.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..
Showing posts with label တွေးမိသမျှ. Show all posts
Showing posts with label တွေးမိသမျှ. Show all posts

Sunday, February 19, 2012

ကံတူ အကျိုးပေး

သောကတွေ ပြေပျောက်ဘို့
လောဘတွေ ချွေဖျောက်ပါ။

မိတ်ဆွေကောင်းရှိဘို့ လိုအပ်သလို
မိတ်ဆွေကောင်းဖြစ်ဘို့လည်း လိုအပ်ပါ၏၊

 ကြွေးရှိရင် ပြန်ဆပ်ရမယ်၊
ကျေးဇူးရှိလျှင်လည်း ပြန်ဆပ်ရမယ်၊
ဒါပေမဲ့ ကြွေးက ကျေတယ်၊ ကျေးဇူးက ကျေတယ် မရှိပါ။

 ရှာသမျှဟာ ပိုင်ဆိုင်ဘို့
ပိုင်ဆိုင်သမျှဟ ပေးဆပ်ဘို့
ပေးဆပ်ခြင်းဟာ လောကကြီး ချမ်းသာဘို့ပေါ့။

ဘ၀ဆိုတာ  ဝေဟင်မှာ လေမှာလွင့်နေတဲ့ သစ်ရွက်ရော်နှင့် တူတယ်၊
ကျရာအရပ် မှန်းဆဘို့ ခက်သလို .. အနာဂါတ်အတွက် မှန်းဆရ ခက်လို့ပေါ့။

ဘ၀ဟာ မြစ်တစ်စင်းနှင့်လည်း တူတယ်၊
အကွေ့အကောက် - အနိမ့်အမြင့်တွေ များလို့ပေါ့။

ဖြည့်လို့ မပြည့်တာက “ လောဘ ” ၊
ဖြည့်ရင် ပြည့်တာက ” ပါရမီ ” ။

နောက်ကြောင်း ရှင်းဘို့ သန့်ဘို့အတွက်
ပစ္စုပ္ပန်ကောင်းမှ ဖြစ်မယ်။
အနာဂါတ်ကောင်းဘို့အတွက် ဆိုရင်လည်း
ပစ္စုပ္ပန်ကောင်းမှ ဖြစ်နိုင်မယ်။

စေတနာမျှားဦးကို အမြဲတန်း အကောင်းဘက်သို့
ချိန်ရွယ်ထားပါ။

ငွေဆိုတာ သုံးတတ်ရင် “ အရိပ် ” အေးချမ်းမှုကို ပေးတယ်၊
မသုံးတတ်ရင် “ အဆိပ် ” ဆင်းရဲဒုက္ခကို ပေးတတ်တယ်။

မွေးဖွါးခြင်းဟာ “ သေဘို့ ” ပဲ၊
မသေခင်မှာ အနေတတ်ဘို့နဲ့ သေလျှင် အသေမြတ်ဘို့ အရေးကြီးတယ်။

သူ တော် - မတော်
သူ ကောင်း - မကောင်းကို
သူ့ရဲ့ အပြုအမူလက္ခဏာက ဖေါ်ပြနေပါတယ်၊
ကြည့်တတ်ဘို့ပဲ လိုပါတယ်။

ဘ၀ရပ်တည်ဘို့အတွက် လူတိုင်းဟာ ပစ္စည်းငွေကြေးကို ရှာဖွေကြရတယ်၊
အဲဒီအခါမှာ  “ အစာသာမြင်ပြီး ငါးမျှားချိတ်မမြင်တဲ့ ငါးလေးလို ” မဖြစ်ဘို့
အရေးကြီးတယ်၊

အမှတ်တရ ဖြစ်ဘို့အတွက်
အမှတ်ရစရာလေးတွေကို လောကအတွက် ပေးဆပ်ခဲ့ရမယ်၊
“ ပေးဆပ်သူသာ ပိုင်ဆိုင်သူ ဖြစ်နိုင်၏ ” တဲ့။

တကယ်တော့ သူကျိုးပြုနေခြင်းဟာ
ပါရမီသဘောအရ ကိုယ့်ကျိုး “ စု ” နေခြင်းပါပဲ။

ကံတူ အကျိုးပေးတဲ့၊
( ဆိုးဆိုး ကောင်းကောင်း ) ကံအတူ ပြုခဲ့ကြသူတွေဟာ
အကျိုးပေးတော့လဲ အတူတူ “ ခံစား စံစား ”  ကြရတယ်။

                                         ကောင်းသစ်..

