.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Friday, April 22, 2011

ကောင်းသစ် ခရီးသွားနေသည်






လောလောဆယ် ကောင်းသစ် ခရီးထွက်မည်ဖြစ်ပါ၍
ဆောင်းပါများ ခေတ္တ တိတ်ဆိတ်နေခြင်းကို
စာချစ်သူများ သိခံ ခွင့်လွှတ်ကြပါရန်
တောင်းပန်အပ်ပါ၏



အလင်းသစ် ဘလော့၌ ရေးသားထားသော
ကောင်းသစ်၏ ဆောင်းပါးများကို
စာအုပ်ထုတ်ရန် ရည်ရွယ်ထားရာ
ပထမဆုံး စာအုပ်အဖြစ်
ငြိမ်းချမ်းရေးအုတ်မြစ်နှင့် ၀ိရတီသစ္စာ - ကို
စတင်၍  ဓမ္မဒါနအဖြစ်
ထုတ်ဝေ လှူဒါန်းနေပါပြီ။

Wednesday, April 20, 2011

စိတ်သာ ပဓာန

ထိုလူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို အမိအဖသည် မပြုနိုင်၊ တစ်ပါးသော ဆွေမျိုးစသူတို့သည်လည်း မပြုစွမ်းနိုင်ကုန်၊ ထိုလူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာ
မျိုးကို ကောင်းစွာ ထားအပ်သော စိတ်သည်သာလျှင် ထို မိဖဆွေမျိုးတို့ထက် 
တစ်ဆင့်ထက် တစ်ဆင့် မြင့်မြတ်အောင် ပြုစွမ်းနိုင်၏၊
                                                                          ( သောရေယျဝတ္ထု)

ခိုးသူ တစ်ယောက်သည် ခိုးသူ တစ်ယောက်ကို မြင်သော် ပျက်စီးအောင် ပြုရာ၏၊
ရန်သူ တစ်ယောက်သည် ရန်သူ တစ်ယောက်ကို မြင်သော် ပျက်စီးအောင် ပြုရာ၏။
မကောင်းသဖြင့် ထားအပ်သော စိတ်သည်ကား ထိုစိတ်ရှိသူကို ထို့ထက်ပင် 
ယုတ်ညံ့အောင် ပြုနိုင်၏။
                                                                         (နန္ဒဂေါပါကလ၀တ္ထု)

မိုက်သောသူသည် မိမိ မိုက်သည်၏ အဖြစ်ကို သိ၏၊ ထိုသိမှုကြောင့် ပညာရှိ 
ဖြစ်နိုင်သေး၏၊မိုက်သောသူသည် ငါပညာရှိဟု မိမိကိုယ်ကို ထင်မှတ်နေပါမူကား 
တိုသူကို စင်စစ် လူမိုက်ဟူ၍ ဆိုအပ်၏။
                                                                   (ဂဏ္ဋိဘေဒကစောရ ၀တ္ထု)

မိုက်သောသူသည် အကြင်ရွေ့လောက် မကောင်းမှုသည် အကျိုးမပေးသေး၊
ထိုရွေ့ကလောက်မကောင်းမှုကိုပျားသကာကဲ့သို့ မှတ်ထင်၏၊  အကြင်အခါ၌ကား မကောင်းမှုသည်အကျိုးပေး၏၊ထိုအခါ၌ဆင်းရဲသို့ရောက်ရ၏။   
                                                                 ( ဥပ္ပလ၀ဏ္ဏတ္ထေရီဝတ္ထု)

                                                              
မကောင်းမှု ပြုသူသည် ကောင်းကင်၌ တည်နေသော်လည်းကောင်း၊ သမုဒ္ဒရာ အလယ်၌ တည်နေသော်လည်းကောင်း၊ တောင်ခေါင်းသို့ဝင်၍ တည်နေသော်လည်းကောင်း၊ (မကောင်းမှုမှ မလွတ်ရာ)။အကြင်အရပ်၌  တည်နေသော် မကောင်းမှုမှ (မကောင်းကျိုးပေးခြင်းမှ ) လွတ်ရာ၏၊ထိုအရပ်မျိုးကား မရှိနိုင်သည်သာတည်း။
                                                               (တယောဇန၀တ္ထု)

Saturday, April 16, 2011

နှစ်သစ် ဆုမွန်


၁၃၇၃ . ခုနှစ်
နှစ်ဆန်း (၁) ရက်နေ့..

ရွက်ဟောင်းတွေ မြေမှာကြွေ
ရွက်သစ်တွေ ပင်မှာမြူး
အတာကူးသည့် -
လတန်ခူးသို့ပင် ရောက်ခဲ့ပေပြီ..။

ဂန့်ဂေါ်တွေ ဝေ ...
ပိတောက်တွေ ရွှေရည်လူး
ပင်ယံထက်မှာ ဖူးပွင့်ကြလေပြီ။

ရက်ဟောင်း လဟောင်း
ထိုမှတစ်ပါး ..
နှစ်ဟောင်းတို့သည်
တရွေ့ရွေ့ ကုန်ဆုံး၍..။

ယနေ့ ...
ရက်သစ် လသစ် နှစ်သစ်သို့ပင်
ရောက်ခဲ့ပေပြီ..။

နှစ်သစ်၌ ...
အတွေးသစ် အမြင်သစ်များဖြင့်
လုပ်ငန်းသစ်များကို လုပ်ဆောင်၍
ဘ၀သစ်တစ်ခုကို ဖွါးမြင့်သင့်ကြပေပြီ..။

