.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Saturday, August 27, 2011

နောက်လိုက်များ၏ကြမ္မာ . ၂

                                

 “ ရေးအားလုံးကို သွန်ပစ်လိုက်ကြ ” ။

နောက်လိုက်များသည် သူတို့ခေါင်းဆောင်၏ အမိန့်အရ ရေအားလုံးကို သွန်ပစ်လိုက်ကြ၏၊
လက်တစ်ခုပ်စာမျှပင် ချန်မထားကြတော့…။
ဤသို့ဖြင့် ခရီးဆက်လာကြရာ  လမ်းခရီး၌ ရေအိုင်လည်း မတွေ့ရ၊ရေကန်လည်း မတွေ့ရ၊ 
  ရေဗွက်လည်း မတွေ့ရပေ၊ကြာပန်းကတော့ ပိုလိုတောင် ဝေးနေသေး၏၊
ဤသို့ဖြင့် သူတို့အုပ်စုသည်  ခရီးဆက်ရင်း ဆက်ရင်းဖြင့်  နေ၀င်၍
မှောင်စပင် ပျိုးလာပေပြီ၊ သောက်စရာပင် ရေမရှိတော့၍ လူများလည်း ပမ်း၊ နွားများလည်း 
ပမ်းလာပေပြီ၊ သို့ဖြစ်၍ လှည်းများကို ရပ်ကာ နွားများကို လှည်းဘေး ချီထားလိုက်ကြ၏၊
နွားများသောက်စရာ ရေလည်း မရှိတော့၊ လူများ ချက်စရာ ပြုတ်စရာ သောက်စရာရေလည်း 
လုံးဝမရှိတော့ ၊ အားလုံး လူပမ်းစိတ်ပမ်းဖြစ်၍ နွမ်းနယ်နေကြ၏၊ “ ထမင်းအသက် ခုနှစ်ရက်
 ရေအသက် တစ်မနက် ” ဟု အဆိုရှိသည် မဟုတ်ပါလား။ သူတို့သည် ဟိုနားအိပ် ဒီနားအိပ်ဖြင့်ရေမသောက်ရ၍ အားအင်ချိနဲ့ကာ အိပ်စက်နေကြတော့၏၊

ညဥ့်သည် နက်သထက်နက်လာတော့၏၊ အမှောင်များ ကြီးစိုး၍ လာပေပြီ၊ အမှောင်နှင့်အတူ
အကြံသမား (ခွင်သမား ) ဘီလူးတို့သည်  သူတို့စခန်းချရာသို့ အုပ်စုလိုက် လာကြလေပြီ၊ 
အားလုံး အားအင်ချိနဲ့နေသည်ဖြစ်၍ ဘီလူးများကို ဘယ်သူမှ မတွန်းလှန်နိုင်ကြတော့၊
 လည်စင်း၍ ဘီးလူးများ၏စားသောက်ခြင်းကို လူရောနွားများပါ ခံလိုက်ရတော့၏။
 လှည်းများတင်ထားသော ၀န်များက အပြည့်ရှိနေဆဲပင်၊ သို့သော် လူရိုး နွားရိုးများကား
 နေရာအနှံ့ ကျဲပျံ့လျှက် ….

မိမိတို့သွားနေသည်ခရီးသည် ဘီလူးများကြီးစိုးသော ရေမရှိသော ခရီးဟု သိနေပါလျှက်
စဉ်းစားဆင်ခြင်ဥာဏ်ကင်းမဲ့ကာ သူပြော(ဘေး)စကား အကြွင်းမဲ့ ယုံစားသော ခေါင်း ဆောင်မိုက်၏ဆုံးဖြတ်ချက်  အမိန့် မှားယွင်းမှုကြောင့် နောက်လိုက်ငါးရာနှင့်အတူ နွားမျာပါ အသက်ဆုံးရှုံးလိုက်ရ၏၊ ( သတိထားဖွယ် သင်္ခန်းစာ ယူဖွယ်ပင် )။

