.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Friday, January 7, 2011

အကာကို အနှစ်ထင်သူများ

အနှစ်မရှိသောတရား၌ အနှစ်ရှိ၏ဟု အယူရှိကြကုန်၏၊ အနှစ်ရှိသော တရား၌မူကား
အနှစ်မရှိဟု အယူရှိကြကုန်၏၊ ထိုသူတို့သည် မှားသော ကြံစည်မှုလျှင် (ကျက်စားရာ )
အာရုံရှိကြကုန်ရကား အနှစ်ရှိသောတရားကို မရနိုင်ကြကုန်။( ဓမ္မပဒ )


ဘ၀ကို  ခန္ဓာတို့ဖြင့် တည်ဆောင်ထား၏၊ ခန္ဓာတို့တွင် စိတ်က ဦးဆောင်သူ ဖြစ်၏ ၊စိတ်ရှိသူတိုင်း အတွေး ရှိ၏၊ ယင်းအတွေး (အကြံ)သည် မှန်ကန်ုဖို့ အထူးအရေးကြီး၏၊မှန်ကန်သော အတွေးကို သမ္မာသင်္ကပ္ပဟု ခေါ်ရ၏၊ မှားယွင်းသော အတွေးကိုတော့ မိစ္ဆာသင်္ကပ္ပဟု ခေါ်ဆို၏၊
သမ္မာသင်္ကပ္ပသည် ကောင်းမှု၏ ရှေ့ဆောင်ဖြစ်၍ မိစ္ဆာသင်္ကပ္ပသည်ကား မကောင်းမှု၏ရှေ့ဆောင်ဖြစ်၏၊  ထို့ကြောင့် သူတို့နှစ်ခုသည် “ အရှေ့နှင့်အနောက်  အဖြူနှင့်အမဲပမာ ” လုံးဝဆန့်ကျင်သည့် တရား များဖြစ်ကြ၏


ကာမ၀ိတက် ( နိဗ္ဗာန်ရောက်ကြောင်း မဟုတ်၊ ကုသိုလ်ရကြောင်းလည်း မဟုတ်၍)မှားယွင်းသော အတွေး အကြံဖြစ်၏၊ သူသည် ( အဆင်းလှ အသံကောင်း အနံ့မွှေး အရသာရှိ အတွေ့အထိ ကောင်းမွန်ခြင်း ဟူသော)အာရုံငါးပါး ကာမဂုဏ်တရား ပြည့်စုံရေး - ပျော်ပါးရေးကိုသာ အလေးထား၏၊ သူသည် လောဘနှင့် နေသူဖြစ်၏၊ လောဘကို မထိမ်းချုပ်ပဲ လွှတ်ထားသူ ဖြစ်၏၊ ထို့ကြောင့် သူ့ဘ၀သည် အာရုံ ငါးပါး ကာမဂုဏ်တရားနှင့်ပါတ်သက်၍ပြည့်စုံသည်မရှိ၊ အမြဲတန်း ဆာလောင်နေသူ ဖြစ်၏ ၊ ဆားငန်ရေ သောက်သူပမာ သောက်လေ သောက်လေ ငတ်မပြေသူ ဖြစ်နေ၏။ သို့သော် သူသည် လောဘဖြင့် ပျော်နေခြင်းကိုပင် ဘ၀၏အနှစ်သာရဟု မြင်နေ၏ ထင်နေ၏၊ယင်းသည်ပင် သူ့အတွက် အတွေးမှား အကြံမှားခြင်းဖြစ်၏၊ အမှန်အားဖြင့် မီးပူသို့ တိုးနေသော ပိုးဖလံပမာ လောဘ ကိလေသာ အပူတော တိုးနေသည်ကို သူ မသိခြင်းဖြစ်၏၊မသိအောင် အ၀ိဇ္ဇာက ဖုံးအုပ်ထား၏။အ၀ိဇ္ဇာဖုံးလွှမ်းထားသော ကြောင့် လည်း မိမိပျော်ရွှင်ဖို့အတွက်ဆိုလျှင် ဘာပဲပြောရပြောရ ဘာပဲလုပ်လုပ်ရ လက်မရွန့် နောက်မတွန့်ပဲ ပြောဆိုပြုလုပ်မည့်သူ ဖြစ်၏၊ သူ၏ အမြင် သူ၏အယူအဆမှာ ပစ္စုပ္ပန် ပျော်ရွှင်မှုသည် ဘ၀၏အနှစ်သာရ ဖြစ်၏ဟု စွဲမြဲစွာ ဆုပ်ကိုင်ထားသူဖြစ်၏

