.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Thursday, September 22, 2011

မိုးရွာတုန်း ရေခံထားကြ


                                                  ပုဂ္ဂိုလ် (၄) မျိုး
ယောဂီတို့ အခုလို သာသနာနှင့်တွေ့ကြုံ ဆုံဆည်းရတဲ့အခိုက် ကြိုးစားအားထုတ်ကြ၊
ဒီဘ၀ ဒီအချိန် လူဖြစ်တဲ့ပုဂ္ဂိုလ်တိုင်း ကံကောင်းတယ်။
ပုဂ္ဂိုလ်ကလည်း (၄) မျိုးရှိတယ်။
၁။ သာသနာနှင့်တွေ့ ပြီး လူမဖြစ်တဲ့ ပုဂ္ဂိုလ်
၂။ လူဖြစ်ပြီးသာသနာနှင့် မတွေ့ တဲ့ ပုဂ္ဂိုလ်
၃။ သာသနာနှင့်လည်းမတွေ့ လူလည်းမဖြစ်တဲ့ ပုဂ္ဂိုလ်
၎။ သာသနာနှင့်လည်းတွေ့ လူလည်းဖြစ်တဲ့ ပုဂ္ဂိုလ်
အခုယောဂီတို့ သာသနာနှင့်လည်းတွေ့ ပြီ၊ လူလည်းဖြစ်နေပြီ၊ သာသနာအတွင်း
 ဘုရားစစ် ဘုရားမှန်၊ တရားစစ်တရားမှန်၊ သံဃာစစ် သံဃာမှန်ရှိနေသေးတာ
 ကြိုးစားကြ အချိန်မီသေးတယ်။

                                      ခွင့်သာတုန်း ရုန်းသွားကြ
ယောဂီတို့ အခုလို ဘုရားသာသနာတော်ကြီးနှင့် ကြုံရ၊ ဆုံရလို့ လူ့ဘ၀လည်းရလို့ ဘုရားဆိုတဲ့အသံ၊ တရားဆိုတဲ့အသံ၊ သံဃာဆိုတဲ့အသံတွေကြားနေရတာ။
ဒီအချိန် ကြက်တို့ ၀က်တို့ ငှက်တို့ဖြစ်နေရင် ဘုရား၊ တရား၊ သံဃာဆိုတဲ့အသံတွေ
လည်း ကြားနေရပါ့မလား။
ခုချိန်မှာဖြစ်နေကြတဲ့ ရှင်ရော လူရော အကုန်လုံးကံကောင်းကြတယ်… အခွင့်အရေးတွေလည်း အများကြီးရကြတယ်။
ဒါကြောင့် လယ်တီဆရာတော်ကြီးက-
၁။ ခွင့်သာခိုက်မှ မလိုက်ချင်ရင် အမိုက်နင့်ပြင်ရှိသေးလေလိမ့်လား။
၂။ ခွင့်သာဆဲမှ မခဲချင်ရင် အလွဲနင့်ပြင်ရှိသေးလေလိမ့်လား။
၃။ ခွင့်သာတုန်းမှ မရုန်းချင်ရင် အရှုံးနင့်ပြင်ရှိသေးလေလိမ့်လား…..တဲ့။
ကိုင်းယောဂီတို့ အခွင့်သာတုန်း မမိုက်ကြနှင့် လမ်းမလွဲစေနှင့် အရှုံးမပေးကြနှင့်။

                            လက်မှတ်ရအောင် ယူထားကြ
ဘုန်းကြီးတို့ရော ယောဂီတို့ ရော..ဘယ်အသက်အရွယ်၊ ဘယ်ရောဂါ၊ ဘယ်အချိန်၊ ဘယ်မြို့ ဘယ်ရွာမှာသေပြီး ဘယ်ဘုံ ဘယ်ဘ၀ရောက်မယ်ဆိုတာဘုရား၊ ရဟန္တာမှတပါး  ဘယ်သူမှ မသိနိုင်ဘူး။ အခုလို အချိန်ကောင်း၊ အခါကောင်း၊ ဘ၀ကောင်းရနေတဲ့ အချိန် လူ့ဘ၀လည်း ရနေပြီ။ သာသနာနှင့်လည်းတွေ့နေပြီ။ သင့်တင့်လျှောက်ပတ်တဲ့ အရပ်ဒေသလည်းရောက်နေပြီ။ ဆရာကောင်း သမားကောင်းတွေလည်း တွေ့နေရတယ်။ ကျန်းမာရေး လည်းကောင်းနေတယ်။ သတိလက်မလွတ်စေကြနှင့်။
ဒီထက်ကောင်းတဲ့အချိန် ဒီထက်ကောင်းတဲ့ ဘ၀… ရဘို့ မလွယ်ကူဘူး။
“သံသရာခရီးကြီး လမ်းမဆုံး မခြင်းသွားရဦးမယ်၊ ကိုယ့်လက်မှတ် ကိုယ်ရအေင်ယူထားကြ”

