.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Sunday, February 12, 2012

နွားပျောက်ရှာပုံတော် ၂

               ပုဏ္ဏား .. ငါ့မှာ နွားမရှိ၍ နွားနှင့်ပါတ်သက်သော သောက ဒုက္ခလည်းမရှိပါ။ ထို့ကြောင့် သင်ကြုံတွေ့နေ ရသော နွားပျောက်ဒုက္ခ မရှိ၊ ငါသည် ချမ်းသာစွာ နေရပါ၏။

ပုဏ္ဏား  ငါ့မှာ စိုက်ပျိုးထားသော နှမ်းခင်းလည်း မရှိ၊ ထို့ကြောင့် နှမ်းခင်းပျက်ခြင်း ပိုးကျခြင်း   နှမ်းငုတ် တို့ကို   မြင်ရခြင်းကြောင့်ဖြစ်သော သောက ဒုက္ခ ဖြစ်ရခြင်းလည်း မရှိပါ။ ယင်းသို့ မရှိ၍လည်း ငါသည် ချမ်းသာ စွာ နေရပါ၏။

ဤသို့ စသည်ဖြင့် မြတ်စွာဘုရားသည် ပုဏ္ဏား၌ရှိသော နွား၊ နှမ်းခင်း ၊ဘဏ္ဍာတိုက် ၊ဥပ္ပွါဋကပိုးရှိသော အခင်း ၊သားသမီးတွဲလောင်းနှင့်ကျန်ရစ်ခဲ့သော သမီးမုဆိုးမ ၊မျုက်စီနီကြောင်ကြောင် မှဲ့ပျောက်အရောင် တို့ဖြင့်ပြည့်နှက်နေသော ခြေထောက်ဖြင့် ကန်ကျောက်နှိုးတတ်သော ဇနီးကြမ်း၊ ကြွေးတောင်းသူများ မရှိပါ၊ ထို့ကြောင့် ယင်းတို့နှင့်ပါတ်သက်သော သုခ သောက ဒေါမနဿ ဒုက္ခမှန်သမျှသည်လည်း င့ါမှာ ဘာတစ်ခုမှ မရှိပါ။ သို့ဖြစ်၍ ငါ့သည် ချမ်းသာစွာနေရပါ၏။ (နတ္ထိသုခ - မရှိချမ်းသာ )။

ရှင်တော်မြတ်ဘုရား၏ ( လောကီအာရုံများ ) မရှိမှုကြောင့် လွတ်လပ်မှု အေးချမ်းမှု စိတ်ချမ်း သာ စွာနေရမှုများကို တစ်ခုစီ တစ်ခုစီထုတ်နှုတ်၍ ဟောကြားလိုက်သောအခါ “ နတ္တိသုခ ” မရှိ ချမ်းသာကို သဘောပေါက်နားလယ်သွားတော့၏

ပုဏ္ဏားကြီးသည် သူ့အမြင်ရှင်းသွားပုံကို ဘုရားရှင်အား ဤသို့လျှောက်ထားလိုက်ပြန်၏အရှင်ဘုရား၏ ရှင်းပြမှု ဟောပြမှုဟာ နှစ်လိုဖွယ်ရှိလှပါသည်ဘုရား၊ ဥပမာလေးနှင့်ပြောရမည်ဆိုလျှင် . မှောက်ထား အရာဝတ္ထုကို လှန်၍ပြလိုက်သလို . ဖုံးအုပ်ထားသော အရာဝတ္ထုကိုဖွင့်လှစ်ပြလိုက်သလို . မျက်စိလည် ခရီးလမ်းမှားနေသူအား လမ်းမှန်ကို ညွှန်ပြလိုက်သလို .မျက်လုံးကောင်းသူများ မြင်နိုင်ရန် အမိုက်မှောင်ထဲ၌ မီးထွန်း၍ ပြလိုက်သလို ပါဘုရား။အကြောင်းအကျိုး နည်းပရိယာယ်အမျိုးမျိုးဖြင့် “ ဓမ္မ ” ကို နား လယ်အောင် ဟောကြားတော်ပြောပြတော် မူတတ်ပါပေသည်ဘုရား။

