မုသာဝါဒ - သူတစ်ပါး အကျုးစီးပွါး ပျက်စီးအောင် ပြောဆိုခြင်း ပြုမူခြင်း။
သိလျှက် ချွတ်ယွင်းသောစကားကို ပြောဆိုရာ၌ အရှက်မရှိသော မည်သူမဆို မပြုလုပ်ဝံ့သော အကုသိုလ် မကောင်းမှုသည်လည်း တစ်စုံတစ်ခုမျှ မရှိပြီ - ဟု သားတော်ရာဟုလာအား မုသားနှင့် ပါတ်သက်၍ ရှင်တော်မြတ်ဘုရားက အဆုံးအမ သြ၀ါဒ ပေးတော်မူခဲ့ပါ၏။
မုသားသည် အကုသိုလ် သမိုင်း၌ ရှေးဦးစွာ လွန်ကျူးသော အကုသိုလ်ဖြစ်ကြောင်း စေတိယ ဇာတ်တော်၌တွေ့ရှိနိုင်ပါ၏၊ စေတိယတိုင်းကို အုပ်ချုပ်နေသော ဥပ၀ရမင်းသည် “ကောင်းကင် သို့ပျံနိုင်ခြင်း၊ သွားလေ ရာနတ်သားလေးယောက်က သံလျှက်ကိုင်၍ စာင့်ရှောက်ခြင်း၊ ခန္ဓာ ကိုယ်မှ စန္ဒကူးနံ့သင်းပျံ့ခြင်း၊ ခံတွင်းမှ ကြာညိုပန်းနံ့မွှေးကြိုင်ခြင်းဟူသော အံ့ဖွယ်လေးပါးနှင့် ပြည့်စုံသူ ဖြစ်၏၊ထိုမင်းသည် ပုရောဟိတ် ရာထူး နှင့်ပါတ်သက်၍ သူ၏ကျောင်းအတူနေ ပညာသင်ဖက် သူငယ်ချင်းကို ပေးလို၏၊ အစဉ်အလာအားဖြင့် ပုရောဟိတ်ရာထူးသည် ကြီးသူက ဆက်လက်ခံခွင့်ရှိ၏၊ ထို့ကြောင်င့် သူသည် အကြီးကို အငယ်၊ အငယ် ကိုအကြီးဟု လိမ်ညာမှု မုသာဝါဒကို လူသိရှင်ကြား ပြောလေ၏၊ (ထိုအချိန်၌ သစ္စာတရား (၀စီသစ္စာ) ထွန်းကားသော အချိန်ဖြစ်၍ မုသားဆိုတာ ဘယ်လိုဟာလို့ပင် အများစုက မသိသေးသော အချိန် ဖြစ်၏၊ ယခုခေတ်၌မုသားမပါ လင်္ကာမချောဟူသော စကားကို လက်ကိုင်သုံး၍ မုသားကို တွင်တွင်ကြီးသုံးနေ ကြပေပြီ။)ထိုမင်းသည် မုသားကြောင့် အံ့ဖွယ်လေးပါးကွယ်ပျောက်၍ နောက်ဆုံးမဟာ ပထ၀ီမြေကြီး၏ ၀ါးမျိုခြင်းကို ခံရပေ၏၊ဇာတ်ပေါင်းခန်း၌ ထိုမင်းသည် အရှင်ဒေ၀တ် အလောင်းဖြစ်နေသည်ကိုတွေ့ရှိရ ပါ၏
မုသားပြောသူကိုမည်သူမျှအယုံအကြည်မရှိပေ၊မင်းမှာသစ္စာလူမှာဂတိဟူသည်မုသား၏ဆန့်ကျင်
ဘက်သစ္စာတရားကိုတန်ဘိုးထားသောစကားဖြစ်၏။စီးပွါးရေးလောက၌လည်း လိမ်ညာကောက် ကျစ်သူသည်ရည်ရှည်တည့်တန်မည် မဟုတ်ပေ၊ ထို့ကြောင့် “ ကောက်သော် မစားလောက် ဖြောင့်သော် စားမကုန် ” ဟု ရှေးလူကြီးများက ရိုးသားဖြောင့်မတ်ဖို့ ဆုံးမစကား ထားခဲ့ကြခြင်း ဖြစ်၏။သူတစ်ပါးအကျိုးစီးပွါး ပျက်စီးအောင် မုသားသုံးသူသည် ပါတ်ဝန်းကျင်၏ ယုံကြည်မှု ကိုမရရှိတော့ ပါတ် ၀န်းကျင်၏ ကြဉ်ဖယ်ခြင်းကို ခံရသူသည် “ လူမသေခင် နာမည်သေနေသူ ” ဖြစ်ပါ၏။ယင်းမုသား