.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..
Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts
Friday, August 24, 2012
ကိုယ်ကျင့်တရား ၃
လွန်လေပြီးသော ကာလက ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်မှန်လေး ဖြစ်ပါ၏။ စာလာ ပေလာ သုံးရလျှင် အတီတေ ဗာရာဏသီယံဟုပင် စရပေလိမ့်မည်။ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း ထီးနန်းစိုးစံစဉ် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ မွေးဖွားသော ဥာဏ်ပညာထက်မြက်သော ပါရမီရှင်လေး တစ်ယောက်ဖြစ်ခဲ့၏၊ ရှေးခေတ်က အမျိုးလေးပါး သတ်မှတ်ချက်ထားရှိ၏၊ ယင်းတို့မှာ ခတ္တိယ ဗြဟ္မဏ ဝေဿ သုဒ္ဓဟူ၍ ဖြစ်ပါ၏၊ ထိုအမျိုးလေး  ပါးတို့တွင်ခတ္တိယနှင့်ဗြဟ္မဏတို့ကို မြင့်မြတ်သော အမျိုးအနွယ်ဟု သတ်မှတ်ကြ၏။ ဘုရားအလောင်းတော် သည်  ထိုစဉ်ဘ၀က ဗြဟ္မဏမျိုး၌ မွေးဖွားခဲ့သူဖြစ်ခဲ့၏။
ဗာရာဏသီပြည်၌ ထင်ရှားသော ပညာရှင်ကြီးတစ်ဦးရှိ၏၊ ထိုဆရာကြီးကို ဘက်စုံပညာရှင်ဖြစ်၍ နိုင်ငံတကာ
ဒိသာပါမောက္ခဟု ဘွဲ့ထူးပေးထားပါ၏၊ နိုင်ငံအသီးသီးမှ ပညာလိုလားသော မင်းညီမင်းသား ပုဏ္ဏား သူဌေး သူကြွယ် သားသမီးမှန်သမျှသည် ယင်းဆရာကြီးထံမှာပင် လာရောက်၍ ပညာသင်ကြားကြရ၏၊ ထိုခေတ်
အခါက တက္ကသိုလ်ပြန်မှ ပညာတတ်ဟူ၍ အသိအမှတ်ပြုသော ခေတ်လည်း ဖြစ်ပါ၏
ထိုအချိန်က ဘုရားအလောင်းတော်သည် တပည့်ငါးရာတို့တွင် ပညာအတော်ဆုံးဖြစ်၍ ဆရာကြီး၏လက်
ထောက်အဖြစ် တာဝန်ယူကာ ကျန်တပည့်များကို ထပ်ဆင့်ပညာသင်ပေးရသော လက်ထောက်ဆရာတစ်
ဦးဖြစ်ပါ၏။တစ်ဖက်ကကျန်ပညာရပ်များကို ဆရာ့ထံမှ သင်ယူရင်း အခြားတစ်ဖက်မှလည်း ဆရာ့ကိုကူညီ၍
ပညာတော်သင်များကို ပညာသင်ပေးနေရသော ဆရာတစ်ပိုင်း တစ်ပည့်တစ်ပိုင်း ဖြစ်နေပါ၏။
ဘုရားအလောင်းတော်သည် “ သု၊စိ၊ပု၊ဘာ။ ၀ိ၊သိ၊လိ၊ဓာ၊ ”ဟူသော အက္ခရာရှစ်လုံး စာသင်ထုံးကို နှလုံမူ၍
သင်ကြားခဲ့သော စနစ်မှန်ကြောင့် များများသင် မြန်မြန်သင်နိုင်ပြီး ပညာရပ်များကိုလည်း မမေ့နိုင်ခြင်း   ဖြစ်ပါ၏။ 
ဆရာကြီး၌ အရွယ်ရောက် လူလားမြောက်လာသော ပညာတတ် ရုပ်ချော တော်ဝင်သမီးလေးတစ်ယောက်
ရှိပါ၏၊ မိဘရှင်ဖြစ်သည့်အားလျှော်စွာ မိဘကျင့်ဝတ် မချွတ်စေရန်လည်း သတိထားရပြန်ပါ၏။“မကောင်းမြစ်  ထာ ကောင်းရာညွှန်လတ် အတတ်သင်စေ ပေးဝေနှီးရင်း ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင် ဖခင်မယ်တို့တာ ”
ဟု မိဘကျင့်ဝတ်က ရှိနေသည် မဟုတ်ပါလား။
သမီးလေးကို လိမ္မာရေးခြားရှိအောင် “ မကောင်းသော ကြံပြောပြုများကို တားမြစ်ခြင်း ကောင်းသောအကြံ
ပြော အလုပ်တို့ကို ညွန်ကြားခြင်း၊ အမျိုးသမီးတို့ တတ်အပ်သော ပညာရပ်များကို သင်ကြားပေးခြင်းဖြင့်ပညာ
အမွေအနှစ်များကိုလည်း ပေးပြီးသားဖြစ်၏၊ ထို့နောက် ဘ၀လက်တွဲ အဖေါ်မွန်ကောင်းတစ်ယောက် စီစစ်
စီစဉ်ပေးရနှ်နှင့် လုပ်ကိုင်စားသောက်ရန် ဥစ္စာအမွေအနှစ်များကိုလည်း ဆက်လက်ပေးရဦးမည်ဖြစ်ပါ၏၊
 ထို့ကြောင့် သမီးလေးနောင်ရေး စိတ်အေးရအောင် စဉ်းစားရပြန်ပါ၏၊ 
 လောက၌ ရုပ်ချမ်းသာမှု စိတ်ချမ်းသာမှု နှစ်ခု ယှဉ်လိုက်လျှင် စိတ်ချမ်းသာမှုကသာ အလိုအပ်ဆုံးသော ချမ်းသာဖြစ်ကြောင်း ဒိသာပါမောက္ခဆရာကြီး ကောင်းကောင်း သိပြီးသား ဖြစ်ပါ၏၊ စိတ်ချမ်းသာဖို့အတွက်  စာရိတ္တကောင်းမွန်ရန်လိုအပ်ကြောင်းကိုပါ ထပ်ဆင့် သဘောပေါက်ပြီးသား ဖြစ်ပါ၏၊ထို့ကြောင့်  သမီးလေး   နောင်ရေး စိတ်အေးရဖို့အတွက် သမက်လောင်းကို ကိုယ်တိုင်ပင် စီစစ်၍ ရွေးရန် ဆုံးဖြတ်လိုက်၏။
ယနေ့ တပည့်များအားလုံး ဆရာကြီးထံ စုံစုံလင်လင် ရောက်ရှိနေကြ၏၊ဆရာကြီးက မလာမနေရဟု ပြော၍
ခေါ်ဆိုထားသောကြောင့် ကျောင်းသားစုံ ရောက်နေကြခြင်းဖြစ်၏၊ ယခင်က ယခုကဲ့သို့ တစ်ခါမျှ မခေါ်ဘူး
ကြောင့် အကြောင်းထူးတော့ရှိရမည်ဟု အတွေးကိုယ်စီတော့ ရှိနေကြ၏၊ ဆရာကြီးက အဟမ်းဟု ချောင်း
တစ်ချက်ဟန့်၍ အသံပြုလိုက်၏၊ တပည့်အားလုံးသည် ဆရာကြီးဆီသို့ အာရုံစိုက်နေကြ၏၊ ဆရာကြီးပြော
မည့်စကားကို နားစိုက် ထောင်နေကြခြင်းဖြစ်၏
ဆရာကြီးက တိတ်ဆိတ်ငြိမ်သက်နေသော မိမိ၏ တပည့်များကို ကြည့်ရင်း စကားစလိုက်၏၊ ဆရာ့မှာ အရွယ်
ရောက်ပြီဖြစ်သော ပညာတတ် ရုပ်ချော တော်ဝင် သမီးလေးရှိကြောင့် တပည့်များ သိပြီးသားဖြစ်၏။ မိဘ
ဝတ္တရားအရ သမီးလေးနောင်ရေး စိတ်အေးဖို့အတွက် အိမ်ထောင်ချပေးရန် သင့်နေသော အရွယ်ရောက်
နေပြီးဖြစ်၏၊ ထို့ကြောင့် သမီးလေးရဲ့ကြင်ဘက် ရွေးချယ်ရန် ခေါ်လိုက်ခြင်းဖြစ်ပါ၏၊ ထို့ကြောင့် မိမိ၏တော်
ဝင်သမီးလေးကို ဘ၀လက်တွဲဖေါ်အဖြစ် ရွေးချယ်လိုသော မည်သူမဆို မိဘဆွေမျိုးများ မသိအောင် သမီး
လေးအတွက် လက်ဆောင်ပဏ္ဏာများ ယူဆောင်လာရမည်ဖြစ်၏၊ မိဘဆွေမျိုးများ သိသော အသိပေးသော
ပစ္စည်းပိုင်ရှင်ကို သမက်အဖြစ်ရွေးချယ်မည် မဟုတ်ကြောင်းကိုပါ အထူးသတိပေးစကားအဖြစ် မှာကြားလိုက်
ပါသေး၏၊ 
တပည့်များ၏ မျက်ဝန်းများသည် နေရောင်ထိသော ပဒုမ္မာ ၊ လရောင်ထိတွေ့သော ကုမုဒြာကြာပန်းကဲ့သို့
ရွှင်လမ်းတောက်ပနေကြ၏၊ ဆရာကြီးသည် မိမိပြောရမည့်စကား ပြောကြားပြီးဖြစ်၍ မနက်ဖန်မှစ၍ ရွေး
ချယ်မှု အစီအစဉ် စတင်မည်ဖြစ်ကြောင်း ပြောကြားကာ မိမိတို့နေရာသို့ ပြန်နိုင်ပြီဖြစ်ကြောင်း ခွင့်ပြုလိုက်
၏၊ တပည့်များ၏ နှလုံးသားများဝယ် အတွေးကိုယ်စီ အပြုံးကိုယ်စီဖြင့် တွေးရင်း ပြုံးရင်း စကားတောင် မပြော
ဖြစ်ကြပဲ မိမိနေရာဆီသို့ ပြန်သွားကြလေတော့၏
နောက်တစ်နေ့ ...                                                                           ( ဆက်ရန် ) ကောင်းသစ်
Wednesday, August 15, 2012
ကိုယ်ကျင့်တရား ၂
ထိုအခါ လာရောက်ကြသော ပရိသတ်အားလုံးသည် ပန်းအိုးပိုင်ရှင် ဘယ်သူလဲ..ဘာပန်းပင်မှ မပါသူကို ဘာကြောင့် ဘုရင့်သားတော်က ကြင်နာတတ်သော ကြင်ယာတော်အဖြစ် ရွေးချယ်သလဲ ..ချမှတ်ထားတဲ့ မူနှင့် ရွေးချယ်မှု ဘာကြောင့် မတူသလဲစသည် လဲပေါင်းများစွာဖြင့် စိတ်ထဲမှာ ကြိတ်မေးမေးရင်း ဘုရင့် သားတော်ဆီသို့ ဆင်မယဉ်သာကဲ့သို့ တလှမ်းချင်းသွားနေသော ဥယျာဉ်မှူး၏ သမီးဆီသို့ မျက်လုံးများက အလိုလို ရောက်သွားကြတော့၏
ဘုရင့်သားတော်လေးသည် ပြုံးနေ၏၊။ သူသည် ကိုယ်ကျင့်ကောင်းသူကို ရွေးချယ်နိုင်ခွင့် ရှိခဲ့ပြီ မဟုတ် ပါ လား။မည်သည့်ပန်းပင်မှပါမလာသောဥယျာဉ်မှူး၏သမီးလေးသည်ဘုရင့်သားတော်လေး၏အနီးသို့ 
 ရောက်သည်ဆိုလျှင်ပဲ မင်းသားလေးက သူ၏ဘယ်ဘက်မှ ကပ်၍ မတ်တတ်ရပ်နေရန် ပြောကြားလိုက်၏
ဘုရင့်သားတော်လေးသည် သူ၏ကြင်ယာတော်လောင်းကို ကြည့်လိုက်၏၊၊ ထို့နောက်တော့ ကြင်ယာတော် အရွေးခံ ပရိသတ်ကြီးဆိုသို့ကြည့်လိုက်ပြန်၏။ ထို့နောက်တော့ သူသည် ပန်းပင်မဲ့ ပန်းအိုးပိုင်ရှင်ကို ကြင် ယာတော်အဖြစ် အဘယ့်ကြောင့် ရွေးချယ်လိုက်ရခြင်းအကြောင်းကိုပါတဆက်တည်း ကြေညာလိုက်တော့၏
ဘုရင့်သားတော်လေးက မိမိသည် တိုင်းပြည်၏နန်းညွန့် ထီးလျှာ( ထီးဖြူဆောင်းရန် လျှာထားခံရသူ)ဖြစ်၏၊ ဘုရင်ဖြစ်လျှင် ကြင်ယာတော် မိဖုရားလည်း ရှိရတော့မည်ဖြစ်၏၊မိဖုရားသည် ဘုရင်၏ အနီးကပ်အကြံ   ပေးဖြစ်၏၊ အနီးကပ်အကြံပေးသူသည် ကိုယ် ကျင့်ကောင်းမွန်ရန် အထူးလိုအပ်ပါ၏၊ မိဖုရားသည် ကိုယ် ကျင့်ကောင်းခြင်း စိတ်ထားကောင်းခြင်း ပြည်သူအပေါ် ကြင်နာသနားတတ်ခြင်း ပြည်သူ့အသံကို သားသမီး အသံကဲ့သို့ နားထောင်၍ လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုခြင်း ပြည်သူကို မိမိတို့အတွက်မပေးဆပ်လိုပဲ အုပ်ချုပ်သူ မိမိတို့ကသာ ပြည်သူအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းလိုခြင်းစသည့် ကောင်းကွက်များလည်း အထူးပင်လိုအပ်ပါ၏၊ယခုကြင်ယာတော်လေးသည်ကိုယ်ကျင့်ကောင်းမွန်သူစိတ်ထားကောင်းမွန်သူဖြစ်
 ကြောင်း မိမိ သေသေခြာခြာ သိခွင့်ရလိုက်ပေပြီ၊
အကြောင်းကားမိမိသည်မျိုးစေ့များကိုလှပသော မွှေးကြိုင်သောပန်းပင်လေးများ ဖြစ်အောင်ကြင်ယာ တော် အဖြစ် အရွေးခံမည့်သူများကို ပေးအပ်လိုက်သော်လည်း မိမိပေးလိုက်သော ယင်းမျိုးစေ့များသည် အပင်   ပေါက်နိုင်ခြင်းမရှိအောင် မျိုးစေ့သတ္တိကိုမိမိက ဆေးရည်စိမ်အစီအမံဖြင့် ( စိတ်ချရအောင် စမ်းသပ်မှု ) ပြုပြီးသားဖြစ်၏။ ထို့ကြောင့် အပင်မပေါက်နိုင်သော မျိုးစေ့မှလှပသော ပန်းပင်များကို ထည့်၍ ပန်းအိုး ကိုယ်စီ ယူဆောင်လာခြင်းသည် လှည့်စားသူ လိမ်ညာသူများသာ ဖြစ်ပါ၏။ မိမိတို့ဘာသာ မျိုးစေ့ အသစ်    ပြောင်း၍ထည့်လာခြင်းဖြစ်ပါ၏။မပေါက်သည်ကို ပေါက်သယောင်  ပြုခြင်းသည်ဘုရင့်သားတော်ဖြစ်သော
မိမိကို လိမ်ညာသူများသာ ဖြစ်ပါ၏၊(ယင်းအကြောင်းကို ပန်းများဝေဆာစွာ ကိုင်ဆောင်လာသော ပန်းအိုး ပိုင်ရှင် ကာယကံရှင် များ ကိုယ်တိုင်ပင် သိရှိပြီး ဖြစ်ကြပါလိမ့်မည်၊ မိဖုရားခေါင်ကြီး ဖြစ်လာလျှင်လည်း သတင်းမှန် ဖြစ်ရပ်မှန်များကို ဖုံးကွယ်၍ မိမိကို သတင်းမှားများသာ တင်ပြကြပေလိမ့်မည်၊ ထိုအခါ မိမိသည် အလိမ်အညာခံ ဘုရားတစ်ပါးဖြစ်သည့်အပြင် ပြည်သူ၏ ဘ၀မှန်ကို သိခွင့်မရ၍  ပြည်သူဆန္ဒ ပြည်သူ့ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်လိမ့်မည် မဟုတ်ပေ၊။
ထိုအခါ မိမိပတ်ဝန်းကျင်သည်လည်းကောင်း ပြည်သူပြည်သားအပေါင်းသည်လည်းကောင်း မိဖုရား၏အလိမ် ညာခံ ဘုရင်တစ်ပါးအဖြစ် တိုင်းပြည်၏သမိုင်းမကောင်းသောမင်းဆိုးအဖြစ် သတ်မှတ်ကြပေ လိမ့်မည်။ ယင်းအချက်သည်မိမိနှင့်တိုင်းပြည်အတွက်အနှုတ်လက္ခဏာအစစ်  ဖြစ်နေပေသည်၊ ပြည်သူနှင့် တစ်သား တည်းမကျသော မင်းတစ်ပါးဖြစ်နေပေလိမ့်မည်။ ထိုအခါ မင်းနှင့်ပြည်သူသည်လည်း အညမညသဘော  မဆောင်တော့။ အရာရာ ၀ိရောဓိသာ ဖြစ်နေပေလိမ့်မည်။ ယင်းသို့ဖြစ်လျှင် ငြိမ်းချမ်းသောသာယာသော  တိုးတက်သော နိုင်ငံတော်ကြီး ဖြစ်လာလိမ့်မည် မဟုတ်တော့ပေ။ထို့ကြောင့်တိုင်းပြည်အပေါ် ပြည်သူအပေါ်
လုပ်ပိုင်ခွင့် လုပ်နိုင်ခွင့်အာဏာ ရယူထားသူသည် ကိုယ်ကျင့်ကောင်းမွန်ခြင်းဟူသော စိတ်ဓာတ်အရည် အသွေးမြင့်မားရန် အထူးပင် လိုအပ်ပါ၏။ထို့ကြောင့် မိမိသည် ပန်းမျိုးစေ့ အပင်မပေါက်သည်ကို မပေါက် သည့် အတိုင်း အမှန်ကို အမှန်တိုင်း တင်ပြသော ဤအမျိုးသမီးငယ်ကို ပြည်သူနှင့်မိမိအပေါ် ကြင်နာ တတ်  သော ကြင်ယာတော်အဖြစ် ရွေးချယ်လိုက်ကြောင်း အသိပေးလိုက်လေတော့၏။ 
ထိုအခါ မင်း မိဖုရား မူမတ်များနှင့် စစ်သူကြီး ပရိသတ်အားလုံးတို့သည် ဘုရင့်သားတော်လေး၏ ကြင်ယာတော်မိဖုရားရွေးချယ်မှုသည်သဘာဝကြကြောင်းနှင့်မိမိတို့ကလည်း ကျေနပ်အားရပါကြောင်း 
 နှုတ်မြွက်စကားပြေားကြားကြပြီး ဘုရင့်သားတော်လေးသည် ကိုယ်ကျင့်ကောင်းမွန်သူ ဥယျာဉ်မှူးသမီးလေး နှင့် ရွှေလက်တွဲကာ တိုင်းပြည်ကို အသွင်အားဖြင့်လည်းကောင်း အနှစ်သာရအားဖြင့်လည်းကောင်း တိုး တက်အောင် ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းများ တောင်းဆိုကြလေတော့၏၊ ပရိသတ်များ၏ မင်းသားလေးနှင့်မိဖုရားလေးအပေါ် ဆုတောင်းပေးသော မင်္ဂလာ သြဘာသံသည် ရွှေ့ နန်းတော် တစ်ခုလုံး ဆူညံသွားလေတော့၏၊ ဘုရင်ကြီးနှင့်မယ်တော်မိဖုရားကြီး မူးမတ်များ စစ်သူကြီးများ၏ မျက်နှာ မျက်ဝန်း များသည်လည်း လပြည့်ညသာသော လ၀န်းကဲ့သို့ အပြည့်အ၀ ပြုံးရွှင်နေသည်ကြ၏၊ နန်းညွှန့်ထီးလျှာ မင်းသားလေးနှင့် မိဖုရားလေးတို့သည်လည်း ရင်မှတသိမ့်သိမ့်တက်လာသော ပီတိကို မျှဝေခံစားရင်း မိမိတို့သည် တိုင်းပြည်အကျိုးပြုသော ပြည်သူချစ်သော ပြည်သူနှင့်အညမညသဘောဆောင်သော မင်းကောင်းတစ်ပါးဖြစ်အောင် ပြမူ နေထိုင်သွားမည်ဖြစ်ကြောင်းဂတိပေးစကားပြောကြားလိုက်လေတော့၏။
ကိုယ်ကျင့်ကောင်းသောမင်းကောင်းမင်းမြတ်၏အရိပ်၌ နေထိုင်ခွင့်ရခြင်းကိုရည်ရွယ်၍သစ်ရိပ်ဝါးရိပ်
သည်  အေးချမ်း၏၊၊ထို့ထက်ဆွေမျိုးအရိပ်သည် အေးချမ်း၏၊ ထို့ထက် မိဘအရိပ်သည် အေးချမ်း၏၊ 
ထို့ထက် မင်း၏အရိပ်သည် အေးချမ်း၏ဟု ရှေးပညာရှိများ ဥဒါန်းစကား ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ကိုယ်ကျင့်ကောင်းသော မင်းရိပ်မှာ ခိုလှုံခွင့်ရကြ၍ ပြည်သူ ပြည်သူအားလုံး အေးချမ်းကြပါစေ..