တပည့်တော်သည် “ ဗုဒ္ဓ ဓမ္မ သံဃ ” ရတာသုံးဝကို ကိုးကွယ်ဆည်းကပ် သိမှတ်ပါ၏ဘုရား၊ထို့အပြင် ရှင်တော်မြတ်ဘုရားအထံတော်မှာ ရှင်အဖြစ် ရဟန်းအဖြစ် ရလိုပါ၏ဘုရား၊ ပုဏ္ဏားကြီးသည် ဘ၀ဒုက္ခ လူ မှုရေးဒုက္ခတို့ကို ငြီးငွေ့သွားလေပြီ၊ ထို့ကြောင့် ဘ၀ဒုက္ခမှ လွတ်မြောက်ကြောင်း ရှာဖွေရန် ရှင်တော်မြတ် ဘုရားအား ရဟန်းပြုခွင့် တောင်းခြင်းဖြစ်၏၊ လွတ်မြောက်လမ်းစကို ဆုပ်ကိုင်လိုက်ခြင်းဖြစ်၏။

ရှင်တော်မြတ်ဘုရားသည် စောစောကပင် ပုဏ္ဏားကြီး အမြင်မှန် အသိမှန် ရဖို့အတွက် ကြိုတင်စောင့် ကြိုနေခြင်းဖြစ်၏။ ယခု မျှော်မှန်းတွက်ဆထားသည့်အတိုင်း ရှင်ရဟန်းပြုရန် ခွင့်တောင်းသောအခါ ပုဏ္ဏားကြီးအား (ဧဟိဘိက္ခု) ရဟန်းပြုပေးပြီး ဇေတ၀န်ကျောင်းတော်သို့ ပြန်ကြွတော်မူကာ နောက်တစ်နေ့ ဆွမ်းခံကြွတော်မူသောအခါ နောက်တော်ပါး ပစ္ဆာသမဏအဖြစ် ခေါ်ဆောင်၍ ကောသလမင်း နန်းတော်သို့ ကြွတော်မူ၏၊

ကောသလမင်းကြီးသည် ရှင်တော်မြတ်ဘုရားအား နန်းတော်အပေါ်သို့ ပင့်ဆောင်၍နံနက်ချိန်ခါဖြစ်ရကား အာရုံဆွမ်းအဖြစ် ယာဂုဆွမ်းကို သပိတ်ထဲသို့ လောင်းလှူရန် ပြင်ဆင်တော့၏၊ ရှင်တော်မြတ်ဘုရားသည် ယာဂုကို အလှူမခံလိုသေး၍ သပိတ်ကို လက်တော်ဖြင့်ပိတ်လိုက်၏။

ကောသလမင်းကြီး ထိန်လန့်သွား၏၊ သူ့မှာ အပြစ်ရှိ၍ ရှင်တော်မြတ်ဘုရားက ယာဂုဆွမ်းကိုပယ်မြစ်သည်ဟု ထင်နေ၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်၏ ခြေတော်ကို ဦးဖြင့်တိုက်၍ “ တပည့်တော်မှာ အပြစ်ရှိခဲ့လျှင် သိခံခွင့်လွှတ်တော်မူပါဘုရား ” ဟု တောင်းပန် လျှောက်ထားလေတော့၏၊ ရှင်တော်မြတ်ဘုရားက ဘုရင် မင်းကြီးမှာ အပြစ်တစ်စုံတရာမရှိကြောင်း မိန့်ကြားလိုက်သောအခါမှ စိတ်သက်သာရ ရသွားတော့၏။

ကောသလမင်းကြီးက ဆက်လက်၍ ယင်းသို့ဖြစ်လျှင် အဘယ့်ကြောင့် တပည့်တော်၏ ယာဂုဆွမ်းကို အလှူမခံတာပါလဲဘုရားဟု အကျိုးအကြောင်း လျှောက်ထားသောအခါ “ ပလိဗောဓ”ကြောင့်ကြဖွယ်ကိစ္စ ရှိနေသေး၍ အလှူမခံသေးကြောင်း မိန့်ကြားလိုက်၏၊ ဘုရာမင်းကြီးကဆက်လက်၍ ယင်းပလိဗောဓကို သူ တာဝန်ယူ ဖြေရှင်းပေးမည်ဖြစ်ကြောင်း လျှောက်ထားသောအခါမှ ယာဂုဆွမ်းကို လက်ခံ၍ ဘုဉ်းပေး တော် မူ၏။

ဆွမ်းကိစ္စ ပြီးသောအခါမှ ကောသလမင်းကြီးက “ ရှင်တော်ဘုရား ရှင်တော်မြတ်ဘုရားသည် စကြာဝတေး မင်းစည်းစိမ်ကို ငဲ့ကွက်ခြင်း လုံးဝမရှိပါဘဲ စွန့်လွှတ်ခဲ့၍ ရှင်ရဟန်းအဖြစ်ရယူကာလောကအားလုံး၌ အမြတ် ဆုံး အထွဋ်အထိပ် ဘုရားရှင် အဖြစ်သို့ ရောက်တော်မူနေပါ၏။ ယင်းသို့ ဖြစ်ပါလျှက် ပလိဗောဓ ရှိနေသေး သည်ဆိုလျှင် မည်ကဲ့သို့သော ပလိဗောဓပါနည်းဘုရား ”ဟု မေးလျှောက်လေ၏

