.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Thursday, March 31, 2011

အလုပ်နဲ့ သက်သေပြပါ

တစ်ချို့က လေထဲ တိုက်ဆောက်နေကြတာ၊ စကားနဲ့ ကြွားနေကြတာ၊ ဒီလိုပုဂ္ဂိုလ်မျိုးကို
ဘယ်သူမှ အထင်မကြီးဘူး၊ အထင်တောင် သေးသေးတယ်၊ ကိုယ့်ရဲ့ ကံအား ဥာဏ်အား
ဝီရိယအားတွေ ရှိနေတာပဲ၊ ကံ  ဥာဏ် ၀ီရိယ အသုံးချပြီးတော့ အလုပ်လုပ်ရမှာပါ၊ ကံ  ဥာဏ်
ရှိပေမဲ့ ၀ီရိယမရှိပြန်ရင်လည်း မဖြစ်ပါဘူး၊ အရေးကြီးတယ်၊

ဒါကြောင့် မာန်လည်ဆရာတော်ဘုရားကြီးက မဃဒေ၀လင်္ကာမှာ “ မကြိုးမကုတ် အားမထုတ်မူ
လူ မလုံ့လ နတ်မ.မတည့်၊ ပယောဂစက် ပျက်သည့်သူအား လူကိုထား၍ ဘုရားသော်မှ ကယ်
မရဘူး ” လို့ ဆိုထားတယ်၊
ဒီနေရာမှာ ပယောဂဆိုတာ လုံ့လ၀ီရိယကို ပြောတာ၊ ၀ီရိယရှိရှိ အလုပ် လုပ်ကြပါ၊ ဘယ်နေရာ
မဆို အလုပ်နဲ့ သက်သေပြရမယ်..။

                                                      မုံရွာမြို့ - ပဇ္ဇောတာရုံဆရာတော်

Wednesday, March 30, 2011

စိတ်

                             

သင့်ကို စေစား 
ဘယ်သူများလဲ
ခွဲခြား ဆန်းစစ်
ဖြေရှာ လစ်သော်
“ စိတ် ” ဖြစ်နေပါ လေရောလား..။

ဘ၀၏ “ ပဲ့ ” 
စိတ်ဖြစ်ခဲ့သော်
(လောကဓံရဲ့)
အလှဲ့အပြောင်း
မတိမ်းစောင်းဖို့
ထိမ်းကျောင်းစရာ
စိတ်ကောင်းမှာ
မှန်စွာထားဖို့ လိုပေပြီ...။

 ကမ္မပထ 
ကုသလနှင့်
သမာဓိ ပညာ
ဘာဝနာ၌
ကောင်းစွာ တင်ထား
စိတ်ကောင်းများ..။

 
ယင်းစိတ်ကောင်း မှ
ဘ၀ ဘောဂ
နိဗ္ဗာနဟု
သမ္ပတ္တိစုံ
သုခစုံကို
ကုံလုံပြည့်ဝ
ပေးနိုင်စွ..။

ဒုက္ခထိုထို 
မရောက်လိုလည်း
စိတ်ကိုပဲ
သတိ ကဲ
အသိမြဲ၍ ထိမ်းရမည်..။

 

သုခထိုထို
ခံစားလိုလည်း
စိတ်ကိုပဲ
သတိ ကဲ
အသိမြဲ၍ ထိမ်းရမည်..။
                                   
                              ကောင်းသစ်


စိတ်သည်သာ . ၅

 အရှင်ကစ္စည်းမထေရ်မြတ်ခြေတော်ရင်း ၀ပ်စင်းကာ ရှင်ရဟန်းပြုပေးပါရန်အကြောင်း ရိုသေစွာ
ခွင့်တောင်းလေတော့၏။ အရှင်မြတ်သည် အမျိုးသားတစ်ဖြစ်လဲ သောရေယျ သဌေးသားကို ရှင်ပြုပေးတော်မူ၏၊အသက်နှစ်ဆယ်အရွယ်ကျော်ပြီးဖြစ်၍ရဟန်းအဖြစ်ထိ မြှင့်တော်ပေးတော်မူ ၏။ယနေ့သည် သူအမျိုးသမီးဘ၀မှ လွတ်မြောက်သောနေ့၊  လူဝတ်ကြောင်ဘ၀မှ လွတ်မြောက် သောနေ့၊ရခဲသော ရှင်ရဟန်းဘ၀ကို ရရှိသောနေ့၊ အရှင်သောရေယျအဖြစ် ပြောင်းလဲသွားသော သမိုင်းဝင် နေ့ထူးနေ့မြတ် ဖြစ်သွားလေပြီ။