                                       အရွယ်သုံးပါး
ယောဂီတို့ ဒီဘ၀… ဒီသာသနာတော်ကြီးနှင့်တွေ့တဲ့အချိန် အရွယ်သုံးပါး တစ်ပါးပါး
အမိအရ တရားအားထုတ်ကြ။
ကြည့်ပါလား… ဘုရားလက်ထက်တော်က မဟာဓနသူဋ္ဌေးသား ပထမအရွယ်ကသာ တရားအားထုတ်မယ်ဆိုရင် အရဟတ္တဖိုလ်ဆုကြီး ရမယ်။ ဒုတိယအရွယ်မှာလည်း တရားအားထုတ်မယ်ဆိုရင် အနာဂါမ် ဆုကြီးရမယ်။ တတိယအရွယ် တရား အားထုတ်မယ်ဆိုရင်လည်း သောတာပန်ဆုကြီးရမယ်လို့ ဘုရားက ဟောထားတာ။ မဟာဓနသူဋ္ဌေးသား လောကီမှာလည်း ပထမအရွယ် စီးပွားလုပ်ရင် ပထမတန်းစား သူဋ္ဌေးဖြစ်မှာ။ ဒုတိယအရွယ်စီးပွားလုပ်ရင် ဒုတိယတန်းစား သူဋ္ဌေးဖြစ်မှာ။
တတိယအရွယ် စီးပွားလုပ်ရင် တတိယတန်းစား သူဋ္ဌေးဖြစ်မှာ။ခှုတော့ လောကီရော  လောကုတ္တရာရော ဘာမှမရတော့“ဖွတ်မရ ဓားမဆုံး” ပေါ့
ဟုတ်တယ်… အရွယ်သုံးပါး တစ်ပါးပါးမှ လောကီ၊ လောကုတ္တရာ ဘာမှမလုပ်တော့ အကုန်ဆုံးရှုံးတာ ယောဂီတို့လည်းအတိတ်ကံက ဘယ်ဆုတွေ ရမယ်ဆိုတာ ပြောမရဘူး ကြိုးစားကြ။

                                       မိုးရွာတုန်း ရေခံထားကြ
ယောဂီတို့ ဒီသာသနာက ရှိနေပေမယ့် ခုအားထုတ်ကြတဲ့ သမထ၊ ၀ိပဿနာ တရားတွေက အမြဲတမ်းထွန်းကားနေတာ မဟုတ်ဘူး။ တစ်ခါတစ်ရံ ထွန်းကားတာ။ ဥပမာ… လောကမှာ ဥတု၊ ရာသီတွေကလည်း သူ့ရာသီနှင့်သူပြောင်းလဲနေတာ။  ခေတ်ကာလကလည်း သည်အတိုင်းပဲ၊ ဒီနေ့နှင့်မနက်ဖြန်တောင်မတူဘူး။ အချိန်တိုင်း၊ နာရီတိုင်း၊ ရက်တိုင်း၊
 လတိုင်း၊ နှစ်တိုင်းပြောင်းလဲနေတာ။
“အမြဲတမ်းလည်း မိုးရွာတာမဟုတ်ဘူး၊ မိုးရွာတုန်း ရေခံထားကြ”
သာသနာက နှစ်ထောင့်လေးရာကျော် ကျန်သေးတယ်ဆိုပေမယ့် ကိုယ်နှင့်မဆိုင်ဘူး၊ ကိုယ်ယူမှ ကိုယ်ရတာ၊ ကိုယ်လုပ်မှ ကိုယ်ရတာ၊ မိုးရွာနေပေမဲ့ ကိုယ်ကထွက်ပြီးမိုးရေ
မခံရင် ကိုယ်မသောက်ရ၊ မသုံးရ၊ မချိုးရဘူး။
တရားတော်ကလည်း ဒီအတိုင်းပဲ ကိုယ်လုပ်မှ ကိုယ်ရတာ၊ ကိုယ်မလုပ် ကိုယ်မရဘူး။ ယောဂီတို့ ကိုယ့်အတွက်လုပ်တာ ကြိုးစားကြ…။

                                        ကိုယ့်ဘက်က လိုတာ
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက-
ဘုန်းကြီးတို့၊ ယောဂီတို့အတွက် သူတော်ကောင်း သူမြတ်လောင်းကြီး တွေ သွားကြတဲ့ လမ်းကြောင်းအတိုင်းလိုက်ခဲ့ဖို့“ဘာမှလိုလေသေးမရှိအောင် ဟောထားခဲ့တာ  မှာတော်မူထားခဲ့တာ- လိုတာက ဘုန်းကြီးတို့၊ ယောဂီတို့ဘက်ကလိုတာ”
ကြည့်ပါလား- ဒီလို ဒါနကုသိုလ်တွေပြုရင် နိဗ္ဗာန် မရမီ ဘ၀တိုင်း ဘ၀တိုင်း ပစ္စည်းဥစ္စာတွေပေါတယ်။ ဒီလို သီလတွေဆောက်တည် စောင့်ထိန်းရင် ဘ၀တိုင်း ဘ၀တိုင်း ကိုယ်တွင်း ကိုယ်ပရောဂါ ဘေးအန္တရာယ်တွေကင်းပြီး အသက်ရှည်တယ်။ ဒီလို
သမထ၊ ၀ိပဿနာတရားတွေ အားထုတ်ရင် ဈာန်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ချမ်းသာတွေ ခံစားနိုင်တယ်၊ ရောက်ရှိနိုင်တယ်။ အဲဒီလို မြတ်စွာဘုရားက သတ္တ၀ါတွေ သနားတော်မူလို့ ငဲ့ညာတော်မူလို့ထားခဲ့တာ။ ဒါတောင် လူတွေက ကိုယ့်အတွက် ထားခဲ့မှန်း ဟေားခဲ့မှန်းမသိကြဘူး။ သနားစရာတွေ ၀မ်းနည်းစရာတွေ။

