.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Saturday, January 14, 2012

ကံကို ဖွင့်သော သော့


သူဌေးဖြစ်သော သူတောင်းစား ဇနီးမောင်နှံတို့သည် နေစရာအဖြစ် သူတစ်ပါး၏ အိမ်နံရံကို  မှီခို၍ စားစရာ အဖြစ် သူတစ်ပါး၏ ပေးကမ်းစာ အကျန်အကြွင်းကိုစား၍ အသက်ရှင်နေရ၏၊
နေ့ပေါင်းများစွာထဲမှ ထို့တစ်နေ့ဝယ် ကျောင်းတော် တံခါးပေါက်နားလာ၍ သံဃာတော်များ၏ စားကြွင်း စားကျန်ကို စောင့်မျှော်နေ၏၊ ကိုရင်များသည် သံဃာတော်များကျန်သော ဆွမ်းကျန်ဟင်းကျန်များကို စုယူ၍ ထိုသူတောင်းစား ဇနီးမောင်နှံတို့ကိုလည်း ဝေငှ၍ပေးနေ၏၊ ယင်းအဖြစ်ကို မြင်တော်မူရ၍  ရှင်တော်မြတ် ဘုရားက စဉ်းငယ်မျှ သွားပေါ်ရုံ ပြုံးတော်မူ၏ ၊
(ကရုဏာကို အရင်းတည်သော သံဝေဂပြုံး ဖြစ်တော်မူရာပါ၏ )။ ဘုရားရှင်၏ ပြုံးတော် မူခြင်းကို အလုပ် အကျွေးဖြစ်သောအရှင်အာနန္ဒာက တွေ့မြင်လိုက်သောကြောင့် ဘုရားရှင် အား ပြုံးတော်မူခြင်း၏ အကြောင်း ရင်းကို မေးလျှောက်သောအခါ  ဤသို့ မိန့်ကြား တော် မူခဲ့ပါ၏

အာနန္ဒာ . . .
    ဤသူတောင်းစား ဇနီးမောင်နှံတို့သည် တစ်ချိန်က ဗာရာဏသီပြည်၌ ကုဋေပေါင်း တစ်ရာ့ခြောက်ဆယ် ( အမျိုးသားဘက်မှ ကုဋေရှယ်ဆယ်၊ ဇနီးသည်ဘက်မှ ကုဋေရှယ်ဆယ် )ကြွယ်ဝချမ်းသာသော သူဌေးကြီး များဖြစ်ခဲ့ကြ၏၊ သို့သော် ပညာမတတ်သော ဇနီးနောင်နံတို့သည် အပေါင်းမှား၍ အပျော်အပါးဘက်၌သာ စိတ်ညွတ်ကာ မိမိတို့ပိုင်ဆိုင်သော စည်းစိမ်ဥစ္စာတို့ကို သုံးဖြုန်းခြင်းဖြင့် အချိန်ကုန်ခဲ့ကြ၏။ သူတို့၏အသိုင်း အ၀ိုင်းများသည်မူးယစ်သမားများနှင့်ပျော်တော်ဆက်ကချေသည်များသာ ဖြစ်ကြ၏၊
           ပေးနိုင်ကမ်းနိုင် ချွေနိုင်တုန်းအချိန်၌ အားလုံးက သူတို့ဇနီးမောင်နှံကို ရံ၍နေကြ၏၊ ပစ္စည်းများကုန်
ခမ်း၍ မချွေနိုင်သောအချိန်၌ အားလုံးက စွန့်ခွါ၍သွားကြ၏၊မည်သူမျှ မရံကြတော့ချေ။ ( အခြွေ အရံဟူ သည် ခြွေတုန်း၌သာ ရံရိုးဓမ္မတာဖြစ်သည်ကို သတိမူသင့်ပါ၏)။ယခုတော့ နေစရာ မရှိ၊ စားစရာ မရှိ  ၊ မှီခိုစရာ မရှိ၊ အားကိုးစရာ မရှိ။ ခွန်းအားနှင့်အလုပ်လုပ်ရန် အားအင်လည်း မရှိတော့၊ ငါးမရှိသော ရေအိုင်၌ အတောင်ကျိုး၍ မပျံသန်းနိုင်သော ကြိုးကြာအိုကြီးများကဲ့ မှိုင်တွေ၍သာ နေရတော့၏။

