.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Friday, February 18, 2011

ဥပါသကာ(၁)


ဗုဒ္ဓရတနာ ဓမ္မရတနာ သံဃရတနာ - ရတနာသုံးပါး အမြတ်ဆုံးနေရာထား၍ ကိုးကွယ် ဆည်း ကပ်သူ အသိအမှတ်ပြုသူကို ဥပါသကာ ( အမျိုးသမီးဖြစ်လျှင် ဥပါသိကာ ) ဟု ခေါ်၏၊

ဘုရားရှင် လက်ထက်တော်က ဘုရားရှင်၏ ဓမ္မကို နာကြားခွင့်ရ၍ အမြင်မှန် ရသွားသူများသည်
“ တပည့်တော်ကို အသက်နှင့်ခန္ဓာကို တည်နေသမျှ ကာလပတ်လုံး - ဗုဒ္ဓ ဓမ္မ သံဃ - ရတနာ
သုံးရပ်ကို ကိုးကွယ်ဆည်းသူဥပါသကာဟူ၍ အသိအမှတ်ပြုတော်မူပါဟု လျှောက်ထား ကြ၏။

ယင်းသို့ လျှောက်ကြားသူတို့တွင် ဗုဒ္ဓရတနာနှင့် ဓမ္မရတနာကို ပထမဦးဆုံး လျှောက်ထား၍ ကိုး ကွယ် ဆည်းကြသူများမှာ ဥက္ကလာပဇနပုဒ်မှ ကုန်သည်ညီနောင်များ ဖြစ်ကြသော တပုဿနှင့် ဘလ္လိကတို့ ဖြစ်ကြ၏၊ ယင်းအချိန် သံဃရတနာမပေါ်သေးချေ။၊( ယင်းညီနောင်နှစ်ဦးအား ကိုး ကွယ်ရာ ကိုယ်ပွါးအဖြစ် ရှင်တော် မြတ်ဘုရားက ဆံတော်ရှစ်ဆူ ချီးမြှင့်တော်မူလိုက်၏၊ ယင်းဆံ တော်များကို  မိမိတို့ဌာန ပြန်ရောက်ကြသောအခါ စေတီတော်တည်ထား၍ ကိုးကွယ် ဆည်း ကပ် ကြ၏၊ရှေးခေတ်က ဥက္ကလာဇနပုဒ်ခေါ်၍ ယခုခေတ်အခေါ် ရန်ကုန်မြို့တော်၌ ကြည်ညို ဖွယ်ရာ ဖူးမြင်နေရသော ရွှေတိဂုံစေတီတော်မြတ်ကြီးပေတည်း)။အမျိုးသားထဲမှ ရတနာသုံးပါး  လုံးကို စတင်ကိုးကွယ်ဆည်းကပ် သူမှာ အရှင်ယသ၏ ဖခင်ဖြစ်ပါ၏၊ဗုဒ္ဓ ဓမ္မ သံဃ ရတနာ သုံးပါးလုံးကို စတင်ကိုးကွယ် ဆည်းကပ်၍ ဥပါသိကာမအဖြစ် ခံယူကြသူများမှာ အရှင်ယသ၏ မယ်တော်ကြီးနှင့်ပါရမီဖြည့်ဖက်ဖြစ်သူ ကြင်ယာတော် တို့်ဖြစ်ပါ၏၊ (ရတနာသုံးပါးကို စတင် ကိုး ကွယ်ဆည်းကပ်ခွင့်ရသော မိသားစုသည် အရှင်ယသတို့၏မိသား စုပင် ဖြစ်၏၊)။

