက်ညောသည့်အပြင် ခိုင်ခန့်မှုလည်း ရှိပါတယ်၊ ဒါ့အပြင် ၀ံရေဟာ အဆောင်ကောင်း တစ်ခု လည်းဖြစ်၍ စီးပွါးဥစ္စာ လာဘ်လာဘများလည်း တစ်နေ့ တစ်ခြား တိုပွါးလာပါလိမ့်မယ်ဟု အကြံပေးလေတော့၏၊


ထိုအခါ လက်သမားဆရာကြီးက ၀ံရေကို ဘယ်မှာ ရနိုင်ပါမလဲဟု မေးမြန်းလေတော့၏၊ ထိုအခါ အကွက် ဆင်နေသော ကြို့ပင်စောင့်နတ်က ဒီသစ်ပင်ဟာ ဘယ်ကိုမှ ထွက်မပြေးဘူး၊ ယခုလောလောဆယ် ကြို့ပင် ကို ညွှန်ပြတဲ့ဝက်ဝံဟာ ဒီနားမှာပဲ ရှိပါလိမ့်အုံးမယ်။ ၀က်ဝံကို သွားမေးလိုက်ပါ၊ အဆွေတော် ၀က်ဝံ ၊ အဆွေညွှန်ပြတဲ့ကြို့ပင်ကို ဘယ်နေရာမှာခုတ်ရပါမလဲ၊ ခုတ်ဖြတ်ရမည့်နေရာကို လာပြပါအုံးဟု ပြော လိုက် ပါ၊ ထို အခါ ၀က်ဝံက နှုတ်သီးဖြင့်တို့၍တို့၍ ဤနေရာ ဤနေရာက စ၍ ခုတ်ပါဟု ညွှန်ပြပါလိမ့်မယ်၊ ထို အခါ အသင်လက်သမားဆရာကြီးက ပုဆိန်ထက်ထက်ဖြင့် ၀က်ဝံကိုသတ်ကာ အရေကိုခွါ၍ အသားကို စား ပါလော၊ ကြို့ပင်ကိုလည်း ဖြတ်ပါလောဟု လက်တုန့်ပြန်ဘို့အရေး အကြံ ပေးပြန်၏။

ထိုအခါ လက်သမားဆရာကြီးသည် ကြို့ပင်စောင့်နတ်စကား ကြားရ၍ “ အော် အံ့ဖွယ်ရှိပေစွယနေ့ကား ငါ့အတွက် မင်္ဂလာရှိသော နေကောင်းနေ့မြတ် ရက်ကောင်းရက်မြတ်ပေတကား”ဟုဆို၍ ကြိုပင်စောင့် နတ် ပြောသည့်အတိုင်း ၀က်ဝံကိုသတ်ပြီးလျှင်  ကြို့ပင်ကိုလည်း ဖြတ်၍ သွားလေတော့၏။ထိုအချိန်မှစ၍  ၀က်ဝံနှင့် ကြို့ပင်စောင့်နတ်တို့သည် ယနေ့တိုင်အောင် ကမ္ဘာတည်သရွေ့ရန်မကျေသော ရန်မပြေသော ကမ္ဘာ့ရန်သူကြီးများ ဖြစ်သွားတော့၏၊ ဤသည်မှာ ရန်ကိုရန်ဖြင့် တုန့်ပြန်သော “အတုန့် အလှဲ့”   ဖြစ်ပါ ၏။(ထို့အပြင် မြွေနှင့်မြွေပါ - ကျီးနှင့်ခင်ပုတ်ငှက်တို့သည်လည်း ကမ္ဘာမကျေသရွေ့ ရန်မပြေသော ကမ္ဘာ့ ရန်သူကြီးများ ဖြစ်ကြပါ၏)။

                                   “ မိုက်ရန်ပျိုးခဲ့ - ရန်ငြိုးဖွဲ့ - ကျိုးမဲ့ပျက်စီးမည် ”

