.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Sunday, July 31, 2011

ပုထုဇဉ်၏ သဒ္ဓါတရား ၂

ဟုတ်တယ် ဒကာ၊ ပတ္တမြား ကြိုးကြာမြိုတာကို ဘုန်းဘုန်း ကိုယ်တိုင် မြင်တွေ့လိုက်ရတာပါ၊ ဒီလို ပြောလိုက် တာဟာလည်း ကြိုးကြာငှက် သေပြီဖြစ်၍ ပြောခြင်းပါ၊ အကယ်၍ ကြိုးကြာအသက်ရှင်သန်နေအုံးမယ်ဆိုရင် မိမိအသက်သာ အသေခံသွားမည်ဟု ကြိုးကြာမျိုသည်ဟုပြောလိမ့်မည် မဟုတ်ပါ၊ ( အော် သူတော်ကောင်း ဟူသည် မိမိပယောဂကြောင့် သူတစ်ပါးဒုက္ခရောက်မည်ကို ပြောမထွက်သော (ကရုဏာတရား) မိမိသာ အနာခံသော (ခန္တီတရား)ကိန်းအောင်းနေသူပါတကား)။

ပတ္တမြားကြိုးကြာမျိုသည်ဆိုသောအသံသည် ကျောက်သွေးသမား၏နားမှတစ်ဆင့် နှလုံးသားထိတိုင်   အောင်  ရိုက်ခပ်၍ သွားလေတော့၏၊ ထို့ကြောင့် သူ၏ စိတ်သည် တုန်လှုပ်သွားတော့၏၊ မသိမှု၏ လှုံ့ဆော်မှုကြောင့်  မလုပ်သင့်သည်ကို သူလုပ်လိုက်မိ၏၊ ယခု သူလုပ်ရပ်မှားကြောင်း သိသွားပြီးဖြစ်၏၊ အမှားကို လွန်ကျူးသူ၏စိတ်သည် တည်ငြိမ်မရှိနိုင်တော့။

စိတ်မတည်ငြိမ်၍ စိတ်၏တည်ရာ နှလုံးအိမ်လည်း မတည်ငြိမ်တော့၊ ထိုအခါ နှလုံးသွေးများ လည်ပတ်စီး ဆင်းရာ တကိုယ်လုံးသည်လည်း တည်ငြိမ်မှု မရှိတော့၊ ထို့ကြောင့် ကျောက်သွေးသမားသည် တုန်ယင်သော စိတ် တုန်ယင်နေသော လက်ဖြင့် ဓားကိုမနိုင်တစ်နိုင် ဆွဲကိုင်၍ကြိုးကြာ၏ ၀မ်းဗိုက်ကို ခွဲစိတ် လိုက်လေတော့၏၊ ထိုအခါ အစာအိမ်ထဲမှာ ပတ္တမြားကိုကျောက်သွေးသမားသည် မျက်ဝါးထင်ထင်  မြင် လိုက်တွေ့လိုက်ရတော့၏၊

ကျောက်သွေးသမားသည် အတွေးမှား၍ အပြောအဆို ( စွပ်စွဲမှု ) မှားခဲ့လေပြီး၊ အပြောမှား ရုံတွင်မရပ် လက်လွန်ခြေလွန်အဆင့်ထိ အပြုအမူပင် မှားခဲ့လေပြီး၊ သူ၏ အမှားကြောင့် ကိုယ်ကျင့်ဖြူစင်သော  ရဟန်းတော် ဓားစာခံအဖြစ် နှိပ်စက်မှုအကြီးအကျယ် ခံစားခဲ့ရလေပြီ။

“ ပြုသူအသစ် ခံသူအဟောင်း ” ဟု သူဟောင်းရှေးက ဆိုကုန်ကြလည်း ပြုသူသည် အသစ်မှန်သော်လည်း ခံရသူတိုင်း အဟောင်းဖြစ်ချင်မှ ဖြစ်ပေမည်၊ ခံသူအဟောင်းဟူသည် စိတ်၏သက်သာရာ ဖြေတွေး ( ယော နိသော မနသိကာရအနေအားဖြင့် ) တွေးဟန် ဖြစ်တန်ရာပါ၏၊

ကျောက်သွေးသမားသည် “ ငါ - သားသမီးမှ တစ်ပါး ” တစ်ခြားဖြစ်နိုင်ချေရှိသူသည် ရဟန်းသာ  ဖြစ်ရမည်ဟု တွေးခဲ့၏၊ ယခုတော့ သူထင်မှတ်ထားသော ရဟန်းမဟုတ်ပဲ သူထင် မထားသော  ကြိုးကြာဖြစ်နေသည်ကို မြက်ဝါး ထင်ထင် မြင်တွေ့လိုက်ရလေပြီး၊

“ ငါမှားလေပြီ ” တဲ့။
နှုတ်ဖျားမှ ထွက်လာသော အသံတော့ မဟုတ်၊ ရင်ထဲမှာပင် မိမိတယောက်တည်း ကြားရုံသာပြောနေ မိသော စိတ်၏ ပဲ့တင့်သံဖြစ်ပါ၏၊အမှန်အားဖြင့် ပတ္တမြားကို တွေ့ရ၍ ကျောက်သွေးသမား ၀မ်းသာရ မည်ဖြစ်၏၊ သို့သော် သူဝမ်းမသာနိုင်ဖြစ်နေ၏။ သူ၏နှလုံးသားသည် ၀မ်းသာရမည့်အစား အကြီးမား ဆုံးသော   တုန်ုလှုပ်မှုကြီးကို သူခံစားနေရလေပြီ၊

ရဟန်းတော်သည် ကြိုးကြိုမျိုသည်ကို မြင်ရပါလျှက် “ ကြိုးကြာမျိုသည်ဟု မပြောပဲ၊ ဘုန်းဘုန်းမယူပါဟုသာ “ ပြောခြင်းသည် ကြိုးကြာကို ငဲ့၍ ပြောခြင်း ဖြစ်ချေသည်တကား၊ ကြိုးကြာမျိုသည်ဟု ပြောလိုက်လျှင် သူ ဆင်းရဲဒုက္ခမှ လွတ်မြောက်မည်ဟု သိသော်လည်း မိမိအပြောပယောဂကြောင့် ကြိုးကြာဒုက္ခရောက်မည် ကို မြင်၍ အသက်နှင့်လဲကာ ထိမ်းသိမ်းပေသောအရှင်မြတ်ပေတကား၊ ယင်းကဲ့သို့သော အဆင့်မြင် သူတော်စင်ကိုငါမညှာမတာစွပ်စွဲမိသည့်အပြင် ကိုယ်ထိလက်ရောက်  ပြင်းထန်စွာပင် နှိပ်စက်မိခဲ့ချေပြီတ-
ကား၊  ငါ  … ငါ … ငါ… ……..