ဗျာပါဒ၀ိတက် (ကိုယ်တိုင်လည်း ပျက်စီး၍ သူတပါးကိုလည်း ဖျက်ဆီးတတ်သည့်အတွက် ) မှားယွင်း သော အကြံအစည်ဖြစ်၏၊သူသည် သူတစ်ပါး ပျက်စီးရာပျက်စီးကြောင်း တွေး၏ကြံ၏ ပြောသည် ပြုသည် အထိ မြှင့်တင်ပေးသည့် တရားဆိုးဖြစ်၏၊သူသည် အဖျက်တရားသက်သက်ဖြစ်၏၊ ဘယ်သူ့ကို ဘယ်နည်း နှင့် အနိုင်ယူရမည် အလဲထိုးရမည် ချောက်ချရမည်ဟု ဟာကွက် ပျော့ကွက် လစ်ကွက်ကို ရှာဖွေနေသူ ဖြစ်၏။  သူရှိသော နေရာတိုင်းသည်မငြိမ်းချမ်းသော နယ်မြေဖြစ်၏။

ဝိဟိံသ ၀ိတက် ( မကျေနပ်မှု တစ်ခုခုကို အခြေခံ၍ တက်ဖက်သား ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်အောင် ကြံစည်မှု ဖြစ်သည့်အတွက်)မှားယွင်းသော အကြံအစည်ဖြစ်၏သူသည် တစ်ဖက်သား စိတ်ကသိ က အောက်  ဖြစ်သည်ကို သဘောကြ၏၊ စီးပွါးရေး အဆင်မပြေအောင် ခွင်ပျက်အောင် လိုက်ဖန် တတ်၏။ သူသည်လည်း ပူလောင်မှုဖြင့် ဘ၀ကို ပေးဆပ်နေရသူဖြစ်၏ယင်းသို့ နေရသည်ကိုပင် သူ့ကိုသူ ကျေနပ် နေသူဖြစ်၏၊

လာဘ . စားဝတ်နေရေး ကျန်းမာရေးအတွက် ထိုက်သင့်သလောက် ရရှိနေခြင်းဖြစ်၏။
သက္ကာရ - အထူးတလည် ပူဇော်သက္ကာရပြုခြင်း မြတ်နိုးကော်ရော်ပြုခြင်း ဖြစ်၏
သိလောက - ကျော်စောမှု ဂုဏ်သတင်း ပျံ့ခြင်း ပျံ့အောင်ကြိုးစားဖြန့်ခြင်း ဖြစ်၏
ယင်းတရားတို့၌ သိဉ္စည်းဆရာကြီးသည် ပျော်မွေ့နေသူဖြစ်၏ ( သာဓကအဖြစ် ပြခြင်းသာဖြစ်၏၊ အမှန် အားဖြင့် ယင်းဆရာကြီးကဲ့သို့ လာဘ သက္ကာရ သိလောက၌ နစ်မြောနေသူများများပြားလှပါ၏၊ )

