.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Thursday, October 13, 2011

အဘိဓမ္မာအခါတော်နေ့


သီတင်းကျွတ်လသည် မြန်မာလ ၁၂ လတွင် သတ္တမ မြောက် လဖြစ်ပြီး ရဟန်းသံဃာတော်တို့ မိုးရာသီခိုအောင်းရာ ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည်။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး
အဿဝတီ နက္ခတ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည်။ ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း (Nymphaea Lotus) ဖြစ်ပါသည်။   

သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သံတူလ´ ဟု ရေးထိုးကြသည်။ ချိန်ခွင်ပုံ ကြယ်
တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟုလည်းကောင်း၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသော စပါးပင်များ သန်စွမ်းစွ ထောင်မတ်သော “လ”ဟုလည်းကောင်း ဖွင့်ဆိုကြပါသည်။ မြန်မာတို့၏ ၁၂ လ ရာသီပွဲတော်များတွင် သီတင်းကျွတ်လတွင် မီးထွန်းပွဲ ခေါ် ဆီမီးမြင်းမိုရ်ပွဲကို ကျင်းပကြပါသည်။

ဆီမီးမြင်းမိုရ်ပွဲကို ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကတည်းက ကျင်းပခဲ့သည်ဟု ဆိုလျှင် ဆိုနိုင်ပါ
သည်။ မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ကဏ္ဍမ္ဗသရက်ဖြူပင်အနီး၌ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာ
ကို ပြတော်မူပြီးနောက် သတ္တမမြောက်ဝါတွင်း သီတင်းသုံးရန်အတွက် တာဝတိံသာ နတ်ပြည်သို့ နှစ်လှမ်း သုံးဖ၀ါးဖြင့် ကြွတော်မူပါသည်။ နှစ်လှမ်းသုံးဖ၀ါးဖြစ်ပုံမှာ လူ့ပြည်တွင် ဖ၀ါးတစ်ဖက်ကို နင်းလျက် ယုဂန္ဓိုရ်တောင်ထိပ်သို့ နောက်ဖ၀ါးတစ်ဖက်ကို လှမ်းချလိုက်ပါသည်။ ယုဂန္ဓိုရ်တောင်ထိပ်တွင် ထိုဖ၀ါးကို ချနင်းလျက် နောက်ခြေတော်တစ်ဖက်ဖြင့် တာဝတိံသာ နတ်ပြည်သို့ လှမ်းကြွချနင်းလိုက်ပါသည်။ ဤသို့လျှင် ဖ၀ါးချတော်မူရာ သုံးနေရာနှင့် ခြေတော်နှစ်လှမ်း လှမ်းသည်ကို နှစ်လှမ်းသုံးဖ၀ါး ကြွတော်မူသည်ဟု ဆိုပါသည်။

မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သား အမှုးထား၍ စကြ၀ဠာတိုက် တစ်သောင်းမှ တရားနာ လာရောက်ကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မ တရားတော်မြတ်ကို ဟောကြားတော် မူပါသည်။ ဤသည်ကို ရည်၍ -
မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ”ဟု ရှေးဆရာမြတ်တို့ ပြောဆို ရေးသားကြပါသည်။


အဘိဓမ္မတရား ဟောကြားတော်မူခြင်းနှင့် စပ်၍ မှတ်သားရပြန်သည်မှာ -
ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ အထိ ရက်ပေါင်း (၉၀)၊ ၀ါတွင်း (၃) လ - အတွင်း ဟောတော်မူခဲ့ကြောင်း သိရှိရပါသည်။
ဤနည်းဖြင့် တာဝတိံသာနတ်ပြည်တွင် နတ်ဗြဟ္မာတို့အား ဟောကြားတော်မူပါသည်။ မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တစ်ထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တစ်ထိုင်တည်းဟောမှသာ တရားနာသူတို့ အကျိုးထူးရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့၏ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်းတို့ကြောင့် ဤအဘိဓမ္မာအကျယ်နည်းကို တာဝတိံ သာနတ်ပြည်၌ ဟောရခြင်းဖြစ်ပါသည်။
မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း
 စသည် ပြုလုပ်ရပါသည်။ ဤကိစ္စများ ဆောင်ရွက်ရန်အတွက် နိမ္မိတ ရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး တာဝတိံသာတွင် အဘိဓမ္မတရားကို ဆက်လက်ဟောကြားစေလျက် ဘုရားရှင်ကမူ 
လူ့ပြည်သို့ ကြွတော်မူကာ မြောက်ကျွန်းတွင် ဆွမ်းခံဘုဉ်းပေး၍ ဟိမ၀န္တာစန္ဒကူးတော ၌ နေ့အခါ နေတော်မူပါသည်။ အရှင်သာရိပုတ္တရာက မြတ်စွာဘုရားအား ထိုနေရာတွင် လာရောက် တွေ့ဆုံ ဖူးမြော်လျက် ၀တ်ကြီးဝတ်ငယ် ပြုသည့်အခါ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အဘိဓမ္မာ 
တရားကို အကျဉ်းချုပ်နည်းဖြင့် ဟောတော်မူပါသည်။
မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့်
 ပြန်လည် ဟောတော်မူပါသည်။
ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ဘုရားဖြစ်ပြီးနောက် ခုနစ်ဝါမြောက်ဖြစ်သော မဟာ
သက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် (၁)ရက် မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃)လအတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့ပါသည်။
ဝါတွင်းသုံးလတိုင် ဟောကြားတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာအပေါင်းခြံရံလျက် သိကြားလက်ယာ ဗြဟ္မာလက်ဝဲ ထားလျက်  သင်္ကဿနဂိုရ်ပြည်သို့  ပြန်လည်ဆင်းသက်တော်မူသည်ဟု ဗုဒ္ဓဘာသာအဋ္ဌကထာစာပေများတွင် ဆိုကြပါသည်။
ထိုနေ့ညတွင် ဘုရားရှင်နှင့် သုံးလတိုင် ခွဲနေကြရသော ဒကာဒကာမတို့မှာ ဘုရားရှင် တာဝတိံသာ နတ်ပြည်မှ ပြန်လည်ကြွရောက်တော်မူလာခြင်းကို မီးရှူး မီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများဖြင့် ပူဇော်ကြိုဆိုကြပါ သည်။ ဤဖြစ်စဉ်ကို အကြောင်းပြုလျက် သီတင်းကျွတ် မီးထွန်းပွဲတော် စတင်ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။