ကျောက်သွေးသမား၏ မျက်ဝန်းမှ ၀မ်းနည်းမျည်ရည်များ  နောင်တမျက်ရည်များဖြစ်သည့် မျက်ရည် ပူများသည် တသွင်သွင် စီးကျနေလေပြီ၊ ထို့နောက်တော့ ရဟန်းတော်၏ ခြေရင်း ၀ပ် စင်းကာ “ အရှင် ဘုရား တပည့် တော်ကို ခွင့်လွှတ်ပါဘုရား ” လို့ မလျှောက်ရဲလောက်အောင် မိုက်တွင်းနက်သော တပည့် တော်ကို သနားသောအားဖြင့် ခွင့်လွှတ်တော်မူပါဘုရား။


ဒကာ သင့်မှာလည့်း အပြစ်မရှိ ၊ ငါ့မှာလည်း အပြစ်မရှိ ၊ ၀ဋ်ကျွေးရှိ၍ ကံဟောင်းဆပ်ရခြင်းသာ ဖြစ်ပါ၏၊ အသင် ဒကာကို ဘုန်းဘုန်း သိခံ ခွင့်လွှတ်ပါ၏။

အရှင်ဘုရား တပည့်တော်ကို သိခံခွင့်လွှတ်တော်မူပါလျှင် “ ယခင်အတိုင်းပဲ တပည့်တော်တို့ အိမ်ကို ဆွမ်းခံ ကြွတော်မူပါဘုရား ” ဟု ( မိမိ မိုက်ပြစ်ကြောင့် ) မရဲတရဲ လျှောက်ထားလေ၏၊

ထိုအခါ ရဟန်းတော်က “ ငါသည် ယခုအချိန်မှစ၍ သူတစ်ပါးတို့၏ အိမ်အမိုးအတွင်းသို့ မည်သည့် အကြောင်းကြောင့်မျှ မ၀င်တော့၊ ယခုကဲ့သို့  မဟုတ်မမှန် စွပ်စွဲခံရခြင်း ၊ ကိုယ်ထိလက်ရောက် ပြင်းထန်စွာ နှိပ်စက်ခံရခြင်းသည် အိမ်အမိုးအတွင်းသို့ ၀င်ရောက်မိခြင်း၏ အပြစ်ဖြစ်ပေ၏၊ ”ဟု  မိန့်တော်မူပြီးလျှင် ယနေ့ ယခုအချိန်မှ အစပြု၍ ခြေထောက်နှစ်ခြောင်း လှုပ်ရှားနိုင်သမျှ ရွေ့ရှားနိုင်သမျှ ကာလပါတ်လုံး အိမ်တံခါးဝ၌သာရပ်လျှက်ဆွမ်းကိုခံယူပေတော့အံ့ဟု(အစ၌ ဖေါ်ပြခဲ့သော ဂါထာကို  နှုတ်မြွက်တော်မူကာ)  ဓုတင် အကျင့်ကို ဆောက်တည်တော်မူ၏။

ရဟန်းတော်သည် ကျောက်သွေးသမား၏ နှိပ်စက်မှု ဒဏ်ချက်ဖြင့်ပင် ၀ိပါက်နာမက္ခန္ဓာကဋတ္တာရုပ် အကြွင်း အကျန် မရှိသော “ ခန္ဓပရိနိဗ္ဗာန် ” ၀င်စံတော်မူသွားရပါ၏။

ကြိုးကြာငှက်သည် စိတ်ထားနူးညံ့သော ကျောက်သွေးသမားဇနီး၏ ၀မ်းကြာတိုက်၌ စွဲပိုက် သန္ဓေ တည်လေ၏၊ ကျောက်သွေးသမားသည် ကွယ်လွန်သောအခါ ငရဲ၌ ကျရောက်ရလေ၏၊ ကျောက်သွေးသမား ဇနီးသည်သည်ကား မထေရ်မြတ်အပေါ်၌ ထားရှိသော ကြည်ညိုစိတ်နူးညံ့စိတ်ကြောင့် ကွယ်လွန်သောအခါ နတ်ပြည်၌ ဖြစ်ရ၏
 ထိုအဖြစ်အပျက် ခိုင်မာကြောင်းကို ဂါထာလေးက ယနေ့ထက်တိုင် သက်သေအဖြစ် ရပ်တည်နေပါ၏။

                                     ဂဗ္ဘမေကေ ဥပ္ပဇ္ဇ န္တိ ၊ နိရယံ ပါကကမ္မိနော
                                     သဂ္ဂံ သုဂတိနော ယန္တိ၊ ပရိနိဗ္ဗ န္တိ အနာသ၀ါ


               အတွေးမှားခြင်း အပြုမှားခြင်းဘေးမှ ကင်းဝေးကြ၍ အပါယ်ဘေးမှ ကင်းဝေးနိုင်ကြပါစေ…
                                                                                             ပြီးပါပြီး   -    ကောင်းသစ် 


Monday, July 25, 2011

ပုထုဇဉ်၏ သဒ္ဓါတရား.၁

ဤအိမ်သို့ ဆွမ်းခံကြွလာခဲ့သည်မှာ တယ်ဆယ့်နှစ်နှစ်ပင် ရှိခဲ့ပေပြီ၊အနေကြာ အသိကြာလာခဲ့ပြီမို့  မိသား စုဝင်လိုပင် ဖြစ်နေရကားအားလုံးက ဦးထိပ်မှာတင်ထားပြီး  မိဘအရာ သံဃာ့အရာထားကာ ပြုစုလုပ်ကျွေး  ကိုးကွယ်လာခဲ့သည်မှာ ယနေ့ထိပင် ဖြစ်၏။

သို့သော် ယနေ့ ကြုံတွေ့လိုက်ရသော အဖြစ်ဆိုးသည် ရဟန်းတော်အတွက် တစ်သက်တာထိတ်လန့်ဖွယ် သံဝေဂရဖွယ် သင်္ခန်းစာ ဖြစ်သွားတော့၏၊ ထို့ကြောင့်လည်း နှုတ်မှပင် မြွက်၍ အဓိဋ္ဌာန်ဆောက်တည်လိုက်   လေ၏၊ ရဟန်းတော် အဓိဋ္ဌာန်လိုက်သော အဓိဋ္ဌာန်ချက်မှာ..

ရဟန်းတစ်ပါးအတွက် အနည်းငယ် အနည်းငယ်သော ဆွမ်းသည် (သဒ္ဓါတရားရှိသော )အိမ်တိုင်း အိမ်တိုင်း ၌ ကျက်ပြီးသား ချက်ပြီးသား ဖြစ်၏၊ ငါ၏ သလုံးမြင်းခေါင်း ခြေနှစ် ချောင်းသည်  သွားနိုင်သော စွမ်းအားရှိ သမျှ အိမ်အမိုးအောက်သို့ မ၀င် အပြင်မှပင် ရပ်ကာ ဆွမ်းခံ၍သာ ဘုဉ်းပေးတော့မည် … ဟူ၍ပင် ဖြစ်၏။

ပုထုဇဉ်၏ သဒ္ဓါတရားသည် ခိုင်မြဲသော အစလ သဒ္ဓါတရား မဟုတ်ချေ၊ အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးသွားတတ်ပါ၏၊ အမြင် မကြည်လင်တော့သောအခါ ယုံ၍ ကြည်နေသော သဒ္ဓါတရားသည်လည်း မကြည်လင်နိုင်တော့ပဲ ရေခိုး ရေငွေ့ပမာ ပျက်ပျယ် ပျောက်ကွယ်၍ သွားတော့၏။ယင်းသို့ ပျောက်ကွယ် သွား ပုံကို “ တစ်ချိန်က သာဝတ္ထိပြည်၌ ဖြစ်ပျက်ခဲ့သော အရှင်တိဿ၏ ရင်နင့်ဖွယ်ရာ ဖြစ်ရပ်မှန်လေးက ” သက်သေအဖြစ် ယနေ့တိုင်အောင် ရှိနေပေ၏၊
(မှတ်တမ်း မတင်နိုင်သော ဖြစ်ရပ်မှန်များကား မည်မျှလောက် များပြားမည်ကို မသိနိုင်ပါချေ၊“ မရှိ ခိုးနိုးနိုး ” စကားလက်ကိုင်ထား၍ အပြစ်မဲ့သော အိမ်ဖေါ်လေးများ  မည်မျှလောက်ညှဉ်းဆဲခံရသည် မည်မျှလောက် အသက် ဆုံးရှုံးသွားကြသည်ကို မည်သူတွေ သိနိုင် ပါမည်နည်း)။