ယင်းအဖြစ်အပျက် ဖြစ်ပြီးနောက် လခွဲလောက်သို့ ရောက်သောအခါ ဘုရားအလောင်းသည်
နောက်လိုက်ငါးရာနှင့်အတူ ယင်းလမ်းခရီးအတိုင်းပင် ခရီးနှင်လာရာ ယင်းကန္တာရအ၀သို့ပင်
ဆိုက်ရောက်လာပေပြီ၊
ဘုရားအလောင်းသည် ရေများကို အပြည့်ဖြည့်စေ၏၊ထို့နောက် သူ့နောက်လိုက်အားလုံးကို
စုဝေးစေ၍ သတိပေးစကား ကြိုတင်ပြောကြားထား၏၊ ဤလမ်းခရီးသည် ရေမရှိသော ခရီးဖြစ်
၏၊ ထို့ကြောင့် သူ့ကို အသိမပေးပဲ ရေများကို သုံးဖြုန်းခြင်း စွန့်ပစ်ခြင်း မပြုရ၊ ထို့ပြင် ဤလမ်း
ခရီး၌ အဆိပ်ပင်များ ပေါများ၏၊ သူ့ကို အသိမပေးပဲ ရှေး၌ မတွေ့ဘူး မမြင်ဘူး မစားဘူးသော
မည့်သည့် အသီး အပွင့် အရွက်ကိုမျှ မစားကြရန်လည်း သတိပေးထား၏။ ဖြစ်ပေါ်လာမည့်
အကောင်းအဆိုးမှန်သမျှသည် ခေါင်းဆောင်သာလျှင် အဓိက တာဝန်ရှိနေသည် မဟုတ် ပါလား။ သတိပေးစကား ပြောကြားပြီးသည်ဖြစ်၍ ရှေ့ဆက်ကာ ခရီးထွက်ခဲ့ကြတော့၏။

ကန္တာရအလယ် ဘီလူးနယ်သို့ပင် ရောက်ရှိခဲ့ပေပြီ၊ ဘီလူးတို့သည် ရှေးနည်းအတိုင်းပင်
မိမိတို့ကိုယ်ကို လူအသွင် ဖန်ဆင်း၍ ရေများစိုရွှဲဟန် ကြာပန်းများပန်လျှက် ကြာဝတ်ဆံကို
စားကာ ရှေးနည်းအတိုင်းပင် ရှေ့တစ်လျှောက် ရေများပေါများပြီးဖြစ်၍ ရေများကို အလေးခံ
အပင်ပမ်းခံကာ သယ်စရာမလိုတော့။ ရေအားလုံးကို သွန်ပစ်ရန် ပြောလေတော့၏၊

သို့သော် ဘုရားလောင်းသည် စဉ်းစား၏၊ ဤအရပ်သည် ရေမရှိသော ကန္တာရဖြစ်၏၊
သူတို့ကို ကြည့်ရသည်မှာလည်း အကြောက်အလန့်မရှိ ၊ရဲတင်းလှ၏၊ နောက်ပြီး  သူတို့၏
ကိုယ်ရိပ်များလည်း မထွက်၊ မျက်စိလည်း နီ၏၊ နဖူးလည်းမောက်၏၊ ဖနောင့်လည်း တို၏၊
သူတို့သည် ဘီးလူးများသာဖြစ်ရာ၏၊ လာတိုင်းသော လူများအား  ရေများကို စွန့်ပစ်စေကာ
အားအင်နည်းအောင်ပြုပြီး စားနေကြဖြစ်တန်ရာ၏၊

ထိုသို့ စဉ်းစားလျှက် လူရေခြုံထားသော ဘီလူးများကို “ သင်တို့ခရီး သင်တို့ ဆက်လက် 
သွားနိုင် ကြပါပြီ၊ မိမိတို့သည် မျက်ဝါးထင်ထင် ရေ မတွေ့မမြင်သမျှ လက်ရှိသယ်ဆောင်
လာ ရေများကို စွန့်ပစ်မည် မဟုတ်ပါ၊ ရေများကိုမျက်ဝါးထင်ထင် တွေ့မြင်သည်ဆှိုမှ 
လက်ရှိရေများကို စွန့်ပစ်ကာ မပင်မပမ်း ပေါ့ပေါ့ပါးပါးလိုရာခရီး ဆက်လက်သွားကြပါမည် ”
 ဟု ပြောကြားလိုက်၏၊ လူရေခြုံဘီလူးများသည်လည်း အတန်ငယ် ဆက်လက်သွားကာ
မမြင်လောက်သည့် နေရာလောက်သို့ ရောက်သောအခါ မိမိတို့ ဘီးလူးနေရာသို့သာလျှင် ပြန်သွားကြတော့၏၊

