.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Saturday, January 8, 2011

အကာပစ်၍ အနှစ်ယူသူများ

အနှစ်ရှိသော တရားကိုလည်း အနှစ်ရှိသောတရားဟူ၍ အနှစ်မရှိသောတရားကိုလည်း
အနှစ်မရှိသောတရားဟူ၍ သိကြကုန်သောကြောင့် ထိုသူတို့သည် မှန်ကန်သော ကြံစည်မှုလျှင်(ကျက်စားရာ ) အာရုံရှိကုန်ရကား အနှစ်ရှိသောတရားကို ရနိုင်ကြကုန်၏။ ( ဓမ္မပဒ )

“ အကောင်း အဆိုး အနှစ် အကာ ”  ခွဲခြားသိမြင်သူသည် “ သမ္မာဒိဋ္ဌိ - အမြင်မှန်သူ ”  အမှန်
မြင်သူ မည်၏၊ အမှန်ကို မြင်သူ ဖြစ်၍ အကြံသည်လည်း မှန်ကန်တိကျ သည်သာ ဖြစ်၏။
ထို့ကြောင့် အဆိုးကို ရှောင်၏၊ အကာကို ပယ်၏၊ အကောင်းနှင့်အနှစ်ကိုသာ တိတိကျကျ
မိမိရရ ရအောင်ယူတတ်၏။
နေက္ခမ္မ၀ိတက် - ထွက်မြောက်ကြောင်းကို ကြံ၏၊ ကိလေသာအာရုံမှ ထွက်မြောက်ကြောင်းကိုကြံ၏၊  ထွက်မြောက်ကြောင်းကို ကျင့်၏၊ဘ၀မှ ထွက်မြောက်ကြောင်းကို ကြံ၏၊ထွက်မြောက် ကြောင်းကို ကျင့်၏၊၊ တောရပ်မြိုင်မှီ အရည၀ါသီ( ရသေ့ ရဟန်း ) အဖြစ်နေထိုင်၍ သမထ ၀ိပဿနာတရား ကျင့်ပွါး၏၊  လောကီလူသားအဖြစ် ကျင်လည်ရစဉ်၌လည်း ပစ္စည်းဥစ္စာရှာဖွေ၍ ပိုင်ဆိုင်မှုရသောအခါ ပေးဆပ်ခြင်း ဖြင့် လောကကို အကျိုးပြု၏၊ အလှဆင်၏ ပေးဆပ်ခြင်းဖြင့် အနှစ်ကို ရအောင်ယူတတ်၏၊ ပေးဆပ် သောအခါ၌လည်း (တစ်စုံတစ်ခု ပြန်လည်၍ အကူအညီ ရလိမ့်မည်ဟု အနာဂါတ်မျှော်လင့်ချက် လုံးဝမရှိ) စေတနာသန့်သန့် ထား၍ လွတ်လွတ်ကျွတ်ကျွတ် နှောင်ကြိုးမဲ့ ကူညီ ပေးဆပ်ခြင်းဖြစ်၍ အေးချမ်းလှ၏၊
“ သိမ်းပိုက်ထားခြင်းသည် မိမိအတွက်မဟုတ်၊ ပေးဆပ်ခြင်းသာ မိမိအတွက် ဖြစ်သည် ” ဟုလက်ခံ ယုံကြည်ထားသူဖြစ်၏။ ပေးရလျှင်ပျော်၏။ ကျေနပ်၏၊ဤသို့ လောဘနည်းအောင်ပါးအောင် ကျင့်သုံးနေ ထိုင်းခြင်းခြင့် လောဘတဏှာကို ဖြေးဖြေးချင်း ပယ်သတ်နေသူဖြစ်၏။ထို့ကြောင့် သူရှိသော နေရာသည် လုယက်မှုမရှိ မတရားယူမှုမရှိ၍ စိတ်ချမ်းချမ်းသာသာနှင့်နေချင်စဖွယ် အရပ်ဒေသလေး ဖြစ်လာတော့၏။

