.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Friday, August 24, 2012

သြ၀ါဒထူးပျို့ ဆုံးမစာများ

မှတ်နားစိပ်လော့၊ မအိပ်ရာချေ၊ မနေရာအပ်၊ မရပ်ရာငြား၊ မသွားရာမှတ်၊ မဝတ်ရာကျင်၊ မဆင်ရာများ၊ မစားရာမြောက်၊ မသောက်ရာမှု၊ အစုစုကို၊ ယခုရှေ့ဖျား၊ ပြန်လျှောက်ကြားပိမ့်။
                                                            ( မအိပ်ရာချေ )
သုံးပါးရတနာ၊ ဆရာသမား၊ ဘိုးဘွားမိဘ၊ စိုးရသခင်၊ ဂုဏ်အင်ကြီးထူ၊ ကိုယ်တူရင်းရှည့်၊ဖြစ်သည့်သူအား၊
ခြေရင်းထား၍၊ ပေါ့စားလွယ်ကာ၊ မအိပ်ပါနှင့်၊ ဆည်းဆာနေဝင်၊ ဆဲဆဲတွင်၌၊ အိပ်ချင်သော်လည်း၊ စိတ်ကိုတည်း၍၊ နည်းစေအိပ်မှောင်၊ နေထွက်အောင်လျှင်၊ ရှောင်လေလျဥ့်လျဥ့်၊ တစ်ညဥ့်သုံးခါ၊နိုးကြား
ရာ၏၊လက်ယာလက်ဝဲ၊ အိပ်နေမြဲလော့၊ ကွဲလွဲငုံ့တုံ၊ မှောက်ခုံပက်လက်၊ မအိပ်စက်နှင့်၊ ကိုယ့်ထက်မူယူ၊
မြတ်သည့်သူကို၊ အတူနွှဲယှက်၊ အိပ်ဖက်မပေါင်း၊ တောင်စောင်းအနောက်၊မြောက်သို့တူရှူ၊ ခေါင်းမမူရာ၊
ရှေ့မျက်နှာနှင့်၊ တောင်ညာစင်းစင်း၊ ခြေရင်းမပြု၊ ခုလုထစ်ခွင့်၊ နိမ့်မြင့်စောင်းထောင်၊ မာခေါင်ကျောလွန်း၊
ကြမ်းစွန်းဖျားနား၊ မိုးတားရံကာ၊ လွတ်ရာမှာလည်း၊ ရှောင်ပါအိပ်ခင်း၊ လွတ်ရှင်းရှင်း။....
                                                             ( မနေရာအပ် )
အသက်အရွယ်၊ အနွယ်အမျိုး၊ အရိုးအရာ၊ ကိုယ့်ထက်သာသား၊ ဂုဏ်ဝါစံမြောက်၊ သူတို့မှောက်ဝယ်၊
ရှေ့နောက်စူးစူး၊ မြင့်ဖြူးလေညာ၊ နီးစွာဝေးလွန်း၊ မစွန်းခြောက်ပြစ်၊ ချပုဆစ်နှင့်၊ ကျစ်လစ်လှစေ၊ တင်ပျဉ်ခွေ၍၊လက်ခြေကားယား၊နံပါးရှည်နွဲ့၊စောင်းလှည့်နောက်ဖီ၊အုံးမှီလက်ထောက်၊
မတ်စောက်ဆောင့်ကြောင်၊ဒူးထောင်လက်ဖွဲ့၊ မထီမဲ့လျှင်၊ မနွဲ့မကိုင်း၊ ခိုင်းတိုင်းကျားတား၊
မပြားမဝပ်၊မနေအပ်ရှင့်။......
                                                              ( မရပ်ရာငြား )
မရပ်သင့်ရာ၊ ရှောင်ခွင့်မှာမူ၊ လောကာဓိပ္ပ၊ ပြည်မသခင်၊ ရှင်မိဖုရား၊ သားတော်သမီး၊ ဝန်ကြီးဝန်ငယ်၊ မင်းနွယ်စိုးဆွေ၊ ယှဉ်နေနီးစပ်၊ ဆက်ကပ်ပွဲလမ်း၊ မင်းခမ်းဆောင်ရွက်၊ စားခွက်စားယောက်၊ အပါးရောက်က၊
မလျှောက်မပတ်၊ မတ်လတ်ရိုင်းစိုင်း၊ မကိုင်းမပျပ်၊ မတွားဝပ်ပဲ၊ မရပ်သင့်ချေ၊ ရပ်မိလေက၊ မင်းဒဏ်ကျ၏၊ 
မိဘဆရာ၊ ပညာဂုဏ်ဖြီး၊ သက်ကြီးရွယ်လွန်၊ ကျင့်မွန်မဖောက်၊ ရဟန်းမှောက်ဝယ်၊ ချစ်ကြောက်ကြည်ညို၊
အရိုအသေ၊ အချေအငံ၊ ညွတ်ကျိုးနွံမှ၊ အာသံမှတ်ကြိုး၊ ဆုပြည့်ဖြိုးအံ့၊ မိုးတိုးမားတား၊ မပြားမပျပ်၊ မဝပ်မကိုင်း၊ ခိုင်းတိုင်းကြမ်းတမ်း၊ အမှန်းမသိ၊ဒိဋ္ဌိမူကျင့်၊ မရပ်သင့်သည်၊ပြစ်လွင့်လွတ်ကင်း၊ကြဉ်ရှောင်ကွင်း။.
                                                              ( မသွားရာအပ် )
စိုးမင်းသခင်၊ အရှင်မိဘ၊ ရှေ့သိုကျသော်၊ ကုန်းကွတုပ်ပျပ်၊ နှိပ်ဝပ်ညွတ်ထိုင်၊ နောက်ယိုင်ရှောင်ရှား၊ 
သွားမှုလာမှု၊ ယဉ်နုလှစေ၊ အခြေကြမ်းတမ်း၊ ရှေ့မသန်းနှင့်၊ စိုးနန်းမင်းအိမ်၊ ဆိပ်ငြိမ်စက်တော်၊ 
ခေါ်သည့်အခိုက်၊ တိုက်ရိုက်သူ့နား၊ မကြားစေလို၊ ထိမ်ဝှက်သို၍၊ ပြောဆိုသည့်ခိုက်၊ ထိုက်လိုက်ချီးမြှောက်၊
စားသောက်ဖွယ်ရေး၊ တည်ကျွေးသည့်ခိုက်၊ မှားမိုက်ကျေးကျွန်၊အပြစ်ဝန်နှင့်၊ဒဏ်ရှိသူအား၊ထားသည့်
ရပ်မြေ၊ဖုတ်တစ္ဆေနှင့်၊ ကင်းမြွေထူထဲ၊ ကျားရဲသစ်ရူး၊ ဘီလူးရှိရပ်၊ ပေါ်လျှပ်ကောက်ကျစ်၊ မူညစ်သွမ်းဆိုး၊
သူခိုးဖမ်းရာ၊ ကန္တာရတော၊ မြစ်ကြောနစ်ကျယ်၊ ပင်လယ်သမုဒ်၊ သတ်ပုတ်တွန်းလှန်၊ ခိုက်ရန်တွေ့ပွဲ၊
ငြင်းခုံဆဲနှင့်၊ သောင်းသဲစည်ပင်၊ ပွဲသဘင်သို့၊ သွားချင်မှုသာ၊ မသွားရာတည့်၊ ကြမ်းမှာခြေနင်း၊
မပြင်းညံသက်၊ လွန်ဖြည်းညက်စေ၊ ညဥ့်နက်မှောင်မည်း၊ တယောက်ထည်းလည်း၊ 
တင့်ရည်းပေါ့သွပ်၊ မသွားအပ်သည်၊ ကြပ်ကြပ်ဝမ်းတွင်း၊ မှတ်သွတ်သွင်း။........
                                                             ( မဝတ်ရာကျင် )
ရှောင်ပါစေချင်၊ အ၀တ်တွင်လည်း၊ မစင်မကြယ်၊ ရွံဖွယ်စက်ဆုပ်၊ မည်းပုပ်မွဲပြာ၊ စာမချေသေး၊ 
ဖွပ်ဆေးမလျှော်၊ညှီစော်မြှေးသမ်း၊ ဟောင်းနွမ်းစုတ်ပြတ်၊ ညှိုးညစ်ပတ်က၊ မဝတ်လေရာ၊ ဥစ္စာရွှေငွေ၊
ဆန်ရေစပါး၊ ကျွဲနွားယာလယ်၊ လိုမယ်မတ၊ စိတ်တိုင်းကျလျက်၊ ကြွယ်ဝပြည့်စုံ၊ ကုံလင်းကစား၊စိုးမင်း
လားသို့၊သောက်စားသမှု၊ ဝတ်တုမမူ၊ ရှေ့ရှုနောက်ချင့်၊ ကိုယ်နှင့်အင်တန်၊ သင်အောင်ဖန်၍၊ ခန့်ရန်တော်
ရာ၊ကောင်းမြတ်ပါလည်း၊ စိတ်မှာချင်ချင်၊ မရှိလျှင်မူ၊ မဆင်ဝတ်သင့်၊ မိုးမြင့်ကဲကျူး၊ ဝတ်ထူးစားဆန်း၊
မွင့်လန်းရောင်ဝါ၊ ယဉ်ကျေးစွာကို၊ ချိန်ခါမဲ့ပဲ၊ မဝတ်လဲနှင့်၊ တွဲလွဲများလျား၊ ဖားရားမြေထိ၊ ရှေ့ငြိနောက်ကျ၊
ခြေချဖဝါး၊ နင်းသွားမသာ၊ ဝါဝါကားကား၊ ကြွားကြွားဝင့်ဝင့်၊ ဝတ်သဖြင့်လည်း၊ မတင့်တယ်ရာ၊ ဓမ္မတာလျှင်၊
လှမ်းသာကြွလွယ်၊ ညာဘယ်နောက်ရှေ့၊ ညီစေ့လျဥ့်လျဥ့်၊ မယဥ့်မတောင်း၊ ဆင်ဝတ်ကောင်းသည့်၊
ကျိုးကြောင်းပြစ်ကင်း၊ မြှော်ရှုတင်း။......
                                                            ( မဆင်ရာများ )
တန်ဆာပလာ၊ ဆင်ဖွယ်မှာလည်း၊ ရတနာရွှေငွေ၊ လွန်မြတ်စေလော့၊ အနေဆုတ်ယုတ်၊ ခါမဟုတ်က၊
ဖော်ထုတ်ပြုပြင်၊ မဆင်ယင်နှင့်၊ ဆံကျင်ဆံထိုး၊ ခါးကြိုးဥိးစောက်၊ လယ်ကောက်လက်ကြပ်၊ လက်စွပ်နားပန်၊ ပန်းမာလ်ခြေကျင်း၊ ရှောင်ကွင်းလည်မှာ၊ ဆင်တန်ဆာလည်း၊ ကာလာဒေသ၊ နေ့ညမှတ်ကြိုး၊ အမျိုးအနွယ်၊ အရွယ်အသက်၊ ချင့်တွက်ယုတ်မြတ်၊ ဆင်ယင်တတ်မှ၊ ဆင်ဝတ်သ၍၊ သူ့စိတ်တွေ့၏။.....
                                                       ( မစားရာမြောက် )
ညဥ့်နေ့မခြား၊ မစားရာမြောက်၊ စားခင်းမှာတုံ၊ ရသာထွေပြား၊ မြိန်မြတ်ငြားလည်း၊ စားမကြူးရာ၊ပူဆာစပ်ငန်၊
ချဉ်ဖန်ချိုခါး၊ထွေထွေစားလည်း၊သုံးပါးဥတု၊မြှော်ရမ်းရှုလော့၊မှီခုတစောင်း၊အိပ်လျောင်းဝပ်စင်း၊
ခြေဆင်းပေါင်ထောင်၊ ဆောင့်ကြောင်မတ်စောက်၊ တောင်မြောက်ကြည့်ကွက်၊ ရပ်လျက်သွားလျက်၊
နှစ်ဘက်ပါးနား၊ အံစောင်ဝါး၍၊ မစားလေသင့်၊ ကော်လွှင့်ဝှေ့ဟန်၊ ကျောက်ကန်ပုတ်ခတ်၊ ကိုက်ခဲတတ်သည့်၊ သတ္တဝါသား၊ မထွားမဆူ၊ သိုးအူပုပ်လှောင်၊ ညှီဟောင်သမျှ၊ မစားရသည်၊ နေ့ညမကင်း၊ ကြည်ရှောင်မင်း။..
                                                        ( မသောက်ရာမှု )
မသောက်အပ်ထွေ၊ ရှောင်ပါလေလော့၊ မေရယငါး၊ သူရာငါးနှင့်၊ ပိုးမွှားလောက်ကျိ၊ မြူတိနောက်ထင်၊ သန့်စင်မကြည်၊ ရေကိုသည်လည်း၊ ချုပ်ဆည်းအာသာ၊ မသောက်ရာတည့်၊ ဘယ်ညာလွှဲလက်၊ရေခွက်
ဖလား၊လက်ဝါးပြောင်းပြန်၊ ကိုင်ဟန်လှန်မှောက်၊မသောက်ပြန်ရာ၊ဟင်းမှာရေထုတ်၊ဟင်းရှုတ်ရေကို၊
မမျိုလေထိုက်၊မကျိုက်လေအပ်၊ သတိကြပ်လော့၊ ရှစ်ရပ်ဖျော်ရည်၊ ဆီကြည်ထောပတ်၊ မြိန်မွန်မြတ်လည်း၊
ကြိုက်တတ်သောအား၊ လျှာကိုတား၍၊ မများစေရ၊ သင့်ရုံမျှသာ၊ သောက်လေရာ၏၊ စာနာခန့်ချိ၊
မျက်စိအကျင့်၊ ဝမ်းအချင့်ဟု၊ ယခင့်ဝေါဟာ၊ ထင်ရှားစွာနှင့်၊ သူရာသောက်ဝယ်၊ ပြစ်ခြောက်သွယ်ကား၊
လိုမယ်မရ၊ ရှိမျှဥစ္စာ၊ ပျောက်တတ်စွာ၏၊ နှုတ်သာလက်လွန်၊ ရန်လည်းခိုက်ထိ၊ ပွါးတတ်ဘိ၏၊ မျက်စိသီဝေ၊
လက်ခြေတုန်ယင်၊ မဝင်ဝမ်းတွင်း၊ ထမင်းမစား၊ ရောဂါများ၏၊ ပြစ်သားစင်စင်၊ လူရှင်ကဲ့ရဲ့၊ သတင်းမဲ့၏၊
ရှက်ဖွဲ့အရာ၊ ကျောက်ခင်းမှာလည်း၊ အင်္ဂါကိုယ်လုံး၊ မဖုံးလွှမ်းနိုင်၊ စွဲကိုင်ကျိုးပြစ်၊ စိစစ်မမြင်၊ ဆင်ခြင်မရှိ၊
သတိပညာ၊ လျော့ညံ့ရာသည်၊ မကြာလက်ငင်း၊ မျက်မှောက်တွင်း။..
 