မြတ်စွာဘုရားရှင်က ဆက်လက်၍  ၀က်ဝံနှင့် ကြို့ပင်စောင့်နတ်တို့ကဲ့သို့ “ ရန်တုံမူခြင်း သည် ငြိမ်း ချမ်းရေး ကို မရနိုင်၊ နှစ်ဦးနစ်ဖက် ပျက်စီးမှုကိုသာ ရင်ဆိုင်ရသည် ” ။ လူလောက၌ လည်းထိုနည်းတူပင် “ ငြင်းခုံခြင်း ခိုက်ရန်ပြုခြင်း ရန်တုန့်မူခြင်းသည် ဥဒေါင်းက ကသည်နှင့်တူပေ၏ဟု မိန့်တော်မူ၏၊ ( ဥဒေါင်း က ကသော အခါ  ရှေ့ကကြည့်လျှင် လှသလိုလို ကြည့်ကောင်း သလိုလို ထင်ရ၏၊ သို့သော် နောက်ကနေ ကြည့်မည် ဆိုလျှင် )၊

တေဣဿဖန္ဒနာယထာ - ထိုဝက်ဝံနှင့်ကြို့ပင်စောင့်နတ်တို့ကဲ့သို့၊ ဧ၀မေ၀ - ဤအတူသာလျှင်၊ မနုဿာ နံ-လူတို့၏၊ ၀ါ - လူတို့အား၊ ယတ္ထ - အကြင်အရပ်၌၊ ၀ိဝါဒေါ - ငြင်းခုံခြင်း ခိုက်ရန်သည်၊ ဇာယတိ - ဖြစ်၏၊ တတ္ထ - ထိုအရပ်၌၊ မယူရနစ္စံ - ဥဒေါင်းကဲ့သို့ ကခြင်းကို၊ နစ္စ န္တိ - ကသည်မည်ကုန်၏။

ထို့ကြောင့် အချင်းချင်း ငြင်းခုံခြင်း ခိုက်ရန်ပြုခြင်း ရန်တုန့်မူခြင်းမပြုကြပဲ နို့နှင့်ရေသား ရော ထား သကဲ့သို့ တစ်သွေးထည်း တစ်သားထည်း တစ်ပြေးထည်း တစ်စိတ်ထည်း  ညီညီ ညွတ်ညွတ်နှင့် ၀မ်းမြောက် ၀မ်း သာ နေထိုင်ကြပါ။ ၀က်ဝံနှင့်ကြို့ပင်စောင့်နတ်ကဲ့သို့ ခိုက်ရန်မဖြစ်ကြ ပါကုန်လင့်။ညီညွတ်ခြင်း စည်းလုံးခြင်း ကို ဘုရားစသော အရိယာသူတော်ကောင်း များလည်း ချီးမွမ်း ကြပါ၏

စည်းလုံးညီညွတ်မှု၌ မွေ့လျှော်သော သုစရိုက်တရား၌ တည်သောသူသည် ယခုဘ၀၌လည်း ချမ်းသာ စွာနေ ထိုင်ရသည့်အပြင် “ ယောဂလေးပါးကုန်ရာ နိဗ္ဗာန်မှလည်း ” မယုတ်လျှော့နိုင်သော ကျင့် စဉ်ဖြစ်ကြောင်း ထပ်လောင်း၍ ရှင်တော်မြတ်ဘုရားက မိန့်တော်မူလိုက်ပါ၏

                          “ ညီညွတ်ခြင်းဖြင့် ငြိမ်းချမ်းမှု၏ အရသာကို အပြည့်အ၀ ခံစားနိုင်ကြပါစေ ”
                                                             
