.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Thursday, February 10, 2011

မိတ်ဆွေ(၄)မျိုး

လူသည်မွေးဖွါးလာကတည်းကအသိုင်းအ၀ိုင်းရှိပြီးသားဖြစ်၏၊မိဘအသိုင်းအ၀ိုင်း၊နောက်တော့
ဆွေမျိုးအသိုင်းအ၀ိုင်း၊ ထို့နောက်တော့ မိတ်ဆွေ သူငယ်ချင်း အသိုင်းအ၀ိုင်း စသည်စသည်ဖြင့်
တစတစ တိုးပွါးလာသည်သာ ဖြစ်၏၊ ထို့ကြောင့် လူမှန်လျှင် ဂုဏ်ရှိ မရှိ , ပညာတတ် မတတ်,

ချမ်းသာ ဆင်းရဲ ကွာခြားသော်လည်း အနည်းအများ အသိုင်းအ၀ိုင်းကား ရှိကြသူချည်းသာ ဖြစ်ပါ၏။အသိုင်းအ၀ိုင်းနှင့် ကင်းမရသော လူ့ဘ၀ လူ့လောက၌ နေရာဌာနအားလျှော်စွာ မိတ်ဆွေ(၄)မျိုးရှိကြောင်း ရှင်တော်မြတ်ဘုရားက သံယုတ်ပါဠိတော် မိတ္တသုတ်မှာဟောထား
သည်ကို ဖတ်ရှုရပါ၏၊

၁။ ခရီးသွားသောသူ၏ မိတ်ဆွေသည် အတူသွားဖေါ် ဖြစ်၏ - တဲ့။လူတိုင်းသည် သံသရာ ခရီးသွားများ ဖြစ်ကြ၏၊ ထိုသံသရာ ခရီး၏ တစ်စိတ် တစ်ဒေသဖြစ်သော ဘ၀တစ်ခု၌ ခရီးသွားခြင်းကို ဤနေရာ၌ ခရီးသွားဟု ဆိုခြင်းဖြစ်ပါ၏၊ခရီးသွားစဉ် နာမကျန်း ဖြစ်ပါက အတူသွားဖေါ် ခရီးသွားသည်သာ လိုအပ်သည်များကိုအနီးကပ် အကူအညီပေးနိုင်၏၊ မိမိမိသားစု သို့မဟုတ် ဆွေမျိုးများရှိရာသို့ အရောက်သွားနိုင် ရန် အကူအညီပေး၏ အိမ်တိုင်ရာရောက် လိုက်ပို့ပေး၏၊ အခက်အခဲတွေ့လာ ပါကလည်း အတူလက်တွဲ၍ ဖြေရှင်းပေးနိုင်၏၊ ယင်းကဲ့သို့သော ခရီးသွားဖေါ်မျိုးကို မိတ်ဆွေဟု ခေါ်ဆိုခြင်း ဖြစ်ပါ၏၊

ခရီးသွားဖေါ်နှင့် ပါတ်သက် ပုံပြင်လေးတစ်ပုဒ်ကို ကြားဘူးပါ၏သူငယ်ချင်းနှစ်ယောက် တောလမ်းခရီးဖြင့် ခရီးသွားကြ၏၊ တောနက်တစ်နေရာသို့ ရောက်သောအခါ ၀ံတစ်ကောင်နှင့် တွေ့၏၊ ထိုအခါ ဖျတ်ဖျတ် လတ်လတ်ရှိသော သူသည် အနီးရှိသစ်ပင်ပေါ်သို့ ပြေးတက်ကာ ပုန်းနေ၏၊ကျန်တစ်ယောက်က ခပ်၀၀ ခပ်လေးလေး ပြေးလည်း မပြေးနိုင် သစ်ပင်ပေါ်လည်း မတက်နိုင်၍ လှဲအိပ်ကာ အသက်အောင့်ပြီး သေချင်ယောင်ဆောင်နေ၏။ ထိုအခါ ၀ံက ထိုသူ့အနီးလာ၍ ၀မ်းဗိုက်နမ်းကြည့်လိုက်၊ အသက်ရှူ မရှူ နှားခေါင်းနားကပ် နမ်းကြည့်ုလိုက် နားရွက်နား ကပ်နမ်းလိုက်လုပ်ပြီး ထိုသူ့အနီးမှာ ထွက်သွား၏၊ ၀ံ ထွက် သွားမှ သစ်ပင်ပေါ်တက်ပုန်းသည့်လူက ဆင်းလာပြီး သူငယ်ချင်း “ ၀ံကြီးက မင့်နားနားကပ်ပြီး ဘာတွေ ပြောသွားတာတုန်း မေး၏။ထိုအခါ အောက်မှာ ကျန်ရစ်သော သူငယ်ချင်း ပြန်ပြောလိုက်သော စကားမှာ
“ အေး ၀ံကြီးပြောသွားတာက တစ်ခြားတော့မဟုတ်ပါဘူး၊နောက်နောင်ဆို တစ်ကိုယ်ကောင်းဆန်တဲ့သူနှင့် ဘယ်တော့မှ ခရီးအတူ မသွားပါနှင့်” လို့ ပြောသွားတာပါ - တဲ့။

