.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Friday, January 28, 2011

ယဉ်စေမင်း

                 ပါဏာတိပါတ် မသတ်သူ့သက် ခိုးဝှက်မမူ မယူသေစာ အိမ်ရာမမှား
                 မုသားမဆို ကိုယ်ကိုနှိမ့်ချ စောင့်သီလနှင့် ဒါနလှူဝတ် ရက်မချွတ်လျှင်
                 မပြတ်ဆောက်တည် ဆုကြီးရည်၍ မကြည်ခိုက်ရည် သူကျူးလွန်လည်း
                 စောင်းမာန်မပြင်း - ယဉ်စေမင်း။ (လောကသာရ)

ယဉ်ကျေးမှုရှိရင်

     
      ဗုဒ္ဓရဲ့ ယဉ်ကျေးမှုကိုသာ အတိအကျ လိုက်နာကြရင် ယဉ်ကျေးတဲ့ ကမ္ဘာ့နိုင်ငံကြီးများနှင့်  
      ယဉ်ဘောင်တန်းနိုင်ပါတယ်။

     လူတိုင်းထဲက လွတ်ချင်ကြရင် လူတိုင်းလုပ်တဲ့အလုပ် အပြောမျိုး မလုပ်ကြနဲ့။

    လူတွေဟာ ဒုက္ခရောက်တာကိုသာ ပြောကြတာ၊ သွားနေကြရတာက ဒုက္ခလမ်းမကြီးပေါ်မှာ၊
    ဒီတော့လေ ဒုက္ခကြားက ဒုက္ခကောင်ဟာ ဒုက္ခကိုပဲ တွေ့မှာပဲ။

    ကြုံတွေ့လို့ မကယ်နိုင်တဲ့ဒုက္ခမျိုးကို သူတစ်ပါးအား ပြောနေခြင်းဖြင့် အကျိုးမရှိ။

    မိဘတွေသေရင် ငိုကြွေးကြမယ့်အစား မသေခင်က စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်အောင်
   လှလှပပ လုပ်ကြွေးသင့်တယ်။

   လူတွေဟာ ခိုင်းစရာကိုယ့်ကိစ္စကိုတော့ ခိုင်းတတ်ကြပြီး အရေးရှိတော့
   ဖေးမကူညီဖေါ် မရကြဘူး။
                                             (အမရပူရ မဟာဂန္ဓာရုံဆရာတော်)

          
  

Wednesday, January 26, 2011

ငြိမ်းချမ်းရေး အုတ်မြစ် ( ၂ )

မုသာဝါဒ - သူတစ်ပါး အကျုးစီးပွါး ပျက်စီးအောင် ပြောဆိုခြင်း ပြုမူခြင်း။
သိလျှက် ချွတ်ယွင်းသောစကားကို ပြောဆိုရာ၌ အရှက်မရှိသော မည်သူမဆို မပြုလုပ်ဝံ့သော အကုသိုလ် မကောင်းမှုသည်လည်း တစ်စုံတစ်ခုမျှ မရှိပြီ - ဟု သားတော်ရာဟုလာအား မုသားနှင့် ပါတ်သက်၍ ရှင်တော်မြတ်ဘုရားက အဆုံးအမ သြ၀ါဒ ပေးတော်မူခဲ့ပါ၏။
မုသားသည် အကုသိုလ် သမိုင်း၌ ရှေးဦးစွာ လွန်ကျူးသော အကုသိုလ်ဖြစ်ကြောင်း စေတိယ ဇာတ်တော်၌တွေ့ရှိနိုင်ပါ၏၊ စေတိယတိုင်းကို အုပ်ချုပ်နေသော ဥပ၀ရမင်းသည် “ကောင်းကင် သို့ပျံနိုင်ခြင်း၊ သွားလေ ရာနတ်သားလေးယောက်က သံလျှက်ကိုင်၍ စာင့်ရှောက်ခြင်း၊ ခန္ဓာ ကိုယ်မှ စန္ဒကူးနံ့သင်းပျံ့ခြင်း၊ ခံတွင်းမှ ကြာညိုပန်းနံ့မွှေးကြိုင်ခြင်းဟူသော အံ့ဖွယ်လေးပါးနှင့် ပြည့်စုံသူ ဖြစ်၏၊ထိုမင်းသည် ပုရောဟိတ် ရာထူး နှင့်ပါတ်သက်၍ သူ၏ကျောင်းအတူနေ ပညာသင်ဖက်  သူငယ်ချင်းကို ပေးလို၏၊ အစဉ်အလာအားဖြင့် ပုရောဟိတ်ရာထူးသည် ကြီးသူက ဆက်လက်ခံခွင့်ရှိ၏၊ ထို့ကြောင်င့် သူသည် အကြီးကို အငယ်၊ အငယ် ကိုအကြီးဟု လိမ်ညာမှု မုသာဝါဒကို လူသိရှင်ကြား ပြောလေ၏၊ (ထိုအချိန်၌ သစ္စာတရား (၀စီသစ္စာ) ထွန်းကားသော အချိန်ဖြစ်၍ မုသားဆိုတာ ဘယ်လိုဟာလို့ပင် အများစုက မသိသေးသော အချိန် ဖြစ်၏၊ ယခုခေတ်၌မုသားမပါ လင်္ကာမချောဟူသော စကားကို လက်ကိုင်သုံး၍ မုသားကို တွင်တွင်ကြီးသုံးနေ ကြပေပြီ။)ထိုမင်းသည် မုသားကြောင့် အံ့ဖွယ်လေးပါးကွယ်ပျောက်၍ နောက်ဆုံးမဟာ ပထ၀ီမြေကြီး၏ ၀ါးမျိုခြင်းကို ခံရပေ၏၊ဇာတ်ပေါင်းခန်း၌ ထိုမင်းသည် အရှင်ဒေ၀တ် အလောင်းဖြစ်နေသည်ကိုတွေ့ရှိရ ပါ၏
မုသားပြောသူကိုမည်သူမျှအယုံအကြည်မရှိပေ၊မင်းမှာသစ္စာလူမှာဂတိဟူသည်မုသား၏ဆန့်ကျင်
ဘက်သစ္စာတရားကိုတန်ဘိုးထားသောစကားဖြစ်၏။စီးပွါးရေးလောက၌လည်း လိမ်ညာကောက် ကျစ်သူသည်ရည်ရှည်တည့်တန်မည် မဟုတ်ပေ၊ ထို့ကြောင့် “ ကောက်သော် မစားလောက် ဖြောင့်သော် စားမကုန် ” ဟု ရှေးလူကြီးများက ရိုးသားဖြောင့်မတ်ဖို့ ဆုံးမစကား ထားခဲ့ကြခြင်း ဖြစ်၏။သူတစ်ပါးအကျိုးစီးပွါး ပျက်စီးအောင် မုသားသုံးသူသည် ပါတ်ဝန်းကျင်၏ ယုံကြည်မှု ကိုမရရှိတော့ ပါတ် ၀န်းကျင်၏ ကြဉ်ဖယ်ခြင်းကို ခံရသူသည် “ လူမသေခင် နာမည်သေနေသူ ”  ဖြစ်ပါ၏။ယင်းမုသား ပြောမှုသည် လောဘကြောင့်လည်းဖြစ်၏ ဒေါသကြောင့်လည်း ဖြစ်နိုင် ပါ၏။ မုသားထွန်းကားသောအရပ် ဒေသသည် စကားတိုင်းကို သံသယဖြင့် နားထောင် နေရ သည်ဖြစ်၍ စိတ်၏ ငြိမ်းချမ်းမှုကို မရနိုင်။ အချင်း ချင်းလည်း ယုံကြည်မှု မရနိုင်တော့ပေ၊ ယုံကြည်မှုကင်းမဲ့သော ဒေသသည် စည်းလုံးမှုညီ ညွတ်မှုလည်း မဖြစ်နိုင်တော့။ ထို့ကြောင့် လူမသေခင် နာမည်မသေဖို့နှင့် ပါတ်ဝတ်ကျင် ငြိမ်းချမ်းရေးအတွက်  “ မဟုတ် မမှန်သော စကားဖြင့် သူတစ်ပါး အကျိုးစီးပွါး ပျက်စီးအောင် ပြောဆိုခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော ” ဤသိက္ခာပုဒ်ကို ရဟန်းရှင်လူတိုင်း အထူးပင် စောင့်ထိမ်းအပ်ပါ၏။

သစ္စာတရားတစ်ခုကိုလွန်၍ မုသားစကားကိုဆိုလေ့ရှိသော နောင်ဘ၀အတွက် ဆင်ခြင်စဉ်းစား ခြင်း အလျင်း မရှိသောသူအား “ မပြုနိုင်မည့် မကောင်းမှု ” အကုသိုလ်မည်သည် မရှိ။မဟုတ် မမှန်ပြောဆိုသူသည်လည်း ငရဲသို့ရောက်ရ၏၊(မိမိ)ပြုလုပ်လျှက်မပြုမလုပ်ဟု ပြောဆိုသော သူ သည်လည်း ငရဲသို့ ရောက်ရ၏။ထိုသူနှစ်ယောက်တို့သည် ယုတ်မာသောအမှု ရှိကုန် သည်ဖြစ်၍ နောင်တမ လွန်ဘ၀၌ (ငရဲခံရခြင်း ) တူကုန်၏။ (ဓမ္မပဒ)