Saturday, February 18, 2012

“ အချစ်နှင့် အမုန်း

ပုထုဇန်ဟူသည် “ အချစ် - အမုန်းနှင့် ” မကင်းနိုင်သူများ ဖြစ်ကြ၏၊
ထို့ကြောင့် ယင်းမှထွက်သော ဘေးထွက်ဆိုးကျိုးများကိုလည်း ခံစားနေကြရပါ၏၊

အချစ်မရှိလျှင် - သောက မဖြစ်၊
အမုန်းမရှိလျှင် - ဒေါသ မဖြစ်၊

ချစ်သူနှင့်အတူ မနေရခြင်းသည် ဆင်းရဲ၏၊
မုန်းသူနှင့်အတူ နေရခြင်းသည်လည်း ဆင်းရဲပါ၏။

အချစ်မရှိလျှင် ကွေကွင်းတဲ့ဒုက္ခ မရှိနိုင်၊
အမုန်းမရှိလျှင် အတူနေရတဲ့ဒုက္ခ မရှိနိုင်။

အချစ်သည် နီးလေ ချမ်းသာလေ၊
အမုန်းသည် ဝေးလေ ချမ်းသာလေ၊

အချစ်သည် - လောဘ၊
အမုန်းသည်ကား - ဒေါသ။
ယင်းနှစ်မျိုးလုံးသည် ပူလောင်သော ကိလေသာများသာ ဖြစ်ကြပါ၏၊

သို့သော် ..... ပုထုဇဉ်တို့သည်  မီးမကြောက်သည့် ပိုးဖလံပမှာ ကိလေသာအပူတောမှ
နောက်ပြန်မဆုတ်၊  ရှေ့သို့သာ တိုးမြဲတိုးနေကြသော အပူပျော် ပိုးဖလံလူသားဘ၀ဖြင့်
ဘ၀ နိဂုံးချုပ်သွားကြရတော့သည်။
                                                       
                                                                 ကောင်းသစ်...

 

Friday, February 17, 2012

“ အမေ ” တဲ့

တစ်စုံတစ်ခုကို ပိုင်ဆိုင်ရဘို့အတွက် တစ်စုံတစ်ခုကို စွန့်လွှတ်ရခြင်းဟာ သဘာဝပဲလို့ဆိုရင်
တန်းဘိုးရှိတဲ့ အရာကို မစွန့်လွှတ်မိဘို့ အရေးကြီးတယ်။

ပုတ်သင်ညိုဟာ “ရေ မြေ သစ်ပင် ” လိုက်ပြီး အရောင်ပြောင်းတတ်တယ်တဲ့၊
လူတွေလဲ အဆောင်အယောင် အယောင်အဆောင်တွေကို လိုက်ပြီး
အရောင်ပြောင်း ( စိတ်ထားပြောင်း ) တတ်ကြတာပါပဲလေ။

မာန - တဲ့ ။
မာလွန်းရင် ကိုယ့်ဘ၀ “ န” သွားတတ်တယ်။

တစ်နေ့ ...
ပျော်ရွှင်စွာ ဆော့ကဆားနေတဲ့ ကြောင်လေးတွေကို ကြည့်နေမိတယ်၊
မိခင်ကြီး ခုပ်လာတဲ့ “ ကြွက် ” ကို မြင်ရတဲ့အခါ လက်သဲတွေထုတ်ပြီး
အချင်းချင်း မာန်ဖီလာကြတယ်လေ၊  သူတိုဟာ အစာကြောင့် ရန်သူ
တွေလို ပြုမူ လာကြတယ်၊
လူ့လောက လူ့အသိုင်းအ၀ိုင်းမှာကော .. ဒါမျိုးတွေ ရှိနိုင်မလား ရှိနေမလားလို့
စဉ်းစားကြည့်လိုက်တဲ့အခါ..
မိဘအမွေနှင့်ပါတ်သက်ပြီး  တစ်သွေးထဲကနေ “ သွေးကွဲသွားတဲ့ ” သူတွေကို
မြင်ယောင် ကြားယောင်နေမိတယ်၊ သြော် လောဘနောက်မှာ ဒေါသ မောဟတွေ
ပါလာနေပါလား။

အချိန်မရွေး နေရာမရွေး အရွယ်မရွေး သေနိုင်တယ်လို့ သိပေမဲ့
မသိစိတ်ကတော့ “ ငါ ” မသေနိုင်သေးဘူးလို့ပဲ ထင်မှတ်နေတယ်လေ..။

