.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Friday, July 15, 2011

အလင်း စ.သောနေ့ . ၃

မိမိဘုရားဖြစ်ရန် ကမ္မဋ္ဌာန်းအလုပ် အားထုတ်စဉ်က ၀တ်ကြီးဝတ်ငယ်ပြု၍ စောင့်ရှောက်ကူညီဘူးသော ပဉ္စ ၀ဂ္ဂီ ငါးဦးတို့အား သတိရလေ၏၊ ပဉ္စ၀ဂ္ဂီငါးပါးဦးတို့သည် မိမိအား ကျေးဇူးများ၏၊ကျေးဇူးဆပ်သောအားဖြင့် သူတို့ကို ဟောရမူကောင်းလေစွဟု အကြံဖြစ်လေ၏၊

ထို့နောက် ပဉ္စ၀ဂ္ဂီငါးဦးတို့နေရာကို ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့်တော်မူသောအခါ ကာသိတိုင်း ဗာရာဏ သီပြည် ဣသိပတန မိဂဒါဝုန်တော၌ နေသည်ကိုမြင်တော်မူရ၍ အမတတရား ဟောကြားဖို့ရန်အတွက် ဥရုဝေလတောမှ ယင်းအရပ်သို့ ချေလျှင်ခရီးဖြင့် ကြွချီတော်မူ၏၊(ကောင်းကင်ခရီးဖြင့် ကြွချီနိုင်သော်လည်း ဥပက၏ရှေ့ရေးအတွက်ငဲ့တော်မူ၍ ကိုယ်ပင်ပမ်းခံကာ ချေလျှင်ကြွတော်မူခြင်းဖြစ်၏။ဘုရားရှင်၏ သနားငဲ့ ညှာ တတ်သော မဟာကရုဏာကို အာရုံပြု ကြည်ညိုနိုင်ကြပါစေ.)။

မိဂဒါဝုန်သို့အကြွ ဂယာနှင့်ဗောဓိပင်အကြား ရှင်တော်မြတ်ဘုရားသည် ဥပကတက္ကဒွန်းနှင့်တွေ့လေ၏ ဥပကသည် ရှင်တော်မြတ်ဘုရား၏ ကြည်လင်သောဣနြေ္ဒ ဖြူစင်သော အဆင်းတော်ကို မြင်ရသောအခါ ထူးခြားမှုကို သတိပြုမိ၍ “ ငါ့ရှင် သင်ဟာ ဘယ်သူ့ကို အာရုံပြု၍့ ရဟန်းပြုပါသလဲ၊ သင်၏ ဆရာကား ဘယ် သူ ပါလဲ၊ဘယ်သူ့တရားကို နှစ်သက်သဘောကြပါသလဲ ” ဟု မေးခွန်းသုံးခု ဆက်တိုက်မေးလေတော့၏၊

ရှင်တော်မြတ်ဘုရားက “ ဥပက ငါ့မှာ ဆရာမရှိ၊ ငါနှင့်သီလ သမာဓိ ပညာ တူသူလည်းမရှိ၊ လောက၌ ငါနှင့်ပြိုင်ဘက်သည် မရှိချေ ၊ ငါသည် ရဟန္တာဖြစ်၏၊ အတုမရှိသူဖြစ်၏၊နတ်လူတို့၏ ဆရာဖြစ်၏၊ သစ္စာ တရား အမတတရားကို ကိုတိုင် ကိုယ်ပိုင် ထိုးထွင်းသိသူအစစ် ဘုရားဖြစ်၏၊ ကိလေသာမီးတောက်မီးလျှံများ အပြီးသတ်ငြှိမ်းသတ်ပြီးသူဖြစ်၍ငြိမ်းအေးလှပါ၏၊ တရားဓမ္မစက်လောကဓါတ်တစ်ခွင်ကို အလင်းရောင်ဖြန့်
ကျက် ဖို့ ကာသိတိုင်း ဗာရဏသီပြည်သို့ သွားပေအံ့၊အကန်းသဖွယ်ဖြစ်သော လောက၌ တရားတည်း ဟူသော အမြိုက်စည်ကြီးကိုစတင်၍ တီးခပ်ပေတော့အံ့ ” ဟု မိန့်မြွက်တော်မူလိုက်၏။

