.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Saturday, January 29, 2011

ဝဋ်ကြွေး (၁)




  မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏အကြောင်းတည်း၊ မေ့လျော့ခြင်းသည်
အဖန်ဖန်သေရခြင်း၏ အကြောင်းတည်း။မမေ့မလျော့သော သူတို့သည်                            သေသည်မမည်ကုန်။ မေ့လျော့သူတို့သည် သေသည်မည်ကုန်၏။

မမေ့မလျော့သော ပညာရှိတို့သည် ဤသို့ ထူးခြားကြောင်းကို သိ၍ မမေ့မလျော့
သော သတိတရား၌ ရွှင်လန်းဝမ်းမြောက်ကုန်လျှက် အရိယာတို့၏ ကျက်စားရာ
လောကုတ္တရာတရားကိုးပါး၌ မွေ့လျှော်ကြကုန်၏။

ထိုပညာရှိတို့သည် ( သမထ ၀ိပဿနာဈာန်နှစ်ပါးဖြင့် ကိလေသာကို ) ရှို့မြှိုက်
ကုန်ပြီးလျှင် အမြဲမပြတ် လုံလပြုကုန်၍ မတွန့်မဆုတ် လုံ့လထုတ်ကုန်လျှက်
ယောဂလေးပါး၏ကုန်ရာ အတုမရှိ မြတ်သော နိဗ္ဗာန်သို့ ရောက်ကြကုန်၏ (ဓမ္မပဒ )

ရှေးခေတ် ရှင်ဘုရင်များသည် တောကစားထွက်လေ့ရှိ၏၊ တောကစားထွက်ရာ၌  ရည်ရွယ် ချက် ရှိ၏၊ တောထဲ၌ ခိုအောင်းနေသော လူဆိုးများကို ခြောက်လှန့်သည့်  သဘောလဲ ပါ၏၊ အမြဲတန်း နန်းတော်ထဲ၌ နေရ၍စိတ်၏ထွက်ပေါက်အဖြစ်  စိတ်မွန်း ကြပ်မှုကို ဖြေဖျောက်ရန် လည်း ပါ၏။သားကောင်များကို  အထူးအားဖြင့် သမင်များကို ကိုယ်တိုင်လိုက်၍ စားသုံးရန် လည်းပါ၏၊ ရှေးခေတ် တစ်ချို့ရှင်ဘုရင်များ  သမင်သား  “ စွဲလမ်း ” ကာ ထီးနန်းစွန့်၍ တောထဲမှာပင် အသားကင်စားကာ  အနေကြာလာသော အခါလူစင်စစ်က လူ့ပြိတ္တာအဖြစ် ပြောင်းလဲသွားသည်လည်း ရှိ၏။

တစ်ချို့ရှင်ဘုရင်များ တောကစား မကြာမကြာ ထွက်သောကြောင့်  ( အလုပ်ပျက်သ ဖြင့်)  သမင်များကို ခြံခပ်ကာ ရှင်ဘုရင်အတွက်  သီးသန့် သမင်ခြံ လုပ်ပေးကြရသည် လည်း ရှိခဲ့၏။ရှင်ဘုရင်များ တောက စား ထွက်မှုနှင့် ပါတ်သက်၍ မြန်မာ့နယ်ပယ်၌      “ ရွေသမင် ဘယ်ကထွက် မင်းကြီးတာကထွက် ” ဟူသော စကားပုံတစ်ခုပင် ကျန်ခဲ့၏။