ဝန်ခံချက်..မူရင်း   http://wwwtharginwe.blogspot.com/ မှ ကူးယူ ဖေါ်ပြပါသည်။

ကိုယ်ကျင့်တရား ၃

လွန်လေပြီးသော ကာလက ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်မှန်လေး ဖြစ်ပါ၏။ စာလာ ပေလာ သုံးရလျှင် အတီတေ ဗာရာဏသီယံဟုပင် စရပေလိမ့်မည်။ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း ထီးနန်းစိုးစံစဉ် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ မွေးဖွားသော ဥာဏ်ပညာထက်မြက်သော ပါရမီရှင်လေး တစ်ယောက်ဖြစ်ခဲ့၏၊ ရှေးခေတ်က အမျိုးလေးပါး သတ်မှတ်ချက်ထားရှိ၏၊ ယင်းတို့မှာ ခတ္တိယ ဗြဟ္မဏ ဝေဿ သုဒ္ဓဟူ၍ ဖြစ်ပါ၏၊ ထိုအမျိုးလေး  ပါးတို့တွင်ခတ္တိယနှင့်ဗြဟ္မဏတို့ကို မြင့်မြတ်သော အမျိုးအနွယ်ဟု သတ်မှတ်ကြ၏။ ဘုရားအလောင်းတော် သည်  ထိုစဉ်ဘ၀က ဗြဟ္မဏမျိုး၌ မွေးဖွားခဲ့သူဖြစ်ခဲ့၏။

ဗာရာဏသီပြည်၌ ထင်ရှားသော ပညာရှင်ကြီးတစ်ဦးရှိ၏၊ ထိုဆရာကြီးကို ဘက်စုံပညာရှင်ဖြစ်၍ နိုင်ငံတကာ
ဒိသာပါမောက္ခဟု ဘွဲ့ထူးပေးထားပါ၏၊ နိုင်ငံအသီးသီးမှ ပညာလိုလားသော မင်းညီမင်းသား ပုဏ္ဏား သူဌေး သူကြွယ် သားသမီးမှန်သမျှသည် ယင်းဆရာကြီးထံမှာပင် လာရောက်၍ ပညာသင်ကြားကြရ၏၊ ထိုခေတ်
အခါက တက္ကသိုလ်ပြန်မှ ပညာတတ်ဟူ၍ အသိအမှတ်ပြုသော ခေတ်လည်း ဖြစ်ပါ၏
ထိုအချိန်က ဘုရားအလောင်းတော်သည် တပည့်ငါးရာတို့တွင် ပညာအတော်ဆုံးဖြစ်၍ ဆရာကြီး၏လက်
ထောက်အဖြစ် တာဝန်ယူကာ ကျန်တပည့်များကို ထပ်ဆင့်ပညာသင်ပေးရသော လက်ထောက်ဆရာတစ်
ဦးဖြစ်ပါ၏။တစ်ဖက်ကကျန်ပညာရပ်များကို ဆရာ့ထံမှ သင်ယူရင်း အခြားတစ်ဖက်မှလည်း ဆရာ့ကိုကူညီ၍
ပညာတော်သင်များကို ပညာသင်ပေးနေရသော ဆရာတစ်ပိုင်း တစ်ပည့်တစ်ပိုင်း ဖြစ်နေပါ၏။
ဘုရားအလောင်းတော်သည် “ သု၊စိ၊ပု၊ဘာ။ ၀ိ၊သိ၊လိ၊ဓာ၊ ”ဟူသော အက္ခရာရှစ်လုံး စာသင်ထုံးကို နှလုံမူ၍
သင်ကြားခဲ့သော စနစ်မှန်ကြောင့် များများသင် မြန်မြန်သင်နိုင်ပြီး ပညာရပ်များကိုလည်း မမေ့နိုင်ခြင်း   ဖြစ်ပါ၏။ 

ဆရာကြီး၌ အရွယ်ရောက် လူလားမြောက်လာသော ပညာတတ် ရုပ်ချော တော်ဝင်သမီးလေးတစ်ယောက်
ရှိပါ၏၊ မိဘရှင်ဖြစ်သည့်အားလျှော်စွာ မိဘကျင့်ဝတ် မချွတ်စေရန်လည်း သတိထားရပြန်ပါ၏။“မကောင်းမြစ်  ထာ ကောင်းရာညွှန်လတ် အတတ်သင်စေ ပေးဝေနှီးရင်း ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင် ဖခင်မယ်တို့တာ ”
ဟု မိဘကျင့်ဝတ်က ရှိနေသည် မဟုတ်ပါလား။

သမီးလေးကို လိမ္မာရေးခြားရှိအောင် “ မကောင်းသော ကြံပြောပြုများကို တားမြစ်ခြင်း ကောင်းသောအကြံ
ပြော အလုပ်တို့ကို ညွန်ကြားခြင်း၊ အမျိုးသမီးတို့ တတ်အပ်သော ပညာရပ်များကို သင်ကြားပေးခြင်းဖြင့်ပညာ
အမွေအနှစ်များကိုလည်း ပေးပြီးသားဖြစ်၏၊ ထို့နောက် ဘ၀လက်တွဲ အဖေါ်မွန်ကောင်းတစ်ယောက် စီစစ်
စီစဉ်ပေးရနှ်နှင့် လုပ်ကိုင်စားသောက်ရန် ဥစ္စာအမွေအနှစ်များကိုလည်း ဆက်လက်ပေးရဦးမည်ဖြစ်ပါ၏၊
 ထို့ကြောင့် သမီးလေးနောင်ရေး စိတ်အေးရအောင် စဉ်းစားရပြန်ပါ၏၊ 

 လောက၌ ရုပ်ချမ်းသာမှု စိတ်ချမ်းသာမှု နှစ်ခု ယှဉ်လိုက်လျှင် စိတ်ချမ်းသာမှုကသာ အလိုအပ်ဆုံးသော ချမ်းသာဖြစ်ကြောင်း ဒိသာပါမောက္ခဆရာကြီး ကောင်းကောင်း သိပြီးသား ဖြစ်ပါ၏၊ စိတ်ချမ်းသာဖို့အတွက်  စာရိတ္တကောင်းမွန်ရန်လိုအပ်ကြောင်းကိုပါ ထပ်ဆင့် သဘောပေါက်ပြီးသား ဖြစ်ပါ၏၊ထို့ကြောင့်  သမီးလေး   နောင်ရေး စိတ်အေးရဖို့အတွက် သမက်လောင်းကို ကိုယ်တိုင်ပင် စီစစ်၍ ရွေးရန် ဆုံးဖြတ်လိုက်၏။

ယနေ့ တပည့်များအားလုံး ဆရာကြီးထံ စုံစုံလင်လင် ရောက်ရှိနေကြ၏၊ဆရာကြီးက မလာမနေရဟု ပြော၍
ခေါ်ဆိုထားသောကြောင့် ကျောင်းသားစုံ ရောက်နေကြခြင်းဖြစ်၏၊ ယခင်က ယခုကဲ့သို့ တစ်ခါမျှ မခေါ်ဘူး
ကြောင့် အကြောင်းထူးတော့ရှိရမည်ဟု အတွေးကိုယ်စီတော့ ရှိနေကြ၏၊ ဆရာကြီးက အဟမ်းဟု ချောင်း
တစ်ချက်ဟန့်၍ အသံပြုလိုက်၏၊ တပည့်အားလုံးသည် ဆရာကြီးဆီသို့ အာရုံစိုက်နေကြ၏၊ ဆရာကြီးပြော
မည့်စကားကို နားစိုက် ထောင်နေကြခြင်းဖြစ်၏

ဆရာကြီးက တိတ်ဆိတ်ငြိမ်သက်နေသော မိမိ၏ တပည့်များကို ကြည့်ရင်း စကားစလိုက်၏၊ ဆရာ့မှာ အရွယ်
ရောက်ပြီဖြစ်သော ပညာတတ် ရုပ်ချော တော်ဝင် သမီးလေးရှိကြောင့် တပည့်များ သိပြီးသားဖြစ်၏။ မိဘ
ဝတ္တရားအရ သမီးလေးနောင်ရေး စိတ်အေးဖို့အတွက် အိမ်ထောင်ချပေးရန် သင့်နေသော အရွယ်ရောက်
နေပြီးဖြစ်၏၊ ထို့ကြောင့် သမီးလေးရဲ့ကြင်ဘက် ရွေးချယ်ရန် ခေါ်လိုက်ခြင်းဖြစ်ပါ၏၊ ထို့ကြောင့် မိမိ၏တော်
ဝင်သမီးလေးကို ဘ၀လက်တွဲဖေါ်အဖြစ် ရွေးချယ်လိုသော မည်သူမဆို မိဘဆွေမျိုးများ မသိအောင် သမီး
လေးအတွက် လက်ဆောင်ပဏ္ဏာများ ယူဆောင်လာရမည်ဖြစ်၏၊ မိဘဆွေမျိုးများ သိသော အသိပေးသော
ပစ္စည်းပိုင်ရှင်ကို သမက်အဖြစ်ရွေးချယ်မည် မဟုတ်ကြောင်းကိုပါ အထူးသတိပေးစကားအဖြစ် မှာကြားလိုက်
ပါသေး၏၊ 

တပည့်များ၏ မျက်ဝန်းများသည် နေရောင်ထိသော ပဒုမ္မာ ၊ လရောင်ထိတွေ့သော ကုမုဒြာကြာပန်းကဲ့သို့
ရွှင်လမ်းတောက်ပနေကြ၏၊ ဆရာကြီးသည် မိမိပြောရမည့်စကား ပြောကြားပြီးဖြစ်၍ မနက်ဖန်မှစ၍ ရွေး
ချယ်မှု အစီအစဉ် စတင်မည်ဖြစ်ကြောင်း ပြောကြားကာ မိမိတို့နေရာသို့ ပြန်နိုင်ပြီဖြစ်ကြောင်း ခွင့်ပြုလိုက်
၏၊ တပည့်များ၏ နှလုံးသားများဝယ် အတွေးကိုယ်စီ အပြုံးကိုယ်စီဖြင့် တွေးရင်း ပြုံးရင်း စကားတောင် မပြော
ဖြစ်ကြပဲ မိမိနေရာဆီသို့ ပြန်သွားကြလေတော့၏

နောက်တစ်နေ့ ...                                                                           ( ဆက်ရန် ) ကောင်းသစ်

Wednesday, August 15, 2012

ကိုယ်ကျင့်တရား ၂

ထိုအခါ လာရောက်ကြသော ပရိသတ်အားလုံးသည် ပန်းအိုးပိုင်ရှင် ဘယ်သူလဲ..ဘာပန်းပင်မှ မပါသူကို ဘာကြောင့် ဘုရင့်သားတော်က ကြင်နာတတ်သော ကြင်ယာတော်အဖြစ် ရွေးချယ်သလဲ ..ချမှတ်ထားတဲ့ မူနှင့် ရွေးချယ်မှု ဘာကြောင့် မတူသလဲစသည် လဲပေါင်းများစွာဖြင့် စိတ်ထဲမှာ ကြိတ်မေးမေးရင်း ဘုရင့် သားတော်ဆီသို့ ဆင်မယဉ်သာကဲ့သို့ တလှမ်းချင်းသွားနေသော ဥယျာဉ်မှူး၏ သမီးဆီသို့ မျက်လုံးများက အလိုလို ရောက်သွားကြတော့၏

ဘုရင့်သားတော်လေးသည် ပြုံးနေ၏၊။ သူသည် ကိုယ်ကျင့်ကောင်းသူကို ရွေးချယ်နိုင်ခွင့် ရှိခဲ့ပြီ မဟုတ် ပါ လား။မည်သည့်ပန်းပင်မှပါမလာသောဥယျာဉ်မှူး၏သမီးလေးသည်ဘုရင့်သားတော်လေး၏အနီးသို့ 
 ရောက်သည်ဆိုလျှင်ပဲ မင်းသားလေးက သူ၏ဘယ်ဘက်မှ ကပ်၍ မတ်တတ်ရပ်နေရန် ပြောကြားလိုက်၏