အမှန်အားဖြင့် ၀ံကြီးသည် ဘာစကားမှ ပြောမသွားပါ၊ အသက်ရှု မရှုသိရန် လိုက်နမ်းကြည့်ခြင်းသာ ဖြစ်ပါ၏၊ သို့သော် အန္တရယ်တွေ့လျှင် ခရီးသွားဖေါ်ချင်း အတူလက်တွဲ ရင်ဆိုင်ရမည်ဖြစ်ပါလျှက် ကိုလွတ်ရုံးသွားသည်ကို မကျေနပ်၍ ရင်၌ဖြစ်သော ခံစားချက်ကို ( ၀ံက ပြောသွားသည့် ပုံစံမျိုးဖြင့် ) ပြောလိုက်ချင်းဖြစ်ပါ၏၊ ဤကဲ့သို့သော ခရီးသွားဖေါ်မျိုးကို ဤနေရာ၌ မိတ်ဆွေဟု မဆိုလိုပါ၊


၂။ မိမိ အိမ်၌ မိတ်ဆွေဟူသည် မိခင်ဖြစ်၏ - တဲ့။
အိမ်ဟူသည် လူသားတို့အတွက် နေစရာ ဖြစ်၏၊ ယင်းနေစရာကို လူများနေ၍ အိမ်ဟု ခေါ်ဆိုခြင်းဖြစ်၏ နတ်များနေသည့်နေရာကိုတော့ ဗိမာန်ဟု ခေါ်၏၊ ရဟန်းတော်များ သီတင်းသုံးသည့်နေရာကိုတော့ ကျောင်းဟု ခေါ်၏၊ ရှင်ဘုရင်များ နေထိုင်နေရာကိုတော့နန်းတော်ဟု ခေါ်၏။ ကြွက်များ နေထိုင်သည့် နေရာကိုတော့ တွင်းဟု ခေါ်၏၊ ငှက်များနေထိုင်ရာကိုတော့ အသိုက်ဟု ခေါ်ကြ၏၊အမှန်အားဖြင့် သက်ရှိတို့နေထိုင်ရာ နေရာကို အမည်အမျိုးမျိုးတပ်ကာ ခေါ်ဆိုနေကြခြင်းဖြစ်ပါ၏ ၊ ဤဒေသနာတော်၌ လူများကိုအဓိကထားဟောကြားသည်ဖြစ်၍ အိမ်ဟု ဘာသာ ပြန်ထားခြင်းဖြစ်ပါ၏။

မိမိ၏ဘ၀ကြင်ဖက် သားသမီး ညီအကို မောင်နှများသည် တစ်အိမ်တည်း၌ အတူတကွ နေထိုင်ကြသည် မှန်သော်လည်း၊ အစစ အနစ်နာ အနွံအခံနိုင်ဆုံးမှာ မိခင်သည်သာ ဖြစ်ပါ၏၊ဆိုးရွားသည့် နာတာရှည် ရောဂါများ စက်ဆုပ်ဖွယ်ရောဂါများ ဖြစ်ပွါးလာပါက ဘ၀ကြင်ဖက်သားသမီး ညီအကို မောင်နှမတို့သည် စွန့်ခွါကောင်း စွန့်ခွါနိုင်သော်လည်း ကိုးလလွယ် ဆယ်လဖွါး မိခင်များမှာတော့ မစွန့်ရက် မခွါရက်ပေ၊ အညစ်အကြေး မှန်သမျှကိုလည်း မရွံမရှာသုတ်သင် ရှင်းလင်း ပေးသည်သာ ဖြစ်ပါ၏၊ သားသမီတို့၏ အခိုင်ခန့်ဆုံးသော အကြင်နာဆုံးသော မှီခိုရာ အားထားရာကို ညွှန်ပြပါဆိုလျှင် မိခင်မှတစ်ပါး အခြားမရှိပေ။ထို့ကြောင့် မိမိအိမ်၌ မိတ်ဆွေသည် မိခင်ဖြစ်၏ဟု ဟောထားခြင်း ဖြစ်ပါ၏။