ဘ၀သစ်ဖြင့်
လောကသစ်ကို တည်ဆောက်၍
အသစ် အသစ်ဖြစ်သော အကျိုးပြုမှုများဖြင့်
လောကကို အလှသစ်များ ဆင်နိုင်အောင် ..
နှစ်သစ်သို့ ရောက်သူတိုင်း
အားသစ် အင်သစ်များကို မွေးမြူသင့်ကြပေပြီ..။

နှစ်သစ်၌ ...
ပန်းတွေလိုမွှေး
စမ်းရေလို အေးနိုင်ကြပါစေဟု ..
အလင်းသစ်မှ ..
ဆုမွန်ကောင်း ချွေလိုက်ပါသည်..။

                    ကောင်းသစ်

ညောင်ကန်အေး ဆရာတော်

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ညောင်ကန်အေး သာသနာ့ရိပ်သာ
ပဓာန နာယက ညောင်ကန်အေး ဆရာတော်၏
၇၃ နှစ်မြောက် ၀ိဇာတမင်္ဂလာ
မှတ်တမ်းပုံရိပ်လွှာများ


အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော်
ညောင်ကန်အေး ဆရာတော်


အဆိုတော် ခင်စိုးဝင်းမှ ဓမ္မဂီတိဖြင့် ပူဇော်နေစဉ်

အဆိုတော် ရီရီသန့်မှ ဓမ္မဂီတိဖြင့် ပူဇော်နေစဉ်

Wednesday, April 13, 2011

ဘာဝနာဖြင့် ပျော်မွေ့ခြင်း

ရန်ကုန်တိုင်း အင်စိန်မြို့နယ် ၊ မဟာစည်သြ၀ါဒခံ ညောင်ကန်အေး သာသနာ့ရိပ်သာ၌
သင်္ကြန်ကာလ တရားဘာဝနာဖြင့် ပျော်မွေ့နေကြသော ယောဂီသူတော်စင်များ







တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊ တရားအရသာသည် အရသာအားလုံးကို
အောင်နိုင်၏၊ တရား၌ မွေ့လျှော်ခြင်းသည် မွေ့လျှော်ခြင်းအားလုံးကို အောင်နိုင်၏၊
တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံ ဆင်းရဲကို အောင်နိုင်၏၊( သက္ကပဥှဝတ္ထု ) ။

တရားတည်းဟူသော နှစ်သိမ့်မှု ပီတိအရသာကို သောက်ရသူသည်  ဆိတ်ငြိမ်ရာ၌ရသော
(တရား)အရသာကိုလည်းကောင်း၊ ကိလေသာ အပူငြိမ်းရာ နိဗ္ဗာန်၏အရသာကို သောက်ရ
သောကြောင့် ပူပန်မှု ကင်း၏၊ မကောင်းမှုမှလည်း ကင်း၏။ ( တိဿတ္ထေရ ၀တ္ထု) ။

ပန်းထိမ်သည်သည် ရွှေ၏အညစ်အကြေးကို တဖြေးဖြေး ထုတ်သကဲ့သို့ ပညာရှိသည် အစဉ်
သဖြင့် မိမိ၏အညစ်အကြေးကို အနည်းငယ် အနည်းငယ် အခွင့်ရတိုင်း အခွင့်ရတိုင်း (ရာဂ -
စသော အညစ်အကြေးကို ) ထုတ်ပယ်ရာ၏၊ (အညတရ ဗြဟ္မဏ၀တ္ထု ) ။

အကြင်အခါ ရုပ်နာမ်သင်္ခါရအားလုံးတို့သည် အမြဲမရှိကုန်ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊
ထိုအခါ ရုပ်နာမ်ဓမ္မ သင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏၊ ဤငြီးငွေ့ခြင်းသည် ကိလေသာစင်ကြင်ရာ
နိဗ္ဗာန်၏ အကြောင်းဖြစ်၏၊ (အနိစ္စလက္ခဏ၀တ္ထု )။

အကြင်အခါ ရုပ်နာမ်သင်္ခါရအားလုံးတို့သည် ဆင်းရဲကုန်၏၊ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊
ထိုအခါ ရုပ်နာမ်ဓမ္မ သင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏၊ ဤငြီးငွေ့ခြင်းသည် ကိလေသာစင်ကြင်ရာ
နိဗ္ဗာန်၏ အကြောင်းဖြစ်၏၊ (ဒုက္ခလက္ခဏ၀တ္ထု )။

အကြင်အခါ သဘာဝတရားအားလုံးတို့သည် အတ္တမဟုတ်ကုန်၏၊ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊
ထိုအခါ ရုပ်နာမ်ဓမ္မ သင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏၊ ဤငြီးငွေ့ခြင်းသည် ကိလေသာစင်ကြင်ရာ
နိဗ္ဗာန်၏ အကြောင်းဖြစ်၏၊ (အနတ္တလက္ခဏ၀တ္ထု )။