ဘုရင့်သားတော်လေးသည် သူ၏ကြင်ယာတော်လောင်းကို ကြည့်လိုက်၏၊၊ ထို့နောက်တော့ ကြင်ယာတော် အရွေးခံ ပရိသတ်ကြီးဆိုသို့ကြည့်လိုက်ပြန်၏။ ထို့နောက်တော့ သူသည် ပန်းပင်မဲ့ ပန်းအိုးပိုင်ရှင်ကို ကြင် ယာတော်အဖြစ် အဘယ့်ကြောင့် ရွေးချယ်လိုက်ရခြင်းအကြောင်းကိုပါတဆက်တည်း ကြေညာလိုက်တော့၏

ဘုရင့်သားတော်လေးက မိမိသည် တိုင်းပြည်၏နန်းညွန့် ထီးလျှာ( ထီးဖြူဆောင်းရန် လျှာထားခံရသူ)ဖြစ်၏၊ ဘုရင်ဖြစ်လျှင် ကြင်ယာတော် မိဖုရားလည်း ရှိရတော့မည်ဖြစ်၏၊မိဖုရားသည် ဘုရင်၏ အနီးကပ်အကြံ   ပေးဖြစ်၏၊ အနီးကပ်အကြံပေးသူသည် ကိုယ် ကျင့်ကောင်းမွန်ရန် အထူးလိုအပ်ပါ၏၊ မိဖုရားသည် ကိုယ် ကျင့်ကောင်းခြင်း စိတ်ထားကောင်းခြင်း ပြည်သူအပေါ် ကြင်နာသနားတတ်ခြင်း ပြည်သူ့အသံကို သားသမီး အသံကဲ့သို့ နားထောင်၍ လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုခြင်း ပြည်သူကို မိမိတို့အတွက်မပေးဆပ်လိုပဲ အုပ်ချုပ်သူ မိမိတို့ကသာ ပြည်သူအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းလိုခြင်းစသည့် ကောင်းကွက်များလည်း အထူးပင်လိုအပ်ပါ၏၊ယခုကြင်ယာတော်လေးသည်ကိုယ်ကျင့်ကောင်းမွန်သူစိတ်ထားကောင်းမွန်သူဖြစ်
 ကြောင်း မိမိ သေသေခြာခြာ သိခွင့်ရလိုက်ပေပြီ၊

အကြောင်းကားမိမိသည်မျိုးစေ့များကိုလှပသော မွှေးကြိုင်သောပန်းပင်လေးများ ဖြစ်အောင်ကြင်ယာ တော် အဖြစ် အရွေးခံမည့်သူများကို ပေးအပ်လိုက်သော်လည်း မိမိပေးလိုက်သော ယင်းမျိုးစေ့များသည် အပင်   ပေါက်နိုင်ခြင်းမရှိအောင် မျိုးစေ့သတ္တိကိုမိမိက ဆေးရည်စိမ်အစီအမံဖြင့် ( စိတ်ချရအောင် စမ်းသပ်မှု ) ပြုပြီးသားဖြစ်၏။ ထို့ကြောင့် အပင်မပေါက်နိုင်သော မျိုးစေ့မှလှပသော ပန်းပင်များကို ထည့်၍ ပန်းအိုး ကိုယ်စီ ယူဆောင်လာခြင်းသည် လှည့်စားသူ လိမ်ညာသူများသာ ဖြစ်ပါ၏။ မိမိတို့ဘာသာ မျိုးစေ့ အသစ်    ပြောင်း၍ထည့်လာခြင်းဖြစ်ပါ၏။မပေါက်သည်ကို ပေါက်သယောင်  ပြုခြင်းသည်ဘုရင့်သားတော်ဖြစ်သော
မိမိကို လိမ်ညာသူများသာ ဖြစ်ပါ၏၊(ယင်းအကြောင်းကို ပန်းများဝေဆာစွာ ကိုင်ဆောင်လာသော ပန်းအိုး ပိုင်ရှင် ကာယကံရှင် များ ကိုယ်တိုင်ပင် သိရှိပြီး ဖြစ်ကြပါလိမ့်မည်၊ မိဖုရားခေါင်ကြီး ဖြစ်လာလျှင်လည်း သတင်းမှန် ဖြစ်ရပ်မှန်များကို ဖုံးကွယ်၍ မိမိကို သတင်းမှားများသာ တင်ပြကြပေလိမ့်မည်၊ ထိုအခါ မိမိသည် အလိမ်အညာခံ ဘုရားတစ်ပါးဖြစ်သည့်အပြင် ပြည်သူ၏ ဘ၀မှန်ကို သိခွင့်မရ၍  ပြည်သူဆန္ဒ ပြည်သူ့ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်လိမ့်မည် မဟုတ်ပေ၊။

ထိုအခါ မိမိပတ်ဝန်းကျင်သည်လည်းကောင်း ပြည်သူပြည်သားအပေါင်းသည်လည်းကောင်း မိဖုရား၏အလိမ် ညာခံ ဘုရင်တစ်ပါးအဖြစ် တိုင်းပြည်၏သမိုင်းမကောင်းသောမင်းဆိုးအဖြစ် သတ်မှတ်ကြပေ လိမ့်မည်။ ယင်းအချက်သည်မိမိနှင့်တိုင်းပြည်အတွက်အနှုတ်လက္ခဏာအစစ်  ဖြစ်နေပေသည်၊ ပြည်သူနှင့် တစ်သား တည်းမကျသော မင်းတစ်ပါးဖြစ်နေပေလိမ့်မည်။ ထိုအခါ မင်းနှင့်ပြည်သူသည်လည်း အညမညသဘော  မဆောင်တော့။ အရာရာ ၀ိရောဓိသာ ဖြစ်နေပေလိမ့်မည်။ ယင်းသို့ဖြစ်လျှင် ငြိမ်းချမ်းသောသာယာသော  တိုးတက်သော နိုင်ငံတော်ကြီး ဖြစ်လာလိမ့်မည် မဟုတ်တော့ပေ။ထို့ကြောင့်တိုင်းပြည်အပေါ် ပြည်သူအပေါ်

လုပ်ပိုင်ခွင့် လုပ်နိုင်ခွင့်အာဏာ ရယူထားသူသည် ကိုယ်ကျင့်ကောင်းမွန်ခြင်းဟူသော စိတ်ဓာတ်အရည် အသွေးမြင့်မားရန် အထူးပင် လိုအပ်ပါ၏။ထို့ကြောင့် မိမိသည် ပန်းမျိုးစေ့ အပင်မပေါက်သည်ကို မပေါက် သည့် အတိုင်း အမှန်ကို အမှန်တိုင်း တင်ပြသော ဤအမျိုးသမီးငယ်ကို ပြည်သူနှင့်မိမိအပေါ် ကြင်နာ တတ်  သော ကြင်ယာတော်အဖြစ် ရွေးချယ်လိုက်ကြောင်း အသိပေးလိုက်လေတော့၏။ 

ထိုအခါ မင်း မိဖုရား မူမတ်များနှင့် စစ်သူကြီး ပရိသတ်အားလုံးတို့သည် ဘုရင့်သားတော်လေး၏ ကြင်ယာတော်မိဖုရားရွေးချယ်မှုသည်သဘာဝကြကြောင်းနှင့်မိမိတို့ကလည်း ကျေနပ်အားရပါကြောင်း 
 နှုတ်မြွက်စကားပြေားကြားကြပြီး ဘုရင့်သားတော်လေးသည် ကိုယ်ကျင့်ကောင်းမွန်သူ ဥယျာဉ်မှူးသမီးလေး နှင့် ရွှေလက်တွဲကာ တိုင်းပြည်ကို အသွင်အားဖြင့်လည်းကောင်း အနှစ်သာရအားဖြင့်လည်းကောင်း တိုး တက်အောင် ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းများ တောင်းဆိုကြလေတော့၏၊ ပရိသတ်များ၏ မင်းသားလေးနှင့်မိဖုရားလေးအပေါ် ဆုတောင်းပေးသော မင်္ဂလာ သြဘာသံသည် ရွှေ့ နန်းတော် တစ်ခုလုံး ဆူညံသွားလေတော့၏၊ ဘုရင်ကြီးနှင့်မယ်တော်မိဖုရားကြီး မူးမတ်များ စစ်သူကြီးများ၏ မျက်နှာ မျက်ဝန်း များသည်လည်း လပြည့်ညသာသော လ၀န်းကဲ့သို့ အပြည့်အ၀ ပြုံးရွှင်နေသည်ကြ၏၊ နန်းညွှန့်ထီးလျှာ မင်းသားလေးနှင့် မိဖုရားလေးတို့သည်လည်း ရင်မှတသိမ့်သိမ့်တက်လာသော ပီတိကို မျှဝေခံစားရင်း မိမိတို့သည် တိုင်းပြည်အကျိုးပြုသော ပြည်သူချစ်သော ပြည်သူနှင့်အညမညသဘောဆောင်သော မင်းကောင်းတစ်ပါးဖြစ်အောင် ပြမူ နေထိုင်သွားမည်ဖြစ်ကြောင်းဂတိပေးစကားပြောကြားလိုက်လေတော့၏။

ကိုယ်ကျင့်ကောင်းသောမင်းကောင်းမင်းမြတ်၏အရိပ်၌ နေထိုင်ခွင့်ရခြင်းကိုရည်ရွယ်၍သစ်ရိပ်ဝါးရိပ်
သည်  အေးချမ်း၏၊၊ထို့ထက်ဆွေမျိုးအရိပ်သည် အေးချမ်း၏၊ ထို့ထက် မိဘအရိပ်သည် အေးချမ်း၏၊ 
ထို့ထက် မင်း၏အရိပ်သည် အေးချမ်း၏ဟု ရှေးပညာရှိများ ဥဒါန်းစကား ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ကိုယ်ကျင့်ကောင်းသော မင်းရိပ်မှာ ခိုလှုံခွင့်ရကြ၍ ပြည်သူ ပြည်သူအားလုံး အေးချမ်းကြပါစေ..

                                                                                          ကောင်းသစ်

Wednesday, March 7, 2012

ကိုယ်ကျင့်တရား ၁

မကောင်းမှုမှ ရှောင်ကျဉ်သူကို ကိုယ်ကျင့်ကောင်းသူဟု သူတော်ကောင်းများက အသိအမှတ်ပြုကြ၏ ကိုယ် ကျင့်ကောင်းသူသည် မိမိအတွက်လည်း နောက်ကြောင်းအေး လိပ်ပြာသန့်ရသလို ပါတ်ဝန်းကျင်အတွက် လည်း စိတ်၏ လုံခြုံမှုနှင့်ဘေးကင်းမှုကို ပေးပြီးသား ဖြစ်သွားပါ၏။ ထို့ကြောင့် ရှင်တော်မြတ်ဘုရားက  ကိုယ် ကျင့်ကောင်း သူကို “ အဘယဒါန ” အချိန်ပြည့် ( လောကကြီအား ) ဘေးမဲ့အလှူ ပေးလှူနေသူဖြစ်   ကြောင်း မိန့်ကြားတော် မူခဲ့ပါ၏၊

ကိုယ်ကျင့်ကောင်းသူများ နေထိုင်ရာ အရပ်ဒေသသည် စိတ်၏လုံခြုံမှုနှင့် ဘ၀၏အေးချမ်းမှုကို အချိန်ပြည့် ရ ရှိနေသောကြာင့် ပျော်စရာ ကောင်းသော အရပ်ဒေသတစ်ခု ၊ နေချင်စရာကောင်းသော အရပ်ဒေသတစ်ခု လည်ပါတ်စရာကောင်းသော အရပ်ဒေသတစ်ခု ၊ အတုယူစရာကောင်းသော အရပ်ဒေသတစ်ခု  ဖြစ်ပါတော့   ၏၊ ထို့ကြောင့် စိတ်၏လုံခြုံမှုနှင့်ဘ၀၏အေးချမ်းမှုကို ရယူလိုသူမှန်သမျှသည် “ ကိုယ်ကျင့်ကောင်းမွန်ခြင်း ဟူသော စာရိတ္တမဏ္ဍိုင်ကို ” ခိုင်မြဲအောင် ထွန်းကားအောင် ပြုလုပ်သင့်ကြပါ၏။

ကိုယ်ကျင့်ကောင်းမွန်မှုနှင့် ပါတ်သက်၍ ဖတ်ဘူးသော ပုံပြင်လေးများကို မျှဝေလိုက်ပါ၏၊
ဘုရင်မင်းကြီး၌ ထီးညွန့်နန်းလျှာ သားတော်လေး တစ်ပါးရှိ၏၊ ဘုရင်မင်းကြီးသည် သားတော်အတွက် ကြင်
ယာ စီမံဖို့ သားတော်လေးနှင့် တိုင်ပင်ကြည့်၏၊ သားတော်လေးက ကြင်နာတတ်သော ကြင်ယာတော်ကို သူ
ကိုယ်တိုင်ပဲ ရွေးချယ်ပါရစေဟု ခွင့်တောင်း၏၊ ဘုရင်မင်းကြီးကလည်း သားတော် စိတ်တိုင်းကြ ရွေးချယ်ခွင့်
ပြုလိုက်၏၊

ဘုရင်မင်းကြီးသည် သားတော်လေးအတွက် တိုင်းပြည်တစ်ခုလုံးကို စည်တီး၍ ကြေညာမောင်းခတ်စေ၏၊
သားတော်လေး၏ ကြင်ယာအဖြစ် အရွေးခံလိုသူ မည်သူမဆို ဘုရင်နန်းတော်သို့ လာရောက်ကြရန် ရက်
သတ်မှတ်၍ ပေးထားလိုက်၏၊