သုရာမေရယမဇ္ဇပမာဒဋ္ဌာန- ယစ်မူး မေ့လျှော့ခြင်း၏ အကြောင်းဖြစ်သောသေရည် သေရက် တို့ကိုသောက် စားခြင်း၊ မူးယစ်ဆေးများ သုံးစွဲခြင်း။
“သေနှင့်အရက် စီးပွါးပျက်ကို တစ်စက်ကမှ မသောက်ကြနှင့် ရှောင်ကြပါလေ ရှင်တော်ဟော သည့် အဆိပ်ရေ ”  ယင်းအရည်ကို သေရည်ဟုလည်းကောင်း အဆိပ်ဟုလည်းကောင်း ဥပ မာပြု၍ ရှောင်ကြဉ် ရန်( မြတ်ဗုဒ္ဓဒေသနာမှီး၍ ရှေးပညာရှိ သူတော်ကောင်းများက )ဆုံးမ သတိပေးတော်မူခဲ့ကြပါ၏။ယင်း သေရည်သည် စီးပွါးပျက်ရုံသာမက ကိုယ်ကျင့်သီလပါ ပျက်စီးသောတရားဖြစ်ပါ၏။ ယင်းသေရည်ကို မကောင်းမှုများ၏  ရေသောက်မြစ်ဟုပင် တင်စား ပြောဆိုကြပါ၏။

 မိမိကိုယ်ကို ထေရ၀ါဒ ဗုဒ္ဓဘာသာ အဖြစ်ခံယူထားပါလျှက် “ ပျော်၍ သောက်ခြင်း ၊ စိတ်ညစ်၍ သောက်ခြင်း၊ကျန်းမာရေးအရ ဆေးဖြစ်ဝါးဖြစ်သောက်ခြင်း ”ဟုယင်းအရည်ကိုအကြောင်း အမျိုးမျိုးပြကာ မြိန်မြိန်ယှက်ယှက် သောက်သုံးနေကြပါ၏၊ ယင်းအရည်ကို အလွန်အကျွန် သောက်မိသောအခါ “ လုပ်သင့် သည်ကိုမလုပ်ခြင်းနှင့် မလုပ်သင့်သည်ကို လုပ်ခြင်းများ ” ဖြစ် ပေါ်လာတတ်၏။ ယင်းအရည် ၀င်လာသော အခါအရှက်လည်းမရှိ၊ အကြောက်အလန့် တရား လည်းမရှိတော့၊ ထို့ကြောင့်အကုသိုလ်ပြုရာ၌ “ရဲဆေးအဖြစ်” ပင်အသုံးပြုနေကြ၏။အမူးသမား များသည် ရမ်းချင်တိုင်းရမ်း၍ ကြမ်းချင်တိုင်းလည်း ကြမ်းတတ် ကြ၏ ၊ငြင်းခုံခြင်း ကြမ်းတမ်းစွာ ဆဲဆိုခြင်း ခိုက်ရန်ဖြစ်ချင်းများကိုလည်း တွေ့မြင် နေရပါ၏။ သေရည်သောက် ခြင်း၏ အပေါ့ဆုံးအပြစ်သည်ရူးသွပ်ခြင်းဆိုးကျိုးကို ရရှိနိုင်ပါ၏။ထို့ကြောင့် မိမိနှင့်ပါတ်ဝန်းကျင် ငြိမ်းချမ်းရေးကို အလိုရှိသူတိုင်းသည် “ယစ်မူးမေ့လျော့ခြင်း၏ အကြောင်း ဖြစ်သော  သေရည် သေရက် မူးယစ် ဆေးဝါးတို့ကို ရှောင်ကြဉ်ကြောင်းဖြစ်သော  ” ဤသိက္ခာပုဒ် အကျင့် မြတ် ကိုလည်း လုံခြုံအောင် ဆောက်တည်စောင့်ထိမ်း အပ်ပါ၏။

ငြိမ်းချမ်းရေး၏ အခြေခံအုတ်မြစ်ဖြစ်သောငါးပါးသီလကိုသာလူသားတိုင်း လိုက်နာ ကျင်သုံးကြ မည် ဆိုလျှင် ကမ္ဘာလောကကြီး၌ စစ်မက်ဖြစ်ပွါးခြင်းလည်း မရှိနိုင်တော့။ နယ်ချဲ့ခြင်း နယ်မြေ လုခြင်းလည်းမရှိနိုင်တော့၊လူသားမျိုးနွယ်ကိုအညွှန့်တုံးစေသောမူးယစ်ဂိုဏ်းများလည်းမရှိနိုင်တော့၊
ကာမေသုလွန်ကြောင့်ဖြစ်သောကြောက်မက်ဖွယ်ရောဂါဆိုးများလည်းမရှိနိုင်တော့၊ဂတိမတည်ခြင်း သစ္စာမရှိခြင်းများမရှိတော့၍အချင်းချင်းမယုံကြည်မှုလည်းမရှိနိုင်တော့ပေ။ထိုသို့ဆိုလျှင်ထိုနယ်မြေ ထိုဒေသသည်လူသားတိုင်းမျှော်မှန်းနေ သောငြိမ်း ချမ်းရေးကို မလွဲမသွေ ရရှိနိုင်မည် ဖြစ်ပါ၏၊ ထို့ကြောင့် ငါးပါးသီလ ကိုယ်စီလုံအောင် ထိမ်းကြ သောအားဖြင့် “ငြိမ်းချမ်း ရေး ပန်းတိုင်သို့ ” လက်တွဲကာ အတူတကွ ချီတက်ကြပါစို့။

လောက၌ သူ့အသက်ကို မသတ်သူ၊ မဟုတ်မမှန် မပြောသူ၊ မပေးသည်ကို မယူသူ၊ သူတစ်ပါး မယားကိုမလွန်ကျူး မသွားလာသူ၊ သေရည်အရက် သောက်ခြင်းကိုလည်း အဖန်တလဲလဲ အားမထုတ်သူကို ရန်ငါးမျိုးတို့ကို ပယ်ခြင်းကြောင့် “ သီလရှိသူ - ကိုယ်ကျင့်ဖြူစင်သူ ” ဟူ၍ဆိုအပ်၏၊ ပညာရှိသော ထိုသူသည်ခန္ဓာကိုယ်ပျက်စီးသည်ရှိသော် ကောင်းသောလားရာ သုဂတိဘ၀၌ ဖြစ်ရ၏။(အင်္ဂုတ္တရ)။


သီလရတနာမြတ်တန်းဆာကားသတ္တ၀ါခပင်းမင်းဆင်းရဲသားမပိုင်းခြားဘူး၊ လေးပါးမျိုးနွယ်၊ကြီးငယ်မဆို  ရွယ်ပျိုရွှယ်ရင့် ဆင်တိုင်းတင့်၏၊ (မဃဒေ၀)။

                                    ကောင်းသစ်



Tuesday, January 25, 2011

ငြိမ်းချမ်းရေးအုတ်မြစ် (၁)

သူငယ်တို့ သင်တို့သည် ဆင်းရဲကို မချစ်၊ ဆင်းရဲမှာ ကြောက်သည်ဖြစ်အံ့၊  ဆင်းရဲကြောင်းဖြစ်သော မကောင်းမှုကို မျက်မှောက် မျက်ကွယ်   နှစ်သွယ်လုံးရှောင်ကြဉ်ကြရမည်၊  ( ဥဒါန - ကုမာရကသုတ်)

ဆင်းရဲကြောက်လျှင် ဆင်းရဲကြောင်းကို မလုပ်နဲ့ - တဲ့။
ဆင်းရဲဟူသည် အပါယ်လေးပါးဆင်းရဲ၊ လူဖြစ်သော်လည်း လူ့အောက်တန်းစားဖြစ်၍
စားဝတ်နေရေး အဆင်မပြေခြင်းဆင်းရဲ ကိုယ်ဆင်းရဲ စိတ်ဆင်းးရဲ ဆင်းရဲမှန်သမျှ
ဆင်းရဲကြောင်းဖြစ်သော အကုသိုလ်ကြောင့် ဖြစ်၏။

သမ္မာဒိဋ္ဌိ - ဟူသည် အကုသိုလ်ကိုလည်း သိ၏၊ ဖြစ်ကြောင်းကိုလည်းသိ၏။ထို့ကြောင့်   ဆင်းရဲ ကြောင်းဖြစ်သော အကုသိုလ်နှင့်ဖြစ်ကြောင်းကိုလည်းသိထားဘို့ လိုအပ်ပါ၏။

ပါဏာတိပါတ-သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်း၊ယင်းလုပ်ရပ်သည် အပြစ်လည်းရှိ၍ မကောင်းကျိုး ( ဆင်း ရဲ) ကိုလည်း ဖြစ်စေသောကြောင့် အကုသိုလ်မည်၏။  သူရှိနေသ၍ အသက်၏ အန္တရာယ်ကို  အမြဲစိုးရိမ်နေရ၏၊ ကြောက်လန့်နေရ၏။ သူရှိနေသော အရပ်သည် အဖြူရောင်ငြိမ်းချမ်းရေး  နယ်မြေ မဟုတ်တော့ ။မငြိမ်းချမ်း သောနယ်မြေသည် ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံနေစေကာမူ စိတ်ပိုင်းဆိုင်ရာ အဘယ်မှာ ချမ်းသာမှု ရနိုင်ပါအံ့နည်း၊ စိတ်ဆင်းရဲ နေသော သူကိုပစ္စည်းပညာပါဝါမည်မျှ  ပြည်စုံစေကာမူ “ လူချမ်းသာ ” ဟူ၍ ခေါ်ဆိုနိုင်မည်မဟုတ် ပေ။ 
ရှင်တော်မြတ်ဘုရားက “ စိတ်ချမ်းသာမှု  ကိုယ်ချမ်းသာမှု နှစ်မျိုးတွင် စိတ်ချမ်းသာမှုက ပိုမြတ်၏ ” ဟု ဟောတော်မူထားပါ၏။