                                                 အအေးနဲ့ အပူ
မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေက အလွန်အေးမြတဲ့ တရားတွေ ယောဂီတို့ရဲ့စိတ်တွေက အပူတွေ ရောလို့မရဘူး။ ခုလို အားထုတ်နေတဲ့ တစ်ရှုတစ်ရှိုက်က စပြီး ယောဂီတို့ရဲ့စိတ်တွေ ငြိမ်းချမ်းသွားအောင် အေးမြသွားအောင် အားထုတ်ရမှာ မေတ္တာလည်း များများပို့ကြ..
မေတ္တာပို့တော့ မေတ္တာပို့တဲ့ကိုယ့်စိတ်က အရင်အေးမြတာ။ ကိုယ့်စိတ်ကလည်း တကယ်တမ်း သတ္တ၀ါတွေအပေါ် အေးမြစေလိုတဲ့ စိတ်ဆန္ဒနှင့် ထိထိရောက်ရောက်ပို့ပါ။ ကိုယ်က ကိုယ့်ရဲ့ ကိုယ်စောင့်နတ်ကစပြီး မေတ္တာပို့တော့ ဆိုင်ရာဆိုင်ရာ နတ်တွေလည်း မနေနိုင်တော့ဘူး။ ၀ိုင်းဝန်းကူညီ စောင့်ရှောက် မစကြတာပေါ့။ မယုံမရှိနှင့် ဘုန်းကြီးကိုယ်တွေ့တွေ
အများကြီးဘဲ၊ ယုံယုံကြည်ကြည် လုပ်ရင် မကြာခင်တွေ့ရ ခံစားရမှာ…။

                                              မောင်းထောင် မြေဇင်းတောရဆရာတော်ကြီး၏
                                                           သြ၀ါဒ . ကောက်နှုတ်ချက်

Sunday, September 18, 2011

မက်မောခြင်း


ဘ၀မှာ မဟုတ်တာ မလုပ်ရုံနဲ့ မပြီးသေးဘူး၊
ဟုတ်တာလည်း လုပ်ဖို့ လိုသေးတယ်။

မှန်တာပြောတာပဲဆိုပေမဲ့ မှန်တိုင်းမကောင်း၊
အကျိုးဖြစ်မှ ကောင်းတယ်။

မိတ်ဆွေများဖို့ထက်
မိတ်ကောင်းရှိဖို့က ပိုအဓိကကြပါတယ်။

မျှတစွာ တွေးတတ်သူတွေဟာ
မျှဝေစွာလည်း ခံစားတတ်ကြတယ်။

အသိတရား ရှိချင်ရှိ၊ အသိတရားမရှိရင်တော့
အကြောက်တရား ရှိမှ ကောင်းတယ်။

အတိတ်ဟာ ကုန်လွန်သွားပြီဖြစ်ပေမဲ့
ပျောက်ပျက်သော ဖျောက်ဖျက်၍ရသော အရာတော့ မဟုတ်။

အနာဂါတ်ဟာ မသေချာတဲ့ ၊ ဒါပေမဲ့ 
အနာဂါတ်ရည်မှန်းချက်တော့ လူတိုင်းထားသင့်တာပဲ မဟုတ်လား။

ကံ ဥာဏ် ၀ီရိယအလျှောက် ပညာ ပစ္စည်း အာဏာ ပါဝါ
အဆင့်အတန်းတွေ ပြောင်းလဲသွားကြပေမဲ့ သူငယ်ချင်းပေါ်ထားတဲ့
မိတ်ဆွေကောင်းတို့ရဲ့ စိတ်ဓာတ်ကတော့ ပြောင်းလဲ မသွားတတ်ကြပါဘူး။

လောကီသုခတိုင်းဟာ ချမ်းသာပါတယ်၊ ဒါပေမဲ့
သောကကြောင့်ဖြစ်တဲ့ ဒုက္ခတော့ ကင်းနိုင်မယ် မထင်ပါဘူး။

“ မက် မော ” ခြင်းတဲ့၊
မက်သူတိုင်း မောနေကြတာ ဓမ္မတာပါပဲ။

                                  ...  ကောင်းသစ်


Wednesday, September 14, 2011

ပေးဆပ်ခြင်း


ငါ့အတွက် လုပ်နေသမျှ
ငါ့အတွက် မဟုတ်ကြောင်း
ငါ ကောင်းကောင်း သိလာတဲ့ တစ်နေ့။

ငါ .. အတွေးတွေ ပြောင်း
အပြောတွေ ပြောင်း
အလုပ်တွေပါ ပြောင်းဖြစ်ခဲ့တယ်လေ။

ကြံသမျှဟာ လောကကောင်းဘို့
ပြောသမျှဟာ လောကကောင်းဘို့
လုပ်သမျှဟာလည်း လောကကောင်းဘို့ ဖြစ်လာခဲ့ပြီ။

ငါ့ရဲ့ အကောင်းကြံ
ငါ့ရဲ့အကောင်းပြော
ငါ့ရဲ့အကောင်းသဘောဆောင်တဲ့ လုပ်ရပ်ကြောင့်
လောကကြီး ကောင်းစားလာတာကို ကြည့်ရင်း
ပီတိတွေ ငါ့ရင်တွင်းသို့ တလိမ့်လိမ့် စီးဆင်းလာခဲ့။

လောအတွက် ကြံ ခြင်း ပြောခြင်း ပြု ခြင်းဟာ 
ငါ့အတွက် ဖြစ်မှန်းမသိ ဖြစ်နေတယ်ဆိုတာ
ငါ . ပိုပြီးသဘောပေါက်လာပြီလေ။

အော် … တကယ်တော့
ပေးဆပ်ခြင်းဟာ “ ပိုင်ဆိုင်ဖို့ ” ပါလား။

မှတ်ချက် ပါရမီကုသိုလ်များ ပိုင်ဆိုင်ခြင်းကို
ဆိုလိုပါသည်။

Monday, September 12, 2011

စဉ်းစား

ရှင်တော်မြတ်ဘုရား မိန့်ကြားထားတာလေး ရှိပါ၏။
စဉ်းစားပါ . တဲ့ ၊   မကြာ မကြာ စဉ်းစားပါ တဲ့။

၁။ မကြာ မကြာ မိမိ၏ ပြည့်စုံတိုးတက်မှု မိမိတိုင်းပြည်၏
ပြည့်စုံ တိုးတက်မှုကို စဉ်းစားပါတဲ့။ စဉ်းစားလျှင် အဖြေ မြင်ရမည်၏
ယင်းအဖြေသည် . ပြည့်စုံတိုးတက်ခြင်း၏ အကြောင်းမှန်ဖြစ်၏။
ယင်းအကြောင်းတရားကို ဆက်လက်ကျင့်သုံးပါ၊ ထို့ထက်
တိုးမြှင့်ကျင့်သုံးပါ..

