.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Tuesday, January 25, 2011

ငြိမ်းချမ်းရေးအုတ်မြစ် (၁)

သူငယ်တို့ သင်တို့သည် ဆင်းရဲကို မချစ်၊ ဆင်းရဲမှာ ကြောက်သည်ဖြစ်အံ့၊  ဆင်းရဲကြောင်းဖြစ်သော မကောင်းမှုကို မျက်မှောက် မျက်ကွယ်   နှစ်သွယ်လုံးရှောင်ကြဉ်ကြရမည်၊  ( ဥဒါန - ကုမာရကသုတ်)

ဆင်းရဲကြောက်လျှင် ဆင်းရဲကြောင်းကို မလုပ်နဲ့ - တဲ့။
ဆင်းရဲဟူသည် အပါယ်လေးပါးဆင်းရဲ၊ လူဖြစ်သော်လည်း လူ့အောက်တန်းစားဖြစ်၍
စားဝတ်နေရေး အဆင်မပြေခြင်းဆင်းရဲ ကိုယ်ဆင်းရဲ စိတ်ဆင်းးရဲ ဆင်းရဲမှန်သမျှ
ဆင်းရဲကြောင်းဖြစ်သော အကုသိုလ်ကြောင့် ဖြစ်၏။

သမ္မာဒိဋ္ဌိ - ဟူသည် အကုသိုလ်ကိုလည်း သိ၏၊ ဖြစ်ကြောင်းကိုလည်းသိ၏။ထို့ကြောင့်   ဆင်းရဲ ကြောင်းဖြစ်သော အကုသိုလ်နှင့်ဖြစ်ကြောင်းကိုလည်းသိထားဘို့ လိုအပ်ပါ၏။

ပါဏာတိပါတ-သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်း၊ယင်းလုပ်ရပ်သည် အပြစ်လည်းရှိ၍ မကောင်းကျိုး ( ဆင်း ရဲ) ကိုလည်း ဖြစ်စေသောကြောင့် အကုသိုလ်မည်၏။  သူရှိနေသ၍ အသက်၏ အန္တရာယ်ကို  အမြဲစိုးရိမ်နေရ၏၊ ကြောက်လန့်နေရ၏။ သူရှိနေသော အရပ်သည် အဖြူရောင်ငြိမ်းချမ်းရေး  နယ်မြေ မဟုတ်တော့ ။မငြိမ်းချမ်း သောနယ်မြေသည် ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံနေစေကာမူ စိတ်ပိုင်းဆိုင်ရာ အဘယ်မှာ ချမ်းသာမှု ရနိုင်ပါအံ့နည်း၊ စိတ်ဆင်းရဲ နေသော သူကိုပစ္စည်းပညာပါဝါမည်မျှ  ပြည်စုံစေကာမူ “ လူချမ်းသာ ” ဟူ၍ ခေါ်ဆိုနိုင်မည်မဟုတ် ပေ။ 
ရှင်တော်မြတ်ဘုရားက “ စိတ်ချမ်းသာမှု  ကိုယ်ချမ်းသာမှု နှစ်မျိုးတွင် စိတ်ချမ်းသာမှုက ပိုမြတ်၏ ” ဟု ဟောတော်မူထားပါ၏။

