.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Sunday, August 21, 2011

နောက်လိုက်များ၏ကြမ္မာ . ၁

                               
နောက်လိုက် သို့မဟုတ် မှီခိုသူသည် . ခေါင်းဆောင်ကောင်း သို့မဟုတ် အမှီကောင်းရဘို့ အလွန်အရေးကြီးပါ၏၊၊ မိမိ၏ဘ၀သည် ခေါင်းဆောင်သူ၏အပေါ်၌ ပုံအပ်ထားရသည်ဖြစ်၍
ခေါင်းဆောင်ကောင်းလျှင် ဘ၀လုံခြုံမှုရှိသလို ချမ်းသာစွာလည်း နေထိုင်ရပါ၏၊ အထူးအား
ဖြင့် မိမိတို့၏ ခေါင်းဆောင်သည် မိမိအမှန်တကယ် (ကြောက်၍ မဟုတ်ပဲ ) ယုံကြည်ရသော
ခေါင်းဆောင် ဖြစ်နေဘို့ အရေးကြီးလှပါ၏၊ ခေါင်းဆောင်ကို မယုံကြည်ရလျှင် မိမိဘ၀သည်
လည်း လုံခြခြုံမှု မရှိနိုင်တော့။

ခေါင်းဆောင်နှစ်ဦးတို့၏  ဆင်ခြင် စဉ်းစားဥာဏ် ရှိ မရှိ ကွာဟချက်ကြောင့်နောက်လိုက်
အများ  ပျက်စီးရပုံနှင့် အသက်ချမ်းသာခွင့်ရကာ ကြီးပွါးချမ်းသာရကြောင်းကို ဇာတ်တော်
တစ်ခုဖြင့် တင်ပြလိုပါ၏။

လွန်လေပြီးသောအတိတ်ကာလ ကာသိတိုင်း ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း အုပ်စိုးစဉ်က
ဖြစ်၏။ ဘုရားလောင်းသည် ကုန်သည်မျိုး၌ ဖြစ်၍ ကုန်ရောင်ကုန်းဝယ် အလုပ်ဖြင့် ဘ၀ကို
ထိမ်းကျောင်းနေသူဖြစ်၏၊ ရှေးခေတ်က ကုန်များကူးသန်းရောင်းဝယ်ရာဝယ် လှည်များဖြင့်
ဝန်အပြည့်တင်ကာ ခရီးရှည်သွား၍ ရောင်းဝယ်လေ့ရှိကြ၏၊

ယခုလည်း ဘုရားလောင်းသည်  နယ်ထွက်ရောင်းကုန်များဝယ်ယူ၍ လှည်များဖြင့်တင်
ဆောင်ထားသည်မှာ လှည်းအစီးငါးရာစာပင် ပြည့်၍နေပေပြီ။ ဘုရားလောင်း ကုန်ရောင်း
သွားမည့်အရပ်သို့ တစ်ခြားကုန်သည်တစ်ဦးကလည်း သူ့အခြံအရံဖြင့် ကုန်ရောင်းသွားရန်
စီစဉ်နေကြောင်း ဘုရားလောင်းသတင်းကြားရ၏၊

ဘုရားလောင်းသည် စဉ်းစားနေ၏၊ မိမိသွားမည့် အရပ်ဒေသ၏လမ်းခရီးသည် လှည်းတစ်
ထောင်သွားလျှင် လမ်းခရီး၌ “ မြက် ထင်း ရေ အသီးအရွက် ” အခက်အခဲ ဖြစ်နိုင်စရာရှိ
၏၊ ထို့ကြောင့် နှစ်ဦးတစ်ပြိုင်နက် မသွားမကြပဲ တစ်ဦးဦးက အရင်သွားမှ အဆင်ပြေမည်။
ကုန်ရောင်းကုန်ဝယ်ကိစ္စ သွားညှိမှ သင့်တော်မည်ဟု စိတ်ကူးမိ၍ တစ်ခြားကုန်သည်ထံ
သွားရောက်၍ အကျိုးအကြောင်း ပြော၍ “ သူအရင်သွား ငါအရင်သွား ” ညှိနှိုင်းကြ၏။

တစ်ခြားကုန်သည်က စဉ်းစား၏၊ အင်း ငါတို့က အရင်သွားရင် လမ်းတွေမပျက်စီးခင် လမ်း
ကောင်းကောင်းမှာသွားရမယ်၊ ရေကြည်ကို သောက်ရ သုံးရမယ်၊ အသီးအရွက်တွေလည်း
သူတို့အရင် စိတ်တိုင်းကြ ခူးဆွတ်စားနိုင်မယ်၊ငါတို့နွားတွေဟာ မြက်များကိုလည်း ဦးဦးဖျား
ဖျားစားခွင့်ရမယ်၊ အထူးအားဖြင့် ရောင်းကုန်၏ပေါက်ဈေးကို မိမိတို့ စိတ်တိုင်းကျ ဈေး
ခေါ်၍ ရောင်းခွင့်ရမယ်၊ ဒါဆိုရင် …. ။ ယင်းသို့တွေး၍ တစ်ခြားကုန်သည်က သူအရင်သွား
မည်ဖြစ်ကြောင်း ပြောဆိုလေတော့၏။

