.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Thursday, February 3, 2011

မုဆိုး၏ ဆွမ်းတစ်နပ်

ကုသိုလ် ဥစ္စာ ပညာ ကျန်းမာ ယင်းလေးဖြာတို့နှင့် ပြည့်စုံသော အရပ်သည် ပဋိရူပ - နေသင့်သော အရပ်ဖြစ်ပါ၏၊ အပြန်အားဖြင့် ယင်းတရားတို့နှင့် မပြည့်စုံသော အရပ်သည် အပ္ပဋိရူပ- မနေသင့်သော အရပ်ဟုခေါ်နိုင်ပါ၏၊ သေချင်တဲ့ကျားတော ပြောင်းဟုစကားပုံရှိသော်လည်း တစ်ရွာပြောင်းမှသူကောင်းဖြစ်မည်ဆိုလျှင် တစ်ရပ်တစ်ရွာ တစ်နယ်တစ်ကြေးသို့ ပြောင်းရမည်သာဖြစ်ပါ၏။  (ဥစ္စာပညာကိုရလွယ်သော အရပ်မှာ သွားရောက်၍ ရှာဖွေရမည်၊ သို့သော်ဥစ္စာရှင် ပညာရှင်ဖြစ်သောအခါ မွေးရပ်ကို ပြန်လည် ကျေးဇူပြုရန် ကျေးဇူးဆပ်ရန် လိုအပ်ပါ၏)

သာဝတ္ထိမြို့တော်သည်ကားယင်းလေးပါးနှင့်ပြည့်စုံသောအရပ်ဖြစ်၍နေသင့်နေထိုက်သော
အရပ်ဒေသတစ်ခုဖစ်ပါ၏။အထူးအားဖြင့်သာဝတ္ထိမြို့တော်သည်ဘာသာတရား၏အဆုံးအမ ကြောင့်ယဉ်ကျေးသူစာနာတတ်သူ  ကူညီဖေးမတတ်သူများ ပေါများ၍ နေချင်စဖွယ် အရပ်ဒေသတို့တွင် နေချင်စရာ အကောင်းဆုံး မြို့တော် တစ်ခုလည်း ဖြစ်ပါ၏

သာသနာနှင့်သာဝတ္ထိသည် စွယ်တော်ရွက်ကဲ့သို့ နှစ်လွှာပေါင်းမှ သမိုင်းတစ်ခု ဖြစ်သည်
ဆိုလျှင် ဆိုသင့် ဆိုထိုသည်သာဖြစ်ပါ၏။သာဝတ္ထိ၌ တရားသံများသည် မကြားချင်အဆုံး ကြားနေရ၏၊ရဟန်းတော်များကို မဖူးမြင်ချင်အဆုံး ဖူးမြင်နေရ၏၊ ကုသိုလ်တရားများလည်း မပြုချင်အဆုံးပြုနေရသည်သာဖြစ်ပါ၏။ပြုလွယ် သောအရာဆိုလျှင် အများအားဖြင့် ပြုဖြစ်ကြသည်သာများ၏၊ သာဝတ္တိသည် ကုသိုလ်တရားပြုလွယ်သော နေရာတစ်ခုဖြစ်၍ ကုသိုလ်ပြုဖြစ်သူများလည်း များပြားလှပါ၏၊ထို့ကြောင့် လူဦးရေ  သန်း( ၇၀ ) ရှိသော သာဝတ္ထိသည် အရိယာ  သန်း( ၅၀ ) ရှိသည်ဟုမှတ်တမ်းများ အရ သိရပါ၏။