ကမ္မဋ္ဌာန်းအာရုံ၌ အားထုတ်မှု လုံ့လကြောင့် ပညာဖြစ်ပွါး၏၊ အားထုတ်မှု လုံ့လမရှိခြင်းကြောင့် ပညာ
ကုန်ခမ်း၏၊ ပညာဖြစ်ပွါးခြင်း ပညာဆုတ်ယုတ်ခြင်း၏ ဤခရီးလမ်းနှစ်သွယ်ကို သိ၍  အကြင်လမ်းဖြင့်
ပညာတိုးပွါး၏၊ ထိုလမ်းဖြင့် မိမိကိုယ်ကို သိမ်းသွင်းရာ၏။(ပေါဋ္ဌိလတ္ထေရ၀တ္ထု )။

Monday, April 11, 2011

နှုတ်ဆက် - ကြိုဆိုခြင်း


တနေကွယ်
သေနယ်သို့ တစ်ခါကူး။

မေ့လျှော့က သေဘူးမထင်ပါနဲ့
နေကွယ်တာ အချိန်များရင်
သေနယ်ရွာ တစ်ကြိမ်သွားတယ် ကွယ်…
တားမရဘူး ။  (မူရင်းကဗျာရှင် မသိပါ)။

နေမင်းပေါ်ထွက်၍ တောင်စွယ် နေကွယ်သွားလျှင် တစ်နေ့တော့ ကုန်ပြန်ပေါ့ဟု ပြောတတ်ကြ စမြဲဖြစ်၏။ နေ၀င်ပါများတော့ နေ့တွေ ကုန်ပါများလာ၏၊ နေ့တွေ့ကုန်ပါ များလာပြန်တော့လတွေ ကုန်လာပြန်၏့၊ အဲဒီလတွေ ၁၂ လကုန်ပြန်တော့ တနှစ်ကူးပြန်ပေါ့ဟု ဆိုကြပြန်ပါ၏။
နှစ်ကူးခြင်းကိုပဲ အတာကူးခြင်း နှစ်ပြောင်းခြင်း သင်္ကန္တ သင်္ကြ န္တ သင်းကြန်ကျပြီလို့ ဆိုကြပြန်ပါ၏

သင်္ကြန်ကာလ၌ မိမိတို့အားသာရာ အားသာရာ ခြေဦးလှည့်ကြပြန်၏၊ ဘာသာရေး အားသန်သူများက  သင်္ကြန်ကာလအတွင်း ဒုလ္လဘရဟန်းပြုခြင်း ရှင်ပြုခြင်း သီလရှင်ဝတ်ခြင်း တရားဘာဝ နာပွါးများခြင်း ဥပုသ်ရက်ရှည် စောင့်သုံးခြင်းဖြင့် နှစ်ဟောင်းနောက်ဆုံးရက် ကာလကို အကျိုးရှိရှိ အသုံးချကြ၏၊
တနည်းအားဖြင့် နှစ်သစ်ကို ကုသိုလ်ဖြင့် ကြိုဆိုကြခြင်းဖြစ်ပါ၏၊ ကုသိုလ်သည် လျှောက်လှမ်းရမည့်  အနာဂါတ်ဘ၀ခရီးအတွက် ပန်းခင်းလမ်းကို ဖန်တီးပေးတတ်ပါ၏၊၊ ဤသည်ကို ယုံကြည်ချက်
အားကောင်းသူများက “ အချိန်ကို ကုသိုလ်ဖြင့် အသုံးချခြင်း ” ဖြစ်ပါ၏။ အသက်သည် အချိန်ဖြစ်
အချိန်ကို ကုသိုလ်ဖြင့် ကုန်လွန်စေခြင်းသည် အသက်ကို အမြတ်ဆုံးတန်ဆာဖြင့် အလှဆင်ခြင်းဖြစ်ပါ၏၊

တနှစ်ကုန်သွားပြန်တော့ တနှစ်အသက်ကြီးသွားပြန်၏၊ အသက် တစ်နှစ်ကြီးလာခြင်းသည် သေခြင်းနှင့် သေမင်းနဲ့ တနှစ်နီးလာခြင်းဖြစ်ပါတော့၏၊ အသက်ကြီးခြင်းသည် အမှန်အားဖြင့် နေဖို့အခွင့်အလမ်း  ငယ်သွားခြင်း (နဲသွားခြင်း) ဖြစ်ပါ၏။
နေခဲ့ပြီး ရက်လနှစ်တို့ကို သိရသော်လည်း နေရမည့် ရက်လနှစ်တို့ကား ခန့်မှန်းရ ခက်လှပါ၏၊
နောက်ဘ၀ဟူသည် လက်တကမ်းမှာ အမြဲရှိနေသည် မဟုတ်ပါလား။ထို့ကြောင့် အနာဂါတ်သည်
မုချတွက်ဆ၍ မရသော ကိုယ်ပိုင်အချိန်ဖြစ်ပါ၏၊