ပြောမှုသည် လောဘကြောင့်လည်းဖြစ်၏ ဒေါသကြောင့်လည်း ဖြစ်နိုင် ပါ၏။ မုသားထွန်းကားသောအရပ် ဒေသသည် စကားတိုင်းကို သံသယဖြင့် နားထောင် နေရ သည်ဖြစ်၍ စိတ်၏ ငြိမ်းချမ်းမှုကို မရနိုင်။ အချင်း ချင်းလည်း ယုံကြည်မှု မရနိုင်တော့ပေ၊ ယုံကြည်မှုကင်းမဲ့သော ဒေသသည် စည်းလုံးမှုညီ ညွတ်မှုလည်း မဖြစ်နိုင်တော့။ ထို့ကြောင့် လူမသေခင် နာမည်မသေဖို့နှင့် ပါတ်ဝတ်ကျင် ငြိမ်းချမ်းရေးအတွက် “ မဟုတ် မမှန်သော စကားဖြင့် သူတစ်ပါး အကျိုးစီးပွါး ပျက်စီးအောင် ပြောဆိုခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော ” ဤသိက္ခာပုဒ်ကို ရဟန်းရှင်လူတိုင်း အထူးပင် စောင့်ထိမ်းအပ်ပါ၏။

သစ္စာတရားတစ်ခုကိုလွန်၍ မုသားစကားကိုဆိုလေ့ရှိသော နောင်ဘ၀အတွက် ဆင်ခြင်စဉ်းစား ခြင်း အလျင်း မရှိသောသူအား “ မပြုနိုင်မည့် မကောင်းမှု ” အကုသိုလ်မည်သည် မရှိ။မဟုတ် မမှန်ပြောဆိုသူသည်လည်း ငရဲသို့ရောက်ရ၏၊(မိမိ)ပြုလုပ်လျှက်မပြုမလုပ်ဟု ပြောဆိုသော သူ သည်လည်း ငရဲသို့ ရောက်ရ၏။ထိုသူနှစ်ယောက်တို့သည် ယုတ်မာသောအမှု ရှိကုန် သည်ဖြစ်၍ နောင်တမ လွန်ဘ၀၌ (ငရဲခံရခြင်း ) တူကုန်၏။ (ဓမ္မပဒ)
သုရာမေရယမဇ္ဇပမာဒဋ္ဌာန- ယစ်မူး မေ့လျှော့ခြင်း၏ အကြောင်းဖြစ်သောသေရည် သေရက် တို့ကိုသောက် စားခြင်း၊ မူးယစ်ဆေးများ သုံးစွဲခြင်း။
“သေနှင့်အရက် စီးပွါးပျက်ကို တစ်စက်ကမှ မသောက်ကြနှင့် ရှောင်ကြပါလေ ရှင်တော်ဟော သည့် အဆိပ်ရေ ” ယင်းအရည်ကို သေရည်ဟုလည်းကောင်း အဆိပ်ဟုလည်းကောင်း ဥပ မာပြု၍ ရှောင်ကြဉ် ရန်( မြတ်ဗုဒ္ဓဒေသနာမှီး၍ ရှေးပညာရှိ သူတော်ကောင်းများက )ဆုံးမ သတိပေးတော်မူခဲ့ကြပါ၏။ယင်း သေရည်သည် စီးပွါးပျက်ရုံသာမက ကိုယ်ကျင့်သီလပါ ပျက်စီးသောတရားဖြစ်ပါ၏။ ယင်းသေရည်ကို မကောင်းမှုများ၏ ရေသောက်မြစ်ဟုပင် တင်စား ပြောဆိုကြပါ၏။
မိမိကိုယ်ကို ထေရ၀ါဒ ဗုဒ္ဓဘာသာ အဖြစ်ခံယူထားပါလျှက် “ ပျော်၍ သောက်ခြင်း ၊ စိတ်ညစ်၍ သောက်ခြင်း၊ကျန်းမာရေးအရ ဆေးဖြစ်ဝါးဖြစ်သောက်ခြင်း ”ဟုယင်းအရည်ကိုအကြောင်း အမျိုးမျိုးပြကာ မြိန်မြိန်ယှက်ယှက် သောက်သုံးနေကြပါ၏၊ ယင်းအရည်ကို အလွန်အကျွန် သောက်မိသောအခါ “ လုပ်သင့် သည်ကိုမလုပ်ခြင်းနှင့် မလုပ်သင့်သည်ကို လုပ်ခြင်းများ ” ဖြစ် ပေါ်လာတတ်၏။ ယင်းအရည် ၀င်လာသော အခါအရှက်လည်းမရှိ၊ အကြောက်အလန့် တရား လည်းမရှိတော့၊ ထို့ကြောင့်အကုသိုလ်ပြုရာ၌ “ရဲဆေးအဖြစ်” ပင်အသုံးပြုနေကြ၏။အမူးသမား များသည် ရမ်းချင်တိုင်းရမ်း၍ ကြမ်းချင်တိုင်းလည်း ကြမ်းတတ် ကြ၏ ၊ငြင်းခုံခြင်း ကြမ်းတမ်းစွာ ဆဲဆိုခြင်း ခိုက်ရန်ဖြစ်ချင်းများကိုလည်း တွေ့မြင် နေရပါ၏။ သေရည်သောက် ခြင်း၏ အပေါ့ဆုံးအပြစ်သည်ရူးသွပ်ခြင်းဆိုးကျိုးကို ရရှိနိုင်ပါ၏။ထို့ကြောင့် မိမိနှင့်ပါတ်ဝန်းကျင် ငြိမ်းချမ်းရေးကို အလိုရှိသူတိုင်းသည် “ယစ်မူးမေ့လျော့ခြင်း၏ အကြောင်း ဖြစ်သော သေရည် သေရက် မူးယစ် ဆေးဝါးတို့ကို ရှောင်ကြဉ်ကြောင်းဖြစ်သော ” ဤသိက္ခာပုဒ် အကျင့် မြတ် ကိုလည်း လုံခြုံအောင် ဆောက်တည်စောင့်ထိမ်း အပ်ပါ၏။
ငြိမ်းချမ်းရေး၏ အခြေခံအုတ်မြစ်ဖြစ်သောငါးပါးသီလကိုသာလူသားတိုင်း လိုက်နာ ကျင်သုံးကြ မည် ဆိုလျှင် ကမ္ဘာလောကကြီး၌ စစ်မက်ဖြစ်ပွါးခြင်းလည်း မရှိနိုင်တော့။ နယ်ချဲ့ခြင်း နယ်မြေ လုခြင်းလည်းမရှိနိုင်တော့၊လူသားမျိုးနွယ်ကိုအညွှန့်တုံးစေသောမူးယစ်ဂိုဏ်းများလည်းမရှိနိုင်တော့၊
ကာမေသုလွန်ကြောင့်ဖြစ်သောကြောက်မက်ဖွယ်ရောဂါဆိုးများလည်းမရှိနိုင်တော့၊ဂတိမတည်ခြင်း သစ္စာမရှိခြင်းများမရှိတော့၍အချင်းချင်းမယုံကြည်မှုလည်းမရှိနိုင်တော့ပေ။ထိုသို့ဆိုလျှင်ထိုနယ်မြေ ထိုဒေသသည်လူသားတိုင်းမျှော်မှန်းနေ သောငြိမ်း ချမ်းရေးကို မလွဲမသွေ ရရှိနိုင်မည် ဖြစ်ပါ၏၊ ထို့ကြောင့် ငါးပါးသီလ ကိုယ်စီလုံအောင် ထိမ်းကြ သောအားဖြင့် “ငြိမ်းချမ်း ရေး ပန်းတိုင်သို့ ” လက်တွဲကာ အတူတကွ ချီတက်ကြပါစို့။

လောက၌ သူ့အသက်ကို မသတ်သူ၊ မဟုတ်မမှန် မပြောသူ၊ မပေးသည်ကို မယူသူ၊ သူတစ်ပါး မယားကိုမလွန်ကျူး မသွားလာသူ၊ သေရည်အရက် သောက်ခြင်းကိုလည်း အဖန်တလဲလဲ အားမထုတ်သူကို ရန်ငါးမျိုးတို့ကို ပယ်ခြင်းကြောင့် “ သီလရှိသူ - ကိုယ်ကျင့်ဖြူစင်သူ ” ဟူ၍ဆိုအပ်၏၊ ပညာရှိသော ထိုသူသည်ခန္ဓာကိုယ်ပျက်စီးသည်ရှိသော် ကောင်းသောလားရာ သုဂတိဘ၀၌ ဖြစ်ရ၏။(အင်္ဂုတ္တရ)။
သီလရတနာမြတ်တန်းဆာကားသတ္တ၀ါခပင်းမင်းဆင်းရဲသားမပိုင်းခြားဘူး၊ လေးပါးမျိုးနွယ်၊ကြီးငယ်မဆို ရွယ်ပျိုရွှယ်ရင့် ဆင်တိုင်းတင့်၏၊ (မဃဒေ၀)။
ကောင်းသစ်
No comments:
Post a Comment