အရှင်တိဿမထေရ်မြတ်သည်ပုံမှန်အတိုင်း ကျောက်သွေးသမားအိမ်သို့ဆွမ်းခံကြွ၍ ခင်းထားသောနေရာ-   ၌ဣနြေ္ဒရစွာထိုင်နေ၏၊ကျောက်သွေးသမားသည်အသားစိမ်းကိုကိုင်နေချိန်ဖြစ်၏၊ ထိုအခိုက်  ကောသလဘု ရင်မင်းမြတ်မှ ပတ္တမြားကို အချောကိုင်၍ အတွင်း၌ ရောင်စုံကြိုးလေးများထည့်ရန် နန်းတွင်းမှ လူ ယုံတော် တစ်ဦးကိုသူ့ထံသို့ စေလွှတ်လိုက်၏၊ ကျောက်သွေးသမားသည် သွေးပေနေသောလက်ဖြင့် ပတ္တမြားကို လက်ခံယူလိုက်ပြီး ပခြုပ်ပေါ်တင်ထားခဲ့၍ လက်ဆေးရန် အတွင်းလက်ဆေးအိုးရှိရာသို့ ၀င်သွား လေ၏။

ကြိုးကြာငှက်သည် သားစိမ်းအနံ့ခံရင်းမှ သွေးလူးနေသော ပတ္တမြားကို အသားတုံးမှတ်၍ ရဟန်းတော် ၏ ရှေ့မှာပင် နှုတ်သီးဖြင့် ဒေါက်ခနဲကောက်၍ မြိုချလိုက်လေတော့၏၊ အဖြစ်အပျက်သည် မြန်ဆန်လွန်း၍ ရဟန်းတော်သည်လည်း တားချိန်ပင် မရလိုက်တော့။

ကျောက်သွေးသမားသည် လက်ဆေးပြီး ပြန်ထွက်လာသောအခါ မိမိထားသော နေရာ၌ပတ္တမြားကို မမြင် ရတော့၊ ရင်ထဲ ထိတ်ကနဲ ဖြစ်သွား၏၊ ထို့ကြောင့် ဇနီးကို မေးကြည့်၏မယူ၊ သားသမီးများကို မေး ကြည့်ပြန် ၏ သူတို့ကလည် မယူပါတဲ့။ ဒါဆို ရဟန်းပဲဖြစ်ရမယ်၊ဇနီးက ရဟန်းတော်ယူတာ မဖြစ်နိုင်ဘူး၊ ဘာဖြစ် လို့လဲဆိုတော့ ကျမတို့အိမ် ဆွမ်းခံကြွလာတာ ဆယ့်နှစ်နှစ်ရှိပြီ၊ အပြစ်အနာအဆာဆိုလို့ မှဲ့တစ် ပြောက် စာတောင် မတွေ့ဘူးဘူးလေ၊ ရဟန်းတော်ရဲ့ အတိတ်သမိုင်းကြောင်းဟာ သန့်တယ် ဖြူတယ် ရိုးသား တယ်၊ ရဟန်းမပီသတဲ့အပြောအဆို အနေအထိုင် ယနေ့ထိ ဘာတစ်ခုမှ မမြင် မကြားရသေးဘူး၊ စင်း လုံး ချော ဖြူစင်သန့်ရှင်းသော ရဟန်းတော်ဖြစ်တယ်။ ဒါကြောင့် တစ်ခြား အကြောင်း တစ်ခုခုပဲ ရှာဖွေ ရ မယ်၊ ရဟန်းတော်ကိုတော့ လုံးဝ မစွပ်စွဲပါနဲ့….....။ သို့သော် ဘုရင့်ပတ္တမြားပျောက်၍   ကြောက်စိတ်နှင့် အတူ ဒေါသထွက်နေ သော ကျောက်သွေးသမားသည်ကား….၊

ဘာပြောတယ်. ကိုယ်တော် မယူဘူး ဟုတ်လား၊ ကိုယ်တော်မယူ ဘယ်သူယူမလဲ၊ပြောစမ်း ပါအုံး၊ ဒီအိမ်မှာ ငါရယ် ဇနီးရယ် သားရယ် ဒါပဲရှိတယ်၊ သူတို့ကတော့ သေချာပေါက် မယူဘူး၊ အဖြေက ရှင်းရှင်းလေးပဲ သူတို့ မယူရင် တစိမ်းဆို ကိုယ်တော်ပဲ ရှိတယ်၊ ကိုယ်တော်မယူ တစ်ခြားဘယ်သူ ယူမလဲ ပြောစမ်းပါအုံး၊ မှန်မှန်ပြောနော်၊ကိုယ်တော်ကို သနားလို့ ပါးစပ်နဲ့ စစ်မေးနေတာ၊ ကြာရင် လက်ပါ ပါလာမယ်၊ ကြားရဲ့လား ပြောနေတာ..။
( ယခင်က အရှင်ဘုရားဟုလည်းကောင်း တပည့်တော်ဟုလည်ကောင်း သုံးနေသော နှုတ်ခမ်းလွှာသည် ယခုတော့ ကိုယ်တော်ဟူသော အသုံး၊ ငါဟူသော အနှုံးတို့ကို တွင်တွင်ကြီးသုံးလျှက် ယခင်က လက်အုပ် ချီခဲ့ သော လက်ချောင်းလေးများသည် ယခုတော့ လက်ညှိုးငေါက်ငေါက်ထိုးလျှက်… အော် အပြာင်းအလွဲ ဖြစ်တတ်သော ပုထုဇဉ်၏ သဒ္ဓါတရားပါ တကား)။ ဘုန်းဘုန်း အမှန်တကယ်ပင် မယူပါဘူး ဒကာရယ်၊

ရဟန်းတော်က အမှန်ပင်မယူ၍ မယူပါလို့ ပြောနေပါလျှက် ကျောက်သွေးသမားက မယုံနိုင်ပဲ ဖြစ်နေ၏၊ ဇနီးကို တိုင်ပင်ပြန်၏၊ သူခိုးကတော့ ခိုးတယ်လို့ လွယ်လွယ်နဲ့ ၀န်ခံမှာမဟုတ် ဘူး၊ဒါကြောင့် အကြမ်း နည်း နှင့် စစ်မေးမှ ဖြစ်တော့မယ်၊ ဇနီးသည်သည် စိတ်ကောင်းရှိသူ ဖြစ်၏၊ ငါမယူ သူပဲဟူသော ရိုးစင်း လွန်း သော အယူအဆ ကောက်ချက်သည် တစ်ထစ်ချ မှန်ကန်သည်ဟု ကောက်ချက်ချရန် မဖြစ်နိုင်ပေ၊ငါ . သူမှ တစ်ပါး အခြားတတိယသည်လည်း ရှိနိုင်သေးသည်၊ ဒါကြောင့် ရဟန်းတော်က အမှန်ပင် မယူ၍ မယူဟု ပြောတာ ဖြစ်နိုင်ပါတယ်၊ အပြစ်မဲ့သူကို အကြမ်းဖက်နည်းသုံးပြီး မနှိပ်စက်မစွပ်စွဲပါနဲ့၊ အပြစ်မဲ့သူကို နှိပ်စက် ခြင်းသည် မိမိကိုယ်ကို နှိပ်စက်ရာ ရောက်ပါသည်၊ ကျမတို့ မိသားစု ဘုရင့်ဘဏ္ဍာ မလျှော်နိုင်၍ ကျွန်အဖြစ် ခံယူချင်ခံယူပါရစေ၊ ရဟန်းတော်ကိုတော့ အကြမ်းဖက်နည်းသုံး၍ မစစ်ရန်အတွက်  စိတ်ထားဖြူစင် နူးညံ့ သော အပြစ်မရှိသူကို အပြစ်မရှာ တတ်သော ဇနီးသည်က တောင်းပန်ရှာပါ၏၊ သို့သော်….