ပြုခဲ့ပြောခဲ့ ကြံခဲ့တာတွေကို မေ့မေ့ပျောက်ပျောက်လို့ သဘောထားကြပေမဲ့
ကံတရားကတော့ မေ့ပျောက်မသွားအောင် မှတ်တမ်းတင်ထားတယ်။

အရင်လို မဟုတ်တော့ဘူးတဲ့.
ဟုတ်တယ် လူတိုင်းဟာ အရင်လို မဟုတ်တော့ပါဘူး။
( အရင်ထက် အရာရာပျက်စီးသွားတာလဲ ဖြစ်ချင်ဖြစ်မယ်၊ ပြည့်စုံလာတာလဲ
ဖြစ်ချင်ဖြစ်မယ်၊ စိတ်ဓာတ် - ပညာ - ပစ္စည်း - ပါဝါ  အစစ အရာရာပေါ့)။

မပြည့်စုံတဲ့ဘ၀မှာ
လူမှုကျင့်ဝတ်တရားတွေလဲ  ချို့ယွင်းလာတတ်တယ်၊
( မပြည့်စုံ၍ မဖြည့်ဆည်းပေးနိုင်ခြင်းကို ဆိုလိုပါသည်)။

“အမေ” ... တဲ့၊
တမ်းတသူရဲ့ရင်ကို အေးချမ်းသွားစေတဲ့ နှိုင်းဆမဲ့ “ စကားလုံးလေးပါပဲ ”။
ဒုက္ခရောက်တဲ့အခါ အရင်ဆုံး တမ်းတမိတာဟာလဲ “အမေ”ဆိုတဲ့ စကားလုံးလေးပါပဲလေ။

အသက် ကြီးလာတာကို လက်ခံပေမဲ့
ကိုယ့်ကိုယ်ကို အရွယ်မကြီးသေးဘူးလို့ ထင်မှတ်နေတတ်ကြတယ်လေ။

ကျေးဇူးရှင်ကို
ကျေးဇူးမဲ့ ဆိုတဲ့သူဟာ  အရိပ်ခိုပြီး အရိပ်ဖျက်ဆီးနေတဲ့ သူလိုပါပဲ၊
မကြာခင် အရိပ်မဲ့တဲ့လွင်ပြင်မှာ ကံတရားက နေရာချထားပေးပါလိမ့်မယ်။

                                                       ကောင်းသစ်...


Monday, February 13, 2012

အကြောက်တရားနှင့် ဆုံးရှုံးမှု

“ လောကမှာ ကြောက်စရာ အကောင်းဆုံးကား ကြောက်စိတ်ဖြစ်၏ ” 
ယင်းစာကြောင်းလေးကို ဖတ်ရှုဘူးပါ၏။

ကြောက်တတ်သူသည် အရာရာကို တွေးတွေး ကြောက်နေတတ်၏၊
မကြောက်သင့်သည်ကိုလည်း တွေး ကြောက်နေတတ်၏၊
ကြောက်သင့်သည်ကိုလည်း တွေး ကြောက်နေတတ်၏၊

ထို့ကြောင့် ထိုသူသည် အောင်မြင်မှုကိုလည်း လက်လွှတ် ဆုံးရှုံးရ၏
အခွင့်အရေးကိုလည်း လက်လွှတ် ဆုံးရှုံးရ၏၊
လွတ်လပ်မှုကိုလည်း လက်လွှတ် ဆုံးရှုံးရ၏၊
ပျော်ရွှင်မှုကိုလည်း လက်လွှတ် ဆုံးရှုးရပါ၏၊

စားဝတ်နေရေး မပြည့်စုံမှာကြောက်၍ သီလကိုလည်း ဖောက်လိုက်၏
(အူမ မတောင့်မှာစိုး၍ သီလ မစောင့်နိုင်ခြင်းဟု အကြောင်းပြ၏)
သီလစောင့်ခြင်းကြောင့် ရရှိနိုင်မည့် ချမ်းသာများမှ ဆုံးရှုံးရ၏။

လက်ရှိဥစ္စာလျော့ပါးသွားမည်စိုး၍ ဒါနပြုရမှာကိုလည်း ကြောက်၏၊
(ကိုယ့်မရှိလျှင်  မည်သူကမှ လာပေးမည်မဟုတ်ဟု အကြောင်းပြ၏)
ဒါနကြောင့် ရရှိခံစားရမည့် ကောင်းကျိုးချမ်းသာများမှ ဆုံးရှုံးရ၏။

