အရှင်အာနန္ဒာသည် ရဟန်းတော်ငါးရာနှင့်အတူ မင်းနန်းတော်သို့ ကြွတော်မူ၍ဆွမ်းဘုဉ်းပေးပြီးတိုင်း အနုမောဒနာတရား ချီးမြှင့်တော်မူ၏ရံဖန်ရံခါ သာမာဝတီတို့မေးလျှောက်သည့် ဘာသာရေးပုစ္ဆာများကိုလည်း စိတ်ရှည်စွာ ရှင်းရှင်း လင်းလင်း သိသည်အထိ ဖြေကြားတော်မူ၏
အရှင်အာနန္ဒာဟူသည် သာသနာတော်၌ “ ဧတဒဂ် ငါးခု ” ဆွတ်ခူးရရှိတော်မူသည့် ဧတဒဂ်အများဆုံးရ မထေရ်မြတ်ဖြစ်၏။ဤသို့ဖြင့် သာမာဝတီ နှင့်ရံ ရွှေတော် များအဖို့
“ ဒါန သီလ ဘာဝနာ ”ကိုသိုလ်များ နေ့စဉ် တိုးပွါးနေပေတော့၏။
မာဂဏ္ဍီ မိဖုရားကြီးသည် သူမမြင်လိုသည့် “ သမဏ ” များကို မမြင်ချင်အဆုံး မြင်နေရ၏၊ယင်းသို့ မြင်နေရခြင်းသည် သမဏတွေအပေါ် ထားရှိသည့် “ သူ့အ မုန်း ” ကိုဆွပေးသည်နှင့် တူနေ၏၊သူ၏ အမုန်းမီးတောက်ကို လောင်စာဆီ ဖြည့်ပေးသလို
ဖြစ်နေ၏( တစ်ဖက်မှာ ကုသိုလ်များသလောက် သူ့အတွက်တော့ အကုသိုလ်ပွါးနေ၏)
အာဃာတ ရန်ငြိုးကြောင့် ဖြစ်ပေါ်နေသော သူ့အမုန်းတရားသည် “ နေမြင့်လေ
အရူးရင့်လေ ” ဆိုသလို ကြာလေ ဆိုးလေ တိုးလေ ဖြစ်နေတော့၏
သာမာဝတီတို့ကို ဘုရင်မင်းအသုံးချပြီး လုပ်ကြံဖို့ မလွယ်ကူမှန်း သူလက်တွေ့သိသွား
ပြီး ဖြစ်၏၊ ထို့ကြောင့် ဟာကွက်ကို ရှာ၏၊ ပျော့ကွက်ကို ကြည့်၏အခြေအနေနှင့် အချိန်အခါကို မလွတ်တန်း အမြဲ စောင့်ကြည့်နေ၏တစ်နေ့ ဘုရင် ဥတေန တောက စားထွက်မည့်အကြောင်း သူ သိသွား၏သူ့ဦးလေးကို ကြိုတင်အစီအစဉ် လုပ်ခိုင်းထား၏ ဘုရင်မင်းကြီး တောကစားထွက်သည်နှင့်တစ်ပြိုင် သူတို့ လုပ်ငန်းစကြ၏၊ သူတို့လက်ချက်ကြောင့်သာမာဝတီတို့အားလုံး နန်းမဆောင်နှင့်အတူပြာပုံဘဝ
ရောက်သွား၏၊ ပူလောင်သော မီးတောက်မီးညွှန့်တို့သည် မာဂဏ္ဍီ၏ ရင်ကို အေးမြ
စေ၏၊သူ ဖြစ်ချင်တာ ယနေ့ ဖြစ်ရပြီးမဟုတ်ပါလား၊သူမြင်ချင်သောသူတို့၏ ပျက်စီး
ခြင်းကို ယနေ့ သူမြင်တွေ့နေရပြီး မဟုတ်ပါလား၊(အမုန်းကြောင့်ဖြစ်သောအပြုံးပန်းများ မာဂဏ္ဍီရင်ထဲ၌ ဝေနေတော့၏ )
