.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Friday, June 24, 2011

ထိသူကိုမှ ထိခြင်း . ၂

သို့သော် ရဟန်းတော် ခွေးလက်မှ လွတ်သွားသည်ကို ကောကခွေးမုဆိုးက မကျေမနပ်ဖြစ်နေ၏၊ ခွေးများ သည် သစ်ပင်ပေါ်သို့မတက်နိုင်၍အပေါ်မော့ကာသာ ဟောင်၍သူတို့သခင်ကို စောင့်မျှော်နေကြ၏၊ ဘယ် ဘက်ခုန်ပြေးပြေး မလွတ်ရအောင် ကျွမ်းကျင်နေပြီးဖြစ်သော တောလိုက်ခွေးများက သစ်ပင်ကို ၀န်းရံ၍ ထားကြ၏

ကောကခွေးမုဆိုးသည် သစ်ပင်အောာက်သို့ ရောက်လာပေပြီ။လက်လှမ်း၍ မမှီတမှီ မျှားတံဖြင့်လှမ်းထိုးလျှင်
ကောင်းကောင်းမှီနိုင်သော အမြင့်ပမာဏဖြစ်နေ၏၊မုဆိုးက သစ်ပင်ပေါ် မော့ကြည့်ရင်း ကြုံးဝါးလိုက်၏ သစ်ပင်ပေါ်တက်ပြေး၍ ခွေးလက်မှလွတ်သော်လည်းငါ့လက်မှလွတ်မည်မဟုတ်၊ ပြောပြော ဆိုဆိုပင် အသင့် ပါလာသော ချွန်မျှအောင် သွေးထားသော မျှားချွန်ဖြင့် ရဟန်း၏ ခြေဖ၀ါးပြင်ကို ထိုးဆွ လေတော့၏၊ ရဟန်းတော်သည် ဤသို့ မပြုရန် တောင်းပန်ရှာ၏၊ သို့သော် ဒေါသအဆိပ်မွန်နေသော မုဆိုးသည် ရဟန်းတော်၏ စကားကိုဂရုမစိုက်ချေ၊ ရဟန်းတော် ပျက်စီးရေးကိုသာတွေး၍တွေး၍ ခြေဖ၀ါးကို မျှား ချွန်မြမြဇြင့် အားရပါးရ ထိုးဆွကာနေတော့၏၊

ရဟန်းတော်လေးသည် မျှားဒဏ်ကို သည်းမခံနိုင်တော့၍ ဒုတိယခြေတဖက်ကို ပြောင်းကာ အောက်သို့ တွဲလဲချလိုက်၏၊ ယင်းခြေထောက်ကိုလည်း မျှားဦးချွန်ခွန်ဖြင့်ထိုးဆွနေပြန်၏၊ ဤသို့ဆိုလျှင် ခွေးများဝန်း ရံနေသော လက်ခုပ်တစ်ဖေါင်သာသာရှိ သစ်ပင်ထက်ဝယ် ခြေထောက်တစ်ဖက် တွဲလဲချကာနေသော အပြစ်ကင်းစင်သော ရဟန်းတော်တစ်ပါး၏ ခြေဖ၀ါးကို ကြမ်းတမ်းသော အကြင်နာမဲ့သော ရက်စက်သော လူစိတ်မရှိသော သွေးစွန်းသောလက် သူတစ်ပါးအသက်ဖြင့် အသက်မွေးနေသော ကောကခွေးမုဆိုးက  မညှာမတာ ရက်ရက်စက်စက် သွေးများယိုထွက်သည့်တိုင် အားမရနိုင်ပဲ ဆက်ကာဆက်ကာ မျှားဦး ချွန်ချွန်ဖြင့် ထိုးဆွနေသည့် - အကြင်နာမဲ့ ပုံရိပ် ပန်းချီကား - ကို စာရှုသူများ မြင်နိုင်လောက်ပေပြီ၊