အကယ်၍သာ ဤသူဌေးသားသည် ပထမအရွယ် နုနယ်စဉ်က ပစ္စည်းများကို အရင်းတည်၍ ကြိုးကြိုးစား စားနှင့် စီးပွါးရေးလုပ်ငန်း လုပ်ကိုင်ခဲ့ပါမူ ဗာရာဏသီပြည်ဝယ် ပထမတန်းသူဌေး( အဂ္ဂသေဋ္ဌိ ) ဖြစ်နိုင်ပါ၏၊ အကယ်၍ ရဟန်းပြုခဲ့၍ ရဟန်းတရား ကြိုးစားအားထုတ်ခဲ့ပါမူရဟန္တာ ဖြစ်နိုင်ရာပါ၏၊ သူဌေးကတော်သည် အနာဂါမ်ဖြစ်နိုင်ရာပါ၏

အကယ်၍ ဒုတိယအရွယ်မှာ ( အသိတရား ၀င်၍ ) ပစ္စည်းဥစ္စာတို့ကို အကျိုးမဲ့မဖြုန်းတီးပဲစီးပွါးရေးလုပ်ငန်း တက်တက်ကြွကြွ လုပ်ကိုင်ခဲ့ပါမူ ဤဗာရာဏသီပြည်ဝယ် ဒုတိယတန်းစားသူဌေးဖြစ်နိုင်ပါ၏ ရဟန်းပြု၍ ကြိုးကြိုးစားစားနှင့် တရားအားထုတ်ဖြစ်ခဲ့ပါမူ အနာဂါမ်ဖြစ်နိုင်ပါ၏၊ သူဌေးကတော်ကြီးသည်မူ သကဒါဂါမ် -
ဖြစ်နိုင်ပါ၏။

အကယ်၍ တတိယအရွယ်မှာ ( နောင်တ တရားရ၍ ) ကျန်ရှိနေသေးသော ပစ္စည်းဥစ္စာတို့ကို အချည်းနှီး အကျိုးမဲ့ မကုန်ခမ်းစေပဲ စီးပွါးရေးလုပ်ကိုင်ခဲ့ပါမူ တတိယတန်းသူဌေးတော့ ဖြစ်နိုင်ပါသေး၏၊ ရဟန်းပြု၍ ကြိုးကြိုးစားစားနှင့် တရားဘာဝနာအလုပ် အားထုတ်ဖြစ်ခဲ့ပါမူ သကဒါဂါမ်အဆင့်တော့ ဖြစ်နိုင်ပါသေး၏။ သူဌေးကတော်ကြီးသည်လည်း သောတာပန် အဆင့်လောက်တော့ ဖြစ်နိုင်ပါသေး၏။

သို့သော် ယခုသော်ကား လောကီအလုပ် ( စီးပွါးရေး ) လောကုတ္တရာအလုပ် ( တရားဘာဝနာ ရှုမှတ် ပွါး များခြင်း)ဘာတစ်ခုမျှဝီရိယစိုက်၍မလုပ်ခဲ့သောကြောင့် လောကဘက်မှရော ဓမ္မဘက်ကပါ ဆုတ်ယုတ် ကာ  လောကသုခ ဓမ္မသုခ နှစ်ဘက်လုံးမှ ဆုံးရှုံးနစ်နာရတော့၏။

     ယခုသော်ကား  ငါးမရှိတော့သော ရွှံနွံအိုင်ဝယ် အတောင်ကြိုးသော ကြိုးကြာအိုကဲ့သို့ ဖြစ်ခြေတော့၏၊ အတိတ်က ( ပြန်လည်သုံးစွဲ၍ မရသော ) အရိပ်များကိုသာ တွေးရင်းတွေးရင်း စားမြုံပြန်ကာ ပူဆွေး မှုသော က များဖြင့်သာ ဘ၀နေ၀င်ချိန်ကို ဆင်းရဲစွာဖြင့် စောင့်စားနေရရှာတော့၏။


      ယင်းဝတ္ထုကို ထောက်ဆ၍ ကံရှိသော်လည်း ၀ီရိယကူမှ ချမ်းသာသုခ အကျိုးပေးခွင့်ရမည်၊ ပါရမီ ရှိသော်လည်း ၀ီရိယကူမှ မဂ်ဖိုလ်ရမည်ဟူသော အသိကို အထူးသတိပြုရာပါ၏။ထို့ကြောင့် မိမိ၏အတိတ်က ဆည်းပူးခဲ့သော “ ပါရမီ - ကံ ” ကို  ချမ်းသာသုခ အကျိုးပေးခွင့်ရအောင် ကိုယ်စီကိုယ်စီ “ ၀ီရိယ ” သော့ဖြင့် ဖွင့်နိုင်ကြပါစေဟု .. .. .. ။
                              ( အကျယ်ကို ရှုလိုမူ ဓမ္မပဒ မဟာဓနသေဋ္ဌိပုတ္တ၀တ္ထုကို လေ့လာဖတ်ရှုနိုင်ပါ၏ )။
                                                              
                                                              ပြီးပါပြီး     ကောင်းသစ်


No comments:

Post a Comment