                                                                                          ကောင်းသစ်
Wednesday, March 7, 2012
ကိုယ်ကျင့်တရား ၁
မကောင်းမှုမှ ရှောင်ကျဉ်သူကို ကိုယ်ကျင့်ကောင်းသူဟု သူတော်ကောင်းများက အသိအမှတ်ပြုကြ၏ ကိုယ် ကျင့်ကောင်းသူသည် မိမိအတွက်လည်း နောက်ကြောင်းအေး လိပ်ပြာသန့်ရသလို ပါတ်ဝန်းကျင်အတွက် လည်း စိတ်၏ လုံခြုံမှုနှင့်ဘေးကင်းမှုကို ပေးပြီးသား ဖြစ်သွားပါ၏။ ထို့ကြောင့် ရှင်တော်မြတ်ဘုရားက  ကိုယ် ကျင့်ကောင်း သူကို “ အဘယဒါန ” အချိန်ပြည့် ( လောကကြီအား ) ဘေးမဲ့အလှူ ပေးလှူနေသူဖြစ်   ကြောင်း မိန့်ကြားတော် မူခဲ့ပါ၏၊
ကိုယ်ကျင့်ကောင်းသူများ နေထိုင်ရာ အရပ်ဒေသသည် စိတ်၏လုံခြုံမှုနှင့် ဘ၀၏အေးချမ်းမှုကို အချိန်ပြည့် ရ ရှိနေသောကြာင့် ပျော်စရာ ကောင်းသော အရပ်ဒေသတစ်ခု ၊ နေချင်စရာကောင်းသော အရပ်ဒေသတစ်ခု လည်ပါတ်စရာကောင်းသော အရပ်ဒေသတစ်ခု ၊ အတုယူစရာကောင်းသော အရပ်ဒေသတစ်ခု  ဖြစ်ပါတော့   ၏၊ ထို့ကြောင့် စိတ်၏လုံခြုံမှုနှင့်ဘ၀၏အေးချမ်းမှုကို ရယူလိုသူမှန်သမျှသည် “ ကိုယ်ကျင့်ကောင်းမွန်ခြင်း ဟူသော စာရိတ္တမဏ္ဍိုင်ကို ” ခိုင်မြဲအောင် ထွန်းကားအောင် ပြုလုပ်သင့်ကြပါ၏။
ကိုယ်ကျင့်ကောင်းမွန်မှုနှင့် ပါတ်သက်၍ ဖတ်ဘူးသော ပုံပြင်လေးများကို မျှဝေလိုက်ပါ၏၊
ဘုရင်မင်းကြီး၌ ထီးညွန့်နန်းလျှာ သားတော်လေး တစ်ပါးရှိ၏၊ ဘုရင်မင်းကြီးသည် သားတော်အတွက် ကြင်
ယာ စီမံဖို့ သားတော်လေးနှင့် တိုင်ပင်ကြည့်၏၊ သားတော်လေးက ကြင်နာတတ်သော ကြင်ယာတော်ကို သူ
ကိုယ်တိုင်ပဲ ရွေးချယ်ပါရစေဟု ခွင့်တောင်း၏၊ ဘုရင်မင်းကြီးကလည်း သားတော် စိတ်တိုင်းကြ ရွေးချယ်ခွင့်
ပြုလိုက်၏၊
ဘုရင်မင်းကြီးသည် သားတော်လေးအတွက် တိုင်းပြည်တစ်ခုလုံးကို စည်တီး၍ ကြေညာမောင်းခတ်စေ၏၊
သားတော်လေး၏ ကြင်ယာအဖြစ် အရွေးခံလိုသူ မည်သူမဆို ဘုရင်နန်းတော်သို့ လာရောက်ကြရန် ရက်
သတ်မှတ်၍ ပေးထားလိုက်၏၊
မိမိကိုယ်ကိုယ် မင်းသားလေး၏ ကြင်ယာတော် ဖြစ်ထိုက်သူ၊ မိမိအလှကို ယုံကြည်သူ မှန်သမျှသည် ကြင် ယာတော် အရွေးခံရန် ဘုရင်နန်းရင်ပြင်သို့ စုဝေးရောက်လာကြ၏၊ မင်းသားလေးသည် သူစီမံထားသည့် အတိုင်း ကြင်ယာလောင်းများကို အသိပေးကြေညာလိုက်၏၊ယခု သူစီမံထားသော “ ပန်းအိုး မြေဆွေး မျိုးစေ့ “ တို့ကို ယူ၍ အလှဆုံး အသန်ဆုံး အမွှေးဆုံး ပန်းပင်ဖြစ်အောင် ပြုစု ပျိုးထောင် ပေးရမည်၊ သုံးလစေ့သော အခါ မိမိ ပြုစု ပျိုးထောင်ထားသော ပန်းအိုးများကိုယူ၍ လာကြရမည်၊ မိမိ ချမှတ်ထားသည့် “ မူ ” အတိုင်း ပန်းအိုးများထဲမှ “ အလှဆုံး အသန့်ဆုံး အမွှေးဆုံး ” ပန်းအိုး ပိုင်ရှင်ကို ကြင်ယာတော် အဖြစ်  ရွေးချယ်မည်ဖြစ်ကြောင်း တစ်ခါထည်း ပြောကြားလိုက်၏။
သုံးလစေ့သော နေ့ဖြစ်၏၊ ဘုရင့်နန်းရင်ပြင် တစ်ခုလုံး ပန်းအိုးကိုင် အမျိုးသမီးများနှင့် စီကားနေလေတော့ ၏  ၊ပန်းမျိုး အရွယ်စုံ အသွေးသုံ အလှစုံ ရနံ့တို့ဖြင့် အမျိုးသမီးတို့၏ မျက်နှာများသည်လည်း မျှော်လင့်ချက် အပြုံးတို့ဖြင့် အလှကိုယ်စီ အပြုံးကိုယ်စီ ရှိနေကြပါ၏၊ သို့သော် ထိုအထဲတွင် ပန်းပင်မဲ့ ပန်းအိုးကို ကိုင်ဆိုင်
ထားသော မျက်နှာငယ် အမျိုးသမီးလေးကို ထူးထူးခြားခြား သတိထားမိသူများ မြင်တွေ့နိုင်ပါ၏။
ဘုရင့်သားတော်လေးသည် သူကိုယ်တိုင်ပင် အမျိုးသမီးငယ်လေး၏ နာမည် လိပ်စာ ပန်းအိုးနံပါတ် တို့ ကို  သေသေချာချာ မှတ်သားနေ၏၊ အရေးကြီး၍ အသေအချာ အတိအကျဖြစ်ရန် အထူးဂရုပြုနေခြင်းဖြစ် ပါ၏၊ ဤသို့ဖြင့် ပန်းမဲ့ ပန်းအိုးကို မျက်နှာငယ်လေးနှင့် လာရောက်အပ်နှံသော အမျိုးသမီးငယ်လေး မင်း သားတော်လေးအနား ရောက်လောတော့၏၊ မင်းသားလေးသည် အမျိုးသမီးငယ်ကို ကြည့်၍ ပြောလိုက်၏ ၊ “ နှမငယ် နှမငယ်ရဲ့ ပန်းအိုးက ဘာပန်းပင်မှလည်း ပါမလာပါလားကွယ် ” ။
အရှင်မင်းသား နှမတော်ဟာ စိုက်ပျိုးမှုဘက် ထူးချွန်နာမည်ရ ဥယျာဉ်မှူးတစ်ယောက်ရဲ့ သမီးပါ။ စိုက် ပျိုးရေးနှင့် ပါတ်သက်၍ အဖေ့လက်ရာ အဖေ့ခြေရာကို အမီ နင်းနင်းသူ ဖြစ်ပါတယ်၊နှမတော်စိုက်ပျိုးသမျှ မရှင်သော မသန်သော မလှသော အပင်ဟူ၍ တစ်ခါမှ မကြုံဘူးသေးပါ။သို့သော် ယခုအရှင် မင်း သား  ပေးလိုက်သော မျိုးစေ့ မြေဆွေး ပန်းအိုးကို စိုက်ပျိုးသောအခါမှဘယ်လိုပင် ပြုစု ယုယ ပျိုးထောင် ပါသော်လည်း အပင်လေးမျှ ပေါက်လာခြင်း မရှိပါ၊ အရှင်မင်းသားရဲ့ ဖြစ်စေချင်တဲ့ အလှဆုံး အသန့်ဆုံး အမွှေးဆုံး ပန်းပင်စိုက်ပျိုး၍ ဆန္ဒကို ဖြည့်မပေးနိုင်သောကြောင့် နှမငယ်ကို ခွင့်လွှတ်တော်မူပါ အရှင် မင်းသား။
အမျိုးသမီးငယ်လေးက ဆန္ဒကို ဖြည့်မပေးနိုင်၍ စိတ်မကောင်း ဖြစ်နေသော်လည်း ဘုရင့်သားတော်လေးက
တော့ သူ့ဆန္ဒ ပြည့်ဝ၍ ၀မ်းသာနေပါ၏၊ ( ယင်းအဖြစ်ကိုတော့ အမျိုးသမီးငယ်လေး မသိသေးပါချေ၊ )။
ထို့ကြောင့် အမျိုးသမီးငယ်၏ နာမည် လိပ်စာ အလုပ်အကိုင်တို့ကို တိတိကျကျ သီးခြားရေးမှတ်ထားလိုက်၏၊
အမျိုးသမီးငယ်လေးများ၏ လက်ထဲ၌ ပန်းအိုးများ မရှိတော့၊ သို့သော် သူ့တို့၏ ရင်ထဲ၌ကား ကြင်ယာတော်
အဖြစ် မျှော်လင့်ချက် ကိုယ်စီရှိနေကြပါ၏၊ ထို့ကြောင့် ဘုရင့်သားလေးတော်လေးမျက်နှာကို စူးစူးစိုက် စိုက်ကြည့်နေကြရင်း ဘုရင့်သားတော်လေး နှုတ်မှ ပြောကြားလိုက်မည့် “ ကြင်ယာတော်၏ နာမည် ” ကိုလည်း ကိုယ်စီနားစွင့်နေကြပါ၏၊
ဘုရင့်သားတော်လေးသည် ပန်းပင်မဲ့ ပန်းအိုးလေးကို အမျိုးသမီးထု မြင်မြင်သာသာ ရှိအောင် မြှောက်ကိုင်
ပြရင်းမှ “ ဤ ပန်းအိုး ပိုင်ရှင်ကို ကြင်နာတတ်သော ကြင်ယာတော်အဖြစ် ရွေးချယ်လိုက်ပြီဖြစ်ကြောင်း ” ကြေညာလိုက်တော့၏၊
ထိုအခါ ……။                                                    (ဆက်ရန် ) ကောင်းသစ်..