တရားတော်များ နာရဖန် များသောအခါ စိတ်ထားများ နူးညံ့လာ၍ ဘ၀ခန္ဓာကို အပြစ်မြင်ကာ ဘ၀လွတ် မြောက်ကြောင်းအတွက် လူ့ဘ၀ လူ့အသိုင်းအ၀ိုင်းစွန့်ခွာ၍ ရဟန်းပြုသူများလည်း ပေါများလှ၏၊ ထိုရဟန်း တို့တွင်အရှင်တိဿမထေရ်မြတ်လည်း တစ်ပါးအပါအ၀င်ဖြစ်၏။ အရှင်တိဿမထေရ်သည်သာဝတ္ထိမြို့သား ဖြစ်၏၊ဘုရားရှင်၏တရားတော်ကို  နားကြ ရဖန်များသောအခါ လောက၏ “သာယာဖွယ် . အပြစ် . ထွက် မြောက်ကြောင်း ” သုံးခုစလုံးကို ကောင်းကောင်း သဘောက်ပေါက်၍  ဘ၀တစ်ခုလုံးကို သာသနာ သို့အပ် နှင်းကာ  ရဟန်းပြုလာသော အရှင်မြတ်ဖြစ်၏။ သာသနာဘောင်သို့ ရောက်သောအခါ၌  သီလ၀ိသုဒ္ဓိကို အခြေခံ၍ စိတ္တ၀ိသုဒ္ဓိ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်အောင်  ဘာဝနာတရားများကို  ကြိုးစား အားထုတ်နေ၏၊

ရက်ကိုလစားလကိုနှစ်စား၍သာသနာဘောင်ဝင်လာသည်မှာနှစ်များပင်အတန်ငယ်ကြာခဲ့ပေပြီ၊
အရှင်တိဿ၏ ခန္ဓာကိုယ်၌ မုန့်ညှင်းစေ့ခန့်အရွယ် အနာငယ်လေးများ ပေါက်လာ၏၊ အစ၌ အပူဘုလေးများ ဖြစ်မည်ဟု ထင်ခဲ့၏၊ သို့သော် အနာဘုလေးများသည် တစတစ ကြီးလာ၏၊မုန့်ညှင်းစေ့ခန့်မှ ပဲနောက်စေ့ခန့် မကျည်စေ့ခန့် ဇီးဖြူသီး ဖန်ခါးသီးခန့် ထိုမှတစတစ ဥသျှစ်သီးခန့် ပမာဏရောက် သောအခါ ပြည်များစိုရွှဲ၍ အနာများ ပေါက်ကွဲလေတော့၏။ အသားများသာမက နောက်ပိုင်း အရိုးများပါ ကွဲအက်ကုန်တော့၏ ခန္ဓာကိုယ်တစ်ခုလုံးပြည်အလိမ်း သွေးအလိမ်းဖြင့် မြင်မကောင်း ရှုမကောင်းဖြစ်လာ၏။၊ သွေးပြည် နံ့ဆိုးများ သည်လည်းတလှောင်းလှောင်း ထွက်လာတော့၏။

အရှင်တိဿ၏ အတူနေ မိတ်ဆွေရဟန်းများလည်းအစတော့ ၀ိုင်းဝန်းပြုစုကြသေး၏၊သို့သော် ကြာတော့  ဒါဏ်မခံနိုင်တော့၊ ၀တ်ကြီးဝတ်ငယ်ပြုနေကြဖြစ်သော တပည့်များသည်လည်း ကြာတောမတတ်နိုင်တော့၊ အားလုံးက အရှင့်မြတ်ကို စွန့်ခွါသွားကြလေပြီး။အရှင်မြတ်သည်  အဖေါ်မဲ့ တစ်ပါးတည်း ဖြစ်ရလေပြီ၊ မည်သူမျှ မကယ်နိုင်သည့် နာဘေးဒုက္ခ တစ်ပါးတည်းကြိတ်မှိတ်၍ ခံစားနေရလေပြီ၊

“ နတ္ထိ ခန္ဓသမာ ဒုက္ခာ ” ခန္ဓာနှင့်တူသော ဒုက္ခမည်သည် မရှိ၊ ခန္ဓာရှိ၍ ဤဒုက္ခ ငါခံစားရသည်ဟု ခန္ဓာ၏  အပြစ်ကိုသာ အရှင်မြတ်သည်ရှုဆင်ခြင်နှလုံးသွင်းနေ၏ ။စွန့်ခွါသွားကြသောမိတ်ဆွေရဟန်းတွေကိုလည်း  သူ့ကို ပစ်သွားရမလားဟု အပြစ်မမြင်၊ သူ၏ တပည့်များကိုလည်းသူ့ကို စွန့်ပစ်၍ သွားရမည်လားဟု  အပြစ်မတင်၊ အဓိက တရားခံဖြစ်သော ခန္ဓာကိုသာ အပြစ်မြင်၏၊၊ ဤသည်မှာ အမှန်မြင်ခြင်းဖြစ်ပါ၏၊ အမှန်အတိုင်းရှုမြင်တတ်သည်ဖြစ်၍   သူတစ်ပါးကို မကျေနပ်သည့် ဒေါသ မဖြစ်တော့၊
ဒေါသ မဖြစ်ခြင်း ကြောင့် ဒေါသကြောင့် ရရှိနိုင်သည့် ဆိုးကျိုးများလည်း အကျိုးပေးခွင့် မရတော့၊၊အကြောင်းဒေါသကို  (နှလုံးသွင်းမှန်ခြင်းဖြင့် ဖြစ်ပေါ်ခွင့်မရှိအောင်) ပယ်သတ်လိုက်သောအားဖြင့် အကျိုးဖြစ်သော  (ဒေါသ ကြောင့်  ဖြစ်ပေါ်လာမည့် ) အဆိုးတရားများကိုလည်းပယ်သတ်ပြီး ဖြစ်သွားတော့၏။