၂။ မကြာ မကြာ ပတ်ဝန်းကျင်၏ သူတစ်ပါး၏
တိုင်းတစ်ပါး၏ ပြည့်စုံတိုးတက်မှုကို စဉ်းစားပါတဲ့။
သူတို့ သူတို့တိုင်းပြည် ဘာကြောင့် ပြည့်စုံတိုးတက်နေပါသလဲ
စဉ်းစားလျှင် အဖြေမြင်ရမည်ဖြစ်၏၊
ယင်းအဖြေသည် . ပြည့်စုံတိုးတက်ခြင်း၏ အကြောင်းမှန်ဖြစ်၏။
ယင်းအကြောင်းတရားကို မိမိ မိမိတို့ တိုင်းပြည်ကလည်း
အတုယူကာ လိုက်နာ ကျင့်သုံးရမည် ဖြစ်ပါ၏

၃။ မကြာ မကြာ  မိမိ၏ မိမိတိုင်းပြည်၏ ပျက်စီးမှု ဆုတ်ယုတ်မှု
မတိုးတက်မှုကို စဉ်းစားပါတဲ့၊ စဉ်းစားလျှင် အဖြေ မြင်ရမည်ဖြစ်၏။
ယင်းအဖြေသည် ပျက်စီးမှု ဆုတ်ယုတ်မှု မတိုးတက်မှု၏
အကြောင်းမှန် ဖြစ်ပါ၏။
ယင်းအကြောင်းတရားကို ဆက်လက် ဆုပ်ကိုင် မထားပဲ
မကျင့်သုံးတော့ပဲ ရှောင်ကြဉ်ကာ ပြောင်းလွဲ ကျင့်သုံးရမည်
ဖြစ်ပါ၏
( ဥပမာ . ပညာမတတ်၍ မတိုးတက်ဟု သိလျှင် ပညာတတ်အောင်
ပျင်းရိ၍ လုံ့လမရှိ၍ မတိုးတက်ဟု သိလျှင် ကြိုးစားမှု ၀ီရိယရှိအောင်
တရားမျှတမှု မရှိ၍ဟုသိလျှင် တရားမျှတအောင် စသည် စသည်
ကို ပြုပြင် ကျင့်သုံးရမည် ဖြစ်ပါ၏။ )။

၎။ မကြာ မကြာ ပတ်ဝန်းကျင်၏ သူတစ်ပါး၏ တိုင်းတစ်ပါး၏
ပျက်စီးမှု ဆုတ်ယုတ်မှု မတိုးတက်မှုကို စဉ်းစားပါတဲ့။
စဉ်းစားလျှင် အဖြေ မြင်ရမည်ဖြစ်၏။
ယင်းအဖြေသည် ပျက်စီးမှု ဆုတ်ယုတ်မှု မတိုးတက်မှု၏
အကြောင်းမှန် ဖြစ်ပါ၏။
ယင်းအကြောင်းတရားကို  မကျင့်သုံးပဲ ရှောင်ကြဉ်ရမည် ဖြစ်ပါ၏။

စဉ်းစားမှုလေးတန် အခြေခံ၍ မိမိဘ၀ မိမိတို့တိုင်းပြည် မိမိတို့
သာသနာကို မြင့်သထက်မြင့်အောင် မြှင့်တင်နိုင်ကြပါစေ…
                                                           ကောင်းသစ်

Wednesday, August 31, 2011

သို့သော်


မသိ၍ မှားသူကို အမှန်ရောက်အောင် ပြင်ပေးလို့ရ၏၊ သို့သော်
သိမှား မှားသူကိုတော့ ပြင်ပေးလို့ ရမည်မဟုတ်။

အမှန်တရားကို မြတ်နိုးသည်ဟု ဆို၏၊ သို့သော်
အမှားထောက်ပြသူကို ရန်သူဟု သတ်မှတ်သူများလည်း ရှိပါ၏။

မိတ်ဆွေကောင်းတို့သည် ပစ္စုပ္ပန်တည့်တည့် ရှိတာနဲ့ချီးမြှောက်ကြ၏၊ သို့သော်
မိတ်ဆွေတုများသည်ကား  အတိတ် . အနာဂါတ်နှင့်ချီးမြှောက်ကြ၏။

လက်တွေ့မဲ့သော အပြောမျိုးသည် နားထောင်ကောင်းသည်ဟု ထင်ရ၏၊သို့သော်
နားဝင်တော့ မချိုပါ။

 သာသနာနှင့် နိုင်ငံကို ချစ်သည်ဟု ပြောကြပါ၏၊ သို့သော်
ပညာမပါက ချစ်ရာမရောက်၊ ဖျက်ဆီးရာပင်ရောက်ပါ၏
( အမြစ်နှုတ်၍ သစ်ပင်ရေလောင်းသော မျောက်၊
ဖခင်၏နဖူးပြင် ကိုက်နေသော ခြင်ကို ပေါက်ဆိန်ဖြင့်ထုသတ်သော
သား  နမူနာများ ရှိပါ၏)။

မာန်ကြီးသည့် ခါချဉ် အကြံကတော့ တောင်ကြီး ဖြိုမည်တဲ့၊ သို့သော်
ခါးက မသန်ဖြစ်နေပါ၏။(တန်ရာ တန်ရာ ကြံတာပဲ ကောင်းပါ၏။