၃။ ပြုဖွယ်ကိစ္စ ရှိသောသူ၏ မိတ်ဆွေဟူသည် သူငယ်ချင်းတည်း - တဲ့။
ချမ်းသာဆင်းရဲ မကွဲတူမျှ ခံစားဖက်ဖြစ်သော သူငယ်ချင်းကို မိတ်ဆွေကောင်းဟု သတ်မှတ်ကြ၏၊ ငယ်ပေါင်းကြီးဖေါ်ဟုလည်းကောင်း ကောင်းတူုဆိုးဖက်ဟုလည်းကောင်း ရင်းနှီးလွန်းသူကို ပြောဆိုကြ၏။
လူ့ဘ၀သည် လူမှုရေး ကျန်းမာရေး စီးပွါးရေး ပညာရေး စသည်ဖြင့် အရေးပေါင်းသောင်းခြောက် ထောင်နှင့် ရင်ဆိုင်နေရသော ဘ၀ဖြစ်၏။ ထိုသို့သော အရေးတို့ဖြင့် ရင်ဆိုင်ရသောအခါ အဆင်ပြေဖို့အတွက် လုပ်ငန်းကိစ္စ ဆောင်ရွက်သည့်နေရာ၌ “ လုပ်ငန်းကိစ္စ ” အောင်မြင်ပြီးစီးဖို့အတွက် ကူညီလုပ်ကိုင် ဆောင်ရွက်ပေးသော သူငယ်ချင်းကောင်းကို ဤနေရာ၌ မိတ်ဆွေဟုခေါ်ဆိုခြင်း ဖြစ်ပါ၏။မိတ်ဆွေကောင်းဟူသည် ဘယ်နေရာ ရောက်ရောက် ၊ ဘယ်အရွယ်ရောက်ရောက်ဘယ်လို အခြေအနေမျိုးရောက်ရောက် လက်တွဲမဖြုတ်ချေ၊ယင်းသို့သော မိတ်ဆွေကိုဒဠှမိတ္တ - ရာသက်ပန် ခိုင်မြဲသော မိတ်ဆွေဟု ခေါ်ဆိုကြပါ၏။

မိတ်ဆွေနှင့်ပတ်သက်၍ မိတ်ဆွေကျင့်ဝတ်ကို အလျဉ်းသင့်၍ ဖေါ်ပြပါအုံးမည်။ဒါန- လိုအပ်သည့် ဥစ္စာဓနငွေကြေးပညာ ပန့်ပိုးပေးခြင်း၊ အတ္ထစရိယ - အကျိုးစီးပွါးကို ကိုယ်တိုင်ကိုယ်ကျ ကူညီလုပ်ကိုင် ဆောင်ရွက်ပေးခြင်း၊ သမာနတ္တတာ - ဆင်းရဲချမ်းသာ ပညာတတ် မတတ် ပါဝါရှိ မရှိ အဆင့်အတန်းမခွဲခြားပဲ မိမိနှင့်တန်းတူထား၍ ဆက်ဆံခြင်း။ ပေယျာဝဇ္ဇ - ချစ်ခင်ဖွယ်သောစကားကိုသာ ပြောဆိုခြင်း၊ သစ္စာ - (မိမိ သူငယ်ချင်းအပေါ် အမြဲတန်း ) စိတ်ထားဖြောင့်မတ် မှန်ကန်ခြင်းတို့သည် မိတ်ဆွေကောင်းတို့၏ ကျင့်ဝတ်များ ဖြစ်ပါ၏၊
ထို့ပြင် မိတ်ဆွေကောင်းဟူသည် - သူ၏ လျှို့ဝှက်ကိစ္စကို တိုင်ပင်ပြောကြားခြင်း မိမိ၏လျှို့ဝှက်ကိစ္စ ကိုလည်း (တစ်ပါးသူမသိအောင် )လျှို့ဝှက်ထားခြင်း၊ဘေးရန်နှင့်ရင်ဆိုင်တွေ့သော် လည်း မစွန့်ပစ်ခြင်း၊ ဥစ္စာပစ္စည်း တွန့်တို နှမြောမှု မရှိခြင်း၊ သူ့ကိုညှာ၍ မိမိ၏အသက်ကိုစွန့်ခြင်းဟူသော လက္ခဏာတို့နှင့် လည်း ပြည့်စုံရပါ၏။