ပိုင်ဆိုင်ခဲ့ပြီးသော အတိတ်သည် မိမိအတွက် ဘာများ ပိုင်ဆိုင်ခဲ့ပါသနည်း
ကုသိုလ် ဥစ္စာ ပညာ ပါဝါ . ဘာများ ပိုင်ခဲ့သနည်း ၊ လောကအတွက် သာသနာအတွက် ဘာများ
အကျိုးပြုခဲ့ပါသနည်း၊ ပိုင်ဆိုင်မှု မရှိသော အကျိုးပြုမှု မရှိခဲ့သော အတိတ်သည် ခြေရာ မထင်ခဲ့သော အတိတ်ခြေလှမ်းများ ဖြစ်သွားပါ၏၊  ထို့ကြောင့် သေချာသော ရေရာသော ခြေလှမ်းများ ကျန်ရစ်စေရန်..ကုသိုလ် ဥစ္စာ ပညာ ပါဝါများ ပိုင်ဆိုင်ဖို့ လက်ရှိအချိန်ကို အသုံးချမှိရန် အထူးပင်လိုအပ်ပါ၏။
ထို့ကြောင့် တောင်စွယ်နေကွယ်သော်လည်း ဘ၀နေမကွယ်ခင်  မိမိတို့ပိုင်ဆိုင်သော ကိုယ်ပိုင်အချိန်လေးမှာ “ ကုသိုလ် ဥစ္စာ ပညာ ပါဝါများ ” တိုးအောင် ကြိုးစားကြရင်းခြင့် မိမိ၏အသက်ကို တန်ဖိုးမြင့်မားအောင် ကြိုးစား နေထိုင်ကြပါစို့၊ လောကနှင့်သာသနာကို စွမ်းနိုင်သမျှ အကျိုးပြုကြပါစို့ဟု ဆန္ဒပြုရင်း  . ဤဆောင်းပါးလေးဖြင့် နှစ်ဟောင်းကို နှုတ်ဆက်၍ နှစ်သက်ကို ကြိုဆိုလိုက်ပါ၏

                                                                                  ကောင်းသစ်..


Wednesday, April 6, 2011

မြန်မာ့သင်္ကြန်


မြန်မာတို့၏ ၁၂ ရာသီပွဲတော်တို့တွင် တန်ခူးလသည် ပထမဆုံးပွဲတော် ဖြစ်သလို အထူးခြား ဆုံးသော ပွဲတော်လည်း ဖြစ်ပါ၏။ ထူးခြားပုံကို အနည်းမျှ စာစီ၍ ပြပါအုံးမည်။

                         တန်ခူးမိဿ ၊  စိတြ  ၊ လနှင့်ယှဉ်ပြိုင်ထွန်း။
                         ရင်ခတ်ဂန့်ဂေါ် ထုံသင်းပျော် ပွဲတော် အတာညွှန်း .. (စာဆို အမည်မသိ)။

တန်ခူးလ(အတာကူးတဲ့လ)သည် ရာသီအားဖြင့်မိဿရာသီ၊ပြာလဲ့လဲ့ဖြစ်သော အထက်ကောင်း ကင် အာကာ နန်း၌ စိတြနက္ခတ်သည် ဖိုးရွှေလနှင့်အပြိုင် လင်းလက် တောက် ပချိန်၊ရာသီပန်း အခါပွင့်ပန်းဖြစ်ကြသည့် ရင်ခတ်ပန်း ဂန့်ဂေါ်ပန်းများလည်း မြိုင်မြိုင် ဆိုင်ဆိုင် ပွင့်ကြ၍ ရနံ့ သင်းသော ကြိုင်သော လှိုင်သော အခါ ကာလ သမယ  ဖြစ်ပါ၏

လူကြီးလူငယ် လူရွယ်များသည် ဘုရား ကျောင်းကန် ရိပ်သာများသို့ သွားရောက်ကြ၍ ဥပုသ်စောင့် သုံးကြ ခြင်း၊ မိမိတို့အားလပ်ရက် (ရုံးရက်ရှည်ပိတ်ရက်)သင်္ကြန်ကာလအတွင်း၌  ရခဲသော (ဒုလ္လဘ ) ရဟန်းအဖြစ်၊ သာသနာ့နွယ်ဝင် သီလရှင်အဖြစ်သို့ ၀င်ရောက်ကြခြင်း၊ ယောဂီအဖြစ်ဖြင့် တရားဘာဝနာများ ရှုပွါးကြခြင်း စတုဒိသာ ကျွေးမွေးလှူဒါန်း ကြခြင်း ဘိုးဘွား များကို ရေချိုးပေး ကြခြင်း ခေါင်းများ လျှော်ပေးကြခြင်း ခြေသဲ လက်သဲ  ညှပ်ပေး ကြခြင်း အစားအသောက်ဖျော်ရည် တို့ဖြင့် ကျွေးမွေး စောင့်ရှောက်ကြခြင်း လက်စုံမိုး (လက်အုပ်မိုး)၍ ဆေးဝါးများ အ၀တ်အထည်များ စားသောက်ဖွယ်ရာများဖြင့် ပူဇော် ကန်တော့ကြခြင်း.. ဆရာ သမား ဘိုးဘွားမိဘများကို တပည့် သားသမီး မြေးမြစ် များက တတ်စွမ်း သမျှ အာမိသ ဓမ္မတို့ဖြင့် ပူဇောကန်တော့ကြခြင်း . . စသည် စသည့်ကောင်းမြတ်သော ရှုခင်းအစုံတို့ကို ဤလ ဤချိန် ဤကာလ၌ ကြည်နူးဖွယ်ရာ တွေ့မြင်နိုင်ပါ၏။ ဤသည်မှာ တစ်ခြားသော  ယဉ်ကျေးမှုတို့နှင့် မတူကွဲပြားသော  ခြားနားသော ထူးခြားသော  မြန်မာတို့၏ ချစ်စဖွယ် မြတ်နိုးစဖွယ် ဂုဏ်ယူစဖွယ် အမွေအနှစ်ကောင်းများ ဖြစ်ပါ၏။ ယင်းအစဉ်အလာကောင်းများ ကို လက်ဆင့်ကမ်း၍ ထိမ်းသိမ်း စောင့်ရှောက်လာကြသည်မှာ ယနေ့ထက် တိုင်အောင်ပင် ဖြစ်ပါ၏၊