                                                                     ပြီးပါပြီး .. ကောင်းသစ်

Thursday, July 7, 2011

အတုန့် အလှဲ့ -၂

ဤသို့ဖြင့် တိုက်တိုက်ဆိုင်ဆိုင် ရထားအတွက် လိုအပ်သော သစ်သားများ လာရှာသော သစ် ခုတ်သမား အုပ်စုသည် ကြို့ပင်နှင့်မလှမ်းမကမ်းလောက်၌ မိမိတို့စီးလာသော လှည်းယဉ် ကို ဖြုတ်၍ ထားလိုက်၏၊ ထို့နောက် ပဲခွပ် ပေါက်ဆိန် လွှ စို့ ဓားမများ ကိုင်ဆောင်လျှက် သစ် ကောင်း ရှာရင်း ရှာရင်းဖြင့် ကြို့ပင်အနီး သို့ ရောက် လာကြ၏။
ကြို့ပင်အောက်နားမှ အရန်သင့်စောင့်နေသော ၀က်ဝံက စဉ်းစားရင်း ပြုံးနေ၏၊ ပီတိကြောင့် ဖြစ်သော အပြုံးလှလှတော့ မဟုတ်၊ ဒေါသ အာဃာတကြောင့် ဖြစ်ပေါ်လာသော မလှ မပ သော မချိပြုံးဖြစ်၏၊ ယနေ့ ငါု့ရန်သူရဲ့ပျက်စီးခြင်းကို မြင်ရအောင် ငါကြံဆောင်မှ ဖြစ်မယ်၊ ဒီနေရာက လွန်မသွားခင် အချိန်နှင့်တပြေးညီ ငါလုပ်ငန်း စ.မှ ဖြစ်မယ်။

သားရဲလည်းပေါ သစ်လည်းပေါသည့် ဤတောဂနိုင် ဤတောမြိုင်၌ ဓားကိုင် လွှထမ်း ပုဆိန် ကြီးတန်းလန်းနှင့် ဘယ်လမ်း ဘယ်စခန်း ဘယ်ဆီကိုမြန်းလို၍ အသင်ယောက်ျား လှမ်းနေ ပါသနည်း။ သစ်သားအတွက် အခက်တွေ့လျှင် ကျန်ုပ်အမှန်ပင်ညွှန်နိုင်ပါသည်၊ အသင် ယောက်ျား ဘယ်သစ် များကိုခုတ်၍ ဘယ်အတွက် ဘာလုပ်လိုပါသနည်း၊ ကျန်ုပ်မေးငြား ယင်းစကားကို ခွန့်တုန့်လို့ ဖြေကြားပါအုံး။

လူက လူစကားပြောသံကြားသည်မှာ အံသြစရာမဟုတ်၊ သို့သော် တိရစ္ဆာန်က လူစကားပြောသည်ဆို လျှင်တော့ အမှန်ပင် အံ့သြစရာ ကောင်းပါ၏၊ ယခု လက်သမားကြီးသည် ၀က်ဝံကြီးထံမှ လူစကားကြား၍ အံ့သြနေတော့၏၊ ရှေးကာလက လူစကားပြောသော ၀က်ဝံကို မမြင်ဘူး မကြားဘူးပေ၊ယခုတော့ ကိုယ်တွေ့  မြင်ရ ကြားရပေပြီ၊ စစ်စစ် ဒီဝက်ဝံဟာ ရထား လုပ်ရန် အဆင်ပြေမည့် သစ်သားကို သိကောင်း သိနိုင်ရာ၏၊ သူ့ကို မေးအုံးမှဟုကြံ၍ သိလို သည်ကို မေးမြန်းစုံစမ်းလေတော့၏။

အနိမ့်အမြင့် အဆင့်မညီ ဤတော်ဆီ၌ ခိုမှီရွှင်ပျော် အဆွေတော်၊ သင်က မေးဆို၍ ကျန်ုပ်ကလည်း မေးလို ပါ၏၊ ရထားအကွပ်အတွက် ဘယ်သစ်သားကို ဆက်သော် သင့်တော်ပါသနည်းမြဲမြန်ခိုင်ခန့်၍ အရှည် တည်တန့်နိုင်ပါသနည်း။

ဝက်ဝံကြီးသည် လက်သမားဆရာကြီး၏ ခွန့်တုန့်ပြန်၍ မေးသောစကားကို ကြားရသောအခါအလွန်ပင် ၀မ်း သာသွား၏၊ သူထွင်သည့်လမ်း လက်သမား ဆရာကြီး လျှောက်လှမ်းလာပြီ မဟုတ်ပါလား၊ ယနေ့ ငါရဲ့ လက်တုန့်ပြန်မည့်အကြံ ဧကန်အောင်မြင်ရစေမယ်ဟု တွေး၍ စကားဆက်လိုက်ပြန်၏၊