အတိတ် အရိပ်သည် သူ့ရင်မှာ အမြဲထင်ဟပ်နေ၏၊ ယခု ဘုရင်မင်းကြီးက ပြောနေ ပြန်ပြီး ၊ သာမာဝတီတို့ ရှိတုန်းက သူ အထိတ်တလန့်နှင့်အချိန်တွေကုန်လွန် ခဲ့ရ တယ် တဲ့၊ ယခုမှ သူ့ဘ၀ဟာ ကျော့ကွင်းလွတ်သမင် ပိုက်ကွန်လွတ်ငှက်လို လွတ်လပ်မှု ချမ်းသာ အပြည့်ရှိတော့တယ်တဲ့။
(ဒါဆို သူအရင် သာမာဝတီတို့အပေါ် လိုက်လျောခဲ့တာတွေဟာ စိတ်ပါလို့ မဟုတ်ပဲ ၀တ်ကျေတန်းကျေ အနေနှင့်သာ လိုက်လျောခဲ့တာဖြစ်မယ်၊မာဂဏ္ဍီသည် မိမိထင်ရာ ဆွဲတွေးနေခြင်းဖြစ်၏)
သာမာဝတီတို့အုပ်စုကို လုပ်ကြံသူဟာ သူ့ကို အမှန်တကယ် ချစ်မြတ်နိုးသူ သူ့အကျိုး
ကို အမှန်တကယ်လိုလားသူသာ ဖြစ်လိမ့်မယ်တဲ့လေ။ ဒီနေ့ဟာ ငါ့အတွက် အောင်
မြင်မှု သရဖူ ဆောင်းတဲ့နေပဲ၊
( သူအောင်မြင်သည် ထင်သောနေ့သည် သူ့ဘ၀နှင့် သူ့အသိုင်းအ၀ိုင်းတစ်ခုလုံး
ကျဆုံးသည့်နေ့ ဖြစ်နေသည်ကိုတော့ သူမသိရှာသေးပေ ) ထို့ကြောင့် သူသည် အောင်မြင်သူတို့ဟန် အောင်မြင်သူတို့မာန်ဖြင့် ၀င့်ဝင့်ကြွားကြွား ဘုရင် မင်းတြားကို လျှောက်ထားတော့၏၊သာမာဝတီတို့ကို လုပ်ကြံသူဟာ ဘယ်သူဖြစ်မလဲ နှမတော့ပေါ့ ၊ ဟောဒီက နှမတော်လေး မာဂဏ္ဍီလေ မောင်တော် မင်းကြီးရဲ့၊ တစ်ခြားသူ ဘယ်လူ ဒီလိုလုပ်ရဲပါ့မလဲ၊ လုပ်ရဲတဲ့သတ္တိ ရှိပါ့မလား၊ သူသည် ကြိုတင် ကြံစည်ခဲ့ပုံများကို
အစအဆုံး စိတ်ပါလက်ပါ ဘုရင်မင်းကြီးကို ပြောကြားနေတော့၏၊
ဘုရင်မင်းကြီး ပြုံးနေ၏၊ မိဖုရားကြီးလည်း ပြုံးနေ၏သို့သော်“ အပြုံးချင်းတော့ မတူ ကြပေ၊မိဖုရားကြီး အပြုံးကား အောင်နိုင်သူတို့၏အပြုံး၊ ဘုရင်မင်းကြီး၏ အပြုံးကား --
ဘုရင်မင်းကြီးအပြုံးကား ရန်သူကို တိတိကျကျ မိမိရရ သိခွင့်ရသောကြောင့်“ ပြုံးခြင်း ” ဖြစ်၏။သို့သော် ၀မ်းသာဝမ်းနဲ ရောနေသောကြောင့် “ မချိပြုံးသာ ” ပြုံးနိုင်၏၊ လုပ်ကြံ
သူကို သိခွင့်ရ၍၀မ်းသာရသော်လည်း သွားလေသူ မိဖုရားခေါင်ကြီးကို သတိယ လိုက်ပြန်တော့ ၀မ်းနည်းသွားရပြန်၏၊ အကယ်၍ မိဘုရား ခေါင်ကြီးသာ ရှိနေလျှင်
ရန်သူကို မိသော်လည်း သိသော်လည်း “ ရန်ကိုရန်ချင်း မတုန့်လျင်းနှင့် ”ဟု ဓမ္မလမ်းညွှန်ချက်များ သေချာပေါက် ပေးနေပေလိမ့်ဦးမည်။