ထို့ကြောင့် ( အရှင်အဿဇိအရှင်မြတ်ထံမှ တဆင့် အမြိုက်တရား အနှစ်သာရတရားကို ) ကိုယ်တိုင် သိမြင်၍အရှင်သာရိပုတ္တရာနှင့်အရှင်မောဂ္ဂလာန်တို့သည်သူ့ဆရာကြီးကိုလည်းသိစေလိုသော စေတနာဖြင့် “ သမ္မာသမ္ဗုဒ္ဓ ” ဘုရားရှင်ထံ အတူ သွားဖို့ရန် ခေါ်သောအခါ  သူတို့ကိုပင် မသွားရန် ဤမှာပဲ အခြံ အရံနှင့်ကိုယ်ပိုင်ပရိတ်သတ်နှင့်နေုဖို့ရန်  တားသေး၏၊ တားမရသောအခါ အသင်တို့ သွားချင်သွား၊ သူက တော့ ရေဖြည့်ခံ အိုးကြီး ( ကိုးကွယ်ခံ ဆရာကြီး ) အဖြစ်မှ ရေဖြည့် အိုးငယ် ( ငယ်သား တပည့် လက်သား ) အဖြစ် အရောက်မခံ နိုင်ဟု လာဘ သက္ကာရ သိလောကကိုအနှစ်ပမာ ဖက်တွယ် ထား၏၊် ထို့ကြောင့် သူ့ဘ၀သည် အကာတောမှာပဲ ဘ၀နိဂုံးချုပ်သွားရခြင်းဖြစ်၏၊ သာသနာနှင့်ကြုံတွေ့လျှက် “အနှစ် ”မရလိုက်သူ ဖြစ်သွား၏၊ ထို့ကြောင့် ယခု သာသနာတွင်း လူဖြစ်သူများသည်လည်းအကာဖြစ် သော  “ ရာထူးဂုဏ်သိရ် စည်းစိမ် ကျော်စောမှု ” လောက်ကိုသာ အရေးပေး အလေးထား ရှာဖွေရင်း ဘ၀နေ၀င်သွားကြသူများ အများအပြား မြင်တွေ့နေရပေ၏
သူတို့နောက်သို့ အားကိုးလောက်သော “ ဒါန သီလ သမာဓိ ပညာ ” အနှစ်များ (ပါသင့်လျှက်) ပါ မသွားရှာကြပေ၊သာသနာနှင့်ကြုံလျှက် သာသနာနှင့်လွဲသူများ  ဖြစ်မှန်းမသိ ဖြစ်သွားကြ၏၊
(ဘ၀ နေမ၀င်ခင်  “ သတိယှဉ် - အသိဝင် ” ကြသူများ ဖြစ်နိုင်ကြ၍ သာသနာကြုံခိုက် လူ့အဖြစ်ရခိုက် 
“ သဒ္ဓါ့ - ပညာ ”  ဦးစီးကာဖြင့် အနှစ်သာရများကို အရယူနိုင်ကြပါစေ.. )

“ ရတနာ တော ”  ကျင်လည်ကျက်စားသော သားသမင်သည် ရတနာတန်ဖိုးကို မသိသည်ဖြစ်၍ ရတနာ များကို မြင်ရသော်လည်း ရှောင်လွဲကာ “ မပျိုးမစိုက် ဖိုးမထိုက်သည့် ”မြက်အစာကိုသာ ခုံခုံမင်မင် ရှာဖွေ စားသောက်ရင်း အချိန်ကုန်ကာ ဘ၀ဆုံးသွားရ၏ ထို့အတူပင်  ရတနာတောနှင့်တူသော “ သာသနာ တွင်းဝယ် ” လူ့အဖြစ်ရရှိကြပါလျှက်သာသနာတွင်း ရနိုင်သည့် “ အကျိုးကြီးဒါန သီလ သမာဓိ ပညာ ” စသည့် အနှစ်သာရတို့ကို မသိနားမလယ်ကြသည်ဖြစ်၍  မပြုကြပဲ ရှောင်လွှဲကာ  “ သဒ္ဓါ ပညာ ” နှစ်ဖြာနည်းပါးသော    “ လူမိုက် ” များသည် ဘ၀တိုင်းဆုံ လူတိုင်းကြုံသည့် “ အာရုံးငါးပါး ကာမဂုဏ် ” တရားကိုသာ  မက်မက် မောမော အလေးထား ရှာဖွေ ပျော်ပါးကြရင်း  ဘ၀နိဂုံး ချုပ်သွားကြရ၏၊


ရတနာပေါကြွယ် တောတောင်လယ်၌
လှည့်လယ်ပျော်ရွှင် သားသမင်သည်
ဖိုးအင်ထိုက်စွာ ရတနာကို
ရှေ့မှာပက်ပင်း တွေ့ကြုံလျှင်းလည်း
ရှောင်းကွင်းပယ်ခွါ မြက်ကိုသာလျှင်
အာသာမက်မက် ရှာဖွေလျှက်ဖြင့်
နေ့ရက်ကုန်ဆုံး ဘ၀တုံး၏
သဒ္ဓါပညာ ကင်းလွတ်ကွာ၍
အကာအနှစ် အစစ်အတု
မရှုတတ်သူ လူမိုက်မူလည်း
သုံးလူထွဋ်ထား မြတ်ဘုရား၏
တည်ထားသာသနာကြုံတွေ့ပါလျှက်
ဆယ်ဖြာပုည ကုသလကို
ဝေးကရှောင်ခွါ . ငါးကာမာကို
အာသာမက်မက် ရှာဖွေလျှက်ဖြင့်
နေ့ရက်ကုန်ဆုံး ဘ၀ရှုံး၏။

ကောင်းသစ်

No comments:

Post a Comment