ထို့ကြောင့် လူတိုင်း သက်ရှိတိုင်း သူ့သက်တမ်းအလျှောက် အပြည့်အ၀ နေနိုင်ရေးအတွက် သူတစ်ပါးအသက် သတ်ခြင်းမှ ရှောင်ကြဉ်သောအားဖြင့် သက်ရှိတိုင်းကို “ အဘယဒါန ” ဘေးမဲ့အလှူပေးလှူသင့်ပါ၏။ယင်းပါဏာတိပါတသည်ဒေါသကြောင့်ဖြစ်၏၊ဒေါသသည်အဖျက်
တရားဖြစ်၏၊ဖျက်ဆီးရေးသမားဖြစ်၏၊သူလာ  လျှင်လက်ခံသူ၏ နှလုံးသားကိုပူလောင်စေ၏၊ ထို့ နောက်တော့ ပတ်ဝန်းကျင်ကိုပူလောင်စေ၏၊ အပူဆင့်ကဲ ဆင့်ကဲ ဖြစ်ပေါ်သောအရပ်၌ မည်သူ မျှ အေးချမ်းမှုကို ရနိုင်မည်မဟုတ်ပေ၊ လွန်ကျူးသူသည်လည်း သံသရာ၌ ငရဲကျရောက်ခြင်း၊ ငရဲမှလွတ်မြောက်လာပြန်သောအခါ  ဖြစ်ရာဘ၀သက်တမ်းပြည့် မနေရပဲ အသက်တိုတတ် ပါ၏။သူ့တစ်ပါးပယောဂဖြင့်အသက်ဆုံးရှုံနိုင်ပါ၏။ထို့ကြောင့်မိမိငြိမ်းချမ်းရေးနှင့်လောကငြိမ်းချမ်း
ရေးကို အမှန်တကယ်လိုလားသူမှန်သမျှ“သူ့တပါးအသက် ကို  သတ်ဖြတ်ညှဉ်းဆဲခြင်းမှ ” ရှောင်ကြဉ်အပ်ပါ၏။
အလုံးစုံသော သတ္တ၀ါတို့သည် ဒဏ်မှ ထိတ်လန့်ကုန်၏၊ အလုံးစုံသော သတ္တ၀ါတို့သည်(မိမိတို့၏) အသက်ကို ချစ်၏၊ မိမိကိုယ်ကို ဥပမာပြု၍ (ကိုယ်ချင်းစာတရားထား၍)သတ္တ၀ါတို့ကိုမသတ်ဖြတ် မညှဉ်းဆဲရာ။ (ဓမ္မပဒ)

အဒိန္နာဒါန - ပိုင်ရှင်သည် ကိုယ်နှုတ်ဖြင့် ကြည်ကြည်ဖြူဖြူ မပေးအပ်သော ပစ္စည်းဥစ္စာကို မတရား ရယူခြင်း၊ သိမ်းပိုက်ခြင်း၊ နယ်မြေလုခြင်း နယ်ချဲ့ခြင်း၊သူတစ်ပါးပစ္စည်းကို ဖျက်ဆီးခြင်း။ ယင်းလုပ်ရပ်သည်လည်း အပြစ် ရှိ၍  မကောင်းကျိုးပေးသောကြောင့် ရှောင်ကြဉ်ထိုက်သော အကုသိုလ်ဖြစ်ကြောင်းရှင်တော်မြတ်ဘုရားဟောကြားတော်မူခဲ့ပါ၏။ကတ္တားမမှန်ခြင်းခြင်း။အလေး
မပြည့်ခြင်း  တင်းမပြည့်ခြင်း၊ ပစ္စည်းအတုကြားညှပ်၍ပေးခြင်း၊ မိမိကိုယုံကြည်၍အပ်နှံထားသော
ပစ္စည်း ကိုမအပ်ပါဟုပြောဆိုခြင်း၊အခွန်ရှောင်ခြင်း၊အနိုင်အထက်မူ၍ရယူခြင်း၊ ရပိုင်ခွင့်ရှိသူကို မျှဝေမပေးခြင်း၊ရပိုင်ခွင့်ထက် ပိုယူခြင်း၊ပစ္စည်းရောင်းရာ၌ လူ၏ပုံစံကို ကြည့်၍  တန်ရာတန် ကြေးထက် ပိုတောင်းခြင်းစသည်ဖြင့် ဤသိက္ခာပုဒ်အရ အပြစ်ရှိသော ပြစ်မှုများ များပြားလှပါ၏၊
ယင်းအမှုကို ပြုသောသူ ရှိနေသောအရပ်သည်လည်း ပစ္စည်းဥစ္စာမည်မျှ ပြည့်စုံနေစေကာမူ ပစ္စည်းအတွက်  စိတ်မချရသောကြောင့် အမြဲတန်းပူလောင်နေရပါ၏။ ယင်းအပြုအမူသည် လောဘနှင့်ဒေါ်သကြောင့်ဖြစ်တတ်ပါ၏ ၊လောဘသည် မတရားနည်းဖြင့် ကိုယ်ပိုင်ပစ္စည်းဖြစ် အောင် အားထုတ်၍ ဒေါသသည် အနိုင်အထက်နည်းဖြင့် သူ့တပါးပိုင်ဆိုင်မှုကို ဖျက်ဆီး ပစ်တတ်ပါ၏။ဖျက်ဆီးခြင်းသည်လည်းဤသိက္ခာပုဒ်အရ(အလျှော်ပြန်မပေးလျှင်ဘဏ္ဍာစားထိုက် ၍) အပြစ်ရှိပါ၏။ မတရားယူသူရော ဖျက်ဆီးသူပါ ပါတ်ဝန်းကျင်၏မေတ္တာကို ရရှိနိုင်လိမ့်မည် မဟုတ်ပေ၊ ယူသူနှင့်ပေးလိုက်ရသူသည်လည်း “ သဟဇာတ ” ဖြစ်တော့မည် မဟုတ် ပေ။ထို့သို့ဖြစ်လျှင် ထိုနေရာ ထိုဒေသသည် ငြိမ်းချမ်းသာယာသော နယ်မြေ မဖြစ်နိုင်တော့။ ဤအမှုကိုလွန်ကျူးသူသည်သံသရာတစ်လျှောက်၌ဥစ္စာနည်းပါးခြင်း ဆင်းရဲမွဲတေခြင်း ငတ်မွတ် ခေါင်းပါးခြင်း ပစ္စည်း ဥစ္စာရှိလာပြန်သော်လည်း ရန်သူမျိုးငါးပါးကြောင့် ပျက်စီးခြင်းစသော ဆိုးကျိုးများကို ပြန်လည်ခံစားရမည်သာဖြစ်ပါ၏၊(ကံတရားကို ဥာဏ်များ၍ မရနိုင်ပါ )ထို့ကြောင့် ငြိမ်းချမ်းသောနယ်မြေကို တည်ဆောက်လိုသူတိုင်း သည် သူတပါးပစ္စည်းဥစ္စာကို မတရား ယူခြင်းဖျက်ဆီးခြင်းမှရှောင်ကြဉ်ခြင်းဟူသောဤသိက္ခာပုဒ်ကိုလည်းအထူးဆောက်တည်အပ်ပါ၏။
ပညာရှိမည်သည် မိမိအကြောင်းကြောင့်ဖြစ်စေ၊ သူတစ်ပါးအကြောင်းကြောင့်ဖြစ်စေ ( မကောင်း မှုကို မပြု )၊မကောင်း မှုဖြင့် သားသမီး ဥစ္စာတိုင်းပြည်ကိုအလိုမရှိရာ။မတရားမှုဖြင့်မိမိ၏ပြည့်စုံမှု ကိုအလိုမရှိရာ၊ထိုသို့သဘောရှိသောပုဂ္ဂိုလ်မျိုးသည်သီလရှိသူပညာရှိသူတရားရှိသူဖြစ်၏(ဓမ္မပဒ)

ကာမေသု မိစ္ဆာစာရ - သူတစ်ပါးအိမ်ရာ မှားယွင်းစွာလွန်ကျူးခြင်း၊ကာမအရာစည်းမစောင့်ခြင်း။
သဘာဝအရ အိမ်ထောင်ပြုခြင်းသည်လောကပြစ်သံသရာပြစ်မရှိပေ။စိတ်တူကိုယ်တူကြည်ဖြူစွာ
နေထိုင်ကြရင်းသံသရာမှထွက်မြောက်ကြောင်းကုသိုလ်ကောင်းမှုများပြုကာပါရမီဖြည့်ဖက်များပင်
ဖြစ်သွားကြ၏။သို့သော် ပိုင်ဆိုင်မှု (အုပ်ထိမ်းမှု)စည်းကိုကျော်လွန်ကာလွန်ကျူးလျှင်လောကပြစ်
သံသရာပြစ် နှစ်ပြစ်ပင်ကျူးလွန်ရာရောက်ပါ၏။လူအများ၏အထင်သေးခြင်းစက်ဆုပ်ခြင်းမုန်းတီး ခြင်းရန်များခြင်းတို့ကိုလည်း ကြုံတွေ့ရမည်ဖြစ်ပါ၏။