ယခုတော့ … ….. သြော် မိဖုရာခေါင်ကြီး အစီအစဉ်ကိုး၊ ဒါကြောင့်လည်း မိဖုရားခေါင် ကြီးကို သိပ်ချစ်ပြီး သိပ်အားကိုးနေရတာပေါ့။ ဒီကရှေ့ဆို ဘာပဲလုပ်လုပ် မိဖုရားခေါင်ကြီးရဲ့ အကြံဥာဏ်ကိုပဲ မောင်တော် ယူရတော့မှာပေါ့။အခုလည်း မောင်တော်ဘုရင်မင်းကြီးကို ချစ်တဲ့ မြတ်နိုးတဲ့ မောင်တော်ဘုရင်မင်းကြီးအကျိုးကို အမြဲလိုလားသူဖြစ်တဲ့ ဟောဒီက မိဖုရားခေါင်ကြီးကို “ အထူးဆု ” ထိုက်ထိုက်တန် တန် ချီးမြှင့်မယ်၊ မိဖုရားခေါင်ကြီးကိုသာမက ဆွေတော်မျိုးတော်မှန်သမျှကိုလည်း ထိုက်ထိုက်တန်တန် မောင်တော် ချီးမြှင့်ချင်တယ်၊ ဒါကြောင့် မိဖုရားခေါင်ကြီးရဲ့ ဆွေမျိုးမှန်သမျှ အကုန်ခေါ်ခဲ့ပါ၊(မာဂဏ္ဍီမိဖုရားကြီးသည် ၀မ်းသာလွန်း၍ မျက်ရည်များ တောင်
ကျနေပေ၏၊ သူ့အနေဖြင့် ၀မ်းသာမျက်ရည်ဖြစ်၏၊သို့သော် မကြာခင် ယင်း
မျက်ရည်တို့သည် ၀မ်းအနည်းရဆုံးမျက်ရည်စက်များအဖြစ် ပြောင်းလွဲသွားမည်ကို သူမသိရှာလေတကား )
နန်းတော်ထဲ၌ မိဖုရားခေါင်ကြီးမာဂဏ္ဍီနှင့် ဆွေတော်မျိုးတော်များ အောင်ပွဲခံ ပျော်ရွှင် နေကြ၏ ပန်းနံ့သာ အ၀တ် အစားအသောက် ရတနာ လိုအပ်တာမှန်သမျှ ဘုရင်မင်း
ကြီးက မလိုရအောင် “ ဖြည့်ဆည်းပေး ” နေ၏၊ ဆွေမျိုးမတော်သူများလည်း ယင်းမြင် ကွင်းကို မြင်တွေ့ရသောအခါ အားကျလာ၏၊ ဆွေမျိုးတော်စပ်သူ မဟုတ် ပါပဲ သူတို့လည်း မိဖုရားခေါင်ကြီးမာဂဏ္ဍီ၏ ဆွေမျိုးများပါဟု ဆိုင်ရာလာဘ်ထိုး၍ ဆွေမျိုး အမည်ခံကာ အောင်ပွဲ ပျော်ပွဲပါဝင်ဆင်နွှဲနေကြ၏၊
သူတို့ အပျော်ကြီး ပျော်နေကြ၏၊ထိုအချိန် ဘုရင်မင်းကြီးသည် “ ထင်မှတ် မထားသော အမိန့်တော်တစ်ခု ” ချမှတ်လိုက်လေ၏၊ မာဂဏ္ဍီနှင့်တစ်ကွ ဆွေမျိုးအားလုံးကိုတစ်
ယောက် မကျန် ဖမ်းချုပ်စေ၊ တစ်ချက်လွတ် အမိန့်တော် ။
မာဂဏ္ဍီ မိဖုရားကြီး ထိတ်လန့်သွား၏ ပျော်ခဲ့သမျှ အပျော်မှန်သမျှသည် ကြက်ပျောက်