လူရေခြုံထား ဘီလူးများ မရှိတော့သည့်အခါ နောက်လိုက်များသည် ဘုရားလောင်း
ခေါင်းဆောင်ကို သူတို့ အထင် သူတို့အမြင်ကို တင်ပြကြတော့၏၊
ယခု မိမိတို့ မြင်တွေ့လိုက်သော လူများသည် ကြာမျိုးစုံ ပန်ဆင်ကာ ကြာဝတ်ဆံများ ကြာစွယ်
များကို စားလျှက်ရှိကြ၏၊ နောက်ပြီး  သူတို့အ၀တ်အစားများ၌ ရေများစိုရွှဲနေသည့်အပြင် လှည်းဘီးများမှာလည်း ရွှံနွံညွန်များ ပေပွနေသည်ကို မြင်ရပါ၏၊ ယင်းကို ထောက်ဆသော
အားဖြင့် သူတို့ ပြောသော “ ရှေ့ရှောက် ရေပေါပါသည် ” ဆိုသော စကားသည် မှန်ကန်
လောက်ပါ၏၊ ရေများကို အလေးခံ အပင်ပမ်းခံကာ သယ်မနေပါတော့နဲ့၊ သူတို့ ပြောသည့်
အတိုင်း ၀န်သက်သာအောင် ရေများကို သွန်ပစ်ပါရစေဟု ပြောကြတော့၏၊
ထိုအခါ ဘုရားလောင်းက နောက်လိုက်အားလုံ့းကို စုဝေး၍ အားလုံး အမြင်ရှင်းအောင် 
သူတို့နှင့် အမေးအဖြေလုပ်၍ ရှင်းပြရတော့၏၊

ဤလမ်းခရီး၌ သဘာဝဖြစ်နေသော ရေအိုင်၊ သို့မဟုတ် လူများ တူးထားသော လေးဒေါင့်
ရေကန် ရှိ၏ဟု ပြောစကားကို သင်တို့ထဲက ကြားဘူးသူ ရှိပါသလား၊
မကြားဘူးပါ။
ဆက်လက်၍ နောက်လိုက်များကို မေးခွန်းထုတ်လိုက်ပြန်၏။
မိမိတို့ တွေလိုက်သောလူများ ပြောသွားသည်မှာ ရှေ့တောတန်းညို့ညို့ရောက်လျှင် မိုးရွာသွန်း
နေပါပြီဟု ပြောသွားကြ၏၊ယင်းသို့ဖြစ်လျှင် “ မိုးသက်လေသည် ” မည်မျှလောက်သော အရပ်
ထိ တိုက်ခပ်သည်ဟု ကြားဘူးပါသနည်း။
တစ်ယူဇနာ ( ၈ - မိုင် ) လောက်သော အရပ်ထိ တိုက်ခပ်သည်ဟု ကြားဘူးပါသည်၊
 သို့ဖြစ်လျှင် သင်တို့ထဲက မိုးသက်လေတိုက်ခပ်ခံရသူ ရှိပါသလား။  မရှိပါ ။
မိုးတိမ်ညွန့်တို့ကို မည်မျှလောက်သော အရပ်မျှ မြင်ရသည်ဟု ကြားဘူးပါသနည်း
သုံးယူဇနာ( ၂၄ - မိုင် )လောက်က မြင်ရသည်ဟု ကြားဘူးပါသည်။ဒါဆို သင်တို့ထဲက မိုးတိမ်ညွန့်ဘယ်သူများ မြင်ရပါသလဲ။  မမြင်ရပါ။
လျှပ်စီးလက်သည်ကို မည်မျှလောက်သော အရပ်က မြင်ရသည်ဟု ကြားဘူးပါသနည်း။
လေးယူဇနာ  ( ၃၂ - မိုင် ) လောက်က မြင်ရသည်ဟု ကြားဘူးပါသည်။
သင်တို့ လျှပ်စီးလက်သည်ကို မြင်ရပါသလား၊ မမြင်ရပါ။
မိုးချိမ်းသံသည် မည်မျှလောက်သော အရပ်က ကြားရသည်ဟု ကြားဘူးပါသနည်း
တစ်ယူဇနာ ( ၈ - မိုင် ) လောက်သော အရပ်က ကြားရပါသည်။
သင်တို့ မိုးချိမ်းသံ ကြားရပါသလား ၊ မကြားရပါ။
မိုးနှင့်ပါတ်သက်သော အကြောင်းအရာ ( မေဃဗေဒ ) တစ်စုံတစ်ခုမှ မထင်
 မမြင်ရပါပဲလျှက်သူတို့ပြောစကား “ ယုံ ”  ထိုက်ပါသလား။အားလုံး “ မယုံ ” ထိုက်ပါ။

မိမိတွေ့လိုက်သော သူများသည် လူအစစ် မဟုတ်ကြ၊ လူရေခြုံထားသော သားစားဘီလူး 
များသာ ဖြစ်ကြသည်၊ သူတို့သည် အမြင်ကောင်းအောင် ဟန်ဆောင်ပြကာ သူတို့စကား
 ယုံကြည်၍ ရေများ စွန့်ပစ်မိကာ အားအင်ချိနည်သူများကို အလွယ်တကူ စားသုံးနေသူများ
ဖြစ်ကြသည်၊ စေတနာအရေခြုံထားသော (ဂွင်ဆင် ထောက်ချောက် ) စကားများကို
 သင်တို့ လုံးဝ မယုံကြကုန်လင့်။

