.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Thursday, May 26, 2011

နော ကမံ္မ - ကံကို မယုံခြင်း

ဗုဒ္ဓဘာသာဝင်တို့အတွက် သတိထားဖွယ်အချက်ကို တင်ပြလိုပါ၏၊အဆင့်နိမ့် ဗုဒ္ဓဘာသာဝင်တို့
၏ အင်္ဂါ(ငါး)ရပ်တို့တွင် “ မင်္ဂလံ ပစ္စေတိ၊ နော ကမံ္မ ”  ဟူသော အင်္ဂါရပ်သည်လည်း တစ်ပါး အပါအ၀င် ဖြစ်ပါ၏၊

မြန်မာလို ပြန်ရလျှင် “ ဒိဋ္ဌမင်္ဂလာ သုတမင်္ဂလာ မုတမင်္ဂလာ အမြင် အကြား အတွေ့စသည်နှင့်  အတိတ်နိမိတ် ဓါတ်ရိုက် ဓါတ်ဆင် ယတြာကို ယုံကြည်၍ ကံကို မယုံကြည် ( ယုံကြည်မှုအား နည်း)ခြင်း ဖြစ်၏။( ကောတုဟလမင်္ဂလာကို ယုံကြည်မှု ရှိ၏၊ မင်္ဂလာကို ယုံကြည်၍ ကံကို မယုံကြည်)။

လူတို့သည်  စီးပွါးရေး အဆင်ပြေခိုက် ဓါတ်ရိုက် ဓါတ်ဆင် ယတြာ အဆောင်များကို ဘယ်သူမှ သတိမရကြပေ၊ယင်းသို့ စီးပွါးဖြစ်ချိန်၌ ဘာသာရေးအားသန်သူများက လှူဒါန်းမှုဘက် အားစိုက်
ကြ၏၊လူမှုရေးအားသန်သူများက ထောက်ပန့်မှုဘက် အားဖြည့်ကြ၏၊လောကီဘက် အားသန်သူ
များကြတော့ ဇိမ်ခံပစ္စည်းမျိုးစုံ ၀ယ်ယူ၍ အသုံးအဆာင်များ ဖြည့်ဆည်းကြ၏၊ သူတို့ရည်မှန်း ချက်သူတို့လုပ်ဆောင်ချက်များနှင့် သူတို့ပျော်နေကြပါ၏၊သူတို့သည် (ကုသိုလ်ကံအကျိုးပေးနေ
သည်ဖြစ်၍ ) ကြံတိုင်းအောင်၍ ဆောင်တိုင်ပြီးမြောက်နေကြ၏၊ ကံမြင့်ချိန်၌ ကံမြှင့်ဖို့ အလွန် အရေးကြီး၏၊ ရေလာခိုက် မြောင်းပေးဖို့ လိုအပ်ပါ၏၊

အချို့ ကံမြင့်ချိန်၌ ( လောကကောင်းကျိုးပြုခြင်းဖြင့်) ကံမြှင့်ရန် အမှတ်မရကြ။ ဘ၀မြင့်ချိန်၌ ဘ၀င်မြင့်နေကြ၏၊ တနည်းအားဖြင့် ပစ္စည်းအရှိန်ဖြင့် ကြွနေကြ၏ဤနေရာ၌ ကျောင်းအမကြီး ၀ိသာခါ၏(အဟောင်းစားဟူသော )စကားတစ်ခွန်းကို သတိယမှိ၏၊ တစ်နေ့ ၀ိသာခါသည် ထမင်း စားနေသည့်  ယောက္ခမကြီးကို ဘေးမှ ယပ်ခပ်ပေးနေ၏၊ထိုအခိုက် ရဟန်းတစ်ပါး ဆွမ်း လာရပ်လေ၏၊ယောက္ခမကြီးသည် ရဟန်းတော် ဆွမ်းရပ်နေသည်ကို မြင်ပါလျှက် (ကန့်တော့ ဆွမ်းလေးတောင် မလောင်းပဲ ) မသိကျိုးနွံပြုကာ ထမင်းကိုသာ စားမြဲ ဆက်စားနေ၏။ ထိုအခါ ၀ိသာခါက “ အရှင်ဘုရား တပည့်တော်ယောက္ခကြီးက အဟောင်းစားပါ ဘုရား ” လျှောက် ထားလေ၏။
( အဟောင်းစား ဟူသည် ကံဟောင်းပေးသည့် စည်းစိမ်ကိုသာ ခံစားနေပြီး ( နောင်အတွက် ) ကောင်းမှုကုသိုလ်ကံသစ် ဆက်လက် မပြုလုပ်ခြင်းကို ဆိုလိုခြင်း ဖြစ်ပါ၏)။ ယခုလည်း ဘ၀မြင့်ချိန်၌ လောကကောင်းကျိုးပြုရန် အမှတ်မရကြပဲ ဘ၀င်မြင့်နေသူများသည် အဟောင်း စားများ ဖြစ်ပါ၏။ အဟောင်းကုန် သောအခါ အသစ်လည်း မရှိကြ၍ “ အမြင့်မှကျသော အကျနာသူများ ”  ဖြစ်သွားတတ်ပါ၏။

