မောင်ယုတ်မာသည် သူ့ကိုသူ မကျေမနပ်ဖြစ်နေ၏၊သူ့ကိုသူ ဆိုခြင်းထက် သူ့နာမည်ကို
ဆိုခြင်းက ပိုမှန်မည်ဖြစ်၏၊
သူ့ကို မိဘတွေက နာမည်ပေးထား၏၊ မောင်ယုတ်မာ - တဲ့။ လူကြားသူကြားဆို သူငယ်ချင်း
တွေက သူ့ကို ပိုခေါ်ကြသည်( သူ့ အထင်မျှသာ ဖြစ်၏၊ သူငယ်ချင်းများက ရိုးရိုးသားသား ခေါ်ကြခြင်းသာ ဖြစ်၏၊သို့သော် သူက နာမည်မကောင်း၍ ပြောင်လှောင်သည်ဟု ထင်နေ၏)။၊ ဟေ့ မောင်ယုတ်မာလာလေ၊ ဟေ့ မောင်ယုတ်မာဘယ်ကို သွားရအောင် စသည် စသည်ဖြင့် မောင်ယုတ်မာ မောင်ယုတ်မာနှင့် အခေါ် ခံနေရသည်ကိုသူ အခေါ်ခံရတိုင်း ကြားရတိုင် စိတ်တိုနေ၏၊ နာမည်ကိုက ကျက်သရေကို မရှိဘူး၊ မင်္ဂလာ လည်း မရှိ ၊ သာယာ နာပျော်ဖွယ် လည်း မရှိဘူး၊ ငါ့နာမည် ပြောင်းမှ ဖြစ်မယ်၊ နာမည် လှလှ လေးကျက် သရေရှိတဲ့နာမည်လေး ပြောင်းရမယ်…။
ဂန္ဓာရတိုင်း၌ အဋ္ဌာရသ ပညာရပ်တို့ကို သင်ကြားပေးသော ပညာသင်ကျောင်းတော်တို့တွင်
တက္ကသိုလ်ကျောင်းတော်ကြီးသည် နာမည်ကြီးလှ၏၊အာဏာရှင် မင်းညီမင်းသားများနှင့်ပညာရှင် ပုဏ္ဏား များသည် တက္ကသိုလ်ကျောင်းတော်ထွက်များ ဖြစ်ကြ၏၊တစ်ချို့ကျောင်းတော်က ရန်ဘက်ဖြစ်ခဲ့ကြသလို တစ်ချို့ ကျောင်းတော်က ကျောင်းနေဖက်သူငယ်ချင်းကောင်းများဖြစ် သွားကြသူတွေလည်း ရှိ၏။ဆရာ ကြီးသည် မျက်နှာကြီးငယ်မလိုက် “ စေတနာ ၀ါသနာ အနစ် နာ ” ဟူသော နာသုံးနာကို ရင်ဝယ်ပိုက်၍ ပညာသိုက်ကို ဖြန့်ဝေနေသူ ဖြစ်၏၊ ထို့ကြောင့် ဆရာကြီး၏ နာမည်ရင်း ပျောက်ကာ အရပ်ရှစ်မျက်နှာ ထင်းရှာသောကြောင့် ဒိသာပါမောက္ခ ဟု နာမည်တွင်နေလေ၏။
မောင်ယုတ်မာသည် ဒိသာပါမောက္ခ ဆရာကြီးထံ၌ ပညာသင်ကြားနေဆဲဖြစ်သော တက္ကသိုလ်
ကျောင်းသားတစ်ယောက်ဖြစ်၏။သူသည် လက်ရှိနာမည်ကို မကြိုက်၍ ဆရာကြီးထံသွားကာ
နာမည်သစ်မှည့်ပေးရန် ပြောလေတော့၏။
သူသည်နာမည်မှည့်မှုနှင့်ပါတ်သက်၍ ကြားဘူးထားတာလေးရှိ၏၊ ဆန်းဂိုဏ်းအနေအားဖြင့် မဂိုဏ်နှင့် အညီ မှည့်ခေါ်ပါက သရဿတီနတ်သမီး၏စောင့်ရှောက်ခြင်းကို ခံရ၍ တေးသီချင်း ကဗျာစာပေ တို့ကိုကျွမ်း ကျင် စွာ ဖွဲ့နွဲ့စီကုံးနိုင်၏၊နဂိုဏ်းနှင့်အညီမှည့်ပါက သုန္ဒရီနတ်သမီး၏ စောင့်ရှောက်မှုကို ခံယူရ၍အပျိုလူပျို ပေါများခြင်း (စန်းပွင့်ခြင်း)အကျိုးများကိုရရှိနိုင်၏၊ဘဂိုဏ်းနှင့်အညီမှည့်ခေါ်ပါက သိရီနတ်သမီး၏ ကူညီ စောင် မမှု ကိုခံယူရ၍ဘုန်းတန်ခိုးတေဇော်ကြီးမားနိုင်၏။၊ယဂိုဏ်းနှင့်အညီမှည့်ခေါ်ပါက မေခလာနတ် သမီး ၏ကူညီမှု စောင့်ရှောက်မှုကို ခံယူရ၍စည်းစိမ်ဥစ္စာကြွယ်ဝချမ်းသာနိုင်၏။ ထို့ကြောင့်နတ် သမီးများ၏ အကူ အညီ ရရှိနိုင်ရန်ဆန်းဂိုဏ်းနှင့်အညီ နာမည်သစ် မှည့်ပေးဖို့ ဆရာကြီးကိုပြောနေခြင်းဖြစ်၏။ဤသည်မှာဝေဒကျမ်းလာ အယူအဆများသာဖြစ်ပါ၏။