ဘုရားလောင်းက စဉ်းစားနေ၏၊ .. အင်း ငါတို့က နောက်မှ သွားမယ်းဆိုရင် သူတို့ပြင်ပြီး
သား လမ်းကောင်းကို သွားရမည်၊ ရေလည်း အထူးရှာစရာမလို သူတို့ရှာပြီးသား တူးပြီးသား
ရေကို အရန်သင့် သုံးရုံပဲ( ရှေးခေတ် ခရီးသွားများသည် လမ်းခရီး၌ ရေရှိသော အရပ်ကို 
သင်္ကေတ တစ်ခုခုပြ၍ လမ်းညွှန်ထားလေ့ ရှိကြ၏ )၊  နောက်ပြီး သူတို့က ဟင်းရွက်ကြမ်း
တွေ စားရမယ် ၊ ငါတို့က နောက်မှ အသစ်ထွက်လာတဲ့ အရွက်နုနုတွေကို စားခွင့်ရမယ်၊
မြက်ဆိုရင်လည်း သူတို့နွားတွေက မြက်ကြမ်းတွေကို စားရမယ်၊ ငါတို့နွားတွေကတော့
အသစ်ပြန်ပေါက်တဲ့ မြက်နုနုလေးတွေကို စားရမယ်၊ နောက်ပြီး အရင်ဆုံးဈေးစကား
 ပြောရတာ (ဈေးများများခေါ်ဖို့ ) ၀န်လေးတယ်၊ နောက်မှ ရောင်းသူဆိုတော့ 
သူတို့ဖြတ်ပြီးသား ဈေးနဲ့ ရောင်းခွင့်ရမယ် ၊ …. ဒါဆို… ။

ကုန်သည်များသွားမည့် လမ်းကြောင်းသည့် ကန္တာရကို ကျော်ဖြတ်၍ သွားရမည့် ခရီးရှည်ဖြစ်
၏၊ ကန္တာရနှင့်ပါတ်သက်၍ ဗဟုသုတဖြစ်ဖွယ် တင်ပြလိုပါသေး၏၊ သူခိုးဓားပြများ ကြီးစိုးသော
စောရကန္တာရ၊ ခြင်္သေ့သစ်ကျားစသော တောကောင်များ ကြီးစိုးသော ၀ါဠကန္တာရ၊ အစားအစာ
ရှားပါးသော အပ္ပဘက္ခကန္တာရ၊ ဘီလူးများအုပ်စိုးသော အမနုဿကန္တာရ၊ ရေမရှိသော နိရုဒက
ကန္တာရဟူ၍ ငါးမျိုးရှိကြောင်း မှတ်တမ်းများ၌ ဖတ်ရှုရပါ၏၊

ယခုကုန်သည်များ သွားမည့်ခရီးသည် “ အမနုဿကန္တာရနှင့် နိရုဒကကန္တာရ ” ဖြစ်နေ၏၊ ယူဇနာခြောက်ဆယ် ( မိုင်ပေါင်း လေးရာရှယ့်ဆယ် “ တစ်ယူဇနာ ရှစ်မိုင်နှုံး ” ) ခရီးရှည်ကို
 ဖြတ်ကျော်၍ သွားရမည့် ကုန်သွယ်မှု ခရီးစဉ်ဖြစ်ပါ၏။
နှစ်ဦးသဘောတူ တူညီချက်ရပြီးသည်ဖြစ်၍ တစ်ခြားကုန်သည်သည် မိမိအခြံအရနှင့်အတူ 
လှည်းငါးရာတို့ကို ကုန်အပြည့်တင်ဆောင်ကာ ကုန်ရောင်းမှုခရီးစဉ် စတင်လေတော့၏။

ဤသို့ဖြင့် “ ဘီလူးများ ကြီးစိုးနေထိုင်သော အမနုဿကန္တာရ၊  ရေလုံးဝမရှိသော နိရုဒက
 ကန္တာရ ” နယ်ထဲသို့ပင် ရောက်လာပေပြီ၊ ခရီးရေတွက်ကြည့်လျှင် မိုင်ပေါင်း နှစ်ရာလေး
ဆယ်ပင်  ပေါက်ခဲ့ပြီးဖြစ်၏၊