ဥတေနမင်းသည်လည်း ရှင်ဘုရင်တစ်ပါးပေမို့ တောကစားသည့် အစဉ်အလာကို ဆက် လက် ကျင့်သုံးနေ၏၊ သို့သော် သူကတော့ သားသမင်လိုက်ရန်မဟုတ်မိဖုရား ခေါင်ကြီး “ သာမာ ၀တီ ” ၏ မေတ္တာရပ်ခံထားချက်အရ သားသမင်များကိုမသတ်ဖြတ်တော့၊  တော၏ သဘာဝ အလှကို ရှုစားရင်း လေပြေလေညှင်းခံရင်းနှင့်တောထဲ၌  ခိုအောင်း နေထိုင်တတ်သည့် လူဆိုးများကို ခြောက်လှန့်သည့် အနေအားဖြင့်သာ  တောစားထွက် လာခြင်းဖြစ်၏ သို့သော် ယနေ့ တောကစား ထွက်လာရသည်မှာ ခါတိုင်းနှင့်မတူ ခြေလှမ်းများ လေးလံနေသလို ထင်ရ၏၊ စိတ်ထဲမှာ တထင့်ထင့် ဖြစ်နေသလို ခံစား နေရ၏

 “ သာမာဝတီ ” သူသည် ဘုရင်မင်းကြီး ချစ်မြတ်နိုးသော သိမ်မွေ့နူးညံပြီးသစ္စာ မေတ္တာ  အကြင်နာ တရားနှင့် ပြည့်စုံသော မိဖုရားခေါင်ကြီး ဖြစ်၏။ဘုရားမှတစ်ပါး  ကိုးကွယ်ရာ မရှာတော့သော သောတာပန် အရိယာသူတော်စင်မကြီးလည်း ဖြစ်၏။မိဖုရား ခေါင် ကြီးသည် သလွန်ညောင်းစောင်းထက်၌ လျှောင်းနေ ရင်း “ အိုခြင်း - နာခြင်း - သေ ခြင်းတရားသည် လူမျိုးတိုင်း ဘာသာတိုင်း ရှောင်လွဲမရသော သဘာဝတရား ဖြစ်၏၊ မည်သူတစ်ဦး တစ် ယောက်မျှ ရှောင်လွှဲ၍ မရစကောင်းချေတကား၊ သေကွဲ ရှင်ကွဲ ကွဲကွာခြင်း ခွဲခွါရခြင်းသည် လည်း လူတိုင်းတွေ့ကြုံရသည့် ရှောင်လွဲမရသော သဘာဝတရား ဖြစ်ပေ ၏တကား လူသားတိုင်းသည် သက်ရှိတိုင်းသည် မိမိပြုလုပ်ခဲ့သော ပြု လုပ်နေသော“ ကမ္မ ” ကံတရား၏ “ ဆိုး ကောင်း ”  စီမံခြင်းကို ခံယူရမည် ၊(ဘယ်သူ မပြု မိမိမှုမဟုတ်ပါလား) ဟူသော ဘုရားရှင် ဟောတော်မူသည့်   “ အဘိဏှ သုတ္တန် ”    တရားကို နှလုံးသွင်း ဆင်ခြင်နေ၏။

သခင်မ သခင်မ .. ဟို … ဟို…
အထိတ်တလန့်နှင့် ဘာဖြစ်လာတာလဲ သစ္စ၀တီ၊ စကားရှေ့ဆက် မပြောနိုင်ပဲအထိတ် တလန့်ဖြစ်နေ သည့် သူ၏အပါးတော် သစ္စာရှင်မလေးကို မိဖုရားခေါင်ကြီး မေးခွန်းထုတ် လိုက်ခြင်း ဖြစ်၏။ သစ္စ၀တီ သည် အချိန်တိုင်း မျက်စိကိုဖွင့် နားကိုစွင့်ထားသူဖြစ်၏။
ဟို ဟို သခင်မ စံမြန်းနေတဲ့  နန်းတော်တိုင်တွေကို မာဂဏ္ဍီရဲ့ ဦးလေးက ဆီတွေရွှဲနေ တဲ့အ၀တ်တွေနှင့်လိုက်ပြီးရစ်ပတ်ချည်နှောင်နေတယ်.အဲဒါရိုးရိုးသားဖြစ်မယ်မထင်ဘူးအကောက်ကြံကြံနေတာ များလား မသိဘူးသခင်မ ၊အဲဒါ သခင်မ လိုက်ကြည့်ပါအုံး သာမာဝတီ မိဖုရားကြီးနှင့် ရံရွှေတော်များ ဆင်းလာကြ၏၊