ဗုဒ္ဓဘာသာတရားတော်၌ ရဟန်း ပြည်သူ အုပ်ချုပ်သူ အားလုံးအတွက်ကျင့်ဝတ်  
လမ်းညွန်ချက် မျိုးစုံရှိပါ၏၊ သို့သော်  ကျင့်ဝတ် လမ်းညွန်ချက်များ မသိကြခြင်း 
 သိအောင် အားမထုတ်ကြခြင်း သိသူများက (လိုက်နာသင့်သလောက်)
 မလိုက်နာကြခြင်းတို့ကြောင့် ရုပ်ပိုင်းရော နာမ်ပိုင်းပါ ချမ်းသာသင့်သလောက် မချမ်းသာပဲ
ဖြစ်နေကြ၏။ (မြန်မာ့မြေ၌ ရုပ်ပိုင်းဆိုင်ရာ သယံဇာတရတနာများ ပေါများပါ၏၊
မြန်မာတို့ကိုးကွယ်ရာ ဗုဒ္ဓသာသနာတော်၌ နာမ်ပိုင်းဆိုင်ရာ ရတနာများစွာ
ရှိပါ၏၊ မြတ်ဗုဒ္ဓ၏ မူရင်းဓမ္မကို ကြည့်ပါ မည်သည့် သက်ရှိကိုမျှ မုန်းတီးမှု ညှဉ်းဆဲမှု
လမ်းညွန်ချက်များ မပါပါ၊ ဓမ္မကို မဖတ်ပဲ ဝေဘန်သူသည် အသိတရားဖြင့် ဝေဘန်သူ
မဟုတ်၊ အမုန်းတရားဖြင့် စွပ်စွဲသူသာ ဖြစ်ပါ၏)။
                                                                     ကောင်းသစ် 

Tuesday, August 30, 2011

သင်္ဂဟတရား လေးပါး

မင်းကောင်း မင်းမြတ်တို့ ကျင့်ရာသော တရားလေးပါး ......

၁။ သဿမေဓ - တိုင်းပြည်နိုင်ငံပေါ်၌ ကျရောက်ဖြစ်ထွန်းသမျှသော စီးပွါးချမ်းသာတို့မှ မူးမတ်ပြည်သူတို့
ညှိနှိုင်းတိုင်ပင်စည်းဝေးကြပြီးလျှင် “ မည်၍ မည်မျှ ကောက်ခံ တောင်းယူမည် ” ဟူသော ပြဌာန်းချက် ဥပ
ဒေအတိုင်း အပိုအမိုမရှိ မနာကြည်း မထိခိုက်ရအောင် ကောက်ခံခွဲယူသော လယ်ခွန်တော်နှင့် အခြား
အခွန်တော်များ ။

၂။ ပုရိသမေဓ - မင်း မူးမတ် ရဲမက် လက်နက်ကိုင်စစ်သား တရားသူကြီးစသည့် နိုင်ငံကို စောင့်ရှောက်
ထိမ်းသိမ်းသောသူတို့ကို ကြီးစဉ်ငယ်လိုက် အထိုက်အလျောက် ကောက်ခံ၍ရသော အခွန်တော်ငွေကို
စားသုံးလောက်အောင် လခရိက္ခာ စားနပ်တော်များ ပေးကမ်းချီးမြှင့်ရခြင်း။

၃။ သမ္မာပါသ - ကုန်သည် လယ်လုပ်တို့ကို အပိတ်အပင် အတားအဆီး အချုပ်အချယ်မရှိ ဖွင့်ပေးရခြင်း
စောင့်မသင့်သမျှ စောင်မကြည့်ရှုရခြင်း၊ ထို့ထက်အလွန်လည်း ကြီးကျယ်ဖွံ့ဖြိုးနိုင်စေရန် ကူးသန်းလုပ်
ဆောင်နိုင်စေရန် အတိုးအပွါးမရှိ အရင်းအနှီး အမတော်ငွေကို ပေးကမ်း မ.စရခြင်း။

၎။ ၀ါစာပေယျ - ပြုံးရွှင်ခြင်းရှေ့သွားရှိသော ချစ်စဖွယ် ချိုမြသော စကားတို့ကို သာယာခြေငံစွာ ပြော
ဆိုရခြင်း။
                                                                ( ဣ တိဝုတ်ပါဠိ၊ အဋ္ဌကထာ ၊ ၂၀၉၊ ၈၉ )

Saturday, August 27, 2011

နောက်လိုက်များ၏ကြမ္မာ . ၂

                                

 “ ရေးအားလုံးကို သွန်ပစ်လိုက်ကြ ” ။

နောက်လိုက်များသည် သူတို့ခေါင်းဆောင်၏ အမိန့်အရ ရေအားလုံးကို သွန်ပစ်လိုက်ကြ၏၊
လက်တစ်ခုပ်စာမျှပင် ချန်မထားကြတော့…။
ဤသို့ဖြင့် ခရီးဆက်လာကြရာ  လမ်းခရီး၌ ရေအိုင်လည်း မတွေ့ရ၊ရေကန်လည်း မတွေ့ရ၊ 
  ရေဗွက်လည်း မတွေ့ရပေ၊ကြာပန်းကတော့ ပိုလိုတောင် ဝေးနေသေး၏၊
ဤသို့ဖြင့် သူတို့အုပ်စုသည်  ခရီးဆက်ရင်း ဆက်ရင်းဖြင့်  နေ၀င်၍
မှောင်စပင် ပျိုးလာပေပြီ၊ သောက်စရာပင် ရေမရှိတော့၍ လူများလည်း ပမ်း၊ နွားများလည်း 
ပမ်းလာပေပြီ၊ သို့ဖြစ်၍ လှည်းများကို ရပ်ကာ နွားများကို လှည်းဘေး ချီထားလိုက်ကြ၏၊
နွားများသောက်စရာ ရေလည်း မရှိတော့၊ လူများ ချက်စရာ ပြုတ်စရာ သောက်စရာရေလည်း 
လုံးဝမရှိတော့ ၊ အားလုံး လူပမ်းစိတ်ပမ်းဖြစ်၍ နွမ်းနယ်နေကြ၏၊ “ ထမင်းအသက် ခုနှစ်ရက်
 ရေအသက် တစ်မနက် ” ဟု အဆိုရှိသည် မဟုတ်ပါလား။ သူတို့သည် ဟိုနားအိပ် ဒီနားအိပ်ဖြင့်ရေမသောက်ရ၍ အားအင်ချိနဲ့ကာ အိပ်စက်နေကြတော့၏၊

