မသိ၍ မှားသူကို အမှန်ရောက်အောင် ပြင်ပေးလို့ရ၏၊ သို့သော်
သိမှား မှားသူကိုတော့ ပြင်ပေးလို့ ရမည်မဟုတ်။
အမှန်တရားကို မြတ်နိုးသည်ဟု ဆို၏၊ သို့သော်
အမှားထောက်ပြသူကို ရန်သူဟု သတ်မှတ်သူများလည်း ရှိပါ၏။
မိတ်ဆွေကောင်းတို့သည် ပစ္စုပ္ပန်တည့်တည့် ရှိတာနဲ့ချီးမြှောက်ကြ၏၊ သို့သော်
မိတ်ဆွေတုများသည်ကား အတိတ် . အနာဂါတ်နှင့်ချီးမြှောက်ကြ၏။
လက်တွေ့မဲ့သော အပြောမျိုးသည် နားထောင်ကောင်းသည်ဟု ထင်ရ၏၊သို့သော်
နားဝင်တော့ မချိုပါ။
သာသနာနှင့် နိုင်ငံကို ချစ်သည်ဟု ပြောကြပါ၏၊ သို့သော်
ပညာမပါက ချစ်ရာမရောက်၊ ဖျက်ဆီးရာပင်ရောက်ပါ၏
( အမြစ်နှုတ်၍ သစ်ပင်ရေလောင်းသော မျောက်၊
ဖခင်၏နဖူးပြင် ကိုက်နေသော ခြင်ကို ပေါက်ဆိန်ဖြင့်ထုသတ်သော
သား နမူနာများ ရှိပါ၏)။
မာန်ကြီးသည့် ခါချဉ် အကြံကတော့ တောင်ကြီး ဖြိုမည်တဲ့၊ သို့သော်
ခါးက မသန်ဖြစ်နေပါ၏။(တန်ရာ တန်ရာ ကြံတာပဲ ကောင်းပါ၏။
ဗုဒ္ဓဘာသာတရားတော်၌ ရဟန်း ပြည်သူ အုပ်ချုပ်သူ အားလုံးအတွက်ကျင့်ဝတ်
လမ်းညွန်ချက် မျိုးစုံရှိပါ၏၊ သို့သော် ကျင့်ဝတ် လမ်းညွန်ချက်များ မသိကြခြင်း
သိအောင် အားမထုတ်ကြခြင်း သိသူများက (လိုက်နာသင့်သလောက်)
မလိုက်နာကြခြင်းတို့ကြောင့် ရုပ်ပိုင်းရော နာမ်ပိုင်းပါ ချမ်းသာသင့်သလောက် မချမ်းသာပဲ
ဖြစ်နေကြ၏။ (မြန်မာ့မြေ၌ ရုပ်ပိုင်းဆိုင်ရာ သယံဇာတရတနာများ ပေါများပါ၏၊
မြန်မာတို့ကိုးကွယ်ရာ ဗုဒ္ဓသာသနာတော်၌ နာမ်ပိုင်းဆိုင်ရာ ရတနာများစွာ
ရှိပါ၏၊ မြတ်ဗုဒ္ဓ၏ မူရင်းဓမ္မကို ကြည့်ပါ မည်သည့် သက်ရှိကိုမျှ မုန်းတီးမှု ညှဉ်းဆဲမှု
လမ်းညွန်ချက်များ မပါပါ၊ ဓမ္မကို မဖတ်ပဲ ဝေဘန်သူသည် အသိတရားဖြင့် ဝေဘန်သူ
မဟုတ်၊ အမုန်းတရားဖြင့် စွပ်စွဲသူသာ ဖြစ်ပါ၏)။
No comments:
Post a Comment