ငှက်ပျောက် ပျောက်ကုန်တော့၏၊ မောင်တော် နှမတော်ကို “ ကြည်စားနေတာ ” လား မောင်တော်မင်းကြီးဘုရာ့၊ ဥတေနဘုရင်မင်းကြီးသည်မချိပြုံးပြုံးလိုက်၏၊ကြည်စားနေ
တာ မဟုတ်ဘူး မာဂဏ္ဍီ ၊“ ကြေကွဲနေတာ ကြေကွဲနေတာ ” ၊
ဘုရင်မင်းကြီး၏ အသံသည် ဒေါသကြောင့် ဟိန်းထွက်နေ၏။ အစထဲက မိဖုရား
ခေါင်ကြီး လက်ချက်ဖြစ်မယ်ဆိုတာ မောင်တော် သိပြီးသား ခန့်မှန်းပြီးသား၊ (မိဖုရားကြီးကသာမာဝတီအပေါ်မောင်တော် အထင်အမြင် လွဲမှားအောင် လုပ်ကြံ ဖန်တီးမှုအတိတ်က အရိပ် ရှိနေတယ်လေ) ဒါပေမဲ့ လက်ပူးလက်ကြပ် သက်သေ အထောက်အထားနှင့် သိချင်လို့ ဖမ်းချင်လို့ ပရိယာယ်ဆင်နေတာ မိဖုရားကြီးက
မရိပ်မိပဲကိုး၊ မိဖုရားခေါင်ကြီး သာမာဝတီတာ အဆင်းရော အချင်းရော ပြည့်စုံတဲ့ မိဖုရားခေါင်ကြီးဖြစ်တယ်၊သူဟာ အဆင်းလှပေမဲ့ မာန်မတက်ဘူး၊ အာဏာရှိပေမဲ့ မမောက်မာဘူး၊ ချမ်းသာပေမဲ့ မမော်ကြွားဘူး၊ သခင်ဖြစ်ပေမဲ့ ငယ်သားရံရွှေတော် တွေအပေါ်အကြင်နာမမဲ့ဘူး၊ သူနှလုံးသားမှာ“ ခန္တီ မေတ္တာ - ကရုဏာ ” တရား တွေသာအမြဲတန်း ကိန်းနေတယ်လေ၊
အဲဒီလို ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံနေတဲ့ မိဖုရားခေါင်ကြီးကို အသင်မိဖုရားကနန်းမ ဆောင်ကြီးနှင့် အတူ ရက်ရက်စက်စက် အပေါက်ပိတ် “ မီးရှို့ ” သေစေခဲ့တယ်လေ၊ မိဖုရားခေါင်ကြီး သာမာဝတီိကို ရှို့လိုက်တဲ့မီးဟာ မောင်တော်ဘုရင် မင်းရဲ့ နှလုံး
သားအထိ လောင်မြိုက်နိုင်တယ်ဆိုတာ မိဖုရားကြီး မသိဘူးလား၊မတွက်မိဘူးလား။ မောင်တော်ကို အမှန်တကယ် ချစ်မြတ်နိုးတယ်ဆိုရင် မောင်တော်ချစ်တဲ့
သူအားလုံးကို ချစ်နိုင်ရမယ်ပေါ့ . ခုတော့ ..။
အာဏာသာများသည် မိဖုရားကြီးနှင့်တကွ ဆွေတော်မျိုးတော်အားလုံးကို ဖမ်းဆီး လိုက်လေပြီး၊မိဖုရားကြီး၏ မျက်ဝန်း၌ မျက်ရည့်များ စိုနေတော့၏ ၀မ်းသာမှုနေရာ ၀မ်းနည်းမှုက ၀င်ရောက် အစားထိုး နေရာယူနေလေပြီ၊ ဘုရင်မင်းကြီး၏ စီရင်ချက်ကို စောင့်စားနေရုံမှတစ်ပါး သူ ဘာမှ မတတ်နိုင်တော့(အသနားခံ တောင်းပန်၍လည်း
ရတော့မည်မဟုတ်မှန်း သူ့အပြစ်ကြည့်၍ သူသိလေပြီ )