စည်းစိမ်ဥစ္စာတို့သည် ပညာမဲ့သူကို ( အသိဥာဏ်နှင့်ယုံကြည်ချက်မဲ့သူကို ) ဘ၀ပျက်စီးသွား အောင်ဖျက်ဆီး တတ်ပါ၏၊ လူအများစု အသိများသော “ ဒုသနသော ”  သူဌေးသားလေး ရောက်သည် ငွေဖြင့် ဖြားယောင်း မြူဆွယ်ကြ၍ (ပိုင်ရှင် ရှိ. မရှိ - အုပ်ထိမ်းသူ ရှိ .မရှိ) အမျိုးသမီးများကို  လက်ရဲဇက်ရဲ ကျူးလွန် ကြသော ကြောင့်လောဟကုမ္ဘီငရဲ၌ ဆင်းရဲကို နှစ် ပေါင်းများစွာ ကျခံနေရပါ၏၊ “သုခစံစားချိန်နှင့်ဒုက္ခခံရချိန်” နှိုင်းယှဉ် ကြည့်ပါလျှင် မထိုက် တန်သော သုခ ဖြစ်ပါ၏၊ ဓါးသွားထက်မှ ပျားရည်စက်ကဲ့သို့ သာယာဖွယ် နည်းပါးလွန်း လှပါ၏။
ထိုသူရှိနေသော အရပ်ဒေသသည် “ မိသားစုဘ၀ ” လုံခြုံမှု မရှိနိုင်သောကြောင့် ငြိမ်းချမ်းမှုကို ရရှိနိင်မည်မဟုတ်ပေ။အမြဲတန်းလိုလို စိုးရိမ်စိတ်မှု သောကတရားတို့၏ ဖိစိခြင်းကို ခံနေ ရပေမည်၊ ယင်းကာမေသုမိစ္ဆာသည် “ လောဘ ” တရားဆိုးကြောင့် ဖြစ်ပါ၏။ထို့ကြောင့် မိမိနှင့်ပါတ်ဝန်းကျင် သောကကင်း၍ ငြိမ်းချမ်းစွာနေနိုင်ရေးအတွက် လောကစည်းကို ကျော်လွန် ၍ သူတစ်ပါးအိမ်ရာ ဖျက်ဆီးခြင်း ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော ဤသိက္ခာ ပုဒ်ကိုလည်း လုံခြုံစွာ အထူးပင် စောင့်ထိမ်းအပ်ပါ၏

(တရားလမ်းမှန်ကို) သတိမထားပဲ သူတစ်ပါးဇနီးမယားကို လွန်ကျူးသူသည်  အကုသိုလ်ရခြင်း၊
အလိုရှိတိုင်း  ချမ်းသာစွာ မအိပ်ရခြင်း၊ သူတစ်ပါးတို့ အကဲ့ရဲ့ခံရခြင်း၊ (လောဟကုမ္ဘီ ငရဲခံရခြင်း ဤလေး ပါးသောဆင်းရဲခြင်းတို့သို့ ရောက်ရ၏။

မကောင်းမှုကိုလည်းရ၏၊ ယုတ်သော(မကောင်းသော) လားရာဂတိလည်းရှိ၏၊ ကြောက်ရွံ့ထိတ်
လန့်သော အမျိုးသား၏   ကြောက်ရွံ့ထိတ်လန့်သောအမျိုးသမီးနှင့် ပျော်ပါးရခြင်းသည် အနည်း ငယ်မျှသာဖြစ်၏ ၊မင်းသည်လည်းကြီးလေးသောအပြစ်ဒဏ်ကိုပေး၏၊(ဥပဒေကြောင်းအရအရေး ယူခံရ၏)၊ထို့ကြောင့်အမျိုးသားသည် ပိုင်ရှင်ရှိသော(အုပ်ထိမ်းသူရှိသော) အမျိုးသမီးကို မလွန် ကျူးရာ။ (ဓမ္မပဒ )
(အမျိုးသားများသာ မဟုတ်၊ အမျိုးသမီးများသည်လည်း လောကစည်းကိုလွန်၍ လွန်ကျူးလျှင် ခွင့်ပြုလျှင် ဤသိက္ခာပုဒ်အရ အပြစ်ရှိသည်သာဖြစ်ပါ၏) (ဆက်ရန် - ကောင်းသစ် )

“ နာမည် ”

မောင်ယုတ်မာသည် သူ့ကိုသူ  မကျေမနပ်ဖြစ်နေ၏၊သူ့ကိုသူ ဆိုခြင်းထက် သူ့နာမည်ကို
ဆိုခြင်းက ပိုမှန်မည်ဖြစ်၏၊  
သူ့ကို မိဘတွေက နာမည်ပေးထား၏၊ မောင်ယုတ်မာ - တဲ့။ လူကြားသူကြားဆို သူငယ်ချင်း
တွေက သူ့ကို ပိုခေါ်ကြသည်( သူ့ အထင်မျှသာ ဖြစ်၏၊ သူငယ်ချင်းများက ရိုးရိုးသားသား ခေါ်ကြခြင်းသာ ဖြစ်၏၊သို့သော် သူက နာမည်မကောင်း၍ ပြောင်လှောင်သည်ဟု ထင်နေ၏)။၊ ဟေ့ မောင်ယုတ်မာလာလေ၊  ဟေ့ မောင်ယုတ်မာဘယ်ကို သွားရအောင် စသည် စသည်ဖြင့်  မောင်ယုတ်မာ မောင်ယုတ်မာနှင့် အခေါ် ခံနေရသည်ကိုသူ  အခေါ်ခံရတိုင်း ကြားရတိုင် စိတ်တိုနေ၏၊ နာမည်ကိုက ကျက်သရေကို မရှိဘူး၊ မင်္ဂလာ လည်း မရှိ ၊ သာယာ နာပျော်ဖွယ် လည်း မရှိဘူး၊ ငါ့နာမည် ပြောင်းမှ ဖြစ်မယ်၊ နာမည် လှလှ လေးကျက် သရေရှိတဲ့နာမည်လေး ပြောင်းရမယ်…။

ဂန္ဓာရတိုင်း၌ အဋ္ဌာရသ ပညာရပ်တို့ကို သင်ကြားပေးသော ပညာသင်ကျောင်းတော်တို့တွင်
တက္ကသိုလ်ကျောင်းတော်ကြီးသည် နာမည်ကြီးလှ၏၊အာဏာရှင် မင်းညီမင်းသားများနှင့်ပညာရှင် ပုဏ္ဏား များသည် တက္ကသိုလ်ကျောင်းတော်ထွက်များ ဖြစ်ကြ၏၊တစ်ချို့ကျောင်းတော်က  ရန်ဘက်ဖြစ်ခဲ့ကြသလို တစ်ချို့ ကျောင်းတော်က ကျောင်းနေဖက်သူငယ်ချင်းကောင်းများဖြစ် သွားကြသူတွေလည်း ရှိ၏။ဆရာ ကြီးသည် မျက်နှာကြီးငယ်မလိုက် “ စေတနာ ၀ါသနာ အနစ် နာ ” ဟူသော နာသုံးနာကို ရင်ဝယ်ပိုက်၍ ပညာသိုက်ကို ဖြန့်ဝေနေသူ ဖြစ်၏၊ ထို့ကြောင့် ဆရာကြီး၏ နာမည်ရင်း ပျောက်ကာ အရပ်ရှစ်မျက်နှာ ထင်းရှာသောကြောင့် ဒိသာပါမောက္ခ ဟု နာမည်တွင်နေလေ၏။

မောင်ယုတ်မာသည် ဒိသာပါမောက္ခ ဆရာကြီးထံ၌ ပညာသင်ကြားနေဆဲဖြစ်သော တက္ကသိုလ်
ကျောင်းသားတစ်ယောက်ဖြစ်၏။သူသည် လက်ရှိနာမည်ကို မကြိုက်၍ ဆရာကြီးထံသွားကာ
နာမည်သစ်မှည့်ပေးရန် ပြောလေတော့၏။
သူသည်နာမည်မှည့်မှုနှင့်ပါတ်သက်၍ ကြားဘူးထားတာလေးရှိ၏၊ ဆန်းဂိုဏ်းအနေအားဖြင့် မဂိုဏ်နှင့် အညီ မှည့်ခေါ်ပါက သရဿတီနတ်သမီး၏စောင့်ရှောက်ခြင်းကို ခံရ၍ တေးသီချင်း ကဗျာစာပေ တို့ကိုကျွမ်း ကျင် စွာ ဖွဲ့နွဲ့စီကုံးနိုင်၏၊နဂိုဏ်းနှင့်အညီမှည့်ပါက သုန္ဒရီနတ်သမီး၏ စောင့်ရှောက်မှုကို ခံယူရ၍အပျိုလူပျို ပေါများခြင်း (စန်းပွင့်ခြင်း)အကျိုးများကိုရရှိနိုင်၏၊ဘဂိုဏ်းနှင့်အညီမှည့်ခေါ်ပါက သိရီနတ်သမီး၏ ကူညီ စောင် မမှု ကိုခံယူရ၍ဘုန်းတန်ခိုးတေဇော်ကြီးမားနိုင်၏။၊ယဂိုဏ်းနှင့်အညီမှည့်ခေါ်ပါက မေခလာနတ် သမီး ၏ကူညီမှု စောင့်ရှောက်မှုကို ခံယူရ၍စည်းစိမ်ဥစ္စာကြွယ်ဝချမ်းသာနိုင်၏။ ထို့ကြောင့်နတ် သမီးများ၏ အကူ အညီ ရရှိနိုင်ရန်ဆန်းဂိုဏ်းနှင့်အညီ  နာမည်သစ် မှည့်ပေးဖို့ ဆရာကြီးကိုပြောနေခြင်းဖြစ်၏။ဤသည်မှာဝေဒကျမ်းလာ အယူအဆများသာဖြစ်ပါ၏။