ရှေးခေတ်က ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်သူကို ဥပါသကာဟူ၍လည်းကောင်း (အဋ္ဌက ထာ များအဆိုအရ) သမ္မဒိဋ္ဌိဟူ၍လည်းကောင်း ခေါ်ဆိုကြ၏၊ယခုခေတ်၌ကား ဗုဒ္ဓဘာသာဝင်ဟူ ၍ ခေါ်ဆိုကြပါ၏၊ဗုဒ္ဓဘာသာအဖြစ် ခံယူသူသည် သရဏဂုံသုံးပါးကို ရွတ်ဆို၍ ဆောက်တည် ရ၏၊ သရဏဂုံဆောက်တည်ရာ၌ အနက်အဓိပ္ပါယ်သိမှ ပို၍လေးနက်မှု ရှိပါ၏၊ထို့ကြောင့် မိမိကိုယ်ကို ဗုဒ္ဓဘာသာအဖြစ် ခံယူထားသူမှန်သမျှသည် ရတနာသုံးပါးအကြောင်းကို သိနိုင် သမျှသိအောင်မဖြစ်မနေ လေ့လာထားအပ်ပါ၏၊အသိနှင့်ယှဉ်သော ယုံကြည်ချက်သည် ပျက်ခဲ လှပါ၏။

မိရိုးဖလာအရ ခပ်ပေါ့ပေါ့ ကိုးကွယ်သူများသည် မခိုင်မြဲ၊ယိုင်လဲလွယ်တတ်ပါ၏၊စီးပွါးရေး လူမှု ရေး အိမ်ထောင်ရေးကြောင့် ဘာသာတပါး ပြောင်းသွားသူများလည်း မနည်းတော့၊ဤသည်မှာ အသိဥာဏ် နည်းပါးလွန်းရကား တစ်ဘ၀တစ်နပ်စာသာ ကြည့်ကြသောကြောင့် ဖြစ်ပါ၏၊ ထိုသူ များသည် “ငါးစားသာမြင်၍ ငါးမျှားချိပ် မမြင်သော ငါးများနှင့် တူသည်”ဟု ဥပမာပြုရလျှင် လွန် အံ့မထင်ပါ၊(အမျိုးလည်းပျက် ဘာသာလည်းပျက် မိမိတို့ယဉ်ကျေးမှုလည်းပျက်၍ သတိထား သင့်လှပါ၏၊)အကောင်း ညွန်ကြားချက်မှန်သမျှ ဗုဒ္ဓတရားတော်၌ ပြည့်စုံစွာ ရှိနေပါ၏၊ အမြင့်ဆုံး နိဗ္ဗာန်ထိညွန်ပြထားသော်လည်း အနိမ့်ဆုံး မိသားစုကျင့်ဝတ် အိမ်ထောင် ရှင်ကျင့်ဝတ် မိတ်ဆွေ
ကျင့်ဝတ် အလုပ်ရှင်နှင့်အလုပ်သမားကျင့်ဝတ် ဆရာဒကာကျင့်ဝတ် ဆရာတပည့်ကျင့်ဝတ် စသည့် ကျင့်ဝတ်များကို ဟောကြားလမ်းညွှန်ထားတော်မူပါ၏၊ ထို့ပြင် စီးပွါးရေး နိုင်ငံရေး ဘာသာရေး လမ်းညွန်ချက်များလည်း ပြည့်စုံစွာ ရှိနေပါ၏၊ထို့ကြောင့် ဓမ္မနှင့်ပတ်သက်၍“ ကေ၀ လပရိပုဏ္ဏံ  ဖြည့်စရာမလိုအောင် ပြည့်စုံခြင်း၊ကေ၀လပရိသုဒ္ဓံ - ဖျက်စရာမရှိအောင် စင်ကြယ် ခြင်း ” မူနှင့် ပြည့်စုံကြောင်း ဒေသနာတော်၌ အာမခံထားပါ၏၊

ရတနာသုံးပါးကို ကိုးကွယ်ရာ၌ ရှေးသူတော်ကောင်းများက သတိပေးထားသော “ ဘုရားကို ဆင်းတု ကွယ်တတ်သည်၊ တရားကို ဓမ္မကထိက ကွယ်တတ်သည်၊ သံဃာကို ဘုန်းကြီး ကွယ် တတ်သည် ” ဟူသော စကားလေးကို “ သတိထား ” သင့်ပါ၏။