ဦးလေးကြီး ဘာဖြစ်လို့ နန်းတော်တိုင်တွေကို ဆီရွှဲနေတဲ့ အ၀တ်တွေနှင့်ရစ်ပတ်ချည် နှောင်နေတာလဲ ၊ သြော် ဟုတ်ကဲ့ပါ မိဖုရားခေါင်ကြီး ဘုရင်မင်းကြီး၏ အမိန့်တော်အရ ဤကဲ့သို့ ပြုလုပ်ရခြင်းပါ၊ (အမှန်အားဖြင့် ဘုရင်မင်းကြီး၏ အမိန့်တော်မဟုတ်  သူ့တူမ မိဖုရားခေါင်ကြီး မာဂဏ္ဍီ၏ မရိုးသားသည့် စေခိုင်းချက်ဖြစ်၏)ဘုရင်မင်းကြီးက နန်းတော် တိုင် တွေ ရေရှည်ခိုင်ခန့်ဖို့ စီမံခြင်း ဖြစ်နိုင်ပါတယ်၊ အချိန်မီ လုပ်ငန်းလေး တွင် ကျယ်အောင် လုပ်ရမှာမို့ မိဖုရားခေါင်ကြီးအပေါ်ခဏ စံနေတောမူပါအုံး၊

သာမာဝတီ မိဖုရားခေါင်ကြီးနှင့်ရံရွှေတော်များ အပေါ်ထပ် စံမြန်းရာသို့ပြန်တက် သွား ကြ၏၊ ထိုအခါမာဂဏ္ဍီ၏ဦးလေးသည် တံခါးအားလုံးကိုအပြင်မှချက်ချလိုက်၏၊ စိတ်ချရအောင် အပြင် က သစ်သားပါ ထပ်ရိုက်လိုက်သေး၏သူတို့အားလုံး အောက်ဆင်း၍မရတော့၊ ပြေးပေါက် ထွက်ပေါက်မရှိတော့။ ထိုအခါ  အောက်ခြေမှစ၍နန်း တော်ကြီးကို မီးရှို့လိုက်လေတော့၏။

နန်းမဆောင် အပေါ်ထပ်သို့ မီးခိုးများ လှိမ့်၍လှိမ့်၍ တက်လာ၏။အပေါ်ထပ်ရှိ  မိဖုရား ခေါင်ကြီးနှင့်တကွ ရံရွှေတော်များ ချောင်းတဟွတ်ဟွတ်ဆိုးကုန်တော့၏၊ မီးခိုးမှိုင်း ရိုက်၍  မျက်ရည်များပင် ဝေလာပေပြီး။ ဘာမှ သဲကွဲစွာမမြင်ရတော့ ။ထိုအချိန် “ သဲသဲကွဲကွဲ စကားသံ ပေါ်ထွက်လာသည်ကို ” ရံရွှေတော် အားလုံး  ကြားနေရ၏၊  မိဖုရားခေါင်ကြီး၏ တည်ငြိမ်သော အသံဖြစ်၏၊