ရဟန်းတော်၏ ခြေနှစ်ဖက်သည် မျှားချက်ကြောင့် ဓားထက်ထက်ဖြင့် အမွမ်းခံရသလို အစိပ် အမွှာမွှာ ဖြစ်နေပေပြီး၊ ခြေဖ၀ါးပြင်များလည်း မီးဖြင့်မြှိုက်သလိုက် ပူလောင်လှပေပြီး၊ ခြေဖ၀ါးပြင်မှ တစ်ဆင့် ခန္ဓာ ကိုယ် တစ်ကိုယ်လုံးပင် အပူဓာတ်ကား ကူးစက်လာပေပြီး၊ ရဟန်းတော်၏ တောင်းပန်စကား မုဆိုး နားမှာ လုံးဝ လုံးဝ မ၀င်တော့။မျှားဖြင့်ထိုးဆွမှုဒဏ်ချက် ကာယိကဒုက္ခဝေဒနာ၏ထိုးနှက်ချက်ကြောင့် မိမိ ၀တ်ရုံ ထားသော အပေါ်ရုံသင်္ကန်းကိုပင် သတိမထားနိုင်တော့၊ ဝေဒနာကို အလူးအလဲ ကြိတ်မှိတ်ခံနေရ၏၊ အပေါ်ရုံသင်္ကန်းသည် ခန္ဓာကိုယ်မှလျော၍ အောက်သို့ ကျသွားသည်ကိုပင် သတိမထားနိုင်တော့၊ထိုအခါ  အောက်သို့လျောကျသွားသောသင်္ကန်းသည် ကောကခွေးမုဆိုးကိုလွှမ်းခြုံလိုက်သလို ဖြစ်သွားတော့၏၊ တော
လိုက်ခွေးများ အမြင်မှားလေပြီး၊ ( ဤသည်မှာ ကံကြမ္မာ၏ရိုက်ချက်လဲ ဖြစ်နိုင်ပါ၏၊ ) သင်္ကန်းကျလာ သည်ကိုလည်း မြင်လိုက်၏၊ ယင်းသင်္ကန်း ကောကမုဆိုး၏ခေါင်းမှ လွှမ်းခြုံလိုက်သည်ကိုလည်း မြင်လိုက်၏၊ သို့သော် ခွေးများ၏စိတ်ထဲ ကောကမုဆိုးဟု မမြင်။ ရဟန်းတော် ကျလာသည်ဟုသာ ထင်မှတ်ကြတော့၏၊

ထို့အခါ မုဆိုးကိုပင် ရဟန်းအမှတ် ရဟန်းအထင်ဖြင့် အားရပါးရ ကိုက်ကြ ၀ါးကြ စားကြတော့၏၊ အစား ကြူးသောခွေးများဖြစ်၍ အသားအသွေးအကြော ဘာတစ်ခုမှ မကျန်တော့ ၊ ၀ါးမရသည့် အရိုးကြမ်းများသာ ကျန်တော့၏၊ ခွေးများသည် သင်္ကန်းအပြင်ဘက်သို့ ထွက်လာကြပေပြီ၊ သူတို့သခင် သူတို့ အရှင်သည် သူတို့လက်ချက်ဖြင့် လောကကြီးမှ ဇာတ်သိမ်းမလှမပနှင့် ထွက်ခွါသွားရ ပေပြီ၊ သို့သော် ယင်းအဖြစ်ကို သူတို့ မသိကြသေးပေ၊ ယင်းအဖြစ်အပျက်သည် တစ်ခဏတာအတွင်း ဖြစ်ပျက်သွားခြင်းဖြစ်၏။

ရဟန်းတော်သည် အစတော့မှင်သက်နေမှိ၏၊ ထို့နောက်မှ သတိဝင်လာ၍ အနီးရှိ သစ်ကိုင်းခြောက်ကို ချိုး၍ ခွေးများကို ချောက်ပစ်ပစ်လိုက်၏၊ ထိုအခါ ခွေးများသည် သစ်ပင်ပေါ်သို့မော့ကြည့်ကာ မိမိတို့အရှင် သခင်ကို လူမှား၍ ကိုက်သတ်မိကြာင်း သဘောပေါက်သွား၏ခွေးများသည် သူတို့အားကိုးရာ အရှင်သခင် မရှိတော့ပြီးဖြစ်၍ ဤနေရာ ဤဒေသ၌ ဆက်လက်နေရန် မသင့်တော်ကြောင်း သဘောက်ပေါက်သည့် အလား တောတွင်းသို့ ပြေးဝင်သွားကြတော့၏၊