မိမိကိုယ်ကိုယ် မင်းသားလေး၏ ကြင်ယာတော် ဖြစ်ထိုက်သူ၊ မိမိအလှကို ယုံကြည်သူ မှန်သမျှသည် ကြင် ယာတော် အရွေးခံရန် ဘုရင်နန်းရင်ပြင်သို့ စုဝေးရောက်လာကြ၏၊ မင်းသားလေးသည် သူစီမံထားသည့် အတိုင်း ကြင်ယာလောင်းများကို အသိပေးကြေညာလိုက်၏၊ယခု သူစီမံထားသော “ ပန်းအိုး မြေဆွေး မျိုးစေ့ “ တို့ကို ယူ၍ အလှဆုံး အသန်ဆုံး အမွှေးဆုံး ပန်းပင်ဖြစ်အောင် ပြုစု ပျိုးထောင် ပေးရမည်၊ သုံးလစေ့သော အခါ မိမိ ပြုစု ပျိုးထောင်ထားသော ပန်းအိုးများကိုယူ၍ လာကြရမည်၊ မိမိ ချမှတ်ထားသည့် “ မူ ” အတိုင်း ပန်းအိုးများထဲမှ “ အလှဆုံး အသန့်ဆုံး အမွှေးဆုံး ” ပန်းအိုး ပိုင်ရှင်ကို ကြင်ယာတော် အဖြစ်  ရွေးချယ်မည်ဖြစ်ကြောင်း တစ်ခါထည်း ပြောကြားလိုက်၏။

သုံးလစေ့သော နေ့ဖြစ်၏၊ ဘုရင့်နန်းရင်ပြင် တစ်ခုလုံး ပန်းအိုးကိုင် အမျိုးသမီးများနှင့် စီကားနေလေတော့ ၏  ၊ပန်းမျိုး အရွယ်စုံ အသွေးသုံ အလှစုံ ရနံ့တို့ဖြင့် အမျိုးသမီးတို့၏ မျက်နှာများသည်လည်း မျှော်လင့်ချက် အပြုံးတို့ဖြင့် အလှကိုယ်စီ အပြုံးကိုယ်စီ ရှိနေကြပါ၏၊ သို့သော် ထိုအထဲတွင် ပန်းပင်မဲ့ ပန်းအိုးကို ကိုင်ဆိုင်
ထားသော မျက်နှာငယ် အမျိုးသမီးလေးကို ထူးထူးခြားခြား သတိထားမိသူများ မြင်တွေ့နိုင်ပါ၏။

ဘုရင့်သားတော်လေးသည် သူကိုယ်တိုင်ပင် အမျိုးသမီးငယ်လေး၏ နာမည် လိပ်စာ ပန်းအိုးနံပါတ် တို့ ကို  သေသေချာချာ မှတ်သားနေ၏၊ အရေးကြီး၍ အသေအချာ အတိအကျဖြစ်ရန် အထူးဂရုပြုနေခြင်းဖြစ် ပါ၏၊ ဤသို့ဖြင့် ပန်းမဲ့ ပန်းအိုးကို မျက်နှာငယ်လေးနှင့် လာရောက်အပ်နှံသော အမျိုးသမီးငယ်လေး မင်း သားတော်လေးအနား ရောက်လောတော့၏၊ မင်းသားလေးသည် အမျိုးသမီးငယ်ကို ကြည့်၍ ပြောလိုက်၏ ၊ “ နှမငယ် နှမငယ်ရဲ့ ပန်းအိုးက ဘာပန်းပင်မှလည်း ပါမလာပါလားကွယ် ” ။

အရှင်မင်းသား နှမတော်ဟာ စိုက်ပျိုးမှုဘက် ထူးချွန်နာမည်ရ ဥယျာဉ်မှူးတစ်ယောက်ရဲ့ သမီးပါ။ စိုက် ပျိုးရေးနှင့် ပါတ်သက်၍ အဖေ့လက်ရာ အဖေ့ခြေရာကို အမီ နင်းနင်းသူ ဖြစ်ပါတယ်၊နှမတော်စိုက်ပျိုးသမျှ မရှင်သော မသန်သော မလှသော အပင်ဟူ၍ တစ်ခါမှ မကြုံဘူးသေးပါ။သို့သော် ယခုအရှင် မင်း သား  ပေးလိုက်သော မျိုးစေ့ မြေဆွေး ပန်းအိုးကို စိုက်ပျိုးသောအခါမှဘယ်လိုပင် ပြုစု ယုယ ပျိုးထောင် ပါသော်လည်း အပင်လေးမျှ ပေါက်လာခြင်း မရှိပါ၊ အရှင်မင်းသားရဲ့ ဖြစ်စေချင်တဲ့ အလှဆုံး အသန့်ဆုံး အမွှေးဆုံး ပန်းပင်စိုက်ပျိုး၍ ဆန္ဒကို ဖြည့်မပေးနိုင်သောကြောင့် နှမငယ်ကို ခွင့်လွှတ်တော်မူပါ အရှင် မင်းသား။

အမျိုးသမီးငယ်လေးက ဆန္ဒကို ဖြည့်မပေးနိုင်၍ စိတ်မကောင်း ဖြစ်နေသော်လည်း ဘုရင့်သားတော်လေးက
တော့ သူ့ဆန္ဒ ပြည့်ဝ၍ ၀မ်းသာနေပါ၏၊ ( ယင်းအဖြစ်ကိုတော့ အမျိုးသမီးငယ်လေး မသိသေးပါချေ၊ )။
ထို့ကြောင့် အမျိုးသမီးငယ်၏ နာမည် လိပ်စာ အလုပ်အကိုင်တို့ကို တိတိကျကျ သီးခြားရေးမှတ်ထားလိုက်၏၊
အမျိုးသမီးငယ်လေးများ၏ လက်ထဲ၌ ပန်းအိုးများ မရှိတော့၊ သို့သော် သူ့တို့၏ ရင်ထဲ၌ကား ကြင်ယာတော်
အဖြစ် မျှော်လင့်ချက် ကိုယ်စီရှိနေကြပါ၏၊ ထို့ကြောင့် ဘုရင့်သားလေးတော်လေးမျက်နှာကို စူးစူးစိုက် စိုက်ကြည့်နေကြရင်း ဘုရင့်သားတော်လေး နှုတ်မှ ပြောကြားလိုက်မည့် “ ကြင်ယာတော်၏ နာမည် ” ကိုလည်း ကိုယ်စီနားစွင့်နေကြပါ၏၊

ဘုရင့်သားတော်လေးသည် ပန်းပင်မဲ့ ပန်းအိုးလေးကို အမျိုးသမီးထု မြင်မြင်သာသာ ရှိအောင် မြှောက်ကိုင်
ပြရင်းမှ “ ဤ ပန်းအိုး ပိုင်ရှင်ကို ကြင်နာတတ်သော ကြင်ယာတော်အဖြစ် ရွေးချယ်လိုက်ပြီဖြစ်ကြောင်း ” ကြေညာလိုက်တော့၏၊

ထိုအခါ ……။                                                    (ဆက်ရန် ) ကောင်းသစ်..

Sunday, February 19, 2012

ကံတူ အကျိုးပေး

သောကတွေ ပြေပျောက်ဘို့
လောဘတွေ ချွေဖျောက်ပါ။

မိတ်ဆွေကောင်းရှိဘို့ လိုအပ်သလို
မိတ်ဆွေကောင်းဖြစ်ဘို့လည်း လိုအပ်ပါ၏၊

 ကြွေးရှိရင် ပြန်ဆပ်ရမယ်၊
ကျေးဇူးရှိလျှင်လည်း ပြန်ဆပ်ရမယ်၊
ဒါပေမဲ့ ကြွေးက ကျေတယ်၊ ကျေးဇူးက ကျေတယ် မရှိပါ။

 ရှာသမျှဟာ ပိုင်ဆိုင်ဘို့
ပိုင်ဆိုင်သမျှဟ ပေးဆပ်ဘို့
ပေးဆပ်ခြင်းဟာ လောကကြီး ချမ်းသာဘို့ပေါ့။

ဘ၀ဆိုတာ  ဝေဟင်မှာ လေမှာလွင့်နေတဲ့ သစ်ရွက်ရော်နှင့် တူတယ်၊
ကျရာအရပ် မှန်းဆဘို့ ခက်သလို .. အနာဂါတ်အတွက် မှန်းဆရ ခက်လို့ပေါ့။

ဘ၀ဟာ မြစ်တစ်စင်းနှင့်လည်း တူတယ်၊
အကွေ့အကောက် - အနိမ့်အမြင့်တွေ များလို့ပေါ့။

ဖြည့်လို့ မပြည့်တာက “ လောဘ ” ၊
ဖြည့်ရင် ပြည့်တာက ” ပါရမီ ” ။

နောက်ကြောင်း ရှင်းဘို့ သန့်ဘို့အတွက်
ပစ္စုပ္ပန်ကောင်းမှ ဖြစ်မယ်။
အနာဂါတ်ကောင်းဘို့အတွက် ဆိုရင်လည်း
ပစ္စုပ္ပန်ကောင်းမှ ဖြစ်နိုင်မယ်။

စေတနာမျှားဦးကို အမြဲတန်း အကောင်းဘက်သို့
ချိန်ရွယ်ထားပါ။

ငွေဆိုတာ သုံးတတ်ရင် “ အရိပ် ” အေးချမ်းမှုကို ပေးတယ်၊
မသုံးတတ်ရင် “ အဆိပ် ” ဆင်းရဲဒုက္ခကို ပေးတတ်တယ်။

မွေးဖွါးခြင်းဟာ “ သေဘို့ ” ပဲ၊
မသေခင်မှာ အနေတတ်ဘို့နဲ့ သေလျှင် အသေမြတ်ဘို့ အရေးကြီးတယ်။

သူ တော် - မတော်
သူ ကောင်း - မကောင်းကို
သူ့ရဲ့ အပြုအမူလက္ခဏာက ဖေါ်ပြနေပါတယ်၊
ကြည့်တတ်ဘို့ပဲ လိုပါတယ်။

ဘ၀ရပ်တည်ဘို့အတွက် လူတိုင်းဟာ ပစ္စည်းငွေကြေးကို ရှာဖွေကြရတယ်၊
အဲဒီအခါမှာ  “ အစာသာမြင်ပြီး ငါးမျှားချိတ်မမြင်တဲ့ ငါးလေးလို ” မဖြစ်ဘို့
အရေးကြီးတယ်၊

အမှတ်တရ ဖြစ်ဘို့အတွက်
အမှတ်ရစရာလေးတွေကို လောကအတွက် ပေးဆပ်ခဲ့ရမယ်၊
“ ပေးဆပ်သူသာ ပိုင်ဆိုင်သူ ဖြစ်နိုင်၏ ” တဲ့။

တကယ်တော့ သူကျိုးပြုနေခြင်းဟာ
ပါရမီသဘောအရ ကိုယ့်ကျိုး “ စု ” နေခြင်းပါပဲ။

ကံတူ အကျိုးပေးတဲ့၊
( ဆိုးဆိုး ကောင်းကောင်း ) ကံအတူ ပြုခဲ့ကြသူတွေဟာ
အကျိုးပေးတော့လဲ အတူတူ “ ခံစား စံစား ”  ကြရတယ်။

                                         ကောင်းသစ်..

Saturday, February 18, 2012

“ အချစ်နှင့် အမုန်း

ပုထုဇန်ဟူသည် “ အချစ် - အမုန်းနှင့် ” မကင်းနိုင်သူများ ဖြစ်ကြ၏၊
ထို့ကြောင့် ယင်းမှထွက်သော ဘေးထွက်ဆိုးကျိုးများကိုလည်း ခံစားနေကြရပါ၏၊

အချစ်မရှိလျှင် - သောက မဖြစ်၊
အမုန်းမရှိလျှင် - ဒေါသ မဖြစ်၊

ချစ်သူနှင့်အတူ မနေရခြင်းသည် ဆင်းရဲ၏၊
မုန်းသူနှင့်အတူ နေရခြင်းသည်လည်း ဆင်းရဲပါ၏။

အချစ်မရှိလျှင် ကွေကွင်းတဲ့ဒုက္ခ မရှိနိုင်၊
အမုန်းမရှိလျှင် အတူနေရတဲ့ဒုက္ခ မရှိနိုင်။

အချစ်သည် နီးလေ ချမ်းသာလေ၊
အမုန်းသည် ဝေးလေ ချမ်းသာလေ၊

အချစ်သည် - လောဘ၊
အမုန်းသည်ကား - ဒေါသ။
ယင်းနှစ်မျိုးလုံးသည် ပူလောင်သော ကိလေသာများသာ ဖြစ်ကြပါ၏၊

သို့သော် ..... ပုထုဇဉ်တို့သည်  မီးမကြောက်သည့် ပိုးဖလံပမှာ ကိလေသာအပူတောမှ
နောက်ပြန်မဆုတ်၊  ရှေ့သို့သာ တိုးမြဲတိုးနေကြသော အပူပျော် ပိုးဖလံလူသားဘ၀ဖြင့်
ဘ၀ နိဂုံးချုပ်သွားကြရတော့သည်။
                                                       
                                                                 ကောင်းသစ်...