“ သံသရာတလျှောက်လုံး ငါတို့ ကျင်လည်ခဲ့ရသော ဘ၀တွေ မနည်းတော့၊ ဤကဲ့သို့ မီးလောင်၍ သေဆုံးခဲ့ရသော ဘ၀များကို ရှင်တော်ဘုရား၏ သဗ္ဗညုတဥာဏ် တော်ဖြင့် ကြည့်လျှင်ပင် ဆုံးနိုင်မည် မဟုတ်ချေ၊ မမေ့မလျှော့ မိမိတရားကိုသာ နှုလုံးသွင်း  ဆင် ခြင်ကြနေကြပါ၊ ငါတို့ကို မီးရှို့သူ မာဂဏ္ဍီမိဖုရားကြီးနှင့်သူ့အသိုင်းအပေါ်လည်း  ဒေါသ “ အမျက် ” တရား မဖြစ်စေကြနဲ့၊ နန်းတော်ကြီးကို တပ်မက်တဲ့ လောဘ “ အမက် ” တရားလည်း မဖြစ်စေကြနဲ့၊ ငါတို့ ဒီလောက်ကောင်းကောင်း မွန်မွန်နေကြပါလျှက် ဘာဖြစ်လို့ ဒီလို အဖြစ်မျိုး အဖြစ်ဆိုး ကြုံရတာပါလိမ့်လို့ အတွေး တွေတဲ့ မောဟ    “ အဖျက် ”တရားလည်း မဖြစ်ပွါးစေကြနဲ့၊ ပြုသူ အသစ် ၊ ဖြစ်သူအဟောင်း ထုံးဟောင်း စကား ရှိ၏၊ ငါတို့တစ်တွေ ၀ဋ်ကြွေးရှိ၍ ဆပ်နေရသည်ဟု မှတ်ကြပါ၊ဤအချိန်သည် တရားမှတစ်ပါး အားကိုးရာ မရှိ၊ မိမိတရားကိုသာ စေ့စေ့စပ်စပ်စူးစူး စိုက်စိုက် အားထုတ်ကြပါ ”သာမာဝတီ  မိဖုရားခေါင်ကြီးသည် မိမိ၏ ရံရွှေတော်များကို “ ဓမ္မလမ်းညွှန် ” ပေးပြီးပြီးမို့ မီးအရှိန်ကြောင့် ခံစားနေရသည့် ဝေဒနာကိုပင် အရှုခံအဖြစ်( ဝေဒနာနုပဿနာသတိပဋ္ဌာန်ကို ) စူးစူးစိုက်စိုက် သတိချပ် အသိကပ် ရှုမှတ်နေလေ တော့၏။ ကျန်ရံရွှေတော်များသည်လည်း ဝေဒနာကိုပင်  အသေအချာရှုမှတ်နေကြ၏၊

ပကတိမီးတောက် မီးလျှံတို့သည် သူတို့၏ ကိုယ်ခန္ဓာကို လောင်မြိုက်နေ၏၊ သူတို့သည်  “ လောဘ ဒေါသမောဟ အတ္တမာနစသည့်”ကိလေသာမီးတောက်မီးလျှံတို့ကို ဝေဒနာနုပဿနာ သတိပဋ္ဌာန်ရေစင်ဖြင့် ညှိမ်းသတ်နေကြ၏၊ အချို့ သကဒါဂါမ် တည်သွားကြ၏ တစ်ချို့တော့ အနာဂါမ် အဆင့်ထိရောက်သွားကြ၏ပေါက်ရောက် သွားကြ၏။ပကတိမီးတောက်မီးလျှံကြားမှ ကိလေသာ မီးတောက်မီးလျှံ့တို့ကို ငြိမ်းအောင် ညှိမ်း သတ်သည့် အတုယူဖွယ် စံထားဖွယ် အမျိုးသမီးများ ပေတကား။