ဘုရားကို ဆင်းတုကွယ်တတ်သည် - ဆိုရာ၌ အချို့ဗုဒ္ဓဘာသာဝင်များသည် ဘုရားကို ကိုးကွယ်သည်ကား မှန်၏၊ သို့သော် ဘာနေ့သားမို့ ဘာသားကို ထုထားသောဘုရား ကိုးကွယ်မှ
စီးပွါးတက်မည်၊ ဘယ်လို ဘုရားများ မကိုးကွယ်ကောင်း၊စသည်ဖြင့် ဂုဏ်တော်ထိ အာရုံမပြု နိုင်ပဲ  ဆင်းတုရုပ်ပွါးလောက်ကိုသာ စိတ်ကထား၍ ကိုးကွယ်တတ်ကြ၏၊တစ်ချို့က ရွှေရှိမှ တန်ခိုး ကြီးဘုရားမှ လူစည်ကားမှ ကိုးကွယ်ချင်ကြ၏၊  ဂုဏ်တော်ထိ အာရုံမပြုနိုင်ကြတော့ချေ။
ယင်းသို့သော သူတို့၏ ကိုးကွယ်မှုကို ရည်ရွယ်၍ဘုရားကို ဆင်းတု ကွယ်တတ်သည်ဟု သတိ ပေးထားခဲ့ခြင်းဖြစ်ပါ၏၊ အမှန်အားဖြင့် မိမိစိတ်က သက်တော်ထင်ရှားဘုရားကဲ့သို့ အာရုံပြု၍ ကိုးကွယ်ဆည်းကပ်လျှင်( ရုပ်ပွါးဆင်းတုကိုးကွယ်နေရသော်လည်း ) သက်ရှိဘုရား ကိုးကွယ် ရသလို အကျိုးပေးတူညီကြောင်း ဟောထားတော်မူပါ၏၊ ပုံတော်ရုပ်ပွါးတော်တင် စိတ်ရပ်မနေပဲ ဘုရားရှင်၏ ဂုဏ်တော်ထိ အာရုံပြု၍ ကိုးကွယ်ဆည်းကပ်နိုင်ကြပါစေ..၊

တရားကို ဓမ္မကထိက ကွယ်တတ်သည် - တဲ့။ တရားနာခြင်းသည် ကောင်းမြတ်သော ကြီပွါး ကြောင်း မင်္ဂလာတစ်ပါးဖြစ်၏၊ တရားနာလျှင် သဒ္ဓါတရားတိုး၏၊ပညာတိုး၏၊ယင်းနှစ်ပါးမှ မတိုး လျှင် ( မနာတတ်၍လား တိုးစရာမပါ၍လား ) စဉ်းစားစရာပင် ဖြစ်၏။ ပညာမတိုးပဲ အသိမှား များ တိုးလျှင် သာ၍ပင်ခက်တော့၏၊ ဆေးကြောင့်ဖြစ်သော ရောဂါသည် အကုခက်၏ - ဆိုရိုး စကားရှိသည် မဟုတ်ပါလား။

ဓမ္မံ သရဏံ ဂစ္ဆာမိ - ဟု ဆိုသော်လည်း တစ်ချို့တရားနာသူများသည် ဓမ္မကထိကစွဲဖြင့် နာယူ လေ့ ရှိကြ၏၊ ဘယ်ဓမ္မကထိကမှ စသည်ဖြင့် အစွဲနာ နာကြ၏၊  နာမည်ကြီးမှ ရယ်စရာ ပြောပြမှ
စသည်ဖြင့် မယောင်ရာ ဆီလူးနေကြ၏၊ ဓမ္မစွဲဖြင့် နာယူခြင်းမဟုတ်ပဲ ဓမ္မကထိက ပုဂ္ဂိုလ်စွဲဖြင့် နာယူကြ၏၊လမ်းမှန်လျှောက်ရင်းမှ လမ်းမှားသို့ သွေဖယ်မှန်းမသိသွေဖယ် သွားကြ၏၊ယင်းကဲ့ သို့ သော သူများကို ရည်ရွယ်၍ တရားကို ဓမ္မကထိက ကွယ်သည် ဟု သတိပေးခဲ့ခြင်းဖြစ်၏။
တရားမှန်များ နာယူတတ်ကြ၍ ယဉ်ကျေးသော သိမ်မွေ့သော သူတော်စင်များ ဖြစ်နိုင် ကြပါစေ.
 ( အဓမ္မအစားဝင် ထွန်းကားလာလျှင် ဓမ္မပျောက်ကွယ် သွားတတ်ပါ၏)။