နွားပျိုများ တပ်ယှဉ်ထားသော လှည်းယဉ်လေးတစ်စီး၊ ယင်းလှည်းယဉ်ပေါ်၌ ခေါင်းဆောင်ဟု
တင်ရသော လူငယ်၊ သူ့ဝန်းကျင်၌ ခေါင်းဆောင်လူငယ်ကို ခြံရံထာကာ လုံခြုံရေးတာဝန်ယူ
ထားကြသော လက်နက်ကိုင် လူငယ် တစ်ဆယ့်နှစ်ယောက် ၊ သူတို့သည်  ကြာညို ကြာဖြူ ကြာနီ ကြာပုဏ္ဍရိတ် ကြာပန်းမျိုးစုံတို့ကိုပန်ဆင်၊ ကြာစွယ် ကြာရင်း ကြာဝတ်များဆံများကို စားလျှက် ၊ ခြုံကြည့်လိုက်လျှင် သူတို့သည် ရေများစိုရွှဲ နေ၏၊ နွားများနှင့် လှည်းဘီများ ကြည့်ုလိုက်ပြန်တော့ ရွံ့ဗွက်များကို ဖြတ်ကျော်လာရသည်နှယ်ရွှံ့ ညွံ နွံများ  အလိမ်း လိမ်းကပ်လျှက်..

လှည်းငါးရာဖြင့် ကုန်ရောင်ကုန်ဝယ်သွားရသော ကုန်သည်ခေါင်ဆောင်သည် ၀န်မပါသော
လှည်းယဉ်ငယ်လေးကို စီးနင်းလိုက်ပါလျှက် လေကို ကြည့်၍ လိုက်ရ၏၊ ရှေ့မှ လေလာ သည်ဖြစ်အံ့၊ ရှေ့ဆုံးမှ သွား၍ အလုပ်အကျွေားများဖြင့် မြူမှုံများကို ဖယ်ရှားရ၏၊ ၊နောက်မှ လေလာသည်ဖြစ်အံ့။ နောက်ဆုံးမှနေ၍ မြူမှုံများကို ဖယ်ရှားရ၏။ ယခုအချိန်၌ လေသည်ရှေ့မှတိုက်ခပ်နေ သည်ဖြစ်၍ ရှေ့ဆုံးမှနေ၍ လှည်းယဉ်လေးစီးကာ ခရီးနှင်နေ၏။

လူအသွင်ပြောင်ထားသော ဘီးလူးအုပ်စုနှင့် ကုန်သည်အုပ်စုသည် ဆုံမိကြလေပြီး၊ ယင်းသို့
ဆုံအောင်လည်း ဘီလူးများက တမင်အကွက်ချ ထောင်ချောက် ဆင်ထားခြင်းဖြစ်၏။
သို့သော် ကုန်သည်အုပ်စုသည် ယင်းလူငယ်တစ်စုကို ဘီလူးများဟု မသိကြ၊ ဤသည်မှာ သူတို့အရေခြုံထားသည်ကို ဖေါက်ထွင်းသိမြင်နိုင်သည့် စွမ်းရည်မရှိခြင်းကြောင့်လည်း ဖြစ်ပါ၏၊ မိမိသွားနေသည့် ခရီးလမ်း၏ အထာကိုလည်း သတိမထားမိသောကြောင့်ဖြစ်၏၊

လူငယ်အုပ်စု ခေါင်းဆောင်မှ ကြာဝတ်ဆံ စားနေရင်းမှ လူမှုရေးစိတ်ဓာတ် အပြည့်အဝ
 ရှိသူအလား သူ့လှည်းကို လမ်းဘေးကပ်ရပ်ကာ ကုန်သည်ခေါင်းဆောင်ကို လှမ်း၍
 စကားစလိုက်၏။အမှန်အားဖြင့် ထောင်ချောက်ချလိုက်ခြင်းသာ ဖြစ်ပါ၏၊

အိုမိတ်ဆွေတို့ ဘယ်ကလာလို့ ဘယ်ကို သွားကြမှာပါလဲ….
ကုန်သည်ခေါင်းဆောင်သည်လည်း မိမိလှည်းယဉ်ကို လမ်းဘေးကပ်ရပ်ကာ . အော်. ကျနော်တို့ ဗာရာဏသီပြည်က လာကြတာပါ၊ ကုန်ရောင်းကုန်ဝယ်ကိစ္စနှင့် ခရီးသွားနေကြတာပါ၊
အော် ဒါနဲ့ မိတ်ဆွေတို့ကိုယ်မှာလည်း ရေမျာ စိုရွဲလို့ပါလား ၊ နောက်ပြီး ကြာပန်းတွေဆင်
ကြာဝတ်ဆံတွေစားလို့ ၊ ရွှံနွံများတောင် ပေပွလို့ပါလား။