ဥတေနဘုရင်ကြီးသည် အရိပ်ကောင်းသော ညောင်ပင်ရိပ်၌ ခဏနားနေချိန်ဖြစ်၏၊  ထိုအချိန် နန်းတွင်းမှ ထူးခြားသတင်းပို့ ခန့်အပ်ထားသော အထောက်တော်သည် မြင်းကို ဒုန်းစိုင်းလျှက် ဘုရင်မင်းကြီးရှိရာသို့  အပြေး လာနေ၏၊ ဘုရင်မင်းကြီး မြင်နေရ၏နန်းတော်၌ တစ်ခုခုတော့ ဖြစ်နေပြီးဟု ဘုရင်မင်းကြီး တွက်လိုက်၏ အထောက်တော်သည် ဘုရင်မင်းကြီးကို ဒူးထောက် ခစားလျှက် “ သတ်လျှင် လည်းသေ ထားလျှင်လည်း နေရပါမည် အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့၏ပေါ့ဆမှု ကြောင့် ဘုရင်မင်းကြီး မြတ်နိုးတော်မူသော မိဖုရားခေါင်ကြီး သာမာဝတီရဲ့ နန်းမဆောင်တစ်ခုလုံး မီးဟုန်းဟုန်း တောက်နေပါတယ် အရှင်မင်းကြီး ”ဘာ ? ..
ဥတေနဘုရင်မင်းကြီး၏ နှုတ်မှ ထွက်လာသော ကျယ်လောင်သော အသံကြီး  ဖြစ်၏၊ အမတ်ကြီးများ ၀န်ကြီးများ စစ်သည်တော်များ အားလုံးကြားလိုက်၏ ။ သူတို့ကြား သည် မှာ “ ဘာ ” တစ်ခွန်းတည်း သာဖြစ်၏သို့သော် ဘုရင်ကြီး၏ နှလုံးသားထဲမှာ  ပဲ့တင့်သံကဲ့သို့ “ ဘာ ” ဟူသောစကားသည် ဆင့်ကဲ ဆင်ကဲ ကြားနေရတော့၏
ဘုရင်မင်းကြီးသည်နန်းတော်သို့ အမြန်ပြန်လာခဲ့၏၊ အမြန်ဆုံးကိုအမြင့်ဆုံးထိ တင်ကာ  ပြန်လာခဲ့ခြင်း ဖြစ်၏ သို့သော် မမှီတော့ ၊ သာမာဝတီကို ကယ်တယ်ဖို့ မမီတော့၊နန်းမ ဆောင်တစ်ခုလုံး ပြာပုံဘ၀ ရောက်သွားပေပြီ၊ သို့သော် မီးခိုငွေ့ကလေးများကတော့ တလူလူ  ထွက်နေသေး၏၊

 နန်းမဆောင် ပြာပုံထဲမှ သူ၏ ချစ်လှစွာ မြတ်နိုးလှစွာသော သစ္စာရှင်မေတ္တာရှင် အကြင်နာရှင် ဓမ္မမိခင် ( သာမာဝတီ၏ကျေးဇူးကြောင့် ဗုဒ္ဓ ဘုရားရှင်ကို ကိုးကွယ် ဆည်းကပ်လာသည့် ဘုရင်ဖြစ်၏ )  သာမာဝတီ မိဖုရားခေါင်ကြီး၏ပုံရိပ်လွှာ ထို့နောက် သူတို့သခင်မအပေါ် အမြဲသစ္စာရှိကြသော  ကောင်းတူဆိုးဖက် ရံရွှေတော်ငါးရာတို့၏ ပုံရိပ်လွှာများသည် တရိပ်ရိပ် ပေါ်လာတော့၏၊ “ သူတို့ ဘယ်လောက်တောင် ခံစား လိုက်ရမလဲ ” တွေးရင်းပင် ကြက်သီး ထစရာ တုန်လှုပ်စရာဖြစ်လာ၏တွေးလေဆွေးလေ  .ဆွေးလေ သောကမီးလျှံတွေ တောက်လေ  သောကမီးတောက်လေ  နလုံး သွေးဆူလေ . နှလုံးသွေးဆူလာ၍ အသားများ ပင် နီလာပေပြီး၊“ သံယောဇဉ် . သောက  . ထိုမှတဆင့်ဒေါသ ဒေါမနဿ ပရိဒေ၀ . ဥပါယာသ. စသည့် မီးတောက်မီးလျှံတို့သည်ဘုရင်ဥတေန၏နလုံးသားကို စတင် လောင်မြိုက် နေပေပြီး။  သာမာဝတီကို ရှို့ သော မီးသည် ဘုရင်ဥတေနကိုပါ ကူးစက်လောင် မြိုက်နေချေပြီးတကား..။