ညဥ့်သည် နက်သထက်နက်လာတော့၏၊ အမှောင်များ ကြီးစိုး၍ လာပေပြီ၊ အမှောင်နှင့်အတူ
အကြံသမား (ခွင်သမား ) ဘီလူးတို့သည်  သူတို့စခန်းချရာသို့ အုပ်စုလိုက် လာကြလေပြီ၊ 
အားလုံး အားအင်ချိနဲ့နေသည်ဖြစ်၍ ဘီလူးများကို ဘယ်သူမှ မတွန်းလှန်နိုင်ကြတော့၊
 လည်စင်း၍ ဘီးလူးများ၏စားသောက်ခြင်းကို လူရောနွားများပါ ခံလိုက်ရတော့၏။
 လှည်းများတင်ထားသော ၀န်များက အပြည့်ရှိနေဆဲပင်၊ သို့သော် လူရိုး နွားရိုးများကား
 နေရာအနှံ့ ကျဲပျံ့လျှက် ….

မိမိတို့သွားနေသည်ခရီးသည် ဘီလူးများကြီးစိုးသော ရေမရှိသော ခရီးဟု သိနေပါလျှက်
စဉ်းစားဆင်ခြင်ဥာဏ်ကင်းမဲ့ကာ သူပြော(ဘေး)စကား အကြွင်းမဲ့ ယုံစားသော ခေါင်း ဆောင်မိုက်၏ဆုံးဖြတ်ချက်  အမိန့် မှားယွင်းမှုကြောင့် နောက်လိုက်ငါးရာနှင့်အတူ နွားမျာပါ အသက်ဆုံးရှုံးလိုက်ရ၏၊ ( သတိထားဖွယ် သင်္ခန်းစာ ယူဖွယ်ပင် )။

ယင်းအဖြစ်အပျက် ဖြစ်ပြီးနောက် လခွဲလောက်သို့ ရောက်သောအခါ ဘုရားအလောင်းသည်
နောက်လိုက်ငါးရာနှင့်အတူ ယင်းလမ်းခရီးအတိုင်းပင် ခရီးနှင်လာရာ ယင်းကန္တာရအ၀သို့ပင်
ဆိုက်ရောက်လာပေပြီ၊
ဘုရားအလောင်းသည် ရေများကို အပြည့်ဖြည့်စေ၏၊ထို့နောက် သူ့နောက်လိုက်အားလုံးကို
စုဝေးစေ၍ သတိပေးစကား ကြိုတင်ပြောကြားထား၏၊ ဤလမ်းခရီးသည် ရေမရှိသော ခရီးဖြစ်
၏၊ ထို့ကြောင့် သူ့ကို အသိမပေးပဲ ရေများကို သုံးဖြုန်းခြင်း စွန့်ပစ်ခြင်း မပြုရ၊ ထို့ပြင် ဤလမ်း
ခရီး၌ အဆိပ်ပင်များ ပေါများ၏၊ သူ့ကို အသိမပေးပဲ ရှေး၌ မတွေ့ဘူး မမြင်ဘူး မစားဘူးသော
မည့်သည့် အသီး အပွင့် အရွက်ကိုမျှ မစားကြရန်လည်း သတိပေးထား၏။ ဖြစ်ပေါ်လာမည့်
အကောင်းအဆိုးမှန်သမျှသည် ခေါင်းဆောင်သာလျှင် အဓိက တာဝန်ရှိနေသည် မဟုတ် ပါလား။ သတိပေးစကား ပြောကြားပြီးသည်ဖြစ်၍ ရှေ့ဆက်ကာ ခရီးထွက်ခဲ့ကြတော့၏။

ကန္တာရအလယ် ဘီလူးနယ်သို့ပင် ရောက်ရှိခဲ့ပေပြီ၊ ဘီလူးတို့သည် ရှေးနည်းအတိုင်းပင်
မိမိတို့ကိုယ်ကို လူအသွင် ဖန်ဆင်း၍ ရေများစိုရွှဲဟန် ကြာပန်းများပန်လျှက် ကြာဝတ်ဆံကို
စားကာ ရှေးနည်းအတိုင်းပင် ရှေ့တစ်လျှောက် ရေများပေါများပြီးဖြစ်၍ ရေများကို အလေးခံ
အပင်ပမ်းခံကာ သယ်စရာမလိုတော့။ ရေအားလုံးကို သွန်ပစ်ရန် ပြောလေတော့၏၊

သို့သော် ဘုရားလောင်းသည် စဉ်းစား၏၊ ဤအရပ်သည် ရေမရှိသော ကန္တာရဖြစ်၏၊
သူတို့ကို ကြည့်ရသည်မှာလည်း အကြောက်အလန့်မရှိ ၊ရဲတင်းလှ၏၊ နောက်ပြီး  သူတို့၏
ကိုယ်ရိပ်များလည်း မထွက်၊ မျက်စိလည်း နီ၏၊ နဖူးလည်းမောက်၏၊ ဖနောင့်လည်း တို၏၊
သူတို့သည် ဘီးလူးများသာဖြစ်ရာ၏၊ လာတိုင်းသော လူများအား  ရေများကို စွန့်ပစ်စေကာ
အားအင်နည်းအောင်ပြုပြီး စားနေကြဖြစ်တန်ရာ၏၊