အို    လက်သမားဆရာကြီး  ရထားအကွပ်အတွက် အမျက်ကင်းတဲ့အသားဆို ရှာမှရှားပဲ။ ပိတောက်လည်း မကောင်း၊ ရှားလည်းမကောင်း အင်ကြင်းလည်းမကောင်း ထောက်ကြံလည်း ထိုနည်း၎င်းပါပဲ။ ဒါပေ မဲ့  ကောင်းတဲ့အသား ကျန်ုပ်ညွန်ကြားပါမယ်၊ ရထားအကွပ်အတွက် အကောင်းဆုံး အသင့်တော်ဆုံး အခိုင် ခန့်ဆုံး အသားကတော့ ကြို့သား ဖြစ်ပါတယ်။

လက်သမားဆရာကြီးသည် အလွန်ပင်ဝမ်းသာနေ၏၊ ယနေ့ဟာ ငါ့အတွက်ရက်ရာဇာဆိုက်တဲ့   နေ့ ကောင်း နေ့မြတ်ပဲ၊ အရင်က တိရစ္ဆာန် လူစကား ပြောတာ ကြားလဲ မကြားဘူးဘူး၊ ယခုဆိုလျှင် လူစကားလည်း ကြားရ ၊ ရထားအတွက်လည်း အသားကောင်းညွှန်ပြ၊ အော် ကောင်းလေစွ ကောင်းလေစွ ဟု နှစ်ထောင်း အားရ ဖြစ်နေ၏၊ သို့ပေမဲ့ ကြို့ပင်ကို သူမမြင်ဘူး၍ မသိဖြစ်နေ၏၊ထို့ကြောင့်  ကြို့ပင်၏ ပုံစံကို မေးအုံးမှပဲ တွေး၍ စကားဆက်လိုက်ပြန်၏။

အဆွေတော် ၀က်ဝံ ကြို့ပင်ဆိုတာ မြင်ဘူးဘို့ဝေးစွ၊ နားဝမှာတောင် မကြားဘူးပါ၊ သို့အတွက် ကြို့ပင်၏ အခက် ၊ ကြို့ပင်၏အရွက်နှင့် ကြို့ပင်၏ပင်စည် ဘယ်ကဲ့သိုတည်သည်ကို မသိနားမလည်က ရှာဘွယ် အခက် တွေ့မှာမို့  ကျန်ုပ်တို့ သိသာမည့်ပုံသဏ္ဍာန် လမ်းညွှန်ကာပြောပြ စကားစ ဆက်ပါအုံးဟု မေးမြန်း လိုက်၏။

အင်း ငါထွင်သည့်ခွင် ၊ ငါဆင်သည့် ထောင်ချောက် ယခု ရောက်လာပေပြီ ၊ ဘယ်ပြေးမလဲ ကြို့ပင် ၊ ယနေ့ပင် သင့်ကိုလှဲ ၊ အပိုင်းပိုင်းလဲစေမည်၊ ဤကဲ့သို့ စိတ်ရည်၍ ၀က်ဝံပြောကြားလိုက်သည်မှာကား - အိုလက်သမား ကြို့ပင်၏ ပုံသဏ္ဍာန်အား ငါ ပြောကြားပေအံ့။အရွက်ကား တွဲလဲကျ။ကိုင်းခက်က ညွတ်  ကွေး သို့သော် အသားကျွဆပ်မှုဝေး၍ သစ်တွင်ပဂေး ခိုင်ခန့်မှုစိတ်အေးရသည်၊ ငါရပ်တည်နေသော ဤသစ်ပင် သည် ကြို့ပင်အစစ် ဧကန်ပင်ဖြစ်တော့၏။

အကန့်ဒေါက်ဆံ တဖန်လှည်းဘီး အကွပ်.၀က်စွယ် ရထားဝယ်လိုအပ်သမျှ တစ်ပင်းတည်းဖြင့် အကုန် ရသည်၊  ခိုင်ခံ့ကောင်းမွန် သစ်တံခွန်ဖြစ် ဤကြို့ပင်သစ်ကို  ယခုပင်ခုတ်လှဲ ဖြတ်ခွဲ၍ယူ ဇမ္ဗူမှာ အကောင်း ဆုံးရထားကို သင်သုံးပေတော့ဟု ပြောကြားကာ ပြုံးရွှင်သော မျက်နှာဖြင့်မနီးမဝေးသို့ ထွက် ခွါ၍ သွား လေ    တော့၏။
ရထားအတွက် လိုအပ်သောအသား ၀က်ဝံပြောကြားခဲ့ပြီးဖြစ်၍ လက်သမားဆရာကြီးသည် သူ့တပည့် သုံး လေးယောက်နှင့်အတူ လွှဓားပုဆိန်အကူဖြင့် ကြို့ပင်ကို ခုတ်လှဲရန် အမြန်ပင် စီမံကြလေတော့၏
                                                                         