သို့သော် ဘုရင်ဥတေနသည် ဖြစ်ပေါ်လာသည့် သောက ဒေါသကို သူတပါးမသိအောင်  မြိုသိပ်ထား၏ ၊ဖုံးဖိထား၏၊အပူရုပ်ကို ဟန်လုပ်နေရ၏၊ဘေးမှသာမန်ကြည့်လျှင် ဘုရင် ဥတေနကို တည်ငြိမ်နေသူဟု ထင်ရ၏၊သို့သော်အတွင်းနှလုံးသားမှာကား ယောက်ယက်ခပ် နေ၏၊ဤသို့နှင့် အနောက်တောင်စွယ်နေမင်း ကြီး ကွယ်သွားလေပြီး၊ သို့သော်ဘုရင် ဥတေန၏နှလုံးသားမှာ လောင်မြိုက်နေသော သောကမီးကား ပျယ်၍ မသွားသေးပေ၊ တမြေ့မြေ့ လောင်မြိုက်နေဆဲပင် ဖြစ်နေ၏

ဤသို့ဖြင့်ပင် … အမှောင်များတဖြည်းဖြည်း ကြီးစိုးလာပြီဖြစ်၍ ညဥ့်နက်သည့်  အချိန်သို့ပင် ရောက်လာ ပေပြီး၊ သို့သော် ဘုရင်မင်းကြီးသည် စက်တော်ခေါ်၍ မရသေး၊ ညဥ့်နက် သည့်အချိန်မှာပင် ဥတေန  ဘုရင်မင်းကြီးသည်  အတွေးနက် တုန်းဖြစ်၏။ မနက်၍လည်း မဖြစ်ပေ၊ သူမရှိခင် အချိန်လေးအတွင်း မှာပင် သူ၏မြတ်နိုးကြင်နာလှစွာသော သစ္စာရှင် မေတ္တာရှင် ဓမ္မမိခင်ဖြစ်သော မိဖုရားခေါင်ကြီး နှင့်ရံရွှေတော်ငါးရာ လောကကြီးမှ ပျောက်ကွယ် သွားပြီး မဟုတ်ပါလား၊ သူတို့ပျောက်သွားသော်လည်း သူ၏ နှလုံးသားထဲ၌ သူတို့၏ ပုံရိပ်လွှာများက မပျောက်သေး၊ဆက်လက် ရှင်သန် နေဆဲပင် ဖြစ်၏။သာမာဝတီ နန်းမဆောင် မီးလောင်ခြင်းသည်  ရိုးရိုးမီး မဖြစ်နိုင်၊ ငါမရှိတုန်း အ ခွင့်ကောင်းယူပြီး အခြေအနေ အချိန် အခါ သုံးသပ်ကာ အကွက်ချ  စီစဉ်သွား ခြင်း ဖြစ်နိုင်တယ်၊ ဤသူ ဘယ်သူ ဖြစ်နိုင်မလဲ  … ..  

ဘုရင်မင်းကြီးသည် အတိတ်ကို တွေးကြည့်၏ ပြေးကြည့်၏၊ ထိုအခါ အတိတ်သည် တရိပ်ရိပ် ထင်ဟပ် လာတော့၏၊ အင်း သူပဲ ဖြစ်နိုင်တယ်၊ သူပဲ ဖြစ်ရမယ် ဒါပေမဲ့  သက်သေ အထောက် အထား အခိုင်အမာ ရအောင် တစ်စစီ တစ်စစီဆွဲထုတ်ရမယ်၊  ဒီအမှုရဲ့ သဲလွန်စ ဘယ်လို ခြေရာကောက်ရမလဲ၊အကြမ်း နည်းနှင့်စစ်ရင်ကောဖြစ်နိုင်မလား၊မဖြစ်နိုင်ဘူး ပြဿနာဘေးကို လမ်းကြောင်း ပြောင်းသွားနိုင် တယ်၊ ( ပြဿနာရှင်က လမ်းကြောင်းပိတ်သွားအောင် တစ်စုံတစ်ယောက်ကို  ဓားစာခံ လုပ်ခိုင်းပြီး ပြဿနာလမ်းကြောင်းကို လမ်းလွှဲပေးနိုင်တယ်၊ ဒါဆို အဓိက တရားခံ မျက်ခြေပြတ်သွားနိုင်တယ် )