Sunday, February 12, 2012
မတူညီသော အမြင်များ
သားသမီးများစွာရှိသူသည် သားသမီးတို့ဖြင့် နှစ်သက်ရ၏၊ ထို့အတူသာလျှင် နွားများစွာရှိသူသည် နွားတို့ဖြင့်
သက်ရ၏၊ လူအပေါင်းအား ကာမချမ်းသာ၏တည်ရာ (ဥပဓိ) တို့ဖြင့်နှစ်သက်ရ၏။ အကြင်သူသည် ကာမချမ်း
သာ၏တည်ရာ ( ဥပဓိ ) မရှိ။ ထိုသူသည် မနှစ်သက်ရသည်သာတည်း။(နတ်သား)
သားသမီးများစွာရှိသူသည် သားသမီးတို့ဖြင့် စိုးရိမ်ရ၏၊ ထို့အတူသာလျှင် နွားများစွာရှိသူသည် နွားတို့ဖြင့်
စိုးရိမ်ရ၏၊ လူအပေါင်းအား ကာမချမ်းသာ၏တည်ရာ (ဥပဓိ) တို့ဖြင့် စိုးရိမ်ရ၏၊ အကြင်သူသည် ကာမချမ်း  သာ၏တည်ရာ ( ဥပဓိ ) မရှိ။ ထိုသူသည် မစိုးရိမ်ရသည်သားတည်း ( မြတ်ဗုဒ္ဓ )။
နွားပျောက်ရှာပုံတော် ၂
               ပုဏ္ဏား .. ငါ့မှာ နွားမရှိ၍ နွားနှင့်ပါတ်သက်သော သောက ဒုက္ခလည်းမရှိပါ။ ထို့ကြောင့် သင်ကြုံတွေ့နေ ရသော နွားပျောက်ဒုက္ခ မရှိ၊ ငါသည် ချမ်းသာစွာ နေရပါ၏။
ပုဏ္ဏား  ငါ့မှာ စိုက်ပျိုးထားသော နှမ်းခင်းလည်း မရှိ၊ ထို့ကြောင့် နှမ်းခင်းပျက်ခြင်း ပိုးကျခြင်း   နှမ်းငုတ် တို့ကို   မြင်ရခြင်းကြောင့်ဖြစ်သော သောက ဒုက္ခ ဖြစ်ရခြင်းလည်း မရှိပါ။ ယင်းသို့ မရှိ၍လည်း ငါသည် ချမ်းသာ စွာ နေရပါ၏။
ဤသို့ စသည်ဖြင့် မြတ်စွာဘုရားသည် ပုဏ္ဏား၌ရှိသော နွား၊ နှမ်းခင်း ၊ဘဏ္ဍာတိုက် ၊ဥပ္ပွါဋကပိုးရှိသော အခင်း ၊သားသမီးတွဲလောင်းနှင့်ကျန်ရစ်ခဲ့သော သမီးမုဆိုးမ ၊မျုက်စီနီကြောင်ကြောင် မှဲ့ပျောက်အရောင် တို့ဖြင့်ပြည့်နှက်နေသော ခြေထောက်ဖြင့် ကန်ကျောက်နှိုးတတ်သော ဇနီးကြမ်း၊ ကြွေးတောင်းသူများ မရှိပါ၊ ထို့ကြောင့် ယင်းတို့နှင့်ပါတ်သက်သော သုခ သောက ဒေါမနဿ ဒုက္ခမှန်သမျှသည်လည်း င့ါမှာ ဘာတစ်ခုမှ မရှိပါ။ သို့ဖြစ်၍ ငါ့သည် ချမ်းသာစွာနေရပါ၏။ (နတ္ထိသုခ - မရှိချမ်းသာ )။
ရှင်တော်မြတ်ဘုရား၏ ( လောကီအာရုံများ ) မရှိမှုကြောင့် လွတ်လပ်မှု အေးချမ်းမှု စိတ်ချမ်း သာ စွာနေရမှုများကို တစ်ခုစီ တစ်ခုစီထုတ်နှုတ်၍ ဟောကြားလိုက်သောအခါ “ နတ္တိသုခ ” မရှိ ချမ်းသာကို သဘောပေါက်နားလယ်သွားတော့၏
ပုဏ္ဏားကြီးသည် သူ့အမြင်ရှင်းသွားပုံကို ဘုရားရှင်အား ဤသို့လျှောက်ထားလိုက်ပြန်၏အရှင်ဘုရား၏ ရှင်းပြမှု ဟောပြမှုဟာ နှစ်လိုဖွယ်ရှိလှပါသည်ဘုရား၊ ဥပမာလေးနှင့်ပြောရမည်ဆိုလျှင် . မှောက်ထား အရာဝတ္ထုကို လှန်၍ပြလိုက်သလို . ဖုံးအုပ်ထားသော အရာဝတ္ထုကိုဖွင့်လှစ်ပြလိုက်သလို . မျက်စိလည် ခရီးလမ်းမှားနေသူအား လမ်းမှန်ကို ညွှန်ပြလိုက်သလို .မျက်လုံးကောင်းသူများ မြင်နိုင်ရန် အမိုက်မှောင်ထဲ၌ မီးထွန်း၍ ပြလိုက်သလို ပါဘုရား။အကြောင်းအကျိုး နည်းပရိယာယ်အမျိုးမျိုးဖြင့် “ ဓမ္မ ” ကို နား လယ်အောင် ဟောကြားတော်ပြောပြတော် မူတတ်ပါပေသည်ဘုရား။
တပည့်တော်သည် “ ဗုဒ္ဓ ဓမ္မ သံဃ ” ရတာသုံးဝကို ကိုးကွယ်ဆည်းကပ် သိမှတ်ပါ၏ဘုရား၊ထို့အပြင် ရှင်တော်မြတ်ဘုရားအထံတော်မှာ ရှင်အဖြစ် ရဟန်းအဖြစ် ရလိုပါ၏ဘုရား၊ ပုဏ္ဏားကြီးသည် ဘ၀ဒုက္ခ လူ မှုရေးဒုက္ခတို့ကို ငြီးငွေ့သွားလေပြီ၊ ထို့ကြောင့် ဘ၀ဒုက္ခမှ လွတ်မြောက်ကြောင်း ရှာဖွေရန် ရှင်တော်မြတ် ဘုရားအား ရဟန်းပြုခွင့် တောင်းခြင်းဖြစ်၏၊ လွတ်မြောက်လမ်းစကို ဆုပ်ကိုင်လိုက်ခြင်းဖြစ်၏။
ရှင်တော်မြတ်ဘုရားသည် စောစောကပင် ပုဏ္ဏားကြီး အမြင်မှန် အသိမှန် ရဖို့အတွက် ကြိုတင်စောင့် ကြိုနေခြင်းဖြစ်၏။ ယခု မျှော်မှန်းတွက်ဆထားသည့်အတိုင်း ရှင်ရဟန်းပြုရန် ခွင့်တောင်းသောအခါ ပုဏ္ဏားကြီးအား (ဧဟိဘိက္ခု) ရဟန်းပြုပေးပြီး ဇေတ၀န်ကျောင်းတော်သို့ ပြန်ကြွတော်မူကာ နောက်တစ်နေ့ ဆွမ်းခံကြွတော်မူသောအခါ နောက်တော်ပါး ပစ္ဆာသမဏအဖြစ် ခေါ်ဆောင်၍ ကောသလမင်း နန်းတော်သို့ ကြွတော်မူ၏၊
ကောသလမင်းကြီးသည် ရှင်တော်မြတ်ဘုရားအား နန်းတော်အပေါ်သို့ ပင့်ဆောင်၍နံနက်ချိန်ခါဖြစ်ရကား အာရုံဆွမ်းအဖြစ် ယာဂုဆွမ်းကို သပိတ်ထဲသို့ လောင်းလှူရန် ပြင်ဆင်တော့၏၊ ရှင်တော်မြတ်ဘုရားသည် ယာဂုကို အလှူမခံလိုသေး၍ သပိတ်ကို လက်တော်ဖြင့်ပိတ်လိုက်၏။
ကောသလမင်းကြီး ထိန်လန့်သွား၏၊ သူ့မှာ အပြစ်ရှိ၍ ရှင်တော်မြတ်ဘုရားက ယာဂုဆွမ်းကိုပယ်မြစ်သည်ဟု ထင်နေ၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်၏ ခြေတော်ကို ဦးဖြင့်တိုက်၍ “ တပည့်တော်မှာ အပြစ်ရှိခဲ့လျှင် သိခံခွင့်လွှတ်တော်မူပါဘုရား ” ဟု တောင်းပန် လျှောက်ထားလေတော့၏၊ ရှင်တော်မြတ်ဘုရားက ဘုရင် မင်းကြီးမှာ အပြစ်တစ်စုံတရာမရှိကြောင်း မိန့်ကြားလိုက်သောအခါမှ စိတ်သက်သာရ ရသွားတော့၏။
ကောသလမင်းကြီးက ဆက်လက်၍ ယင်းသို့ဖြစ်လျှင် အဘယ့်ကြောင့် တပည့်တော်၏ ယာဂုဆွမ်းကို အလှူမခံတာပါလဲဘုရားဟု အကျိုးအကြောင်း လျှောက်ထားသောအခါ “ ပလိဗောဓ”ကြောင့်ကြဖွယ်ကိစ္စ ရှိနေသေး၍ အလှူမခံသေးကြောင်း မိန့်ကြားလိုက်၏၊ ဘုရာမင်းကြီးကဆက်လက်၍ ယင်းပလိဗောဓကို သူ တာဝန်ယူ ဖြေရှင်းပေးမည်ဖြစ်ကြောင်း လျှောက်ထားသောအခါမှ ယာဂုဆွမ်းကို လက်ခံ၍ ဘုဉ်းပေး တော် မူ၏။
ဆွမ်းကိစ္စ ပြီးသောအခါမှ ကောသလမင်းကြီးက “ ရှင်တော်ဘုရား ရှင်တော်မြတ်ဘုရားသည် စကြာဝတေး မင်းစည်းစိမ်ကို ငဲ့ကွက်ခြင်း လုံးဝမရှိပါဘဲ စွန့်လွှတ်ခဲ့၍ ရှင်ရဟန်းအဖြစ်ရယူကာလောကအားလုံး၌ အမြတ် ဆုံး အထွဋ်အထိပ် ဘုရားရှင် အဖြစ်သို့ ရောက်တော်မူနေပါ၏။ ယင်းသို့ ဖြစ်ပါလျှက် ပလိဗောဓ ရှိနေသေး သည်ဆိုလျှင် မည်ကဲ့သို့သော ပလိဗောဓပါနည်းဘုရား ”ဟု မေးလျှောက်လေ၏
သားသမီးအရေးသည် မိဘအရေးဖြစ်၏၊ တပည့်အရေးသည် ဆရာသမားအရေးဖြစ်၏၊ တိုင်းသူပြည်သား အရေးသည် ပြည့်ရှင်မင်း၏ အရေးကိစ္စဖြစ်၏။ ယခု ငါဘုရားထံ တပည့်ခံ၍ ရဟန်းပြုလာသော  ဤရ ဟန်းကြီး၏ အရေးကိစ္စသည် ငါဘုရား၏ အရေးကိစ္စပင် ဖြစ်တော့၏
( ကြွေးမကင်းသူကို ရဟန်းပြုမပေးထိုက်၊ ထို့ပြင် ကြွေးများရှိနေလျှင် တရားအားထုတ်ရာ၌လည်း စိတ်ဖြောင့် မည်မဟုတ်၊ စိတ်အစဉ်၌ ကြွေးရှင် မြီးရှင်များသည် အရိပ်သဖွယ် ထင်နေမည်သာ ဖြစ်၏၊ ထိုသို့ဖြစ်လျှင် တရားထူးလည်း ရနိုင်တော့မည် မဟုတ်ပေ၊ ထို့ကြောင့် ရှင်တော်မြတ်ဘုရားက “ ဣဏပလိဗောဓ   ကြွေးမြီကိစ္စကို ” ကြောင့်ကြစိုက်၍ ဖြေရှင်းပေးခြင်းဖြစ်ပါ၏ )
ကောသလမင်းကြီးသည် ဘုရားရှင်၏ ဆရာတပည့်စိတ်ဓာတ်ကို သဘောပေါက်သွား၏၊ တပည့်သည် ဆရာ့ အပေါ် တာဝန်ကျေရန်လိုအပ်သလို ဆရာကလည်း တပည့်အပေါ် တာဝန်ယူရန်လိုအပ်ပါ၏။ သို့မှသာ အစုံညီမျှသွားပေမည်။ ငါက ဆရာ၊ ငါက မိဘ၊ ငါက ရှင်ဘုရင်ဟူသော ဘက်ပဲ့ တဘက်စောင်းနင်း စိတ်ဓာတ်သည် ဆရာပီသသူ မိဘပီသသူ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေသော ဘုရင်ပီသသူတို့ မထားသင့် မထားထိုက် မထားအပ်သော စိတ်ဓာတ်ဖြစ်ကြောင်းကိုလည်း ကောသလမင်းကြီးသည် ကောင်း ကောင်း သဘောပေါက်ထားသူ ဖြစ်၏။
ထို့ကြောင့်ကောသလမင်းကြီးသည် တပည့်နှင့်ပတ်သက်၍ ဘုရားရှင်၌ရှိနေသောပလိဗောဓ ကြောင့်ကြဖွယ် ကိစ္စကို ပြေလည်သွားစေရန် ဖြေရှင်ပေးရန် ရဟန်းကြီးထံသို့ ချဉ်းကပ်၍ ဘယ်ပလိဗောဓများ အရှင်ဘုရား မှာ ရှိနေပါသလဲဘုရားဟု မေးမြန်းလျှောက်ထားလိုက်၏။
ရဟန်းကြီးက မိမိမှာ လောကီကို ငြီးငွေ့၍ ၀တ်ကြောင်မှ လွတ်အောင်ရုံးခဲ့သော်လည်း လူ့ဘ၀က တင်ရှိနေ
သော ဣဏပလိဗောဓ ကြွေးနှင့်ပတ်သက်သော ကြောင့်ကြစိတ်များ လွှမ်းမိုးနေပါကြောင်း   ဖြေကြား လိုက်၏။
ပုဏ္ဏားကြီး ယူသုံးထားသော အကြွေးစာရင်များမှာ များလွန်းလှသောကြောင့် မင်းချင်းများကို  စည်တီးစေ၍ 
“ ဗဟုဓီတိက ” ပုဏ္ဏားကြီးထံ ရစရာ ကြွေးရှိသူများ မင်းရင်ပြင်သို့ လာရောက်ရန် အသိပေး  ခေါ် ယူ လိုက် လေ၏၊ ဘုရင်မင်းမြတ်သည် ကိုယ်တိုင်ပင် ကြီးကြပ်၍ ကြွေးရှင်များ၏စာရွက်ကို စီစစ်ကာ အပြည့် အ၀ ပေးချေလိုက်လေ၏။
ကြွေးမြီးကိစ္စ ပြီးသွားသောအခါ တစ်ခြားကြောင့်ကြများ ရှိပါသေးသလားဟု မေးလျှောက်ပြန်၏၊ သမီးခု နစ်ယောက် ကျန်သေးကြောင်း ပြောသောအခါ သမီးများကို ဘုရင်မင်းကြီးမှ မွေးစားသမီးအဖြစ် သတ်မှတ် ၍ သင့်တော်ရာသို့ အပ်နှံလိုက်၏၊ ပုဏ္ဏားကြီး၏ ဇနီးကိုကားဘုရင်မင်းကြီးမှ အဖွါးအရာထား၍စောင့်ရှောက်     ထားလိုက်၏၊ နောက်ထပ်ကြောင့်ကြဖွယ် ရှိမရှိ မေးလျှောက်သော အခါ  ကြောင့်ကြ ဖွယ်မရှိတော့ သည့်အကြောင်း ဖြေကြားလိုက်၏။
ဘုရင်မင်းကြီးသည် ပလိဗောဓများကို ပြေလည်အောင် ဖြေရှင်းပေးပြီးနောက် သင်္ကန်းအစုံတို့ကို ရဟန်းကြီး အား လှူဒါန်းကာ မိမိ၏ ဤသင်္ကန်းကို ၀တ်ရုံသုံးဆောင်၍ ရဟန်းအဖြစ်ရယူကြောင်း အသိ အမှတ်ပြု ရန်   လျှောက်ထားလေ၏၊ ထို့နောက် ဆက်လက်၍ ပစ္စည်းလေးပါးကို မိမိတာဝန်ယူမည်ြ ဖစ်ကြောင်း  နှင့် ရဟန်းဘ၀၌ ဘုရားရှင်၏စိတ်ကျေနပ်လောက်သည်အထိ ရဟန်းတရားအားထုတ်ရန်မှာ ရဟန်းကြီး၏ တာဝန်သာဖြစ်ကြောင်းကိုပါ ထည့်သွင်းလျှောက်ထားလိုက်၏။
မထေရ်မြတ်ကြီးမှလည်း မိမိတာဝန်ကျေအောင် အစွမ်းကုန် ရဟန်းတရားကို ကြိုးစားအားထုတ် သွားမည်
ဖြစ်ကြောင်း ပြန်လည် မိန့်ကြားလိုက်၏။
မထေရ်မြတ်ကြီးသည် “ ပြောသလိုပင် လုပ်ပြသွားသော စံပြရဟန်းတော် ” ဖြစ်ကြောင်းကို ရလာဒ်က သက်သေ ခံနေပါ၏။ မှန်၏ မထေရ်မြတ်ကြီးသည် ရဟန်းတရား အားထုတ်ရာ မကြာမြင့်သော ကာလ မှာပင်  အာ သဝေါ ကင်းသော ရဟန္တာတစ်ပါး ဖြစ်သွားသောကြောင့်တည်း။
ထိုအခါ မထေရ်မြတ်ကြီး နှလုံးသား၌ အလင်းရောင် အသိတန်းလေး လင်းလက်သွားသည်ကိုသတိထားမိ လိုက်၏၊ မထေရ်မြတ်ကြီး သတိထားမိလိုက်သော အလင်းတန်း အသိလေးမှာ“ ပဋိသန္ဓေနေမှု ကုန်ပြီ၊  မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီး၊ မဂ်ကိစ္စကို ပြုပြီး၍ ( အရတ္တမဂ် ဖိုလ် ဥာဏ်ထိ ထိုးထွင်း သိ 
မြင်ပြီး၍ ) မဂ်ကိစ္စအလို့ငှာ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ ” ဟူ၍ဖြစ်ပါသတည်း။
ဗဟုဓီတိက ပုဏ္ဏားကြီးသည် နွားပျောက်ရှာရင်းမှသည်.............. တရားပေါက်သော မထေရ်မြတ်ကြီး တစ် ပါး  ဖြစ်သွားလေပြီ။
                                                                        ကောင်းသစ်..                                                
                                                    ပြီးပါပြီ။
Sunday, January 22, 2012
စီးပွါးဥစ္စာ ယိုပေါက်များ
လောက၌ စီးပွါးဥစ္စာ မတည်ကြောင်း အပေါက်တို့သည် ခြောက်ပါးတို့တည်း၊ 
                  ပျင်းရိခြင်းလည်းကောင်း၊ မေ့လျှော့ခြင်းလည်းကောင်း၊ ထကြွလုံ့လ မရှိခြင်းလည်းကောင်း၊
                  မစောင့်စည်းခြင်းလည်းကောင်း၊ အအိပ်ကြူးခြင်းလည်းကောင်း၊ အလုပ်၌ မမွေ့လျှော်ခြင်း
                  လည်းကောင်း၊ ဤသို့ ထိုခြောက်ပါးသော အပေါက်တို့ကို အချင်းခပ်သိမ်းပိတ်ဆို့ရာ၏။
                     အကြင်သူသည် ကဲ့ရဲ့သင့်သူကို ချီးမွမ်း၏၊
                     အကြင်သူသည်ကား ချီးမွမ်းသင့်သူကို ကဲ့ရဲ့၏။
                     ထိုသူသည် ပါးစပ်ဖြင့် အပြစ်ကို ဆည်းပူးသည်မည်၏။
                     ထိုအပြစ်ကြောင့် ချမ်းသာကို မရနိုင်။
Friday, January 20, 2012
မတူညီသော အမြင်
အကြင် အကြင် ကောင်းမှု မကောင်းမှုမှ စိတ်ကို တားဖြစ်ရာ၏။ ထိုထို ကောင်းမှု မကောင်းမှုကြောင့်
ဆင်းရဲသည် ထိုပုဂ္ဂိုလ်သို့ မရောက်။ ထိုပုဂ္ဂိုလ်သည် အလုံးစုံသော ကောင်းမှု မကောင်းမှုမှ စိတ်ကို
တားမြစ်ရာ၏။ ထိုပုဂ္ဂိုလ်သည် အလုံးစုံသော ဆင်းရဲမှ လွတ်၏ ( နတ်သား )
အလုံးစုံသော ကောင်းမှု မကောင်းမှုမှ စိတ်ကို မတားမြစ်ရာ၊ စောင့်စည်းခြင်းသို့ ရောက်သော စိတ်ကို
မတားမြစ်ရာ၊ အကြင် အကြင် သဘောမှ မကောင်းမှုစိတ်ဖြစ်၏၊ ထိုထို သဘောမှ (မကောင်းမှုမှ )
စိတ်ကို တားမြစ်ရာ။ ( မြတ်ဘုရား)
နွားပျောက်ရှာပုံတော်.၁
. . . ရှာတာက နွား၊ တွေ့တာက ဘုရား၊ လျှောက်ထားတာက သောကစကား၊ နာရတာက ၀ိမုတ္တိတရား၊
( သူ့အတွက် ) ပွင့်သွားတာက နိဗ္ဗာန်တံခါး ။
မြတ်စွာဘုရားရှင်သည် ကောသလတိုင်း ညို့ညို့မှိုင်းသည့် တောအုပ်တစ်ခု၌ သီးတင်းသုံး နေတော်မူစဉ် အချိန်က ဖြစ်၏။ဘာရဒွါဇ အနွယ်ဖြစ်သော ပုဏ္ဏားတစ်ယောက်သည် နွားပျောက်ရှာရှင်း ရှာရင်း သစ်ပင် ရင်းဝယ် ထက်ဝယ်ဖွဲ့ခွေ အမှတ်သတိဖြင့် ထိုင်နေတော်မူသော ဘုရားရှင်အား တွေ့မြင်ရ၍ သူ၏ ကြုံတွေ့ ခံစားနေ ရသော လူမှု ဒုက္ခများကို ငြီးတွားရင်း ဖွင့်ဟလျှောက်ထား လေ၏။
ငြီးတွားရွတ်ဆို ရင်ဖွင့်လျှောက်ထားသော စကားများမှာ….