“ မာ ဘာယိတ္ထ ဘိက္ခဝေ ပုညဿ ”
ရဟန်းတို့ ကုသိုလ်ပြုရမှာ မကြောက်ကြကုန်လင့်၊

“ ပုညာနိ ပရလောကသ္မိံ ပတိဋ္ဌာ ဟောန္တိ ပါဏီနံ ” 
ကုသိုလ်ကောင်းမှုတို့သည် တမလွန်လောက၌ သတ္တ၀ါတို့၏ မှီရာ တည်ရာ
အစစ် ဧကန်ဖြစ်ကုန်၏။

Friday, January 20, 2012

အားကိုးစရာများ

ခရီးတွင်ဘို့အတွက် မိမိ၏ ခြေထောက်ကို .. အားကိုးရမယ်..
အလုပ်တွင်ဘို့အတွက် မိမိ၏ လက်ကို .. အားကိုးရမယ်..
အမြင်ကျယ်ဘို့အတွက် မိမိ၏ မျက်လုံးကို .. အားကိုးရမယ်..
အသိဥာဏ် ရင့်ကျက်ဘို့ မိမိ၏ ( စိတ် )  ဥဏှောက်ကို .. အားကိုးရမယ်..
ကံ အကျိုးပေးခွင့်သာဘို့အတွက် မိမိ၏ ဥာဏ်နှင့်ဝီရိယကို .. အားကိုးရမယ်..

                                                              ကောင်းသစ်..

စကားပုံများ

                       မှတ်သားမိသော နိုင်ငံတကာ စကားများ
 
ပျားတစ်စက်ကြောင့် ပြည်ပျက်သည်။

အခွင့်အရေးသည် အောင်မြင်မှုကို ဖြစ်စေသည်။

အချိန်တိုင်းကို သင့်အတွက် အသုံးချပါ။

စိတ်၏ချမ်းသာမှုသည်သာ ချမ်းသာမှု အစစ်ဖြစ်၏။

ပြီးစလွယ်လုပ်သည့် အလုပ်သည် နှစ်ကြိမ် ပြန်၍ လုပ်ရပေလိမ့်မည်။

သင်၏မွေးရပ်မြေကို ဘယ်တော့မှ မမေ့ပါနဲ့။

မာနသည် မိုက်မဲမှု၏ အထင်ရှားဆုံးသော အမှတ်တံဆိပ်ဖြစ်သည်။

အောင်မြင်ကြီးပွါးချိန်၌ သတိရှိရမည်။ နိမ့်ပါးချိန်၌ သိခံမှု ရှိရမည်။

မေးမြန်းခြင်းသည် သိခြင်းသို့ ၀င်ရောက်ရာ တံခါးပေါက်ဖြစ်သည်။

နောင်တတရားသည် ဘယ်တော့မှ အရင်မလာ။

အိပ်စက်ခြင်းသည် အဆုံးရွားဆုံးသော သူခိုးဖြစ်သည်။

အကျွမ်းကျင်ဆုံး ရေကူးသမားသည်ပင် ရေနစ်နိုင်သည်။

ချီးကျူးပြောဆိုခြင်းသည် ခင်မင်မှုလမ်းကို ဖွင့်ပေးသည်။

လူသည် တစ်ယောက်တည်း ရှိနေသောအခါ၌ ဘေးအန္တရာယ် ကင်းရှင်းနေသည်။

                                                       ပြန်လည်တင်ပြသူ .. ကောင်းသစ်

Sunday, December 11, 2011

အကယ်၍

အကယ်၍ . . .
ဘ၀ခရီးလမ်းသည် ကြမ်း၏၊ ပမ်း၍ မလျှောက်ဘဲ နေခဲ့ပါလျှင် ..
ဘ၀ခရီးလမ်းသည် ဝေး၏၊ တွေး၍ မလျှောက်ဘဲ နေခဲ့ပါလျှင် . .
ဘ၀ခရီးလမ်းသည် ခက်၏၊ ဆက်၍ မလျှောက်ဘဲ နေခဲ့ပါလျှင် ..
ဘ၀ခရီးလမ်းသည် ကောက်၏၊ ကြောက်၍ မလျှောက်ဘဲ နေခဲ့ပါလျှင် ..
ဘ၀၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်နိုင်လိမ့်မည် မဟုတ်ပေ။
                                                 ကောင်းသစ်..