ဘုရင်မင်းကြီးသည် အမိန့်တော် ချမှတ်လိုက်၏၊ မာဂဏ္ဍီမှတစ်ပါး သူ့ဆွေတော် မျိုး တော်အားလုံးကို ခါးလောက်နက်သော တွင်းထဲ၌ ထိုင်စေကာ မြေမြှုပ် . ထို့နောက်
အပေါ်မှ ကောက်ရိုးများ ဖုံးအုပ်က မီးရှို့စေ . ပြီးလျှင် သံထွန်သွားဖြင့် အားလုံးကို အပိုင်းအပိုင်းပြတ်အောင် တစ်စစိ တစ်စစီဖြစ်အောင် ထွန်ယက်စေ။
မာဂဏ္ဍီအတွက် သီးသန့်အမိန့်တော် (မာဂဏ္ဍီသည် အားငယ်စွာ နားစွင့်နေရှာ၏
မိဖုရားခေါင်ကြီး ဖြစ်ခဲ့ဘူးသူမို့ သက်ညှာသောအားဖြင့် သူ့ကိုတော့ စီရင်ချက်
ချလိမ့်မည်ဟု တွေးနေမှိ၏၊ သို့သော် ) မာဂဏ္ဍီ၏ ခန္ဓာကိုယ် ဆူဖြိုးသော အရပ်မှ
အသားများကို ဒါးထက်ထက်ဖြင့် ပါးပါးလှီးယူကာ မီးဖိုပေါ်တင် ဆီအိုးကင်း၌ ထည့်
ကာ မုံ့ကြာ်သလို “ ကြော် ” စေ၊ ယင်းအသားကြော်များကို မာဂဏ္ဍီကို ပြန်ကြွေးစေ .တစ်ချက်လွတ် အမိန့်တော်၊ (ဘုရင်မင်းကြီသည် သာမာဝတီအပေါ် အချစ်ကြီး၍
လုပ်ကြံသူ မာဂဏ္ဍီအပေါ် အမုန်းကြီးသွားခြင်းဖြစ်၏ ) မာဂဏ္ဍီသည် လုံးဝ ထင်မထား
သော အမိန့်တော်ကို ကြားလိုက်ရသောအခါ တုန်လှုပ်သွား၏အသားများပင် တဆပ်
ဆပ် တုန်လာ၏၊ကြောက်လန့်မှု ၀မ်းနည်းမှု မျက်ရည်ပေါက်ကြီးငယ်တို့ မျက်နက်ဝန်းမှ ယိုစီးကြနေလေပြီ၊ တစ်ရှိုက်ရှိုက် ငိုသံသဲ့သဲ့ကိုလည်း ကြားနေရ၏၊ထိုစဉ်မှာပင် လက် မရွံအာဏာသားများသည် မာဂဏ္ဍီကို ကြမ်းတမ်းစွာ ဆွဲငင်သွားကြ၏၊ ထို့နောက်တော့ ..
ရဟန်းတော်များသည် ဓမ္မသဘင်၌ “ သာမာဝတီကဲ့သို့ အပြစ်ကင်း၍ ဓမ္မကိန်းသော အမျိုးသမီးတစ်ယောက် မီးလောင်၍ သေဆုံးရခြင်းသည် မသင့်တော် ” ဟု ပြောဆို နေ ကြ၏၊တစ်ချို့ ရဟန်းတော်များက သနားကြ၏၊တစ်ချို့ရဟန်းတော်များက“ သံဝေဂ ” ဖြစ်တော်မူကြ၏။ထိုအချိန် ရှင်တော်မြတ်ဘုရား ကြွလာတော်မူ၍ “ ဘာစ ကားများ ” ပြောနေကြတာလဲဟု ( စကားစရန်အတွက် ) မေးတော်မူလိုက်၏၊ရဟန်းတော်များက သာမ၀တီကဲ့ သို့ သဒ္ဓါတရားနှင့်ပြည့်စုံ၍ ဓမ္မကိန်းသော အမျိုးသမီးတစ် ယောက်
ယခုကဲ့သို့ မီးလောင်၍ သေဆုံးရခြင်းသည် မသင့်တော်ဟု ပြောဆိုနေကြပါသည်
