.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Monday, January 10, 2011

“သုဒတ္ထ၏ ဘဝပုံရိပ် ( ၁ )

သာဝတ္ထိပြည်သည် လူမျိုးစုံခြင်း လူတန်းစားစုံခြင်း ကိုးကွယ်သည့်ဘာသာစုံခြင်း လူနေထူထပ်ခြင်းတို့ဖြင့်  စည်ကားသော အထင်ကရ မြို့တော်ကြီးတစ် မြို့ဖြစ်၏။သန်းခေါင်စာရင်း မှတ်တမ်းအရ သန်းခုနှယ် ဆယ်ရှိ၏ဟု သိရ၏၊

သုဒတ္တသူကြွယ်သည် သာဝတ္ထိမြို့သားဖြစ်၏၊ သို့သော် သူ့နာမည်ရင်းကို သိသူနည်းပါးလှ၏၊ အများက သူ့ကို “ အနာထပိဏ် ” ဟု ချစ်စနိုးခေါ်ကြ၏၊ အမှန်အားဖြင့် သူသည် ချစ်လည်း ချစ်စရာ ကောင်းသူ တစ်ယောက်ဖြစ်၏။အတိတ်ကံမလှ၍ စားရမဲ့ သောက်ရမဲ့ အနေမဲ့ အခြေမဲ့သူများ၏ အားထားရာ ရွှေတောင်ကြီးသဖွယ်ဖြစ်၏။ သူတို့လိုအပ်ချက် ၀မ်းရေးကို အမြဲတန်း ဖြည့်ဆည်းပေးနေသူ ဖြစ်၏။ တစ်ခြားသော  သာရေး နာရေး ရပ်ရေး ရွာရေး လူမှုကယ်ဆယ်ရေးလုပ်ငန်းတို့၌လည်း အင်တိုက် အား တိုက် ကူညီသူဖြစ်၏။ထို့ကြောင့် အနာထပိဏ်သူဌေးသည် မိတ်ဆွေများ၏၊ အပေါင်းအသင်းများ၏သြဇာ ညောင်း၏၊ အနာထပိဏ်ပြောလျှင် အားလုံးက လက်ခံကြ၏။ လိုက်နာကြ၏ သူသည်  သာဝတ္ထိမြို့၏ မျက်နှာ ဖုံးဖြစ်၏။

သူသည် ရာဇဂြိုဟ်သူဌေး၏နှမနှင့်ရေစက်ဆုံသူ ဖြစ်၏၊ထို့ကြောင့်ယောက်ဖဆီ လည်သွား ရင်းလည်းဖြစ် ကုန်သွယ်ရင်းလည်းဖြစ် မကြာမကြာ ရာဇဂြိုဟ်မြို့သို့ ရောက်လေ့ရှိ၏၊သူ့နှမက သုဒတ္တကိုသိပ်ချစ်၍ ရာဇဂြိုဟ်သူဌေးသည်လည်း သူ့ကို ချစ်ရတော့၏၊ သူ့အတွက်တော့ ရွှေယောက်ဖပင် ဖြစ်၏။  သူလာလျှင် လမ်းမှ လာကြို၏၊အိမ်မှုကိစ္စအားလုံးကို ပစ်ထား၍ သူ့ကိုသာ အလေးထား၏၊ သွားချင်ရာ ပို့၏၊ လိုချင်တာ ရှာပေး၏၊ စားချင်တာလည်း စီမံပေးသည်သာ ဖြစ်၏၊

