.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Friday, May 27, 2011

ကြည်နူးနိုင်ပါစေ

                                 

အရှင်ရေ....
ပုံတွေ့ပို့လိုက်ပြီ။ မင်းသားပုံတွေချည်းပဲ။ ကင်မရာ မကိုင်နိုင်လို့ ဖုန်းနဲ့ပဲ ရိုက်ဖြစ်လိုက်တယ်ဆို တော့ ပုံအရည်အသွေး နဲနဲတော့ ညံ့တယ်။ဘာပဲဖြစ်ဖြစ်ပါ။ ဒီပုံရိပ်တွေဟာ (၁၇-၅-၂၀၁၁ခုနှစ်၊ ကဆုန်လပြည့်နေ့) ဗုဒ္ဒဂယာမဟာဗောဓိစေတီကြီး ရင်ပြင်ပေါ်က ပုံရိပ်တွေပါ။ ဗုဒ္ဒပွင့်ရာ မြေမြတ်မဟာမှာ အထူးသဖြင့် ဒီလိုနေ့မျိုးမှာ ဒီလို(ဒေသခံ)လူမျိုးတွေ ဒီဘာသာဝင်တွေ ဘာတွေ လုပ်ကြသလဲ၊ ဘယ်လိုတွေ ပူဇော်ကြသလဲဆိုတဲ့ အချက်အလက်ကို ပုံကြည့်တာနဲ့ ပုံရှုသူ တစ်ဖက်လူမှာ သိရှိခွင့်ရသွားတယ်ဆိုရင် ကောင်းကောင်းကြီး ၀မ်းသာကျေနပ်ရမှာပေါ့။
နောက်ပြီး ဒီဓာတ်ပုံကပေးတဲ့ လုပ်ရှားမှုပုံရိပ်အချက်အလက်တွေကြောင့်လည်း ဘာသာသနာနဲ့ ပတ်သက်တဲ့ ဗဟုသုတအ၀န်းအ၀ိုင်း အများကြီးမဟုတ်တောင် သူ့အထွာ သူ့အတိုင်းအတာ တစ်ခုအနေနဲ့တော့ ကျယ်ဝန်းသွားမယ်လို့လည်း ယုံကြည်တယ်။


ဆက်ပြီးပြောချင်တာက.........
မဟာဗောဓိစေတီတော်ကြီးကို ဗဟိုပြုပြီးတော့ စေတီတော်ကြီးရဲ့ ပတ်ပတ်လည်မှာ ဒေသခံ ကုလားလူမျိုးတွေအပြင် တိဘက်၊ တရုတ်၊ ကိုးရီးယား၊ ဂျပန်၊ ဘူတန်၊ ဥရောပ၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာ၊ သီရိလင်္ကာစတဲ့ နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံဟာလည်း ကိုးကွယ်မှု၊ ယုံကြည်မှု ပုံသဏ္ဍာန်အမျိုးမျိုးတွေနဲ့  အဆင်ပြေသလို နေထိုင်နေကြတာကို တွေ့မြင်နိုင်တယ်။ ပြီးတော့ ဒီလူမျိုးတွေဟာ ထေရ၀ါဒအရိပ်အောက်က လူတွေထက် မဟာ ယာန အရိပ်အောက်က လူတွေ ဖြစ်နိုင်ချေ ပိုများတယ်။ ထေရ၀ါဒ အရိပ်အောက်က လူဆိုတာ မဆိုစလောက် အနည်းအကျဉ်းလေးပဲ။