ထို့ကြောင့် လူတိုင်း သက်ရှိတိုင်း သူ့သက်တမ်းအလျှောက် အပြည့်အ၀ နေနိုင်ရေးအတွက် သူတစ်ပါးအသက် သတ်ခြင်းမှ ရှောင်ကြဉ်သောအားဖြင့် သက်ရှိတိုင်းကို “ အဘယဒါန ” ဘေးမဲ့အလှူပေးလှူသင့်ပါ၏။ယင်းပါဏာတိပါတသည်ဒေါသကြောင့်ဖြစ်၏၊ဒေါသသည်အဖျက်
တရားဖြစ်၏၊ဖျက်ဆီးရေးသမားဖြစ်၏၊သူလာ  လျှင်လက်ခံသူ၏ နှလုံးသားကိုပူလောင်စေ၏၊ ထို့ နောက်တော့ ပတ်ဝန်းကျင်ကိုပူလောင်စေ၏၊ အပူဆင့်ကဲ ဆင့်ကဲ ဖြစ်ပေါ်သောအရပ်၌ မည်သူ မျှ အေးချမ်းမှုကို ရနိုင်မည်မဟုတ်ပေ၊ လွန်ကျူးသူသည်လည်း သံသရာ၌ ငရဲကျရောက်ခြင်း၊ ငရဲမှလွတ်မြောက်လာပြန်သောအခါ  ဖြစ်ရာဘ၀သက်တမ်းပြည့် မနေရပဲ အသက်တိုတတ် ပါ၏။သူ့တစ်ပါးပယောဂဖြင့်အသက်ဆုံးရှုံနိုင်ပါ၏။ထို့ကြောင့်မိမိငြိမ်းချမ်းရေးနှင့်လောကငြိမ်းချမ်း
ရေးကို အမှန်တကယ်လိုလားသူမှန်သမျှ“သူ့တပါးအသက် ကို  သတ်ဖြတ်ညှဉ်းဆဲခြင်းမှ ” ရှောင်ကြဉ်အပ်ပါ၏။
အလုံးစုံသော သတ္တ၀ါတို့သည် ဒဏ်မှ ထိတ်လန့်ကုန်၏၊ အလုံးစုံသော သတ္တ၀ါတို့သည်(မိမိတို့၏) အသက်ကို ချစ်၏၊ မိမိကိုယ်ကို ဥပမာပြု၍ (ကိုယ်ချင်းစာတရားထား၍)သတ္တ၀ါတို့ကိုမသတ်ဖြတ် မညှဉ်းဆဲရာ။ (ဓမ္မပဒ)