ဆရာကြီးသည် စဉ်းစားနေ၏၊ နာမည်သည် ခေါ်၍ လွယ်ကူရုံသာ မှည့်ထားခြင်းဖြစ်၏
နာမည်နှင့်ပါတ်သက်၍ ကောင်းကျိုးဆိုးကျိုးရနိုင်သည် မဟုတ်။ ရသည်ဟုလည်း ဆရာကြီး သည် မယုံကြည်။သို့သော် သူစိတ်ကျေနပ်စေရန် ဆရာကြီးက ပညာသားပါပါ ရွေးချယ်ခွင့် ပြုလိုက်၏၊ မြို့ရွှာ အနှံလည် ပါတ်၍ နာမည်လှလှရှာရန် စေလွှတ်လိုက်၏၊ထို့ကြောင့် မောင်ယုတ်မာသည်  လမ်းစာရိက္ခာကို ယူဆောင်၍ “ နာမည်လှလှ ” ရှာပုံတော်ခရီး စတင်၍ နှင်လေတော့၏။

မကြာခင် မြို့တစ်မြို့သို့ သူရောက်သွား၏။ လူတစ်ယောက်သေဆုံးသွား၍ ဆွေမျိုးမိတ်ဆွေသူ ငယ်ချင်းများက လိုက်ပို့သည်နှင့်ကြုံနေ၏၊ သူသည် သေဆုံးသွားသူ၏ နာမည်ကိုမေးကြည့်၏၊
“ ဇီဝက - မောင်သက်ရှင် ” တဲ့။ မောင်သက်ရှင်လို့ နာမည်ပေးထားတာတောင် အသက်မရှင်ပဲ
သေရတာပဲလားလို့ သူက စောဒကတက် မေးကြည့်၏၊မောင်သက်ရှင်လို့မှည့်မှည့် မောင်သက်
တိုလို့မှည့်မှည့် လူဆိုတာ သေရမှာပဲ၊နာမည်ဆိုတာ ခေါ်ရလွယ်ကူရုံသာ မှည့်ထားခြင်းဖြစ်၏။
ဤသို့ ပြန်လည် ဖြေကြားသံ ကြားရသောအခါ နဲနဲတော့ သူ နာမည်ပြောင်းဖို့ အာရုံနည်းလာ၏

သို့သော် သူ ဆက်၍ ခရီးနှင်ကာ နာမည်ရှာပုံတော့ ဖွင့်နေ၏၊အိမ်တစ်အိမ် တံခါးပေါက်နား၌ အမျိုးသမီး တစ်ဦး  ကို ကြိုးဖြင့် တဖျန်းဖျန်း ရိုက်နေသည်ကို သူ တွေ့လိုက်ရ၏၊ အရိုက်ခံရသူ၏ နာမည်ကို မေးကြည့်၏၊ “ ဓနပါလီ ဥစ္စာရှင် ” တဲ့။ ဥစ္စာရှင်ကလည်း သူ့ကျွန်ဖြစ်နေရသေးသလားလို့ သူ မေးလိုက်၏
နာမည်သည် အဓိကမဟုတ်၊ ခေါ်ဆိုဖို့ သက်သက်သာ မှည့်ထားကြောင်း နာမည်ကြောင့် ဆင်းရဲချမ်းသာ ကွဲပြားသွားသည်မဟုတ်ကြောင်း ဖြေဆိုသည်ကို သူ ကြားလိုက်ရပြန်၏၊

မကျေနပ်သေး၍ ခရီးဆက်သွားပြန်၏၊လမ်း၌ မျက်စိလယ် လမ်းမှား၍ ရှေ့ဆက်မသွားတတ်မလာတတ်ဖြစ် နေသည့် ခရီးသွားတစ်ယောက်ကို သူတွေ့လိုက်ရ၏။မိတ်ဆွေ ချီတုံချတုံနှင့်ဘယ်လို ဖြစ်နေတာလဲဟု  မေးကြည့်၏၊ခရီးသွားက သူမျက်စိလည်၍ ဘယ်ကိုသွားရမှန်းမသိ၍ ချီတုံချတုံ ဖြစ်နေကြောင်း ပြန်ဖြေလိုက်သံ သူကြားရပြန်၏၊ ခရီးသွား၏ နာမည်ကို သူမေးကြည့်ပြန်၏၊ “ ပန္ထက - လမ်းဗိုလ် ” တဲ့။
လမ်းဗိုလ်လို့ နာမည်မှည့်ထားပြီး လမ်းခရီး မျက်စိလည်နေရသေးသလားဗျာလို့ သူက အပြစ်တင်သံနှင့် ပြောလိုက်၏။ခရီးသွားသည် မျက်စိလည်၍ စိတ်တိုနေရသည့်အထဲ လမ်းဗိုလ်နာမည်မှည့်ထားပါလျှက် လမ်းခရီး မျက်စိလည်ရသလားဟု အပြစ်တင်သောအခါ ဒေါသထွက်သွား၏၊ဟေ့လူ မင်းရူးနေသလား မျက်စိလည်တာနှင့်နာမည်နှင့်ဘာဆိုင်လို့လဲ၊ နာမည်ဆိုတာ ခေါ်လို့ရရုံသက်သက် မှည့်ထားတာကွဟု  ပြန်ဖြေသံ သူကြားရပြန်၏။

နာမည်ကောင်း ရှာပုံတော်ခရီး ထွက်လာသော မောင်ယုတ်မာ စဉ်းစားရတော့၏။အင်း မောင်သက်ရှည်လို့  ပေးလဲ သေတာပဲ၊ ဥစ္စာရှင်လို့ နာမည်ပေးလည်း ဆင်းရဲတာပဲ။မောင်လမ်းဗိုလ်လို့ ပေးထားလည်း  လမ်းခရီး မျက်စိလည်တာပဲ။နာမည်သည် အဓိကမဟုတ်၊မိမိ၏လုပ်ရပ်သည်သာ အဓိကကျကြောင်း သူ ကောင်း ကောင်း ကြီး သဘောပေါက်သွားတော့၏။ထို့ကြောင့် ရှေးဆက် ခရီးမထွက်တော့ပဲ တက္ကသိုလ်  ဒိသာပါမောက္ခဆရာကြီးထံသို့ပြန်လည် ချေဦး လှည့်လာတော့၏။

ဆရာကြီးက ဘယ်နှယ်လဲ၊ မောင်ယုတ်မာ နာမည်လှလှလေး ရှာတွေ့ခဲ့ပြီးလားဟု မေးလိုက်၏၊  မပြောချင်ပါဘူး ဆရာကြီးရယ်၊ ငယ်ငယ်ရွယ်ရွယ်နှင့်သေဆုံးတဲ့ မောင်သက်ရှင်ကိုလည်း တွေ့ခဲ့ရတယ်၊ ဥစ္စာရှင်လို့ နာမည်ပေးပြီး သူ့ကျွန်အဖြစ် နွံနစ်နေတဲ့ အမျိုးသမီးငယ်လေးကိုလည်း တွေ့ခဲ့ရတယ်၊မောင်လမ်းဗိုလ်လို့ နာမည်ကြီးပေးထားပြီး လမ်းမှားနေတဲ့ ခရီးသွားကိုလည်း တွေ့ခဲ့ရပါတယ်။

အောင်မြင် ပြီးမြောက်ခြင်းဟာ နာမည်နှင့်လုံးဝ မဆိုင်၊မိမိ၏လုပ်ရပ်နှင့်သာ သက်ဆိုင်သည်ကို တပည့် ကောင်း ကောင်း သဘောပေါက်သွားပါပြီး။ထို့ကြောင့် နာမည်လှလှ မပြောင်းတော့ပါဘူး။ မိဘများ  ချစ်စနိုး ပေးထားသော မောင်ယုတ်မာဆိုတဲ့နာမည်နှင့်ပဲ မြင့်မြတ်သူဖြစ်အောင် နေထိုင်သွားပါတော့မယ်၊
တကယ်တော့ နာမည်လှဖို့ထက် စိတ်ထားလှဖို့က ပိုအရေးကြီးကြောင်းကို တပည့်ကောင်းကောင်းကြီး လက်ခံသွားပါပြီး။ အောင်မြင်မှုဆိုသည်မှာလား နာမည်နှင့်မဆိုင် မိမိ၏ ကံဥာဏ် ၀ီရိယနှင့်သာ သက်ဆိုင် ကြောင်း လက်တွေ့အားဖြင့် သဘောပေါက်သွားပါပြီး။သူသည် မောင်ယုတ်မာဟူသော နာမည်ဖြင့်ပင် မြင့်မြတ်သူဖြစ်အောင် စိတ်ထားလှလှလေးမွေးကာ တစ်သက်လုံး နေထိုင်သွားတော့၏။

လူသားတိုင်းသည်“နာမည်လှလှရွေးဖို့ထက် စိတ်ထားလှလှမွေးဖို့က ပို၍ သာ၍အရေးကြီးကြောင်း ” ကို  သဘောပေါက်ကာ စိတ်ထားလှလှမွေး၍ လှပသောဘ၀နှင့် ငြိမ်းချမ်းသာယာသော ပါတ်ဝန်းကျင်လောကကို တည်ဆောက်နိုင်ကြပါစေ.....(ကောင်းသစ် )