                                                                            ဆက်ရန် . ကောင်းသစ်



Tuesday, July 5, 2011

အိုဘယ့် ခရီးသည်

အို ခရီးသွား
အသင် ဘာတွေစဉ်းစားနေတာလဲ
အလင်းရောင်ရှိတုန်း ခရီးနှင်ထားမှ ....

ဒါ အပါယ်သွားတဲ့လမ်း လျှောက်လှမ်းမလား
ဒါက လူ့ပြည် နတ်ပြည် သွားတဲ့လမ်း လျှောက်လှမ်းမလား
ဒါကတော့ ဗြဟ္မာ့ပြည်သွားတဲ့လမ်း လျှောက်လှမ်းမလား
ဒါကတော့ဖြင့် နိဗ္ဗာန်သွားတဲ့လမ်း လျှောက်လှမ်းမလား

ကြိုက်ရာကိုရွေး လမ်းမလေးသွယ်
အလင်းရောင် မကွယ်ခင်
ရောက်ချင်တဲ့  စခန်း
လျှောက်ချင်တဲ့ လမ်း
အမြန်လှမ်းထားမှ  လှမ်းထားမှ ...
                                                      ကောင်းသစ်

Sunday, July 3, 2011

အတုန့်အလှဲ့ - ၁

မိမိပေါ်ပြုဘူးသော ကျေးဇူးကို ပြန်လည်အမှတ်ရ အောက်မေ့၍ ကျေးဇူးဆပ်ခြင်းကို အတုန့်အလှဲ့ဟု ခေါ်နိုင် သလို  . ရန်ကို ရန်ဖြင့် ပြန်လည်တုန့်ပြန်ခြင်းကိုလည်း အတုန့်အလှဲ့ဟု ခေါ်ဆိုကြပါ၏၊ အမှန်အားဖြင့် အကောင်းဖြစ်စေ အဆိုးဖြစ်စေ ပြန်လည်တုန့်ပြန်ခြင်းကို အတုန့်အလှဲ့ဟု ခေါ်ခြင်းဖြစ်ပါ၏။

ပုံပြင်လေးတစ်ပုဒ်ဖတ်ဘူးပါ၏၊စမ်းချောင်းနဘေး သစ်ပင်ထက်ဝယ် ဂျိုးငှက်လေးတစ်ကောင် နားနေခိုက်ဖြစ် ၏။ ပုရွက်ဆိပ်လေး တစ်ကောင်သည် စမ်းရေထဲ မျောပါလာ၏၊အားကိုးဖွယ်ရာ မျက်တစ်ပင် သစ်တစ်ခက်မျှ မတွေ့ရပေ၊ ဤအတိုင်းဆို ပုရွက်ဆိပ်လေးသည် ရေနစ်၍ သေဖွယ်သာ ရှိတော့၏၊ သို့သော် ကံအားလျှော် စွာ ပုရွက်ဆိပ်လေးကို စမ်းချောင်းနဘေး သစ်ပင်ထက်နားနေသော ဂျိုးငှက်လေးက မြင်တွေ့သွား၏၊ ပုရွက် ဆိပ် အသက်ရှင်သန်ရေးအတွက် ဂျိုးငှက်လေးက သစ်ကိုင်းတစ်ကိုင်းကို နှုတ်သီးဖြင့်ချိုး၍ ပုရွက်ဆိပ်နားပစ် ချလိုက်၏၊  ရေဘေးသင့်နေသော ပုရွက်ဆိပ်လေးကို ကယ်ဆယ်ရေးလုပ်ငန်း လုပ်လိုက်ခြင်းဖြစ်ပါ၏၊ ပုရွက် ဆိပ်လေးသည် စိမ်းစိုသော သစ်ခက်လေးပေါ် တက်လိုက်၏၊ ထို့နောက်တော့ အပေါ်သို့ မော့ကြည့်လိုက်၏၊ သူ့ကို ငုံ့ကြည့်နေသော ဂျိုးငှက်လေးကို မြင်လိုက်၏ သြော်ငါ့၏အသက် ဂျိုးငှက် ကယ်လိုက်တာပါလား။