ဆရာကြီးသည် စဉ်းစားနေ၏၊ နာမည်သည် ခေါ်၍ လွယ်ကူရုံသာ မှည့်ထားခြင်းဖြစ်၏
နာမည်နှင့်ပါတ်သက်၍ ကောင်းကျိုးဆိုးကျိုးရနိုင်သည် မဟုတ်။ ရသည်ဟုလည်း ဆရာကြီး သည် မယုံကြည်။သို့သော် သူစိတ်ကျေနပ်စေရန် ဆရာကြီးက ပညာသားပါပါ ရွေးချယ်ခွင့် ပြုလိုက်၏၊ မြို့ရွှာ အနှံလည် ပါတ်၍ နာမည်လှလှရှာရန် စေလွှတ်လိုက်၏၊ထို့ကြောင့် မောင်ယုတ်မာသည် လမ်းစာရိက္ခာကို ယူဆောင်၍ “ နာမည်လှလှ ” ရှာပုံတော်ခရီး စတင်၍ နှင်လေတော့၏။
မကြာခင် မြို့တစ်မြို့သို့ သူရောက်သွား၏။ လူတစ်ယောက်သေဆုံးသွား၍ ဆွေမျိုးမိတ်ဆွေသူ ငယ်ချင်းများက လိုက်ပို့သည်နှင့်ကြုံနေ၏၊ သူသည် သေဆုံးသွားသူ၏ နာမည်ကိုမေးကြည့်၏၊
“ ဇီဝက - မောင်သက်ရှင် ” တဲ့။ မောင်သက်ရှင်လို့ နာမည်ပေးထားတာတောင် အသက်မရှင်ပဲ
သေရတာပဲလားလို့ သူက စောဒကတက် မေးကြည့်၏၊မောင်သက်ရှင်လို့မှည့်မှည့် မောင်သက်
တိုလို့မှည့်မှည့် လူဆိုတာ သေရမှာပဲ၊နာမည်ဆိုတာ ခေါ်ရလွယ်ကူရုံသာ မှည့်ထားခြင်းဖြစ်၏။
ဤသို့ ပြန်လည် ဖြေကြားသံ ကြားရသောအခါ နဲနဲတော့ သူ နာမည်ပြောင်းဖို့ အာရုံနည်းလာ၏
သို့သော် သူ ဆက်၍ ခရီးနှင်ကာ နာမည်ရှာပုံတော့ ဖွင့်နေ၏၊အိမ်တစ်အိမ် တံခါးပေါက်နား၌ အမျိုးသမီး တစ်ဦး ကို ကြိုးဖြင့် တဖျန်းဖျန်း ရိုက်နေသည်ကို သူ တွေ့လိုက်ရ၏၊ အရိုက်ခံရသူ၏ နာမည်ကို မေးကြည့်၏၊ “ ဓနပါလီ ဥစ္စာရှင် ” တဲ့။ ဥစ္စာရှင်ကလည်း သူ့ကျွန်ဖြစ်နေရသေးသလားလို့ သူ မေးလိုက်၏
နာမည်သည် အဓိကမဟုတ်၊ ခေါ်ဆိုဖို့ သက်သက်သာ မှည့်ထားကြောင်း နာမည်ကြောင့် ဆင်းရဲချမ်းသာ ကွဲပြားသွားသည်မဟုတ်ကြောင်း ဖြေဆိုသည်ကို သူ ကြားလိုက်ရပြန်၏၊
မကျေနပ်သေး၍ ခရီးဆက်သွားပြန်၏၊လမ်း၌ မျက်စိလယ် လမ်းမှား၍ ရှေ့ဆက်မသွားတတ်မလာတတ်ဖြစ် နေသည့် ခရီးသွားတစ်ယောက်ကို သူတွေ့လိုက်ရ၏။မိတ်ဆွေ ချီတုံချတုံနှင့်ဘယ်လို ဖြစ်နေတာလဲဟု မေးကြည့်၏၊ခရီးသွားက သူမျက်စိလည်၍ ဘယ်ကိုသွားရမှန်းမသိ၍ ချီတုံချတုံ ဖြစ်နေကြောင်း ပြန်ဖြေလိုက်သံ သူကြားရပြန်၏၊ ခရီးသွား၏ နာမည်ကို သူမေးကြည့်ပြန်၏၊ “ ပန္ထက - လမ်းဗိုလ် ” တဲ့။