တစ်ချို့သော လူငယ်လူငယ်ရွာများက့ ဓမ္မဘက် ခြေဦး မလှည့်ဖြစ်ကြ၊ သို့သော်  လောကဘက် ပျော်ရွှင်မှု အတွက် ရေကစားသည့် မဏ္ဍပ်ကြီးများ ဆောင်လုပ်ကြ၍ အတီး အက အလှတို့ဖြင့် ဧည့်ခံ ဖျော်ဖြေ နေကြ သည်မှာလည်း ကမ္ဘာမှာ ဘယ်မှာမှ မရှိသည့်  မြန်မာတို့၏ ချစ်စဖွယ် ယဉ်ကျေးမှုတစ်ခု ဖြစ်ပါ၏၊ တူးပို့ တူးပို့ သီချင်း သံလေးမှာလည်း သင်္ကြန်အဖို့တော့ မရိုး နိုင်သော ဂီတသံဆန်းလေးတစ်ခုအဖြစ် မဏ္ဍပ်တိုင်း မှာ ကြားနေရပါ၏။ ရွှေဝါရောင် ပန်းပိ တောက်သည် သင်္ကြန်၏ သင်္ကေတပန်း၊ တူးပို့ တူးပို့ သီချင်း သံလေးသည် သင်္ကြန်၏သင်္ကေတ ဂီတ၊ မြန်မာရိုးရာနှင့်အညီ ၀တ်စားဆင်ယင်ကြ၍ ငွေဖလားဖြင့် အတာရေ ပက်ဖြန်း ကစား ကြခြင်းသည် သင်္ကြန်၏ သင်္ကေတ ပျော်ရွှင်မှုဟန်များဖြစ်ပါ၏။

ဤသို့ ကောင်းခြင်းဂုဏ်နှင့် ပြည့်ဝသော သင်္ကြန်၏အလှအပကို ဖျက်ဆီးနေကြသူများလည်း ရှိပါ၏၊ ယင်း တို့မှာ သရုပ်ပျက် ၀တ်စားဆင်ယင်မှု၊ သရုပ်ပျက် သောက်စားပျော်ပါးမှုနှင့် သရုပ် ပျက် သီဆိုမှုများ ဖြစ်ပါ၏၊ 
                                              

ထို့ကြောင့် သမိုင်းကြောင်း အစဉ်အလာအရ ယဉ်ကျေးသော သိမ်မွေ့သော ချစ်စရာကောင်း သော မြန်မာတို့အဖို့  “ အစဉ်အလာကောင်းများကို ထိမ်းသိမ်းစောင့်ရှောက်ကြခြင်းဖြင့် ”  မြန် မာ့ရိုးရာ အခါသင်္ကြန်ကို ပျော်ပျော် ရွှင်ရွှင် ဆင်နွှဲကြပါစို့…. ။
                                                                          ကောင်းသစ်

မပြောင်းသော ပြောင်းခြင်း


သင်္ကန္တ
သင်္ကြန္တ
ထိုမှ တစ်ဆင့်
သင်းကြန်ကျ
အတာသင်္ကြန် ရေပက်ကြ
ပြောင်းရွှေ့ခြင်း အဓိပ္ပါယ်ရ ... တဲ့၊
နှစ်ပြောင်းပြီး ခေတ်မပြောင်းရင်
စနစ်ဟောင်းကြီး ဘာထူးမလဲ။
အမှန် စင်စစ် -
တစ်နှစ်ထက် တစ်နှစ်
တစ်ခေတ်ထက် တစ်ခေတ်
တစ်ရစ်ထက် တစ်ရစ်
အသစ် အသစ်တွေ
ဖြစ်ဖြစ် လာနေရမှာ…
စီးပွါးရေး
ပညာရေး
လူမှုရေး
ကျမ်းမာရေး
ကုသိုလ်ရေး
စသည် စသည် ... အရေးတွေပေါ့ .။

ယခုတော့ …
ငါ့ဘဝ
မနှစ်ကလည်း ဒီလို
ဒီနှစ်လည်း ဒီလို
ဘာဆို ဘာမှမပို
မဲပြာပုဆိုး ခပ်တိုတို
တူးပို တူးပို  တီးလုံးလိုပဲ..
တီးကွက်က မပြောင်း
ကကွက်ကလည်း အဟောင်း
 အဲဒါ ပြောင်းခြင်းတဲ့လား။

ကောင်းသစ်




Monday, April 4, 2011

ပိတောက် မိခင်


ပိတောက်ရွှေဝါ မချွေပါနဲ့
နေပါပစေ သူငယ်ချင်း...