တစ်နေ့ မုဆိုးတစ်ယောက်သည် ဂျိုးကူသံပေး၍ ထောင်ချောက်ဆင်ကာ ဂျိုးငှက်များကို ဖမ်းဆီးနေ၏၊ ဂျိုးကူ သံကြား၍ ဂျိုးငှက်လေးသည် အသံကြားရာသို့ ဖြေးဖြေးချင်းလာနေ၏၊ ယင်းလာနေသော ဂျိုးမှာ တစ်ချိန်က ပုရွက်ဆိပ်လေးကို ရေဘေးမှ ကယ်တင်လိုက်သော ဂျိုးငှက်လေးဖြစ်နေ၏။ ပုရွက်ဆိပ်လေးသည် အစာ ရှာထွက်လာရင်း မုဆိုးနှင့် ဂျိုးငှက်လေးကို မြင်နေရ၏

ဤသို့ဆိုလျှင် ဂျိုးငှက်အတွက် အသက်အန္တရာယ် နီးကပ်နေ၏၊ မုဆိုးသည်ံ ဂျိုးကူသံပေး၍ ဆက် လက်အော်နေ ၏၊ ဂျိုးငှက်လေးသည်လည်းထောင်ချောက်နား နီးကပ်လာပေပြီး၊ ထိုအခိုက် ပုရွက်ဆိပ်လေး သည် သူလုပ်သင့်သည်ထင်သော လုပ်ရပ်တစ်ခုကို လုပ်လိုက်၏၊ သူ့လုပ်ရပ်မှာ မုဆိုး၏တင်ပါးကို ကိုက်ခဲ လိုက်ခြင်းဖြစ်၏၊ မုဆိုးသည် ဂျိုးကူသံအော်နေရာမှာ သတိမထားမိပဲ ပုရွက်ဆိပ်ကိုက်ခြင်းကြောင့် နာကျင်ရကား “ တစ်ကူးကူးကူး ” ဟု အော်မြည်နေရင်းမှ “တစ်ကူကူးအား ” အော်မိလေတော့၏၊ အသံ ဟန်ချက်ပျက်သွားသော အခါ ဂျိုးငှက်လေးသည်ဂျိုးကူသံ မဟုတ်သိလိုက်လေပြီ၊ ထို့ကြောင့် လန့်ဖျန့်၍ ပျံသွား လေတော့၏၊ပျံသွားရင်း အောက်သို့ ငုံ့ကြည့်မိလိုက်သောအခါ တစ်ချိန်က ရေဘေးမှ သူကယ် ဆယ်ခဲ့သောပုရွက်ဆိပ်လေးသည် သူ့ကို မော့ကြည့်နေသည်ကို မြင်တွေ့လိုက်၏၊ သြော် ငါ၏အသက် ပုရွက် ဆိပ်လေးက ကယ်လိုက်တာပါလားဟု သိသွား၏။ဤသည်မှာ အတုန့်အလှဲ့သ ဘော ဖြစ်ပါ၏။ ထို့ကြောင့် သူတစ်ပါး အသက် ကယ်တင်ခြင်းသည် မိမိအသက်ကို ကယ်တင်ခြင်းဖြစ်၏ဟု ဆိုကြခြင်းဖြစ်ပါ၏။