မိတ်ကောင်းရှာ ဆင်းရဲခါမှတွေ့ - ဆိုသည့်အတိုင်း မိတ်ဆွေကောင်းကို ဆင်းရဲသော အခါမှ သာ၍ သိသာပါ၏၊ ဓမ္မနီတိ အဆိုအရ - နာမကျန်းဖြစ်သောအခါ၊ အကြောင်းတစ်ခုခု ကြောင့်စည်းစိမ်ဥစ္စာ ပျက်စီးနွမ်းပါးသွားသည့်အခါ၊ ငတ်မွတ်ခေါင်းပါး အစာရှားသောအခါ၊ ရန်သူလက်သို့ ကျရောက်နေ
သော အခါ၊ ရုံးကန်ကနား ရင်ဆိုင်ရသောအခါ၊ ဘ၀ကူးပြောင်း၍ သုဿာန်သို့ပို့ဆောင်သောအခါတို့၌ မိတ်ဆွေစစ် မစစ်၊ မိတ်ဆွေကောင်း ဟုတ်မဟုတ်ကို သိသာနိုင်ပါ၏ ဟုဆိုထားပါ၏၊ထို့ကြောင့် “ အတွင်းစိတ်ကောင်း အပြင်မိတ်ကောင်း အကောင်းရှိမှ ချမ်းသာရ ” ဟု ရှေးသူမြတ်များ ဆုံးမစကား ထားခဲ့ကြပါ၏။

၎။အဖန်ဖန် ကိုယ်တိုင်ပြုအပ်သော ( ပြုထားသော ) ကုသိုလ်ကောင်းမှုတို့သည် တမလွန်၌ ဖြစ်သော မိတ်ဆွေမည်၏ - တဲ့။
နက်ဖန်ဆိုတာ တစ်နေ့တာသည် ဤကာလနောက် ညဥ့်မှောင်ရောက်၍ နောက်နေ့နံနက်အာရုံ တက်မှ ဆက်ဆက်ရောက်လာ ခရီးကြာ၏၊ သို့ပါသော်လည်း မသဲကွဲသည့် ရောက်မြဲကာက နောက်ဘ၀ကား ခဏခရီး ရောက်ဖို့နီးသည် ကွေ့ပြီးလက်ဆန့် - မမှီတည်း။

နက်ဖန်ဆိုသည်မှာ အချိန်ကာ သတ်မှတ်ချက်ရှိသော်လည်း နောက်ဘ၀သည် အချိန်ကာလ သတ် မှတ်ချက် မရှိပေ၊ ကွေးသောလက် မဆန့်မှီ၊ ဆန့်သောလက် မကွေးမှီ အချိန်မရွေး ဘ၀ကူးပြောင်းနိုင်၏၊ အမှန်အားဖြင့် လူ့ဘ၀ဟူသည် “ နေထိုင်ခွင့် ဗီဇာ ” သတ်မှတ်ချက် မရှိသော ဘုံဝဘ တစ်ခုဖြစ်၏၊ (သေမင်းက အချိန်မရွေး နေရာမရွေး ဗီဇာရုတ်သိမ်းနိုင်၏) ထို့ကြောင့် မသေခင် နေစဉ်လေးမှာ ကုသိုလ်ကောင်းမှု ပြုဖြစ်အောင် ပြုသင့်လှပါ၏၊ ကုသိုလ်သည်သာ ဘ၀သံသရာ ခရီး၌ အားကိုးရသော ထာဝရမိတ်ဆွေဖြစ်၏၊ ခရီးသွားဖေါ် မိခင် သူငယ်ချင်းတို့သည် ဒီဘ၀အတွက်တော့ အားကိုးထိုက်သော မိတ်ဆွေ ကောင်းများ ဖြစ်ပါ၏၊သို့သော် သံသရာတစ်လျှောက် မိမိသွားရာ ဖြစ်ရာ တကောက် ကောက် လိုက် မနေနိုင်ပေ၊ အရိပ်ပမာ ထက်ကြပ်မကွာလိုက်သော မိတ်ဆွေမှာ ကုသိုလ်ကောင်းမှုသာ ဖြစ်ပါ ၏၊ ကုသိုလ်ရှင်ကို ကုသိုလ်၏ အကျိုးတရားဖြစ်သော လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်း သာတို့က လက်ကမ်း၍ ကြိုနေမည် ဖြစ်ပါ၏၊ထို့ကြောင့် လက်ရှိဘ၀မှာ မိတ်ဆွေကောင်းများ လိုအပ်သလို သံသရာခရီးတစ်လျောက်၏ မိတ်ဆွေဖြစ်သော “ ဒါန သီလ ဘာဝနာ ” ကုသိုလ်ကောင်းမှုများကိုလည်း အထူးပင် လိုအပ်လှပါ၏၊ ထို့ကြောင့် သာသနာကြုံခိုက် ပညာ သဒ္ဓါလိုက်ကြ၍ မမေ့မလျှော့သော သတိတရားဖြင့် ဒါန သီလ ဘာဝနာ ကုသိုလ်မိတ်ဆွေများ ဘ၀နေမ၀င်ခင် အချိန်မနှောင်းခင် မိတ်ဖွဲ့ဖြစ်အောင် ဖွဲ့နိုင်ကြပါစေဟု.. ( ကောင်းသစ် )


No comments:

Post a Comment