ဒီတော့ ဟုတ်ပြီး အနုနည်းကို သုံးရမယ် ၊ အရှေ့လောကဓါတ်မှ အရုဏ်ရောင်ပင် သမ်း လာပေပြီး၊ မကြာမီ မိုးစင်စင်လင်းတော့မည်ဖြစ်၏၊ပြဿနာကို  ဖြေရှင်းနိုင်ဖို့ အမှုသည်အစစ် ဖေါ်ထုတ်ဖို့ နည်းလည်း ရပြီဖြစ်၍ ဘုရင်ဥတေနမင်း၏  နှလုံးသား၌လည်း မျှော် လင့်ချက် အရုဏ်သမ်းလာပေပြီ၊မကြာခင် အဖြူအမဲ  ကွဲတော့မည်ဖြစ်၏၊ အမှန်တရား  ထင်ထင်ရှားရှား ပေါ်လာတော့မည် ဖြစ်၏၊အတွေးတိတ် သွားပြီးဖြစ်၍  မျက်စိများလည်း  မှိတ်ချင် အိပ်ချင်လာ ချေပြီ၊ အင်း တစ်ရေးလိုက်တော့ မှေးလိုက် အုံးမှပဲလေ .. . ။

ယနေ့ ညီလာခံ၌ ဥတေနမင်းကြီး၏ အနေအထားကိုကြည့်ရလျှင် ပေါ့ပေါ့ပါပါး တက်တက်ကြွကြွ ပုံစံဖြစ်နေ၏၊ မျက်နှာမှာလည်း ပျော်ရွှင်ခြင်း လွတ်လပ်ခြင်း အသွင် ပေါ်နေ၏၊ (ဘုရင်မင်းကြီးသည် အမှုမှန်ပေါ်ပေါက်ရေးအတွက် ကိုယ်တိုင်သရုပ် ဆောင်နေ ခြင်းသာ ဖြစ်ပါ၏၊ရင်ထဲမှ သောကမီးသည်ကား ရှားမီးကဲ့သို့ ပူပြင်း၍  ဖွဲမီးမီးကဲ့သို့ တမြေ့မြေ့ လောင်ကျွမ်းနေတုန်းပင် ဖြစ်၏၊အပူရုပ်ကို တမင်ဖုံးဖိ ထားခြင်း သာဖြစ်၏၊) “ ကြက်ဥနှစ်ရောင် တိမ်တောင်သဖွယ်  မင်းရေးကျယ်၏ ” တဲ့၊ မင်းတို့၏စိတ်သည် သိနိုင်ခဲ၏၊ ယခုလည်း ဘုရင်ဥတေနသည် ရာဇပရိယာယ်ဖြင့် အမှုမှန်ကို ကိုယ်တွယ်ပေတော့မည်၊

ဘုရင်မင်းကြီး ၀ဲဘက်နှင့်ယာဘက်၌ ကျန်မိဖုရားခေါင်ကြီးများ ဖြစ်ကြသည့်ဝါသုလဒတ္တ မိဖုရားခေါင်ကြီးနှင့်မာဂဏ္ဍီမိဖုရားခေါင်ကြီးတို့ထိုင်နေကြ၏။သူတို့သည်လည်းတည်ငြိမ်လွန်းလှသည့် ဘုရင့်အမူအယာကို အကဲခပ်နေကြ၏ ၊ရာဇပလ္လင်၏၀န်ကျင်၌  မူးမတ်များ (၀န်ကြီး များ) စစ်သေနာပတိချုပ်ကြီးများ ညီလာခံမှတ်တမ်းရေးသည့်  စာရေးစာချီများ စသူတို့ သည် လည်း အသီးသီးနေရာယူကြပြီးဖြစ်၏၊ ဘုရင်ကြီးသည် သူတို့အားလုံးကို  စိတ်ထဲမှ အကဲ ခပ်နေ၏၊ သူတို့အားလုံးသည်လည်း ဘုရင်မင်းကြီးကို အကဲခပ်နေ ကြသည်သာ ဖြစ်၏၊ ညီလာခံသဘင်သည် တိတ်ဆိတ်နေ၏။