        ကျွန်ုပ်သည် တောင်သူလယ်သမားဖြစ်၏၊ တောင်ယာလုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ရာ၌ လွန်စွာ အသုံးဝင်သော ခိုင်းနွား တဆယ့်လေးကောင်ရှိပါ၏၊ ယခု နွားများပျောက်သွား၍ လိုက်ရှာသည် မှာ ခြောက် ရက်မြောက်ပင်ရှိချေပြီ။ နွားရှိခြင်းကြောင့် သုခဖြစ်ခဲ့သလို ယခုတော့ နွားရှာမတွေ့ခြင်းကြောင့်   နွားကြောင့်ဖြစ်သော သောကကိုလည်း ခံစား နေရပါ၏။
                  ဤရဟန်းမှာတော့ ငါကဲ့သို့ နွားမရှိ နွားပျောက်မရှိ၍ သောကကင်းကွာ ချမ်းသာစွာ နေရလေ
ယောင်တကား။
ကျွန်ုပ်သည် တောင်သူလယ်သမားဖြစ်၍ လယ်၌စပါး ယာ၌ နှမ်းများ စိုက်ပျိုးထားပါ၏။ စိမ်းစိုသော နှမ်းများ ကို ကြည့်ရင်း ( နှမ်းထွက်ကို မှန်းချက်ဖြင့် စိတ်ကူးရင်း ) ရင်တွင်းပီတိဖြစ်ရပါ၏။ သို့သော် ယခုသော်ကား -
( ပိုးများကျ၍ )တစ်ရွက်နှစ်ရွက်သာ ကျန်တော့သည့် နှမ်းငုတ်တိုများကို မြင်နေရ၍ သောက ဖြစ်နေရပါ၏။
သစ်တစ်ပင်းရင်း၌ အေးဆေးစွာနေသော ဤရဟန်းမှာတော့ ငါကဲ့သို့ နှမ်းခင်း နှမ်းကွက် နှမ်းပျက်မရှိ၍ ချမ်းသာစွာ နေရလေယောင်တကား။
ကျွန်ုပ်မှာ တောင်သူဖြစ်သည့်အားလျှော်စွာ လယ်ယာမှ ရလာသော စပါး ကောက်ပဲသီးနှံများ သိမ်း ထားရန် ကျီ ( ဘဏ္ဍာတိုက် ) များ ရှိပါ၏၊ ငှက်မှာ ဖျက်တာကျီး၊ တောမှာဖျက်တာ မျောက် ၊ အိမ်မှာ ဖျက်တာ ကြွက်ဆိုသည့်အတိုင်း ကျီထဲ၌ဆူညံစွာ ဖျက်ဆီး သောင်းကျန်းနေသော ကြွက်များ ကြောင့်ဖြစ်သောဒေါ  သနှင့်သောက နှိပ်စက်ခံနေရ၍ စိတ်ဆင်းရဲလွန်းလှပါ၏။
                သစ်တစ်ပင်းရင်းမှာ အေးချမ်းစွာနေသော ဤရဟန်းမှာတော့ ငါကဲ့သို့ ကျီမရှိ၍ ကျီမှဖြစ်သော
ကြွက်ဒုက္ခကင်းဝေး၍ သောကင်းကွာ ချမ်းသာစွာ နေရလေယောင်တကား။
ကျွန်ုပ်မှာ ဇနီးရှိပါ၏၊ သမီးများလည်းရှိပါ၏၊ သို့သော် သူတို့သည် အိမ်တွင်းသန့်ရှင်းရေးလုပ်ရန် ပျင်းရိသူ များ ဖြစ်ပါ၏၊ ထို့ကြောင့် ကျွန်ုပ်၏အိပ်ရာ ဖျာသင်ဖျူးများသည် ဥပ္ပါဋကပိုးတို့ဖြင့် သောင်းကျန်း လျှက်ရှိ သည် မှာ ခုနစ်လပင် ကြာမြင့်ခဲ့ပေပြီ၊ အိပ်ချင်သော်လည်း ပိုးများ ခဏ ခဏ ကိုက်ခဲမှုကြောင့် အိပ်မရသော အိပ်ရေးမ၀သော ညများကို ဖြတ်ကျော်နေရသည်မှာကြာမြင့်ခဲ့လေပြီ။ ( ဥပ္ပါဋက - အရေအသားကို ခွါနှုတ် ကိုက်ခဲတတ်သောပိုး၊ သမ်း ကြမ်းပိုး စသည် )။
         ဤရဟန်းမှာတော့ ယင်းကဲ့သို့ ဥပ္ပါဋကပိုးတို့ဖြင့် နှိပ်စက်ခံရခြင်းမရှိ၍ ချမ်းသာစွာ နေရလေယောင် တကား။
ကျွန်ုပ်မှာ သမီးခုနစ်ယောက် ရှိပါ၏၊ ( ငယ်သောသမီး ကျီးသော ထီးဆိုသော်လည်း ကျွန်ုပ်၏ သမီး များမှာ နားခိုစရာ ထီးအဖြစ် တစ်ယောက်မှ မပါကြ၊ ငယ်သော သမီး ကျီးသောမီး ဆိုသည့်အတိုင်း မီးကဲ့သို့ ပူလောင်မှုကို သယ်ဆောင်လာသူ ပေးသူများသာဖြစ်နေပြန်ပါ၏။ ) ယင်းသမီးခုနစ်ယောက်လုံးသည် သား တွဲလောင်း သမီးတွဲလောင်း မုဆိုးမ ဘ၀ဖြင့် ကျွန်ုပ်အိမ်သို့ (မိဘရပ်ဌာန်သို့သာ) ပြန်လာ နေထိုင်ကြပါ၏။ အဖမဲ့မြေး လူလားမမြောက်သေးသည့်မြေး ခင်ပွန်းမဲ့သမီးလေးများကို ကြည့်ရင်း ကြည့်ရင်း ရင်တွင်း မှာသောကတွေပွါး စိတ်မချမ်းမြေ့မှုများစွာ ဖြစ်နေရပါ၏။
သစ်တစ်ပင်းရင်းမှာ အေးချမ်းစွာ ထိုင်နေသော ဤရဟန်းမှာတော့ သားသမီးတွဲ လောင်းနှင့် ကျန်ရစ်နေရှာသော သမီး မုဆိုးမများ မရှိသောကြောင့် ကြောင့်ကြမဲ့ ချမ်းသာစွာ နေရလေယောင်တကား။
      ကျွန်ုပ်၌ ( ရှု၍မငြီး ချစ်၍ မ၀ထဲတွင် မပါဝင်သော ) မျက်စီနီကြောင်၍ မှဲ့မည်းရှိသော ဘ၀လက် တွဲဖေါ် ( ခင်ပွန်းအပေါ် အကြင်နာမဲ့သော ) ကြင်ဖေါ်ဇနီး ရှိပါ၏။သူသည် အိပ်ရေးမ၀ တ၀ဖြင့် အိပ်နေသော ကျွန်ုပ်ကို နှိုးသောအခါ ( မယဉ် မကြေး) ခြေထောက်မြင့် ကန်ကျောက်၍နှိုးပါ၏၊
                သစ်တစ်ပင်းရင်း၌ စိတ်အေးချမ်းစွာ နေသော ဤရဟန်းမှာတော့ ငါကဲ့သို့ ခြေထောက်ဖြင့်ကန်
ကျောက်အနှိုးခံရသော အဖြစ်ဆိုး မကြုံတွေ့ရသောကြောင့် ချမ်းသာစွာ နေရလေယောင် တကား။
      နာတာရှည်ရောဂါစွဲကပ်သူ ကြွေးမြီများသူများသည် လူမသေခင်က ဘ၀သေနသူများဖြစ်ပါ၏ ထိုထဲ တွင် ကျွန်ုပ်လည်း ကြွေမြီးမကင်းသူ ( ကြွေးထူသူ ) ဖြစ်သောကြောင့်သေလူဖြစ်နေရပါ၏။နံနက် မိုး လင်း ပြီ ဆိုလျှင် (စားဝတ်နေရေး အိမ်တွင်းရေး အဆင်မပြေရသည့်အထဲ) ကြွေးရှင် များ၏ “ ပေး ကုန်လော ပေးကုန်လော ” ဟူသော ( အမင်္ဂလာ ) ကြွေးတောင်းသံကို မကြားချင်သော်လည်း ( မိမိ က ကြွေးယူထားသူ ကြွေးမဆပ်နိုင်သေးသူ ဖြစ်နေသောကြောင့်) ကြားနေရပြန်ပါ၏၊ နားချမ်းသာသော နံနက်ခင်းဟူ၍ မရှိသော ကျွန်ုပ်မှာ သောကဖြင့် ဘ၀ကို ရုံးကန်နေရပါ၏၊
              သစ်တစ်ပင်ရင်းမှာ အေးဆေးစွာ ထိုင်နေသော ဤရဟန်းမှာတော့ ကြွေးမြီတောင်းသူ မရှိသော
ကြောင့် ချမ်းသာစွာ နေရလေယောင်တကား။
       ဘာရဒွါဇအနွယ်ဖြစ်သော တောင်သူပုဏ္ဏားကြီးသည် မိမိကြုံတွေ့ခံစားနေရသော သောကကို တစ်ခုစီ တစ်ခုစီ ဆွဲဆန့်ရင်း သစ်တစ်ပင်ရင်းမှာ အေးချမ်းစွာ သီတင်းသုံးနေသော ရှင်တော်မြတ်ဘုရား၏ဘ၀နှင့်  မိမိဘ၀ကို နှိုင်းချိန် နှိုင်းချိန်၍ ရင်ဖွင့်ပြောကြား လျှောက်ထားနေခြင်းဖြစ်၏။ “ နွား လယ် ယာ   တောင်သူလုပ်ငန်း ဇနီး သမီး မြေး ” စသည်များကို ဘ၀၏သုခများဟု ယခင်က ထင်မှတ်ထားခဲ့၏၊ ယခုတော့ သူထင်ခဲ့သော သုခများ သည် သောကများ ဖြစ်နေသည်ကို ကြုံတွေ့နေရသော အခါ မြိုသိပ် မထားနိုင်တော့ပဲ ပွင့်အန်ထွက်ကျလာခြင်း ဖြစ်ပါ၏။
လောကီသုခမှန်သမျှ၌ သာယာဖွယ်ရှိ၏၊(အဿာဒ) ၊အပြစ် (ဘေးထွက်ဆိုးကျိုး ) ရှိ၏(အာဒီန၀)၊ ထွက်မြောက်ကြောင်းနည်းလမ်းရှိ၏(နိဿရဏ)
                                                                 ဆက်ရန် ကောင်းသစ်..
Saturday, January 14, 2012
ကံကို ဖွင့်သော သော့
သူဌေးဖြစ်သော သူတောင်းစား ဇနီးမောင်နှံတို့သည် နေစရာအဖြစ် သူတစ်ပါး၏ အိမ်နံရံကို  မှီခို၍ စားစရာ အဖြစ် သူတစ်ပါး၏ ပေးကမ်းစာ အကျန်အကြွင်းကိုစား၍ အသက်ရှင်နေရ၏၊
နေ့ပေါင်းများစွာထဲမှ ထို့တစ်နေ့ဝယ် ကျောင်းတော် တံခါးပေါက်နားလာ၍ သံဃာတော်များ၏ စားကြွင်း စားကျန်ကို စောင့်မျှော်နေ၏၊ ကိုရင်များသည် သံဃာတော်များကျန်သော ဆွမ်းကျန်ဟင်းကျန်များကို စုယူ၍ ထိုသူတောင်းစား ဇနီးမောင်နှံတို့ကိုလည်း ဝေငှ၍ပေးနေ၏၊ ယင်းအဖြစ်ကို မြင်တော်မူရ၍  ရှင်တော်မြတ် ဘုရားက စဉ်းငယ်မျှ သွားပေါ်ရုံ ပြုံးတော်မူ၏ ၊
(ကရုဏာကို အရင်းတည်သော သံဝေဂပြုံး ဖြစ်တော်မူရာပါ၏ )။ ဘုရားရှင်၏ ပြုံးတော် မူခြင်းကို အလုပ် အကျွေးဖြစ်သောအရှင်အာနန္ဒာက တွေ့မြင်လိုက်သောကြောင့် ဘုရားရှင် အား ပြုံးတော်မူခြင်း၏ အကြောင်း ရင်းကို မေးလျှောက်သောအခါ  ဤသို့ မိန့်ကြား တော် မူခဲ့ပါ၏
အာနန္ဒာ . . .
    ဤသူတောင်းစား ဇနီးမောင်နှံတို့သည် တစ်ချိန်က ဗာရာဏသီပြည်၌ ကုဋေပေါင်း တစ်ရာ့ခြောက်ဆယ် ( အမျိုးသားဘက်မှ ကုဋေရှယ်ဆယ်၊ ဇနီးသည်ဘက်မှ ကုဋေရှယ်ဆယ် )ကြွယ်ဝချမ်းသာသော သူဌေးကြီး များဖြစ်ခဲ့ကြ၏၊ သို့သော် ပညာမတတ်သော ဇနီးနောင်နံတို့သည် အပေါင်းမှား၍ အပျော်အပါးဘက်၌သာ စိတ်ညွတ်ကာ မိမိတို့ပိုင်ဆိုင်သော စည်းစိမ်ဥစ္စာတို့ကို သုံးဖြုန်းခြင်းဖြင့် အချိန်ကုန်ခဲ့ကြ၏။ သူတို့၏အသိုင်း အ၀ိုင်းများသည်မူးယစ်သမားများနှင့်ပျော်တော်ဆက်ကချေသည်များသာ ဖြစ်ကြ၏၊
           ပေးနိုင်ကမ်းနိုင် ချွေနိုင်တုန်းအချိန်၌ အားလုံးက သူတို့ဇနီးမောင်နှံကို ရံ၍နေကြ၏၊ ပစ္စည်းများကုန်
ခမ်း၍ မချွေနိုင်သောအချိန်၌ အားလုံးက စွန့်ခွါ၍သွားကြ၏၊မည်သူမျှ မရံကြတော့ချေ။ ( အခြွေ အရံဟူ သည် ခြွေတုန်း၌သာ ရံရိုးဓမ္မတာဖြစ်သည်ကို သတိမူသင့်ပါ၏)။ယခုတော့ နေစရာ မရှိ၊ စားစရာ မရှိ  ၊ မှီခိုစရာ မရှိ၊ အားကိုးစရာ မရှိ။ ခွန်းအားနှင့်အလုပ်လုပ်ရန် အားအင်လည်း မရှိတော့၊ ငါးမရှိသော ရေအိုင်၌ အတောင်ကျိုး၍ မပျံသန်းနိုင်သော ကြိုးကြာအိုကြီးများကဲ့ မှိုင်တွေ၍သာ နေရတော့၏။
အကယ်၍သာ ဤသူဌေးသားသည် ပထမအရွယ် နုနယ်စဉ်က ပစ္စည်းများကို အရင်းတည်၍ ကြိုးကြိုးစား စားနှင့် စီးပွါးရေးလုပ်ငန်း လုပ်ကိုင်ခဲ့ပါမူ ဗာရာဏသီပြည်ဝယ် ပထမတန်းသူဌေး( အဂ္ဂသေဋ္ဌိ ) ဖြစ်နိုင်ပါ၏၊ အကယ်၍ ရဟန်းပြုခဲ့၍ ရဟန်းတရား ကြိုးစားအားထုတ်ခဲ့ပါမူရဟန္တာ ဖြစ်နိုင်ရာပါ၏၊ သူဌေးကတော်သည် အနာဂါမ်ဖြစ်နိုင်ရာပါ၏
အကယ်၍ ဒုတိယအရွယ်မှာ ( အသိတရား ၀င်၍ ) ပစ္စည်းဥစ္စာတို့ကို အကျိုးမဲ့မဖြုန်းတီးပဲစီးပွါးရေးလုပ်ငန်း တက်တက်ကြွကြွ လုပ်ကိုင်ခဲ့ပါမူ ဤဗာရာဏသီပြည်ဝယ် ဒုတိယတန်းစားသူဌေးဖြစ်နိုင်ပါ၏ ရဟန်းပြု၍ ကြိုးကြိုးစားစားနှင့် တရားအားထုတ်ဖြစ်ခဲ့ပါမူ အနာဂါမ်ဖြစ်နိုင်ပါ၏၊ သူဌေးကတော်ကြီးသည်မူ သကဒါဂါမ် -
ဖြစ်နိုင်ပါ၏။
အကယ်၍ တတိယအရွယ်မှာ ( နောင်တ တရားရ၍ ) ကျန်ရှိနေသေးသော ပစ္စည်းဥစ္စာတို့ကို အချည်းနှီး အကျိုးမဲ့ မကုန်ခမ်းစေပဲ စီးပွါးရေးလုပ်ကိုင်ခဲ့ပါမူ တတိယတန်းသူဌေးတော့ ဖြစ်နိုင်ပါသေး၏၊ ရဟန်းပြု၍ ကြိုးကြိုးစားစားနှင့် တရားဘာဝနာအလုပ် အားထုတ်ဖြစ်ခဲ့ပါမူ သကဒါဂါမ်အဆင့်တော့ ဖြစ်နိုင်ပါသေး၏။ သူဌေးကတော်ကြီးသည်လည်း သောတာပန် အဆင့်လောက်တော့ ဖြစ်နိုင်ပါသေး၏။
သို့သော် ယခုသော်ကား လောကီအလုပ် ( စီးပွါးရေး ) လောကုတ္တရာအလုပ် ( တရားဘာဝနာ ရှုမှတ် ပွါး များခြင်း)ဘာတစ်ခုမျှဝီရိယစိုက်၍မလုပ်ခဲ့သောကြောင့် လောကဘက်မှရော ဓမ္မဘက်ကပါ ဆုတ်ယုတ် ကာ  လောကသုခ ဓမ္မသုခ နှစ်ဘက်လုံးမှ ဆုံးရှုံးနစ်နာရတော့၏။
     ယခုသော်ကား  ငါးမရှိတော့သော ရွှံနွံအိုင်ဝယ် အတောင်ကြိုးသော ကြိုးကြာအိုကဲ့သို့ ဖြစ်ခြေတော့၏၊ အတိတ်က ( ပြန်လည်သုံးစွဲ၍ မရသော ) အရိပ်များကိုသာ တွေးရင်းတွေးရင်း စားမြုံပြန်ကာ ပူဆွေး မှုသော က များဖြင့်သာ ဘ၀နေ၀င်ချိန်ကို ဆင်းရဲစွာဖြင့် စောင့်စားနေရရှာတော့၏။
      ယင်းဝတ္ထုကို ထောက်ဆ၍ ကံရှိသော်လည်း ၀ီရိယကူမှ ချမ်းသာသုခ အကျိုးပေးခွင့်ရမည်၊ ပါရမီ ရှိသော်လည်း ၀ီရိယကူမှ မဂ်ဖိုလ်ရမည်ဟူသော အသိကို အထူးသတိပြုရာပါ၏။ထို့ကြောင့် မိမိ၏အတိတ်က ဆည်းပူးခဲ့သော “ ပါရမီ - ကံ ” ကို  ချမ်းသာသုခ အကျိုးပေးခွင့်ရအောင် ကိုယ်စီကိုယ်စီ “ ၀ီရိယ ” သော့ဖြင့် ဖွင့်နိုင်ကြပါစေဟု .. .. .. ။