Friday, January 21, 2011

“သုဒတ္ထ၏ ဘဝပုံရိပ် ( ၃ )

                                 

လူမှုဆက်ဆံရေးနယ်ပယ်၌   “ ပေးကမ်းချီးမြှင့်  ကိုယ်နှင့်ယှဉ်ထား စီးပွါးဆောင်ရွက်
နှုတ်မြွက်ချိုသာ  သစ္စာမှန်စေ ၀တ်ငါးထွေ  ကျင့်လေမိတ်သဟာ ”  ဟူသော မူဝါဒကို သုဒတ္တသည်   ခိုင်ခိုင်မြဲမြဲ လက်ခံကျင့်သုံးသူလည်း ဖြစ်၏၊  ထို့ကြောင့် သူသည် မိတ် ဆွေများ၏ ၊သူငယ်ချင်းပေါ၏၊ သူ့ပြောလျှင် ဘယ်သူ့မှနှစ်ခွန်း မပြောရ၊ အဲဒီ လောက် ထိ  မိတ်ဆွေကောင်း  သူငယ်ချင်းကောင်းရှိ၍  သြဇာညောင်းသူလည်း ဖြစ်ပါ၏။
သူကိုယ်တိုင်လည်း မိတ်ဆွေကောင်းတို့၏ ကျင့်ဝတ်နှင့်ပြည့်စုံအောင် နေထိုင်သူဖြစ်၏၊
သူတစ်ပါး ပေးနိုင်ခဲသော အရာကို မိတ်ဆွေအတွက် အမှန်တကယ်လိုအပ်မည်ဆိုလျှင်
ပေးဖို့ရန် စိတ်မတွန့် လက်မရွံ့သူဖြစ်၏။သူ့အပေါ် ပြောမှားပြုမှားဆိုမှားရှိခဲ့လျှင်လည်း
သည့်ခံတတ်သူဖြစ်၏။သူတစ်ပါးတို့ ပြုနိုင်ခဲသောအမှုကိုလည်း သူသည် ပြုလုပ်ဆောင် ရွက်ပေးသူဖြစ်၏။ ထို့ပြင်မိတ်ဆွေသူငယ်ချင်းများ မကျန်းမာခြင်း မီးဘေးသင့်ခြင်း ရေ  ဘေးသင့်ခြင်း လေဘေးသင့်ခြင်း စီးပွါးပျက်ခြင်းစသည့်ဘေးများ ကြုံတွေ့သောအခါ ၌လည်း သွားရောက်မေးမြန်း၍ လိုအပ်သည်များကို စိတ်ပါလက်ပါကူညီဆောင်ရွက် ဖြည့်ဆည်း ပေးသည်သာဖြစ်၏။ မိတ်ဆွေ သူငယ်များအတွက် လောကအတွက် သူ၏ လက်သည် အချိန်ပြည့်“ စိုနေ ” သည်သာ ဖြစ်ပါ၏။သူသည် “ စိုပြီးသောလက်” ကို မည့်သည့်အခါမျှ မည့်သည့်အကြောင်းကြောင့်မျှ ခြောက်သွေ့ခံလိမ့်မဟုတ်သော “ ပေးဆပ်မှု၌  ပျော်မွေ့နေသူ ” ဖြစ်၏၊၊ထို့ကြောင့်လည်း သူ့ကို “ ဒါနာဘိရတာ ” ဟူ၍ ပိဋကတ် မှတ်တမ်း၌ မှတ်တမ်းတင်ထားခြင်းဖြစ်၏၊ သူလို လက်စိုသူများ ပေါများလေလောကကြီးလည်း  စိုပြေလေသာ ဖြစ်ပါ၏၊စိုပြေနေသော အရပ်ဒေသကို လောကီ လူသားများအတွက်တော့ “ လောကနိဗ္ဗာန် ” ဟုပင် တင်စားခေါ်ဆိုနိုင်ပါ၏၊

သူသည် ရာဇဂြိုဟ်၌ မိမိ၏ စီးပွါးရေးလုပ်ငန်းကိစ္စ ပြီးသောအခါ သာဝတ္တိသို့ပြန်ရန်စီစဉ် တော့၏။ သူ၏ပြည်တော်ပြန်ခရီးသည်လန်းဆန်းတက်ကြွနေ၏။သာဝတ္ထိသို့  ဘုရားရှင် ကြွတော်မူရန်သူပင့်လျှောက် ခဲ့ပြီးဖြစ်၏။သာဝတ္တိသို့ပြန်ရောက်လျှင်တိတ်ဆိတ်သောနေ ရာကို ရှာဖွေမည်၊ ပြီးလျှင် ဘုရားရှင်နှင့်သံဃာတော်များ ချမ်းသာစွာသီတင်းသုံးနေ ထိုင်နိုင်ရန် ကျောင်းဆောင်များဆောက်လုပ်လှူဒါန်းမည်၊သာဝတ္ထိပြည်သူပြည်သားတို့ သည် သူ “ သိမြင် ” သော သစ္စာတရားကို သိမြင်ခွင့်ရကြပေတော့မည်၊တရားအရသာ “ ၀ိမုတ္တိသုခ - ဓမ္မရသ ” ကို ခံစားခွင့်  ရကြပေတော့မည်။သာဝတ္တိပြည်သူ ပြည်သား များအတွက် “ နတ်ရွာ နိဗ္ဗာန်တံခါးကြီးကို ” မကြာမှီ ဖွင့်လှစ်နိုင်တော့မည်ဖြစ်၏။

သာဝတ္ထိနှင့်ရာဇဂြိုဟ်သည် (၄၅)ယူဇနာဝေး၏၊သုဒတ္တသည် တစ်ရွာတစ်ကျည်ဆောက် စနစ်ကို ကျင့်သုံးသူဖြစ်၏၊ ထို့ကြောင့် လမ်းခရီး၌ သူမသိသော မြို့ရွာမရှိ၊သူ့ကို  မသိသောသူသည်လည်း မရှိသလောက်ပင် ရှား၏။ ဤသည်မှာ သူ၏ကြွယ်ဝချမ်းသာ မှုနှင့် လောကအတွက် အကျိုးဆောင်မှု လူထုအကျိုးပြုလုပ်ငန်းတို့ကို လုပ်ကိုင် ဆောင်ရွက်မှုတို့ကြောင့်ဖြစ်၏။သူက“ လောကကို အလေးထားလေ လောက ကလည်း သူ့ကိုပြန်၍လေးစားလေ ဖြစ်၏၊( သူ့မှသာ မဟုတ်ပေ၊ မည်သူမဆို လောကကို အလေး ထားလျှင်လောကကလည်း အညမညသဘောတရားအရ ပြန်လည် လေးစားမည်သာ ဖြစ်ပါ၏)

သူသည် လမ်းခရီးတစ်လျှောက်၌ သူ့မိတ်ဆွေ သူငယ်ချင်းများကို လောက၌ ကြုံဖို့ တွေ့ဖို့ရန် ခဲယဉ်းလှသော သဗ္ဗညူ ဘုရားရှင်သည်  ပွင့်ထွန်း ပေါ်ပေါက်တော်မူလာပြီ၊ ဘုရားရှင်ကို သာဝတ္ထိသို့ ကြွတော်မူရန်လည်း မိမိ ပင့်လျှောက်ခဲ့ပြီးဖြစ်၏၊ ထို့ကြောင့် ဤလမ်းဖြင့် ဘုရားရှင်ကြွလာတော်မူလိမ့်မည်၊လမ်းခရီး၌ ဘုရားရှင်နှင့် ရဟန်းသံဃာ တော်များ ချမ်းချမ်းသာသာ သီတင်းသုံး နေနိုင်ရန်အတွက် အရာမ်များ ကျောင်းများ ဆောက်လုပ်ကြဖို့ တိုက်တွန်း၏၊ဆွမ်းကိစ္စအတွက် မပူပင်ရစေရန်လည်း  တတ်နိုင်သမျှ  လှူဒါန်းကြဖို့ နှိုးဆော်၏။ တတ်နိုင်သူများက ကိုယ်တိုင် ကိုယ်ပိုင်ဖြင့် အရာမ်များ ကျောင်းများ ဆောက်လုပ်ကြ၏၊ မတတ်နိုင်သူများကို သူက ထုတ်ပေး၍အရာမ်များ ကျောင်းများ  ဆောက်လုပ်စေ၏၊ဤသို့ဖြင့် ရာဇဂြိုဟ်နှင့်သာဝတ္ထိအကြား တစ်ယူဇနာ တစ် ကျောင်းနှုံးဖြင့် ကျောင်းပေါင်း( ၄၅ ) ကျောင်းကို  ဆောက်လုပ်စေ၏၊ သူသည် လမ်းခရီး၌ လိုအပ်သည်များ အသုံးပြုရန် အသပြာတစ်သိန်းနှင့် တစ်သိန်းတန် ဘဏ္ဍာ ပစ္စည်းများကိုလည်း ထုတ်ပေးခဲ့၏။သူ၏ အစီအစဉ်သည် စေ့စပ်လှ၏၊