အဒိန္နာဒါန - ပိုင်ရှင်သည် ကိုယ်နှုတ်ဖြင့် ကြည်ကြည်ဖြူဖြူ မပေးအပ်သော ပစ္စည်းဥစ္စာကို မတရား ရယူခြင်း၊ သိမ်းပိုက်ခြင်း၊ နယ်မြေလုခြင်း နယ်ချဲ့ခြင်း၊သူတစ်ပါးပစ္စည်းကို ဖျက်ဆီးခြင်း။ ယင်းလုပ်ရပ်သည်လည်း အပြစ် ရှိ၍  မကောင်းကျိုးပေးသောကြောင့် ရှောင်ကြဉ်ထိုက်သော အကုသိုလ်ဖြစ်ကြောင်းရှင်တော်မြတ်ဘုရားဟောကြားတော်မူခဲ့ပါ၏။ကတ္တားမမှန်ခြင်းခြင်း။အလေး
မပြည့်ခြင်း  တင်းမပြည့်ခြင်း၊ ပစ္စည်းအတုကြားညှပ်၍ပေးခြင်း၊ မိမိကိုယုံကြည်၍အပ်နှံထားသော
ပစ္စည်း ကိုမအပ်ပါဟုပြောဆိုခြင်း၊အခွန်ရှောင်ခြင်း၊အနိုင်အထက်မူ၍ရယူခြင်း၊ ရပိုင်ခွင့်ရှိသူကို မျှဝေမပေးခြင်း၊ရပိုင်ခွင့်ထက် ပိုယူခြင်း၊ပစ္စည်းရောင်းရာ၌ လူ၏ပုံစံကို ကြည့်၍  တန်ရာတန် ကြေးထက် ပိုတောင်းခြင်းစသည်ဖြင့် ဤသိက္ခာပုဒ်အရ အပြစ်ရှိသော ပြစ်မှုများ များပြားလှပါ၏၊
ယင်းအမှုကို ပြုသောသူ ရှိနေသောအရပ်သည်လည်း ပစ္စည်းဥစ္စာမည်မျှ ပြည့်စုံနေစေကာမူ ပစ္စည်းအတွက်  စိတ်မချရသောကြောင့် အမြဲတန်းပူလောင်နေရပါ၏။ ယင်းအပြုအမူသည် လောဘနှင့်ဒေါ်သကြောင့်ဖြစ်တတ်ပါ၏ ၊လောဘသည် မတရားနည်းဖြင့် ကိုယ်ပိုင်ပစ္စည်းဖြစ် အောင် အားထုတ်၍ ဒေါသသည် အနိုင်အထက်နည်းဖြင့် သူ့တပါးပိုင်ဆိုင်မှုကို ဖျက်ဆီး ပစ်တတ်ပါ၏။ဖျက်ဆီးခြင်းသည်လည်းဤသိက္ခာပုဒ်အရ(အလျှော်ပြန်မပေးလျှင်ဘဏ္ဍာစားထိုက် ၍) အပြစ်ရှိပါ၏။ မတရားယူသူရော ဖျက်ဆီးသူပါ ပါတ်ဝန်းကျင်၏မေတ္တာကို ရရှိနိုင်လိမ့်မည် မဟုတ်ပေ၊ ယူသူနှင့်ပေးလိုက်ရသူသည်လည်း “ သဟဇာတ ” ဖြစ်တော့မည် မဟုတ် ပေ။ထို့သို့ဖြစ်လျှင် ထိုနေရာ ထိုဒေသသည် ငြိမ်းချမ်းသာယာသော နယ်မြေ မဖြစ်နိုင်တော့။ ဤအမှုကိုလွန်ကျူးသူသည်သံသရာတစ်လျှောက်၌ဥစ္စာနည်းပါးခြင်း ဆင်းရဲမွဲတေခြင်း ငတ်မွတ် ခေါင်းပါးခြင်း ပစ္စည်း ဥစ္စာရှိလာပြန်သော်လည်း ရန်သူမျိုးငါးပါးကြောင့် ပျက်စီးခြင်းစသော ဆိုးကျိုးများကို ပြန်လည်ခံစားရမည်သာဖြစ်ပါ၏၊(ကံတရားကို ဥာဏ်များ၍ မရနိုင်ပါ )ထို့ကြောင့် ငြိမ်းချမ်းသောနယ်မြေကို တည်ဆောက်လိုသူတိုင်း သည် သူတပါးပစ္စည်းဥစ္စာကို မတရား ယူခြင်းဖျက်ဆီးခြင်းမှရှောင်ကြဉ်ခြင်းဟူသောဤသိက္ခာပုဒ်ကိုလည်းအထူးဆောက်တည်အပ်ပါ၏။
ပညာရှိမည်သည် မိမိအကြောင်းကြောင့်ဖြစ်စေ၊ သူတစ်ပါးအကြောင်းကြောင့်ဖြစ်စေ ( မကောင်း မှုကို မပြု )၊မကောင်း မှုဖြင့် သားသမီး ဥစ္စာတိုင်းပြည်ကိုအလိုမရှိရာ။မတရားမှုဖြင့်မိမိ၏ပြည့်စုံမှု ကိုအလိုမရှိရာ၊ထိုသို့သဘောရှိသောပုဂ္ဂိုလ်မျိုးသည်သီလရှိသူပညာရှိသူတရားရှိသူဖြစ်၏(ဓမ္မပဒ)

ကာမေသု မိစ္ဆာစာရ - သူတစ်ပါးအိမ်ရာ မှားယွင်းစွာလွန်ကျူးခြင်း၊ကာမအရာစည်းမစောင့်ခြင်း။
သဘာဝအရ အိမ်ထောင်ပြုခြင်းသည်လောကပြစ်သံသရာပြစ်မရှိပေ။စိတ်တူကိုယ်တူကြည်ဖြူစွာ
နေထိုင်ကြရင်းသံသရာမှထွက်မြောက်ကြောင်းကုသိုလ်ကောင်းမှုများပြုကာပါရမီဖြည့်ဖက်များပင်
ဖြစ်သွားကြ၏။သို့သော် ပိုင်ဆိုင်မှု (အုပ်ထိမ်းမှု)စည်းကိုကျော်လွန်ကာလွန်ကျူးလျှင်လောကပြစ်
သံသရာပြစ် နှစ်ပြစ်ပင်ကျူးလွန်ရာရောက်ပါ၏။လူအများ၏အထင်သေးခြင်းစက်ဆုပ်ခြင်းမုန်းတီး ခြင်းရန်များခြင်းတို့ကိုလည်း ကြုံတွေ့ရမည်ဖြစ်ပါ၏။