အရှင်မြတ်သည် ရဟန်းသစ်ဖြစ်သော အရှင်သောရေယျအား ရံခါရဟန်းတော်များ လိုက်နာရ မည့် ၀ိနည်းဥပဒေသကို သင်ပြပေး၏ ရံခါ ဆန်းကြယ်သော တရားစကားများ ဟောကြားပေး၏၊ ရံခါဝိပဿနာရှုပွါးနည်းများ လမ်းပြပေး၏၊ကာမနယ်မှာ အမြစ်တွယ်စည်ပင်ခဲ့သော အရှင် သော ရေယျ၏စိတ်သည် ယခုတော့ ဓမ္မနယ်မှာ အမြစ်တွယ်နေလေပြီ၊ အရှင်ကစ္စည်းမထေရ်မြတ်၏ အနီးကပ် သွန်သင်ပြမှုကြောင့် သူ့စိတ်သည် အမြဲတန်း “ သတိ အသိ ” နေအိမ်၌ ပျော်နေ လေပြီ၊ အရှင်ကစ္စည်းမထေရ်မြတ်သည် ရဟန်းသစ် အရှင်သောရေယျကို ပစ္ဆာသမဏအဖြစ် ခေါ်ယူလျှက်ဒေသစာရီ ကြွချီတော်မူရာ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်သို့ပင် ရောက်ရှိ လာပေပြီ။

အရှင်ကစ္စည်းမထေရ်မြတ်နောက် ရဟန်းသစ်တစ်ပါး ပါလာသည်ကို တွေ့ရသောအခါ ဇေတ၀န် ကျောင်းတော်ရှိ ရဟန်းတော်များက အချင်းချင်းဖြစ်လာပြီမို့ သိက္ခာဝါ ဇာတိ ရှင်ရဟန်း ပြုဖြစ် လာပုံစသည်တို့ကို မေးမြန်းကြလေ၏၊အရှင်သောရေယျသည် သူ့ဘ၀ဇာတ်ကြောင်း မချွင်း မချန်  အကုန် ပြောပြလိုက်လေ၏၊ထိုအခါ ထူးဆန်းသည့် သူ့ ( တစ်ကိုယ် နှစ်ဘ၀ဖြစ်မှု . အိမ် ထောင်သည်ဘ၀ ဖြစ်သမ်းခဲ့ရသည့် )သတင်းသည် တစ်ခဏချင်း ကျောင်းတွင်းသို့ ထိုမှတဆင့် မြို့တွင်းသို့ပင် ပျံ့နှံ့သွားလေတော့၏။

ကြားရသူ ရဟန်းရှင် လူများက လာလာ မေးကြ၏။အရှင်မြတ် ဒီလို သတင်းကြားရတတာ ဟုတ်ပါသလားဘုရား၊ ဟုတ်ပါတယ်၊ ဒါဆို အမိဘ၀ရတဲ့ သားနှင့် အဖဘ၀ရတဲ့သား ဘယ်သား ကို  အချစ်ပိုပါသလဲဘုရား၊ရင်နှင့်လွယ်ပြီးဖွါးရတဲ့ မိခင် အဖြစ်နှင့်ရတဲ့သားကို အချစ်ပိုပါတယ် ၊ (မိခင်သည် ဖခင်ထက် သားသမီးနှင့်အနေနီး၏၊ ပထမ မိခင်ဝမ်းမှာ စတင်နေရ၏၊ ဖွါးမြင် လာသောအခါ မိခင်၏ အနီးကပ်ပြုစုယမှုကို ခံယူရ၏၊ မိခင်သည် ဖခင်ထက် သားသမီးကို ပိုဂရုစိုက်ရ၏၊ ထို့ကြောင့်လဲ အချစ်ပိုသည် ဖြစ်နိုင်ပါ၏)။