ယခုမှပင် ရဟန်းတော်လေးသည် စိတ်အေးရတော့၏။ သို့သော် မိမိသီလကို စင်ကြယ်အောင် ထိမ်းသိမ်း သည့် သူတော်စင်ဖြစ်၍ မိမိသီလကို သံသယ ၀င်မိပြန်၍ စိတ်မအေးနိုင် ဖြစ်မိပြန်၏၊ ငါ၏ သင်္ကန်း ကြား ရောက်သွား၍ ဤမုဆိုးသည် အသက်ဆုံးရှုံးရ၏၊ ယင်းသို့ဖြစ်လျှင်ငါ၏ သီလ ( သူတစ်ပါးအသက်ကို သတ် ဖြတ်ခြင်း မှ ရှောင်ကြဉ်ကြောင်းဖြစ်သော ကိုယ်ကျင့်)တရား စင်ကြယ်နိုင်ပါ့မလား၊ သီလ မကျိုး မပေါက် မညစ်  မနွမ်းပဲ ရှိမှ ရှိပါ့မလားဟု သံသယ ကုက္ကုစ္စ မျှားချက်က နှလုံးသားသို့ စူးဝင်လာပြန်၏၊ ယင်းမျှား ချက်ကို ပယ်ရှင်းပေးနိုင်သူမှာ အတုလ ဘဂ၀ါ မဟာကရုဏာရှင် ရှင်တော်မြတ်ဗုဒ္ဓ ပင် ဖြစ်ပါ၏၊

ထို့ကြောင့် ရဟန်းတော်လေးသည် မိမိသီတင်းသုံးရာ တောရကျောင်းသို့ မပြန်နိုင်သေးပဲ ရှင်တော်မြတ် ဘုရား သီတင်းသုံးရာဖြစ်သော ဇေတ၀န်ကျောင်းတော်သို့ သွားရပြန်၏၊ ရှင်တော်မြတ်ဘုရား  ထံမှောက်သို့
ရောက်သောအခါ အပြစ်ခြောက်ပါးကင်းသော တစ်နေရာမှအပေါ်ရုံစံပယ်တင်သည်ကိုပြု၍ (လက်ကန့်တော့ ထိုး၍ ) ထိခြင်းငါးပါး ( တည်ခြင်းငါးပါး ) နှင့်အညီညီ ကျကျနန ရှိခိုးလေ၏ ရှိခိုးပြီးသောအခါ မိမိ၏ဖြစ် ပုံ အကြောင်းစုံကို လျှောက်ထားလေတော့၏၊

ထိုအခါ ရှင်တော်မြတ်ဘုရားက အရည၀ါသီ တောမှီရဟန်းတော်လေး၏ နှလုံးသား၌ စိုက်ဝင်နေသော သံသယမျှားချက်ကို အကြွင်းမဲ့ ပယ်ရှားပေးတော်မူ၏၊ ရဟန်း အသင်၏ကိုယ်ကျင့်သီလသည် မဲညစ် ခြင်းမရှိ စင်ကြယ်ပါ၏၊ သင့်မှာ (မုဆိုးအား သေစေလိုသော စေတနာဖြင့်ပြုလုပ်လွန်ကျူးမှု ဘာတစ်ခုမျှ မပါ၊ သင်္ကန်းလျောကျခြင်းမှာလည်း မိမိပယောဂမပါ၊ ဝေဒနာကြောင့် ခန္ဓာကိုယ်လူးလွန့်ရင်းမှ သူ့ဘာသာ ကျ သွားခြင်းဖြစ်၏၊ ထို့ကြောင့် လူသတ်မှုကျူးလွန်ရာ မရောက်သည့်အတွက် )ရဟန်းအဖြစ်မပျက်စီးပါ၊ ထို မုဆိုးသည်သာ မပြစ်မှားသင့်သော သူတော်စင်ကို ပြစ်မှား၍ ဤကဲ့သို့ အဖြစ်ဆိုးနှင့် ရင်ဆိုင်းတိုး ရခြင်း ဖြစ်ပေ၏၊ မိန့်တော်မူလိုက်၏၊

ထို့အပြင် ကောကမုဆိုးသည် ယခုမှသာ မပြစ်မှားသင့်သော သူကို ပြစ်မှား၍ ပျက်စီးရသည် မဟုတ်၊ အတိတ်ဘ၀တုန်းကလည်း အပြစ်မဲ့သည့် ကလေးငယ်များကို ပြစ်မှား၍ ပျက်စီးခဲ့ဘူးကြောင်း အတိတ်ဇာတ်
ကြောင်းကို ပြန်ပြောင်းဟောပြတော်မူပါ၏။