 ခန္ဓာကိုသာ အပြစ်မြင်၏၊ ခန္ဓာကိုယ်၏ အပြစ်ကို မြင်၍ သံဝေဂဥာဏ် ဖြစ်ပေါ်၏၊ သံဝေဂဥာဏ်သည်  နိဗ္ဗာန်လမ်းမသို့ ပထမဆုံး ချလိုက်သော ခြေလှမ်းဖြစ်ပါ၏ ပထမခြေလှမ်းသည် နိဗ္ဗာန်သို့ ဦးတည်နေ သည် ဖြစ်၍ ဒုတိယခြေလှမ်း တတိယခြေလှမ်းစသည် စသည်တို့သည်လည်း  နိဗ္ဗာန်သို့သာ ဦးတည် နေသည် ဖြစ်ပါ၏၊

ဘုရားရှင်တို့သည် တစ်နေ့ နှစ်ကြိမ် လောကကို “ သဗ္ဗညုတ ” ဥာဏ်တော် ဗုဒ္ဓစက္ခုဖြင့်ကြည့်ရှုတော်မူမြဲ  ဖြစ်၏။နံနက်မိုးသောက်အခါ လောကကို  ကြည့်တော်မူလျှင် စကြာဝဠာနှုတ်ခမ်းမှ အစပြုခဲ့၍ ဂန္ဓကုဋိ ကျောင်းတော်ထိ ဖြန့်ကျက် ကြည့်ရှုတော်မူ၏၊ ညနေချမ်းအခါ လောကကို ကြည့်တော်မူလျှင် မိမိ သီတင်း သုံးရာ ဂန္ဓကုဋိကျောင်းတော်မှနေ၍စကြာဝဠာနှုတ်ခမ်းထိ ဖြန့်၍ ကြည့်ရှုတော်မူ၏။

(သဗ္ဗညုတဥာဏ်တော်ဟူသည် - သိစရာမှန်သမျှ အကြွင်းအကျန်မရှိ လုံစုံသိမြင်ခြင်း၊ သိသည့်တရား တော်ကို ဝေနေယျများနားလည်အောင် ဟောပြောဖို့ နည်းပေါင်းစုံကိုသိမြင်ခြင်း၊ ကျွတ်ထိုက်ကြသူ ဝေနေ ယျတို့၏ ဣနြေ္ဒ ပါရမီအနုအရင့် စရိုက် အကြိုက်ကိုသိမြင်ခြင်း - ဖြစ်ပါ၏။)

ထိုသို့ ကြည့်ရှုတော်မူသောအခါ“အရှင်တိဿမထေရ်သည်ဥာဏ်တော်ကွန်ယက်၌ကွက်ကွက်   ကွင်းကွင်း  ထင်ထင်ရှားရှား မြင်တော်မူ၏၊ တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးရလျှင် နာကြားခွင့် ရလိုက်လျှင် တစ်ခဏလေး အတွင်းမှာပင်  ပဋိသမ္ဘိဒါလေးပါး နှင့်တစ်ကွ အရဟတ္တဖိုလ်ဆိုက်  နိဗ္ဗာန် မျက်မှောက်ပြုနိုင်မည်ကို မြင်တော်မူ၏၊(ဆက်ရန် ) ကောင်းသစ်


No comments:

Post a Comment