ဘုရားရှင်အား သံဃာတော်များနှင့်အတူ သာဝတ္ထိသို့ကြွတော်မူ၍ ၀ါဆိုရန် မိမိလျှောက် ထားသောအခါ  
“ ဘုရားရှင်တို့မည်သည် တိတ်ဆိတ်ငြိမ်သက်သော နေရာ၌ ပျော်မွေ့ တော်မူကြ၏ ” ဟု ဘုရားရှင်မိန်တော့မူလိုက်သောစကား သူ့ နားထဲက မထွက်ပေ၊ ထို့ကြောင့် သာဝတ္ထိသို့ ပြန်ရောက်သောအခါ၌ လူသံတိတ်ဆိတ်သော အရပ်ကို  သူလိုက်ကြည့်၏၊ သူသည် အပေါင်းအသင်း ၀င်ဆန့်သူပီပီ သာဝတ္ထိမြို့တွင်းသာမက  မြို့နားဝန်းကျင် အထိ နှံစပ်သိမြင်ထားသူဖြစ်၏။

ထို့ကြောင့် နေရာလိုက်ကြည့်သောအခါ “ မြို့တော်နှင့်  ဝေးလွန်းသည်လည်းမဟုတ်၊ နီးလွန်းသည်လည်းမဟုတ်၊ ကျောင်းတော်သို့လာရောက်၍ “ ဘုရားဖူး တရားနာ ဒါနပြု တရားရှုလို ”  သူများအတွက် အသွားအလာလွယ်ကူသော အရပ်ဖြစ်ခြင်း၊ညချမ်းအခါ အသံတိတ်ဆိတ်မှု ရှိခြင်း၊နေ့အခါလူသူလေးပါးမရှုပ်ထွေးခြင်း၊မြိုရွာ တွန်သံဖြစ်သော (အုတ်အုတ်ကျက်ကျက် ဆိုင်းသံဗုံသံ) ဆူဆူညံညံ အသံမရှိခြင်း၊လူတို့၏အနံ့အသက် မရှိခြင်း စသောအင်္ဂါတို့နှင့်ပြည့်စုံသည့် ” ဇေတမင်းသား၏ဥယျာဉ်ခြံကို သူ တွေ့ရ၏၊ ဇေတမင်းသား၏ ဥယျာဉ်တော်သည်  ဘုရားရှင် သဘောကျနိုင်သော နေရာမျိုးဖြစ်၏ ထို့ကြောင့် ဇေတမင်းသားထံ  ဥယျာဉ်မြေ၀ယ်ရန်အတွက် သူ့မိတ် ဆွေများနှင့် အတူ သွားလေတော့၏၊ဇေတမင်းသားနှင့်တွေ့သောအခါ “ အရှင့်သား သင်၏ဥယျာဉ်ခြံကို အရံပြုလုပ်ရန် ( ကျောင်းဆောက်လုပ်ရန် ) ကျွန်ုပ်အား ပေးပါ ရောင်းပါ ” ဟု ၀ယ်ယူ လေတော့၏၊

 “ တစ်သက်လုံးပျော်ချင် ဥယျာဉ်စိုက် ” ဆိုသည့်အတိုင်း သူ့တစ်သက် သူ့အတွက် ဤဥယျာဉ်ခြံလေးသည် စိတ်အပမ်းဖြေစရာ ဖြစ်၏၊နွမ်းနေသောစိတ်များပင် ဤဥယျာဉ်
သို့ရောက်လျှင် လန်းလာတော့၏၊ အပမ်းဖြေစရာ သစ်ရိပ်ဝါးရိပ်များ အဆာပြေစားစရာ
သီးပင်မျိုးစုံများ လေကောင်းလေသန့်နှင့်အတူ မွှေးပျံ့သင်းကြိုင်သော ပန်များကလည်း စုံလင်လှပေ၏၊ထို့အပြင် ကြာဖြူ ကြာနီ ကြာညို ကြာတံဆိပ် ကြာခေါင်းလောင်း (ကြာပဒုမ္မာ) ကြာမျိုးပေါင်းစုံတို့ဖြင့် လှချင်တိုင်းလှ နေသော ရေကန်သည်လည်း ကြည် လင်အေးမြ ကြက်သရေရှိလှပေ၏။ထို့ကြောင့်ဇေတမင်းသားသည်သူ့ဥယျာဉ်ကို ချစ်၏၊ သူ့ဥယျာဉ်ကို မြတ်နိုး၏၊သူ့ယျာဉ်ကို တန်ဘိုးထား၏။အမြဲတန်းလည်း ပြုပြင်နေ၏။

ယခု လူအများက တလေးတစား အနာထပိဏ်ဟု ခေါ်နေကြသော သာဝတ္ထိမြို့၏ မျက်
နှာဖုံး လူချမ်းသာ သုဒတ္တသူဌေးသည် သူ့ဥယျာဉ်ခြံမြေကို အရံပြုရန်(ကျောင်းဆောက် ရန်)အတွက်ဟုလာရောက်ဝယ်ယူနေလေပြီ၊မရောင်းပါဟုဆိုရန်လည်းမသင့်၊ထို့ကြောင့်  သူ့စိတ်ထဲ မဖြစ်နိုင်ဟုထင်သော စကားတစ်ခွန်းကို သူ သုဒတ္တကို ပြောလိုက်၏။
ဇေတမင်းသား သုဒတ္တသူဌေးကို ပြောလိုက်သောစကားမှာ “ သူဌေးမင်း အသပြာစွန်း ချင်းထိအောင် ခင်းခြင်းဖြင့်သာလျှင် ဤဥယျာဉ်ခြံကို ပေးထိုက်၏ ” ဟု ဖြစ်၏၊
(ယင်းစကားရပ်သည် သာဝတ္ထိ၏ ဥပဒေအရ မြေသားအထက် ငွေပြားယှက်၍ ၀ယ်နိုင် လျှင် ရောင်းမည်ဟူသော သဘောသက်ရောက်၏ )

စကားအရာ ဥပဒေအရာ လိမ္မာပါးနပ်သော သုဒတ္တသည် အရှင့်သား ဤဥယျာဉ် ခြံကိုယူပြီးပြီးဟုပြော၏၊ဇေတမင်းသားက ရောင်းမည်ဟု မပြော၍ မယူရသေးဟု ငြင်း၏၊ ဤသို့ ယူပြီးပြီး မယူရသေး ငြင်းခုံကြရင်းဖြင့်  သူတို့သည် ဥပဒေကြောင်းအရ အဆုံးအဖြတ်ခံယူရန် တရားသဖြင့်ဆုံးဖြတ်ပေးသော တရားသူကြီးထံသွားရောက်ကြ၍  အမှုကို အပ်ကြ၏၊တရားသူကြီးသည် အမှုသွားအမှုလာကို သေသေ ချာချာ  စိစစ်၏၊ သေချာတိကျအောင်မေးမြန်း၏၊ထို့နောက်တော့ ဇေတမင်းသားအား “ အရှင့်သား သင်သည် အဖိုးဖြတ်ပြီးဖြစ်သောကြောင့် သုဒတ္တသည် အရံ (ဥယျာဉ်ခြံ) ကိုယူအပ်၏ ”  ဆုံးဖြတ်ပေးလိုက်၏။

ထိုအခါ သုဒတ္တသည် လှည်းတို့ဖြင့် ငွေအသပြာကို ထုတ်စေယူ ဇေတမင်းသား၏ခြံမြေ ကို အသပြာ အစွန်းချင်းထိအောင် ခင်းခြင်းဖြင့် ခင်းစေ၏၊(ရေကန်- သစ်ပင်ကြီးများ နေရာ၌ ပေကြိုးဖြင့်တိုင်းတာစေ၍ အစားထိုးခင်း၏)  ထုတ်ယူလာသော ငွေတဆယ့် ရှစ်ကုဋေ (သန်း၁၈၀) သည် တံခါးမုခ်ဝန်းကျင်နေရာ အနည်းငယ်လိုနေ သည့်အတွက်  သူ့ လူများကိုငွေပြန်၍ယူရန် ပြောနေ၏။

ဇေတမင်းသားသည် သုဒတ္တ၏လုပ်ရပ်ကို ကြည့်၍ “ သုဒတ္တသူဌေးသည် များပြားသော  ငွေအသပြာကို စွန့်လွှတ်၏၊ ဤကိစ္စသည် ယုတ်ညံ့လိမ့်မည်မဟုတ်၊မြင့်မြတ်သော  လုပ်ရပ်သာ ဖြစ်တန်ရာ၏ငါသည်လည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်သင့်၏ ”ဟု  ကြံစီနေ၏၊ထို့နောက်သုဒတ္တသူဌေးအားဇေတမင်းသားက“သူဌေးမလိုတော့ပါ၊ခင်းရန် ကျန်နေသည့်  နေရာ(တစ်ကွက်စာ)ကို မခင်းပါတော့နဲ့၊ ထိုနေရာကို ကျန်ုပ်အားပေးပါ၊ ဤ အလှူသည် ကျွန်ုပ်၏အလှူဖြစ်ပါစေတော့” ဟု ကုသိုပ်ပါဝင်ခွင်ပြုဖို့ ပြောကြား လိုက်၏၊သုဒတ္တသည်လည်း ( ခြံမြေရောင်းသော သူ၏ကျေးဇူးကို ထောက်ဆ၍လည်း ကောင်း ဇေတမင်းသားသည် ထင်ရှားသူဖြစ်၍ သူ့အတွက်ရော သာသနာအတွက်ရော အကျိုးများစေရန်ရည်ရွယ်၍လည်းကောင်း ) ကုသိုလ် ပါဝင်ခွင့် ပြုလိုက်၏၊ဇေတမင်း သားသည် ထိုနေရာကို တစ်ကုဋေ(သိန်းတစ်ရာ)အကုန်ကျခံကာ  ပန်းကနုတ်တို့ဖြင့် စီချယ်ထား သော လှပဆန်းကြယ်သည့် မုခ်ဦးကို လှူဒါန်းလေ၏။