                              ( အကျယ်ကို ရှုလိုမူ ဓမ္မပဒ မဟာဓနသေဋ္ဌိပုတ္တ၀တ္ထုကို လေ့လာဖတ်ရှုနိုင်ပါ၏ )။
                                                              ပြီးပါပြီး     ကောင်းသစ်
Friday, December 23, 2011
ကံကို ဖွင့်သော သော့
သူမိုက်တို့သည် အရွယ်ရှိခိုက် မြတ်သောအကျင့်ကို မကျင့်လိုက်မိ၊ ဥစ္စာကိုလည်း မရလိုက်မိ သောကြောင့် ငါးကုန်ခမ်းသော ညွန်အိုင်၌ အတောင်ကျွတ်သော ကြိုးကြာအိုတို့ကဲ့သို့ အရွယ်လွန်သောအခါ  ကြံမှိုင်၍ သာ နေကြရကုန်၏။
သူမိုက်တို့သည် အရွယ်ရှိခိုက် မြတ်သောအကျင့်ကို မကျင့်လိုက်မိ၊ ဥစ္စာကိုလည်းမရလိုက်မိ သောကြောင့် 
လေးမှ လွတ်ပြီးနောက် အရှိန်ကုန်သော မြှားကဲ့သို့ ရှေးဖြစ်ဟောင်းသုခတို့ကို ညဉ်းတွား အောက်မေ့၍သာ   နေကြရ ကုန်၏။  ( ဓမ္မပဒ . မဟာဓနသေဋ္ဌိ )
ဗုဒ္ဓဘာသာသည် ကံကိုယုံကြည်သော ဘာသာဖြစ်၏၊ သို့သော် ကံကိုချည်း အားကိုးရသော ဘာသာတော့ မဟုတ်ချေ၊ ယင်းသို့ဖြစ်လျှက် တစ်ချို့က အရာရာ ကံကိုးချည်း ယိုးမယ်ဖွဲ့ ပုံချ တတ်ကြ၏၊ အရာရာ ( ချမ်း သာဆင်းရဲဟူသမျှ ) ကံပြုသမျှ “ နု ” ရသူဟု တစ်ထစ်ချ စွဲမှတ် ယူကြ၏။ ယင်းသို့ယူဆခြင်းသည် ဗုဒ္ဓဘာသာမှ ဘေးသို့ သွေဖယ်မှန်းမသိ သွေဖယ်သွား သည်ကိုသတိပြုသင့်ပါ၏၊ တနည်းအားဖြင့် အမှန်မှ အမှားသို့ ရောက်မှန်းမသိ ရောက်သွားခြင်းဖြစ်တော့၏။
ဆင်းရဲချမ်းသာ မှန်သမျှသည် ရှေးကံကြောင့်သာ ဖြစ်သည်ဟု ကံအကြောင်းတစ်ခုတည်းကိုသာ ယူဆခြင်း သည် အယူမှားတစ်ခုဖြစ်ဖြစ်၏ဟု မြတ်စွားဘုရားရှင်က အင်္ဂုတ္တရနိကာယ်၌ ဟောကြားထား သည်ကိုဖတ် ရှုနိုင်ပါ၏။
ခံစားမှု အားလုံးတို့သည် ရှေးကပြုခံဖူးသောအကြောင်းကြောင့်သာလျှင် ဖြစ်၏ဟု အယူရှိ -သော “ ပုဗ္ဗ ကတဟေတု”၊ ခံစားမှု အားလုံးတို့သည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူ သော အကြောင်းကြောင့်ဖြစ် ၏ဟု အယူရှိသော “ ဣဿရနိမ္မာနဟေတု ” ၊ ခံစားမှုအားလုံး တို့သည် အကြောင်းအထောက် အပန့်မရှိမူ၍ဖြစ်ဟုအယူရှိသော “ အဟေတု အပ္ပစ္စယာ ”ယင်း အယူ သုံးမျိုးကို “ မှားယွင်းသော အယူများ ” ဟု မြတ်စွာဘုရားဟောကြားတော်မူထားပါ၏။အကျယ်ကိုသိလိုမှု ယင်းသုတ်ကို ဖတ်ရှုနိုင်ပါ၏။
                                                   ( အင်္ဂုတ္တရနိကာယ် တိကနိပါတ် တိတ္ထာယတနသုတ် )။
 မျိုးစေ့ကြောင့် အပင်ပေါက်သည်မှန်သော်လည်း မျိုးစေ့တစ်ခုတည်းဖြင့် အပင်ပေါက်၍ မဖြစ် ပေ။ မြေ ရေ  (နေရာင်ခြည်နှင့်လေ) အကူအညီလည်း များစွာလိုအပ်ပါ၏။ ထို့အတူ ကံသည် အကျိုးပေးသည်ဆိုသော် လည်း ကံချည်းသက်သက် အားကိုနေ၍ မဖြစ်ပေ၊ရေလာမြောင်းပေး ဆိုသလို ကံအကျိုးပေးခွင့်ရအောင် 
“ ဆန္ဒ ၀ီရိယ ဥာဏ် သတိ ” အစရှိသည့် အခြံအရံများလည်း လိုအပ်ပါ၏ိ
ထို့ကြောင့် မန်လည်ဆရာတော်ဘုရားကြီးကလည်း မဃဒေ၀မှာ “ မကောင်းလည်းကံ ကောင်းလည်းကံဟု ကံကိုချည်းသာ မကိုးရာဘူး၊ ဥစ္စာဘောဂ ဇီဝိတနှင့် သုခပွါးရန် ဤလူ့ ဌာန်၌ ဥာဏ် ၀ီရိယ ပယောာဂတည်း ” ဟု သတိပေး ဆုံးမခဲ့ပါ၏
      ထို့ပြင် ကံအကျိုးပေးခွင့်ရဖို့အတွက် ၀ီရိယစသည် လိုအပ်ကြောင်းကို ဓမ္မပဒလာ အောက်ပါဝတ္ထု ဖတ်ရှုခြင်းဖြင့်လည်း သိသာထင်ရှားလှပါ၏။
                                                                                           ဆက်ရန် . ကောင်းသစ်
Tuesday, October 11, 2011
သီတင်းကျွတ်ပြီ. ၂
၎။ပုဂ္ဂလပညတ်ကျမ်း … ယင်းကျမ်း၌  ခန္ဓပညတ် ၊ အာယတပညတ်၊ ဓာတုပညတ်၊ သစ္စပညတ်
ဣန္ဒြိယပညတ်၊ ပုဂ္ဂလပညတ်ဟူသော ပညတ်ခြောက်ပါးကို ဟောကြားတော်မူထားပါ၏။
ပုဂ္ဂလပညတ်ကို ဟောကြားတော်မူရာ၌ “  သမယ၀ိမုတ္တော - အခါမှလွတ်သော ပုဂ္ဂိုလ်၊အသမ
ယ၀ိမုတ္တော - အခါမှ မလွတ်သော ပုဂ္ဂိုလ် ။ ပ။ အရဟာ - ရဟန္တာပုဂ္ဂိုလ် ၊ အရဟတ္တဖလသစ္ဆိ
ကိရိယာယ ပဋိပန္နော - အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ ကျင့်သောပုဂ္ဂိုလ် ဟူ၍ ဧက
နည်းအားဖြင့် ( ၅၄ ) ပုဒ် ။
ကောဓနောစ -အမျက်ထွတ်တတ်သော ပုဂ္ဂိုလ်လည်းကောင်း၊ ဥပနာဟီစ - သူတစ်ပါး
ကို ရန်ညိုး ဖွဲ့တတ်သော ပုဂ္ဂိုလ်လည်းကောင်း။ ပ ။ တိတ္တောစ - ရောင့်ရဲတတ်သော ပုဂ္ဂိုလ်
လည်းကောင်း၊ သူ့ကို ( သူတစ်ပါးကို ) ရောင့်ရဲစေတတ်သော ပုဂ္ဂိုလ်လည်းကောင်း၊ ဤသို့
ဒုကနည်း အားဖြင့်  ၂၆ ပုဒ် ( နှစ်ယောက်တွဲ ၂၆ တွဲ )။
          နိရာသော - အရဟတ္တဖိုလ်ကို ရခြင်း၌ တပ်ခြင်းကင်းသော ပုဂ္ဂိုလ်၊ အာသံသော - အရ
ဟတ္တဖိုလ်ရခြင်းကို တောင့်တသော ပုဂ္ဂိုလ်၊ ၀ိဂတာသော - တပ်ခြင်းကင်းသော ပုဂ္ဂိုလ်။ ပ ။
သီလေသုစ - သီလတို့၌လည်း၊ ပရိပူရကာရီ - ပြည့်ခြင်းကို ပြုလေ့ရှိ၏၊ သမာဓိသ္မိံစ - သမာဓိ
၌လည်း၊ ပရိပူရကာရီ - ပြည့်ခြင်းကို ပြုလေ့ရှိ၏၊ ပညာယစ - ပညာ၌လည်း၊ ပရိပူရကာရီ -
ပရိပူရကာရီ - ပြည့်ခြင်းကို ပြုလေ့ရှိ၏၊ တယော - သုံးယောက်ကုန်သော ၊ သတ္ထာရာ - ဆရာ
တို့လည်းကောင်း၊ အပရေပိ - တစ်ပါးလည်း ဖြစ်ကုန်သော ၊ သတ္ထာရာ - ဆရာတို့သည် ၊ တ
ယော - သုံးယောက်တို့တည်း၊ဤသို့ တိကနည်းအားဖြင့် ၁၇ ပုဒ်၊ ( သုံးယောက်တွဲ ၁၇ - တွဲ )။
         ဤသို့စသည်ဖြင့် ဒသကပုဂ္ဂလပညတ္တိတိုင်အောင် ( လောက၌ ထင်ရှားရှိနေသော ပုဂ္ဂိုလ် 
အမျိုး အစားတို့ကို “ စံထားဖွယ်နှင့် ရှောင်ရှားဖွယ်တို့ကို ) ဟောကြားတော်မူထားပါ၏၊
၅။ကထာဝတ္ထုကျမ်း .. ယင်းကျမ်း၌ကား ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ အာမန္တာ၊
ယော သစ္စိကဋ္ဌော ပရမတ္ထော . တတော သော ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ
န ဟေ၀ံ ၀တ္တဗ္ဗေ၊ အာဇာနာဟိ နိဂ္ဂဟံ။
ပုဂ္ဂလော - ပုဂ္ဂိုလ်ကို၊ သစ္စိကဋ္ဌပရမတ္ထေန - ဟုတ်သောသဘော မြတ်သော သဘောဖြင့်၊ ဥပ
လဗ္ဘတိ - ပညာဖြင့်ကပ်၍ သိအပ်သလော၊ ဣတိ ပုစ္ဆာယံ - ဤသို့သော အမေးသည်၊သတိ -ရှိ
သော်၊ အာမန္တာ - သြ ပညာဖြင့်ကပ်၍ သိအပ်၏၊ …… ယော သတ္တပညာသ ပဘေဒ ဓမ္မော -အကြင် ငါးဆယ့်ခုနှစ်ပါး အပြားရှိသော ဓမ္မသည်၊ သစ္စိကဋ္ဌော - ဟုတ်သော သဘောရှိ၏၊ ပရမတ္ထော -
 မြတ်သော သဘောရှိ၏၊ တတော တေန သစ္စိကဋ္ဌပရမတ္ထေန - ထိုသို့ ဟုတ်သော သဘော မြတ်သော သဘောဖြင့်၊သော - ထိုသို့ သဘောရှိသော၊ ပုဂ္ဂိုလ်ကို၊ ဥပလဗ္ဘတိ - ပညာဖြင့်ကပ်၍ သိအပ်သလော၊
 ဣတိ ပုစ္ဆာယံ - ဤသို့သော အမေးသည်၊သတိ -ရှိသော်၊ ဧ၀ံ ဤသို့သော်ကား၊ န ဟိ ၀တဗ္ဗေ န ဟိ ၀တ္တဗ္ဗော - ငါ ပရ၀ါဒီသည် မဆိုအပ် ။ ဤသို့ စ သည်ဖြင့် ခက်ခဲ နက်နဲ သည်များကို  သက၀ါဒီ ပရ၀ါဒီ အနေဖြင့် အမေးအဖြေပြု၍ ဟောကြား တော်မူထားပါ၏။ 
 ကထာဝတ္ထုနှင့် ပါတ်သက်၍ “ ကထာဝတ္ထု အနက် ခု ” ဟု မှတ်တမ်းတွင်နေပါသည်၊ အနက် ခု
ဟူသည် အနက်ပေးရန် ခက်သည်ကို ဆိုပါ၏ ၊ ထို့ပြင် ဤကထာဝတ္ထုကျမ်းကို ရှင်တော်မြတ်ဘုရား 
ပရိ နိဗ္ဗာန် ၀င်စံတော်မူပြီးသည့်နောက် သိရီဓမ္မာသောကမင်းလက်ထက် တတိယသင်္ဂါယနာတင်ရာ အကြီးအမှုးဖြစ်တော်မူသော အရှင်မဟာမောဂ္ဂလိပုတ္တတိဿမဟာထေရ်မြတ်မှ သက၀ါဒငါးရာ  ပရ 
ဝါဒ ငါးရာ ၀ါဒတစ်ထောင် ခွဲခြမ်းစိတ်ဖြာ၍ ဟောကြားတော်မူသည်၊ ရှင်တော်မြတ်ဘုရားက နယမာတိ
ကာမျှသာ ထားတော်ခဲ့သည်ဟု ယင်းအဖွင့်အဋ္ဌကထာကျမ်း၌ မိန့်ဆိုထားပါ၏၊ ထို့ပြင် အချို့သော  မထေရ်မြတ်တို့က သာဝကဘာသိတဖြစ်၍ အနက်ခက်သည်ဟု မိန့်ဆိုသံကိုလည်း ကြားဘူးပါ၏၊ ၊ ဤကားဗဟုသုတမျှသာတည်း။
၆။ယမိုက်ကျမ်း ..  ယင်းကျမ်း၌ကား… မူလယမိုက် ခန္ဓယမိုက် အယတနယမိုက် ဓာတုယမိုက်သစ္စ
ယမိုက်  သင်္ခါရယမိုက် အနုသယယမိုက် စိတ္တယမိုက် ဓမ္မယမိုက် ဣနြ္ဒိယယမိုက်ဟူ ယမိုက်ဆယ်ကျမ်း
ရှိ၏၊ မူလယမိုက်၌ ကုသိုလ်ဖြစ်ကြောင်းနှင့်ကုသိုလ်၊ အကုသိုလ်ဖြစ်ကြောင်းနှင့် အကုသိုလ်စသည့်
 ( အရင်းအမြစ် မူလ ) တရားတို့ကို တိတိကျကျ ထုတ်ဖေါ်ဟောကြားထားတော်မူပါ၏။
၇။ပဋ္ဌာန်းကျမ်း .. . ယင်းကျမ်းကို ကျယ်ဝန်းသောကြောင့် “ နည်းပင်လယ် ” ဟု  မိန့်ဆိုထားပါ၏မှတ်တမ်း များအရ ပင်လယ်ကြီး လေးစင်းရှိကြောင်း မှတ်သားရပါ၏၊ ယင်းတို့မှာ မဟာသမုဒ္ဒရာဟု ဆိုအပ်သော ရေပင်လယ်၊ ရုပ်နာမ်ခန္ဓာတို့၏( သံသရာ၏အရင်းအမြစ်ဖြစ်သောအ၀ိဇ္ဇာတဏှာတို့ကို  မပယ်သတ် နိုင်သရွေ့ ) ဆက်ကာ ဆက်ကာ မပြတ်မစဲ တစ်ဖွဲဖွဲ ဖြစ်နေခြင်း ဟု ဆိုအပ်သော သံသရာပင်လယ်၊ အနန္တနယမည် ပဋ္ဌာန်းကျမ်းဟုဆိုအပ်သော ( ၀ိနယ လည်းပါ ၏၊ ) နည်းပင်လယ်၊ဘုရားရှင်၏ သဗ္ဗညု တဥာဏ်တော်ဟု ဆိုအပ်သော ဥာဏ်ပင်လယ် တို့ဖြစ်ပါ၏။
ထို့ပြင် အခက်သုံးခက်၌လည်း “ ကျမ်းကြီးပဋ္ဌာန်း ကျမ်းငယ်ဆန်း ကျမ်းလတ်ဓာတုကထာ ” ဟုခက်ခဲ နက်နဲမှုအရာ မှတ်တမ်းတင်ထားပါ၏။အဘိဓမ္မာခုနှစ်ကျမ်းကို ဆင်ခြင် သုံးသပ်တော် မူရာတွင် “ ပဋ္ဌာန်း ကျမ်းကို ” ဆင်ခြင်သုံးသပ်တော်မူမှ ရှင်တော်မြတ်ဘုရား၏ ခန္ဓာကိုယ်မှသွေးသားများ ကြည်လင်လာကာ ရောင်ခြည်တော်ခြောက်သွယ်ကွန်းမြူးပေါ်ထွက်လာကြောင်းကိုလည်း မှတ်တမ်းတင်ထားပါ၏။
အဘိဓမ္မာခုနှစ်ကျမ်းနှင့်ပါတ်သက်၍ “ ဘုရားရှင်သည် နတ်တို့အား အကျုယ်နည်းဖြင့် ဟောကြားတော်
 မူ၏၊ တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာမထေရ်မြတ်ကို ဟောကြား တော်မူသောအခါ အကျဉ်း နည်းအားဖြင့် ဟောကြားတော်မူ၏၊ အရှင်သာရိပုတ္တရာမှတဆင့်(လင်းနို့သား ဖြစ်ခဲ့ဘူးသော ) မိမိ၏ တပည့်သား ရဟန်းငါးရာတို့အား ဟောကြားတော်မူရာကား  ဆောင်လွယ် သိလွယ်စေရန် မကျဉ်းမကျယ် ဟောကြားကြောင်းလည်း  အဋ္ဌကထာဆရာမြတ်တို့ မိန့်တော်မူကြပါ၏။ ယင်းစကားအရ  ယခု ထေရ၀ါဒ နိုင်ငံတို့၌ မှတ်တမ်းပြုထား သော “ အဘိဓမ္မာ ” သည် အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ ( ဗုဒ္ဓနည်းကျ  ) အဘိဓမ္မာ  ဖြစ်ပါ၏။
ရှင်တော်မြတ်ဘုရား နတ်ပြည်၌ အဘိဓမ္မာတရား ဟောကြားမှု ပြီးချိန်သည်လည်း သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပါ၏၊အရှင်သာရိပုတ္တရာမှ မိမိတပည့်များအား အဘိဓမ္မာတရား သင်ကြားပို့ချမှု( ပြန်လည် ဟောပြောမှု ) ပြီးဆုံးချိန်သည်လည်း သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပါ၏၊ထို့ကြောင့် သီတင်းကျွတ်လပြည့်နေ့ကို “ အဘိဓမ္မာ  အခါတော်နေ့ ” အဖြစ် သတ်မှတ်ကာမြန်မာပြည်ရှိ  ၀တ်အသင်းများမှ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပလာကြသည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်ပါ၏။