သံဃာကို ဘုန်းကြီးကွယ်၏တဲ့၊
သံဃံ သရဏံ ဂစ္ဆာမိ - (မိ)ဆိုသည့်အတိုင်း သံဃာ့ဂုဏ်ထိ အာရုံပြုကာ ထိထိမိမိ ကြည်ညို တတ်ဖို့ လိုအပ်ပါ၏၊မဂ္ဂဋ္ဌာန်လေးရောက် ဖလဋ္ဌာန်လေးရောက်ဟုဆိုအပ်သောရှစ်ယောက်သော  ပရမတ္ထသံဃာကို ရည်မှတ်လျှက် သမ္မုတိသံဃာတော် ပေါင်းရုံးသောအားဖြင့် “ ဤသံဃာ တော်အရှင်မြတ်အပေါင်းသည် ဆင်းရဲကို ပယ်ဖျောက်တားမြစ်၍ စီးပွါးချမ်းသာကို ဆောင်တတ် ပေရကား ကိုးကွယ်ရာဖြစ်၏ဟူ၍ နှလုံးသွင်း ဆည်းကပ် သိမှတ် ကိုးကွယ် သူသည်” ထိထိ မိမိ ကိုးကွယ်သူ ဖြစ်ပါ၏၊ဤသို့ သံဃာ့ဂုဏ်ကို အာရုံပြု ကြည်ညိုတတ်ဖို့ အထူးအရေးကြီးလှပါ၏၊

ဆေးကုပေး၍ ဆည်းကပ်ခြင်း၊ ဓါတ်ရိုက်ဓါတ်ဆင် ယတြာချေပေး၍ ဆည်းကပ်ခြင်း၊ မေးမြန်း ဖေါ် ပေးကမ်းဖေါ်ရ၍ ဆည်းကပ်ခြင်း၊ ဂဏန်းပေး၍ဆည်းကပ်ခြင်းစသည်များသည် ဂုဏ်တော် ကို သွေဖယ်၍ ဆည်းကပ်ခြင်းများ ဖြစ်ပါ၏၊ယင်းသို့သော ကိုးကွယ်ဆည်းကပ်ခြင်းများကို ရည်ရွယ်၍ သံဃာကို ဘုန်းကြီး ကွယ်တတ်သည်ဟု ဆုံးမခဲ့ခြင်း ဖြစ်ပါ၏၊ထို့ကြောင့် ရတနာသုံးပါး  ကိုးကွယ်ရာဟူ၍ ဆည်းကပ်သူ သိမှတ်သူမှန်သမျှသည် မှန်မှန်ကန်ကန် ပညာ ဖြင့်ယှဉ်၍ ကိုးကွယ်ဆည်းကပ်သူများဖြစ်အောင် မိမိကိုယ်ကို သတိထားအပ်ပါ၏၊ အမှန်အားဖြင့် ဖေါ်ပြခဲ့သော ကွယ်ခြင်းသုံးပါးသည် ကြည်ညိုသူ၏ စိတ်နှင့် ( အာရုံပြုမှုနှင့် ) ပတ်သက် နေ သည်ကို သိရှိကြ၍ ကွယ်ခြင်းသုံးပါးမှ ကင်းဝေးနိုင်ကြပါစေ…၊
(နဖူးပွန်းနှင့် ဒူးပွန်းခံကာ ကိုးကွယ်ပါလည်း ဆရာလွဲက ငရဲအပါယ် အမြစ်တွယ် ၀ဋ်နွယ်ရှည်
လျှားရာ- တဲ့)။      ကောင်းသစ်

No comments:

Post a Comment