ဟိုကမေးလာ ဖြေရ၊ ဒီက မေးလာ ဖြေရ ၊ ကြာတော့ အရှင်သောရေယျ ငြီးငွေ့လာလေပြီ၊ ရှက်
လည်း ရှက်လာလေပြီ၊ ထို့ကြောင့် တစ်ပါးတည်းနေ၍ တရားကိုသာ တွင်တွင်အားထုတ်နေလေ
တော့၏၊ ရဟန်းပြုလာသည်မှစ၍ သတိ အသိနှင့်ထိမ်းချုပ်လာသည်မို့ သီလတရားသည် သန့် ရှင်း စင်ကြယ်နေ၏။ စင်ကြယ်သည့် သီလ၊ သီလ၀ိသုဒ္ဓိကို အခြေခံ၍ ဘ၀ခန္ဓာအတ္တာဘော၌ “ ခယ ၀ယ ” သဘောကို မြင်အောင်ရှု၍ သိအောင် ပြု၏၊  သီလ၀ိသုဒ္ဓိ စိတ္တ၀ိသုဒ္ဓိ ဒိဋ္ဌိဝိသုဒ္ဓိ ..
စသည် စသည် စင်ကြယ်မှုများ ဆက်တိုက်ဖြစ်ပွါး၍ ကိလေသာအကြွင်းမဲ့ စင်ကြယ်သည့် အဖြစ်သို့ပင် ရောက်သွားလေပြီ၊ ပဋိသမ္ဘိဒါ လေးပါးနှင့်တစ်ကွ အရဟတ္တဖိုလ်ရောက် မျက် မှောက် ပြုသွားခြင်း ဖြစ်၏၊ တနည်းအားဖြင့် ကိလေသာ ဘ၀ခန္ဓာမှ လွတ်မြောက်သွားခြင်းဖြစ် တော့၏၊ ဤသည်မှာ အရှင်သောရေယျ မထေရ်မြတ်၏ နောက်ဆုံး သမိုင်းဝင်လွတ်မြောက်မှု ဖြစ်ပါ၏၊နောက်ကြောင်း ဘယ်တော့မှ ပြန်မလှည့်တော့သော လွတ်မြောက်မှု ဖြစ်ပါ၏။

နောက်မှ သတင်းကြား၍ ရောက်လာသော ရဟန်းတော်များမှ အရှင်မြတ်ကို မေးမြန်းကြပြန် လေပြီ၊ ကာယကံရှင်က ကိုယ်တိုင်ပြောတာကို ကြားချင်ကြသောကြောင့် ဖြစ်၏၊ အရှင်ဘုရား ဒီလို ဘ၀တွေ ဆန်းဆန်းပြားပြား ဖြစ်ခဲ့ရတယ်ဆိုတာ ဟုတ်သလားဘုရား၊ဟုတ်ပါတယ်ဘုရား၊ ဒါဆို  မိခင်အဖြစ်နဲ့ရတဲ့သား၊ ဖခင်ဘ၀နဲ့ ရတဲ့သား ဘယ်သားကိုများ အချစ်ပိုပါသလဲဘုရား။“
တပည့်တော်မှာ ဘယ့်သူပေါ်မှ ချစ်ခြင်း မရှိတော့ပါဘုရား”

သူတို့ကြိုတင် ကြားထား ထင်မှတ်ထားသော အဖြေကို မကြားရပဲ “ အချစ်မရှိတော့ပါ ”
ဟူသော အဖြေကို ကြားလိုက်ရသောအခါ  အံအားသင့်သွားကြ၏( ရဟန်းတော်များ ထင်မှတ် ထားသည်က အရင်အဖြေလိုပဲ မိခင်ဘ၀နဲ့ ရတဲ့သားကို ပိုချစ်ပါတယ်ဘုရားဟု ဖြေဆိုမည် ထင်ထားကြ၏၊ သို့သော် ) အရှင်သောရေယျအဖြေကြောင့် သူတို့ အံ့အားသင့်သွားခြင်းဖြစ်၏၊)

အချစ်မရှိဟု ဖြေခြင်းသည် သံယောဇဉ်မရှိတော့ ဖြေသည်နှင့်တူ၏၊ သံယောဇဉ် မရှိတော့ဟုဖြေ ခြင်းသည် ကိလေသာ သံယောဇဉ်ကင်းသည့် ရဟန္တာအဖြစ် ၀န်ခံရာရောက်၏၊ အရှင်သောရေယျ ၏ ယခင်နေ့ကအဖြေနှင့် ယနေ့အဖြေသည် မတူတော့၊ မတူတာ ပြောခြင်းဖြင့် မဟုတ်မမှန်ရာ ပြောခြင်းဖြစ်၏၊ သူ၏ ယခင်နေ့က ၀မ်းနဲ့လွယ်မွေးရသော သားကို ပိုချစ်ပါသည်ဟု ဖြေဆိုပါလျှက် ယနေ့ကြမှ “ ဘယ်သူ့အပေါ်မှ ချစ်ခြင်း မရှိတော့ဟု ဖြေဆိုလိုက်ခြင်းသည် မဟုတ်မမှန်ရာကို  ပြောကြားရာ ရောက်ပါသည်ဘုရားဟု ရှင်တော် မြတ်ဘုရားထံသွားရောက်၍ လျှောက်ထားကြ လေ၏။