တိတ်ဆိတ်ခြင်းကို ဘုရင်မင်းကြီးကပင် စတင်၍ ဖြိုခွင်းလိုက်၏၊အမတ်ကြီးများ  ငါဘု ရင်မင်းမြတ်သည် ရှေ့အခါက အမြဲတန်းလိုလို ထိတ်ထိတ်လန့်လန့်ဖြင့်  အချိန်များကို ဖြတ်သမ်းခဲ့ရ၏၊ သာမာဝတီမိဖုရား သည် အမြဲတန်းအခွင့်အရေးကို စောင့်၍ ငါဘုရင် မင်းကြီးကို ကြံစည်ခဲ့၏၊(ရန်သူ ကိုမျှားခေါ်သည့်  စကားလုံးဖြစ်၏ ) ယခုတော့သာမာ ၀တီ  မရှိတော့ပြီမို့ ငါ့ဘ၀သည်  ပိုက်ကွန်မှ လွတ်သော ငှက် ၊ ကြော့ကွင်းမှလွတ် သော  သမင်ကဲ့သို့ ထိတ်လန့်ခြင်းမှ လွတ်မြောက်ရပေပြီ၊ ဘ၀သစ်တစ်ခုကို  မွေးဖွါး လိုက်သကဲ့သို့ ငါ့ဘုရင်မင်းကြီး၏ဘ၀သည် လွတ်လပ်ခြင်း  ပျော်ရွှင်ခြင်း ချမ်းသာခြင်း တို့ကို တစ်ပြိုင်နက် ပိုင်ဆိုင်ခွင့်ရပေပြီး “ သြော် ယခုမှ ချမ်းသာလေစွ  ချမ်းသာပေစွ ”၊

သက်တော်ရှည် အမတ်ကြီးက လက်အုပ်ချီ၍ “ မှန်လှပါ  ဘ၀ရှင်မင်းတြားကြီးဘုရား ဒီအမှုကို ဘယ်သူပြုတယ်လို့ ဘ၀ရှင်မင်းတြားကြီး  ထင်မိပါ သလဲဘုရား ” ဟု စကား ဆက်နိုင်ရန် (စကားနှိုက် သောအားဖြင့်) သံတော်ဦးတင် မေးမြန်းလိုက်၏၊ထိုအခါ မင်းကြီးက   အင်း ငါကိုယ်တော်မြတ်ကို အလွန် ချစ်မြတ်နိုးသူ  ငါကိုယ်တော်မြတ်၏ ကောင်းကျိုးကို အမှန်တကယ်လိုလားသူ တစ်ယောက်ယောက်က ပြုလုပ်တာ ဖြစ်လိမ့်မယ်လို့ တွက်ဆမိတယ် အမတ်ကြီး ။

ဘုရင်မင်းကြီး၏ စကားသည် မိဖုရားခေါင်ကြီး မာဂဏ္ဍီအတွက် “ ပျားရည် ” လို ချိုမြိန် လှ၏၊ သူသည် ယနေ့မှ အောင်ပွဲခံနိုင်သူ ဖြစ်၏ဟုတွေးကာ အလွန်ပင် ၀မ်းသာနေ၏၊ အရင်က သာမာဝတီ မိဖုရား ခေါင်ကြီးအပေါ် ကြံစည်ခဲ့သည့်  လုပ်ရပ်များသည်လည်း အောင်ပွဲရ မာဂဏ္ဍီမိဖုရားကြီး၏စိတ်အစဉ်၌ တရိပ်ရိပ် ပြန်လည်မြင်ယောင် နေမှိပြန်၏၊
                                                  (ဆက်ရန် ) ကောင်းသစ်


No comments:

Post a Comment