သို့နှင့် တစ်နေ့ သူသည် ရာဇဂြိုဟ်သူဌေးထံသို့ သူသွားပြန်၏၊ ခါတိုင်းသူလာမည် ဆိုလျှင်ကြိုနေကြ ရွှေယောက်ဖသည် လမ်းမှဆီး၍ ကြိုနေကြဖြစ်၏၊  ယနေ့ လာမည် သိလျှက် အကြိုတော် ပေါက်မလာ၊ ရောက်မလာ၊  ဟိုနားတွေ့နိုး ဒီနားတွေ့နိုး သည်လိုနှင့်အိမ်ကိုသာ ရောက်သွား၏၊ ကြိုသူကား ပေါ်မလာ။
အိမ်ရောက်ပြန်တော့လည်း ရွှေယောက်ဖသည် သူ့အလုပ်နှင့်သူ ရှုပ်နေ၏၊အိမ်ရှိ အလုပ်သမား အားလုံးကို သူကိုယ်တိုင် လိုက်၍ ညွှန်ကြားနေ၏မနက်စောစာထ၍ ယာဂု ( ဆန်ပြုတ် ) ကြိုဖို့၊ ဆွမ်း ဆွမ်းဟင်း လက်သုပ်ဟင်းလျှာများ ဘောဇဉ်များ ဖွယ်ဖွယ်ရာရာ သပ်သပ်ယပ်ယပ် အကောင်းဆုံးဖြစ်အောင် ချက် ပြုတ်ပြင်ဆင်ကြဖို့ ညွှန်ကြားနေခြင်းဖြစ်ပါ၏စီမံမှုအားလုံး ပြီးပြီးဆိုမှ  သူ့နားလာကာ စကားပြောတော့၏၊

ထိုအခါ သုဒတ္တက “ ယောက်ဖ မင့်အိမ်မှာ သမီးပေး သမီးယူမင်္ဂလာများ  ရှိလို့လား၊ယဇ်ပူဇော်ဖို့များ အစီအစဉ်များရှိသလား၊  ဒါမှ မဟုတ် ဗိမ္ဗိသာရမင်းနှင့်အထက်ပိုင်း ၀န်ကြီးများကို ထမင်းစား များ  ဖိတ်ထားလို့  ဒီလောက်အလုပ်များနေတာလားလို့ ” မေးလေတော့၏၊ထိုအခါ ရာဇဂြိုဟ်သူဌေးက သမီးပေး သမီးယူ မင်္ဂလာလည်း မရှီ၊ ယဇ်ပူဇော်မှုလည်းမရှိ၊  မင်းနှင့်ဝန်ကြီးများကို လည်း  ထမင်းစားမဖိတ် ၊ အမှန်အားဖြင့် မြတ်စွာဘုရားရှင်နှင့်သံဃာတော်များကို မနက်ဖန် ဆွမ်းဘုဉ်းပေးကြွဖို့  ပင့်လျှောက်ထားကြောင်း ရှင်းပြ တော့၏

“ ဗုဒ္ဓ - ဘုရား ” ဟူသော စကားကြားလိုက်သည်နှင့်တပြိုက်နက် သုဒတ္တ၏ ရင်ထဲနှလုံးသားထဲ၌ ဖေါ်မပြနိုင်သော ခံစားမှု တစ်ရပ် ထိမ်းချုပ်၍ မရအောင်ဖြစ်ပေါ်လာတော့၏။ “ ဗုဒ္ဓ - ဘုရား ” လို့ ပြောလိုက်သလား၊ အေး ဟုတ်တယ်“ ဗုဒ္ဓ - ဘုရားလို့ ပြောလိုက်တယ်လေ၊ သုံးကြိမ်တိတိ သူက သေချာအောင်ထပ်ဆင့်မေး၏၊ ရာဇဂြိုဟ် သူဌေးကလည်း သုံးကြိမ်တိုင်တိုင်ပင် ဖြေကြား၏။လောကမှာ ဘုရားပွင့်ဖို့ မဆိုထားဘိ၊ ဘုရားဟူသော အသံကြားဖို့ပင် အလွန်ခဲယဉ်း၏၊

သုဒတ္တသည် ဘာသာသွေးပါလာသူပီပီ အခုပင် ဘုရားရှင်ဆီသွားရန် ပြောလေတော့၏၊ ထိုအခါ သူနား လည်အောင် ရှင်းပြရတော့၏၊ ယခု ချိန်သည် ဘုရားရှင်ထံ လူများ ဆည်းကပ်ရန် အချိန်မဟုတ်၊ မနက်ဖန်မှ ဘုရားကို စိတ်တိုင်းကြဖူးမြင်ပါဟု နှစ်သိမ့်ရ၏။ သုဒတ္တသည် ဘုရားရှင်ထံ သွားချင်စိတ် အားကြီးနေ၍အိပ်လို့ကောင်းကောင်းမရပေ၊ နိုးလိုက် စောသေး၍ ပြန်အိပ်လိုက်၊ သုံးခါပင်ရှိပေပြီး၊ ကဲ အရောင်အလင်းတွေ ထောက်ရင် မိုးလင်းတာပဲ ဖြစ်ရမယ်၊(ဘုရားရှင်ကို အာရုံပြုသော ဗုဒ္ဓါနုဿတိ ဘာဝနာကြောင့် အလင်းရောင်ထွက်ခြင်းဖြစ်၏၊ ယင်းကိုပင် သူ့ဒတ္တက မိုးလင်းသည်ထင်၍ ဘုရားရှင်ရှိရာ (သီတ၀န)ယင်းတိုက်တောသို့ မှန်း၍ သွားလေတော့၏၊