ထိုသို့ စဉ်းစားလျှက် လူရေခြုံထားသော ဘီလူးများကို “ သင်တို့ခရီး သင်တို့ ဆက်လက် 
သွားနိုင် ကြပါပြီ၊ မိမိတို့သည် မျက်ဝါးထင်ထင် ရေ မတွေ့မမြင်သမျှ လက်ရှိသယ်ဆောင်
လာ ရေများကို စွန့်ပစ်မည် မဟုတ်ပါ၊ ရေများကိုမျက်ဝါးထင်ထင် တွေ့မြင်သည်ဆှိုမှ 
လက်ရှိရေများကို စွန့်ပစ်ကာ မပင်မပမ်း ပေါ့ပေါ့ပါးပါးလိုရာခရီး ဆက်လက်သွားကြပါမည် ”
 ဟု ပြောကြားလိုက်၏၊ လူရေခြုံဘီလူးများသည်လည်း အတန်ငယ် ဆက်လက်သွားကာ
မမြင်လောက်သည့် နေရာလောက်သို့ ရောက်သောအခါ မိမိတို့ ဘီးလူးနေရာသို့သာလျှင် ပြန်သွားကြတော့၏၊

လူရေခြုံထား ဘီလူးများ မရှိတော့သည့်အခါ နောက်လိုက်များသည် ဘုရားလောင်း
ခေါင်းဆောင်ကို သူတို့ အထင် သူတို့အမြင်ကို တင်ပြကြတော့၏၊
ယခု မိမိတို့ မြင်တွေ့လိုက်သော လူများသည် ကြာမျိုးစုံ ပန်ဆင်ကာ ကြာဝတ်ဆံများ ကြာစွယ်
များကို စားလျှက်ရှိကြ၏၊ နောက်ပြီး  သူတို့အ၀တ်အစားများ၌ ရေများစိုရွှဲနေသည့်အပြင် လှည်းဘီးများမှာလည်း ရွှံနွံညွန်များ ပေပွနေသည်ကို မြင်ရပါ၏၊ ယင်းကို ထောက်ဆသော
အားဖြင့် သူတို့ ပြောသော “ ရှေ့ရှောက် ရေပေါပါသည် ” ဆိုသော စကားသည် မှန်ကန်
လောက်ပါ၏၊ ရေများကို အလေးခံ အပင်ပမ်းခံကာ သယ်မနေပါတော့နဲ့၊ သူတို့ ပြောသည့်
အတိုင်း ၀န်သက်သာအောင် ရေများကို သွန်ပစ်ပါရစေဟု ပြောကြတော့၏၊
ထိုအခါ ဘုရားလောင်းက နောက်လိုက်အားလုံ့းကို စုဝေး၍ အားလုံး အမြင်ရှင်းအောင် 
သူတို့နှင့် အမေးအဖြေလုပ်၍ ရှင်းပြရတော့၏၊

ဤလမ်းခရီး၌ သဘာဝဖြစ်နေသော ရေအိုင်၊ သို့မဟုတ် လူများ တူးထားသော လေးဒေါင့်
ရေကန် ရှိ၏ဟု ပြောစကားကို သင်တို့ထဲက ကြားဘူးသူ ရှိပါသလား၊
မကြားဘူးပါ။
ဆက်လက်၍ နောက်လိုက်များကို မေးခွန်းထုတ်လိုက်ပြန်၏။
မိမိတို့ တွေလိုက်သောလူများ ပြောသွားသည်မှာ ရှေ့တောတန်းညို့ညို့ရောက်လျှင် မိုးရွာသွန်း
နေပါပြီဟု ပြောသွားကြ၏၊ယင်းသို့ဖြစ်လျှင် “ မိုးသက်လေသည် ” မည်မျှလောက်သော အရပ်
ထိ တိုက်ခပ်သည်ဟု ကြားဘူးပါသနည်း။
တစ်ယူဇနာ ( ၈ - မိုင် ) လောက်သော အရပ်ထိ တိုက်ခပ်သည်ဟု ကြားဘူးပါသည်၊
 သို့ဖြစ်လျှင် သင်တို့ထဲက မိုးသက်လေတိုက်ခပ်ခံရသူ ရှိပါသလား။  မရှိပါ ။
မိုးတိမ်ညွန့်တို့ကို မည်မျှလောက်သော အရပ်မျှ မြင်ရသည်ဟု ကြားဘူးပါသနည်း
သုံးယူဇနာ( ၂၄ - မိုင် )လောက်က မြင်ရသည်ဟု ကြားဘူးပါသည်။ဒါဆို သင်တို့ထဲက မိုးတိမ်ညွန့်ဘယ်သူများ မြင်ရပါသလဲ။  မမြင်ရပါ။
လျှပ်စီးလက်သည်ကို မည်မျှလောက်သော အရပ်က မြင်ရသည်ဟု ကြားဘူးပါသနည်း။
လေးယူဇနာ  ( ၃၂ - မိုင် ) လောက်က မြင်ရသည်ဟု ကြားဘူးပါသည်။
သင်တို့ လျှပ်စီးလက်သည်ကို မြင်ရပါသလား၊ မမြင်ရပါ။
မိုးချိမ်းသံသည် မည်မျှလောက်သော အရပ်က ကြားရသည်ဟု ကြားဘူးပါသနည်း
တစ်ယူဇနာ ( ၈ - မိုင် ) လောက်သော အရပ်က ကြားရပါသည်။
သင်တို့ မိုးချိမ်းသံ ကြားရပါသလား ၊ မကြားရပါ။
မိုးနှင့်ပါတ်သက်သော အကြောင်းအရာ ( မေဃဗေဒ ) တစ်စုံတစ်ခုမှ မထင်
 မမြင်ရပါပဲလျှက်သူတို့ပြောစကား “ ယုံ ”  ထိုက်ပါသလား။အားလုံး “ မယုံ ” ထိုက်ပါ။