စည်းစိမ်ဥစ္စာတို့သည် ပညာမဲ့သူကို ( အသိဥာဏ်နှင့်ယုံကြည်ချက်မဲ့သူကို ) ဘ၀ပျက်စီးသွား အောင်ဖျက်ဆီး တတ်ပါ၏၊ လူအများစု အသိများသော “ ဒုသနသော ”  သူဌေးသားလေး ရောက်သည် ငွေဖြင့် ဖြားယောင်း မြူဆွယ်ကြ၍ (ပိုင်ရှင် ရှိ. မရှိ - အုပ်ထိမ်းသူ ရှိ .မရှိ) အမျိုးသမီးများကို  လက်ရဲဇက်ရဲ ကျူးလွန် ကြသော ကြောင့်လောဟကုမ္ဘီငရဲ၌ ဆင်းရဲကို နှစ် ပေါင်းများစွာ ကျခံနေရပါ၏၊ “သုခစံစားချိန်နှင့်ဒုက္ခခံရချိန်” နှိုင်းယှဉ် ကြည့်ပါလျှင် မထိုက် တန်သော သုခ ဖြစ်ပါ၏၊ ဓါးသွားထက်မှ ပျားရည်စက်ကဲ့သို့ သာယာဖွယ် နည်းပါးလွန်း လှပါ၏။
ထိုသူရှိနေသော အရပ်ဒေသသည် “ မိသားစုဘ၀ ” လုံခြုံမှု မရှိနိုင်သောကြောင့် ငြိမ်းချမ်းမှုကို ရရှိနိင်မည်မဟုတ်ပေ။အမြဲတန်းလိုလို စိုးရိမ်စိတ်မှု သောကတရားတို့၏ ဖိစိခြင်းကို ခံနေ ရပေမည်၊ ယင်းကာမေသုမိစ္ဆာသည် “ လောဘ ” တရားဆိုးကြောင့် ဖြစ်ပါ၏။ထို့ကြောင့် မိမိနှင့်ပါတ်ဝန်းကျင် သောကကင်း၍ ငြိမ်းချမ်းစွာနေနိုင်ရေးအတွက် လောကစည်းကို ကျော်လွန် ၍ သူတစ်ပါးအိမ်ရာ ဖျက်ဆီးခြင်း ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော ဤသိက္ခာ ပုဒ်ကိုလည်း လုံခြုံစွာ အထူးပင် စောင့်ထိမ်းအပ်ပါ၏

(တရားလမ်းမှန်ကို) သတိမထားပဲ သူတစ်ပါးဇနီးမယားကို လွန်ကျူးသူသည်  အကုသိုလ်ရခြင်း၊
အလိုရှိတိုင်း  ချမ်းသာစွာ မအိပ်ရခြင်း၊ သူတစ်ပါးတို့ အကဲ့ရဲ့ခံရခြင်း၊ (လောဟကုမ္ဘီ ငရဲခံရခြင်း ဤလေး ပါးသောဆင်းရဲခြင်းတို့သို့ ရောက်ရ၏။

မကောင်းမှုကိုလည်းရ၏၊ ယုတ်သော(မကောင်းသော) လားရာဂတိလည်းရှိ၏၊ ကြောက်ရွံ့ထိတ်
လန့်သော အမျိုးသား၏   ကြောက်ရွံ့ထိတ်လန့်သောအမျိုးသမီးနှင့် ပျော်ပါးရခြင်းသည် အနည်း ငယ်မျှသာဖြစ်၏ ၊မင်းသည်လည်းကြီးလေးသောအပြစ်ဒဏ်ကိုပေး၏၊(ဥပဒေကြောင်းအရအရေး ယူခံရ၏)၊ထို့ကြောင့်အမျိုးသားသည် ပိုင်ရှင်ရှိသော(အုပ်ထိမ်းသူရှိသော) အမျိုးသမီးကို မလွန် ကျူးရာ။ (ဓမ္မပဒ )
(အမျိုးသားများသာ မဟုတ်၊ အမျိုးသမီးများသည်လည်း လောကစည်းကိုလွန်၍ လွန်ကျူးလျှင် ခွင့်ပြုလျှင် ဤသိက္ခာပုဒ်အရ အပြစ်ရှိသည်သာဖြစ်ပါ၏) (ဆက်ရန် - ကောင်းသစ် )

No comments:

Post a Comment