ထိုအခါ ဥပက.က ငါ့ရှင် ပြောသည့်အတိုင်း ဟုတ်နိုင်ပါ့မလားဟု အတွန့်တက်မေးမြန်းပြန်သောအခါ အာသဝေါလေးပါး ကုန်းခမ်းပြီးသော ငါကဲ့သို့သော သူသည် “ ဇိန - အောင်နိုင်ပြီးသူ အစစ် ” အမှန် ပင်ဖြစ်၏ဟု ဖြေကြားတော်မူလိုက်သောအခါ လက်ခံနိုင်သော ဣနြေ္ဒ အရေအဆင်း ဖြေကြားခြင်း၌ရဲရင့်ခြင်း
ကို မြင်ရ၍ “ အင်း ငါရှင့်ပြောသည့်အတိုင်း ဟုတ်နိုင်ပါ၏ ” ဟု လက်ခံနိုင်သည့်စကား ပြောကြား၍ ဦးခေါင်းငြိမ့်လျှက် လမ်းဖယ်ကာ သူ့ခရီးသူ ဆက်၍ သွားလေတော့၏၊ (ဤအချိန်၌ ဥပကသည် ပါရမီမရင့် သန်သေး၍ တရားကျင့်ရန် စိတ်မသန်သေးပေ၊သို့သော် နောင်သောအခါ ဘုရားရှင်ထံ ချဉ်းကပ် တရားမြတ် နာ ကျင့်သုံးပါ၍ ရဟန္တာဖြစ်တော်မူပါ၏၊ ဤသို့ဖြစ်မည်ကို သိတော်မူ၍ အပင်ပမ်းခံကာ ခြေလျှင် ကြွခြင်းဖြစ် ပါ၏။ ) ရှင်တော်မြတ်ဘုရားသည်လည်း ပဉ္စ ၀ဂ္ဂီတို့ရှိရာ မိဂဒါသို့  ဆက် လက် ၍ ကြွချီတော်မူလေ၏။

လောကလူ အများစုသည် ချို့ခြံမှ အကျင့်မြတ်၊ အံ့သြစရာမှ အဟုတ်မှတ်ကြ၏၊ မီးလွတ်စားခြင်း၊ ၀စီပိတ်ကျင့်ခြင်း၊ သက်သတ်လွတ်စားခြင်း၊ရေစိမ်ခြင်း၊ မီးလှုံ၍ ပဉ္စာတပအကျင့်ကိုကျင့်ခြင်း၊ တပ်မက်မှု ကင်းရကား အ၀တ်အစားတောင် ကပ်ငြိမှုမရှိ၍ အ၀တ်မ၀တ်တော့ခြင်း၊ စသည်ဖြင့် စတိုင်သစ် စတန့်ထွင် လမ်းစဉ်ကို အထင်ကြီးကြ၏၊ ဤသည်မှာ ပညာမပါသော ထင်ရာကို အထင်ကြီးကြခြင်းဖြစ်ပါ၏၊

ဘုရားဖြစ်ရန် ကျင့်သုံးစဉ်က အခက်ခဲဆုံး သူတကာ မကျင့်နိုင်သည့် အဆင်းရဲဆုံးလမ်းစဉ် ဒုက္ကရစရိယကို ကျင့်သုံးခဲ့၏၊ ထိုအချိန်က ဘုရားဖြစ်ခါနီးပြီး နီးပြီဟူသောမျှော်လင့်ချက်ဖြင့် ပဉ္စ၀ဂ္ဂီငါးဦးတို့က စောင့်စားနေ ခဲ့ကြ၏၊သို့သော် ဘုရားဖြစ်မလာခဲ့၊ မိမိကျင့်စဉ် မှားယွင်းနေသည်ဟု သတိ အသိနှင့်သုံးသပ်၍ ဆုံးဖြတ်ကာ
အလယ်အလတ်ကျင့်စဉ်ကို ကျင့်သုံးလျှက် ဆွမ်းခံဘုဉ်းပေးသောအခါ ဘုရားလောင်းကို အထင်သေး အမြင်သေးဖြစ်ကာ ပဉ္စ၀ဂ္ဂီငါးဦးတို့သည် စွန့်ခွါ၍ ထွက်သွားကြ၏။