အော် ..ဟုတ်ပါတယ် မိတ်ဆွေ၊ ဟို တောတန်း ညို့ညို့လေး လှမ်းမြင်နေရတယ် မဟုတ်လား၊
အဲဒီ တောတန်းကစပြီး ဟိုဘက်တစ်လျှောက်လုံးပါပဲ ၊ မိုးကောင်းလိုက်တာ၊ လမ်းမှာရှိတဲ့
ချောက်တွေ ကန်တွေလည်း ရေတွေပြည့်လို့ ကြာမျိုးစုံလည်း လမ်းတစ်လျှောက် ကန်တွေမှာ
ပေါမှပေါပဲ။ ကျနော်တို့ကိုသာ ကြည့်တော့လေ ၊ မိတ်ဆွေတို့ မြင်တဲ့အတိုင်းပါပဲ။
အော် ဒါနဲ့ မိတ်ဆွေတို့က ကုန်သည်တွေဆိုတော့ ဟိုလှည်းပေါ်က ရောင်းကုန်တွေ မှတ်တယ်၊
အော် ဟုတ်ပါတယ် ၊ ရောင်းကုန်တွေ အပြည့်ပါပဲ၊
ဒါနဲ့ နောက်ဆုံးနားက လှည်းတွေကတော့ နှေးနှေးကွေးကွေးဆိုတော့ ကုန်တော်တော် လေးပုံရတယ်၊
အော် .. အဲဒါက လမ်းမှာ ရေအခက်အခဲတွေ့နိုင်လို့ ရေတွေ တင်လာတဲ့ရေလှည်းတွေပါ၊
အော် အော်..၊ ဒီနယ်မရောက်ခင်အထိတော့ ရေတွေသယ်ဆောင်လာတာ ကောင်းပါတယ်၊
ဒါပေမဲ့ ဒီကရှေ့ ဆက်သွားရင် လမ်းတစ်လျှောက် ရေတွေ ပေါနေပြီဖြစ်လို့ ရေတွေကို အလေးခံပြီး
 ဆက်သယ်ယူစရာမလိုတော့ပါဘူး၊ နွားတွေလည်း ပမ်းလှပါတယ်၊ ရေတွေ သွန်သာ ပစ်လိုက်ပါတော့၊ ကျနောတို့က “ စေတနာ ” နှင့်ပြောတာပါ၊
ကဲမိတ်ဆွေတို့လည်း စကားပြောနေရတာနှင့် ခရီးနှောင့်နှေးနေပါ့မယ်၊ ကျနော်တို့လည်း
 ရှေ့ဆက်ပြီး ခရီးဆက်ရအုံးမှာမို့ သွားလိုက်ပါအုံးမယ် ..။

လူအရေခြုံထားသော ဘီလူးများသည် သူတို့ပြောချင်သည့် စကား (ထောင်ချောက် )များ
ပြောပြီးသည်ဖြစ်၍ လှည်းယဉ်လေးဖြင့် ဆက်ခရီးနှင်သွားကြလေပြီး၊ ကုန်သည်အုပ်စု မမြင်
နိုင်လောက်သည့်အရပ်ရောက်သောအခါ လူအရေခြုံထားသည်ကိုများ ခွါ၍ မိမိဌာနေ ဘီးလူးပြည်သို့သာလျှင် ပြန်သွားကြတော့၏၊ ဘီလူးများ ထောက်ချောက်ဆင်၍ ပြီးလေပြီး၊
ထောင်ချောက်မိ လူများကို မကြာခင် စားရပေတော့မည်ဟူသော စိတ်ကူးကိုယ်စီ သူတို့မှာ
ရှိနေလေပြီ… ။

ဤသို့ဖြင့် .. လူအရေခြုံထားသော ဘီလူးများ ထွက်ခွါသွား၍ မကြာမီမှာပင် . . …
အရပ်ဒေသ၏အခြေအနေနှင့် မိုးရိပ်လေရိပ်မျှကိုပင် မသိနားမလယ်၊ သူတစ်ပါး ပြောသမျှကိုသာ
 ခေါင်းညိမ့် ယုံလွယ်သော ( စူးစမ်းဆင်ခြင်ဥာဏ်မဲ့) ကုန်သည် ခေါင်းဆောင်သည်သူ့နောက်လိုက်
များကို အမိန့်ပေးလိုက်သည် ၊.. .....သူပေးလိုက်သော အမိန့်မှာ…

                                                                        ဆက်ရန်.   ကောင်းသစ်

No comments:

Post a Comment