ဘာပြောတယ်၊ ကိုယ်တော် မယူဘူး ဟုတ်လား ၊ ဒါဆိုလည်း ယူတယ်လို့ ၀န်ခံတဲ့နည်းကြမ်းကို သုံးရတော့ မှာပေါ့၊ ကျောက်သွေးသမားသည် အပြစ်မဲ့သော ကိုယ်ကျင့်ဖြူသော တရားပြည့်ဝသော သူတော်စင် ရဟန်း တော်၏ဦးခေါင်းကို ကြိုးဖြင့် တင်းကျပ်နေအော် ချည်နှောင်လေတော့၏၊ ထို့နောက်တော့ စစ်မေး လိုက် မာ ကြောသော ဒုတ်ဖြင့်ရိုက်လိုက်....... ဤသို့ဖြင့် ရဟန်းတော်၏ ဦးခေါင်း နားရွက် နှာခေါင်းတို့မှ အနီရောင် သွေးများကား ဖြာကနဲ ဖြာကနဲ.........၊

ရိုက်ချက်ပျင်းလွန်း၍မျက်လုံးများလည်း ပေါက်ကွဲထွက်မတတ်ခံစားနေရပြီး၊ ယခင်က နေရာအခင်း လေးပေါ် သီတင်းသုံးနေသော ရဟန်းတော်လေးသည် ယခုတော့ မြေပြင်မှာ ပြားပြားဝပ်လျှက်    ရိုက် ချက် ကြောင့်   ဖြစ်ပေါ်လာသော ဝေဒနာဒဏ်ကို ခါးသီးစွာခံစားရင်း သတိမေ့မသွားအောင်ပင် အထူးသတိ ထားနေရ ၏၊ ကျောက်သွေးသမား၏ အိမ်လေးသည် ယခုတော့ နွားသတ်ရုံကဲ့သို ဖြစ်နေချေပြီ၊ ရဟန်းတော်၏ ဦး - ခေါင်း နှာခေါင်း နားတို့မှ ယိုစီးကျလာသော သွေးအိုင်များ သွေးအနံ့များသည်ကား မြင်၍မကောင်း နံ၍မကောင်း  အောင်ပင် ဖြစ်နေပေပြီ၊

သားစိမ်းငါးစိမ်း ဖားစိမ်းကို ကြိုက်တတ်သော အိမ်အလှမွေး ကြိုးကြာငှက်လေးသည်သွေးနံသင်းသင်းရ၍ အပြေးအလွှားရောက်လာကာ ရဟန်းတော်၏ကိုယ်မှ ယိုစိမ်းစီးကျလာသော သွေးများကိုအငမ်းမ ရ မြိန် မြိန် ယှက်ယှက် သောက်နေတော့၏၊လူစိတ်မရှိ ဒေါသကြောင့် ဘီးလူးစိတ်ဝင်နေသော ကျောက်သွေး သမား ၏ဒေါသသည် ရဟန်းမှတစ်ဆင့်ကြိုးကြာငှက်ဆီသို့ ကူးသွားချေပြီ။   ထို့ကြောင့်  မိမိမြတ်မြတ်နိုးနိုး  မွေး မြူ
ထားသော ကြိုးကြာငှက်ကို ချေထောက်ဖြင့် ခပ်ပြင်းပြင်း ကန်ထည့်လိုက်ရာ တစ်ချက် တည်းဖြင့် ကြိုး ကြာငှက်သည်လည်း အသက်ထွက်သွားတော့၏၊

ကြိုးကြာငှက်၏်သွေးသောက်ဟန် ကျောက်သွေးသမား၏ ဒေါသဖြင့်ကန်ကျောက်ဟန် ကြိုးကြာငှက် တုန်း ခနဲပက်လက်လန် လဲကျသွားဟန်တို့ကို ရဟန်းတော်၏ မျက်ဝန်း၌ မှုံဝါးဝါး မြင်တွေ့လိုက်ရ၏၊ ထို့ကြောင့် ရ ဟန်းတော်က ဒကာတော် ဦးခေါင်း၌ ချည်နှောင်တုပ်ဖွဲ့ ရစ်ပတ်ထားသော ကြိုးကို လျှော့ပြီး ကြိုးကြာငှက် “ သေ - မသေ ”သေသေချာချာ ကြည့်လိုက်ပါဦးဟု  လေသံခပ်ဖျော့ဖျော့ဖြင့် ပြောလိုက်၏။ ထိုအ ခါ ကျောက် သွေးသမား ပြောကြား လိုက်သည်က “ ကြိုးကြာသေသလို ကိုယ်တော်လည်း သေရလိမ့်မယ်” တဲ့..။

ရဟန်းတော် သိလိုက်ပြီးဖြစ်၏၊ ကြိုးကြာငှက်သည် သေသွားလေပြီ၊ သေသွားပြီဆိုလျှင် “ပတ္တမြားကို ကြိုး ကြာ မျိုသည်” ဟု အမှန်အတိုင်းပြောလိုက်လဲ သေပြီးဖြစ်၍ မိမိမှာ အပြစ်မရှိတော့၊ အခြေအနေနှင့် အချိန် အခါအရ ယခုချိန် ဖွင့်ပြောလိုက်ခြင်းအားဖြင့် မိမိလည်းပတ္တမြားသူခိုးဟု မတရား စွပ်စွဲခံရခြင်းဘေးမှ လွတ် မြောက်မည်၊ သူတို့လည်းပဲ ပတ္တမြားကို ပြန်ရ၍ မင်းပြစ်မင်းဒဏ်မှ လွတ်ကင်းလိမ့်မည်ဟု စဉ်းစား လိုက်၏၊

ထို့ကြောင့် ရဟန်းတော်က ဒကာအား လေသံပျော့ပျော့လေးဖြင့် ပြောကြားလိုက်၏၊ “ ပတ္တမြား ကြိုးကြာမျို သည်”ဟု။ ရဟန်းတော် ပြောလိုက်သောအသံမှာ တိုးတိုးလေးပင်ဖြစ်၏၊သို့သော် ရဟန်းတော်ထံမှ ထင်မှတ် မထား သောစကား ကြားလိုက်ရသောအခါ ကျောက်သွေးသမားသည် အင်အားပြင်းထန်သော မိုးကြိုးသံကို ကြားလိုက်ရသကဲ့သို့ နားထဲမှတဆင့် နှလုံးသားထိအောင်  ကျယ်လောင်စွာ မြည်းဟည်းသွားတော့၏၊......
“ ပတ္တမြား ကြိုးကြာ မျိုသည်… ပတ္တမြား ကြိုးကြာ မျိုသည် …. ပတ္တမြား ကြိုးကြာ မျိုသည် … တဲ့။

                                                                                  ဆက်ရန် . ကောင်းသစ်..