ယခု ဘုရားဖြစ်၍ တရားအနှစ်ကို သူတို့အား ပေးဝေဖို့ ကြွချီလာသောအခါ “ အရှင်တို့ လာဘ်များအောင်ဖန် ဒုက္ကရစရိယအကျင့်ကို သွေလှန်၍ ကမ္မဋ္ဌာန်းမဖက် ပစ္စည်းများရန် ခရီးထွက်လာသော ရဟန်းဂေါတမကို ရှိုခိုခြင်း ခရီးဦးကြိုဆိုခြင်း သပိတ်သကန်းလှမ်းယူခြင်းစသည့် လောက၀တ် ဓမ္မ၀တ် မပြုကြစတမ်း၊ သို့သော် ထိုင်လိုက ထိုင်နိုင်စေရန်နေရာအခင်းကိုကား မိမိတို့က ခင်းထားကြမည်ဟု ” သူတို့အချင်းချင်း ကတိက၀တ် စကား  ပြောကြားထားကြ၏၊

သို့သော် တကယ်တန်း ဘုရားကြွလာသောအခါ အပြောတစ်ခြား အလုပ်တစ်ခြားဖြစ်ကုန်တော့၏၊ တစ်ဦးက ဘုရားရှင်ထံတော်မှ သပိတ်သင်္ကန်းကို လှမ်းယူ၏၊တစ်ဦးက နေရာခင်း၏၊ တစ်ဦးက ခြေဆေးရေခပ်၏၊ တစ်ဦးက ချေးဆေးအင်းပျဉ်ချပေး၏၊တစ်ဦးကချေပွတ်အိုးချမ်းကို အနီး၌ချထားပေး၏၊ ရှင်တော်မြတ်ဘုရား သည် အခင်း၌ထိုင်လျှက်ပင် ခြေဆေးတော်မူ၏၊ ပဉ္စ၀ဂ္ဂီတို့သည် ဘုရားဖြစ်မှန်း မသိသေးရကား “ ဂေါ တမ ဟု အမည်ခေါ်၍လည်းကောင်းငါ့ရှင်ဟူသောအသုံးအနှုံးဖြင့် လည်းကောင်း ပြောဆို ဆက်ဆံ နေကြသေး၏၊ ထိုအခါဘုရားရှင်က သူတို့ကို ယင်းကဲ့သို့ ပြောဆိုဆက်ဆံခြင်းမပြုကြရန်နှင့် မိမိသည် မျှော်မှန်း ထားသည့် သဗ္ဗညုတဥာဏပိုင်ရှင် ဘုရားရှင်အဖြစ်သို့ အမှန်ပင်  ရောက်ရှိပြီးဖြစ်ကြောင်း မိန့်ကြားတော်မူ၏၊ သို့သော် သူတို့သည် မယုံကြည်ကြသေးပေ၊

ဘုရားရှင်က မိမိသည် အမှန်တကယ် ဗုဒ္ဓအဖြစ်ရောက်ပြီးဖြစ်ကြောင်း၊ မိမိဟောသော အမြိုက်တရားကို နာယူဖို့ရန်နှင့် လက်တွေ့ကျင့်ကြံလျှင် မိမိကိုယ်တိုင်ပင်ထူးသော ဥာဏ်ဖြင့် သစ္စာတရား အမတရားကို ထိုးထွင်း သိမြင်ရမည်ဖြစ်ကြောင်း စိတ်ရှည်စွာ ရှင်းပြတော်မူ၏၊ မိမိ ဒုက္ကရစရိယအကျင့်ကို ကျင့်စဉ် သင်တို့ ကို ငါဘုရားဖြစ်ပြီးလို့ ပြောလျှင် သင်တို့ ယုံကြည်ပေလိမ့်မည်၊ သို့သော်ဘုရား မဖြစ်သေး၍ ဘုရားဟု ငါဝန် မခံခဲ့ပေ၊ ယခုသော်ကား အမှန်ပင် ဘုရားဖြစ်၍ ဘုရားဖြစ်ကြောင်း ၀န်ခံခြင်းဖြစ်၏ဟု ရှင်းပြရ၏၊ ထိုသို့ စိတ်ရှည်စွာဖြင့် ရှင်းပြသောအခါမှ သူတို့စဉ်းစားရင်း စဉ်းစားရင်းဖြင့် အမြင်ရှင်းလာတော့၏၊