 

Friday, February 17, 2012

“ အမေ ” တဲ့

တစ်စုံတစ်ခုကို ပိုင်ဆိုင်ရဘို့အတွက် တစ်စုံတစ်ခုကို စွန့်လွှတ်ရခြင်းဟာ သဘာဝပဲလို့ဆိုရင်
တန်းဘိုးရှိတဲ့ အရာကို မစွန့်လွှတ်မိဘို့ အရေးကြီးတယ်။

ပုတ်သင်ညိုဟာ “ရေ မြေ သစ်ပင် ” လိုက်ပြီး အရောင်ပြောင်းတတ်တယ်တဲ့၊
လူတွေလဲ အဆောင်အယောင် အယောင်အဆောင်တွေကို လိုက်ပြီး
အရောင်ပြောင်း ( စိတ်ထားပြောင်း ) တတ်ကြတာပါပဲလေ။

မာန - တဲ့ ။
မာလွန်းရင် ကိုယ့်ဘ၀ “ န” သွားတတ်တယ်။

တစ်နေ့ ...
ပျော်ရွှင်စွာ ဆော့ကဆားနေတဲ့ ကြောင်လေးတွေကို ကြည့်နေမိတယ်၊
မိခင်ကြီး ခုပ်လာတဲ့ “ ကြွက် ” ကို မြင်ရတဲ့အခါ လက်သဲတွေထုတ်ပြီး
အချင်းချင်း မာန်ဖီလာကြတယ်လေ၊  သူတိုဟာ အစာကြောင့် ရန်သူ
တွေလို ပြုမူ လာကြတယ်၊
လူ့လောက လူ့အသိုင်းအ၀ိုင်းမှာကော .. ဒါမျိုးတွေ ရှိနိုင်မလား ရှိနေမလားလို့
စဉ်းစားကြည့်လိုက်တဲ့အခါ..
မိဘအမွေနှင့်ပါတ်သက်ပြီး  တစ်သွေးထဲကနေ “ သွေးကွဲသွားတဲ့ ” သူတွေကို
မြင်ယောင် ကြားယောင်နေမိတယ်၊ သြော် လောဘနောက်မှာ ဒေါသ မောဟတွေ
ပါလာနေပါလား။

အချိန်မရွေး နေရာမရွေး အရွယ်မရွေး သေနိုင်တယ်လို့ သိပေမဲ့
မသိစိတ်ကတော့ “ ငါ ” မသေနိုင်သေးဘူးလို့ပဲ ထင်မှတ်နေတယ်လေ..။

ပြုခဲ့ပြောခဲ့ ကြံခဲ့တာတွေကို မေ့မေ့ပျောက်ပျောက်လို့ သဘောထားကြပေမဲ့
ကံတရားကတော့ မေ့ပျောက်မသွားအောင် မှတ်တမ်းတင်ထားတယ်။

အရင်လို မဟုတ်တော့ဘူးတဲ့.
ဟုတ်တယ် လူတိုင်းဟာ အရင်လို မဟုတ်တော့ပါဘူး။
( အရင်ထက် အရာရာပျက်စီးသွားတာလဲ ဖြစ်ချင်ဖြစ်မယ်၊ ပြည့်စုံလာတာလဲ
ဖြစ်ချင်ဖြစ်မယ်၊ စိတ်ဓာတ် - ပညာ - ပစ္စည်း - ပါဝါ  အစစ အရာရာပေါ့)။

မပြည့်စုံတဲ့ဘ၀မှာ
လူမှုကျင့်ဝတ်တရားတွေလဲ  ချို့ယွင်းလာတတ်တယ်၊
( မပြည့်စုံ၍ မဖြည့်ဆည်းပေးနိုင်ခြင်းကို ဆိုလိုပါသည်)။

“အမေ” ... တဲ့၊
တမ်းတသူရဲ့ရင်ကို အေးချမ်းသွားစေတဲ့ နှိုင်းဆမဲ့ “ စကားလုံးလေးပါပဲ ”။
ဒုက္ခရောက်တဲ့အခါ အရင်ဆုံး တမ်းတမိတာဟာလဲ “အမေ”ဆိုတဲ့ စကားလုံးလေးပါပဲလေ။

အသက် ကြီးလာတာကို လက်ခံပေမဲ့
ကိုယ့်ကိုယ်ကို အရွယ်မကြီးသေးဘူးလို့ ထင်မှတ်နေတတ်ကြတယ်လေ။

ကျေးဇူးရှင်ကို
ကျေးဇူးမဲ့ ဆိုတဲ့သူဟာ  အရိပ်ခိုပြီး အရိပ်ဖျက်ဆီးနေတဲ့ သူလိုပါပဲ၊
မကြာခင် အရိပ်မဲ့တဲ့လွင်ပြင်မှာ ကံတရားက နေရာချထားပေးပါလိမ့်မယ်။

                                                       ကောင်းသစ်...


Monday, February 13, 2012

ငါးနှင့် ကျီး

ငါးဟာ “ အစာပဲ ”  ကြည့်တတ်တယ်၊
ဒါပေမဲ့ ကျီးကန်းကတော့ “ အစာရော ရန်သူရော ” ကြည့်တတ်တယ်။
ဒါ့ကြောင့် ငါးဟာ ရန်သူ့လက် ကျရောက်လွယ်တယ်၊
ကျီးကန်းကတော့ ရန်သူလက် ကျရောက်ခဲတယ်။
ငါးလိုမနေနဲ့ ကျီးလို နေပါ။

(ကျီးတို့၏ ကောင်းသောအကျင့်များ)
၁။ လျှို့ဝှက်သောအရပ်၌သာ ကာမအမှုပြုခြင်း၊
၂။ အကြိမ်များစွာ ရှုခြင်း၊
၃။ အစားအစာကို ဆွေမျိုးတို့နှင့်တကွ စားခြင်း၊
၎။ ရန်သူကို အမြဲဂရုပြုခြင်း ( သတိအမြဲရှိခြင်း)၊
၅၊ မတွယ်တာခြင်း၊

ရောက်တဲ့အရပ်မှာ ပျော်အောင်နေတတ်ဘို့ထက်
တော်အောင်နေဘို့က  ပိုအရေးကြီးတယ်။

ပြည့်စုံတယ်ဆိုတာ ရောင့်ရဲသူ အတွက်ပါ။

မိတ်ကောင်းဆိုတာ ( ပညာ ပစ္စည်း ပါဝါကြောင့် ) စိတ်မပြောင်းသူကို
ခေါ်တာပါ။
                            ( ဖတ်ဘူးသည်များကို ပြန်လည်တင်ပြခြင်း)
                                

အကြောက်တရားနှင့် ဆုံးရှုံးမှု

“ လောကမှာ ကြောက်စရာ အကောင်းဆုံးကား ကြောက်စိတ်ဖြစ်၏ ” 
ယင်းစာကြောင်းလေးကို ဖတ်ရှုဘူးပါ၏။

ကြောက်တတ်သူသည် အရာရာကို တွေးတွေး ကြောက်နေတတ်၏၊
မကြောက်သင့်သည်ကိုလည်း တွေး ကြောက်နေတတ်၏၊
ကြောက်သင့်သည်ကိုလည်း တွေး ကြောက်နေတတ်၏၊

ထို့ကြောင့် ထိုသူသည် အောင်မြင်မှုကိုလည်း လက်လွှတ် ဆုံးရှုံးရ၏
အခွင့်အရေးကိုလည်း လက်လွှတ် ဆုံးရှုံးရ၏၊
လွတ်လပ်မှုကိုလည်း လက်လွှတ် ဆုံးရှုံးရ၏၊
ပျော်ရွှင်မှုကိုလည်း လက်လွှတ် ဆုံးရှုးရပါ၏၊

စားဝတ်နေရေး မပြည့်စုံမှာကြောက်၍ သီလကိုလည်း ဖောက်လိုက်၏
(အူမ မတောင့်မှာစိုး၍ သီလ မစောင့်နိုင်ခြင်းဟု အကြောင်းပြ၏)
သီလစောင့်ခြင်းကြောင့် ရရှိနိုင်မည့် ချမ်းသာများမှ ဆုံးရှုံးရ၏။

လက်ရှိဥစ္စာလျော့ပါးသွားမည်စိုး၍ ဒါနပြုရမှာကိုလည်း ကြောက်၏၊
(ကိုယ့်မရှိလျှင်  မည်သူကမှ လာပေးမည်မဟုတ်ဟု အကြောင်းပြ၏)
ဒါနကြောင့် ရရှိခံစားရမည့် ကောင်းကျိုးချမ်းသာများမှ ဆုံးရှုံးရ၏။

“ မာ ဘာယိတ္ထ ဘိက္ခဝေ ပုညဿ ”
ရဟန်းတို့ ကုသိုလ်ပြုရမှာ မကြောက်ကြကုန်လင့်၊

“ ပုညာနိ ပရလောကသ္မိံ ပတိဋ္ဌာ ဟောန္တိ ပါဏီနံ ” 
ကုသိုလ်ကောင်းမှုတို့သည် တမလွန်လောက၌ သတ္တ၀ါတို့၏ မှီရာ တည်ရာ
အစစ် ဧကန်ဖြစ်ကုန်၏။

မထေရ်မြတ်တို့ စကား

မေတ္တာလွန်သော် ရာဂဘက်သို့ လဲတတ်သည်၊
မလဲစေရ ကရုဏာသို့ ခုန်လိုက်ပါ။

ကရုဏာလွန်သော် ဒေါသဘက်သို့ လဲတတ်သည်၊
မလဲစေရ မုဒိတာသို့ ခုန်လိုက်ပါ။

မုဒိတာလွန်သော် ဟာသဘက်သို့ လဲတတ်သည်၊
မလဲစေရ ဥပေက္ခာသို့ ခုန်လိုက်ပါ။

ဥပေက္ခာလွန်သော် ကောသဇ္ဇဘက်သို့ လဲတတ်သည်၊
မလဲစေရ ၀ီရိဘက်သို့ ပြောင်းလိုက်ပါ။

ဝီရိယလွန်သော် မြောက်၊ သမာဓိငြမ်းကို ထောက်လိုက်ပါ။
သမာဓိလွန်သော် ကြောက်၊ ပညာတံခွန်ဆောက်လိုက်ပါ။
                                             (မိစ္ဆာ သမ္မာပဋိပဒါကျမ်း)

Sunday, February 12, 2012

မတူညီသော အမြင်များ

သားသမီးများစွာရှိသူသည် သားသမီးတို့ဖြင့် နှစ်သက်ရ၏၊ ထို့အတူသာလျှင် နွားများစွာရှိသူသည် နွားတို့ဖြင့်
သက်ရ၏၊ လူအပေါင်းအား ကာမချမ်းသာ၏တည်ရာ (ဥပဓိ) တို့ဖြင့်နှစ်သက်ရ၏။ အကြင်သူသည် ကာမချမ်း
သာ၏တည်ရာ ( ဥပဓိ ) မရှိ။ ထိုသူသည် မနှစ်သက်ရသည်သာတည်း။(နတ်သား)

သားသမီးများစွာရှိသူသည် သားသမီးတို့ဖြင့် စိုးရိမ်ရ၏၊ ထို့အတူသာလျှင် နွားများစွာရှိသူသည် နွားတို့ဖြင့်
စိုးရိမ်ရ၏၊ လူအပေါင်းအား ကာမချမ်းသာ၏တည်ရာ (ဥပဓိ) တို့ဖြင့် စိုးရိမ်ရ၏၊ အကြင်သူသည် ကာမချမ်း  သာ၏တည်ရာ ( ဥပဓိ ) မရှိ။ ထိုသူသည် မစိုးရိမ်ရသည်သားတည်း ( မြတ်ဗုဒ္ဓ )။

နွားပျောက်ရှာပုံတော် ၂

               ပုဏ္ဏား .. ငါ့မှာ နွားမရှိ၍ နွားနှင့်ပါတ်သက်သော သောက ဒုက္ခလည်းမရှိပါ။ ထို့ကြောင့် သင်ကြုံတွေ့နေ ရသော နွားပျောက်ဒုက္ခ မရှိ၊ ငါသည် ချမ်းသာစွာ နေရပါ၏။

ပုဏ္ဏား  ငါ့မှာ စိုက်ပျိုးထားသော နှမ်းခင်းလည်း မရှိ၊ ထို့ကြောင့် နှမ်းခင်းပျက်ခြင်း ပိုးကျခြင်း   နှမ်းငုတ် တို့ကို   မြင်ရခြင်းကြောင့်ဖြစ်သော သောက ဒုက္ခ ဖြစ်ရခြင်းလည်း မရှိပါ။ ယင်းသို့ မရှိ၍လည်း ငါသည် ချမ်းသာ စွာ နေရပါ၏။

ဤသို့ စသည်ဖြင့် မြတ်စွာဘုရားသည် ပုဏ္ဏား၌ရှိသော နွား၊ နှမ်းခင်း ၊ဘဏ္ဍာတိုက် ၊ဥပ္ပွါဋကပိုးရှိသော အခင်း ၊သားသမီးတွဲလောင်းနှင့်ကျန်ရစ်ခဲ့သော သမီးမုဆိုးမ ၊မျုက်စီနီကြောင်ကြောင် မှဲ့ပျောက်အရောင် တို့ဖြင့်ပြည့်နှက်နေသော ခြေထောက်ဖြင့် ကန်ကျောက်နှိုးတတ်သော ဇနီးကြမ်း၊ ကြွေးတောင်းသူများ မရှိပါ၊ ထို့ကြောင့် ယင်းတို့နှင့်ပါတ်သက်သော သုခ သောက ဒေါမနဿ ဒုက္ခမှန်သမျှသည်လည်း င့ါမှာ ဘာတစ်ခုမှ မရှိပါ။ သို့ဖြစ်၍ ငါ့သည် ချမ်းသာစွာနေရပါ၏။ (နတ္ထိသုခ - မရှိချမ်းသာ )။

ရှင်တော်မြတ်ဘုရား၏ ( လောကီအာရုံများ ) မရှိမှုကြောင့် လွတ်လပ်မှု အေးချမ်းမှု စိတ်ချမ်း သာ စွာနေရမှုများကို တစ်ခုစီ တစ်ခုစီထုတ်နှုတ်၍ ဟောကြားလိုက်သောအခါ “ နတ္တိသုခ ” မရှိ ချမ်းသာကို သဘောပေါက်နားလယ်သွားတော့၏