ရှင်တော်မြတ်ဘုရားက “ ရဟန်းတို့ ငါဘုရား၏ သားတော်ဖြစ်သော သောရေယျရဟန်းတော် သည်မဟုတ်မမှန်သည်ကိုဖြေကြားခြင်းမဟုတ်၊ငါဘုရား၏သားတော်မှာ(ကုသလကမ္မပထတရား
ဆယ်ပါး) သမထ  ၀ိပဿနာပေါ်၌ကောင်းစွာ တင်ထားအပ်သော သန့်ရှင်းစင်ကြယ်သော စိတ်ဖြင့် အရ ဟတ္တမဂ်ကို မြင်ရာ မျက်မှောက် ပြုရာအချိန်မှစ၍ တစ်စုံတစ်ယောက်သောအပေါ် တစ်စုံတစ်ခု သော သင်္ခါရတရားအပေါ်၌ ချစ်ခြင်း မရှိတော့၊ (လောဘမရှိတော့၍ အချစ် မရှိတော့။ ဒေါသ မရှိတော့၍ အမုန်းလည်း မရှိတော့ပေ)။ ယင်းလောကုတ္တရာ သမ္ပတ္တိကို မိဘဆွေမျိုးများက ပေးသည်မဟုတ်၊မိမိ၏ ကောင်းစွာထားအပ်သော စိတ်ကသာ ပေးစွမ်းနိုင် ပေသည်ဟု မိန့်တော်မူလျှက် ဖေါ်ပြပါ ဂါထာကို မိန့်ကြားတော်မူပါ၏

          န တံ မာတာ ပိတာ ကယိရာ၊ အညေ၀ါပိစ ဥာတကာ။
          သမ္မာပဏီဟိတံ စိတ္တံ ၊ သေယျသော နံ တတော ကရေ။

ဒေသနာတော်အဆုံး၌ တရားနာကြားရသူ ရဟန်းရှင်လူတို့သည် မိမိတို့ ပါရမီအား ဥာဏ်အား လျှော်စွာ သောတာပတ္တိမဂ်ဖိုလ်စသည်တို့သို့ မျက်မှောက်ပြုသွားနိုင်ကြသည်ဖြစ်၍ ယင်းဒေသ နာတော်သည် လောကအတွက် အကျိုးပြုသော ဒေသနာ ဖြစ်သွားပါ၏။

                လူ့ပြည် နတ်ပြည် ၊ ဗြဟ္မာ့ပြည်၊ ကျင်လည်စိတ်ကြောင့်သာ။
                အပါယ်လေးပါ ၊ ကျသူများ ၊ မှတ်သား စိတ်ကြောင့်သာ။
                ယုတ်နိမ့်မြင့်မြတ်၊ ဖြစ်လာလတ်၊ မှတ်ကြစိတ်ကြောင့်သာ။
                နိဗ္ဗာန်သာခေါင် ဘေးမဲ့သောင် စိတ်ဆောင်ရောက်မည်သာ။
                                            (မူလကဗျာရှင် အမည်မသိပါ)

                                                   ပြီးပါပြီ - ကောင်းသစ်

Tuesday, March 29, 2011

အလိုမပြည့်သူ သုံးဦး

“ တင်းတိမ်ရောင့်ရဲ လောဘနဲ အမြဲချမ်းသာ မင်္ဂလာ ” တဲ့။
နေရာတိုင်းမှာ သတိနဲ့ ထိမ်းပါ၊ လိုချင်တာတွေ ပြောနေလျှင် တစ်နှစ်လုံးပြောလည်း
မကုန်ပါဘူး၊ လောကမှာ အလိုမပြည့်သူ သုံးဦးရှိတယ်၊ မဟာသမုဒ္ဒရာကြီးရယ်
မီးပုံကြီးရယ် လောဘကြီးသူရယ်တဲ့၊ မဟာသမုဒ္ဒရာကြီးဟာ မြစ်ကြီးငါးသွယ် မြစ်ငယ်
ငါးရာကနေ ရေတွေ ဘယ်လောက်ပဲလာလာ တော်ပါပြီလို့ ဘယ်တော့မှ မပြောဘူး။
မီးပုံကြီးကလည်း လောင်စာတွေ ဘယ်လောက်ထည့်ထည့် တော်ပါပြီလို့ ဘယ်တော့မှ
မပြောဘူး၊ လောဘကြီးသူလည်း ထို့အတူပဲ၊ ဘယ်လောက်ပစ္စည်းတွေ ရရ၊ တော်ပါပြီလို့
ဘယ်တော့မှ မပြောဘူး၊ ဘယ်တော့မှ အလိုမပြည့်ဘူး၊အမြဲတမ်း လိုနေတာပဲ။
                                              