သွားရင်း သွားရင်း “ သိဝက ” တံခါးနားရောက်သောအခါ နတ်များသည်တံခါးကို ဖွင့်ပေး၏ (သူတော် ကောင်း နတ်ကောင်းစောင့်ခြင်းပေတည်း )မြို့တော်မှ ထွက်သောအခါ (ဗုဒ္ဓါရမ္မဏ အားနည်း သွား၍ ) အလင်းရောင်များကွယ်သွား၏ အမှောင်များ ကြီးစိုးလာ၏၊သုဒတ္တသည် ကြောက်စိတ်ပေါ်လာ၍နောက်ပြန် လှည့်လှည့်ရန် ခြေလှမ်း ပြင်တော့၏၊

“ ဆင်တစ်သိန်း၊ မြင်းတစ်သိန်း၊ အဿတိုရ်မြင်းကသော ရထားတစ်သိန်း၊ ပတ္တမြားနားတောင်း ပန်ဆင်ထားသော အမျိုးသမီး ကညာ တစ်သိန်းရရှိခြင်းသည် ယခု ဘုရားရှင်ကို ဖူးမြင်ရန်သွားနေသော ခြေတလှမ်း၏အကျိုးကို  တစ်ဆယ့်ခြောက်ပုံပုံသော်တစ်ပုံကိုမျှ မမှီချေ ၊ရှေ့သို့ဆိုသည့်အတိုင်း အသင် သူဌေးသည် ရှေ့သို့သာ ဆက်သွားပါ၊  ရှေ့သို့ဆက်လက်သွားခြင်းသည်သာ  မြတ်၍ နောက်သို့ ပြန်လည်၍ ခြေဦးလှည့်ခြင်းသည် မမြတ်ပါ ” ဟူသော သိဝကနတ်၏ အားပေးစကား သံကို သူ ကောင်းစွာကြားနေရ၏။သို့သော်  မြင်တော့မမြင်ရပေ ။

နတ်မမြင်ရသော်လည်း အသံကြား၍ အားရှိသွား၏၊ ဘုရားဂုဏ်တော်များ ပြန်လည်ပွါးမှိပြန်၏၊ထိုအခါ (ဗုဒ္ဓါရမ္မဏပြန်လည်အားကောင်းလာ၍ ) အလင်းရောင်များထွက်ပေါ်လာပြန်၏၊ စိတ်အားတက်၍ ရှေ့သို့ ခြေလှမ်းများဆက်လှက်လှမ်းနေမိပြန်၏။ဤသို့ မှောင်လိုက် နောက်ပြန်လှည့်ခြင်စိတ်ဖြစ်လိုက် . သုံးကြိမ် သုံးခါထိ ဖြစ်မိ၏နောက်ပြန်လှည့်လိုတိုင်း သိဝကနတ်ကလည်း အားပေးစကား ပြောမြဲ ပြောနေ၏။ဤသို့ ဖြင့်ပင် ဘုရားရှင်သီတင်းသုံးရာ “ သီတ၀န ” ယင်းတိုက်တောသို့ သုဒတ္တရောက်သွားတော့၏။