ဒေသ၏ အခြေအနေနှင့်မိုးရိပ်လေရိပ်မျှကိုပင် အကဲမခပ်တတ်သော ရှေ့သွားနှင့်သည့်
ကုန်သည်အုပ်စုသည် ဘီလူးများစကား ယုံစား၍ ဘီလူးစား ခံပြီးလောက်ပေပြီ။
မကြာခင် သူတို့၏ အရိုးများနှင့်ဝန်အပြည့်ရှိသေးသော လှည်းများ တွေ့ရပေလိမ့်မည်၊
မည်သူမျှ ရေကို မသွန်ပစ်ခဲ့ကြနဲ့၊ ကဲကဲ ခရီးဆက်ကြစို့…။

ဤသို့ဖြင့် မကြာမီမှာပင် အရင်ကုန်သည်များ၏ ပျန့်ကျဲနေသော အရိုးများနှင့် ၀န်အပြည့်ရှိ
နေသော ကုန်တင်လှည်းများကို မြင်တွေ့ရပေပြီး။မိုးချုပ်ပြီးဖြစ်၍  သူတို့သည် လှည်းများကို
 ရပ်လိုက်ကြ၏၊
ထို့နောက် သစ်ခဲတဲများထိုးကာ နွားများကို အစာကြွေးကြ၏။ သူတို့သည်လည်း ချက်ပြုတ်စား
သောက်ကြ၏၊ အားလုံးပြီးသောအခါ နွားများကို အလယ်မှာထား၍ လူများက ၀န်းရံကာဘေး
ပတ်ပတ်လည်မှ အိပ်စက် အနားယူကြ၏၊ဘုရားလောင်းလှည်းကုန်သည်ကား  သန်လျှက်ဓား
ကိုင်လျှက် ညဥ့်သုံးယာမ်ပတ်လုံး မအိပ်ပဲနောက်လိုက်များကို စောင့်ရှောက်နေ၏၊

အရှေ့လောကဓာတ်မှ ပန်းနုရောင်သမ်းသော အရုဏ်ရောင်သည် တဖြေးဖြေး တောက်ပ၍
လာနေပေပြီ၊စောစောစီးစီးပင်နွားများကိုအစာကြွေးခြင်းလူများချက်ပြုတ်စားသောက်ခြင်း
ကိစ္စများလည်း ပြီးပေပြီ၊(ပိုင်ရှင်မဲ့ပစ္စည်းသည် ပံသူကူပစ္စည်းသဖွယ် ယူငင်သော်လည်း
 အပြစ်မရှိပေ) သို့ဖြစ်၍ ခံနိုင်ရည်အားနည်းသော လှည်များကိုထားခဲ့စေ၍  ကောင်းသော
 လှည်းများကို ယူစေ၏၊ အရည်အသွေးညံ့သော ကုန်များကိုလည်း  စွန့်ပစ်စေ၍ အရည် အသွေးကောင်းသော ကုန်များကို တင်စေ၏၊

အားလုံးပြီးသောအခါ ရှေ့ဆက် ခရီးထွက်ခဲ့ကြ၏။မိမိတို့ ရည်မှန်းထားသော မြို့သို့ရောက်
သောအခါ ရောင်းကုန်များကို ( နှစ်ဆတက်ဈေးဖြင့် ) ရောင်းကြ၏၊ မိမိတို့အလိုရှိသော
ကုန်များကိုလည်း အပြန်ကုန်အဖြစ်သယ်ဆောင်လာကာ မိမိတို့ဌာနီ ဗာရဏသီပြည်သို့
ဘေးရန်းကင်းစွာ ပြန်လည်ရောက်ရှိကြ၏။ ( ဤသည်မှာ ဆင်ခြင်ဥာဏ်ရှိသော ခေါင်း
ဆောင်ကောင်းကြောင့် ဘေးမသီ ရန်မခ  “  ပစ္စည်း အသက် ” ဆုံးရှုံးခြင်းမရှိပဲ မိမိတို့ဌာနီ
ဗာရာဏသီသို့ ပြန်ရောက်ခြင်း ဖြစ်ပါ၏၊ ပထမ သွားနှင့်သော လှည်းကုန်သည်များသည်ကား
ဆင်ခြင်ဥာဏ်ကင်းမဲ့သော ခေါင်းဆောင်၏အမိန့်စကားကြောင့် “ ပစ္စည်း အသက် ”  ဆုံးရှုံး
ရခြင်း ဖြစ်ပါ၏။

စဉ်းစားဆင်ခြင်ဥာဏ်ရှိသော ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ပါစေ(သို့မဟုတ်)
ခေါင်းဆောင်ကောင်း၏ နောက်လိုက် မှီခိုသူများဖြစ်နိုင်ကြပါစေ…။

                                                                           ပြီးပါပြီ .. ကောင်းသစ် 



No comments:

Post a Comment