                                                               မုံရွာမြို့ - ပဇ္ဇောတာရုံဆရာတော်

စိတ်သည်သာ - ၎

ကုန်သည်သူဌေးသားလေးသည် ဘာသာရေးလေးစားသူဖြစ်၏၊ဘာသာသွေး အမြဲနွေး သူလည်း
ဖြစ်၏၊ ဘာသာယဉ်ကျေးမှု အနေအထိုင် အပြောအဆို အလုပ်အကိုင် ဝေယျာဝစ္စတို့ကို စံနမူနာ ယူရလောက်အောင်  စနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်သူလည်း ဖြစ်၏၊မိတ်ကောင်းပီသ၍ မိတ်ဆွေ ပေါသူလည်း ဖြစ်၏၊ယခုလည်း သူငယ်ချင်းကောင်းပီပီ သူ့ သူငယ်ချင်း ဘ၀မှန် ပြန် ရောက်ဖို့အတွက် အရှင်ကစ္စည်းမထေရ်မြတ်၏ ခြေတော်ရင်းသို့ ၀ပ်စင်းလျှက် “ ခြေလက်နဖူး တံတောင်ဒူး ငါးဦးညီစွာ ရှိခိုးရာ ” ဟူသည်နှင့်အညီ စနစ်တကျ ရိုရိုသေသေ ရှိုခိုး၍ လက်အုပ် ချီကာ မနက်ဖန် ကောင်းမှုကုသိုလ် ဖြစ်ရန်အတွက် ဆွမ်းဘုဉ်းပေး ကြွတော်မူရန် ပင့်လျှောက် လေတော့၏။

အရှင်မဟာကစ္စည်းမထေရ်မြတ်သည် ကုန်သည်သူဌေးသားလေးသောရေယျမြို့သားမှန်း သိပြီး သားဖြစ်၏၊တက္ကသိုလ်ပြည်သည် သူ့ဒေသသူ့မြို့ မဟုတ်ပေ၊ထို့ကြောင့် ကုန်သည် သူဌေးလေး ကို သင်က ခရီးသွား ဧည့်သည်မဟုတ်လားဟု မေးလိုက်၏၊ဤသည်မှာ ခရီးသွားမို့ ပစ္စည်းငဲ့ ညှာ၍ မေးတော်မူခြင်းဖြစ်၏၊ ရှင်တော်မြတ်ဘုရားက ရဟန်းဟူသည် ပျားကဲ့သို့ ကျင့်ရမည်ဟု မိန့်မှာတော် မူချက်ရှိ၏၊ ပျားပိတုန်းသည် ပန်းဝတ်ရည်ကို စုတ်ယူသော်လည်း ပန်းကို မထိခိုက် စေရ၊ မိမိကြောင့် မညှိုးနွမ်းစေရ၊  ထို့အတူ ရှင်ရဟန်းသည်လည်း အလှူရှင်များ၏ ပစ္စည်းနှင့် သဒ္ဓါတရားကို မထိခိုက်စေရဟု မိန့်တော် မူလိုရင်းဖြစ်၏၊ ထို့ကြောင့် အရှင်ကစ္စည်းမထေရ် မြတ် က သူဌေးသားသည် ခရီးသွားဖြစ်၍ ပစ္စည်းကိုငဲ့ကာ မေးတော်မူခြင်းဖြစ်၏၊
အရှင်ဘုရား တပည့်တော်တို့အား ခရီးသွား ဧည့်သည်အဖြစ်ကို မေးတော်မမူပါနှင့်ဘုရား၊မနက် ကောင်းမှုကုသိုလ်ဖြစ်ဖို့အတွက်သာ အရှင်ဘုရား ဆွမ်းဘုဉ်းပေးကြွတော်မူပါဘုရားဟု ထပ်မံ လျှောက်ထားလေ၏၊အရှင်မြတ်သည် ကုန်သည် သူဌေးသား၏ သဒ္ဓါတရားကို ငဲ့ညှာ၍ ဆိတ် ဆိတ် နေခြင်းဖြင့်လက်ခံတော်မူလိုက်၏၊

တက္ကသိုလ်ပြည် သူဌေးကတော် အိမ်၌ လူများ စည်ကားလျှက်ရှိ၏၊၊ သူဌေးကြီး သူဌေးကတော်
သူ၏ရင်သွေး နောက်ပြီးသူဆွေမျိုးအခြံအရံများကုန်သည်သူဌေးသားတို့အုပ်စု။သူတို့ ဆွမ်းဘော ဇဉ်များကို အကောင်းဆုံးဖြစ်အောင် ခမ်းခမ်းနားနား ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားကြရင်း အရှင် ကစ္စည်း မထေရ်မြတ်အလာကို စောင့်မျှော်နေကြ၏၊