ထိုသို့ စီးပွါးရေး အဆင်မပြေသောအခါ အားကိုးရာကို ရှာတတ်ကြသည်မှာ အများစု၏ ဓမ္မတာပင်ဖြစ်ပါ၏၊ သို့သော် အားကိုးရာ အမှန်ကို ရှာမိဖို့ အလွန်အရေးကြီးပါ၏၊ စီးပွါးရေး ဖြတ်လမ်းလိုက်လိုသူများသည်“  ဓါတ် . ယကြာ . အဆောင်  ” စသည်ကို အားကိုး ကြ၏၊ လူများအထင်ကြီးသည့်စကားလုံးများကို တွင်တွင်သုံးလျှက် “ မီးလွတ် . ၀စီပိတ် . ကိုးန၀င်း . သက်သတ်လွတ် ” စသည့်ဆရာကြီးများကို အထင်ကြီးကြ၏၊ အားကိုးကြ၏၊ သီလ သမာဓိ ပညာယှဉ်သည့် ကျင့်စဉ် ဟုတ် မဟုတ်ကို သူတို့ သတိမမူမိကြ၊ သူများ ထူးသည် ဆိုတိုင်း လိုက်ထူးလိုက်ကြ၏၊ အကြားဖြင့် ယုံကြည်မှု လမ်းဆုံးလိုက်ကြ၏ ကိုယ်ပိုင်ဥာဏ်ဖြင့် စဉ်းစား ဝေဘန်ခြင်း မရှိတော့။  ထိုအခါ ယုံ၍ပုံအပ်ကြတော့၏၊တောင်းသလောက်ပေး၍ ခိုင်းသမျှ လုပ်ကြတော့၏၊ ထို ဆရာကြီးများသည် မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဖြစ်လေတော့၏၊
(ထိုဆရာကြီးများသည် ကြောက်စရာဘေးဖြင့် ခြိမ်းခြောက်ပြီး . မျှော်လင့်ချက်စည်းစိမ်ဖြင့် မြှောက်လုံးများသုံးကြရင်း သူတို့ဘ၀ ပြည့်စုံဖို့ ကြိုးစားနေကြခြင်း ဖြစ်ပါ၏။ ) အချို့သူများ သည် “ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ” ကြုံ၍ ( အတိတ်ကံ အကျိုးပေးချိန်နှင့်တိုက်ဆိုင် သွား၍ ) အဆင်ပြေသွားသည့်အခါ ထိုဆရာကြီးများ “ မ.၍သာ ” ဟု ထင်မှတ် မှားသွားကြ၏၊ ကံလမ်းကြောင်းမှ သွေဖယ်မှန်း မသိ သွေဖယ်သွားကြတော့၏၊ “ မင်္ဂလံ ပစ္စေတိ၊ နော ကမံ္မ ” ဖြစ်မှန်း မသိ ဖြစ်သွားကြတော့၏၊အဆင်မပြေသူများမှာတော့  ဤဆရာမကောင်း နောက်ဆရာ ပြောင်းကြပေတော့၏၊ ဤသို့ဖြင့် ဟိုဆရာကပ် ဒီဆရာပြောင်းကြရင်းဖြင့် သူတို့သည် အားကိုး ရာ ရှာကြရင်းမှ အားထားစရာ ပျောက်နေကြ တော့၏

ဆေးကောင်းတော့ တစ်စက်၊ အင်းကောင်းတော့ တစ်ကွက်၊ ယတြာကောင်းတော့ တစ်ချက်တဲ့။
ကြားတော့ ကြားဘူးပါ၏။သို့သော်  အင်းကောင်းတစ်ကွက်သည်လည်း လူတိုင်း ရနိုင်မည် မဟုတ်၊ ယတြာကောင်း တစ်ချက်သည်လည်း လူတိုင်းအတွက် ဖြစ်နိုင်မည် မဟုတ်၊ ကံ ကောင်းသူ အတွက်သာဖြစ်ပါ၏၊ (အနာထပိဏ်သူဌေး၏ ကြက်သရေကို ခိုးယူရန်ကြံ စည်သော ပုဏ္ဏာကြီးကို သတိမူထိုက်၏) “ ကံ မရှိ ဥာဏ်ရှိတိုင်း မွဲ  ” ဟူသော ရှေးလူကြီးတို့၏ ဆုံးမစကားကိုလည်း သတိပြုသင့်ပါ၏။

ဥစ္စာကုန်ရင် ဥစ္စာဖြည့်ရမည် ဖြစ်၏၊ ကံကုန်ရင်လည်း ကံကို ဖြည့်ရမည်သာ ဖြစ်ပါ၏။ အတိတ်ကံနည်း၍ ဆင်းရဲသောအခါ ကံကို  မမြှင့်ပဲ ( ကောင်းကံကို မပြုလုပ်ပဲ ) ဗေဒင် ယတြာ အဆောင်ကိုသာ အားကိုးကြလျှင်ဖြင့် မြစ်ပြင်ကျယ်မှာ လျှော်ရင်းနစ်သည့် လှေသမားကဲ့သို့ ဖြစ်မည်ကို စိုးရိမ်မှိပါ၏၊

ငါသည် ကံသာလျှင် မိမိဥစ္စာရှိ၏၊ ကံ၏ အမွေခံဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ကံသာလျှင် အဆွေအမျိုးရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါ ပြုမှိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏ ဟူသော အဘိဏှသုတ္တန်လာ ရှင်တော်မြတ်ဘုရား စကားတော်ကို ဆင်ခြင်စဉ်းစားလျှက်.  မကောင်းကျိုး ဖြစ်စေမည့် မကောင်းမှုများ ရှောင်ရှား၍ ကောင်းကျိုးကို ဖြစ်ထွန်းစေမည့်  ကုသိုလ်ကောင်းမှုများ တတ်စွမ်းသမျှ ပြုလုပ်ကြခြင်းဖြင့်  ကံမြင့်ချိန်၌ ကံမြှင့်ကြ၍ ကံနိမ့်ချိန်၌ ကံဆင့်နိုင်ကြပါစေဟု ဆန္ဒပြုရင်း…
                                                                                    ကောင်းသစ်

No comments:

Post a Comment