ထိုအခါ တရားတော်ကို နာယူရန် စိတ်ညွတ်ကြတော့၏၊ တရားနာယူလိုစိတ်ဖြစ်သောအခါမှ ရှင်တော်မြတ် ဘုရားသည် “ ရှောင်ကြဉ်ဖွယ် အစွန်းနှစ်ပါး၊ ကျင့်သုံးဖွယ် အလယ်အလယ်ကျင့်စဉ် ရှစ်ပါး၊ သစ္စာလေးပါး ၊ အပြန်သုံးပါး(ဥာဏ်သုံးပါး)၊အခြင်းအရာတစ်ဆယ့်နှစ်ပါးပါဝင်သော ” ဓမ္မစက္က - ဓမ္မစကြာ ဒေသနာ တော်ကို ပဉ္စ၀ဂ္ဂီ ငါးဦးတို့အား စတင်၍ ဟောကြားတော်မူ၏၊ ပဉ္စ၀ဂ္ဂီငါးဦး အား  ဟောကြားသည် ဟုဆိုရသော်လည်း လူများမမြင်နိုင်သည့် မမြင်ရသည့် စကြာ ၀ဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းသည်ကား တစ်ဆယ့် ရှစ်ကုဋေခန့်ရှိပေ၏။

အချိန်အားဖြင့် နေ၀င်၍ မှောင်ရည်ပျိုးစအချိန်ဖြစ်သော်လည်း ထွက်သစ်စလရောင်ကြောင့် အလင်းဖျ ဖျလေးက ဣသိပတန မိဂဒါဝုန်တောရပ်နှင့်တကွ လောကဓာတ် တစ်ခုလုံးကို အေးချမ်းစေပါ၏၊
ထို့ထက် အေးချမ်းစေသည်ကား ရှင်တော်ဘုရားတည်းဟူသော လမင်းမှ ထွက်ပေါ်( ဟောဖေါ် ) အပ်သော အလင်းစ ၀င်းပပ တရားရောင်ခြည်ပင် ဖြစ်ပေတော့၏။ အမှောင်လွှမ်းမိုးနေသော လောကဓာတ်ကိုအလင်း စသောနေ့၊ ကိလေသာ အပူဓာတ်ကြောင့် အပူဟပ်ခံနေရသော သတ္တလောကကို အမြိုက်ရေစင် ဖျန်း၍   အေးချမ်းစေသောနေ့၊ အစမရှိ အဆုံးမသိနိုင်သော သံသရာရေပြင်မှ ဓမ္မလှေယာဉ်ဖြင့် ကယ်တင်၍ နိဗ္ဗာန် သို့ စတင်ပို့ဆောင်သောနေ့၊ “ ငါနှင့်အတူ များဗိုလ်လူကို နိဗ္ဗူသောင်ကမ်း အတူလှမ်းစေအံ့ ” ဟု ဒီပင်္ကရာ တရားမင်း ဘုရားရှင်၏ခြေတော်ရင်း၌ ၀ပ်စင်း၍ကြုံးဝါးခဲ့သော စိတ်အကြံ အဓိဋ္ဌာန်ကို စတင်၍ အကောင် အထည် ဖေါ်သော နေ့၊ ထို့နေ့သည် ၀ါဆိုလပြည့်နေ့ ဖြစ်ပါပေတော့၏။

ဘုရားဖြစ်ခါ မိဂဒါသို့ စကြာရွှေဖွား ဖြန့်ချီသွား၍ ငါးပါးဝဂ္ဂီ စုံအညီနှင့် မဟီတစ်သောင်း တိုက်အပေါင်းမှ ခညောင်းကပ်လာ နတ်ဗြဟ္မာအား ၀ါဆိုလပြည့် စနေနေ့ဝယ် ကြွေ့ကြွေ့လျှံတက် ဓမ္မစက်ကို မိန့်မြွက်   ထွေပြား   ဟောဖေါ်ကြားသည် တရားနတ်စည် ရွမ်းတယ်ကို….။
                                                   
                                                        ပြီးပါပြီး . ကောင်းသစ်




                                                               




No comments:

Post a Comment