ဘုရားဟု လျှောက်ထားကြ၏၊
ထိုအခါ ရှင်တော်မြတ်ဘုရားက ဤဘ၀တစ်ခုတည်း ကွက်ကြည့်လျှင်တော့မသင့်တော်
ဟု ထင်နိုင်စရာရှိ၏၊ သို့သော် သံသရာက သူတို့ပြုခဲ့သော “ ကံ ”အကြောင်း တရား ပြန်ကြည့်လျှင် သူတို့ “ ၀ဋ်ကြွေးပေးဆပ်ရခြင်း ” ဖြစ်၏ဟုမိန့်တော်မူ၏၊ သတ္တ၀ါ တို့
သည် သံသရာကျင်လည်စဉ်ကာလအတွင်း ကောင်း မှု များကို ပြုခဲ့ကြသလို မကောင်း
မှုများ ပြုခဲ့ကြသည်လည်း ရှိခဲ့ကြ၏၊ထို့ကြောင့် သံသရာကျင်လည်သူ မှန်သမျှသည် “ ချမ်းသာ ဆင်းရဲ ” ခံစားကြရစမြဲဖြစ်၏၊
မဟာကရုဏာရှင် ရှင်တော်မြတ်ဘုရားသည် ရဟန်းတော်များအားသူ့တို့၏ ဘ၀နောက် ကြောင်း(အတိတ်ကအရိပ်)ကို ပြန်ပြောင်းဟောပြတော်မူ၏၊ဗာရာဏသီပြည် ဗြဟ္မဒတ်
မင်း ထီးနန်းစိုးစံစဉ်က ဖြစ်၏
ဘုရင်မင်းကြီး၏ ပင့်လျှောက်ချက်အရ ပစ္စေကဗုဒ္ဓ အရှင်မြတ် ( ၈ ) ပါးတို့သည်မင်းနန်း တော်သို့ အမြဲဆွမ်းဘုဉ်းပေးကြွတော်မူ၏ ၊မိဖုရားနှင့်ရံရွှေတော် ငါးရာ တို့က ဂရုစိုက်၍ ဆွမ်းဘောဇဉ်များ ပြင်ဆင်ဆက်ကပ် လှူဒါန်းကြရ၏၊တစ်နေ့ ပစ္စေက ဗုဒ္ဓါ အရှင်မြတ်
- ၇ - ပါးတို့သည် မိမိတို့ အမြဲသတင်းသုံးရာ ဟိမ၀န္တာသို့ သို့ ပြန်ကြွတော် မူကြ၏၊ ပစ္စေကဗုဒ္ဓအရှင်မြတ်တစ်ပါးသည် မြစ်ကမ်းနလေး “ ခြုံပုတ် ” တစ်ခု၌ ၀င် ရောက် သီတင်းသုံးလျှက် “ ဈာန်သမာပါတ် ” ၀င်စားတော် မူနေ၏၊
ဗြဟ္မဒတ်မင်းကြီးသည် ပစ္စေကဗုဒ္ဓါအရှင်မြတ်များ ပြန်ကြွသွားကြပြီးဖြစ်၍ မိဖုရား
အခြံအရံငါးရာကို ခေါ်၍ မြစ်ထဲ၌ “ ရေပက်တမ်း ” ကစားကြ၏၊ မိဖုရားများသည် အချိန်လည်းကြာ ချမ်းလှပြီလည်းဖြစ်၍ မြစ်ကမ်းပေါ်သို့ တက်၍အအေး ဒါဏ်ကာ
ကွယ်
ရန် မီးဖိုဖို့ ထင်းခြောက် မျက်ခြောက်များကို ဟိုဟို ဒီဒီ ကြည့်ရှုရှာဖွေကြ၏၊ ထိုအခါ မြစ်ခြောက်ခြုံပုတ်တစ်ခု မြင်တွေ့ရ၍ အအေးဒါဏ် ကာကွယ်ရန် “ မီးရှို့”လိုက်ကြ၏။ မျက်ခြောက်များ မီးလောင်ပြီးသောအခါ အရှင်ပစ္စေကဗုဒ္ဓါအရှင်မြတ်ကိုမီးလောင်
ပြင်ထဲ“ ဘွားကနဲ ” တွေ့မြင်ရတော့၏၊ထိုအခါ သူတို့ကြောက်လန့်သွားကြ၏၊ မင်းကြီး