Wednesday, July 20, 2011

တွေးမိသမျှ

                              
အမြင်မှန် ရဖို့အတွက်
အမှန်မြင်ဖို့ လိုတယ်။

ကြင်နာမှုသာ ရှိနေကြရင်
နာကျင်မှုဆိုတာ ရှိလာမည် မဟုတ်။

အပိုတွေ လုပ်နေရင်
အလုပ်တွေ ပိုလာမယ်။

အသိလိုက်သူ ဖြစ်မှ
အလိုက်သိသူ ဖြစ်မယ်။

အပြောကောင်း ချင်
အကောင်း ပြောပါ။

အဟော ကောင်းချင်လျှင်
အကောင်း ဟောပါ။

စိတ်ထား ကောင်းတယ်ဆိုတာ
စိတ်ကောင်း ထားတာပါ။

အကောင်းကျင့် သူသည်
အကျင့်ကောင်းသူ ဖြစ်၏။

                                   ကောင်းသစ်..

ပန်းဥယျာဉ်




















Monday, July 18, 2011

နိုင်ငံတော်သစ်ဆီ သို့

  ပြည်သူ့အတွက်
  အခု ချက်ချင်း
  အသက်ပါအပ်နှင်းရ မလား
  တွေဝေမှု မထား
  မြင့်မြတ်သူတို့ စိတ်ထား၊

                                 ပြည်သူ့ကောင်းကျိုး
                                 အစဉ်တိုးစေဘို့
                                 ဘယ်နေရာမျိုး နေနေ
                                 ဘယ်လုပ်ငန်းတွေ လုပ်လုပ်
                                 ဘယ်တော့မှ နောက်မဆုတ်
                                 မြင့်မြတ်သူတို့ ပြယုဂ်
လူထုအတွက်
နိုင်ငံအတွက်
အနစ်နာခံ ရှေ့ကထွက်
မာန်များနှင့် မဖက်
စံစားခွင့် မမက်..
နောက်ဆုံးက ရပ်တည်လျှက်
မြင့်မြတ်သူတို့ ဦးတည်ချက်၊

                              စည်းလုံးမှုသည် အင်အား
                              ညီညွတ်မှုသည် အင်အား
                              သဘောထားချင်း တူညီ
                              အချင်းချင်း ရိုင်းပင်းကူညီ
                              သွေးစည်းလို့ သွေမဖီ
                              ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့…။

                                                              ကောင်းသစ်

Friday, July 15, 2011

အလင်း စ.သောနေ့ . ၃

မိမိဘုရားဖြစ်ရန် ကမ္မဋ္ဌာန်းအလုပ် အားထုတ်စဉ်က ၀တ်ကြီးဝတ်ငယ်ပြု၍ စောင့်ရှောက်ကူညီဘူးသော ပဉ္စ ၀ဂ္ဂီ ငါးဦးတို့အား သတိရလေ၏၊ ပဉ္စ၀ဂ္ဂီငါးပါးဦးတို့သည် မိမိအား ကျေးဇူးများ၏၊ကျေးဇူးဆပ်သောအားဖြင့် သူတို့ကို ဟောရမူကောင်းလေစွဟု အကြံဖြစ်လေ၏၊

ထို့နောက် ပဉ္စ၀ဂ္ဂီငါးဦးတို့နေရာကို ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့်တော်မူသောအခါ ကာသိတိုင်း ဗာရာဏ သီပြည် ဣသိပတန မိဂဒါဝုန်တော၌ နေသည်ကိုမြင်တော်မူရ၍ အမတတရား ဟောကြားဖို့ရန်အတွက် ဥရုဝေလတောမှ ယင်းအရပ်သို့ ချေလျှင်ခရီးဖြင့် ကြွချီတော်မူ၏၊(ကောင်းကင်ခရီးဖြင့် ကြွချီနိုင်သော်လည်း ဥပက၏ရှေ့ရေးအတွက်ငဲ့တော်မူ၍ ကိုယ်ပင်ပမ်းခံကာ ချေလျှင်ကြွတော်မူခြင်းဖြစ်၏။ဘုရားရှင်၏ သနားငဲ့ ညှာ တတ်သော မဟာကရုဏာကို အာရုံပြု ကြည်ညိုနိုင်ကြပါစေ.)။

မိဂဒါဝုန်သို့အကြွ ဂယာနှင့်ဗောဓိပင်အကြား ရှင်တော်မြတ်ဘုရားသည် ဥပကတက္ကဒွန်းနှင့်တွေ့လေ၏ ဥပကသည် ရှင်တော်မြတ်ဘုရား၏ ကြည်လင်သောဣနြေ္ဒ ဖြူစင်သော အဆင်းတော်ကို မြင်ရသောအခါ ထူးခြားမှုကို သတိပြုမိ၍ “ ငါ့ရှင် သင်ဟာ ဘယ်သူ့ကို အာရုံပြု၍့ ရဟန်းပြုပါသလဲ၊ သင်၏ ဆရာကား ဘယ် သူ ပါလဲ၊ဘယ်သူ့တရားကို နှစ်သက်သဘောကြပါသလဲ ” ဟု မေးခွန်းသုံးခု ဆက်တိုက်မေးလေတော့၏၊

ရှင်တော်မြတ်ဘုရားက “ ဥပက ငါ့မှာ ဆရာမရှိ၊ ငါနှင့်သီလ သမာဓိ ပညာ တူသူလည်းမရှိ၊ လောက၌ ငါနှင့်ပြိုင်ဘက်သည် မရှိချေ ၊ ငါသည် ရဟန္တာဖြစ်၏၊ အတုမရှိသူဖြစ်၏၊နတ်လူတို့၏ ဆရာဖြစ်၏၊ သစ္စာ တရား အမတတရားကို ကိုတိုင် ကိုယ်ပိုင် ထိုးထွင်းသိသူအစစ် ဘုရားဖြစ်၏၊ ကိလေသာမီးတောက်မီးလျှံများ အပြီးသတ်ငြှိမ်းသတ်ပြီးသူဖြစ်၍ငြိမ်းအေးလှပါ၏၊ တရားဓမ္မစက်လောကဓါတ်တစ်ခွင်ကို အလင်းရောင်ဖြန့်
ကျက် ဖို့ ကာသိတိုင်း ဗာရဏသီပြည်သို့ သွားပေအံ့၊အကန်းသဖွယ်ဖြစ်သော လောက၌ တရားတည်း ဟူသော အမြိုက်စည်ကြီးကိုစတင်၍ တီးခပ်ပေတော့အံ့ ” ဟု မိန့်မြွက်တော်မူလိုက်၏။