Saturday, December 10, 2011

သို့သော် ..

မာန မကြီးသင့်
သို့သော် မာန မထားသင့်သည်ကား မဟုတ်။

စကား မများသင့်
သို့သော် စကား မပြောသင့်သည်ကား မဟုတ်။

သူတစ်ပါးကို မဝေဘန်သင့်
သို့သော် ( အပြစ်ကို ထောက်ပြ၍ ) မဆုံးမသင့်သည်ကား မဟုတ်။

သူတစ်ပါးကို မစွဲလမ်းအပ်
သို့သော် မေတ္တာမထားအပ်သည်ကား မဟုတ်။

သူတစ်ပါးကို အားမကိုးသင့်
သို့သော် အကူအညီ မတောင်းအပ်သည်ကား မဟုတ်။

သူတစ်ပါးကို အနိုင်မကျင့်သင့်
သို့သော် ကျုးကျော်သူကို မကာကွယ်သင့်သည်ကား မဟုတ်။
                                                                ကောင်းသစ်  ...


မတူညီသော ..

မျက်လုံးချင်း တူ၏
အမြင်ချင်း မတူပါ။

စကားချင်း တူ၏
သက်ရောက်မှုချင်း မတူပါ။

နှုတ်ဆက်မှုချင်း တူ၏။
ဖေါ်ရွေမှုချင်း မတူပါ။

အကြည့်ချင်း တူ၏။
အသိချင်း မတူပါ။

ဘ၀အသွင် သဏ္ဍာန်ချင်း တူ၏။
ဘ၀အနှစ်သာရချင်း မတူပါ။

အပြုံးချင်း တူ၏။
အဓိပ္ပါယ်ချင်း မတူပါ။
                                 ကောင်းသစ်






Sunday, September 18, 2011

မက်မောခြင်း


ဘ၀မှာ မဟုတ်တာ မလုပ်ရုံနဲ့ မပြီးသေးဘူး၊
ဟုတ်တာလည်း လုပ်ဖို့ လိုသေးတယ်။

မှန်တာပြောတာပဲဆိုပေမဲ့ မှန်တိုင်းမကောင်း၊
အကျိုးဖြစ်မှ ကောင်းတယ်။

မိတ်ဆွေများဖို့ထက်
မိတ်ကောင်းရှိဖို့က ပိုအဓိကကြပါတယ်။

မျှတစွာ တွေးတတ်သူတွေဟာ
မျှဝေစွာလည်း ခံစားတတ်ကြတယ်။

အသိတရား ရှိချင်ရှိ၊ အသိတရားမရှိရင်တော့
အကြောက်တရား ရှိမှ ကောင်းတယ်။

အတိတ်ဟာ ကုန်လွန်သွားပြီဖြစ်ပေမဲ့
ပျောက်ပျက်သော ဖျောက်ဖျက်၍ရသော အရာတော့ မဟုတ်။

အနာဂါတ်ဟာ မသေချာတဲ့ ၊ ဒါပေမဲ့ 
အနာဂါတ်ရည်မှန်းချက်တော့ လူတိုင်းထားသင့်တာပဲ မဟုတ်လား။

ကံ ဥာဏ် ၀ီရိယအလျှောက် ပညာ ပစ္စည်း အာဏာ ပါဝါ
အဆင့်အတန်းတွေ ပြောင်းလဲသွားကြပေမဲ့ သူငယ်ချင်းပေါ်ထားတဲ့
မိတ်ဆွေကောင်းတို့ရဲ့ စိတ်ဓာတ်ကတော့ ပြောင်းလဲ မသွားတတ်ကြပါဘူး။

လောကီသုခတိုင်းဟာ ချမ်းသာပါတယ်၊ ဒါပေမဲ့
သောကကြောင့်ဖြစ်တဲ့ ဒုက္ခတော့ ကင်းနိုင်မယ် မထင်ပါဘူး။

“ မက် မော ” ခြင်းတဲ့၊
မက်သူတိုင်း မောနေကြတာ ဓမ္မတာပါပဲ။

                                  ...  ကောင်းသစ်


Wednesday, August 31, 2011

သို့သော်


မသိ၍ မှားသူကို အမှန်ရောက်အောင် ပြင်ပေးလို့ရ၏၊ သို့သော်
သိမှား မှားသူကိုတော့ ပြင်ပေးလို့ ရမည်မဟုတ်။