များ ဒီကိစ္စ အကယ်၍သိသွားလျှင် .. သူတို့ ဆက်မ တွေးဝံ့ကြ၊ အကြောက် လွန်၍ သူတို့သည်“ မလုပ်သင့်သည်ကို လုပ်လိုက်ကြ၏၊ ” ၊ထင်းခြောက်များ ထပ်ရှာ၍ အရှင် မြတ်အပေါ်သို့ စုပုံလိုက်ကြ၏၊ အရှင်မြတ်ကို အမြစ်ပြတ် မီးရှို့လိုက် ကြခြင်းဖြစ်၏၊
ထို့နောက် သူတို့ ထွက်ခွါသွားကြတော့၏၊“ ကံ - ဟူသည်မှာ စေတနာကို ခေါ်
ဆိုခြင်းဖြစ်၏ ”၊သူတို့သည် ပထမ မြက်ခြောက်ခြုံပုတ်ထင်ကာ မီးရှို့စဉ်က စေတ
နာမပါ၍ “ ကံ ”မမြောက်ပေ၊ သို့သော် ပစ္စေဗုဒ္ဓါအရှင်မြတ်ကို မြင်တွေ့ သော အခါ
မိမိတို့ကို ဘုရင်မင်းကြီးက ပြစ်ဒါဏ်စီရင်မည့်အရေး မျှော်တွေးကြောက်လန့်ကာ
မီးလောင် စေလိုသော စေတနာခြင့်ကြောင့်ကြစိုက်၍ အားထုတ်မိခြင်းကြောင့် “ ကံ ” မြောက်သွားလေတော့၏၊ သမာပါတ်ဝင်စားစဉ်ကာလအတွင်း ထင်းအစည်းပေါင်း
တစ်သိန်းမျှ မီးတင်ရှို့သော်လည်း အရှင်မြတ်ကို အခိုးမျှတောင် ဟပ်နိုင်မည်မဟုတ်ပေ၊
( ဤသည်မှာ သမာပါတ်၏ ထူးခြားမှု စွမ်းရည်ပင်ဖြစ်၏၊ )ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည်
- ၇ - ရက်မြောက်သောနေ့၌ သမာပါတ်မှ ထတော်မူ၍ ချမ်းသာစွာပင်( ဟိမ၀န္တာသို့ ) ကြွသွားတော်မူလေ၏၊
မိဖုရားနှင့်အခြံအရံအမျိုးသမီးငါးရာတို့သည် ထိုစေတနာပါသော “ အကုသိုလ် ကံ ”
တရားကို ပြုမှားခဲ့ခြင်းကြောင့် အနှစ်တစ်သိန်း ငရဲ၌ ခံစားကြရ၏၊ ငရဲမှလွတ်လာသော
အခါ ကံကြွင်းအနေအားဖြင့် ဘ၀ငါးရာမီးဘေးသင့်၍ ဘ၀ကူး ကြရ၏၊ဤသည်မှာ သူတို့ပြုခဲ့သော အတိတ်က အကုသိုလ်ကံပင်ဖြစ်၏
မျက်မြင်အားဖြင့် သာမာဝတီမိဖုရားခေါင်ကြီးနှင့်ရံရွှေတော်ငါးရာတို့ကို မာဂဏ္ဍီ မိဖုရား
ကြီးက မီးရှို့သည်ဟု မြင်ရ၏၊ သူတို့သည် ဘ၀၏ “ ဓားစာခံ ” အဖြစ် ကြားဝင် သရုပ်ဆောင်လိုက်ကြရခြင်း ဖြစ်၏၊အမှန်အားဖြင့် သာမာဝတီတို့၏ အတိတ်က
ပြုခဲ့သော “အကုသိုလ်ကံကြမ္မာ၏”၀ဋ်ကြွေးကို သူတို့ ပြန်လည် ပေးဆပ်ရခြင်းသာ ဖြစ်ပါ၏၊၀ဋ်ကြွေးကြမ္မာဟူသည် ပြေး၍ လွတ်ရိုးထုံးစံ မရှိချေတကား။
ပြီးပါပြီး။ ကောင်းသစ်