.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Wednesday, April 13, 2011

ဘာဝနာဖြင့် ပျော်မွေ့ခြင်း

ရန်ကုန်တိုင်း အင်စိန်မြို့နယ် ၊ မဟာစည်သြ၀ါဒခံ ညောင်ကန်အေး သာသနာ့ရိပ်သာ၌
သင်္ကြန်ကာလ တရားဘာဝနာဖြင့် ပျော်မွေ့နေကြသော ယောဂီသူတော်စင်များ







တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊ တရားအရသာသည် အရသာအားလုံးကို
အောင်နိုင်၏၊ တရား၌ မွေ့လျှော်ခြင်းသည် မွေ့လျှော်ခြင်းအားလုံးကို အောင်နိုင်၏၊
တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံ ဆင်းရဲကို အောင်နိုင်၏၊( သက္ကပဥှဝတ္ထု ) ။

တရားတည်းဟူသော နှစ်သိမ့်မှု ပီတိအရသာကို သောက်ရသူသည်  ဆိတ်ငြိမ်ရာ၌ရသော
(တရား)အရသာကိုလည်းကောင်း၊ ကိလေသာ အပူငြိမ်းရာ နိဗ္ဗာန်၏အရသာကို သောက်ရ
သောကြောင့် ပူပန်မှု ကင်း၏၊ မကောင်းမှုမှလည်း ကင်း၏။ ( တိဿတ္ထေရ ၀တ္ထု) ။

ပန်းထိမ်သည်သည် ရွှေ၏အညစ်အကြေးကို တဖြေးဖြေး ထုတ်သကဲ့သို့ ပညာရှိသည် အစဉ်
သဖြင့် မိမိ၏အညစ်အကြေးကို အနည်းငယ် အနည်းငယ် အခွင့်ရတိုင်း အခွင့်ရတိုင်း (ရာဂ -
စသော အညစ်အကြေးကို ) ထုတ်ပယ်ရာ၏၊ (အညတရ ဗြဟ္မဏ၀တ္ထု ) ။

အကြင်အခါ ရုပ်နာမ်သင်္ခါရအားလုံးတို့သည် အမြဲမရှိကုန်ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊
ထိုအခါ ရုပ်နာမ်ဓမ္မ သင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏၊ ဤငြီးငွေ့ခြင်းသည် ကိလေသာစင်ကြင်ရာ
နိဗ္ဗာန်၏ အကြောင်းဖြစ်၏၊ (အနိစ္စလက္ခဏ၀တ္ထု )။

အကြင်အခါ ရုပ်နာမ်သင်္ခါရအားလုံးတို့သည် ဆင်းရဲကုန်၏၊ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊
ထိုအခါ ရုပ်နာမ်ဓမ္မ သင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏၊ ဤငြီးငွေ့ခြင်းသည် ကိလေသာစင်ကြင်ရာ
နိဗ္ဗာန်၏ အကြောင်းဖြစ်၏၊ (ဒုက္ခလက္ခဏ၀တ္ထု )။

အကြင်အခါ သဘာဝတရားအားလုံးတို့သည် အတ္တမဟုတ်ကုန်၏၊ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊
ထိုအခါ ရုပ်နာမ်ဓမ္မ သင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏၊ ဤငြီးငွေ့ခြင်းသည် ကိလေသာစင်ကြင်ရာ
နိဗ္ဗာန်၏ အကြောင်းဖြစ်၏၊ (အနတ္တလက္ခဏ၀တ္ထု )။

ကမ္မဋ္ဌာန်းအာရုံ၌ အားထုတ်မှု လုံ့လကြောင့် ပညာဖြစ်ပွါး၏၊ အားထုတ်မှု လုံ့လမရှိခြင်းကြောင့် ပညာ
ကုန်ခမ်း၏၊ ပညာဖြစ်ပွါးခြင်း ပညာဆုတ်ယုတ်ခြင်း၏ ဤခရီးလမ်းနှစ်သွယ်ကို သိ၍  အကြင်လမ်းဖြင့်
ပညာတိုးပွါး၏၊ ထိုလမ်းဖြင့် မိမိကိုယ်ကို သိမ်းသွင်းရာ၏။(ပေါဋ္ဌိလတ္ထေရ၀တ္ထု )။

No comments:

Post a Comment