ပုဏ္ဏားကြီးသည် သူ့အမြင်ရှင်းသွားပုံကို ဘုရားရှင်အား ဤသို့လျှောက်ထားလိုက်ပြန်၏အရှင်ဘုရား၏ ရှင်းပြမှု ဟောပြမှုဟာ နှစ်လိုဖွယ်ရှိလှပါသည်ဘုရား၊ ဥပမာလေးနှင့်ပြောရမည်ဆိုလျှင် . မှောက်ထား အရာဝတ္ထုကို လှန်၍ပြလိုက်သလို . ဖုံးအုပ်ထားသော အရာဝတ္ထုကိုဖွင့်လှစ်ပြလိုက်သလို . မျက်စိလည် ခရီးလမ်းမှားနေသူအား လမ်းမှန်ကို ညွှန်ပြလိုက်သလို .မျက်လုံးကောင်းသူများ မြင်နိုင်ရန် အမိုက်မှောင်ထဲ၌ မီးထွန်း၍ ပြလိုက်သလို ပါဘုရား။အကြောင်းအကျိုး နည်းပရိယာယ်အမျိုးမျိုးဖြင့် “ ဓမ္မ ” ကို နား လယ်အောင် ဟောကြားတော်ပြောပြတော် မူတတ်ပါပေသည်ဘုရား။

တပည့်တော်သည် “ ဗုဒ္ဓ ဓမ္မ သံဃ ” ရတာသုံးဝကို ကိုးကွယ်ဆည်းကပ် သိမှတ်ပါ၏ဘုရား၊ထို့အပြင် ရှင်တော်မြတ်ဘုရားအထံတော်မှာ ရှင်အဖြစ် ရဟန်းအဖြစ် ရလိုပါ၏ဘုရား၊ ပုဏ္ဏားကြီးသည် ဘ၀ဒုက္ခ လူ မှုရေးဒုက္ခတို့ကို ငြီးငွေ့သွားလေပြီ၊ ထို့ကြောင့် ဘ၀ဒုက္ခမှ လွတ်မြောက်ကြောင်း ရှာဖွေရန် ရှင်တော်မြတ် ဘုရားအား ရဟန်းပြုခွင့် တောင်းခြင်းဖြစ်၏၊ လွတ်မြောက်လမ်းစကို ဆုပ်ကိုင်လိုက်ခြင်းဖြစ်၏။

ရှင်တော်မြတ်ဘုရားသည် စောစောကပင် ပုဏ္ဏားကြီး အမြင်မှန် အသိမှန် ရဖို့အတွက် ကြိုတင်စောင့် ကြိုနေခြင်းဖြစ်၏။ ယခု မျှော်မှန်းတွက်ဆထားသည့်အတိုင်း ရှင်ရဟန်းပြုရန် ခွင့်တောင်းသောအခါ ပုဏ္ဏားကြီးအား (ဧဟိဘိက္ခု) ရဟန်းပြုပေးပြီး ဇေတ၀န်ကျောင်းတော်သို့ ပြန်ကြွတော်မူကာ နောက်တစ်နေ့ ဆွမ်းခံကြွတော်မူသောအခါ နောက်တော်ပါး ပစ္ဆာသမဏအဖြစ် ခေါ်ဆောင်၍ ကောသလမင်း နန်းတော်သို့ ကြွတော်မူ၏၊

ကောသလမင်းကြီးသည် ရှင်တော်မြတ်ဘုရားအား နန်းတော်အပေါ်သို့ ပင့်ဆောင်၍နံနက်ချိန်ခါဖြစ်ရကား အာရုံဆွမ်းအဖြစ် ယာဂုဆွမ်းကို သပိတ်ထဲသို့ လောင်းလှူရန် ပြင်ဆင်တော့၏၊ ရှင်တော်မြတ်ဘုရားသည် ယာဂုကို အလှူမခံလိုသေး၍ သပိတ်ကို လက်တော်ဖြင့်ပိတ်လိုက်၏။

ကောသလမင်းကြီး ထိန်လန့်သွား၏၊ သူ့မှာ အပြစ်ရှိ၍ ရှင်တော်မြတ်ဘုရားက ယာဂုဆွမ်းကိုပယ်မြစ်သည်ဟု ထင်နေ၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်၏ ခြေတော်ကို ဦးဖြင့်တိုက်၍ “ တပည့်တော်မှာ အပြစ်ရှိခဲ့လျှင် သိခံခွင့်လွှတ်တော်မူပါဘုရား ” ဟု တောင်းပန် လျှောက်ထားလေတော့၏၊ ရှင်တော်မြတ်ဘုရားက ဘုရင် မင်းကြီးမှာ အပြစ်တစ်စုံတရာမရှိကြောင်း မိန့်ကြားလိုက်သောအခါမှ စိတ်သက်သာရ ရသွားတော့၏။

ကောသလမင်းကြီးက ဆက်လက်၍ ယင်းသို့ဖြစ်လျှင် အဘယ့်ကြောင့် တပည့်တော်၏ ယာဂုဆွမ်းကို အလှူမခံတာပါလဲဘုရားဟု အကျိုးအကြောင်း လျှောက်ထားသောအခါ “ ပလိဗောဓ”ကြောင့်ကြဖွယ်ကိစ္စ ရှိနေသေး၍ အလှူမခံသေးကြောင်း မိန့်ကြားလိုက်၏၊ ဘုရာမင်းကြီးကဆက်လက်၍ ယင်းပလိဗောဓကို သူ တာဝန်ယူ ဖြေရှင်းပေးမည်ဖြစ်ကြောင်း လျှောက်ထားသောအခါမှ ယာဂုဆွမ်းကို လက်ခံ၍ ဘုဉ်းပေး တော် မူ၏။

ဆွမ်းကိစ္စ ပြီးသောအခါမှ ကောသလမင်းကြီးက “ ရှင်တော်ဘုရား ရှင်တော်မြတ်ဘုရားသည် စကြာဝတေး မင်းစည်းစိမ်ကို ငဲ့ကွက်ခြင်း လုံးဝမရှိပါဘဲ စွန့်လွှတ်ခဲ့၍ ရှင်ရဟန်းအဖြစ်ရယူကာလောကအားလုံး၌ အမြတ် ဆုံး အထွဋ်အထိပ် ဘုရားရှင် အဖြစ်သို့ ရောက်တော်မူနေပါ၏။ ယင်းသို့ ဖြစ်ပါလျှက် ပလိဗောဓ ရှိနေသေး သည်ဆိုလျှင် မည်ကဲ့သို့သော ပလိဗောဓပါနည်းဘုရား ”ဟု မေးလျှောက်လေ၏

သားသမီးအရေးသည် မိဘအရေးဖြစ်၏၊ တပည့်အရေးသည် ဆရာသမားအရေးဖြစ်၏၊ တိုင်းသူပြည်သား အရေးသည် ပြည့်ရှင်မင်း၏ အရေးကိစ္စဖြစ်၏။ ယခု ငါဘုရားထံ တပည့်ခံ၍ ရဟန်းပြုလာသော  ဤရ ဟန်းကြီး၏ အရေးကိစ္စသည် ငါဘုရား၏ အရေးကိစ္စပင် ဖြစ်တော့၏

( ကြွေးမကင်းသူကို ရဟန်းပြုမပေးထိုက်၊ ထို့ပြင် ကြွေးများရှိနေလျှင် တရားအားထုတ်ရာ၌လည်း စိတ်ဖြောင့် မည်မဟုတ်၊ စိတ်အစဉ်၌ ကြွေးရှင် မြီးရှင်များသည် အရိပ်သဖွယ် ထင်နေမည်သာ ဖြစ်၏၊ ထိုသို့ဖြစ်လျှင် တရားထူးလည်း ရနိုင်တော့မည် မဟုတ်ပေ၊ ထို့ကြောင့် ရှင်တော်မြတ်ဘုရားက “ ဣဏပလိဗောဓ   ကြွေးမြီကိစ္စကို ” ကြောင့်ကြစိုက်၍ ဖြေရှင်းပေးခြင်းဖြစ်ပါ၏ )


ကောသလမင်းကြီးသည် ဘုရားရှင်၏ ဆရာတပည့်စိတ်ဓာတ်ကို သဘောပေါက်သွား၏၊ တပည့်သည် ဆရာ့ အပေါ် တာဝန်ကျေရန်လိုအပ်သလို ဆရာကလည်း တပည့်အပေါ် တာဝန်ယူရန်လိုအပ်ပါ၏။ သို့မှသာ အစုံညီမျှသွားပေမည်။ ငါက ဆရာ၊ ငါက မိဘ၊ ငါက ရှင်ဘုရင်ဟူသော ဘက်ပဲ့ တဘက်စောင်းနင်း စိတ်ဓာတ်သည် ဆရာပီသသူ မိဘပီသသူ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေသော ဘုရင်ပီသသူတို့ မထားသင့် မထားထိုက် မထားအပ်သော စိတ်ဓာတ်ဖြစ်ကြောင်းကိုလည်း ကောသလမင်းကြီးသည် ကောင်း ကောင်း သဘောပေါက်ထားသူ ဖြစ်၏။

ထို့ကြောင့်ကောသလမင်းကြီးသည် တပည့်နှင့်ပတ်သက်၍ ဘုရားရှင်၌ရှိနေသောပလိဗောဓ ကြောင့်ကြဖွယ် ကိစ္စကို ပြေလည်သွားစေရန် ဖြေရှင်ပေးရန် ရဟန်းကြီးထံသို့ ချဉ်းကပ်၍ ဘယ်ပလိဗောဓများ အရှင်ဘုရား မှာ ရှိနေပါသလဲဘုရားဟု မေးမြန်းလျှောက်ထားလိုက်၏။

ရဟန်းကြီးက မိမိမှာ လောကီကို ငြီးငွေ့၍ ၀တ်ကြောင်မှ လွတ်အောင်ရုံးခဲ့သော်လည်း လူ့ဘ၀က တင်ရှိနေ
သော ဣဏပလိဗောဓ ကြွေးနှင့်ပတ်သက်သော ကြောင့်ကြစိတ်များ လွှမ်းမိုးနေပါကြောင်း   ဖြေကြား လိုက်၏။

ပုဏ္ဏားကြီး ယူသုံးထားသော အကြွေးစာရင်များမှာ များလွန်းလှသောကြောင့် မင်းချင်းများကို  စည်တီးစေ၍ 
“ ဗဟုဓီတိက ” ပုဏ္ဏားကြီးထံ ရစရာ ကြွေးရှိသူများ မင်းရင်ပြင်သို့ လာရောက်ရန် အသိပေး  ခေါ် ယူ လိုက် လေ၏၊ ဘုရင်မင်းမြတ်သည် ကိုယ်တိုင်ပင် ကြီးကြပ်၍ ကြွေးရှင်များ၏စာရွက်ကို စီစစ်ကာ အပြည့် အ၀ ပေးချေလိုက်လေ၏။

ကြွေးမြီးကိစ္စ ပြီးသွားသောအခါ တစ်ခြားကြောင့်ကြများ ရှိပါသေးသလားဟု မေးလျှောက်ပြန်၏၊ သမီးခု နစ်ယောက် ကျန်သေးကြောင်း ပြောသောအခါ သမီးများကို ဘုရင်မင်းကြီးမှ မွေးစားသမီးအဖြစ် သတ်မှတ် ၍ သင့်တော်ရာသို့ အပ်နှံလိုက်၏၊ ပုဏ္ဏားကြီး၏ ဇနီးကိုကားဘုရင်မင်းကြီးမှ အဖွါးအရာထား၍စောင့်ရှောက်     ထားလိုက်၏၊ နောက်ထပ်ကြောင့်ကြဖွယ် ရှိမရှိ မေးလျှောက်သော အခါ  ကြောင့်ကြ ဖွယ်မရှိတော့ သည့်အကြောင်း ဖြေကြားလိုက်၏။

ဘုရင်မင်းကြီးသည် ပလိဗောဓများကို ပြေလည်အောင် ဖြေရှင်းပေးပြီးနောက် သင်္ကန်းအစုံတို့ကို ရဟန်းကြီး အား လှူဒါန်းကာ မိမိ၏ ဤသင်္ကန်းကို ၀တ်ရုံသုံးဆောင်၍ ရဟန်းအဖြစ်ရယူကြောင်း အသိ အမှတ်ပြု ရန်   လျှောက်ထားလေ၏၊ ထို့နောက် ဆက်လက်၍ ပစ္စည်းလေးပါးကို မိမိတာဝန်ယူမည်ြ ဖစ်ကြောင်း  နှင့် ရဟန်းဘ၀၌ ဘုရားရှင်၏စိတ်ကျေနပ်လောက်သည်အထိ ရဟန်းတရားအားထုတ်ရန်မှာ ရဟန်းကြီး၏ တာဝန်သာဖြစ်ကြောင်းကိုပါ ထည့်သွင်းလျှောက်ထားလိုက်၏။

မထေရ်မြတ်ကြီးမှလည်း မိမိတာဝန်ကျေအောင် အစွမ်းကုန် ရဟန်းတရားကို ကြိုးစားအားထုတ် သွားမည်
ဖြစ်ကြောင်း ပြန်လည် မိန့်ကြားလိုက်၏။

မထေရ်မြတ်ကြီးသည် “ ပြောသလိုပင် လုပ်ပြသွားသော စံပြရဟန်းတော် ” ဖြစ်ကြောင်းကို ရလာဒ်က သက်သေ ခံနေပါ၏။ မှန်၏ မထေရ်မြတ်ကြီးသည် ရဟန်းတရား အားထုတ်ရာ မကြာမြင့်သော ကာလ မှာပင်  အာ သဝေါ ကင်းသော ရဟန္တာတစ်ပါး ဖြစ်သွားသောကြောင့်တည်း။