သူဌေးကတော်၏ စိတ်အစဉ်၌ အတွေးများ အမျှင်တန်းနေ၏၊ အရှင်မြတ်ကို  စိတ်ဖြင့်ပြစ်မှားမိ သည့်အပြစ်ကို တောင်းပန်လိုက်ရင် ငါ အမျိုးသားဘ၀ကို တကယ်ပြန်လည်ရရှိမှာလား၊ ဒါဆို ငါ ရှေ့ဆက်ပြီး ဘာလုပ်ရမလဲ၊ ဒီမှာ ဆက်နေလို့ ဖြစ်ပါ့လား၊ မနေဖြစ်ရင် ရင်သွေးလေးတွေကို ဘယ်လို စီစဉ်ရမလဲ၊ ဟိုပဲ ခေါ်သွားရမလား၊ဒီကကော ဟိုကို ထည့်လိုက်ပါ့မလား။အင်း ဒီမှာ ဆက်နေလည်းမလွယ်၊ ဟိုပြန်သွားရမှာလည်း အခက် ရှက်စရာကြီး ဖြစ်နေမလားပဲ ၊အနာဂါတ် အရေးတွေး ရင်လေးစရာကြီးပါလား ၊ဤကဲ့သို့တွေးရင်း ရင်မှထွက်လာသော လေပူကိုကို မှုတ် ထုတ်လိုက်လေ၏၊ ဟူး .. ဘယ်လို လုပ်ရပါ့မလဲလေ..။
အားလုံးသည် အရှင်မြတ်ကို စောင့်မျှော်နေကြ၏၊ နေ့ဆွမ်းဘုဉ်းပေးဖို့ အချိန်တန်နေပြီမဟုတ်ပါ လား၊ထိုစဉ် ကြည်ညိုဖွယ်ရာ အရှင်မြတ်တစ်ပါး သင်္ကန်းရုံ သပိတ်ပိုက်လျှက် စက္ခုနြေ္ဒချကာ မိမိ တို့အိမ်သို့ မနှေးမမြန် ချေလှမ်းမှန်မှန်ဖြင့် ကြွချီတော်မူလာလေပြီ၊ သူတို့သိလိုက်ကြ၏၊ ထိုအရှင် သည် အရှင်ကစ္စည်းမထေရ်မြတ်ပေတကား၊ အသိ၏နောက်၌ သတိသဒ္ဓါတွန်းအားကြောင့်လက် အုပ်ကိုယ်စီ ချီပြီးသား ဖြစ်သွားကြတော့၏။သမဏာနဉ္စ ဒဿန - ကောင်းမြတ်သော မင်္ဂလာ ပေတကား။

အရှင်မြတ်ကို ဖွယ်ဖွယ်ရာ စီမံထားသော ဆွမ်းခဲဖွယ်ဘောဇဉ်များ ဆက်ကပ်ကြ၏၊ အရှင်မြတ် ဘုဉ်းပေးပြီးသောအခါ  ကုန်သည်သူဌေးလေးက (သူ့ သူငယ်ချင်း ) သူဌေးကတော်ကို ခေါ်၍ အရှင်မြတ်၏ ခြေရင်း ၀ပ်စင်းစေ၏၊ထို့နောက် သူ့ သူငယ်ချင်းကိုယ်စား သူကပဲ လျှောက်ထား ပေးလေ၏၊ အရှင်ဘုရား တပည့်တော်၏သူငယ်ချင်းမကို သနားသောအားဖြင့် သိခံ ခွင့်လွှတ် တော်မူပါဘုရား။အင်း ဘာဖြစ်လို့ဘာကိုသိခံရမှာလဲ ဒကာလေး။တင်ပါအရှင်ဘုရား၊ ဖြစ်ကြောင်း ကုန်စင် လျှောက်ထားရမယ်ဆိုရင်တော့.ဒီကသူငယ်ချင်းမက အရင် သောရေယျမြို့မှာ ကောင်း တူဆိုးဘက် တပည့်တော်ရဲ့ အချစ်ဆုံး သူငယ်ချင်းပါဘုရား၊ တစ်နေ့ ဖြစ်ချင်တော့ မြစ်ဆိပ် ရေ ကစားရင်း ရေချိုးဖို့အသွား အရှင်ဘုရားကို မြင်ပြီး မသင့်မတင့်နှလုံးသွင်းမိရာကစပြီး အမျိုးသား ဘ၀ကနေအမျိုးသမီးအဖြစ်ပြောင်းလဲသွားပါတယ်ဘုရား၊အဲဒါအရှင်မြတ်မှ(တပည့်တော် သူငယ် ချင်းကို ဘ၀မှန်ရောက်ဖို့ရန်အတွက် )  သူကြံမှိတဲ့ အကြံမှား ကို သိခံ ခွင့်လွှတ်တော်မူပါဘုရား။