အမှန်တရားကို မြတ်နိုးသည်ဟု ဆို၏၊ သို့သော်
အမှားထောက်ပြသူကို ရန်သူဟု သတ်မှတ်သူများလည်း ရှိပါ၏။

မိတ်ဆွေကောင်းတို့သည် ပစ္စုပ္ပန်တည့်တည့် ရှိတာနဲ့ချီးမြှောက်ကြ၏၊ သို့သော်
မိတ်ဆွေတုများသည်ကား  အတိတ် . အနာဂါတ်နှင့်ချီးမြှောက်ကြ၏။

လက်တွေ့မဲ့သော အပြောမျိုးသည် နားထောင်ကောင်းသည်ဟု ထင်ရ၏၊သို့သော်
နားဝင်တော့ မချိုပါ။

 သာသနာနှင့် နိုင်ငံကို ချစ်သည်ဟု ပြောကြပါ၏၊ သို့သော်
ပညာမပါက ချစ်ရာမရောက်၊ ဖျက်ဆီးရာပင်ရောက်ပါ၏
( အမြစ်နှုတ်၍ သစ်ပင်ရေလောင်းသော မျောက်၊
ဖခင်၏နဖူးပြင် ကိုက်နေသော ခြင်ကို ပေါက်ဆိန်ဖြင့်ထုသတ်သော
သား  နမူနာများ ရှိပါ၏)။

မာန်ကြီးသည့် ခါချဉ် အကြံကတော့ တောင်ကြီး ဖြိုမည်တဲ့၊ သို့သော်
ခါးက မသန်ဖြစ်နေပါ၏။(တန်ရာ တန်ရာ ကြံတာပဲ ကောင်းပါ၏။

ဗုဒ္ဓဘာသာတရားတော်၌ ရဟန်း ပြည်သူ အုပ်ချုပ်သူ အားလုံးအတွက်ကျင့်ဝတ်  
လမ်းညွန်ချက် မျိုးစုံရှိပါ၏၊ သို့သော်  ကျင့်ဝတ် လမ်းညွန်ချက်များ မသိကြခြင်း 
 သိအောင် အားမထုတ်ကြခြင်း သိသူများက (လိုက်နာသင့်သလောက်)
 မလိုက်နာကြခြင်းတို့ကြောင့် ရုပ်ပိုင်းရော နာမ်ပိုင်းပါ ချမ်းသာသင့်သလောက် မချမ်းသာပဲ
ဖြစ်နေကြ၏။ (မြန်မာ့မြေ၌ ရုပ်ပိုင်းဆိုင်ရာ သယံဇာတရတနာများ ပေါများပါ၏၊
မြန်မာတို့ကိုးကွယ်ရာ ဗုဒ္ဓသာသနာတော်၌ နာမ်ပိုင်းဆိုင်ရာ ရတနာများစွာ
ရှိပါ၏၊ မြတ်ဗုဒ္ဓ၏ မူရင်းဓမ္မကို ကြည့်ပါ မည်သည့် သက်ရှိကိုမျှ မုန်းတီးမှု ညှဉ်းဆဲမှု
လမ်းညွန်ချက်များ မပါပါ၊ ဓမ္မကို မဖတ်ပဲ ဝေဘန်သူသည် အသိတရားဖြင့် ဝေဘန်သူ
မဟုတ်၊ အမုန်းတရားဖြင့် စွပ်စွဲသူသာ ဖြစ်ပါ၏)။
                                                                     ကောင်းသစ် 

Wednesday, July 20, 2011

တွေးမိသမျှ

                              
အမြင်မှန် ရဖို့အတွက်
အမှန်မြင်ဖို့ လိုတယ်။

ကြင်နာမှုသာ ရှိနေကြရင်
နာကျင်မှုဆိုတာ ရှိလာမည် မဟုတ်။

အပိုတွေ လုပ်နေရင်
အလုပ်တွေ ပိုလာမယ်။

အသိလိုက်သူ ဖြစ်မှ
အလိုက်သိသူ ဖြစ်မယ်။

အပြောကောင်း ချင်
အကောင်း ပြောပါ။

အဟော ကောင်းချင်လျှင်
အကောင်း ဟောပါ။

စိတ်ထား ကောင်းတယ်ဆိုတာ
စိတ်ကောင်း ထားတာပါ။

အကောင်းကျင့် သူသည်
အကျင့်ကောင်းသူ ဖြစ်၏။

                                   ကောင်းသစ်..