ထိုအခါ မထေရ်မြတ်ကြီး နှလုံးသား၌ အလင်းရောင် အသိတန်းလေး လင်းလက်သွားသည်ကိုသတိထားမိ လိုက်၏၊ မထေရ်မြတ်ကြီး သတိထားမိလိုက်သော အလင်းတန်း အသိလေးမှာ“ ပဋိသန္ဓေနေမှု ကုန်ပြီ၊  မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီး၊ မဂ်ကိစ္စကို ပြုပြီး၍ ( အရတ္တမဂ် ဖိုလ် ဥာဏ်ထိ ထိုးထွင်း သိ 
မြင်ပြီး၍ ) မဂ်ကိစ္စအလို့ငှာ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ ” ဟူ၍ဖြစ်ပါသတည်း။

ဗဟုဓီတိက ပုဏ္ဏားကြီးသည် နွားပျောက်ရှာရင်းမှသည်.............. တရားပေါက်သော မထေရ်မြတ်ကြီး တစ် ပါး  ဖြစ်သွားလေပြီ။
                                                                        ကောင်းသစ်..                                                
                                                    ပြီးပါပြီ။

Sunday, January 22, 2012

စီးပွါးဥစ္စာ ယိုပေါက်များ

လောက၌ စီးပွါးဥစ္စာ မတည်ကြောင်း အပေါက်တို့သည် ခြောက်ပါးတို့တည်း၊ 
                  ပျင်းရိခြင်းလည်းကောင်း၊ မေ့လျှော့ခြင်းလည်းကောင်း၊ ထကြွလုံ့လ မရှိခြင်းလည်းကောင်း၊
                  မစောင့်စည်းခြင်းလည်းကောင်း၊ အအိပ်ကြူးခြင်းလည်းကောင်း၊ အလုပ်၌ မမွေ့လျှော်ခြင်း
                  လည်းကောင်း၊ ဤသို့ ထိုခြောက်ပါးသော အပေါက်တို့ကို အချင်းခပ်သိမ်းပိတ်ဆို့ရာ၏။


                     အကြင်သူသည် ကဲ့ရဲ့သင့်သူကို ချီးမွမ်း၏၊
                     အကြင်သူသည်ကား ချီးမွမ်းသင့်သူကို ကဲ့ရဲ့၏။
                     ထိုသူသည် ပါးစပ်ဖြင့် အပြစ်ကို ဆည်းပူးသည်မည်၏။
                     ထိုအပြစ်ကြောင့် ချမ်းသာကို မရနိုင်။

Friday, January 20, 2012

မတူညီသော အမြင်

အကြင် အကြင် ကောင်းမှု မကောင်းမှုမှ စိတ်ကို တားဖြစ်ရာ၏။ ထိုထို ကောင်းမှု မကောင်းမှုကြောင့်
ဆင်းရဲသည် ထိုပုဂ္ဂိုလ်သို့ မရောက်။ ထိုပုဂ္ဂိုလ်သည် အလုံးစုံသော ကောင်းမှု မကောင်းမှုမှ စိတ်ကို
တားမြစ်ရာ၏။ ထိုပုဂ္ဂိုလ်သည် အလုံးစုံသော ဆင်းရဲမှ လွတ်၏ ( နတ်သား )

အလုံးစုံသော ကောင်းမှု မကောင်းမှုမှ စိတ်ကို မတားမြစ်ရာ၊ စောင့်စည်းခြင်းသို့ ရောက်သော စိတ်ကို
မတားမြစ်ရာ၊ အကြင် အကြင် သဘောမှ မကောင်းမှုစိတ်ဖြစ်၏၊ ထိုထို သဘောမှ (မကောင်းမှုမှ )
စိတ်ကို တားမြစ်ရာ။ ( မြတ်ဘုရား)

အားကိုးစရာများ

ခရီးတွင်ဘို့အတွက် မိမိ၏ ခြေထောက်ကို .. အားကိုးရမယ်..
အလုပ်တွင်ဘို့အတွက် မိမိ၏ လက်ကို .. အားကိုးရမယ်..
အမြင်ကျယ်ဘို့အတွက် မိမိ၏ မျက်လုံးကို .. အားကိုးရမယ်..
အသိဥာဏ် ရင့်ကျက်ဘို့ မိမိ၏ ( စိတ် )  ဥဏှောက်ကို .. အားကိုးရမယ်..
ကံ အကျိုးပေးခွင့်သာဘို့အတွက် မိမိ၏ ဥာဏ်နှင့်ဝီရိယကို .. အားကိုးရမယ်..

                                                              ကောင်းသစ်..

စကားပုံများ

                       မှတ်သားမိသော နိုင်ငံတကာ စကားများ
 
ပျားတစ်စက်ကြောင့် ပြည်ပျက်သည်။

အခွင့်အရေးသည် အောင်မြင်မှုကို ဖြစ်စေသည်။

အချိန်တိုင်းကို သင့်အတွက် အသုံးချပါ။

စိတ်၏ချမ်းသာမှုသည်သာ ချမ်းသာမှု အစစ်ဖြစ်၏။

ပြီးစလွယ်လုပ်သည့် အလုပ်သည် နှစ်ကြိမ် ပြန်၍ လုပ်ရပေလိမ့်မည်။

သင်၏မွေးရပ်မြေကို ဘယ်တော့မှ မမေ့ပါနဲ့။

မာနသည် မိုက်မဲမှု၏ အထင်ရှားဆုံးသော အမှတ်တံဆိပ်ဖြစ်သည်။

အောင်မြင်ကြီးပွါးချိန်၌ သတိရှိရမည်။ နိမ့်ပါးချိန်၌ သိခံမှု ရှိရမည်။

မေးမြန်းခြင်းသည် သိခြင်းသို့ ၀င်ရောက်ရာ တံခါးပေါက်ဖြစ်သည်။

နောင်တတရားသည် ဘယ်တော့မှ အရင်မလာ။

အိပ်စက်ခြင်းသည် အဆုံးရွားဆုံးသော သူခိုးဖြစ်သည်။

အကျွမ်းကျင်ဆုံး ရေကူးသမားသည်ပင် ရေနစ်နိုင်သည်။

ချီးကျူးပြောဆိုခြင်းသည် ခင်မင်မှုလမ်းကို ဖွင့်ပေးသည်။

လူသည် တစ်ယောက်တည်း ရှိနေသောအခါ၌ ဘေးအန္တရာယ် ကင်းရှင်းနေသည်။

                                                       ပြန်လည်တင်ပြသူ .. ကောင်းသစ်

နွားပျောက်ရှာပုံတော်.၁

. . . ရှာတာက နွား၊ တွေ့တာက ဘုရား၊ လျှောက်ထားတာက သောကစကား၊ နာရတာက ၀ိမုတ္တိတရား၊
( သူ့အတွက် ) ပွင့်သွားတာက နိဗ္ဗာန်တံခါး ။

မြတ်စွာဘုရားရှင်သည် ကောသလတိုင်း ညို့ညို့မှိုင်းသည့် တောအုပ်တစ်ခု၌ သီးတင်းသုံး နေတော်မူစဉ် အချိန်က ဖြစ်၏။ဘာရဒွါဇ အနွယ်ဖြစ်သော ပုဏ္ဏားတစ်ယောက်သည် နွားပျောက်ရှာရှင်း ရှာရင်း သစ်ပင် ရင်းဝယ် ထက်ဝယ်ဖွဲ့ခွေ အမှတ်သတိဖြင့် ထိုင်နေတော်မူသော ဘုရားရှင်အား တွေ့မြင်ရ၍ သူ၏ ကြုံတွေ့ ခံစားနေ ရသော လူမှု ဒုက္ခများကို ငြီးတွားရင်း ဖွင့်ဟလျှောက်ထား လေ၏။

ငြီးတွားရွတ်ဆို ရင်ဖွင့်လျှောက်ထားသော စကားများမှာ….

        ကျွန်ုပ်သည် တောင်သူလယ်သမားဖြစ်၏၊ တောင်ယာလုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ရာ၌ လွန်စွာ အသုံးဝင်သော ခိုင်းနွား တဆယ့်လေးကောင်ရှိပါ၏၊ ယခု နွားများပျောက်သွား၍ လိုက်ရှာသည် မှာ ခြောက် ရက်မြောက်ပင်ရှိချေပြီ။ နွားရှိခြင်းကြောင့် သုခဖြစ်ခဲ့သလို ယခုတော့ နွားရှာမတွေ့ခြင်းကြောင့်   နွားကြောင့်ဖြစ်သော သောကကိုလည်း ခံစား နေရပါ၏။
                  ဤရဟန်းမှာတော့ ငါကဲ့သို့ နွားမရှိ နွားပျောက်မရှိ၍ သောကကင်းကွာ ချမ်းသာစွာ နေရလေ
ယောင်တကား။

ကျွန်ုပ်သည် တောင်သူလယ်သမားဖြစ်၍ လယ်၌စပါး ယာ၌ နှမ်းများ စိုက်ပျိုးထားပါ၏။ စိမ်းစိုသော နှမ်းများ ကို ကြည့်ရင်း ( နှမ်းထွက်ကို မှန်းချက်ဖြင့် စိတ်ကူးရင်း ) ရင်တွင်းပီတိဖြစ်ရပါ၏။ သို့သော် ယခုသော်ကား -
( ပိုးများကျ၍ )တစ်ရွက်နှစ်ရွက်သာ ကျန်တော့သည့် နှမ်းငုတ်တိုများကို မြင်နေရ၍ သောက ဖြစ်နေရပါ၏။
သစ်တစ်ပင်းရင်း၌ အေးဆေးစွာနေသော ဤရဟန်းမှာတော့ ငါကဲ့သို့ နှမ်းခင်း နှမ်းကွက် နှမ်းပျက်မရှိ၍ ချမ်းသာစွာ နေရလေယောင်တကား။

ကျွန်ုပ်မှာ တောင်သူဖြစ်သည့်အားလျှော်စွာ လယ်ယာမှ ရလာသော စပါး ကောက်ပဲသီးနှံများ သိမ်း ထားရန် ကျီ ( ဘဏ္ဍာတိုက် ) များ ရှိပါ၏၊ ငှက်မှာ ဖျက်တာကျီး၊ တောမှာဖျက်တာ မျောက် ၊ အိမ်မှာ ဖျက်တာ ကြွက်ဆိုသည့်အတိုင်း ကျီထဲ၌ဆူညံစွာ ဖျက်ဆီး သောင်းကျန်းနေသော ကြွက်များ ကြောင့်ဖြစ်သောဒေါ  သနှင့်သောက နှိပ်စက်ခံနေရ၍ စိတ်ဆင်းရဲလွန်းလှပါ၏။
                သစ်တစ်ပင်းရင်းမှာ အေးချမ်းစွာနေသော ဤရဟန်းမှာတော့ ငါကဲ့သို့ ကျီမရှိ၍ ကျီမှဖြစ်သော
ကြွက်ဒုက္ခကင်းဝေး၍ သောကင်းကွာ ချမ်းသာစွာ နေရလေယောင်တကား။

ကျွန်ုပ်မှာ ဇနီးရှိပါ၏၊ သမီးများလည်းရှိပါ၏၊ သို့သော် သူတို့သည် အိမ်တွင်းသန့်ရှင်းရေးလုပ်ရန် ပျင်းရိသူ များ ဖြစ်ပါ၏၊ ထို့ကြောင့် ကျွန်ုပ်၏အိပ်ရာ ဖျာသင်ဖျူးများသည် ဥပ္ပါဋကပိုးတို့ဖြင့် သောင်းကျန်း လျှက်ရှိ သည် မှာ ခုနစ်လပင် ကြာမြင့်ခဲ့ပေပြီ၊ အိပ်ချင်သော်လည်း ပိုးများ ခဏ ခဏ ကိုက်ခဲမှုကြောင့် အိပ်မရသော အိပ်ရေးမ၀သော ညများကို ဖြတ်ကျော်နေရသည်မှာကြာမြင့်ခဲ့လေပြီ။ ( ဥပ္ပါဋက - အရေအသားကို ခွါနှုတ် ကိုက်ခဲတတ်သောပိုး၊ သမ်း ကြမ်းပိုး စသည် )။
         ဤရဟန်းမှာတော့ ယင်းကဲ့သို့ ဥပ္ပါဋကပိုးတို့ဖြင့် နှိပ်စက်ခံရခြင်းမရှိ၍ ချမ်းသာစွာ နေရလေယောင် တကား။

ကျွန်ုပ်မှာ သမီးခုနစ်ယောက် ရှိပါ၏၊ ( ငယ်သောသမီး ကျီးသော ထီးဆိုသော်လည်း ကျွန်ုပ်၏ သမီး များမှာ နားခိုစရာ ထီးအဖြစ် တစ်ယောက်မှ မပါကြ၊ ငယ်သော သမီး ကျီးသောမီး ဆိုသည့်အတိုင်း မီးကဲ့သို့ ပူလောင်မှုကို သယ်ဆောင်လာသူ ပေးသူများသာဖြစ်နေပြန်ပါ၏။ ) ယင်းသမီးခုနစ်ယောက်လုံးသည် သား တွဲလောင်း သမီးတွဲလောင်း မုဆိုးမ ဘ၀ဖြင့် ကျွန်ုပ်အိမ်သို့ (မိဘရပ်ဌာန်သို့သာ) ပြန်လာ နေထိုင်ကြပါ၏။ အဖမဲ့မြေး လူလားမမြောက်သေးသည့်မြေး ခင်ပွန်းမဲ့သမီးလေးများကို ကြည့်ရင်း ကြည့်ရင်း ရင်တွင်း မှာသောကတွေပွါး စိတ်မချမ်းမြေ့မှုများစွာ ဖြစ်နေရပါ၏။
သစ်တစ်ပင်းရင်းမှာ အေးချမ်းစွာ ထိုင်နေသော ဤရဟန်းမှာတော့ သားသမီးတွဲ လောင်းနှင့် ကျန်ရစ်နေရှာသော သမီး မုဆိုးမများ မရှိသောကြောင့် ကြောင့်ကြမဲ့ ချမ်းသာစွာ နေရလေယောင်တကား။