အရှေ့လောကဓါတ်မှ နေမင်း၏ ရှေ့ပြေးတမန်ဖြစ်သော အနီရောင်ဖျော့ဖျော့အရုဏ်ရောင်ကို စတင်၍ မြင်နေရပေပြီ၊ ရှင်တော်မြတ်ဘုရားသည် စင်္ကြံကြွတော်မူနေ၏ စင်္ကြံကြွတော်မူရင်း “ သုဒတ္တ ” ကို စောင့်နေခြင်း ဖြစ်၏။ သုဒတ္တမိမိဆီသို့ ရှေ့ရှုလာနေသည်ကို အဝေးမှပင် လှမ်း၍ မြင်နေရပေပြီ၊စင်္ကြံလျှောက်ခြင်းကို ရပ်တန့်၍  အရန်သင့် ခင်းထားပြီးဖြစ်သော အခင်းပေါ်၌ ထိုင်တော်မူလျှက် “ သုဒတ္တ ” လာလော့ဟု မိန့်တော်မူလိုက်၏၊ နာမည်ခေါ်၍နှုတ်ခွန်းဆက်လိုက်ခြင်း ဖြစ်၏။သူ့နာမည်ရင်းကို ခေါ်သူ နည်းပါးလှ၏၊ အများကအနာထပိဏ်ဟုသာ အသိများ၏ အခေါ်များ၏။လူသိနည်းသော နာမည်ကို သိနေ၏၊ထို့ပြင် မိမိ (သုဒတ္တ ) လာမည်ဟု ကြိုတင်အကြောင်းကြားမထား၊သူ့ကိုလည်း တစ်ခါမှ မမြင်ဘူးပါလျှက် သူ့နာမည်ရင်းကို ရှင်တော်ဘုရားက ခေါ်လိုက်သောအခါ သူဝမ်းသာသွား၏၊ အားလည်း တက်သွား၏၊ သူ့နာမည် ခေါ်လိုက်၍ရင်းနှီးသွားပေပြီး၊ဘုရားရှင်၏ ခြေတော်အစုံကို ဦးခေါင်းဖြင့် တိုက်၍တိုက်၍ ( ဦးခိုက်၍ ) ရှင်တော်မြတ်ဘုရား ချမ်းသာစွာ ကျိန်းစက်တော်မူရပါရဲ့လား ဘုရားဟု လျှောက်ထားလေ၏။

ထိုအခါရှင်တော်မြတ်ဘုရားက“ကာမတို့၌မလိမ်းကျံ၍ငြိမ်းအေးခြင်းသို့ရောက်သောပူလောင်မှု ကိလေသာ ကင်းသောရဟန္တာသည်ထက်ဝန်းကျင်မှ ငြိမ်းပြီးသည်ဖြစ်၍အခါခပ်သိမ်းချမ်းသာစွာ(အိပ်ရ၏၊) ကျိန်းစက်  ရပါ၏တောင့်တမှု အားလုံးကိုဖြတ်၊စိတ်ပူပန်ခြင်းအားလုံးကို ပယ်ဖျောက်ပြီးဖြစ်ရ ကားစိတ် ငြိမ်း အေး နေသော ရဟန္တာသည် ချမ်းသာစွာ(အိပ်ရပါ၏ )ကျိန်းစက်ရပါ၏ ”ဟု အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော အသံတော်ဖြင့် ပြန်လည် မိန့်ကြားတော်မူလိုက်၏။

ထို့နောက်တော့ ဆက်လက်၍ ဒါနှင့်ဆက်စပ်သော တရား၊ သီလနှင့်သက်ဆိုင်သောတရား၊ နတ်ရွာနတ်ပြည်နှင့်ပါတ်သက်သောစကား၊ ကာမဂုဏ်တို့ သာယာဖွယ်၊ အပြစ် ၊ထွက်မြောက်ကြောင်း ၊ ထွက်မြောက်ခြင်း၏အကျိုးကို ဆက်ကာဆက်ကာ ဟောပြ တော်မူ၏၊သုဒတ္တသည် “ ရိုသေစွာ နာယူခြင်း၊ ကောင်းစွာနှလုံးသွင်းခြင်း ” ဟူသော မူနှင့်တရားနာနေသူ ဖြစ်ရကား သူ၏စိတ်သည် တရားထဲ၌ နစ်မြုတ်နေ၏၊ စိတ်ထားများ နူးညံ့သက်ထက် နူးညံ့လာ၏။ နီဝရဏအညစ်အကြေးများ ကင်းရှင်းနေ ရကား  စိတ်ထား များဖြူသထက်ဖြူလာ၏၊ စိတ်ဓာတ်များ  လန်းဆန်းတက်ကြွနေ၏