ပိတောက်ရွှေဝါ မင်းချွေပါသော်
ရွှေဝါမိခင် ပိတောက်ပင်၏
စိတ်စဉ်မည်သို့ ရှိမည်နည်း။

အို .. သူငယ်ချင်း  မင်းစဉ်းစားကြည့်
လူသားတို့တွင် မွေးမိခင်သည်
ရှုအင်မငြီး သားသမီးကို
လုပြီး ယူငင်  သွားပါလျှင်သော်
စိတ်စဉ်မည်သို့ ရှိမည်နည်း.။

ရွှေဝါမိခင်  ပိတောက်ပင်နှင့်
မိခင်လူသား နှိုင်းယှဉ်ငြား၍
သင်ကားကြည့်ရှု တတ်ပါလျှင်..

မွှေးရနံ့ကြူး ရွှေရည်လူး၍
ဖူးပွင့်နေရှာ ပိတောက်ဝါကို
ဘယ်မှာခူးရက် . နိုင်အံ့နည်း။

ကောင်းသစ်


Sunday, April 3, 2011

အရှင်အာနန္ဒာ၏ယူဆချက်

မြတ်စွာဘုရား အပေါင်းအသင်းကြောင့် သူတော်ကောင်းတရား တစ်ဝက်တိုးပွါးနိုင်မယ်လို့
တပည့်တော် ယူဆပါ၏တဲ့။
အရှင်အာနန္ဒာက ဘုရားကို လျှောက်ထားတော့ ဘုရားရှင်က သူတော်ကောင်းတရား
တစ်ဝက်မကပါဘူး၊ အကုန်အပြည့်တိုးပွါးပါတယ်လို့ ပြန်လည်ဖြေကြားဖူးတယ်။
ဒါ့ကြောင့်  ကိုယ့်ထက် အနေအထိုင်ရော ပညာရေးပါ သာလွန်တဲ့ပုဂ္ဂိုလ်တွေကို ပေါင်းသင်း
ပေးကြပါ။ ယီးတီယားတား ပုဂ္ဂိုလ်တွေနဲ့ မပေါင်းပါနဲ့။