အဗျာပါဒ၀ိတက် - ပျက်စီးကြောင်း၏ဆန့်ကျက်ဘက် ပြည့်စုံမှုကို ကြံစည်သူ ဖြစ်၏။ပြည့်စုံမှုဆိုရာ၌ သူတစ်ပါးအတွက် လောကအတွက် ပြည့်စုံမှုကို ဆိုလိုပါ၏။ မြစ်ချောင်း များသည် လောကအတွက် စီးဆင်း နေကြ၏၊ ပန်းပင်များသည် လောကအတွက် ပွင့်ပေး နေကြ၏၊သစ်ပင်များသည် လောကအတွက် သီးပေးနေကြ၏၊ငါ ပိုင်ဆိုင်သောပစ္စည်း ငါ တတ်မြောက်သော ပညာသည်လည်း လောကအတွက် ဖြစ်ရမည်ဟု မိမိဘ၀ကို “  မြစ် ပန်းသစ်ပင် ” ကဲ့သို့ ခံယူထားသူ ဖြစ်၏။ သူကြံသမျှ ပြောသမျှ ပြုသမျှ ပိုင်သမျှသည် လောကအတွက်သာ ဖြစ်၏။ သူသည် မိခင်စိတ်ထား၏ လောက သက်ရှိအားလုံးကို သားသမီးလိုသဘောထား၏။ သားသမီးပေါ်ထားရှိသော မိခင်စိတ်ဓါတ် အဘယ်သို့ ရှိမည်ကို ခန့်မှန်းနိုင်
ပါ၏။ ထို့ကြောင့် သူရှိသောနေရာသည် “ အမိရင်ခွင်၌ နေရသလို ” အေးချမ်းသာယာလှပါ၏။

အ၀ိဟိံသ ၀ိတက် - သနားတတ်၏၊ ကြင်နာတတ်၏၊ဖေးမကူညီတတ်၏ ယိုင်နေသူကို မတ်ပေး၍ လဲနေသူကို ထူပေးသူဖြစ်၏။ချမ်းသာသူတွေ့လျှင်ဝမ်းသာတတ်သလို တစ်စုံတစ်ခုကြောင့် ဒုက္ခရောက် နေသူကို မြင်တွေ့ရလျှင်လည်း ၀မ်းနည်းလွယ်သူ ဖြစ်၏။ အထူးအားဖြင့် သူသည် ဒုက္ခရောက်နေသူကို ကူညီခြင်း ကယ်တင်ခြင်း ဖေးမခြင်းဖြင့် ဘ၀နှင့်အချိန်ကို ပေးဆပ်နေသူဖြစ်၏၊အားငယ်သူတို့၏ အားထား ရာအဖြစ် သူသည် အမြဲတန်းရပ်တည်၏၊ရပ်တည်နိုင်အောင်လဲ ကြိုးစားသူဖြစ်၏။ သူ၏ အဓိကလုပ်ငန်း သည် ကယ်ဆယ်ရေးလုပ်ငန်းဖြစ်၏။သူ၏ နှုလုံးအိမ်၌ ကရုဏာတရားသည် အမြဲနေရာ ယူထား၏၊ ထို့ကြောင့်သူသည်ဗြဟ္မာကြီးတစ်ဦးလို လောကကို အကြင်နာတရားဖြင့် ထွေးပိုက်ထားချင်သူ ဖြစ်ပါ၏
နာကျင်သူများကို ကြင်နာခြင်းဖြင့် ဘ၀အားမာန်ကို တိုက်ကြွေးနေသူဖြစ်၏သူ့ကြောင့် ခွန်အားသစ်များ ရ၍ ဘ၀သစ် အလှသစ် ထူထောင်သွားကြသူများလဲ မနည်းတော့။      သူသည် “ နာကျင်သူများ၏ မိခင် ဖြစ်၏ ” ၊ကြင်နာသော မိခင်၏အရိပ်၌နားခိုခွင့်ရသူသည် အဘယ်မျှလောက်အေးချမ်းလိုက်မည်နည်း။ မှန်းဆ၍ သိနိုင်ပါ၏။