ထို့ကြောင့် သီတင်းကျွတ် လပြည့်နေ့သည် ရဟန်းတော်များ ၀ါမှ ကျွတ်ခြင်း၊ ( တနည်းအားဖြင့် ၀ါတွင်း သုံးလပါတ်လုံး ဤကျောင်းတိုက် အရာမ်အတွင်း နေထိုင်ပါ့မည်ဟူသော အဓိဋ္ဌာန်ချက် ပြီးဆုံးခြင်း ) ၊  သံဃပ၀ါရဏာပွဲ ကျင်းပခြင်း။ အဘိဓမ္မာပူဇော်ပွဲ ဆင်နွဲခြင်း၊ ဤနေ့ကို အခါကြီး ရက်ကြီးအဖြစ်
သတ်မှတ်ကြ၍ မိမိတို့၏ ဘိုးဘွားမိဘများကို သားသမီးမြေးမြစ်များကကန်တော့ကြခြင်း ဟူသော ကောင်းခြင်း ဂုဏ်နှင့် ပြည့်စုံသော လထူး လမြတ် နေ့ထူး နေ့မြတ်  ဖြစ်ပါကြောင်း  တင်ပြအပ်ပါ၏၊
                                                                                       ပြီးပါပြီ . .  ကောင်းသစ်
Saturday, October 8, 2011
သီတင်းကျွတ်ပြီ . ၁
                သီတင်းကျွတ်ပြီး တူရာသီ၊ အဿဝဏီ ရှိန်ဝါရွှန်း
                ကြာမျိုးလည်းစို မီးမြင့်မိုရ် ဗဟိုရ်အခြာထွန်း။
သီတင်းကျွတ်တော့မည်၊ သီးတင်းဝါလ ကျွတ်ပေတော့မည်။သီတင်းကျွတ်လကို  ထူးခြားသောလဟု ခေါ်ဆိုလိုက ခေါ်ဆိုနိုင်မည် ဖြစ်၏၊သီတင်းကျွတ်လသည် ပုရိမ၀ါဆိုတော်မူကြသော  ရဟန်းတော်များ
ဝါတွင်းကာလ၀ယ် “ ဒါနဉ္စ ဒါတုံ - ဓမ္မဉ္စ သောတုံ - ဘိက္ခူစ ပဿိတုံ ” ဟူသော တုံ ( ၃ ) တုံရှိမှ  ခရီး သွားခွင့်ရ၏၊ (အနုပညတ်အနေနှင့် ကျန်အကြောင်းများလည်း ရှိပါ၏၊)သို့သော်( ၇ )ရက်အတွင်း မိမိဝါ
ဆိုရာ ကျောင်းသို့ အရောက်ပြန်လာရ၏၊ ပြန်မရောက်လျှင်  ၀ါကျိုးဝါပြတ်၏၊  ယင်းသို့ဖြင်လျှင် ကထိန်ခံ
ခွင့် လုံးဝ မရရှိတော့ပေ။
ယခု ၀ါကျွတ်ပြီးဆိုတော့ သွားလိုရာ ခရီးရက်ရှည် သွားနိုင်ပြီဖြစ်၏၊ ရက်သတ်မှတ်ချက် လ သတ်မှတ်
ချက် မရှိတော့၊ ထို့ကြောင့် ခရီးသွားမှု လွတ်လပ်ခွင့်ရသွားတော့၏။ယင်းသို့ ခရီးမသွားခင် “ သံဃပ၀ါရ
ဏာ ” ကိုလည်း သီတင်းကျွတ်လမှာပင် ပြုလုပ်ရ၏၊
ပ၀ါရဏာဟူသည် အချင်းချင်း အပြစ်မကင်းသော လုပ်ရပ်နှင့် ပတ်သက်၍ ပြောမှား ပြုမှားမှုများအပေါ်
 “ မြင် . ကြား . ယုံမှားမှု ”  ရှိပါက ( အပြစ်တင်ခြင်း ရှုတ်ချခြင်းသဘောမျိုး  မဟုတ်ပဲ  ) အစဉ်သနား သောစိတ်ဓာတ်ဖြင့် အပြုသဘောဆောင်ကာ အပြစ်ကို ထောက်ပြရန် ဖိတ်မာန်ခြင်း ဖြစ်၏။
ဖိတ်မာန်ပုံမှာ “ သံဃံ ဘန္တေ ပ၀ါရေမိ၊ ဒိဋ္ဌေန ၀ါ၊ သုတေန ၀ါ၊ ပရိသင်္ကာယ ၀ါ၊ ၀ဒန္တု မံ အာယသ္မန္တော  အနုကမ္ပံ ဥပါဒါယ ပဿန္တော ပဋိကရိဿာမိ ” ဟု သုံးကြိမ် ဖိတ်မာန်မှု ပြုရ၏။ဤသည်မှာ ကောင်းမြတ် သော အစဉ်အလာဖြစ်ပါ၏။
အမှန်အားဖြင့် ရဟန်းသံဃာတော်များသာ မဟုတ်၊လူ့လောက၌လည်း ရှိသင့် ရှိထိုက်သော အစဉ်အလာ ကောင်းတစ်ခု ဖြစ်ပါ၏၊ ပုထုဇဉ်သည် အမှားမကင်းနိုင်သေးပေ၊မိမိအနေဖြင့် မိမိလုပ်ရပ်မှားမှန်း သိချင်မှ သိမည်ဖြစ်သော်လည်း ပါတ်ဝတ်ကျင်းကား သိနေမည်သာ ဖြစ်၏။ ထိုအခါမိမိက ဖိတ်ထားသူဖြစ်လျှင် မမှားသင့်တန် မမှားအောင် အပြစ်ကိုထောက်ပြ၍ ပြောလာမည်ဖြစ်၏၊ အကယ်၍ မိမိက သူ့ထောက်ပြ သည့်အတိုင်း “ ပြုမှား ပြောမှား ” ရှိနေပါက ပြုပြင်ရမည်ဖြစ်၏၊ ရှင်တော်မြတ်ဗုဒ္ဓက “ အပြစ်ကို ထောက် ပြ၍ ဆုံးမသူ ” ကို အဘိုးတန် ရွှေအိုးကြီးညွန်ပြသူ ပေးသူကဲ့သို့ အသိအမှတ်ပြုရမည် ကျေးဇူးတင်ရမည်
ဟု မိန့်တော်မူထားပါ၏။
ထို့ကြောင့် “ ရဟန်းရှင်လူ ” မည်သူမဆို  မိမိအပေါ် မကောင်းမှုနှင့်ပတ်သက်၍ “ မြင် ကြား သံသယ ”  ရှိပါက  အပြုသဘောဖြင့် သတိပေး ထောက်ပြန်ရန် ဖိတ်မာန်းထားအပ်ပါ၏၊ မိမိတို့အနေနှင့်လည်း သူပြောသည့်အတိုင်း ထောက်ပြသည့်အတိုင်း “ အပြစ်တစ်စုံတစ်ခုကို ပြုမှား ပြောမှားရှိခဲ့လျှင် ပြုပြင် သင့်ပါ၏၊ သို့မှသာ အပြစ်ကင်းသော အပြစ်နည်းသောဘ၀ကို တည်ဆောက်နိုင်မည်ဖြစ်ပါ၏။ အပြစ်
နည်းသူ အပြစ်ကင်းသူတို့ နေရာဒေသသည် အလွန်ပင် အေးချမ်းသာယာပါလိမ့်မည်။
ရှင်တော်မြတ်ဘုရားသည် မယ်တော်ဖြစ်ခဲ့ဘူးသော “ သန္တုသိတ နတ်သား ” ကို အမှူးပြု၍  နတ် ဗြဟ္မာ အပေါင်းအား အဘိဓမ္မာတရား ဟောကြား၍ ပြီးဆုံးသော လသည်လည်း သီတင်းကျွတ်လပင် ဖြစ်ပါ၏။
ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာ ခုနစ်ကျမ်းကို တာဝတိံသာနတ်ပြည်ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗ
လာ မြကျောက်ဖြာထက်၌ ဟောကြားတော်မူပါသည်၊ ဆွမ်းခံချိန်ကျရောက်လျှင် ကိုယ်စား နိမ္မိတရုပ်ပွါး တော်မြတ်ကို အစားထား၍ ဆက်လက်ဟောကြားပါသည်၊ အဘိဓမ္မာတရားတော်သည် အလွန်ရှည်လျား သော တရားတော်ဖြစ်၍ ( လူတို့ တစ်ထိုင်တည်းဖြင့် နာယူခြင်းငှာ မစွမ်းနိုင်သောကြောင့် ) နတ်ပြည်၌ ဟောတော်မူခြင်းဖြစ်သည်ဟုအဋ္ဌကထာဆရာ အရှင်မြတ်တို့ မိန့်ဆိုတော်မူကြပါသည်၊
တာဝတိံသာ နတ်ပြည်၌ ၀ါတွင်းသုံးလပါတ်လုံး အဘိဓမ္မာတရားဟောကြားစဉ် မြောက်ကျွန်းသို့  ဆွမ်းခံ
ကြွ၍ု အနောတ္တအိုင်အနီး၌ ဆွမ်းဘုဉ်းပေးတော်မူ၏ ဆွမ်းဘုဉ်းပေးတော်မူပြီး နေ့သန့်စင်ရန်အလို့ငှာ စန္ဒကူးတောသို့ ကြွတော်မူ၏၊ယင်းစန္ဒကူးတော၌ အရှင်သာရိပုတ္တရာကိုနတ်ပြည်၌ ဟောပြီးဖြစ်သော အဘိဓမ္မာတရားများကို အကျဉ်းမျှ နည်းပေးတောမူ၏၊အရှင်မြတ်မှ တဆင့် မိမိတပည့်များ နားလယ် လွယ်ကူစေရန် မကျဉ်းမကျယ် ပြန်လည်ဟောပြတော်မူပါ၏၊ 
အဘိဓမ္မာနှင့်ပါတ်သက်၍  “ ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု ၊ယမိုက် ၊
ပဋ္ဌာန်း ”  ခုနုစ်ကျမ်းရှိသည်ကို လူတိုင်း သိကြမည်ဖြစ်ပါသည်။အဘိဓမ္မာတရား ဟောကြားမှုနှင့် ပါတ်
သက်၍ “ ဓမ္မသင် ၀ိဘင်္ဂ ဒွါဒသရက်စီ၊ ခြောက်ရက်ကြာကျမ်းဓာတုရယ်နှင့်၊ ပုဂ္ဂလာ ခုနစ်ရက် ၊ ဟော
မြွက်ခဲ့သည်၊ ကထာဝတ် ရှစ်ရက်ညီ ၊ ၀ီသာပ ယမိုက်ကျမ်း၊ ပဉ္စ၀ီ ပဋ္ဌာနရယ်လို့ လသုံးလီ မယ်တော်မ
ကို ဟောသည့်ရက်တမ်း ” ဟူသောကဗျာလေးကို ဖတ်ဘူးပါ၏၊ (သို့သော် ယင်းကဗျာသည် မည့်သည်
ပါဠိ အဋ္ဌကထာ ဋီကာ အနုမဓု စသည်ကို မှီ၍ ရေးသည်ကိုတော့ မသိပါ)။
အဘိဓမ္မာ ခုနစ်ကျမ်းနှင့်ပါတ်သက်၍ အနည်းငယ်စီမျှ တင်ပြလိုပါ၏။
၁။ ဓမ္မသင်္ဂဏီ .. ယင်းကျမ်းသည်  အဘိဓမ္မာ၏အစ ပရမတ္တတရားတို့၏ အခြေခံဟု ပြောမည်ဆိုလျှင် လည်းရပါ၏။ယင်းဓမ္မသင်္ဂဏီ၌  ကုသိုလ် အကုသိုလ် ၀ိပါက်အဗျာကတ ကြိယာ ၊စိတ်စေတသိက် ရုပ် နိဗ္ဗာန်တို့ကို အကျယ်တ၀င့် ဟောကြားတော်မူထားပါ၏။
၂။ဝိဘင်းကျမ်း … ယင်းကျမ်း၌ ခန္ဓာငါးပါးတို့ကို အကျယ်တ၀င့် ဟောကြားတော်မူထားပါသည်၊ထို့ပြင် အာတန တစ်ဆယ့်နှစ်ပါး၊ ပထ၀ီဓာတ် တေဇောဓာတ်  အာပေါဓာတ် ၀ါယောဓာတ်အာကာသဓာတ်
ဝိညာဏဓာတ်ဟူသော ဓာတ်ခြောက်ပါး၊ သုခဓာတ် ဒုက္ခဓာတ် သောမနဿဓာတ် ဒေါမနဿဓာတ် ဥပေက္ခာဓာတ်  အ၀ိဇ္ဇာဓာတ်ဟူသော  ဓာတ်ခြောက်ပါး၊  စက္ခုဓာတ်  ရူပဓာတ် စက္ခုဝိညာဏဓာတ်
စသော ဓာတ် တစ်ဆယ့်ရှစ်ပါး၊သစ္စာလေးပါးစသည်တို့ကို အကျယ်တ၀င့် ဟောကြားတော်မူထားပါ၏၊
၃။ဓာတုကထာကျမ်း .. ယင်းကျမ်း၌  “ သင်္ဂဟော အသင်္ဂဟော ။ ပ။  ၀ိပ္ပယုတ္တေန သင်္ဂဟိတံအသင်္ဂ
ဟိတံ ” ဟု နယမာတိကာ ( ၁၄ ) ခုထား၍ ခန္ဓာ အာယတန ဓာတ် သစ္စာ ဣနြေ္ဒ ပဋိစ္စသမုပ္ပါဒ် သတိ
ပဋ္ဌာန်စသည်တို့ကို အမေးအဖြေပြုကာ ဟောကြားတော်မူပါသည်၊
ဥပမာ  “ ရူပက္ခန္ဓာကို ခန္ဓာ ဘယ်နှစ်ပါး၊ အာယတန ဘယ်နှစ်ပါး ဓာတ်ဘယ်နှစ်ပါးဖြင့် ရေတွက်အပ်ပါ သနည်းဟုမေး၍ ရူပက္ခန္ဓာကို ခန္ဓာ တစ်ပါး၊ အာယတန တဆယ့်တစ်ပါး၊ ဓာတ်တစ်ဆယ့်တစ်ပါးဖြင့် သိမ်းကြုံးရေတွက်အပ်ကြောင်း ဖြေဆိုထား၏ ဆက်လက်၍ ခန္ဓာလေးပါး၊ အာယတန တစ်ပါး၊ ဓာတ် ခုနစ်ပါးဖြင့် မရေတွက်အပ်ကြောင်း စသည်ဖြင့် ဖြေဆို ဟောကြား ထားပါ၏။
                                         ဆက်ရန် . ကောင်းသစ်..
Monday, September 12, 2011
စဉ်းစား
ရှင်တော်မြတ်ဘုရား မိန့်ကြားထားတာလေး ရှိပါ၏။
စဉ်းစားပါ . တဲ့ ၊   မကြာ မကြာ စဉ်းစားပါ တဲ့။
၁။ မကြာ မကြာ မိမိ၏ ပြည့်စုံတိုးတက်မှု မိမိတိုင်းပြည်၏
ပြည့်စုံ တိုးတက်မှုကို စဉ်းစားပါတဲ့။ စဉ်းစားလျှင် အဖြေ မြင်ရမည်၏
ယင်းအဖြေသည် . ပြည့်စုံတိုးတက်ခြင်း၏ အကြောင်းမှန်ဖြစ်၏။
ယင်းအကြောင်းတရားကို ဆက်လက်ကျင့်သုံးပါ၊ ထို့ထက်
တိုးမြှင့်ကျင့်သုံးပါ..
၂။ မကြာ မကြာ ပတ်ဝန်းကျင်၏ သူတစ်ပါး၏
တိုင်းတစ်ပါး၏ ပြည့်စုံတိုးတက်မှုကို စဉ်းစားပါတဲ့။
သူတို့ သူတို့တိုင်းပြည် ဘာကြောင့် ပြည့်စုံတိုးတက်နေပါသလဲ
စဉ်းစားလျှင် အဖြေမြင်ရမည်ဖြစ်၏၊
ယင်းအဖြေသည် . ပြည့်စုံတိုးတက်ခြင်း၏ အကြောင်းမှန်ဖြစ်၏။
ယင်းအကြောင်းတရားကို မိမိ မိမိတို့ တိုင်းပြည်ကလည်း
အတုယူကာ လိုက်နာ ကျင့်သုံးရမည် ဖြစ်ပါ၏
၃။ မကြာ မကြာ  မိမိ၏ မိမိတိုင်းပြည်၏ ပျက်စီးမှု ဆုတ်ယုတ်မှု
မတိုးတက်မှုကို စဉ်းစားပါတဲ့၊ စဉ်းစားလျှင် အဖြေ မြင်ရမည်ဖြစ်၏။
ယင်းအဖြေသည် ပျက်စီးမှု ဆုတ်ယုတ်မှု မတိုးတက်မှု၏
အကြောင်းမှန် ဖြစ်ပါ၏။
ယင်းအကြောင်းတရားကို ဆက်လက် ဆုပ်ကိုင် မထားပဲ
မကျင့်သုံးတော့ပဲ ရှောင်ကြဉ်ကာ ပြောင်းလွဲ ကျင့်သုံးရမည်
ဖြစ်ပါ၏
( ဥပမာ . ပညာမတတ်၍ မတိုးတက်ဟု သိလျှင် ပညာတတ်အောင်
ပျင်းရိ၍ လုံ့လမရှိ၍ မတိုးတက်ဟု သိလျှင် ကြိုးစားမှု ၀ီရိယရှိအောင်
တရားမျှတမှု မရှိ၍ဟုသိလျှင် တရားမျှတအောင် စသည် စသည်
ကို ပြုပြင် ကျင့်သုံးရမည် ဖြစ်ပါ၏။ )။
၎။ မကြာ မကြာ ပတ်ဝန်းကျင်၏ သူတစ်ပါး၏ တိုင်းတစ်ပါး၏
ပျက်စီးမှု ဆုတ်ယုတ်မှု မတိုးတက်မှုကို စဉ်းစားပါတဲ့။
စဉ်းစားလျှင် အဖြေ မြင်ရမည်ဖြစ်၏။
ယင်းအဖြေသည် ပျက်စီးမှု ဆုတ်ယုတ်မှု မတိုးတက်မှု၏
အကြောင်းမှန် ဖြစ်ပါ၏။
ယင်းအကြောင်းတရားကို  မကျင့်သုံးပဲ ရှောင်ကြဉ်ရမည် ဖြစ်ပါ၏။
စဉ်းစားမှုလေးတန် အခြေခံ၍ မိမိဘ၀ မိမိတို့တိုင်းပြည် မိမိတို့
သာသနာကို မြင့်သထက်မြင့်အောင် မြှင့်တင်နိုင်ကြပါစေ…
                                                           ကောင်းသစ်
Tuesday, August 30, 2011
သင်္ဂဟတရား လေးပါး
မင်းကောင်း မင်းမြတ်တို့ ကျင့်ရာသော တရားလေးပါး ......