သားသမီးအရေးသည် မိဘအရေးဖြစ်၏၊ တပည့်အရေးသည် ဆရာသမားအရေးဖြစ်၏၊ တိုင်းသူပြည်သား အရေးသည် ပြည့်ရှင်မင်း၏ အရေးကိစ္စဖြစ်၏။ ယခု ငါဘုရားထံ တပည့်ခံ၍ ရဟန်းပြုလာသော  ဤရ ဟန်းကြီး၏ အရေးကိစ္စသည် ငါဘုရား၏ အရေးကိစ္စပင် ဖြစ်တော့၏

( ကြွေးမကင်းသူကို ရဟန်းပြုမပေးထိုက်၊ ထို့ပြင် ကြွေးများရှိနေလျှင် တရားအားထုတ်ရာ၌လည်း စိတ်ဖြောင့် မည်မဟုတ်၊ စိတ်အစဉ်၌ ကြွေးရှင် မြီးရှင်များသည် အရိပ်သဖွယ် ထင်နေမည်သာ ဖြစ်၏၊ ထိုသို့ဖြစ်လျှင် တရားထူးလည်း ရနိုင်တော့မည် မဟုတ်ပေ၊ ထို့ကြောင့် ရှင်တော်မြတ်ဘုရားက “ ဣဏပလိဗောဓ   ကြွေးမြီကိစ္စကို ” ကြောင့်ကြစိုက်၍ ဖြေရှင်းပေးခြင်းဖြစ်ပါ၏ )


ကောသလမင်းကြီးသည် ဘုရားရှင်၏ ဆရာတပည့်စိတ်ဓာတ်ကို သဘောပေါက်သွား၏၊ တပည့်သည် ဆရာ့ အပေါ် တာဝန်ကျေရန်လိုအပ်သလို ဆရာကလည်း တပည့်အပေါ် တာဝန်ယူရန်လိုအပ်ပါ၏။ သို့မှသာ အစုံညီမျှသွားပေမည်။ ငါက ဆရာ၊ ငါက မိဘ၊ ငါက ရှင်ဘုရင်ဟူသော ဘက်ပဲ့ တဘက်စောင်းနင်း စိတ်ဓာတ်သည် ဆရာပီသသူ မိဘပီသသူ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေသော ဘုရင်ပီသသူတို့ မထားသင့် မထားထိုက် မထားအပ်သော စိတ်ဓာတ်ဖြစ်ကြောင်းကိုလည်း ကောသလမင်းကြီးသည် ကောင်း ကောင်း သဘောပေါက်ထားသူ ဖြစ်၏။

ထို့ကြောင့်ကောသလမင်းကြီးသည် တပည့်နှင့်ပတ်သက်၍ ဘုရားရှင်၌ရှိနေသောပလိဗောဓ ကြောင့်ကြဖွယ် ကိစ္စကို ပြေလည်သွားစေရန် ဖြေရှင်ပေးရန် ရဟန်းကြီးထံသို့ ချဉ်းကပ်၍ ဘယ်ပလိဗောဓများ အရှင်ဘုရား မှာ ရှိနေပါသလဲဘုရားဟု မေးမြန်းလျှောက်ထားလိုက်၏။

ရဟန်းကြီးက မိမိမှာ လောကီကို ငြီးငွေ့၍ ၀တ်ကြောင်မှ လွတ်အောင်ရုံးခဲ့သော်လည်း လူ့ဘ၀က တင်ရှိနေ
သော ဣဏပလိဗောဓ ကြွေးနှင့်ပတ်သက်သော ကြောင့်ကြစိတ်များ လွှမ်းမိုးနေပါကြောင်း   ဖြေကြား လိုက်၏။

ပုဏ္ဏားကြီး ယူသုံးထားသော အကြွေးစာရင်များမှာ များလွန်းလှသောကြောင့် မင်းချင်းများကို  စည်တီးစေ၍ 
“ ဗဟုဓီတိက ” ပုဏ္ဏားကြီးထံ ရစရာ ကြွေးရှိသူများ မင်းရင်ပြင်သို့ လာရောက်ရန် အသိပေး  ခေါ် ယူ လိုက် လေ၏၊ ဘုရင်မင်းမြတ်သည် ကိုယ်တိုင်ပင် ကြီးကြပ်၍ ကြွေးရှင်များ၏စာရွက်ကို စီစစ်ကာ အပြည့် အ၀ ပေးချေလိုက်လေ၏။

