တစ်စုံတစ်ခုကို ပိုင်ဆိုင်ရဘို့အတွက် တစ်စုံတစ်ခုကို စွန့်လွှတ်ရခြင်းဟာ သဘာဝပဲလို့ဆိုရင်
တန်းဘိုးရှိတဲ့ အရာကို မစွန့်လွှတ်မိဘို့ အရေးကြီးတယ်။
ပုတ်သင်ညိုဟာ “ရေ မြေ သစ်ပင် ” လိုက်ပြီး အရောင်ပြောင်းတတ်တယ်တဲ့၊
လူတွေလဲ အဆောင်အယောင် အယောင်အဆောင်တွေကို လိုက်ပြီး
အရောင်ပြောင်း ( စိတ်ထားပြောင်း ) တတ်ကြတာပါပဲလေ။
မာန - တဲ့ ။
မာလွန်းရင် ကိုယ့်ဘ၀ “ န” သွားတတ်တယ်။
တစ်နေ့ ...
ပျော်ရွှင်စွာ ဆော့ကဆားနေတဲ့ ကြောင်လေးတွေကို ကြည့်နေမိတယ်၊
မိခင်ကြီး ခုပ်လာတဲ့ “ ကြွက် ” ကို မြင်ရတဲ့အခါ လက်သဲတွေထုတ်ပြီး
အချင်းချင်း မာန်ဖီလာကြတယ်လေ၊ သူတိုဟာ အစာကြောင့် ရန်သူ
တွေလို ပြုမူ လာကြတယ်၊
လူ့လောက လူ့အသိုင်းအ၀ိုင်းမှာကော .. ဒါမျိုးတွေ ရှိနိုင်မလား ရှိနေမလားလို့
စဉ်းစားကြည့်လိုက်တဲ့အခါ..
မိဘအမွေနှင့်ပါတ်သက်ပြီး တစ်သွေးထဲကနေ “ သွေးကွဲသွားတဲ့ ” သူတွေကို
မြင်ယောင် ကြားယောင်နေမိတယ်၊ သြော် လောဘနောက်မှာ ဒေါသ မောဟတွေ
ပါလာနေပါလား။
အချိန်မရွေး နေရာမရွေး အရွယ်မရွေး သေနိုင်တယ်လို့ သိပေမဲ့
မသိစိတ်ကတော့ “ ငါ ” မသေနိုင်သေးဘူးလို့ပဲ ထင်မှတ်နေတယ်လေ..။
ပြုခဲ့ပြောခဲ့ ကြံခဲ့တာတွေကို မေ့မေ့ပျောက်ပျောက်လို့ သဘောထားကြပေမဲ့
ကံတရားကတော့ မေ့ပျောက်မသွားအောင် မှတ်တမ်းတင်ထားတယ်။
အရင်လို မဟုတ်တော့ဘူးတဲ့.
ဟုတ်တယ် လူတိုင်းဟာ အရင်လို မဟုတ်တော့ပါဘူး။
( အရင်ထက် အရာရာပျက်စီးသွားတာလဲ ဖြစ်ချင်ဖြစ်မယ်၊ ပြည့်စုံလာတာလဲ
ဖြစ်ချင်ဖြစ်မယ်၊ စိတ်ဓာတ် - ပညာ - ပစ္စည်း - ပါဝါ အစစ အရာရာပေါ့)။
မပြည့်စုံတဲ့ဘ၀မှာ
လူမှုကျင့်ဝတ်တရားတွေလဲ ချို့ယွင်းလာတတ်တယ်၊
( မပြည့်စုံ၍ မဖြည့်ဆည်းပေးနိုင်ခြင်းကို ဆိုလိုပါသည်)။
“အမေ” ... တဲ့၊
တမ်းတသူရဲ့ရင်ကို အေးချမ်းသွားစေတဲ့ နှိုင်းဆမဲ့ “ စကားလုံးလေးပါပဲ ”။
ဒုက္ခရောက်တဲ့အခါ အရင်ဆုံး တမ်းတမိတာဟာလဲ “အမေ”ဆိုတဲ့ စကားလုံးလေးပါပဲလေ။
အသက် ကြီးလာတာကို လက်ခံပေမဲ့
ကိုယ့်ကိုယ်ကို အရွယ်မကြီးသေးဘူးလို့ ထင်မှတ်နေတတ်ကြတယ်လေ။
ကျေးဇူးရှင်ကို
ကျေးဇူးမဲ့ ဆိုတဲ့သူဟာ အရိပ်ခိုပြီး အရိပ်ဖျက်ဆီးနေတဲ့ သူလိုပါပဲ၊
မကြာခင် အရိပ်မဲ့တဲ့လွင်ပြင်မှာ ကံတရားက နေရာချထားပေးပါလိမ့်မယ်။
ကောင်းသစ်...

No comments:
Post a Comment