လာဘ သက္ကာရ သိလောက ယင်းတရားများကို မာရ်နတ်၏ လက်နက်ဆန်းများဟုသူ ကောင်းစွာ သဘောက်ပေါက်ထား၏၊ ယင်းလာဘ သက္ကာရ သိလောကလမ်းကြောင်းနှင့် နိဗ္ဗာန်လမ်းကြောင်းသည်  
“ အဖြူနှင့်အမည်း - အရှေ့နှင့်အနောက် ”ပမာ လုံးဝ ဆန့်သည့် လမ်းကြောင်းများ ဖြစ်ကြောင်း သူကောင်းကောင်းသိ၏။“ သိ ” သည့်အတိုင်းလည်း ကျင့်သုံးနေထိုင်သူ ဖြစ်၏။ရသမျှလေးနှင့် ရောင့်ရဲ နေထိုင်တတ်သူဖြစ်၍ မရခြင်းကြောင့်ဖြစ်သော ဒုက္ခအပူဓါတ် သူ့မှာ အဟပ်မခံရတော့။ ၀ါးသီးသည် အပင်ကို သတ်၏၊  ငှက်ပျောသီးသည် အပင်ကို သတ်၏၊အဿတိုရ်မြင်းသည် မိခင်ကို သတ်၏၊ “ လာဘ သက္ကာရ သိလောက ” သည် လက်ခံသူကို    သတ်၏ - တဲ့။ ယင်းဒေသနာကို သူသည် အမြဲ နှလုံးသွင်း  ဆင်ခြင် နေသူဖြစ်ရကား လာဘ်လည်း မမက်၊ အပူဇော်ခံလည်း မမက် ၊ နာမည် ဂုဏ်သတင်း ကျော်စောခြင်းကိုလည်း မမက်မောတော့၊ “ မက်၍ မောသူ ” များကိုလည်း သူမြင်တွေ့နေရ၍သံဝေဂ တရားများလည်း ဖြစ်ပွါးရသည်မှာလည်း မနည်းတော့။

ထို့ကြောင့် သူသည် အလျဉ်းသင့် သင့်သလို တစ်ပါးတည်းနေ၏။ တစ်ပါးတည်းနေသောအခါ၌လည်း မိမိ စရိုက်နှင့်ကိုက်ညီသည့် ဘာဝနာတစ်ခုခု မှတ်ရှုနေသည်သာ ဖြစ်၏ ထို့ကြောင့်သူသည် လူအဖေါ် လည်းမရှိ၊ကိလေသာအဖေါ်လဲ“ မငြိ ”တော့။ကာယ၀ိဝေက စိတ္တ၀ိဝေက အဖြစ်ဖြင့် အနေကြာလာ သောအခါ . တစတစ“ သီလ သမာဓိ ပညာ ၀ိမုတ္တိ ၀ိမုတ္တိဥာဏဒဿန ” အနှစ်သာရများကို သူကောင်းကောင်းကြီး ပိုင်ဆိုင်ခွင့် ရသွားလေပြီး။သူသည် သာသနာနှင့်တွေ့သူ ဖြစ်သွား၏ ၊ သာသနာ ကြုံရကျိုး နပ်သွားသူဖြစ်၏။ “ တရားမြင်သူဖြစ်၍ ဘုရားမြင်သူ ”  ဖြစ်သွားတော့၏။

ကြုံခဲသည့် သာသနာ - ရခဲသည့် လူ့ဘ၀ - ဖြစ်ခဲသည့် သဒ္ဓါတရား - ထင်ရှားရှိနေခိုက်  အကာတောမှာ ဗျာမောမနေကြပဲ “ သတိ - အသိ ” လိုက်၍ အကာကိုပစ် အနှစ်ကို ရှာဖွေသူ ပိုင်ဆိုင်သူများ  ဖြစ်နိုင် ကြပါစေဟု ….

                                ကောင်းသစ်

No comments:

Post a Comment