ထိုသို့ဖြစ်လျှင် ထပါလော၊ သိခံပါ၏၊အရှင်မြတ်မှ “ သိခံပါ၏ ” ဟု မိန့်တော်မူလိုက်သည်နှင့်တစ်
ပြိုင်နက် သူဌေးကတော်သည် အမျိုးသမီး အသွင်အပြင်မှ အမျိုးသားအဖြစ်သို့ ပြောင်းလဲ သွား တော့၏။(တောင်းပန် သိခံ၍ အပြစ်ကျေသွားခြင်းဖြစ်၏၊)။ အားလုံးသည် သူ့ကို စိုက်ကြည့် နေကြ၏၊ ယခင် သူဌေးကတော်သည် ယခု အမျိုးသားအသွင်ပြောင်းလဲသွားပေပြီ၊ ကံတရား သည်  အံ့သြစရာ ကောင်းပေစွ၊ မယုံကြည်နိုင်လောက်ပင် ဆန်းကြယ်ပေစွ၊ သူ့ သူငယ်ချင်း သူဌေးသားသည် ပျော်နေ၏၊ သူ့ သူငယ်ချင်း ဘ၀မှန်ရောက်သွားပြီးမဟုတ်ပါလား၊ ဘ၀မှန် ရောက်သွားပြီဖြစ်၍ နေရပ်မှန်သို့ အတူပြန်ကြမည်၊ ဟိုရောက်ရင် သူ့မိဘကြင်ယာ ရင်သွေးဖြစ် သော သားလေးများ  ဘယ်လောက်ဝမ်းသာလိုက်ကြမလဲ၊ဤသည်မှာသူ့စိတ်ထဲတွေးနေသော အတွေးစများသာ ဖြစ်ပါ၏၊

သူဌေးကတော် အမျိုးသားဘ၀ ပြောင်းပြောင်းခြင်းပင် တက္ကသိုလ်သူဌေး ( သူ့ကြင်ဘက်) က သူငယ်ချင်း ( အသွင်ပြောင်း၍ အသုံးအနှုံးပြောင်းသွားတော့၏၊ ယခု ကြင်ယာမဟုတ်တော့) ဒီကလေးနှစ်ယောက်ဟာ သင့်ဝမ်းက မွေးဖွါးလာတဲ့ တို့နှစ်ယောက်ရဲ့ ရင်သွေးငယ်လေးများပါ၊
ဒါ့ကြောင့် ဒီမှာပဲ ညီအကိုလို ဆက်နေပါ၊ ဘာမှ စိတ်ပျက်ငြီးငွေ့မနေပါနဲ့။

အဆွေ ကျနော်ဟာ တစ်ခုသော အတ္တဘောဖြင့် ပဌမအမျိုးသားဘ၀၊ နောက်တော့ အမျိုးသမီး ဘ၀၊ ယခုတဖန် အမျိုးသားဘ၀ ပြန်ဖြစ်ရပါတယ်၊ပထမ ဖခင်ဘ၀နှင့်ကြင်ယာကိုစွဲပြီးသားလေး နှစ်ယောက် ရခဲ့ပါတယ်၊ယခု ကြင်ဖက်ကိုစွဲပြီး မိခင်ဘ၀နဲ့ ရင်သွေးငယ် နှစ်ယောက်ကို ဖွါးမြင် ခဲ့ရပြန်ပါတယ်၊ဖောက်ပြန်တဲ့ဘ၀ကို ဆက်လက်မနေလို့တော့ပါ၊ ဒီလိုဖောက်ပြန်မှုဟာ ဒါနောက်
ဆုံး ဖြစ်ပါရစေတော့..အရှင်မြတ်ထံမှာပဲ ရှင်ရဟန်းပြုပါတော့မယ်၊ ရဟန်းအဖြစ်နှင့် ငြိမ်းချမ်းတဲ့
ဘ၀ ငြိမ်းချမ်းတဲ့ဓမ္မ ငြိမ်းချမ်းတဲ့သန္တိရသကို ပိုင်ဆိုင်အောင် ကြိုးစားပါရစေတော့.။