      ကျွန်ုပ်၌ ( ရှု၍မငြီး ချစ်၍ မ၀ထဲတွင် မပါဝင်သော ) မျက်စီနီကြောင်၍ မှဲ့မည်းရှိသော ဘ၀လက် တွဲဖေါ် ( ခင်ပွန်းအပေါ် အကြင်နာမဲ့သော ) ကြင်ဖေါ်ဇနီး ရှိပါ၏။သူသည် အိပ်ရေးမ၀ တ၀ဖြင့် အိပ်နေသော ကျွန်ုပ်ကို နှိုးသောအခါ ( မယဉ် မကြေး) ခြေထောက်မြင့် ကန်ကျောက်၍နှိုးပါ၏၊
                သစ်တစ်ပင်းရင်း၌ စိတ်အေးချမ်းစွာ နေသော ဤရဟန်းမှာတော့ ငါကဲ့သို့ ခြေထောက်ဖြင့်ကန်
ကျောက်အနှိုးခံရသော အဖြစ်ဆိုး မကြုံတွေ့ရသောကြောင့် ချမ်းသာစွာ နေရလေယောင် တကား။

      နာတာရှည်ရောဂါစွဲကပ်သူ ကြွေးမြီများသူများသည် လူမသေခင်က ဘ၀သေနသူများဖြစ်ပါ၏ ထိုထဲ တွင် ကျွန်ုပ်လည်း ကြွေမြီးမကင်းသူ ( ကြွေးထူသူ ) ဖြစ်သောကြောင့်သေလူဖြစ်နေရပါ၏။နံနက် မိုး လင်း ပြီ ဆိုလျှင် (စားဝတ်နေရေး အိမ်တွင်းရေး အဆင်မပြေရသည့်အထဲ) ကြွေးရှင် များ၏ “ ပေး ကုန်လော ပေးကုန်လော ” ဟူသော ( အမင်္ဂလာ ) ကြွေးတောင်းသံကို မကြားချင်သော်လည်း ( မိမိ က ကြွေးယူထားသူ ကြွေးမဆပ်နိုင်သေးသူ ဖြစ်နေသောကြောင့်) ကြားနေရပြန်ပါ၏၊ နားချမ်းသာသော နံနက်ခင်းဟူ၍ မရှိသော ကျွန်ုပ်မှာ သောကဖြင့် ဘ၀ကို ရုံးကန်နေရပါ၏၊
              သစ်တစ်ပင်ရင်းမှာ အေးဆေးစွာ ထိုင်နေသော ဤရဟန်းမှာတော့ ကြွေးမြီတောင်းသူ မရှိသော
ကြောင့် ချမ်းသာစွာ နေရလေယောင်တကား။

       ဘာရဒွါဇအနွယ်ဖြစ်သော တောင်သူပုဏ္ဏားကြီးသည် မိမိကြုံတွေ့ခံစားနေရသော သောကကို တစ်ခုစီ တစ်ခုစီ ဆွဲဆန့်ရင်း သစ်တစ်ပင်ရင်းမှာ အေးချမ်းစွာ သီတင်းသုံးနေသော ရှင်တော်မြတ်ဘုရား၏ဘ၀နှင့်  မိမိဘ၀ကို နှိုင်းချိန် နှိုင်းချိန်၍ ရင်ဖွင့်ပြောကြား လျှောက်ထားနေခြင်းဖြစ်၏။ “ နွား လယ် ယာ   တောင်သူလုပ်ငန်း ဇနီး သမီး မြေး ” စသည်များကို ဘ၀၏သုခများဟု ယခင်က ထင်မှတ်ထားခဲ့၏၊ ယခုတော့ သူထင်ခဲ့သော သုခများ သည် သောကများ ဖြစ်နေသည်ကို ကြုံတွေ့နေရသော အခါ မြိုသိပ် မထားနိုင်တော့ပဲ ပွင့်အန်ထွက်ကျလာခြင်း ဖြစ်ပါ၏။

လောကီသုခမှန်သမျှ၌ သာယာဖွယ်ရှိ၏၊(အဿာဒ) ၊အပြစ် (ဘေးထွက်ဆိုးကျိုး ) ရှိ၏(အာဒီန၀)၊ ထွက်မြောက်ကြောင်းနည်းလမ်းရှိ၏(နိဿရဏ)
                                                                 ဆက်ရန် ကောင်းသစ်..

Saturday, January 14, 2012

ကံကို ဖွင့်သော သော့


သူဌေးဖြစ်သော သူတောင်းစား ဇနီးမောင်နှံတို့သည် နေစရာအဖြစ် သူတစ်ပါး၏ အိမ်နံရံကို  မှီခို၍ စားစရာ အဖြစ် သူတစ်ပါး၏ ပေးကမ်းစာ အကျန်အကြွင်းကိုစား၍ အသက်ရှင်နေရ၏၊
နေ့ပေါင်းများစွာထဲမှ ထို့တစ်နေ့ဝယ် ကျောင်းတော် တံခါးပေါက်နားလာ၍ သံဃာတော်များ၏ စားကြွင်း စားကျန်ကို စောင့်မျှော်နေ၏၊ ကိုရင်များသည် သံဃာတော်များကျန်သော ဆွမ်းကျန်ဟင်းကျန်များကို စုယူ၍ ထိုသူတောင်းစား ဇနီးမောင်နှံတို့ကိုလည်း ဝေငှ၍ပေးနေ၏၊ ယင်းအဖြစ်ကို မြင်တော်မူရ၍  ရှင်တော်မြတ် ဘုရားက စဉ်းငယ်မျှ သွားပေါ်ရုံ ပြုံးတော်မူ၏ ၊
(ကရုဏာကို အရင်းတည်သော သံဝေဂပြုံး ဖြစ်တော်မူရာပါ၏ )။ ဘုရားရှင်၏ ပြုံးတော် မူခြင်းကို အလုပ် အကျွေးဖြစ်သောအရှင်အာနန္ဒာက တွေ့မြင်လိုက်သောကြောင့် ဘုရားရှင် အား ပြုံးတော်မူခြင်း၏ အကြောင်း ရင်းကို မေးလျှောက်သောအခါ  ဤသို့ မိန့်ကြား တော် မူခဲ့ပါ၏

အာနန္ဒာ . . .
    ဤသူတောင်းစား ဇနီးမောင်နှံတို့သည် တစ်ချိန်က ဗာရာဏသီပြည်၌ ကုဋေပေါင်း တစ်ရာ့ခြောက်ဆယ် ( အမျိုးသားဘက်မှ ကုဋေရှယ်ဆယ်၊ ဇနီးသည်ဘက်မှ ကုဋေရှယ်ဆယ် )ကြွယ်ဝချမ်းသာသော သူဌေးကြီး များဖြစ်ခဲ့ကြ၏၊ သို့သော် ပညာမတတ်သော ဇနီးနောင်နံတို့သည် အပေါင်းမှား၍ အပျော်အပါးဘက်၌သာ စိတ်ညွတ်ကာ မိမိတို့ပိုင်ဆိုင်သော စည်းစိမ်ဥစ္စာတို့ကို သုံးဖြုန်းခြင်းဖြင့် အချိန်ကုန်ခဲ့ကြ၏။ သူတို့၏အသိုင်း အ၀ိုင်းများသည်မူးယစ်သမားများနှင့်ပျော်တော်ဆက်ကချေသည်များသာ ဖြစ်ကြ၏၊
           ပေးနိုင်ကမ်းနိုင် ချွေနိုင်တုန်းအချိန်၌ အားလုံးက သူတို့ဇနီးမောင်နှံကို ရံ၍နေကြ၏၊ ပစ္စည်းများကုန်
ခမ်း၍ မချွေနိုင်သောအချိန်၌ အားလုံးက စွန့်ခွါ၍သွားကြ၏၊မည်သူမျှ မရံကြတော့ချေ။ ( အခြွေ အရံဟူ သည် ခြွေတုန်း၌သာ ရံရိုးဓမ္မတာဖြစ်သည်ကို သတိမူသင့်ပါ၏)။ယခုတော့ နေစရာ မရှိ၊ စားစရာ မရှိ  ၊ မှီခိုစရာ မရှိ၊ အားကိုးစရာ မရှိ။ ခွန်းအားနှင့်အလုပ်လုပ်ရန် အားအင်လည်း မရှိတော့၊ ငါးမရှိသော ရေအိုင်၌ အတောင်ကျိုး၍ မပျံသန်းနိုင်သော ကြိုးကြာအိုကြီးများကဲ့ မှိုင်တွေ၍သာ နေရတော့၏။

အကယ်၍သာ ဤသူဌေးသားသည် ပထမအရွယ် နုနယ်စဉ်က ပစ္စည်းများကို အရင်းတည်၍ ကြိုးကြိုးစား စားနှင့် စီးပွါးရေးလုပ်ငန်း လုပ်ကိုင်ခဲ့ပါမူ ဗာရာဏသီပြည်ဝယ် ပထမတန်းသူဌေး( အဂ္ဂသေဋ္ဌိ ) ဖြစ်နိုင်ပါ၏၊ အကယ်၍ ရဟန်းပြုခဲ့၍ ရဟန်းတရား ကြိုးစားအားထုတ်ခဲ့ပါမူရဟန္တာ ဖြစ်နိုင်ရာပါ၏၊ သူဌေးကတော်သည် အနာဂါမ်ဖြစ်နိုင်ရာပါ၏

အကယ်၍ ဒုတိယအရွယ်မှာ ( အသိတရား ၀င်၍ ) ပစ္စည်းဥစ္စာတို့ကို အကျိုးမဲ့မဖြုန်းတီးပဲစီးပွါးရေးလုပ်ငန်း တက်တက်ကြွကြွ လုပ်ကိုင်ခဲ့ပါမူ ဤဗာရာဏသီပြည်ဝယ် ဒုတိယတန်းစားသူဌေးဖြစ်နိုင်ပါ၏ ရဟန်းပြု၍ ကြိုးကြိုးစားစားနှင့် တရားအားထုတ်ဖြစ်ခဲ့ပါမူ အနာဂါမ်ဖြစ်နိုင်ပါ၏၊ သူဌေးကတော်ကြီးသည်မူ သကဒါဂါမ် -
ဖြစ်နိုင်ပါ၏။

အကယ်၍ တတိယအရွယ်မှာ ( နောင်တ တရားရ၍ ) ကျန်ရှိနေသေးသော ပစ္စည်းဥစ္စာတို့ကို အချည်းနှီး အကျိုးမဲ့ မကုန်ခမ်းစေပဲ စီးပွါးရေးလုပ်ကိုင်ခဲ့ပါမူ တတိယတန်းသူဌေးတော့ ဖြစ်နိုင်ပါသေး၏၊ ရဟန်းပြု၍ ကြိုးကြိုးစားစားနှင့် တရားဘာဝနာအလုပ် အားထုတ်ဖြစ်ခဲ့ပါမူ သကဒါဂါမ်အဆင့်တော့ ဖြစ်နိုင်ပါသေး၏။ သူဌေးကတော်ကြီးသည်လည်း သောတာပန် အဆင့်လောက်တော့ ဖြစ်နိုင်ပါသေး၏။

သို့သော် ယခုသော်ကား လောကီအလုပ် ( စီးပွါးရေး ) လောကုတ္တရာအလုပ် ( တရားဘာဝနာ ရှုမှတ် ပွါး များခြင်း)ဘာတစ်ခုမျှဝီရိယစိုက်၍မလုပ်ခဲ့သောကြောင့် လောကဘက်မှရော ဓမ္မဘက်ကပါ ဆုတ်ယုတ် ကာ  လောကသုခ ဓမ္မသုခ နှစ်ဘက်လုံးမှ ဆုံးရှုံးနစ်နာရတော့၏။

     ယခုသော်ကား  ငါးမရှိတော့သော ရွှံနွံအိုင်ဝယ် အတောင်ကြိုးသော ကြိုးကြာအိုကဲ့သို့ ဖြစ်ခြေတော့၏၊ အတိတ်က ( ပြန်လည်သုံးစွဲ၍ မရသော ) အရိပ်များကိုသာ တွေးရင်းတွေးရင်း စားမြုံပြန်ကာ ပူဆွေး မှုသော က များဖြင့်သာ ဘ၀နေ၀င်ချိန်ကို ဆင်းရဲစွာဖြင့် စောင့်စားနေရရှာတော့၏။


      ယင်းဝတ္ထုကို ထောက်ဆ၍ ကံရှိသော်လည်း ၀ီရိယကူမှ ချမ်းသာသုခ အကျိုးပေးခွင့်ရမည်၊ ပါရမီ ရှိသော်လည်း ၀ီရိယကူမှ မဂ်ဖိုလ်ရမည်ဟူသော အသိကို အထူးသတိပြုရာပါ၏။ထို့ကြောင့် မိမိ၏အတိတ်က ဆည်းပူးခဲ့သော “ ပါရမီ - ကံ ” ကို  ချမ်းသာသုခ အကျိုးပေးခွင့်ရအောင် ကိုယ်စီကိုယ်စီ “ ၀ီရိယ ” သော့ဖြင့် ဖွင့်နိုင်ကြပါစေဟု .. .. .. ။
                              ( အကျယ်ကို ရှုလိုမူ ဓမ္မပဒ မဟာဓနသေဋ္ဌိပုတ္တ၀တ္ထုကို လေ့လာဖတ်ရှုနိုင်ပါ၏ )။
                                                              
                                                              ပြီးပါပြီး     ကောင်းသစ်