သုဒတ္တသည် ခြံမြေငွေပေးချေပြီးသည့်နှင့်တစ်ပြိုင်နက် သူ၏ ကျောင်းဆောင် ဆောက်
လုပ်ရေးလုပ်ငန်းကို စတင်တော့။
ဥယျာဉ်၏ အလယ်ဗဟိုလ်နေရာ၌ မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရန် တစ်သိန်းစီ ကုန်ကျသော  “ ဂန္ဓကုဋီ - ကရေရိကုဋီ - ကောသမ္ဗကကုဋီ ” ဟူသော စံကျောင်းတော်
တို့ကိုဆောက်၏၊(ပေဿနဒီကောသလမင်းကြီးသည်လည်းတစ်သိန်းတန်“သလဠာဂါရ   ကုဋီ  ” စံကျောင်းတော်ကို ဆောက်လုပ်လှူဒါန်းထား၏)၊ဂန္ဓကုဋီ၌ ဘုရားရှင်အများဆုံး
သီတင်းသုံးတော်မူ၏၊
ဂန္ဓကုဋီစံကျောင်းတော်တို့ကို ၀န်းရံ၍ အသီတိမဟာထေရ်တို့ (မထေရ်ကြီးရှစ်ဆယ်)သီ
တင်းသုံးရန် တစ်ပါးနေကျောင်းတို့ကိုလည်းကောင်း၊ဟင်္သာတောင်အမွန်းရှိသော ရှည်
သောတန်ဆောင်းမဏ္ဍပ်စသောအစွမ်းအားဖြင့်ကြွင်းသော ကျောင်းတို့ကိုလည်းကောင်း
စည်းဝေးရာခန်းမ၊ကပ္ပိယကုဋီ၊၀စ္စကုဋီ၊ပဿာဝကုဋီ၊ မီးတင်းကုပ်၊ ရေကန်၊ ချွေးထုတ်
ရာဇရုံးအိမ်၊ စင်္ကြံ ၊ဇရပ်၊ ညဥ့်သန့်ရာ၊ နေ့သန့်ရာတို့ကို လည်းကောင်း တဆယ့်ရှစ် ကုဋေအကုန်အကျခံ၍ဆောက်လုပ်လှူဒါန်းလေ၏၊

ကျောင်းတော်ဆောက်လုပ်ပြီးလျှင်ပြီးခြင်းပင် ရာဇဂြိုဟ်မှ ရှင်တော်မြတ်ဘုရားနှင့် သံ ဃာတော် အရှင်မြတ်တို့ကို ပင့်လျှောက်၍ ကျောင်းရေစက်ချ ကျောင်းလွှတ် သဘင်ကို ပြုလုပ်လေ၏၊ ဇေတ၀န်ကျောင်းတော်၏ မြေ၀ယ် ကုန်ကျစရိတ် တဆယ့်ရှစ်ကုဋေ၊ ကျောင်းဆောက်ရာ၌ ကုန်ကျစရိတ်တဆယ့်ရှစ်ကုဋေ၊ကျောင်းရေစက်ချ ကျောင်းလွှတ် သဘင်ကုန်ကျစရိတ် တစ်ဆယ့်ရှစ်ကုဋေ၊ စုစုပေါင်းကုန်ကျစရိတ်ငါးဆယ့်လေးကုဋေ (သန်းပေါင်း ၅၄၀) အကုန် အကျ ခံကာ လှူဒါန်း လေ၏၊
သုဒတ္တ၏ကျေးဇူးသုဒတ္တ၏အကျိုးဆောင်မှုကြောင့်သာဝတ္ထိမြို့၏သာသနာ့အရောင်အ၀ါ
သည် နေလို လလို ထွန်းလင်းလာတော့၏၊( သာဝတ္ထိ၌ လူဦးရေ သန်း(၇၀)ရှိ၏၊) လူဦးရေ ခုနှစ်ပုံ ငါးပုံသည် အရိယာများဖြစ်သွားကြ၏၊သုဒတ္တ ဆောက်လုပ်လှူဒါန်း သော “ ဇေတ၀န်ကျောင်းတော်သည် ” သာသနာတော်၏ ဗဟိုလ်ဌာနချုပ်ဖြစ်လာ တော့၏။ဇေတ၀န်ကျောင်းတော်၌ ရှင်တော်မြတ်ဘုရားသည် “ ၁၉ ” ၀ါ- ၀ါဆိုဝါကပ်၍  လူနတ်ဗြဟ္မာတို့၏ အကျိုးစီးပွါးအလို့ငှာ ချမ်းသာရန်အလို့ငှာ “ ဓမ္မ ” များကို  ဖြန့်ဖြူး တော်မူ၏၊ ယနေ့ထက်တိုင် သာသနာထွန်းကားသော  နေရာတိုင်း၌ “ ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ၊ ဇေတ၀နေ အနာထပိဏ္ဍိကဿ ( သုဒတ္တဿ) အာရာ မေ” ဟူသောအသံကို ကြားနေရဆဲဖြစ်ပါ၏။သာသနာတည်နေသ၍ နောင်လည်းကြား
နေရအုံးမည်သာ ဖြစ်ပါ၏၊

ရှင်တော်မြတ်ဘုရားသည် သုဒတ္တအား “ လှူဒါန်းခြင်း၌ မွေ့လျော်ကုန်သော ငါဘုရား၏
တပည့် ဥပါသကာတို့တွင် သုဒတ္တမည်သော အနာထပိဏ်သူဌေးသည် အမြတ်ဆုံး အ သာဆုံးဖြစ်၏” ဟု(သာသနာတစ်ရပ်လုံး၌တစ်ဦးတည်းသာ ရသော)“ ဧတဒဂ်ရာထူး ” ကို ပေးတော်မူ၏။

(သုဒတ္တကွယ်လွန်သောအခါ တုသိတာနတ်ပြည်၌ နတ်သားဖြစ်၏၊ဖေါ်ပြပါ  စကားရပ် များသည် နတ်သားဖြစ်ပြီးသည့်နောက် ဇေ၀န်ကျောင်းတော်သို့လာ၍ မြတ်စွာဘုရား ရှင်ကိုလျှောက်ထားသော စကားရပ်များ ဖြစ်ပါ၏)


ဤဇေတ၀န်ကျောင်းတော်သည် ရဟန်းအပေါင်းတို့၏ အမြဲနေရာလည်းဖြစ်၏၊
တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရား သီတင်းသုံးရာလည်း ဖြစ်၏၊ထို့ကြောင့်
ငါအား နှစ်သိမ့်မှုပီတိကို ဖြစ်စေ၏။

“အလုပ်ကိစ္စ အသိဥာဏ် တည်ကြည်မှု ကိုယ်ကျင့်သီလ မြတ်သောအသက်မွေးမှု”
ဟူသော ဤတရာအပေါင်းကြောင့် သတ္တ၀ါတို့သည် စင်ကြယ်ကုန်၏၊အမျိုးအနွယ်
ကြောင့်လည်းကောင်း ဥစ္စာကြောင့်လည်းကောင်း စင်ကြယ်သည် မဟုတ်ကုန်။

ထို့ကြောင့်သာလျှင် ပညာရှိသောပုဂ္ဂိုလ်သည် မိမိ၏အကျိုးစီးပွါးကို ရှုမျှော်၍ သင့်
လျှော်သောအကြောင်းအားဖြင့် တရားကို စူးစမ်းဆင်ခြင်ရာ၏၊ဤသို့ ဆင်ခြင်သည်
ရှိသော် အရိယာမဂ်တရားတို့၌ စင်ကြယ်၏။

အကြင်ရဟန်းသည် (တစ်ဖက်ကမ်း)နိဗ္ဗာန်သို့ ရောက်၏၊ထိုရဟန်းသည် ဤတစ်ဖက်
ကမ်း(နိဗ္ဗာန်)သို့ ရောက်ရုံမျှသာလျှင် မြတ်၏၊ အရှင်သာရိပုတ္တရာသည်သာလျှင်
ပညာဖြင့်လည်းကောင်း သီလဖြင့်လည်းကောင်း ငြိမ်သက်ခြင်းဖြင့်လည်းကောင်း
ထို ( တစ်ဖက်ကမ်းနိဗ္ဗာန်)သို့ ရောက်သောရဟန်းဟူသမျှထက် မြတ်၏၊
( သုဒတ္တကဲ့သို့  ပေးဆပ်ခြင်းဖြင့် ပျော်မွေ့သူများ ဖြစ်နိုင်ကြ၍ လောကကို လှသထက်
လှအောင် ဘ၀ကို လှသထက်လှအောင် တည်ဆောက်နိုင်ကြပါစေ..)
                     
                        ပိုင်ဆိုင်မှု အတွက်
                        အပြိုင်လုနေကြသော လောကမှာ
                        ငါ .ပေးဆပ်ခြင်းဖြင့် အလှဆင်မယ်။

                       ဖျက်ဆီးခြင်းဖြင့်
                       ပျက်စီးအောင် လုပ်နေသူတို့အကြားမှာ
                       ငါ . ဖြည့်ဆည်းခြင်းဖြင့် အလှဆင်မယ်။

                       ဘယ်သူတွေ တရားပျက်ပျက်
                       အမှားမဆက်ဖို့ အတွက်
                       တရားလက်နက်ကို သုံး
                       ငါ .ပြုံးပြုံးလေးပဲ နေတော့မယ်။


                         ပြီးပါပြီး - ကောင်းသစ်