ထိုအခါ ရှင်တော်မြတ်ဘုရားက အခြေအနေနှင့်အချိန်အခါကို ကြည့်တော်မူကာမဟာဗောဓိပင်ခြေ ပလ္လင် ဗွေ၌ ကိုယ်တော်တိုင် သိမြင်ပြီးဖြစ်သော “ ဒုက္ခသစ္စာ - ဆင်းရဲခြင်း အမှန်တရား၊ သမုဒယသစ္စာ - ဆင်းရဲ ကြောင်း အမှန်တရား၊ နိရောဓသစ္စာ - ဆင်းရဲချုပ်ရာ( နိဗ္ဗာန် ) အမှန်တရား၊ မဂ္ဂသစ္စာ-ဆင်းရဲချုပ်ရာနိဗ္ဗာန် ရောက်ကြောင်း တရားအမှန် ” ဟူသော  သာမုက္ကံသိကဒေသနာ သစ္စာကထာကို ဟောကြားတော်မူ၏။

ဖြူစင်သော အ၀တ်ကို ဆေးဆိုးလိုက်သော အခါ ဆေးရောင်သည် ကောင်းစွာစွဲ၍ အရောင်တောက်လာ သကဲ့သို့  စိတ်ဓါတ်ဖြူးဖွေးနေချိန် သစ္စာကထာကို နာကြားလိုက်ရသောသုဒတ္တ၏ဖြူစင်သောနှလုံးအိမ်၌ သောတာပတ္တိမဂ်ဥာဏ်သည် ကောင်းစွာ တည်သွားပေပြီ၊ “ ဖြစ်ခြင်းသဘောရှိသော အရာအားလုံးချုပ် ပျက် ခြင်းသဘောရှိ၏ ” ဟု အသိဥာဏ် မျက်စိ ပွင်သွားပေပြီ၊ သူ့ဘ၀သည် အမှောင်သို့ ပြန်မလှည့်သော ချေလှမ်းပိုင်ရှင် ဖြစ်သွားပေပြီး၊ သူ့အတွက် အပါယ်လေးပါး တစ်ခါးလုံးဝပိတ်သွားပေပြီး၊ “ အယူမှားမှု ဒိဋ္ဌိ၊ ယုံမှားမှု ၀ိစိကိစ္ဆာ၊  အကျင့်မှားမှု သီလဗ္ဗတ ပရာမာသ”တရားများ လုံးဝ ကင်းရှင်းသွားပေပြီ၊

“ကာမဘုံသား နတ်လူများတို့ ကောင်းစားပြည့်ဝ ဘေးရန်ပလျှက် အေးမြချမ်းသာ နေလိုပါလည်း
ဣဿာ မစ္ဆေ လွန်ရှုပ်ပွေ၍ အခြေမလှ ဆင်းရဲရ၏ ” တဲ့။

ဘ၀သံသရာ အဆက်ဆက် အခြေမလှ အနေမကျ ဆင်းရဲဒုက္ခကို ဖြစ်စေနိုင်သော“သူတစ်ပါး ကြွယ်ဝ ချမ်းသာ ကောင်းစားနေသည်ကို မနာလိုမှု - ဣဿာတရား ဆိုးနှင့်၊မိမိပိုင်ပစ္စည်း ပညာကို နှမြောဝန်တိုမှု မစ္ဆရိယ တရားဆိုးကိုလည်း လုံးဝ ဖျက်ချိုးပစ်လိုက်ပေပြီး၊သူတစ်ပါးချမ်းသာလျှင် ၀မ်းသာတတ်သော စိတ်ဓါတ်နှင့် မိမိချမ်းသာလျှင် မျှဝေခံစားတတ်ခြင်း စိတ်ဓါတ်သည် သူ့နှလုံးသား၌ သံမှိုရိုက်သလို စွဲမြဲစွာ စိုက်ဝင်သွားတော့၏။ သူ၏ အနာဂါတ်ဘ၀လမ်းခရီးသည် အဆန်လမ်းသာ ဖြစ်တော့၏၊ ဘေးရန်ကင်း၍ စိတ်ချမ်းသာသော ပန်းခင်းလမ်းသာ  ဖြစ်သွားတော့၏၊ (ဆက်ရန် )  ကောင်းသစ်


No comments:

Post a Comment