နောက်အတုန့်အလှဲ့တစ်ခုကို တင်ပြလိုပါသေး၏၊ယင်းကား မကောင်းသော အတုန့်အလှဲ့ဖြစ်ပါ၏၊ ဗာရာဏ သီပြည် ရွာငယ်လေးတစ်ရွာ၌ ပုဏ္ဏားတစ်ယောက်သည် လက်သမားအလုပ်ဖြင့် အသက်မွေး ၀မ်းကြောင်းပြုနေ၏၊ သူ့အလုပ်ကား ရထားယဉ် လှည်းယဉ်လုပ်ခြင်းဖြစ်ပါ၏၊ယနေ့ လက်သမား ဆရာကြီး သည် တပည့်သုံးလေးယောက်ကို ခေါ်၍ ယဉ်ရထားလုပ်ရာ၌ လိုအပ်နေသော အသားများ ရှာဖွေရန် အတွက် ဟိမ၀န္တာတောသို့ ထွက်လာခဲ့၏။

သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းခို - ဟူသော စကားပုံတစ်ခုရှိပါ၏။အမှန်အားဖြင့် သစ်တစ်ပင်ကောင်း လျှင်ငှက်တစ်သောင်းသာမက   သမင်ဒရယ်ဂျီငယ်များနှင့်ခြင်္သေ့သစ်ကျား   ၀က်ဝံစသော တော-ကောင်များ
လည်း နားခိုအိပ်စက်ကြပါ၏ဟိမ၀န္တာတော်ပျော် ၀က်ဝံတစ်ကောင်သည် နေ့စဉ် နေ့စဉ် အစာ ရှာပြီးတိုင်း အခက်အရွက် အသီး အပွင့်တို့ဖြင့် ဝေေ၀ဆာဆာ စိမ်းစိုအုပ်ဆိုင်းနေသော ကြို့ပင်အောက် သို့နားခိုကာ အိပ်စက်နား ခိုနေကြဖြစ်၏၊

ကြို့ပင်ကြီးသည် စိမ်းစိုအုပ်ဆိုင်းနေသည်ဆိုသော်လည်း   သက်တမ်းကြာပြီးဖြစ်၍ တစ်ချို့သစ်ကိုင်းများမှာ -
ခြောက်သွေ့နေပြီးဖြစ်၏၊ ယနေ့လည်း ခါတိုင်းလိုပင် ၀က်ဝံကြီးသည် အစာဝပြီးဖြစ်၍ ကြို့ပင်အောက် သို့ဝင်ရောက်ကာ အိပ်စက်နေ၏။ထိုအခိုက် လေပြင်းမုန်တိုင်း ကျရောက်လာ၏၊ လေဒါဏ် မခံနိုင်သော သစ်ကိုင်းခြောက်တစ်ကိုင်းသည် ကျိုးကျကာ အိပ်နေသော ၀က်ဝံကြီး၏ ပခုံပေါ်သို့ ကျသွား၏၊ ၀က်ဝံကြီး သည်လန့်ဖြန့်၍ထွက်ပြေး၏ပခုံးမှစပ်ဖျဉ်းဖျဉ်းနာကျင်ခြင်းဒါဏ်ကိုခံစားနေရ၏၊ခပ်လှမ်းလှမ်း  လောက်ရောက်
တော့မှ နောက်ကိုပြန်လှည့်ကြည့်လိုက်၏၊ ဘယ်သားကောင်းမှ ထွက်ပြေးသွား သည်ကိုလည်းမမြင်၊ သူ့နောက်သို့ ဘေးရန်ပြုတတ်သော ခြင်္သေ့ သစ်ကျား သားကောင်းများ လိုက်လာ သည်ကိုလည်း မမြင်ရ ။ ထိုအခါ သူထင်ရာ သူတွေးမိတော့၏၊ အင်း ကြို့ပင်စောင့်နတ်က ငါ့ကို သက်သက် မဲ့ ရန်ပြုတာပဲ၊ တစ်ခြားသားကောင်းတွေကြ ဘာမှ မလုပ်ပဲနှင့်ငါ့ကိုရွေးပြီး သက်သက်မဲ့ ရန်ပြုတာငါ့မှာ ဘာအပြစ်ရှိလို့လဲ၊ ငါ့မှာဘာအြ့ပစ်မှမရှိဘူး၊ ဒင်းကြို့ပင်စောင့်နတ်တော့လား  နှစ်ရက်သုံးရက်အတွင်း  င့ါအကြောင်း  ကောင်း
ကောင်း သိစေရမည်၊ အမြစ်ကအစ ပင်စည်အဆုံး အားလုံးကို အစိပ်စိပ် အမွှာမွှာ အပိုင်းပိုင်းဖြစ်အောင် တူးဖြိုဖြတ်တောက်ပစ်မယ်ဟု စိတ်ထဲမှ နာကျည်းစွာ ကြုံးဝါးရင်း ဖျက်ဆီးရေးသမား ရှာပုံ တော်ခရီး စထွက်တော့၏။( ဤသည်မှာ ၀က်ဝံ၏ အတွေးမှားမှုဖြစ်၏၊အမှန်အားဖြင့် ကြို့ပင်စောင့်နတ်၏ ပယောဂ မပါ၊ လေဒဏ်ကြောင့် သစ်ကိုင်းခြောက်ကျိုးကျခြင်းသာဖြစ်ပါ၏၊သူအ့ပေါ်ကျ၍ သူသည်ကံဆိုးသူမောင် ရှင်ဖြစ်သွားရဖြင်းဖြစ်၏၊ သူ၏အတွေးမှားမှုကြောင့် လုပ်ရပ်ပါမှားလာတော့၏ ၊ ထိုအခါ မဖြစ်သင့် မဖြစ်ထိုက်
သည့် ပြဿ နာရပ်များ ရန်ငြိုးရန်စမီးများ စတင်၍ ဖြစ်ပွားလာတော့၏)
.
                                                                                            ဆက်ရန် . ကောင်းသစ်