၁။ သဿမေဓ - တိုင်းပြည်နိုင်ငံပေါ်၌ ကျရောက်ဖြစ်ထွန်းသမျှသော စီးပွါးချမ်းသာတို့မှ မူးမတ်ပြည်သူတို့
ညှိနှိုင်းတိုင်ပင်စည်းဝေးကြပြီးလျှင် “ မည်၍ မည်မျှ ကောက်ခံ တောင်းယူမည် ” ဟူသော ပြဌာန်းချက် ဥပ
ဒေအတိုင်း အပိုအမိုမရှိ မနာကြည်း မထိခိုက်ရအောင် ကောက်ခံခွဲယူသော လယ်ခွန်တော်နှင့် အခြား
အခွန်တော်များ ။
၂။ ပုရိသမေဓ - မင်း မူးမတ် ရဲမက် လက်နက်ကိုင်စစ်သား တရားသူကြီးစသည့် နိုင်ငံကို စောင့်ရှောက်
ထိမ်းသိမ်းသောသူတို့ကို ကြီးစဉ်ငယ်လိုက် အထိုက်အလျောက် ကောက်ခံ၍ရသော အခွန်တော်ငွေကို
စားသုံးလောက်အောင် လခရိက္ခာ စားနပ်တော်များ ပေးကမ်းချီးမြှင့်ရခြင်း။
၃။ သမ္မာပါသ - ကုန်သည် လယ်လုပ်တို့ကို အပိတ်အပင် အတားအဆီး အချုပ်အချယ်မရှိ ဖွင့်ပေးရခြင်း
စောင့်မသင့်သမျှ စောင်မကြည့်ရှုရခြင်း၊ ထို့ထက်အလွန်လည်း ကြီးကျယ်ဖွံ့ဖြိုးနိုင်စေရန် ကူးသန်းလုပ်
ဆောင်နိုင်စေရန် အတိုးအပွါးမရှိ အရင်းအနှီး အမတော်ငွေကို ပေးကမ်း မ.စရခြင်း။
၎။ ၀ါစာပေယျ - ပြုံးရွှင်ခြင်းရှေ့သွားရှိသော ချစ်စဖွယ် ချိုမြသော စကားတို့ကို သာယာခြေငံစွာ ပြော
ဆိုရခြင်း။
                                                                ( ဣ တိဝုတ်ပါဠိ၊ အဋ္ဌကထာ ၊ ၂၀၉၊ ၈၉ )
Saturday, August 27, 2011
နောက်လိုက်များ၏ကြမ္မာ . ၂
 “ ရေးအားလုံးကို သွန်ပစ်လိုက်ကြ ” ။
နောက်လိုက်များသည် သူတို့ခေါင်းဆောင်၏ အမိန့်အရ ရေအားလုံးကို သွန်ပစ်လိုက်ကြ၏၊
လက်တစ်ခုပ်စာမျှပင် ချန်မထားကြတော့…။
ဤသို့ဖြင့် ခရီးဆက်လာကြရာ  လမ်းခရီး၌ ရေအိုင်လည်း မတွေ့ရ၊ရေကန်လည်း မတွေ့ရ၊ 
  ရေဗွက်လည်း မတွေ့ရပေ၊ကြာပန်းကတော့ ပိုလိုတောင် ဝေးနေသေး၏၊
ဤသို့ဖြင့် သူတို့အုပ်စုသည်  ခရီးဆက်ရင်း ဆက်ရင်းဖြင့်  နေ၀င်၍
မှောင်စပင် ပျိုးလာပေပြီ၊ သောက်စရာပင် ရေမရှိတော့၍ လူများလည်း ပမ်း၊ နွားများလည်း 
ပမ်းလာပေပြီ၊ သို့ဖြစ်၍ လှည်းများကို ရပ်ကာ နွားများကို လှည်းဘေး ချီထားလိုက်ကြ၏၊
နွားများသောက်စရာ ရေလည်း မရှိတော့၊ လူများ ချက်စရာ ပြုတ်စရာ သောက်စရာရေလည်း 
လုံးဝမရှိတော့ ၊ အားလုံး လူပမ်းစိတ်ပမ်းဖြစ်၍ နွမ်းနယ်နေကြ၏၊ “ ထမင်းအသက် ခုနှစ်ရက်
 ရေအသက် တစ်မနက် ” ဟု အဆိုရှိသည် မဟုတ်ပါလား။ သူတို့သည် ဟိုနားအိပ် ဒီနားအိပ်ဖြင့်ရေမသောက်ရ၍ အားအင်ချိနဲ့ကာ အိပ်စက်နေကြတော့၏၊
ညဥ့်သည် နက်သထက်နက်လာတော့၏၊ အမှောင်များ ကြီးစိုး၍ လာပေပြီ၊ အမှောင်နှင့်အတူ
အကြံသမား (ခွင်သမား ) ဘီလူးတို့သည်  သူတို့စခန်းချရာသို့ အုပ်စုလိုက် လာကြလေပြီ၊ 
အားလုံး အားအင်ချိနဲ့နေသည်ဖြစ်၍ ဘီလူးများကို ဘယ်သူမှ မတွန်းလှန်နိုင်ကြတော့၊
 လည်စင်း၍ ဘီးလူးများ၏စားသောက်ခြင်းကို လူရောနွားများပါ ခံလိုက်ရတော့၏။
 လှည်းများတင်ထားသော ၀န်များက အပြည့်ရှိနေဆဲပင်၊ သို့သော် လူရိုး နွားရိုးများကား
 နေရာအနှံ့ ကျဲပျံ့လျှက် ….
မိမိတို့သွားနေသည်ခရီးသည် ဘီလူးများကြီးစိုးသော ရေမရှိသော ခရီးဟု သိနေပါလျှက်
စဉ်းစားဆင်ခြင်ဥာဏ်ကင်းမဲ့ကာ သူပြော(ဘေး)စကား အကြွင်းမဲ့ ယုံစားသော ခေါင်း ဆောင်မိုက်၏ဆုံးဖြတ်ချက်  အမိန့် မှားယွင်းမှုကြောင့် နောက်လိုက်ငါးရာနှင့်အတူ နွားမျာပါ အသက်ဆုံးရှုံးလိုက်ရ၏၊ ( သတိထားဖွယ် သင်္ခန်းစာ ယူဖွယ်ပင် )။
ယင်းအဖြစ်အပျက် ဖြစ်ပြီးနောက် လခွဲလောက်သို့ ရောက်သောအခါ ဘုရားအလောင်းသည်
နောက်လိုက်ငါးရာနှင့်အတူ ယင်းလမ်းခရီးအတိုင်းပင် ခရီးနှင်လာရာ ယင်းကန္တာရအ၀သို့ပင်
ဆိုက်ရောက်လာပေပြီ၊
ဘုရားအလောင်းသည် ရေများကို အပြည့်ဖြည့်စေ၏၊ထို့နောက် သူ့နောက်လိုက်အားလုံးကို
စုဝေးစေ၍ သတိပေးစကား ကြိုတင်ပြောကြားထား၏၊ ဤလမ်းခရီးသည် ရေမရှိသော ခရီးဖြစ်
၏၊ ထို့ကြောင့် သူ့ကို အသိမပေးပဲ ရေများကို သုံးဖြုန်းခြင်း စွန့်ပစ်ခြင်း မပြုရ၊ ထို့ပြင် ဤလမ်း
ခရီး၌ အဆိပ်ပင်များ ပေါများ၏၊ သူ့ကို အသိမပေးပဲ ရှေး၌ မတွေ့ဘူး မမြင်ဘူး မစားဘူးသော
မည့်သည့် အသီး အပွင့် အရွက်ကိုမျှ မစားကြရန်လည်း သတိပေးထား၏။ ဖြစ်ပေါ်လာမည့်
အကောင်းအဆိုးမှန်သမျှသည် ခေါင်းဆောင်သာလျှင် အဓိက တာဝန်ရှိနေသည် မဟုတ် ပါလား။ သတိပေးစကား ပြောကြားပြီးသည်ဖြစ်၍ ရှေ့ဆက်ကာ ခရီးထွက်ခဲ့ကြတော့၏။
ကန္တာရအလယ် ဘီလူးနယ်သို့ပင် ရောက်ရှိခဲ့ပေပြီ၊ ဘီလူးတို့သည် ရှေးနည်းအတိုင်းပင်
မိမိတို့ကိုယ်ကို လူအသွင် ဖန်ဆင်း၍ ရေများစိုရွှဲဟန် ကြာပန်းများပန်လျှက် ကြာဝတ်ဆံကို
စားကာ ရှေးနည်းအတိုင်းပင် ရှေ့တစ်လျှောက် ရေများပေါများပြီးဖြစ်၍ ရေများကို အလေးခံ
အပင်ပမ်းခံကာ သယ်စရာမလိုတော့။ ရေအားလုံးကို သွန်ပစ်ရန် ပြောလေတော့၏၊
သို့သော် ဘုရားလောင်းသည် စဉ်းစား၏၊ ဤအရပ်သည် ရေမရှိသော ကန္တာရဖြစ်၏၊
သူတို့ကို ကြည့်ရသည်မှာလည်း အကြောက်အလန့်မရှိ ၊ရဲတင်းလှ၏၊ နောက်ပြီး  သူတို့၏
ကိုယ်ရိပ်များလည်း မထွက်၊ မျက်စိလည်း နီ၏၊ နဖူးလည်းမောက်၏၊ ဖနောင့်လည်း တို၏၊
သူတို့သည် ဘီးလူးများသာဖြစ်ရာ၏၊ လာတိုင်းသော လူများအား  ရေများကို စွန့်ပစ်စေကာ
အားအင်နည်းအောင်ပြုပြီး စားနေကြဖြစ်တန်ရာ၏၊
ထိုသို့ စဉ်းစားလျှက် လူရေခြုံထားသော ဘီလူးများကို “ သင်တို့ခရီး သင်တို့ ဆက်လက် 
သွားနိုင် ကြပါပြီ၊ မိမိတို့သည် မျက်ဝါးထင်ထင် ရေ မတွေ့မမြင်သမျှ လက်ရှိသယ်ဆောင်
လာ ရေများကို စွန့်ပစ်မည် မဟုတ်ပါ၊ ရေများကိုမျက်ဝါးထင်ထင် တွေ့မြင်သည်ဆှိုမှ 
လက်ရှိရေများကို စွန့်ပစ်ကာ မပင်မပမ်း ပေါ့ပေါ့ပါးပါးလိုရာခရီး ဆက်လက်သွားကြပါမည် ”
 ဟု ပြောကြားလိုက်၏၊ လူရေခြုံဘီလူးများသည်လည်း အတန်ငယ် ဆက်လက်သွားကာ
မမြင်လောက်သည့် နေရာလောက်သို့ ရောက်သောအခါ မိမိတို့ ဘီးလူးနေရာသို့သာလျှင် ပြန်သွားကြတော့၏၊
လူရေခြုံထား ဘီလူးများ မရှိတော့သည့်အခါ နောက်လိုက်များသည် ဘုရားလောင်း
ခေါင်းဆောင်ကို သူတို့ အထင် သူတို့အမြင်ကို တင်ပြကြတော့၏၊
ယခု မိမိတို့ မြင်တွေ့လိုက်သော လူများသည် ကြာမျိုးစုံ ပန်ဆင်ကာ ကြာဝတ်ဆံများ ကြာစွယ်
များကို စားလျှက်ရှိကြ၏၊ နောက်ပြီး  သူတို့အ၀တ်အစားများ၌ ရေများစိုရွှဲနေသည့်အပြင် လှည်းဘီးများမှာလည်း ရွှံနွံညွန်များ ပေပွနေသည်ကို မြင်ရပါ၏၊ ယင်းကို ထောက်ဆသော
အားဖြင့် သူတို့ ပြောသော “ ရှေ့ရှောက် ရေပေါပါသည် ” ဆိုသော စကားသည် မှန်ကန်
လောက်ပါ၏၊ ရေများကို အလေးခံ အပင်ပမ်းခံကာ သယ်မနေပါတော့နဲ့၊ သူတို့ ပြောသည့်
အတိုင်း ၀န်သက်သာအောင် ရေများကို သွန်ပစ်ပါရစေဟု ပြောကြတော့၏၊
ထိုအခါ ဘုရားလောင်းက နောက်လိုက်အားလုံ့းကို စုဝေး၍ အားလုံး အမြင်ရှင်းအောင် 
သူတို့နှင့် အမေးအဖြေလုပ်၍ ရှင်းပြရတော့၏၊
ဤလမ်းခရီး၌ သဘာဝဖြစ်နေသော ရေအိုင်၊ သို့မဟုတ် လူများ တူးထားသော လေးဒေါင့်
ရေကန် ရှိ၏ဟု ပြောစကားကို သင်တို့ထဲက ကြားဘူးသူ ရှိပါသလား၊
မကြားဘူးပါ။
ဆက်လက်၍ နောက်လိုက်များကို မေးခွန်းထုတ်လိုက်ပြန်၏။
မိမိတို့ တွေလိုက်သောလူများ ပြောသွားသည်မှာ ရှေ့တောတန်းညို့ညို့ရောက်လျှင် မိုးရွာသွန်း
နေပါပြီဟု ပြောသွားကြ၏၊ယင်းသို့ဖြစ်လျှင် “ မိုးသက်လေသည် ” မည်မျှလောက်သော အရပ်
ထိ တိုက်ခပ်သည်ဟု ကြားဘူးပါသနည်း။
တစ်ယူဇနာ ( ၈ - မိုင် ) လောက်သော အရပ်ထိ တိုက်ခပ်သည်ဟု ကြားဘူးပါသည်၊
 သို့ဖြစ်လျှင် သင်တို့ထဲက မိုးသက်လေတိုက်ခပ်ခံရသူ ရှိပါသလား။  မရှိပါ ။
မိုးတိမ်ညွန့်တို့ကို မည်မျှလောက်သော အရပ်မျှ မြင်ရသည်ဟု ကြားဘူးပါသနည်း
သုံးယူဇနာ( ၂၄ - မိုင် )လောက်က မြင်ရသည်ဟု ကြားဘူးပါသည်။ဒါဆို သင်တို့ထဲက မိုးတိမ်ညွန့်ဘယ်သူများ မြင်ရပါသလဲ။  မမြင်ရပါ။
လျှပ်စီးလက်သည်ကို မည်မျှလောက်သော အရပ်က မြင်ရသည်ဟု ကြားဘူးပါသနည်း။
လေးယူဇနာ  ( ၃၂ - မိုင် ) လောက်က မြင်ရသည်ဟု ကြားဘူးပါသည်။
သင်တို့ လျှပ်စီးလက်သည်ကို မြင်ရပါသလား၊ မမြင်ရပါ။
မိုးချိမ်းသံသည် မည်မျှလောက်သော အရပ်က ကြားရသည်ဟု ကြားဘူးပါသနည်း
တစ်ယူဇနာ ( ၈ - မိုင် ) လောက်သော အရပ်က ကြားရပါသည်။
သင်တို့ မိုးချိမ်းသံ ကြားရပါသလား ၊ မကြားရပါ။
မိုးနှင့်ပါတ်သက်သော အကြောင်းအရာ ( မေဃဗေဒ ) တစ်စုံတစ်ခုမှ မထင်
 မမြင်ရပါပဲလျှက်သူတို့ပြောစကား “ ယုံ ”  ထိုက်ပါသလား။အားလုံး “ မယုံ ” ထိုက်ပါ။
မိမိတွေ့လိုက်သော သူများသည် လူအစစ် မဟုတ်ကြ၊ လူရေခြုံထားသော သားစားဘီလူး 
များသာ ဖြစ်ကြသည်၊ သူတို့သည် အမြင်ကောင်းအောင် ဟန်ဆောင်ပြကာ သူတို့စကား
 ယုံကြည်၍ ရေများ စွန့်ပစ်မိကာ အားအင်ချိနည်သူများကို အလွယ်တကူ စားသုံးနေသူများ
ဖြစ်ကြသည်၊ စေတနာအရေခြုံထားသော (ဂွင်ဆင် ထောက်ချောက် ) စကားများကို
 သင်တို့ လုံးဝ မယုံကြကုန်လင့်။
ဒေသ၏ အခြေအနေနှင့်မိုးရိပ်လေရိပ်မျှကိုပင် အကဲမခပ်တတ်သော ရှေ့သွားနှင့်သည့်
ကုန်သည်အုပ်စုသည် ဘီလူးများစကား ယုံစား၍ ဘီလူးစား ခံပြီးလောက်ပေပြီ။
မကြာခင် သူတို့၏ အရိုးများနှင့်ဝန်အပြည့်ရှိသေးသော လှည်းများ တွေ့ရပေလိမ့်မည်၊
မည်သူမျှ ရေကို မသွန်ပစ်ခဲ့ကြနဲ့၊ ကဲကဲ ခရီးဆက်ကြစို့…။
ဤသို့ဖြင့် မကြာမီမှာပင် အရင်ကုန်သည်များ၏ ပျန့်ကျဲနေသော အရိုးများနှင့် ၀န်အပြည့်ရှိ
နေသော ကုန်တင်လှည်းများကို မြင်တွေ့ရပေပြီး။မိုးချုပ်ပြီးဖြစ်၍  သူတို့သည် လှည်းများကို
 ရပ်လိုက်ကြ၏၊
ထို့နောက် သစ်ခဲတဲများထိုးကာ နွားများကို အစာကြွေးကြ၏။ သူတို့သည်လည်း ချက်ပြုတ်စား
သောက်ကြ၏၊ အားလုံးပြီးသောအခါ နွားများကို အလယ်မှာထား၍ လူများက ၀န်းရံကာဘေး
ပတ်ပတ်လည်မှ အိပ်စက် အနားယူကြ၏၊ဘုရားလောင်းလှည်းကုန်သည်ကား  သန်လျှက်ဓား
ကိုင်လျှက် ညဥ့်သုံးယာမ်ပတ်လုံး မအိပ်ပဲနောက်လိုက်များကို စောင့်ရှောက်နေ၏၊
အရှေ့လောကဓာတ်မှ ပန်းနုရောင်သမ်းသော အရုဏ်ရောင်သည် တဖြေးဖြေး တောက်ပ၍
လာနေပေပြီ၊စောစောစီးစီးပင်နွားများကိုအစာကြွေးခြင်းလူများချက်ပြုတ်စားသောက်ခြင်း
ကိစ္စများလည်း ပြီးပေပြီ၊(ပိုင်ရှင်မဲ့ပစ္စည်းသည် ပံသူကူပစ္စည်းသဖွယ် ယူငင်သော်လည်း
 အပြစ်မရှိပေ) သို့ဖြစ်၍ ခံနိုင်ရည်အားနည်းသော လှည်များကိုထားခဲ့စေ၍  ကောင်းသော
 လှည်းများကို ယူစေ၏၊ အရည်အသွေးညံ့သော ကုန်များကိုလည်း  စွန့်ပစ်စေ၍ အရည် အသွေးကောင်းသော ကုန်များကို တင်စေ၏၊
အားလုံးပြီးသောအခါ ရှေ့ဆက် ခရီးထွက်ခဲ့ကြ၏။မိမိတို့ ရည်မှန်းထားသော မြို့သို့ရောက်