ထို့နောက်တော့ သားငယ်နှစ်ယောက်ကို မိခင်တစ်ယောက်၏ချစ်ခြင်း မိခင်တစ်ယောက်၏ ကြင်နာခြင်းမိခင်တစ်ယောက်၏ယုယပိုက်ထွေးခြင်းတို့ဖြင့် ပိုက်ထွေးလျှက် သားငယ်နှစ်ယောက် ၏ နဖူးပြင်နုနုလေးကို နောက်ဆုံးအနေနဲ့ ခပ်ဖွဖွလေးနမ်းရင်း ရင်ခွင်မှာ ပွေ့ပိုက်ထားမှိ၏။ ထို့ နောက်တော့ ချစ်ချင်းသံယောဇဉ်ကြိုးကို အံကြိတ်ကာ ဖြတ်တောက်နိုင်ဖို့ကြိုးစားရင်း သူ့ဖခင် လက်သို့ အပ်နှင်းကာ ရင်သွေးငယ်လေးများကို ဂရုစိုက်ဖို့ အထပ်ထပ်မှားကြားရင်း….
                                                                         
                                                                                      ကောင်းသစ်

Sunday, March 27, 2011

အလှဆင်ခြင်း


လူတိုင်းဟာ အလှကို လိုချင်ကြတယ်၊ ရုပ်လှတာထက် စိတ်နေစိတ်ထားလှဖို့က
ပိုပြီး အရေးကြီးတယ်၊ ရုပ်လှပေမဲ့ စိတ်ထားညံ့ရင် ဘယ်သူမှ မသုံးဘူး။
ရဟန်းတော်များ လှချင်ရင် ဘုရားစကား နားထောင်ရတယ်၊
တပည့်များ လှချင်ရင် ဆရာ့စကား နားထောင်ရတယ်၊
သားသမီးများ လှချင်ရင် မိဘစကားနားထောင်ရတယ်၊
ဒါမှ ကိုယ်စီကိုယ်ငှ အလှတွေ ဝေနေမှာပေါ့။

ပြင်တယ်ဆိုတာ ရုပ်ကိုပြင်တာရယ် နာမ်ကို ပြင်တာရယ် နှစ်မျိုးရှိတယ်။
အဲဒီ နှစ်မျိုးထဲမှာ နာမ်ကိုပြင်တာက အဓိကကျတယ်၊ သူများကို ပြင်စေချင်ရင်
ကိုယ့်ကိုယ်ကို အရင်ပြင်ပါ။

မိမိအကျိုး သူတစ်ပါးအကျိုး ပြီးစေတတ်သူကို သူတော်ကောင်းလို့ ခေါ်တယ်၊
တနည်းပြောရရင် ပစ္စုပ္ပန် တမလွန် နှစ်တန်သော အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်
နိုင်သူကို သူတော်ကောင်းလို့ ခေါ်တယ်၊ မသူတော်ကတော့ ဒီလို မဟုတ်ဘူး။
ဝိရောဓိ ဖြစ်သွားပြီ၊ ဒါကြောင့် သူတော်ကောင်းနဲ့ မသူတော်ဆိုတာ ဆက်စပ်လို့
ရတာ မဟုတ်ဘူး၊ မိုးနှင့်မြေပမာ ကွာခြားတယ်။
                                                      (မုံရွာမြို့ - ပဇ္ဇောတာရုံဆရာတော်)


Saturday, March 26, 2011

တစ်ယောက်ထဲ လျှောက်မြဲ


ဘ၀ထဲ
လာတုန်းက ငါတစ်ယောက်ထဲပေါ့..
ဒါပေမဲ့ နောက်တော့ .. လေ
အမေ . အဖေ
ညီအကို မောင်နှမတွေ
မိတ်ဆွေ သူငယ်ချင်းတွေ 
တိုးလို့ တိုးလို့ လာနေပေါ့ ..။

ထိုမှ တဆင့်တက် ..
ဘ၀လက်တွဲဖေါ် ကြင်ဖက်
ဆင်းသက်လာတဲ့ ရင်သွေးများ
သားလေးတွေ သမီးလေးတွေ
မြေးလေးတွေ မြစ်လေးတွေဝန်းရံ
အခြံအရံတွေ ပေါလို့နေပြန်ပေါ့..

ဒီလိုနဲ့ တောင်စွယ်
နေမင်း အထပ်ထပ် ကွယ်ခဲ့
ငါရဲ့ ပျိုရွယ်ခြင်း
ခဏချင်း တစ်စချင်း ဆုတ်ယုတ်
နုပျိုခြင်း နိဂုံးချုပ်ခဲ့ပေါ့..။

ထိုမှ သက်ဆင်း
အိုခြင်း နာခြင်း
သေမင်းနှင့် ရင်ဆိုင်
(ဘယ်သူမှ မကူနိုင်တော့ )
မနိုင်သူ ငါ့မှာ
အလာလိုပဲ 
ဗလာကိုယ်ထဲ
တစ်ယောက်ထဲ
(သံသရာခရီးကို)
လျှောက်မြဲ လျှောက်လျှက်ပါပဲပေါ့..။

                           ကောင်းသစ်