ထိုအခါ ဥပက.က ငါ့ရှင် ပြောသည့်အတိုင်း ဟုတ်နိုင်ပါ့မလားဟု အတွန့်တက်မေးမြန်းပြန်သောအခါ အာသဝေါလေးပါး ကုန်းခမ်းပြီးသော ငါကဲ့သို့သော သူသည် “ ဇိန - အောင်နိုင်ပြီးသူ အစစ် ” အမှန် ပင်ဖြစ်၏ဟု ဖြေကြားတော်မူလိုက်သောအခါ လက်ခံနိုင်သော ဣနြေ္ဒ အရေအဆင်း ဖြေကြားခြင်း၌ရဲရင့်ခြင်း
ကို မြင်ရ၍ “ အင်း ငါရှင့်ပြောသည့်အတိုင်း ဟုတ်နိုင်ပါ၏ ” ဟု လက်ခံနိုင်သည့်စကား ပြောကြား၍ ဦးခေါင်းငြိမ့်လျှက် လမ်းဖယ်ကာ သူ့ခရီးသူ ဆက်၍ သွားလေတော့၏၊ (ဤအချိန်၌ ဥပကသည် ပါရမီမရင့် သန်သေး၍ တရားကျင့်ရန် စိတ်မသန်သေးပေ၊သို့သော် နောင်သောအခါ ဘုရားရှင်ထံ ချဉ်းကပ် တရားမြတ် နာ ကျင့်သုံးပါ၍ ရဟန္တာဖြစ်တော်မူပါ၏၊ ဤသို့ဖြစ်မည်ကို သိတော်မူ၍ အပင်ပမ်းခံကာ ခြေလျှင် ကြွခြင်းဖြစ် ပါ၏။ ) ရှင်တော်မြတ်ဘုရားသည်လည်း ပဉ္စ ၀ဂ္ဂီတို့ရှိရာ မိဂဒါသို့  ဆက် လက် ၍ ကြွချီတော်မူလေ၏။

လောကလူ အများစုသည် ချို့ခြံမှ အကျင့်မြတ်၊ အံ့သြစရာမှ အဟုတ်မှတ်ကြ၏၊ မီးလွတ်စားခြင်း၊ ၀စီပိတ်ကျင့်ခြင်း၊ သက်သတ်လွတ်စားခြင်း၊ရေစိမ်ခြင်း၊ မီးလှုံ၍ ပဉ္စာတပအကျင့်ကိုကျင့်ခြင်း၊ တပ်မက်မှု ကင်းရကား အ၀တ်အစားတောင် ကပ်ငြိမှုမရှိ၍ အ၀တ်မ၀တ်တော့ခြင်း၊ စသည်ဖြင့် စတိုင်သစ် စတန့်ထွင် လမ်းစဉ်ကို အထင်ကြီးကြ၏၊ ဤသည်မှာ ပညာမပါသော ထင်ရာကို အထင်ကြီးကြခြင်းဖြစ်ပါ၏၊

ဘုရားဖြစ်ရန် ကျင့်သုံးစဉ်က အခက်ခဲဆုံး သူတကာ မကျင့်နိုင်သည့် အဆင်းရဲဆုံးလမ်းစဉ် ဒုက္ကရစရိယကို ကျင့်သုံးခဲ့၏၊ ထိုအချိန်က ဘုရားဖြစ်ခါနီးပြီး နီးပြီဟူသောမျှော်လင့်ချက်ဖြင့် ပဉ္စ၀ဂ္ဂီငါးဦးတို့က စောင့်စားနေ ခဲ့ကြ၏၊သို့သော် ဘုရားဖြစ်မလာခဲ့၊ မိမိကျင့်စဉ် မှားယွင်းနေသည်ဟု သတိ အသိနှင့်သုံးသပ်၍ ဆုံးဖြတ်ကာ
အလယ်အလတ်ကျင့်စဉ်ကို ကျင့်သုံးလျှက် ဆွမ်းခံဘုဉ်းပေးသောအခါ ဘုရားလောင်းကို အထင်သေး အမြင်သေးဖြစ်ကာ ပဉ္စ၀ဂ္ဂီငါးဦးတို့သည် စွန့်ခွါ၍ ထွက်သွားကြ၏။

ယခု ဘုရားဖြစ်၍ တရားအနှစ်ကို သူတို့အား ပေးဝေဖို့ ကြွချီလာသောအခါ “ အရှင်တို့ လာဘ်များအောင်ဖန် ဒုက္ကရစရိယအကျင့်ကို သွေလှန်၍ ကမ္မဋ္ဌာန်းမဖက် ပစ္စည်းများရန် ခရီးထွက်လာသော ရဟန်းဂေါတမကို ရှိုခိုခြင်း ခရီးဦးကြိုဆိုခြင်း သပိတ်သကန်းလှမ်းယူခြင်းစသည့် လောက၀တ် ဓမ္မ၀တ် မပြုကြစတမ်း၊ သို့သော် ထိုင်လိုက ထိုင်နိုင်စေရန်နေရာအခင်းကိုကား မိမိတို့က ခင်းထားကြမည်ဟု ” သူတို့အချင်းချင်း ကတိက၀တ် စကား  ပြောကြားထားကြ၏၊

သို့သော် တကယ်တန်း ဘုရားကြွလာသောအခါ အပြောတစ်ခြား အလုပ်တစ်ခြားဖြစ်ကုန်တော့၏၊ တစ်ဦးက ဘုရားရှင်ထံတော်မှ သပိတ်သင်္ကန်းကို လှမ်းယူ၏၊တစ်ဦးက နေရာခင်း၏၊ တစ်ဦးက ခြေဆေးရေခပ်၏၊ တစ်ဦးက ချေးဆေးအင်းပျဉ်ချပေး၏၊တစ်ဦးကချေပွတ်အိုးချမ်းကို အနီး၌ချထားပေး၏၊ ရှင်တော်မြတ်ဘုရား သည် အခင်း၌ထိုင်လျှက်ပင် ခြေဆေးတော်မူ၏၊ ပဉ္စ၀ဂ္ဂီတို့သည် ဘုရားဖြစ်မှန်း မသိသေးရကား “ ဂေါ တမ ဟု အမည်ခေါ်၍လည်းကောင်းငါ့ရှင်ဟူသောအသုံးအနှုံးဖြင့် လည်းကောင်း ပြောဆို ဆက်ဆံ နေကြသေး၏၊ ထိုအခါဘုရားရှင်က သူတို့ကို ယင်းကဲ့သို့ ပြောဆိုဆက်ဆံခြင်းမပြုကြရန်နှင့် မိမိသည် မျှော်မှန်း ထားသည့် သဗ္ဗညုတဥာဏပိုင်ရှင် ဘုရားရှင်အဖြစ်သို့ အမှန်ပင်  ရောက်ရှိပြီးဖြစ်ကြောင်း မိန့်ကြားတော်မူ၏၊ သို့သော် သူတို့သည် မယုံကြည်ကြသေးပေ၊

ဘုရားရှင်က မိမိသည် အမှန်တကယ် ဗုဒ္ဓအဖြစ်ရောက်ပြီးဖြစ်ကြောင်း၊ မိမိဟောသော အမြိုက်တရားကို နာယူဖို့ရန်နှင့် လက်တွေ့ကျင့်ကြံလျှင် မိမိကိုယ်တိုင်ပင်ထူးသော ဥာဏ်ဖြင့် သစ္စာတရား အမတရားကို ထိုးထွင်း သိမြင်ရမည်ဖြစ်ကြောင်း စိတ်ရှည်စွာ ရှင်းပြတော်မူ၏၊ မိမိ ဒုက္ကရစရိယအကျင့်ကို ကျင့်စဉ် သင်တို့ ကို ငါဘုရားဖြစ်ပြီးလို့ ပြောလျှင် သင်တို့ ယုံကြည်ပေလိမ့်မည်၊ သို့သော်ဘုရား မဖြစ်သေး၍ ဘုရားဟု ငါဝန် မခံခဲ့ပေ၊ ယခုသော်ကား အမှန်ပင် ဘုရားဖြစ်၍ ဘုရားဖြစ်ကြောင်း ၀န်ခံခြင်းဖြစ်၏ဟု ရှင်းပြရ၏၊ ထိုသို့ စိတ်ရှည်စွာဖြင့် ရှင်းပြသောအခါမှ သူတို့စဉ်းစားရင်း စဉ်းစားရင်းဖြင့် အမြင်ရှင်းလာတော့၏၊