ဤကဲ့သို့ ထူးမြတ်သည့် တရားတော်ကြီးကို တာဝတိံသာနတ်ပြည်တွင် ဟောတော်မူပြီးသည့်အဆုံး၌ လူ့ပြည်သို့ ပြန်လည်ကြွဆင်းတော်မူသည့်နေ့ကို အကြောင်းပြု၍ အဘိဓမ္မအခါတော်နေ့အဖြစ် သတ်မှတ်ခြင်းဖြစ်ပြီး ဘုရားရှင်နှင့် အထူးမြတ်ဆုံး တရားကို ပူဇော်သည့်အနေဖြင့် မြန်မာပြည်မှာ ဆီမီးမြင်းမိုရ်ပွဲများ ကျင်းပပူဇော်ခဲ့ကြခြင်း ဖြစ်ပါသည်။


အဘိဓမ္မာအခါတော်နေ့ဖြစ်တဲ့သီတင်းကျွတ်လပြည့်နေ့ကို မြန်မာပြည်သာမကပါဘူး ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တဲ့မောင်သန့် နေတဲ့လာအိုမှာလဲ စီစီကားကားပါပဲ ကျင်းပကြပါတယ်. လူကြီးလူငယ် ဘုရားကျောင်းကန်သွားကြ ဝေရာဝစ္စသန့်ရှင်းကြ ညအချိန် ဘုရားမှာ ဆီမီများ မီးရှုးမီးပန်းများ မီးပုန်းပျံများဖြင့်ပူဇော်ကြပါတယ်. ဆီမီးများပူဇော်ရာမှာ ကျောင်းမှာရှိစေတီတော်ကို လက်ယာသုံးပတ်လည့်ပတ်၍ ပူဇော်ကြပါတယ်. ဒီမှာရှိတဲ့ နိုင်ငံ၏ အထူးအမြတ်ဖြစ် တန်ဖိုးထားသော ထက်လွမ်ဘုရားမှာဆိုရင် ကိုယ်စီကိုင်ဆောင်ထားတဲ့ ဆီမီးတိုင်များနှင့် လူတန်းကြီးဟာဖြင့် ရှု့မငြီးနိုင်စရာပါပဲ။ ထူးခြားတာတစ်ခုက တော်သလင်းလမြန်မာပြည်မှာဆို လှေပြိုင်ပွဲကိုကျင်းပ ပေမဲ့ ဒီမှာတော့သီတင်းကျွတ်လပြည့်ကျော်မှာဆို လှေပြိုင်ပွဲအကြီးကျယ်ပါပဲ။ လှေများကိုပုံစံအမျိုးမျိုး ဖြင့် စိတ်ကြိုက်အလှဆင်ပြီး မဲခေါင်မြစ်တလျှောက်မှာပြိုင်ပွဲဝင်ကြပါတယ်။ မြစ်ကမ်းမှာ အားပေးကြည့်ရှု့ သူများနှင့်စည်ကားပြည့်နက်နေပါတယ်။

ဤသို့ယဉ်ကျေးမှုမျိုးစုံ ဖြင့် ဘာသာတရားကိုးကွယ်ယုံကြည်မှု့တွေကိုတွေ့ရတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့ ဂုဏ်ယူမိပါတော့တယ်…
အခြေအနေအရ ဓါတ်ပုံနှင့်တကွ မဖော်ပြနိုင်တာကိုတောင်းပန်ပါတယ်..
                                                                                               ကိုသန့် (လာအို)

No comments:

Post a Comment