Thursday, June 30, 2011

ဥပါသကာ ဂုဏ်အင်္ဂါ


           မင်းမြတ် ဥပါသကာ၏ ကျင့်ဝတ်ဂုဏ်အင်္ဂါတို့သည် ဤဆယ်ပါးတို့တည်း။
                 အဘယ်ဆယ်ပါးတို့နည်းဟူမူ…
၁။ မင်းမြတ် ဤလောက၌ ဥပါသကာကသည် သံဃာနှင့်တူမျှသော ချမ်းသာဆင်းရဲရှိသူ
ဖြစ်၏။
၂။ တရားတော်လျှင် အကြီးအမှူးထားသူဖြစ်၏။
၃။ ပစ္စည်းဥစ္စာ အင်အားအလျှောက် ဝေဖန်ခွဲခြားခြင်း၌ မွေ့လျော်သူဖြစ်၏။
၎။ ဘုရားသာသနာတော်၏ ပျက်ပြားဆုတ်ယုတ်သည်ကို ကြားသိတွေ့မြင်သော် တိုးတက် စည်ပင်ခြင်း
ငှာ လုံ့လစိုက်ထုတ်၏။
၅။ ကောင်းသော အယူဝါဒရှိသူဖြစ်၏။
၆။ ဒိဋ္ဌိ သုတ မုတမင်္ဂလာအယူမှ ကင်းလွတ်၍ အသက်ဟူသော အကြောင်းကြောင့်လည်း သာသနာ တော်မှ တစ်ပါးသောသူကို ဆရာဟူ၍ မညွန်ကြား၊ ထိုဥပါသကာသည် ကိုယ်အမူအရာ နှုတ်အမူအရာကိုလည်း စောင့်စည်း၏။
၇။ သင့်တင့်ညီညွတ်ခြင်း၌ မွေ့လျော်သူ သင့်တင့်ညီညွတ်ခြင်း၌ ပျော်ပိုက်သူဖြစ်၏။
၈။ မငြူစူတတ်သူဖြစ်၏။
၉။ ကောက်ကျစ်စဉ်းလဲသည်၏အစွမ်းဖြင့် သာသနာတော်၌ ကျက်စားကျင်လည်သူ မဟုတ်။
၁၀။ ဘုရားကို ကိုးကွယ်ရာဟု ဆည်းကပ်သူဖြစ်၏၊ တရားတော်ကို ကိုးကွယ်ရာဟု ဆည်းကပ်သူ ဖြစ်၏၊သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သူဖြစ်၏။

မင်းမြတ် ဤသည်တို့ကား ဥပါသကာ၏ ကျင့်ဝတ်ဂုဏ်အင်္ဂါ ဆယ်ပါးတို့တည်း။  (မိလိန္ဒပဥှာ )။