ထိုအခါ တရားတော်ကို နာယူရန် စိတ်ညွတ်ကြတော့၏၊ တရားနာယူလိုစိတ်ဖြစ်သောအခါမှ ရှင်တော်မြတ် ဘုရားသည် “ ရှောင်ကြဉ်ဖွယ် အစွန်းနှစ်ပါး၊ ကျင့်သုံးဖွယ် အလယ်အလယ်ကျင့်စဉ် ရှစ်ပါး၊ သစ္စာလေးပါး ၊ အပြန်သုံးပါး(ဥာဏ်သုံးပါး)၊အခြင်းအရာတစ်ဆယ့်နှစ်ပါးပါဝင်သော ” ဓမ္မစက္က - ဓမ္မစကြာ ဒေသနာ တော်ကို ပဉ္စ၀ဂ္ဂီ ငါးဦးတို့အား စတင်၍ ဟောကြားတော်မူ၏၊ ပဉ္စ၀ဂ္ဂီငါးဦး အား  ဟောကြားသည် ဟုဆိုရသော်လည်း လူများမမြင်နိုင်သည့် မမြင်ရသည့် စကြာ ၀ဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းသည်ကား တစ်ဆယ့် ရှစ်ကုဋေခန့်ရှိပေ၏။

အချိန်အားဖြင့် နေ၀င်၍ မှောင်ရည်ပျိုးစအချိန်ဖြစ်သော်လည်း ထွက်သစ်စလရောင်ကြောင့် အလင်းဖျ ဖျလေးက ဣသိပတန မိဂဒါဝုန်တောရပ်နှင့်တကွ လောကဓာတ် တစ်ခုလုံးကို အေးချမ်းစေပါ၏၊
ထို့ထက် အေးချမ်းစေသည်ကား ရှင်တော်ဘုရားတည်းဟူသော လမင်းမှ ထွက်ပေါ်( ဟောဖေါ် ) အပ်သော အလင်းစ ၀င်းပပ တရားရောင်ခြည်ပင် ဖြစ်ပေတော့၏။ အမှောင်လွှမ်းမိုးနေသော လောကဓာတ်ကိုအလင်း စသောနေ့၊ ကိလေသာ အပူဓာတ်ကြောင့် အပူဟပ်ခံနေရသော သတ္တလောကကို အမြိုက်ရေစင် ဖျန်း၍   အေးချမ်းစေသောနေ့၊ အစမရှိ အဆုံးမသိနိုင်သော သံသရာရေပြင်မှ ဓမ္မလှေယာဉ်ဖြင့် ကယ်တင်၍ နိဗ္ဗာန် သို့ စတင်ပို့ဆောင်သောနေ့၊ “ ငါနှင့်အတူ များဗိုလ်လူကို နိဗ္ဗူသောင်ကမ်း အတူလှမ်းစေအံ့ ” ဟု ဒီပင်္ကရာ တရားမင်း ဘုရားရှင်၏ခြေတော်ရင်း၌ ၀ပ်စင်း၍ကြုံးဝါးခဲ့သော စိတ်အကြံ အဓိဋ္ဌာန်ကို စတင်၍ အကောင် အထည် ဖေါ်သော နေ့၊ ထို့နေ့သည် ၀ါဆိုလပြည့်နေ့ ဖြစ်ပါပေတော့၏။

ဘုရားဖြစ်ခါ မိဂဒါသို့ စကြာရွှေဖွား ဖြန့်ချီသွား၍ ငါးပါးဝဂ္ဂီ စုံအညီနှင့် မဟီတစ်သောင်း တိုက်အပေါင်းမှ ခညောင်းကပ်လာ နတ်ဗြဟ္မာအား ၀ါဆိုလပြည့် စနေနေ့ဝယ် ကြွေ့ကြွေ့လျှံတက် ဓမ္မစက်ကို မိန့်မြွက်   ထွေပြား   ဟောဖေါ်ကြားသည် တရားနတ်စည် ရွမ်းတယ်ကို….။
                                                   
                                                        ပြီးပါပြီး . ကောင်းသစ်




                                                               




Thursday, July 14, 2011

အလင်း စ.သောနေ့ . ၂

ရှင်တော်မြတ်ဘုရားသည် လင်းလွန်းပင်ရင်းမှ တဖန် အဇပါလ ညောင်ပင်ရင်းသို့ပြန်ကြွတော်မူ၏၊ တစ်ပါး တည်း ကိန်းအောင်းနေသော ရှင်တော်မြတ်ဘုရားအား “ မိမိသည် ခဲယဉ်းသဖြင့် သိထားအပ်သော သစ္စာ တရားဝိမုတ္တိတရား အမတတရားသည်ကား သိမ်မွေ့၏၊နက်နဲ၏၊ ခက်ခဲ၏၊မြင်နိုင်ခဲ၏၊ ပညာရှိတို့၏အရာသာ
ဖြစ်၏၊ အတွေးအခေါ်သမားတို့အရာမဟုတ်၊လောကီသားတို့သည်ကား ပုထုဇဉ်ပီပီလောကီသုခကာမသုခ၌
အပျော်ကြီးပျော်နေကြသူများ ဖြစ်ကြ၏၊လောဘနှင့်ပျော်ခြင်းသည်သံသရာအစုံလမ်းကို မျှောလိုက်နေခြင်း
ဖြစ်၏း၊သံသရာအစုံလမ်းကို မျှောလိုက်နေသူများသည် အားစိုက်ရသော သံသရာ အဆန်လမ်းကို စိတ်ဝင် စားကြမည် မဟုတ်ချေ။

မိမိ တရားဟောသော်လည်း သူတို့ သိနိုင်ကြမည်မဟုတ်၊ မသိနိုင်လျှင် တရား ဟောရကျိုး နပ်မည်မဟုတ်၊ ပင်ပမ်းရုံသာ ရှိပေလိမ့်မည်၊ ဤသို့ အကြံဖြစ်တော် မူ၍ တရားဟောမှု၌စိတ်မညွတ်ပဲ နေတော်မူ၏၊ထိုအခါ သဟမ္ပတိဗြဟ္မာကြီးသည် ဘုရားရှင်၏ စိတ်အကြံကို သိရှိရကားလောကကြီးပျက်စီးပေတော့မည်၊ လောက၌ မမှန်သော အယူအဆများလည်း ထွန်းကားလျှက်ရှိ၏၊ ယင်းအယူတို့သည် စေတနာကောင်းဖြင့် ညွှန်ပြပါ သည်ဆိုသော်လည်းပဲလမ်းမှန်များမဟုတ်ကြ၊ဘ၀လွတ်မြောက်ကြောင်းမဟုတ်ကြ၊တစ်ချို့အယူအဆများ
သည် မလွတ်မြောက်သည့်အပြင် အပါယ်ဆင်းရဲသို့ ရောက်ကြောင်း လမ်းစဉ်များပင် ဖြစ်နေပေ၏။