ကြွေးမြီးကိစ္စ ပြီးသွားသောအခါ တစ်ခြားကြောင့်ကြများ ရှိပါသေးသလားဟု မေးလျှောက်ပြန်၏၊ သမီးခု နစ်ယောက် ကျန်သေးကြောင်း ပြောသောအခါ သမီးများကို ဘုရင်မင်းကြီးမှ မွေးစားသမီးအဖြစ် သတ်မှတ် ၍ သင့်တော်ရာသို့ အပ်နှံလိုက်၏၊ ပုဏ္ဏားကြီး၏ ဇနီးကိုကားဘုရင်မင်းကြီးမှ အဖွါးအရာထား၍စောင့်ရှောက်     ထားလိုက်၏၊ နောက်ထပ်ကြောင့်ကြဖွယ် ရှိမရှိ မေးလျှောက်သော အခါ  ကြောင့်ကြ ဖွယ်မရှိတော့ သည့်အကြောင်း ဖြေကြားလိုက်၏။

ဘုရင်မင်းကြီးသည် ပလိဗောဓများကို ပြေလည်အောင် ဖြေရှင်းပေးပြီးနောက် သင်္ကန်းအစုံတို့ကို ရဟန်းကြီး အား လှူဒါန်းကာ မိမိ၏ ဤသင်္ကန်းကို ၀တ်ရုံသုံးဆောင်၍ ရဟန်းအဖြစ်ရယူကြောင်း အသိ အမှတ်ပြု ရန်   လျှောက်ထားလေ၏၊ ထို့နောက် ဆက်လက်၍ ပစ္စည်းလေးပါးကို မိမိတာဝန်ယူမည်ြ ဖစ်ကြောင်း  နှင့် ရဟန်းဘ၀၌ ဘုရားရှင်၏စိတ်ကျေနပ်လောက်သည်အထိ ရဟန်းတရားအားထုတ်ရန်မှာ ရဟန်းကြီး၏ တာဝန်သာဖြစ်ကြောင်းကိုပါ ထည့်သွင်းလျှောက်ထားလိုက်၏။

မထေရ်မြတ်ကြီးမှလည်း မိမိတာဝန်ကျေအောင် အစွမ်းကုန် ရဟန်းတရားကို ကြိုးစားအားထုတ် သွားမည်
ဖြစ်ကြောင်း ပြန်လည် မိန့်ကြားလိုက်၏။

မထေရ်မြတ်ကြီးသည် “ ပြောသလိုပင် လုပ်ပြသွားသော စံပြရဟန်းတော် ” ဖြစ်ကြောင်းကို ရလာဒ်က သက်သေ ခံနေပါ၏။ မှန်၏ မထေရ်မြတ်ကြီးသည် ရဟန်းတရား အားထုတ်ရာ မကြာမြင့်သော ကာလ မှာပင်  အာ သဝေါ ကင်းသော ရဟန္တာတစ်ပါး ဖြစ်သွားသောကြောင့်တည်း။

ထိုအခါ မထေရ်မြတ်ကြီး နှလုံးသား၌ အလင်းရောင် အသိတန်းလေး လင်းလက်သွားသည်ကိုသတိထားမိ လိုက်၏၊ မထေရ်မြတ်ကြီး သတိထားမိလိုက်သော အလင်းတန်း အသိလေးမှာ“ ပဋိသန္ဓေနေမှု ကုန်ပြီ၊  မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီး၊ မဂ်ကိစ္စကို ပြုပြီး၍ ( အရတ္တမဂ် ဖိုလ် ဥာဏ်ထိ ထိုးထွင်း သိ 
မြင်ပြီး၍ ) မဂ်ကိစ္စအလို့ငှာ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ ” ဟူ၍ဖြစ်ပါသတည်း။

ဗဟုဓီတိက ပုဏ္ဏားကြီးသည် နွားပျောက်ရှာရင်းမှသည်.............. တရားပေါက်သော မထေရ်မြတ်ကြီး တစ် ပါး  ဖြစ်သွားလေပြီ။
                                                                        ကောင်းသစ်..                                                
                                                    ပြီးပါပြီ။

No comments:

Post a Comment