နောက်ပြီး  မဇ္စျိမအကျင့်လမ်းကို သွေဖီပြီး အစွန်းရောက်အကျင့်လမ်းကို ရွှေနန်းထင်ကာ ကျား ကုတ်ကျားခဲ ကျင့်နေသူတွေကိုလည်း တွေ့ရတယ်။ အများကြီးပါပဲ။ သူတို့ကို ကြည့်ရတာ ကာမ သုခလ္လိက အကျင့်မျိုးထက် အတ္တကိလမထ အကျင့်မျိုးကို အလေးပေးကျင့်ရတာကို သူတို့ ပိုပြီး ဂုဏ်ယူတတ်ကြ၊ ခုံမင်တတ်ကြသလိုပဲ။ သန့်ရှင်းမှုမရှိ ရှည်လျားပြီး ရှုပ်ထွေးပွေလီနေတဲ့ မှုတ်ဆိတ်နဲ့ ဆံပင်၊ ဟောင်းနွမ်းစုတ်ပြတ် နေတဲ့ အ၀တ်အပိုင်းစလေးကို ခါးအောက်မလုံ့တလုံ အရှက်လုံရုံမျှဝတ်၊ တောင်ဝှေးနဲ့ ပုတီးလုံးကြီးတွေကို အဖော်လုပ်ကာ စေတီရင်ပြင်ပေါ် ဟိုဟို ဒီဒီ သွားလာနေတာ တွေကိုလည်း အထင်းသားတွေ့မြင်နိုင်ရဲ့..........။
ဒါတွေ ထားပါတော့လေ.... တစ်ခုသော သစ်ပင်အရိပ်ကနေကြည့်ပြီး မြင်ခဲ့ရတဲ့ မြင်ကွင်း လေးကို ပြန်ပြောပြမိတာပါ။ အခုပို့တဲ့ ပုံရိပ်တွေထဲတော့ မပါဘူး။
အခုပို့တဲ့ ပုံရိပ်တွေက အခု ၂၀၁၁၊ ကဆုန်လပြည့်နေ့က ပုံရိပ်တွေပါ။ မဟာဗောဓိ စေတီ တော်ကြီးကို ဗဟိုပြု နေထိုင်ကြတဲ့ ဒေသခံလူတွေ၊ တိဘက်တွေ ၊ သီရိလင်္ကာတွေစတဲ့  နိုင်ငံ မတူ အသားအရောင်မတူတဲ့ လူမျိုးစုတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အလံကိုင် အတန်းစီပြီး ချီတက် လာကြတဲ့ ပုံရိပ်တွေပါ။ စေတီရင်ပြင် အတွင်း / အပြင်နဲ့ စေတီတော်ကို ဦးတည်လာရာ လမ်းတစ်လျှောက်မှာ ချီတက်ဆုတောင်း ၀တ်ပြုကြသူတွေနဲ့ ကြက်ပျံမကျ ကြိတ်ကြိတ်တိုး စည်ကားသွားခဲ့ပါတယ်။ ဗုဒ္ဒဘာသာတိုင်းပြည်အနေနဲ့ ဒီလိုနေ့မျိုးမှာ ဒီလိုမြင်ကွင်းဟာ မထူး ဆန်းပေမယ့်လို့ တစ်ခြားဘာသာ တိုင်းပြည်မှာ ဒီမြင်ကွင်းဟာ ထူးခြားနေသလိုပဲ။ ဒါကို သစ်ပင်ရိပ်တစ်ခုကနေ အမိအရ ကြုံတောင့်ကြုံခဲ ဓာတ်ပုံရိုက်ယူထားလိုက်တယ်။
                            (ပုံကြီး ကြည့်လိုလျှင် ဓါတ်ပုံပေါ် ကလစ်လိုက်ပါ)
ဒီထက်ပိုထူးခြားတာက ကလေးတွေပဲ။ ပုဂ္ဂလိကကျောင်းတစ်ကျောင်းက ကျောင်းသား/သူလေး တွေလေ...။ ဘာသာသာသနာမျိုးဆက်လေးတွေပေါ့။ အနာဂတ်မှာ အားမာန်အပြည့်နဲ့ ချီတက် ကြမယ့် သူလေးတွေလို့ ပြောလိုရတယ်။  ကြာလေ ရှုတ်ထွေးလေဖြစ်တဲ့ ကမ္ဘာ့လူမှု အရေး အခင်းကြားမှာ ငြိမ်းချမ်းရေး ဆီမီးတိုင်ကို ထွန်းညှိပေးမယ့်သူတွေပဲလို့ ပြောပါရစေ။
သူတို့လေးတွေ  တနေ့ဖြစ်မလာနိုင်ဘူးလို့ကော ဘယ်သူအတတ်ပြောနိုင်မလဲ....။ ဒါကြောင့် သူတို့လေးတွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ၊ ငြိမ်းချမ်းရေး တမန်တော်တွေပါ။ အနာဂတ်ကမ္ဘာငြိမ်းချမ်းရေးဟာ အနာဂတ်လူကြီးတွေမှာ ရှိတယ်ဆိုရင် အနာဂတ် လူကြီး တွေဟာလည်း ငြိမ်းချမ်းတဲ့ ဘာသာလမ်းကြောင်းပေါ်မှာပဲ ရှိသင့်တယ်လို့...................။
                                                                         အရှင်ကောဝိဒ ( ဒေလီ )

No comments:

Post a Comment