လောက၌ ကိလေသာနည်းသော ပညာမျက်လုံးအားကောင်းသူများလည်းရှိပါ၏၊ ထိုသူတို့သည် လမ်းစတွေ့ လျှင် လမ်းမှန်ကို လျှောက်မည့်သူများ ဖြစ်ကြ၏၊ နေနှင့်တွေ့လျှင် ပွင့်လန်းကြမည့် ပဒုမ္မာကြာများ ၊ လရောင် နှင့်တွေ့လျှင်ပွင့်လမ်းကြမည့် ကုမုဒြာကြာများနှင့် အလားတူသော တရားရောင်ခြည်နှင့်ထိတွေ့ခွင့်ရလျှင် မဂ်ပန်း ဖိုပန်း ပွင့်လမ်းကြလျှက် ကျွတ်တမ်းဝင်မည့် သူတော်စင်များ ဤလောက၌ အများအပြားပင် ရှိနေပါ၏၊ထိုသူတို့သည် တရားနာခွင့်မှ ဆုံးရှုံးလျှင် မဂ်ဖိုလ်မှ ဆုံးရှုံးကြပေတော့မည်၊ ထိုသို့ဖြစ်လျှင် ထိုသူ တို့သည်အဆုံးမထင်သော သံသရာရင်ပြင်ကို ဆက်လျှောက်နေကြရပေအုံးမည်။

သူတို့ရထိုက်သည့်အခွင့်အရေးဆုံးရှုံးမည့်ဘေးမှ လွတ်ရအောင် ရှင်တော်ဘုရားအား သွားရောက်၍လျှောက် ထားမှ ဖြစ်ပေတော့မည်ဟု အကျိုးဆောင်စိတ်ဓါတ်အပြည့်အ၀ဖြင့် ဗြဟ္မပြည်မှသည် ဘုရားရှင် သီးတင်း သုံးရာ အဇပါလညောင်ပင်ရင်းသို့ ချဉ်းကပ်၍ အကြောင်းစုံ ရှင်းပြကာ တရားဟောတော်မူပါရန် သုံးကြိမ် တိုင်တိုင်ပင် လျှောက်ထားတောင်းပန်လေ၏၊

ရှင်တော်မြတ်ဘုရားသည် မိုးနတ်ဗြဟ္မာ၏ တရားဟောရန် တောင်းပန်မှုကို အသိအမှတ်ပြုပြီးလျှင် သတ္တ ၀ါတို့ အပေါ် သနားခြင်းဖြစ်ပေါ်လျှက် ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်ရှုတော်မူ၏(ဗုဒ္ဓစက္ခု ဟူသည် - သတ္တ ၀ါတို့၏ ဣနြေ္ဒအနု အရင့်ကို သိသော ဣန္ဒြိယ ပရောပရိယတ္တိဥာဏ်၊ သတ္တ၀ါတို့၏စိတ်ဓာတ်ကိန်းဝပ်ရာ အာ သယနှင့်အနုသယကိလေသာတို့ကိုသိသောအာသယာနုသယဥာဏ်တို့တည်း)

ထိုအခါ ရေ၌ထင်ထင် ကြာပန်းပင်များကဲ့သို့သော ကျွတ်ထိုက် မကျွတ်ထိုက်ဣနြေ္ဒအနုအရင့် သိလွယ်သူ ခက်ခဲသူမတူကွဲပြား ခြားနားသော သတ္တ၀ါတို့ကိုဥာဏ်တော်၌ထင် ကောင်းစွာမြင်တော်မူ၏။ထိုသို့မြင်တော် မူသောအခါ ရှင်တော်မြတ်ဘုရားသည် သဟမ္ပတိဗြဟ္မာအား“ ဗြဟ္မာ လေ့လာအပ်ပြီးသော တရားမြတ်ကို ပင်ပမ်းရုံသာ အမှတ်ရှိသည်ဖြစ်၍ လူတို့အား မဟောခဲ့ပြီ၊ (တရားမဟောရန် အကြံဖြစ်ခဲ့ပြီ)၊ ပညာတည်းဟူ 
သော နားနှင့်ပြည့်စုံသူတို့သည် ယုံကြည်ခြင်း သဒ္ဓါတရားကို စေလွှတ်ကြကုန်လော၊ ထိုသူတို့အတွက် အမြိုက်နိဗ္ဗာန်တံခါးကို ငါဘုရား ဖွင့်အပ်ပြီ ” ဟုမိန့်တော်မူလိုက်၏။

ထို့နောက် ရှင်တော်မြတ်ဘုရားသည် သိလွယ် မြင်လွယ်မည့်သူကို စဉ်းစားတော် မူသော အခါ ပထမ ဦးစားပေးအနေဖြင့် ကာလမအနွယ်ဖွား အာဠာရရသေ့ကိုဟောရန် အကြံဖြစ်တော်မူ၏ ၊ဥာဏ်တော်ဖြင့် 
ဖြန့်ကျက်၍ကြည့်တော်မူလိုက်သောအခါလွန်ခဲ့သောခုနစ်ရက်ခန့်ကကွယ်လွန်သွားကြောင်း  မြင်တော်မူရ၏

အာဠာရသေ့သည် အကယ်၍ ဘုရားရှင်၏တရားတော်ကို နားကြားခွင့်ရလိုက်သည်ရှိသော် အမှန်ပင် သစ္စာ တရားကို ထိုးထွင်းသိ၍ ဘ၀မှ လွတ်မြောက်ခွင့်ရရှိပေလိမ့်မည်၊ ယခုသော် တရားနာကြားခွင့်မှ မရရှိ လိုက်သောကြောင့် သံသရာမှာအတိုင်းအဆမသိမျောရပေလိမ့်ဦးတော့မည်။ ထိုကြောင့်ဘုရားရှင်သည် 
ရွှေနှုတ် တော်မှ ထုတ်၍ပင် “ ကာလာမအနွယ်ဖြစ်သော အာဠာရသေ့သည် အဆုံးရှုံးကြီး ဆုံးရှုံးသွားပေပြီ ” ဟု ကရုဏာစွက်၍ မြွက်တော်မူခဲ့လေသည်။

ဒုတိယဦးစားပေးအနေဖြင့် ရာမ၏သားဖြစ်သော “ ဥဒကရသေ့” ကို စဉ်းစားတော်မူပြန်၏၊ ဥဒကရသေ့သည် ကိလေသာနည်း၏၊ ပညာဥာဏ်ကြီးမား၏။ သစ္စာတရားကို သိလွယ်မြင်လွယ်ပေလိမ့်မည်ဟု စဉ်းစားမိ၍ ဥာဏ်တော်ဖြင့် ကြည့်ပြန်တော်မူသောအခါ ယမန့်နေ့ညက ကွယ်လွန်သွားကြောင်း သိရှိလိုက်၏။ ထိုအခါ ရာမ၏သားဖြစ်သော ဥဒကရသေ့သည်လည်း တရားနာယူခွင့်မရလိုက်ရကားသစ္စာတရားမကို သိခွင့်မရ လိုက်သောကြောင့် အတိုင်းအဆမရှိသော သံသရာရေယဉ်ကြော နစ်မြောရဦးမည်ဖြစ်ရကား “ ဥဒကရသေ့ ” သည်လည်း အဆုံးရှုံးခြင်းကြီး ဆုံးရှုံးရလေပြီတကား ” ဟု မိန့်မြွက်တော်မူလိုက်ပြန်၏၊

ထို့နောက်တော့ အဘယ်သူသည် သစ္စာတရား အမတတရားကို သိလွယ်မြင်လွယ်သူ ဖြစ်လိမ့်မည်နည်းဟု စဉ်းစားပြန်သောအခါ…
                                             ဆက်ရန် . ကောင်းသစ်..