သောအခါ ရောင်းကုန်များကို ( နှစ်ဆတက်ဈေးဖြင့် ) ရောင်းကြ၏၊ မိမိတို့အလိုရှိသော
ကုန်များကိုလည်း အပြန်ကုန်အဖြစ်သယ်ဆောင်လာကာ မိမိတို့ဌာနီ ဗာရဏသီပြည်သို့
ဘေးရန်းကင်းစွာ ပြန်လည်ရောက်ရှိကြ၏။ ( ဤသည်မှာ ဆင်ခြင်ဥာဏ်ရှိသော ခေါင်း
ဆောင်ကောင်းကြောင့် ဘေးမသီ ရန်မခ  “  ပစ္စည်း အသက် ” ဆုံးရှုံးခြင်းမရှိပဲ မိမိတို့ဌာနီ
ဗာရာဏသီသို့ ပြန်ရောက်ခြင်း ဖြစ်ပါ၏၊ ပထမ သွားနှင့်သော လှည်းကုန်သည်များသည်ကား
ဆင်ခြင်ဥာဏ်ကင်းမဲ့သော ခေါင်းဆောင်၏အမိန့်စကားကြောင့် “ ပစ္စည်း အသက် ”  ဆုံးရှုံး
ရခြင်း ဖြစ်ပါ၏။
စဉ်းစားဆင်ခြင်ဥာဏ်ရှိသော ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ပါစေ(သို့မဟုတ်)
ခေါင်းဆောင်ကောင်း၏ နောက်လိုက် မှီခိုသူများဖြစ်နိုင်ကြပါစေ…။
                                                                           ပြီးပါပြီ .. ကောင်းသစ် 
Sunday, August 21, 2011
နောက်လိုက်များ၏ကြမ္မာ . ၁
နောက်လိုက် သို့မဟုတ် မှီခိုသူသည် . ခေါင်းဆောင်ကောင်း သို့မဟုတ် အမှီကောင်းရဘို့ အလွန်အရေးကြီးပါ၏၊၊ မိမိ၏ဘ၀သည် ခေါင်းဆောင်သူ၏အပေါ်၌ ပုံအပ်ထားရသည်ဖြစ်၍
ခေါင်းဆောင်ကောင်းလျှင် ဘ၀လုံခြုံမှုရှိသလို ချမ်းသာစွာလည်း နေထိုင်ရပါ၏၊ အထူးအား
ဖြင့် မိမိတို့၏ ခေါင်းဆောင်သည် မိမိအမှန်တကယ် (ကြောက်၍ မဟုတ်ပဲ ) ယုံကြည်ရသော
ခေါင်းဆောင် ဖြစ်နေဘို့ အရေးကြီးလှပါ၏၊ ခေါင်းဆောင်ကို မယုံကြည်ရလျှင် မိမိဘ၀သည်
လည်း လုံခြခြုံမှု မရှိနိုင်တော့။
ခေါင်းဆောင်နှစ်ဦးတို့၏  ဆင်ခြင် စဉ်းစားဥာဏ် ရှိ မရှိ ကွာဟချက်ကြောင့်နောက်လိုက်
အများ  ပျက်စီးရပုံနှင့် အသက်ချမ်းသာခွင့်ရကာ ကြီးပွါးချမ်းသာရကြောင်းကို ဇာတ်တော်
တစ်ခုဖြင့် တင်ပြလိုပါ၏။
လွန်လေပြီးသောအတိတ်ကာလ ကာသိတိုင်း ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း အုပ်စိုးစဉ်က
ဖြစ်၏။ ဘုရားလောင်းသည် ကုန်သည်မျိုး၌ ဖြစ်၍ ကုန်ရောင်ကုန်းဝယ် အလုပ်ဖြင့် ဘ၀ကို
ထိမ်းကျောင်းနေသူဖြစ်၏၊ ရှေးခေတ်က ကုန်များကူးသန်းရောင်းဝယ်ရာဝယ် လှည်များဖြင့်
ဝန်အပြည့်တင်ကာ ခရီးရှည်သွား၍ ရောင်းဝယ်လေ့ရှိကြ၏၊
ယခုလည်း ဘုရားလောင်းသည်  နယ်ထွက်ရောင်းကုန်များဝယ်ယူ၍ လှည်များဖြင့်တင်
ဆောင်ထားသည်မှာ လှည်းအစီးငါးရာစာပင် ပြည့်၍နေပေပြီ။ ဘုရားလောင်း ကုန်ရောင်း
သွားမည့်အရပ်သို့ တစ်ခြားကုန်သည်တစ်ဦးကလည်း သူ့အခြံအရံဖြင့် ကုန်ရောင်းသွားရန်
စီစဉ်နေကြောင်း ဘုရားလောင်းသတင်းကြားရ၏၊
ဘုရားလောင်းသည် စဉ်းစားနေ၏၊ မိမိသွားမည့် အရပ်ဒေသ၏လမ်းခရီးသည် လှည်းတစ်
ထောင်သွားလျှင် လမ်းခရီး၌ “ မြက် ထင်း ရေ အသီးအရွက် ” အခက်အခဲ ဖြစ်နိုင်စရာရှိ
၏၊ ထို့ကြောင့် နှစ်ဦးတစ်ပြိုင်နက် မသွားမကြပဲ တစ်ဦးဦးက အရင်သွားမှ အဆင်ပြေမည်။
ကုန်ရောင်းကုန်ဝယ်ကိစ္စ သွားညှိမှ သင့်တော်မည်ဟု စိတ်ကူးမိ၍ တစ်ခြားကုန်သည်ထံ
သွားရောက်၍ အကျိုးအကြောင်း ပြော၍ “ သူအရင်သွား ငါအရင်သွား ” ညှိနှိုင်းကြ၏။
တစ်ခြားကုန်သည်က စဉ်းစား၏၊ အင်း ငါတို့က အရင်သွားရင် လမ်းတွေမပျက်စီးခင် လမ်း
ကောင်းကောင်းမှာသွားရမယ်၊ ရေကြည်ကို သောက်ရ သုံးရမယ်၊ အသီးအရွက်တွေလည်း
သူတို့အရင် စိတ်တိုင်းကြ ခူးဆွတ်စားနိုင်မယ်၊ငါတို့နွားတွေဟာ မြက်များကိုလည်း ဦးဦးဖျား
ဖျားစားခွင့်ရမယ်၊ အထူးအားဖြင့် ရောင်းကုန်၏ပေါက်ဈေးကို မိမိတို့ စိတ်တိုင်းကျ ဈေး
ခေါ်၍ ရောင်းခွင့်ရမယ်၊ ဒါဆိုရင် …. ။ ယင်းသို့တွေး၍ တစ်ခြားကုန်သည်က သူအရင်သွား
မည်ဖြစ်ကြောင်း ပြောဆိုလေတော့၏။
ဘုရားလောင်းက စဉ်းစားနေ၏၊ .. အင်း ငါတို့က နောက်မှ သွားမယ်းဆိုရင် သူတို့ပြင်ပြီး
သား လမ်းကောင်းကို သွားရမည်၊ ရေလည်း အထူးရှာစရာမလို သူတို့ရှာပြီးသား တူးပြီးသား
ရေကို အရန်သင့် သုံးရုံပဲ( ရှေးခေတ် ခရီးသွားများသည် လမ်းခရီး၌ ရေရှိသော အရပ်ကို 
သင်္ကေတ တစ်ခုခုပြ၍ လမ်းညွှန်ထားလေ့ ရှိကြ၏ )၊  နောက်ပြီး သူတို့က ဟင်းရွက်ကြမ်း
တွေ စားရမယ် ၊ ငါတို့က နောက်မှ အသစ်ထွက်လာတဲ့ အရွက်နုနုတွေကို စားခွင့်ရမယ်၊
မြက်ဆိုရင်လည်း သူတို့နွားတွေက မြက်ကြမ်းတွေကို စားရမယ်၊ ငါတို့နွားတွေကတော့
အသစ်ပြန်ပေါက်တဲ့ မြက်နုနုလေးတွေကို စားရမယ်၊ နောက်ပြီး အရင်ဆုံးဈေးစကား
 ပြောရတာ (ဈေးများများခေါ်ဖို့ ) ၀န်လေးတယ်၊ နောက်မှ ရောင်းသူဆိုတော့ 
သူတို့ဖြတ်ပြီးသား ဈေးနဲ့ ရောင်းခွင့်ရမယ် ၊ …. ဒါဆို… ။
ကုန်သည်များသွားမည့် လမ်းကြောင်းသည့် ကန္တာရကို ကျော်ဖြတ်၍ သွားရမည့် ခရီးရှည်ဖြစ်
၏၊ ကန္တာရနှင့်ပါတ်သက်၍ ဗဟုသုတဖြစ်ဖွယ် တင်ပြလိုပါသေး၏၊ သူခိုးဓားပြများ ကြီးစိုးသော
စောရကန္တာရ၊ ခြင်္သေ့သစ်ကျားစသော တောကောင်များ ကြီးစိုးသော ၀ါဠကန္တာရ၊ အစားအစာ
ရှားပါးသော အပ္ပဘက္ခကန္တာရ၊ ဘီလူးများအုပ်စိုးသော အမနုဿကန္တာရ၊ ရေမရှိသော နိရုဒက
ကန္တာရဟူ၍ ငါးမျိုးရှိကြောင်း မှတ်တမ်းများ၌ ဖတ်ရှုရပါ၏၊
ယခုကုန်သည်များ သွားမည့်ခရီးသည် “ အမနုဿကန္တာရနှင့် နိရုဒကကန္တာရ ” ဖြစ်နေ၏၊ ယူဇနာခြောက်ဆယ် ( မိုင်ပေါင်း လေးရာရှယ့်ဆယ် “ တစ်ယူဇနာ ရှစ်မိုင်နှုံး ” ) ခရီးရှည်ကို
 ဖြတ်ကျော်၍ သွားရမည့် ကုန်သွယ်မှု ခရီးစဉ်ဖြစ်ပါ၏။
နှစ်ဦးသဘောတူ တူညီချက်ရပြီးသည်ဖြစ်၍ တစ်ခြားကုန်သည်သည် မိမိအခြံအရနှင့်အတူ 
လှည်းငါးရာတို့ကို ကုန်အပြည့်တင်ဆောင်ကာ ကုန်ရောင်းမှုခရီးစဉ် စတင်လေတော့၏။
ဤသို့ဖြင့် “ ဘီလူးများ ကြီးစိုးနေထိုင်သော အမနုဿကန္တာရ၊  ရေလုံးဝမရှိသော နိရုဒက
 ကန္တာရ ” နယ်ထဲသို့ပင် ရောက်လာပေပြီ၊ ခရီးရေတွက်ကြည့်လျှင် မိုင်ပေါင်း နှစ်ရာလေး
ဆယ်ပင်  ပေါက်ခဲ့ပြီးဖြစ်၏၊
နွားပျိုများ တပ်ယှဉ်ထားသော လှည်းယဉ်လေးတစ်စီး၊ ယင်းလှည်းယဉ်ပေါ်၌ ခေါင်းဆောင်ဟု
တင်ရသော လူငယ်၊ သူ့ဝန်းကျင်၌ ခေါင်းဆောင်လူငယ်ကို ခြံရံထာကာ လုံခြုံရေးတာဝန်ယူ
ထားကြသော လက်နက်ကိုင် လူငယ် တစ်ဆယ့်နှစ်ယောက် ၊ သူတို့သည်  ကြာညို ကြာဖြူ ကြာနီ ကြာပုဏ္ဍရိတ် ကြာပန်းမျိုးစုံတို့ကိုပန်ဆင်၊ ကြာစွယ် ကြာရင်း ကြာဝတ်များဆံများကို စားလျှက် ၊ ခြုံကြည့်လိုက်လျှင် သူတို့သည် ရေများစိုရွှဲ နေ၏၊ နွားများနှင့် လှည်းဘီများ ကြည့်ုလိုက်ပြန်တော့ ရွံ့ဗွက်များကို ဖြတ်ကျော်လာရသည်နှယ်ရွှံ့ ညွံ နွံများ  အလိမ်း လိမ်းကပ်လျှက်..
လှည်းငါးရာဖြင့် ကုန်ရောင်ကုန်ဝယ်သွားရသော ကုန်သည်ခေါင်ဆောင်သည် ၀န်မပါသော
လှည်းယဉ်ငယ်လေးကို စီးနင်းလိုက်ပါလျှက် လေကို ကြည့်၍ လိုက်ရ၏၊ ရှေ့မှ လေလာ သည်ဖြစ်အံ့၊ ရှေ့ဆုံးမှ သွား၍ အလုပ်အကျွေားများဖြင့် မြူမှုံများကို ဖယ်ရှားရ၏၊ ၊နောက်မှ လေလာသည်ဖြစ်အံ့။ နောက်ဆုံးမှနေ၍ မြူမှုံများကို ဖယ်ရှားရ၏။ ယခုအချိန်၌ လေသည်ရှေ့မှတိုက်ခပ်နေ သည်ဖြစ်၍ ရှေ့ဆုံးမှနေ၍ လှည်းယဉ်လေးစီးကာ ခရီးနှင်နေ၏။
လူအသွင်ပြောင်ထားသော ဘီးလူးအုပ်စုနှင့် ကုန်သည်အုပ်စုသည် ဆုံမိကြလေပြီး၊ ယင်းသို့
ဆုံအောင်လည်း ဘီလူးများက တမင်အကွက်ချ ထောင်ချောက် ဆင်ထားခြင်းဖြစ်၏။
သို့သော် ကုန်သည်အုပ်စုသည် ယင်းလူငယ်တစ်စုကို ဘီလူးများဟု မသိကြ၊ ဤသည်မှာ သူတို့အရေခြုံထားသည်ကို ဖေါက်ထွင်းသိမြင်နိုင်သည့် စွမ်းရည်မရှိခြင်းကြောင့်လည်း ဖြစ်ပါ၏၊ မိမိသွားနေသည့် ခရီးလမ်း၏ အထာကိုလည်း သတိမထားမိသောကြောင့်ဖြစ်၏၊
လူငယ်အုပ်စု ခေါင်းဆောင်မှ ကြာဝတ်ဆံ စားနေရင်းမှ လူမှုရေးစိတ်ဓာတ် အပြည့်အဝ
 ရှိသူအလား သူ့လှည်းကို လမ်းဘေးကပ်ရပ်ကာ ကုန်သည်ခေါင်းဆောင်ကို လှမ်း၍
 စကားစလိုက်၏။အမှန်အားဖြင့် ထောင်ချောက်ချလိုက်ခြင်းသာ ဖြစ်ပါ၏၊
အိုမိတ်ဆွေတို့ ဘယ်ကလာလို့ ဘယ်ကို သွားကြမှာပါလဲ….
ကုန်သည်ခေါင်းဆောင်သည်လည်း မိမိလှည်းယဉ်ကို လမ်းဘေးကပ်ရပ်ကာ . အော်. ကျနော်တို့ ဗာရာဏသီပြည်က လာကြတာပါ၊ ကုန်ရောင်းကုန်ဝယ်ကိစ္စနှင့် ခရီးသွားနေကြတာပါ၊
အော် ဒါနဲ့ မိတ်ဆွေတို့ကိုယ်မှာလည်း ရေမျာ စိုရွဲလို့ပါလား ၊ နောက်ပြီး ကြာပန်းတွေဆင်
ကြာဝတ်ဆံတွေစားလို့ ၊ ရွှံနွံများတောင် ပေပွလို့ပါလား။
အော် ..ဟုတ်ပါတယ် မိတ်ဆွေ၊ ဟို တောတန်း ညို့ညို့လေး လှမ်းမြင်နေရတယ် မဟုတ်လား၊
အဲဒီ တောတန်းကစပြီး ဟိုဘက်တစ်လျှောက်လုံးပါပဲ ၊ မိုးကောင်းလိုက်တာ၊ လမ်းမှာရှိတဲ့
ချောက်တွေ ကန်တွေလည်း ရေတွေပြည့်လို့ ကြာမျိုးစုံလည်း လမ်းတစ်လျှောက် ကန်တွေမှာ
ပေါမှပေါပဲ။ ကျနော်တို့ကိုသာ ကြည့်တော့လေ ၊ မိတ်ဆွေတို့ မြင်တဲ့အတိုင်းပါပဲ။
အော် ဒါနဲ့ မိတ်ဆွေတို့က ကုန်သည်တွေဆိုတော့ ဟိုလှည်းပေါ်က ရောင်းကုန်တွေ မှတ်တယ်၊
အော် ဟုတ်ပါတယ် ၊ ရောင်းကုန်တွေ အပြည့်ပါပဲ၊
ဒါနဲ့ နောက်ဆုံးနားက လှည်းတွေကတော့ နှေးနှေးကွေးကွေးဆိုတော့ ကုန်တော်တော် လေးပုံရတယ်၊
အော် .. အဲဒါက လမ်းမှာ ရေအခက်အခဲတွေ့နိုင်လို့ ရေတွေ တင်လာတဲ့ရေလှည်းတွေပါ၊
အော် အော်..၊ ဒီနယ်မရောက်ခင်အထိတော့ ရေတွေသယ်ဆောင်လာတာ ကောင်းပါတယ်၊
ဒါပေမဲ့ ဒီကရှေ့ ဆက်သွားရင် လမ်းတစ်လျှောက် ရေတွေ ပေါနေပြီဖြစ်လို့ ရေတွေကို အလေးခံပြီး
 ဆက်သယ်ယူစရာမလိုတော့ပါဘူး၊ နွားတွေလည်း ပမ်းလှပါတယ်၊ ရေတွေ သွန်သာ ပစ်လိုက်ပါတော့၊ ကျနောတို့က “ စေတနာ ” နှင့်ပြောတာပါ၊
ကဲမိတ်ဆွေတို့လည်း စကားပြောနေရတာနှင့် ခရီးနှောင့်နှေးနေပါ့မယ်၊ ကျနော်တို့လည်း
 ရှေ့ဆက်ပြီး ခရီးဆက်ရအုံးမှာမို့ သွားလိုက်ပါအုံးမယ် ..။
လူအရေခြုံထားသော ဘီလူးများသည် သူတို့ပြောချင်သည့် စကား (ထောင်ချောက် )များ
ပြောပြီးသည်ဖြစ်၍ လှည်းယဉ်လေးဖြင့် ဆက်ခရီးနှင်သွားကြလေပြီး၊ ကုန်သည်အုပ်စု မမြင်
နိုင်လောက်သည့်အရပ်ရောက်သောအခါ လူအရေခြုံထားသည်ကိုများ ခွါ၍ မိမိဌာနေ ဘီးလူးပြည်သို့သာလျှင် ပြန်သွားကြတော့၏၊ ဘီလူးများ ထောက်ချောက်ဆင်၍ ပြီးလေပြီး၊
ထောင်ချောက်မိ လူများကို မကြာခင် စားရပေတော့မည်ဟူသော စိတ်ကူးကိုယ်စီ သူတို့မှာ
ရှိနေလေပြီ… ။
ဤသို့ဖြင့် .. လူအရေခြုံထားသော ဘီလူးများ ထွက်ခွါသွား၍ မကြာမီမှာပင် . . …
အရပ်ဒေသ၏အခြေအနေနှင့် မိုးရိပ်လေရိပ်မျှကိုပင် မသိနားမလယ်၊ သူတစ်ပါး ပြောသမျှကိုသာ
 ခေါင်းညိမ့် ယုံလွယ်သော ( စူးစမ်းဆင်ခြင်ဥာဏ်မဲ့) ကုန်သည် ခေါင်းဆောင်သည်သူ့နောက်လိုက်
များကို အမိန့်ပေးလိုက်သည် ၊.. .....သူပေးလိုက်သော အမိန့်မှာ…
                                                                        ဆက်ရန်.   ကောင်းသစ်