                                                                    မုံရွာမြို့ - ပဇ္ဇောတာရုံဆရာတော်

Saturday, April 2, 2011

နှစ်သစ်မင်္ဂလာ


သင်္ကြန်ဆိုတာ  "ပြောင်းရွှေ့ခြင်း ပြောင်းလဲခြင်း အဓိပ္ပါယ်"တဲ့ ၊  ရာသီ စက်ဝန်းတို့ မနားမရပ် လည်ပတ်ပြီး လူတို့သတ်မှတ်တဲ့ တစ်နှစ်တာရဲ့ သတ်မှတ်ရက် သက်တမ်းကုန်ဆုံးလို့ အသစ်တစ်ဖန် နှစ်သစ်ပြန်ကာ ရာသီစက်ဝန်းတို့ လည်ပတ်မှုစတင်ခြင်းပင် ဖြစ်ပါတယ်။လူ့ဘ၀ လူ့သံသရာရဲ့ နှစ်များစွာထဲက  တစ်နှစ် တာ  သံသရာ လည်ပတ်မှု့ ကုန်ဆုံးတဲ့ အထိမ်းအမှတ်နှင့်စတင်လည်ပတ်မှု့ နှစ်သစ်ကို ကြိုဆိုတဲ့ မြန်မာ တို့ရဲ့ ပွဲတော်တခုပါပဲ။ပြည်ပရောက် မြန်မာတို့အဖို့ မြန်မာမှု့ မြန်မာဟန် မြန်မာ့ သင်္ကြန်ပွဲမျိုးတော့ ကျင်း ပခွင့် ဆင်နွဲခွင့် မရကြပါ၊ နယူးယောက်မှာဆိုယင် အခုအချိန်အထိ အအေးဓါတ်ရှိနေသေးလို့ အေး အေးချမ်းချမ်း သင်္ကြန်ရေပက်ဖျန်းဘို့ဆိုတာလဲ မဖြစ်နိုင်သေးပါ၊ အမိမြန်မာပြည်မှာတော့ သင်္ကြန်ရဲ့ သင်္ကေတ သင်္ကြန်ရဲ့ ၀ိသေသတွေနဲ့ အတူ လူငယ်လူရွယ်များက လက်ချိုး ရေတွက်ကာ သင်္ကြန်ကို စောင့် ကြိုနေကြတဲ့ အချိန်ဖြစ်မှာပါ ။ သင်္ကြန်ရဲ့ ၀ိသေသ သင်္ကြန်ရဲ့ ဖွားဖက်တော်ဖြစ်တဲ့ ပိတ်တောက်ပန်းတို့လဲ သင်္ကြန်မိုးနှင့် အတာရေကို စောင့်ကြိုရင်း ဖူးငုံနေကြပေရော့မည် ၊ သင်္ကြန်မိုး ရွာသွန်းပြီတာနဲ့ အစွမ်း ကုန် ပွင့်လန်းပြီး ရွှေရောင်ဆန်းကာ ပိတောက်ပန်းရနံ့တို့ လှိုင်နေပေတော့မည်..၊ သင်္ကြန်ပသာဒ သင်္ကြန်အလှ သင်္ကြန်ပျိုဖြူ တို့ရဲ့ ယိမ်းအက သင်္ကြန်တေးကဗျာတို့ဖြင့် ပျော်ရွှင်ကြည်နူးဖွယ်ရာ တင့်ဆန်းဝေဖြာ မြန်မာ့ အလှ မြန်မာ့သင်္ကြန်ပါမြို့ရွာအနှံ့ ဒေသအစုံ တူးပို့-တူးပို့ တေးသံစုံ ရှာပုံတော်မင်းသားကြီး မန်း တောင်ရိပ်ခို ရွှေမန်းမာလာ သင်္ကြန်မိုး စတဲ့ တေးသံးစုံတို့ကလဲ သင်္ကြန်အလှ သင်္ကြန် သဘာဝကို ခံစားရ သူတိုင်း ပျော်ရွှင်တက်ကြွ လန်းဆန်းစေပါတယ်။ လူကြီးများနှင့် တရား ဘာဝနာ လိုလားသူတို့အဖို့ အလုပ်နားခိုက် အလုပ်အားခိုက် အပျော်အပေါး မျက်နှာလွှဲကာ ဘုရား ကျောင်းကန် ရိပ်သာတန်ဆောင်း ခို အောင်းကပ်ဝင် တရားဖြင့် ပျော်မွေ့ခွင့် ရကြမယ့် အချိန်ဖြစ်မှာပါ။
ပြည်ပရောက် မြန်မာတို့အဖို့ အထူးသဖြင့်နယူးယောက် မြန်မာတို့အဖို့ နှစ်စဉ် နှစ်သစ်မင်္ဂလာပွဲ (၄) ပွဲခန့် ဆင်နွှဲခွင့် ရကြပါတယ် ၊  (၁) ခရစ်နှစ် နယူးယီးယားပွဲ (၂) တရုတ် နှစ်သစ်ကူးပွဲ (၃) မြန်မာ သင်္ကြန် နှင့် နှစ်သစ်ကူးပွဲ (၄)ရခိုင်သင်္ကြန် နှင့် နှစ်သစ်ကူးပွဲများ ဖြစ်ပါတယ် ။ နှစ်သစ်ကူးပွဲတော်များ ဖြတ်ကျော် ရင်း  နှစ်သစ်မင်္ဂလာသဘင် ဆင်နွှဲရင်း စဉ်းစား ဆင်ခြင်မှု့ ပြုကြရမှာက မိမိတို့ဖြတ်သန်း ကျော်ဖြတ်ခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်း ကုသိုလ် ရေး စီးပွားရေး ကျန်းမာရေး ပညာရေးတို့ တိုးတက်မှု့ ဆုတ်ယုတ်မှု့ ရလာဒ်များ စစ်ဆေး ကြည့်ရှု သုံးသပ် ဆင်ခြင်သင့်ကြတယ်၊ ရည်မှန်းချက် ရည်ရွယ်ချက်များဖြင့် ဘ၀ကို လျှောက် လှမ်းကြရမယ် ၊အဓိပ္ပါယ်မဲ့စွာ ပန်းတိုင်မရှိ ရည်ရွယ်ချက်မပါ ဘ၀ရေစုံမျှောပြီး မလျှောက် လှမ်းသင့်ကြပါ ၊ အားနှင့် မာန်နှင့်  ၀ိရိယကြီးစွာ သတိထားကာ ရေဆန်ကို လှော်ခတ်သည့်ပမာ လျှောက် လှမ်းကြရမယ်သင်္ကြန်က ပြောင်းလွဲတဲ့ အဓိပ္ပါယ်ရပေမဲ့ ကိုယ့်မှာက လူမှု့ရေး၊ စီးပွား ရေး ၊ ကုသိုလ်ရေး ၊ ပညာရေးတို့ တစ်နှစ်လာလဲ ဒီလိုပဲ ကိုယ့်ဘ၀ကို တစ်နှစ်ထက် တစ်နှစ် ဘာတခုမှ ပြောင်းလွဲအောင် မလုပ်နိုင်ဘူးဆိုလျှင် ခက်လိမ့်မယ် ၊ ဒီဘ၀အတွက် ဒီလိုပဲဖြစ် သလို ဘ၀သံသရာအတွက်လည်း ဒီလို ပဲဆိုလျှင် ပို၍မခက်ပါလား ၊သင်္ကြန်ရဲ့ တူးပို့တူးပို့ တီးလုံးက မပြောင်းသည့်တိုင် ကကြိုး ကကွက်ကတော့ ပြောင်းမှ ဖြစ်မယ်။  