အတိတ်ဘ၀တစ်ခုက ကောကမုဆိုးသည် ဆေးဆရာတစ်ယောက်ဖြစ်ခဲ့၏၊ ရွာစဉ်လှဲ့၍ ဆေးကုသသော် လည်း ဆေးဖိုးဝါးခ တစ်ပြားတစ်ချပ်မှ မရသေးပဲ ရှိနေ၏၊ ၀မ်းကလည်းဆာ ဆေးဘိုးဝါးခလည်း မရသေးဖြစ်နေ၏။ ဤသို့ဖြင့် ရွာပြင်အရောက် ကလေးငယ်များ ဆော့ကစားနေသည်ကို မြင်ရ၏၊ အနီးရှိ သစ်ခေါင်းတွင်း ခေါင်းထွက်ကာ အိပ်နေသော မြွေဆိုးတစ်ကောင်ကိုလည်း မြင်နေရ၏၊ ကလေး ငယ်များ ကို မြွေကိုက် စေကာ ဆေးကုပေးခြင်းဖြင့် ဆေးဘိုးဝါးခရရန် ကြံနေ၏၊ ထို့ကြောင့် ကလေးငယ် များထံ သွားကာ ကလေးတို့ ဟိုသစ်ပင်ကြားထဲကခေါင်းထွက်နေတာ သာဠိကာ ငှက်ပေါက်ဖြစ်တယ်၊ ဖမ်းယူ ကြပါ လားဟု ခိုင်းလေ တော့၏သွက်လက်ဖျတ်လတ်သော ကလေးတစ်ယောက်က လက်မြန်ခြေမြန်ဖြင့် သစ် ပင်ပေါ်တက်၍မြွေ၏လည်ပင်းမဲမြဲကိုင်၍ ဆွဲထုတ်လိုက်သောအခါ မြွေမှန်းသိ၍အာ် ဟစ်ပြီး  ဆေးဆရာ ထံသို့ လွှင့်ပစ်လိုက်၏ မြွေဆိုးသည် ဆေးဆရာ၏ခါးကို ရစ်ပတ်၍ မြံမြန်စွာ ကိုက်ခဲလေတော့၏၊  ဆေး ဆရာသည် ထိုနေရာ၌ပင် အသက်ဆုံးရှုံးသွားရတော့၏၊

ရှင်တော်မြတ်ဘုရားသည် အတိတ်နှင့်ပစ္စုပ္ပန် ဖြစ်ရပ်နှစ်ခု အခြေခြံပု၍ - အပြစ်မဲ့သူ မပြစ်မှားသင့်သူများကို
ပြစ်မှားမိလျှင် မိမိသာ ပျက်စီးတတ်ကြောင်း ဓမ္မလမ်းညွန်တစ်ခု စိုက်ထူမှု ပြုတော်မူခဲ့ပါ၏။
        ယော ဗာလော အကြင်လူမိုက်သည်၊ အပ္ပဒုဋ္ဌဿ - မပြစ်မှားအပ်သော၊ သုဒ္ဓသ - စင်ကြယ်သော။  အနင်္ဂဏဿ - ကိလေသာမရှိသော၊ နရဿ ပေါသဿ - ရဟန္တာပုဂ္ဂိုလ်အား၊ ဒုဿတိ ပြစ်မှားအံ့၊ပဋိ ၀ါတံ လေညာသို့ ၊ ခိတ္တံ - ပစ်အပ်သော ၊ သုခုမာလော - သိမ်မွေ့သော၊ရဇော - မြူသည် ၊ တမေ၀ - ထိုပစ် တတ်သောသူသို့သာလျှင် ၊ ပစ္စေတိဣ၀ - ရှေ့ ရှုလာသကဲ့သို့ ၊ တမေ၀ဗာလံ - ထိုပြစ်မှားသော သူသို့ သာလျှင်၊ ပါပံ - မကောင်းမှုအကျိုးသည်၊ ပစ္စေတိ-ရှေးရှုလာ၏။

                               ပြစ်မှားခြင်းဘေး ကင်းဝေးကြပါစေ..
                                                                                             ကောင်းသစ်

No comments:

Post a Comment