လမ်းဗိုလ်လို့ နာမည်မှည့်ထားပြီး လမ်းခရီး မျက်စိလည်နေရသေးသလားဗျာလို့ သူက အပြစ်တင်သံနှင့် ပြောလိုက်၏။ခရီးသွားသည် မျက်စိလည်၍ စိတ်တိုနေရသည့်အထဲ လမ်းဗိုလ်နာမည်မှည့်ထားပါလျှက် လမ်းခရီး မျက်စိလည်ရသလားဟု အပြစ်တင်သောအခါ ဒေါသထွက်သွား၏၊ဟေ့လူ မင်းရူးနေသလား မျက်စိလည်တာနှင့်နာမည်နှင့်ဘာဆိုင်လို့လဲ၊ နာမည်ဆိုတာ ခေါ်လို့ရရုံသက်သက် မှည့်ထားတာကွဟု ပြန်ဖြေသံ သူကြားရပြန်၏။
နာမည်ကောင်း ရှာပုံတော်ခရီး ထွက်လာသော မောင်ယုတ်မာ စဉ်းစားရတော့၏။အင်း မောင်သက်ရှည်လို့ ပေးလဲ သေတာပဲ၊ ဥစ္စာရှင်လို့ နာမည်ပေးလည်း ဆင်းရဲတာပဲ။မောင်လမ်းဗိုလ်လို့ ပေးထားလည်း လမ်းခရီး မျက်စိလည်တာပဲ။နာမည်သည် အဓိကမဟုတ်၊မိမိ၏လုပ်ရပ်သည်သာ အဓိကကျကြောင်း သူ ကောင်း ကောင်း ကြီး သဘောပေါက်သွားတော့၏။ထို့ကြောင့် ရှေးဆက် ခရီးမထွက်တော့ပဲ တက္ကသိုလ် ဒိသာပါမောက္ခဆရာကြီးထံသို့ပြန်လည် ချေဦး လှည့်လာတော့၏။
ဆရာကြီးက ဘယ်နှယ်လဲ၊ မောင်ယုတ်မာ နာမည်လှလှလေး ရှာတွေ့ခဲ့ပြီးလားဟု မေးလိုက်၏၊ မပြောချင်ပါဘူး ဆရာကြီးရယ်၊ ငယ်ငယ်ရွယ်ရွယ်နှင့်သေဆုံးတဲ့ မောင်သက်ရှင်ကိုလည်း တွေ့ခဲ့ရတယ်၊ ဥစ္စာရှင်လို့ နာမည်ပေးပြီး သူ့ကျွန်အဖြစ် နွံနစ်နေတဲ့ အမျိုးသမီးငယ်လေးကိုလည်း တွေ့ခဲ့ရတယ်၊မောင်လမ်းဗိုလ်လို့ နာမည်ကြီးပေးထားပြီး လမ်းမှားနေတဲ့ ခရီးသွားကိုလည်း တွေ့ခဲ့ရပါတယ်။
အောင်မြင် ပြီးမြောက်ခြင်းဟာ နာမည်နှင့်လုံးဝ မဆိုင်၊မိမိ၏လုပ်ရပ်နှင့်သာ သက်ဆိုင်သည်ကို တပည့် ကောင်း ကောင်း သဘောပေါက်သွားပါပြီး။ထို့ကြောင့် နာမည်လှလှ မပြောင်းတော့ပါဘူး။ မိဘများ ချစ်စနိုး ပေးထားသော မောင်ယုတ်မာဆိုတဲ့နာမည်နှင့်ပဲ မြင့်မြတ်သူဖြစ်အောင် နေထိုင်သွားပါတော့မယ်၊
တကယ်တော့ နာမည်လှဖို့ထက် စိတ်ထားလှဖို့က ပိုအရေးကြီးကြောင်းကို တပည့်ကောင်းကောင်းကြီး လက်ခံသွားပါပြီး။ အောင်မြင်မှုဆိုသည်မှာလား နာမည်နှင့်မဆိုင် မိမိ၏ ကံဥာဏ် ၀ီရိယနှင့်သာ သက်ဆိုင် ကြောင်း လက်တွေ့အားဖြင့် သဘောပေါက်သွားပါပြီး။သူသည် မောင်ယုတ်မာဟူသော နာမည်ဖြင့်ပင် မြင့်မြတ်သူဖြစ်အောင် စိတ်ထားလှလှလေးမွေးကာ တစ်သက်လုံး နေထိုင်သွားတော့၏။
လူသားတိုင်းသည်“နာမည်လှလှရွေးဖို့ထက် စိတ်ထားလှလှမွေးဖို့က ပို၍ သာ၍အရေးကြီးကြောင်း ” ကို သဘောပေါက်ကာ စိတ်ထားလှလှမွေး၍ လှပသောဘ၀နှင့် ငြိမ်းချမ်းသာယာသော ပါတ်ဝန်းကျင်လောကကို တည်ဆောက်နိုင်ကြပါစေ.....(ကောင်းသစ် )
No comments:
Post a Comment