     နယူးယောက်ရာသီ ဥတုမှာ စနိုးကုန်လို့ အတော်အသင့် ရာသီဥတု သာယာလာပြီမို့ နွေးထွေးမှုများ တနေ့တခြား ပိုလာ နေပါပြီိ။ အရွက်မကျန် ရိုးတန်ကြဲကြဲ မီးလောင်စွဲထား သည့်ပမာ သစ်ပင်များလဲ ဆောင်း ဥတုဒဏ် ကြံ့ကြံ့ခံ၍ ဆောင်းကိုလွန်မြောက် အဖူးအငုံတို့ ပေါက်ရောက် ကာစိမ်း လန်းစိုပြေနှစ် သစ်ကိုကြိုဆိုနေကြသယောင်ပါပေ။နယူးယောက်မြို့ ဘရုက်ကလင် လောကချမ်းသာ ဘုရားကျောင်း တော်မှာ သင်္ကြန်သင်္ကေတ မြန်မာနှစ်သစ်ကူး အမှတ်တရအဖြစ် မြန်မာနှစ်သစ်ကူး ဆုတောင်းမေတ္တာပို့သပွဲတော်ကို ဧပြီလ (၁၀)ရက်နေ့ မှာ ပြုလုပ်မှာဖြစ်ပါတယ်.။နယူးယောက် လောကချမ်းသာ ဘုရား ကျောင်း ရှိသံဃာ တော်များ နယူးဂျာစီ မဟာစည်ရိပ်သာကျောင်း သံဃာတော်များနှင့် ဘော်စတွန်မြို့ မဟာသတိပဋ္ဌာန် ကျောင်း သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း ပရိသတ်များအား မြန်မာတို့ အကြိုက်နန်းကြီးသုပ်နှင့် မြန်မာမုံ့များဖြင့် ကျွေးမွေးဧည့်ခံမှာဖြစ်ပါတယ်။  
     
အလှူရှင်များမှာ Dr. Hung-Sam Daw Khin Si Lee family and Theresa Ma Tin Sein Lee တို့ဖြစ်ပါတယ် ။ နှစ်သစ်မင်္ဂလာ စကားအနေဖြင့် တိုက်တွန်းပြောကြားလိုသည်မှာ ပညာရှာ အရွယ်များက ပညာရေး ရအောင်ရှာကာ ၊ စီးပွားရှာ အရွယ်များက စီးပွားရေး ရအောင်ရှာပြီး  ၊ ကုသိုလ်ရေးနှင့် ကျန်းမာ ရေးမှာ သတ်မှတ်အရွယ် ကန့်သတ်မထားဘဲ အမြဲတစေ ရှာဖွေ နေကြရမှာ ဖြစ်ပါတယ် ၊ဒါမှ မိမိတို့ဘ၀ဟာ တစ်နှစ်ထက် တစ်နှစ် တိုးတက်ပြောင်းလွဲကာ တောက်ပြောင်လာမှာ ဖြစ်ပါတယ်။ နှစ်သစ် နှစ်ဦးမှာ ဓနအင်းအား ဓမ္မအင်အားများ တိုးတက် ပြောင်းလွဲအောင် စိတ်သစ် မာန်သစ် အားမာန်သစ်တို့ဖြင့် အဓိဋ္ဌာန်ကာ ရည်မှန်းချက် ပန်းတိုင်ရောက်အောင် စွမ်းဆောင် နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါတယ်..။


        ၁။ နှစ်ဟောင်းကုန်ပျက် နှစ်သစ်ဆက် တိုးတက်မင်္ဂလာ ဖြစ်ပါစေ။      
       ၂။ အကုသိုလ်များ ရှောင်ဖယ်ရှား ပွားများကုသိုလ်တွေ။      
       ၃။ နိဗ္ဗာန်ရောက်ရန် သတိပဋ္ဌာန် အမှန်ရှု့မှတ်ပွားများလေ။
                                             နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

                                       အရှင်စက္ကိန္ဒ  
                                       လောကချမ်းသာဘုရားကျောင်းနယူးယောက် 
                                       ဧပြီလ ၁ ရက် ၂၀၁၁                             

Friday, April 1, 2011

စဉ်းစား



မွေးဖွါးခြင်း
သေဆုံးခြင်း
မျဉ်းနှစ်ခု ကြားကာလ
ရပ်တည်နေတဲ့ ဘဝ
ဒို့ .. ဘာလုပ်ကြမလဲ..?

ပညာတွေ သင်
တတ်ရင်ကော ဘာလုပ်ကြမလဲ၊
မသင်ခင် စဉ်းစား
သင်ရင်းလဲ  စဉ်းစား
သင်ပြီးတော့ မျဉ်းတား
လောကအတွက် အကျိုးများ
ပညာဒါန ဖြန့်ဝေပွါး
မိမိအတွက် ပါရမီ တကား။

ဥစ္စာတွေ ရှာ
ရလာ ဘာလုပ်ကြမလဲ
မရှာခင် စဉ်းစား
ရှာရင်းလည်း စဉ်းစား
ရပြီးတော့ မျဉ်းတား
လောကအတွက် ပေးဆပ်သွား
အကျိုးပြုတဲ့လုပ်ငန်းများ
မိမိအတွက် ပါရမီ တကား။

ပါရမီ ထိုက်သော ပညာများ
ပါရမီ ထိုက်သော ဥစ္စာများ
လောကအတွက် ပေးဆပ်သွား
မိမိအတွက် နိဗ္ဗာန်တံခါး..။

ကောင်းသစ်

တန်ဘိုးသိချိန်

လူ့ဘ၀ရပ် 
တန်ဘိုးမြတ်ကို 
လေးရပ်အပါယ်
နှိုင်းချိန်တွယ်မှ .
သိသာရ၏။

ကျန်းမာခြင်းလာဘ်
တန်ဘိုးမြတ်ကို
ဖြတ်လတ်ရောဂါ 
ခံစားခါမှ.
သိသာရ၏။

မိတ်ကောင်းရှိလတ်
တန်ဘိုးမြတ်ကို
ဆုတ်လတ်ဥစ္စာ
ဆင်းရဲခါမှ.
သိသာရ၏။

                     ကောင်းသစ်