မိမိတွေ့လိုက်သော သူများသည် လူအစစ် မဟုတ်ကြ၊ လူရေခြုံထားသော သားစားဘီလူး 
များသာ ဖြစ်ကြသည်၊ သူတို့သည် အမြင်ကောင်းအောင် ဟန်ဆောင်ပြကာ သူတို့စကား
 ယုံကြည်၍ ရေများ စွန့်ပစ်မိကာ အားအင်ချိနည်သူများကို အလွယ်တကူ စားသုံးနေသူများ
ဖြစ်ကြသည်၊ စေတနာအရေခြုံထားသော (ဂွင်ဆင် ထောက်ချောက် ) စကားများကို
 သင်တို့ လုံးဝ မယုံကြကုန်လင့်။

ဒေသ၏ အခြေအနေနှင့်မိုးရိပ်လေရိပ်မျှကိုပင် အကဲမခပ်တတ်သော ရှေ့သွားနှင့်သည့်
ကုန်သည်အုပ်စုသည် ဘီလူးများစကား ယုံစား၍ ဘီလူးစား ခံပြီးလောက်ပေပြီ။
မကြာခင် သူတို့၏ အရိုးများနှင့်ဝန်အပြည့်ရှိသေးသော လှည်းများ တွေ့ရပေလိမ့်မည်၊
မည်သူမျှ ရေကို မသွန်ပစ်ခဲ့ကြနဲ့၊ ကဲကဲ ခရီးဆက်ကြစို့…။

ဤသို့ဖြင့် မကြာမီမှာပင် အရင်ကုန်သည်များ၏ ပျန့်ကျဲနေသော အရိုးများနှင့် ၀န်အပြည့်ရှိ
နေသော ကုန်တင်လှည်းများကို မြင်တွေ့ရပေပြီး။မိုးချုပ်ပြီးဖြစ်၍  သူတို့သည် လှည်းများကို
 ရပ်လိုက်ကြ၏၊
ထို့နောက် သစ်ခဲတဲများထိုးကာ နွားများကို အစာကြွေးကြ၏။ သူတို့သည်လည်း ချက်ပြုတ်စား
သောက်ကြ၏၊ အားလုံးပြီးသောအခါ နွားများကို အလယ်မှာထား၍ လူများက ၀န်းရံကာဘေး
ပတ်ပတ်လည်မှ အိပ်စက် အနားယူကြ၏၊ဘုရားလောင်းလှည်းကုန်သည်ကား  သန်လျှက်ဓား
ကိုင်လျှက် ညဥ့်သုံးယာမ်ပတ်လုံး မအိပ်ပဲနောက်လိုက်များကို စောင့်ရှောက်နေ၏၊

အရှေ့လောကဓာတ်မှ ပန်းနုရောင်သမ်းသော အရုဏ်ရောင်သည် တဖြေးဖြေး တောက်ပ၍
လာနေပေပြီ၊စောစောစီးစီးပင်နွားများကိုအစာကြွေးခြင်းလူများချက်ပြုတ်စားသောက်ခြင်း
ကိစ္စများလည်း ပြီးပေပြီ၊(ပိုင်ရှင်မဲ့ပစ္စည်းသည် ပံသူကူပစ္စည်းသဖွယ် ယူငင်သော်လည်း
 အပြစ်မရှိပေ) သို့ဖြစ်၍ ခံနိုင်ရည်အားနည်းသော လှည်များကိုထားခဲ့စေ၍  ကောင်းသော
 လှည်းများကို ယူစေ၏၊ အရည်အသွေးညံ့သော ကုန်များကိုလည်း  စွန့်ပစ်စေ၍ အရည် အသွေးကောင်းသော ကုန်များကို တင်စေ၏၊

အားလုံးပြီးသောအခါ ရှေ့ဆက် ခရီးထွက်ခဲ့ကြ၏။မိမိတို့ ရည်မှန်းထားသော မြို့သို့ရောက်
သောအခါ ရောင်းကုန်များကို ( နှစ်ဆတက်ဈေးဖြင့် ) ရောင်းကြ၏၊ မိမိတို့အလိုရှိသော
ကုန်များကိုလည်း အပြန်ကုန်အဖြစ်သယ်ဆောင်လာကာ မိမိတို့ဌာနီ ဗာရဏသီပြည်သို့
ဘေးရန်းကင်းစွာ ပြန်လည်ရောက်ရှိကြ၏။ ( ဤသည်မှာ ဆင်ခြင်ဥာဏ်ရှိသော ခေါင်း
ဆောင်ကောင်းကြောင့် ဘေးမသီ ရန်မခ  “  ပစ္စည်း အသက် ” ဆုံးရှုံးခြင်းမရှိပဲ မိမိတို့ဌာနီ
ဗာရာဏသီသို့ ပြန်ရောက်ခြင်း ဖြစ်ပါ၏၊ ပထမ သွားနှင့်သော လှည်းကုန်သည်များသည်ကား
ဆင်ခြင်ဥာဏ်ကင်းမဲ့သော ခေါင်းဆောင်၏အမိန့်စကားကြောင့် “ ပစ္စည်း အသက် ”  ဆုံးရှုံး
ရခြင်း ဖြစ်ပါ၏။

စဉ်းစားဆင်ခြင်ဥာဏ်ရှိသော ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ပါစေ(သို့မဟုတ်)
ခေါင်းဆောင်ကောင်း၏ နောက်လိုက် မှီခိုသူများဖြစ်နိုင်ကြပါစေ…။

                                                                           ပြီးပါပြီ .. ကောင်းသစ်